ဗုဒ္ဓအရှင် ဆင်းသက်လာခြင်း
Vol. 43 Ch. 490
"ငါ သွားမှရမယ်"
ဤနေရာတွင် ပုန်းအောင်းနေပါက တစ်ဖက်လူ၏ ရိုက်သတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် တုံ့ဆိုင်းမနေရဲချေ။ သူသည် ရုတ်တရက် လျှပ်ပြက်သကဲ့သို့ လှုပ်ရှားလိုက်ပြီး သူ အစောပိုင်းက ပုန်းအောင်းခဲ့သော နေရာသို့ ပြန်သွားလိုက်သည်။
သူ ထွက်ခွာသွားသည်နှင့် ယခင်နေရာရှိ လေဟာနယ် ပြိုကျသွားသည်။ မီးလောင်နေသော ရှေးဟောင်းဗောဓိပင်ကို လက်ကြီးတစ်ဖက်က ဆွဲယူလိုက်ပြီး တချိန်တည်းမှာပင် ထင်ရှားပြတ်သားသော ဗုဒ္ဓအရှင်၏မျက်နှာသည် လေထုထဲတွင် ထွက်ပေါ်လာပေ၏။
"ဒါက... လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်လား"
မီးတောက်များကို ငြှိမ်းသတ်လိုက်ပြီးနောက် သူသည် ကောင်းကင်ကံကြမ္မာကို အသုံးပြု၍ ကျန်းရွှမ် ပုန်းအောင်းနေသောနေရာကို ရှာဖွေရန် ဟန်ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် သူ၏မျက်လုံးအကြည့်သည် ရုတ်တရက် ရင့်မှည့်လုဆဲဆဲဖြစ်နေသော ကြက်သွေးရောင် စိတ်ဝိညာဉ်ဆေးပင်အပေါ်သို့ ကျရောက်သွားသည်။
သူ၏အဓိကကျင့်ကြံမှုသည် စိတ်ဝိညာဉ်မဟုတ်သော်လည်း ဗုဒ္ဓဂိုဏ်းကို တည်ထောင်သူအနေဖြင့် ဤရတနာသည် သူ့အတွက် ဆွဲဆောင်မှုကြီးမားနေဆဲပင်။
"ဒါက... ထာဝရ နတ်ဘုရားစိတ်ဝိညာဉ်ကို ဖွဲ့စည်းဖို့ အကောင်းဆုံး ရတနာပဲ"
သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု လှိုင်းတစ်လှိုင်း ဖြတ်ပြေးသွားသည်။
ထာဝရနတ်ဘုရားခန္ဓာကိုယ် ရှိလျှင် ထာဝရ နတ်ဘုရားစိတ်ဝိညာဉ်လည်း ရှိနေသည်မှာ သဘာဝကျပေ၏။
ဤနယ်ပယ်သို့ ရောက်ရှိချိန်တွင် စိတ်ဝိညာဉ်သည် အပြစ်အနာအဆာကင်းပြီး သန့်ရှင်းစင်ကြယ်ကာ လုံးလုံးလျားလျား ပြီးပြည့်စုံသွားပေမည်။ လက်ရှိတွင် ရင်းမြစ်ကမ္ဘာ၌ ဤအရာကို အောင်မြင်ထားသူဟူ၍ တစ်ဦးသာ ရှိသည်။ ထိုလူသည် စိတ်ဝိညာဥ်ကောင်းကင်ကံကြမ္မာကို ထိန်းချုပ်သူဖြစ်သော ထိုက်ရွှီနတ်ဘုရားနန်းတော်၏ သခင်မ ရှင်ဝူယွဲ့ ပင်။
ဖုန်းယွမ်ဖိန်နှင့် စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်တို့သည် ဤအရာကို လုယူရန်အတွက် တိုက်ခိုက်နေကြခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ ဤနေရာ၌ အလွန်ရှုပ်ထွေးနေခြင်းမှာ ဤရတနာအတွက် ဖြစ်နေပေ၏။
ဤရတနာကို ရရှိနိုင်မည်ဆိုပါက ဆယ်နှင့်ချီသောဗောဓိသီးများကို မဆိုထားနှင့် ဗောဓိသတ္တအဆင့် ကျင့်ကြံသူများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးသွားခြင်းတို့ ဖြစ်သွားလျှင်ပင် ထိုက်တန်သည်။
"ထာဝရ နတ်ဘုရားစိတ်ဝိညာဉ်ကို ဖွဲ့စည်းပေးနိုင်တဲ့ ရတနာရယ်... ပြီးတော့ ထာဝရနှလုံးသားရယ်... အဲ့ဒါတွေကို ငါ ရသွားတာနဲ့ ဗုဒ္ဓဂိုဏ်းက ရင်းမြစ်ကမ္ဘာရဲ့ အကြီးမြတ်ဆုံး ဂိုဏ်းတစ်ဂိုဏ်း သေချာပေါက် ဖြစ်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ဧကရာဇ်ဖုရှန်းတောင် ငါ့ကို တားဆီးဖို့ စဉ်းစားနိုင်တော့မှာ မဟုတ်ဘူး"
အဆုံးမဲ့ရည်မှန်းချက်များက သူ၏စိတ်နှလုံးသားထဲတွင် မြင့်တက်လာသည်။ ဗုဒ္ဓအရှင်သည် ကျန်းရွှမ်ကို ရှာဖွေရန် စိတ်မဝင်စားတော့ချေ။ သူ၏ပုံရိပ် လှုပ်ခတ်သွားပြီး နယ်မြေအပြင်ဘက်မှနေ၍ အတင်းအကြပ်ဝင်ရောက်လာကာ လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကို ဖမ်းဆွဲလိုက်သည်။
အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေသည် လင်းကျိုးတောင်ကဲ့သို့ပင် မဟာနတ်ဆိုးအရှင်၏ နယ်မြေဖြစ်သည်။ ဤနေရာတွင် မဟာနတ်ဆိုးအရှင်သည် သန်မာအားကောင်းသော ကျင့်ကြံဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ဗောဓိသီးများကို ပြန်လည်ရယူရန်နှင့် ကျန်းရွှမ်ကို ဖမ်းဆီးရန် သူ ဤနေရာသို့ ဝင်ရောက်လာခဲ့သော်လည်း ခြေလှမ်းတစ်ဝက်ခန့်သာ ဝင်ရောက်ခဲ့ပြီး မည်သည့်အချိန်တွင်မဆို ထွက်ပြေးရန် အဆင်သင့်ပြင်ထားခဲ့သည်။
ယခုအချိန်တွင် ဤရတနာအတွက် သူသည် အန္တရာယ်ကို ဂရုမစိုက်တော့ချေ။ သူ အပြည့်အဝ ဝင်ရောက်ခြင်းမရှိပါက ဖုန်းယွမ်ဖိန်နှင့် စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်တို့ကို အသာစီးရယူရန် နည်းလမ်းမရှိချေ။
"ထိပ်ပြောင်ကြီး... ဒါက ငါတို့ရဲ့ပစ္စည်းကွ"
ဗုဒ္ဓအရှင်မှ အတင်းအကြပ် လုယူနေသည်ကို မြင်လိုက်ရချိန်၌ ယခင်က တိုက်ခိုက်နေကြသော ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် သူတို့၏ပဋိပက္ခများကို ဘေးဖယ်ထားလိုက်ကာ အတူပူးပေါင်းပြီး သူ့ကို ရင်ဆိုင်လိုက်ကြသည်။
ထိပ်သီးကျင့်ကြံသူသုံးယောက်၏ စွမ်းအားများ ထိပ်တိုက်တွေ့ဆုံလိုက်ချိန်၌ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ပင့်ကူအိမ်အလား ချက်ချင်းကြေမွှပျက်စီးသွားပြီး မြေပြင်နှင့်တောင်များသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးသည် လိပ်ပြာသစ်ခွစိတ်ဝိညာဉ် ပျက်စီးသွားမည်ကို ကြောက်ရွံ့ကြသဖြင့် စွမ်းအားများကို ထိန်းချုပ်ထားကြသည်။ ထိုသို့မဟုတ်ပါက တောင်တန်းတစ်ခုလုံး ပျောက်ကွယ်သွားနိုင်ပြီး ကျန်းရွှမ်သည်လည်း ပုန်းအောင်းနေသည့်နေရာ၌ ဆက်လက်၍ ပုန်းကွယ်နိုင်တော့မည် မဟုတ်ချေ။
"မင်းတို့နှစ်ယောက်က ငါ့ကို တားနိုင်မယ်လို့ ထင်နေကြတာလား"
ဗုဒ္ဓအရှင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ သူ၏သင်္ကန်း ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ သူ ညင်သာစွာ လှုပ်ရှားလိုက်ရုံဖြင့် စိပ်ပုတီးတစ်ကုံး ပျံသန်းလာသည်။ ထိုအရာသည် လေထဲတွင် ရှိနေစဉ်မှာပင် ပုတီးစေ့များ ရုတ်တရက် ကြီးထွားလာပြီး ကြယ်များ ကြွေကျလာသည့်အလားပင်။
စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်သည် နှေးကွေးမနေဝံ့ဘဲ သူ၏လက်နှစ်ဖက်ကိုမြှောက်ကာ အလျင်အမြန် ခုခံလိုက်သည်။ လေထဲမှ ပုတီးစေ့များနှင့် အနည်းငယ်ဝေးကွာနေသေးသော်လည်း သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏လည်ချောင်းနာကျင်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။
"ပြီးတော့ မင်း...."
စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်ကို တိုက်ကွက်တစ်ကွက်ဖြင့် အနိုင်ယူလိုက်ပြီးနောက် ဗုဒ္ဓအရှင်သည် သူ၏ဘယ်လက်ကို ပန်းခူးမုဒြာ ပုံစံဖြင့် မြှောက်ကာ ဖုန်းယွမ်ဖိန်ကို ညွှန်ပြလိုက်သည်။
"ပန်းခူးမုဒြာ...."
ဤတိုက်ကွက်သည် သေးငယ်သည်ဟု ထင်ရသော်လည်း အကန့်အသတ်မရှိ အစွမ်းထက်ကြောင်း သိရှိထားသဖြင့် ဖုန်းယွမ်ဖိန်သည် တွေဝေတုံ့ဆိုင်းမနေရဲချေ။ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ရွှေရောင်သရဖူတစ်ခုက သူ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ သူ၏ခေါင်းပေါ်သို့ ဆောင်းလိုက်သည်။
ဤသည်မှာ စိတ်ဝိညာဉ်နန်းတော်၏ အစွမ်းအထက်ဆုံး ရတနာများအနက်မှ တစ်ခုဖြစ်သော ငရဲကိုးထပ် စိတ်ဝိညာဉ်သရဖူပင်။
ထိုအရာကို ပထမဆုံး စိတ်ဝိညာဉ်နန်းတော်သခင်၏ဦးခေါင်းခွံမှ ထွင်းထုထားပြီး 'စိတ်ဝိညာဉ်ဝါးမြိုခြင်း ကျိန်စာ'ကို ရေးထိုးထားသည်။ ထိုအရာ၏စွမ်းအားသည် အကန့်အသတ်မရှိချေ။ ယခုအချိန်တွင် ထိုစွမ်းအားများကို ထုတ်လွှတ်လိုက်သောအချိန်၌ စိတ်ဝိညာဉ်စွမ်းအားများသည် မိုးကောင်းကင်ယံတွင် တိမ်တိုက်များ သို့မဟုတ် သမုဒ္ဒရာရေများ လေဟာနယ်ထဲသို့ ပျံ့နှံ့လာသည့်အလားပင်။ ရုတ်ချည်းဆိုသလိုပင် စွမ်းအားများ တလိမ့်လိမ့်ထလာပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်၏။
"ပြိုကွဲစမ်း...."
ဗုဒ္ဓအရှင်၏မျက်နှာထက်တွင် မည်သည့်အမူအယာမျှ မရှိဘဲ သူ၏ ပန်းခူးမုဒြာလက်ချောင်း ညင်သာစွာ ကျဆင်းလာသည်။
ဝှစ်....
ဤသည်မှာ မြှားတစ်စင်းက ဝါဂွမ်းကို ဖောက်ထွက်သွားသည့်အလားပင်။ ငရဲကိုးထပ် စိတ်ဝိညာဉ်သရဖူကို အသုံးပြု၍ ထုတ်လွှတ်လိုက်သော အင်္သချေစိတ်ဝိညာဥ် လေဟာနယ်သို့ ပြန်သွားခြင်းနှင့် ပေါင်းစပ်ထားသည့် ဖုန်းယွမ်ဖိန်၏စွမ်းအားသည် အစွမ်းထက်သော်လည်း အနည်းငယ်မျှပင် မခုခံနိုင်ချေ။ ရုတ်ချည်းဆိုသလိုပင် သူ၏အကာအကွယ်အလွှာ၌ ကြီးမားသော အပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
ဖူး....
သူ လတ်ဆတ်သော သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
စိတ်ဝိညာဉ်နန်းတော်သခင်ဖြစ်ပြီး ဗောဓိသတ္တအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်သော ဖုန်းယွမ်ဖိန်နှင့် မဟာနတ်ဆိုးအရှင်လက်အောက်ရှိ ထိပ်သီးကျင့်ကြံသူလေးဦးအနက် တစ်ဦးဖြစ်သော စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်တို့သည် လက်ရှိခေတ်ကာလ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများပင်။ သဘောတရားအရ သူတို့၏ပေါင်းစပ်အင်အားဖြင့် လောကကြီးကို လွှမ်းမိုးနိုင်သော်လည်း ယခုအချိန်၌ ဗုဒ္ဓအရှင်၏ တိုက်ကွက်နှစ်ကွက်ကိုပင် တောင့်မခံနိုင်ကြချေ။
"သူက တကယ်ပဲ... ဒီလောက်တောင် သန်မာတာလား"
ကျန်းရွှမ်သည် အလွန်ထိတ်လန့်သွားသဖြင့် စကားမပြောနိုင်တော့ချေ။
ဗုဒ္ဓအရှင်ကို မဆိုထားနှင့် ဖုန်းယွမ်ဖိန် လှုပ်ရှားလိုက်လျှင်ပင် သူ ထွက်ပြေးရုံသာ တတ်နိုင်မည်ဖြစ်ပြီး တိုက်ကွက်တစ်ဝက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
ယခင်က သူသည် လင်းကျိုးတောင်မှ ဗောဓိပင်ကို လုယူပြီး အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမှာ အိမ်ရှေ့စံမင်းသား ယွမ်ချင်း၏ ဟန့်တားမှု သို့မဟုတ် ကံကောင်းမှုတို့ကြောင့် မဟုတ်ဘဲ... ဤဗုဒ္ဓအရှင်က အမှန်တကယ်ကို သက်ညှာပေးခဲ့သောကြောင့် ဖြစ်ပုံရသည်။
"အော် မီ တော ဖော... လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်လို စိတ်ဝိညာဉ်ရတနာက ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းနဲ့ ရေစက်ရှိတယ်...ဒါက ငါ့ရဲ့ ဗုဒ္ဓဂိုဏ်းက ပိုင်ဆိုင်တဲ့ ပစ္စည်းပဲ ဖြစ်သင့်တယ်..."
ထိပ်သီးကျင့်ကြံသူနှစ်ဦးကို တိုက်ကွက်နှစ်ကွက်ဖြင့် အနိုင်ယူလိုက်ပြီးနောက် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ရပ်က ဗုဒ္ဓအရှင်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ သူသည် တီးတိုးရွတ်ဆိုလိုက်ရင်း သူ၏လက်ဝါးသည် မနီးမဝေးရှိ ဆေးပင်ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။
ထိုအရာကို ရရှိနိုင်သမျှကာလပတ်လုံး ထာဝရ နတ်ဘုရားစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်မည့် အခွင့်အရေးကို ရရှိပေမည်။ ဤသည်မှာ ရင်းမြစ်ကမ္ဘာမှ ကျင့်ကြံသူများအားလုံး၏ အထွတ်အထိပ်တွင် အမှန်တကယ် ရပ်တည်နိုင်မည့် အခွင့်အရေးပင်။
"ဗုဒ္ဓအရှင်... မင်းက ငါ့ရဲ့ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေထဲကို ဝင်လာပြီးတော့ ငါ့ရဲ့ပစ္စည်းတွေကို လုယူတယ်... မင်းက ငါ့ကို လေးစားမှုမရှိရာ မကျဘူးလား"
ထိုအချိန်မှာပင် ခပ်အုပ်အုပ်အသံတစ်သံကို ကြားလိုက်ရသည်။ မှောင်မိုက်နေသော အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေတွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ကွဲထွက်သွားသည်။ ထိုအက်ကွဲကြောင်းကြားမှနေ၍ ငွေရောင်ဆံပင်ရှိပြီး အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ချက်ချင်း ထွက်ပေါ်လာပေ၏။
ထိုလူ မရောက်လာမီ ထူးခြားသော ဒဿဂံပုံစံ ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ပျံ့လွင့်လာသည်။ ထိုအရာကို လေထုထဲတွင် ညင်သာစွာ ဖိလိုက်ရုံဖြင့် လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ဆီသို့ လှမ်းနေသော ဗုဒ္ဓအရှင်၏လက်ဝါးသည် အလိုအလျောက် ရပ်တန့်သွားပြီး တစ်လက်မမျှ ရှေ့ဆက်မတိုးနိုင်တော့ချေ။
ဤှသည်မှာ နတ်ဆိုးမျိုးနွယ်စု၏ အန္တိမရတနာဖြစ်သော အရပ်ဆယ်မျက်နှာ နတ်ဆိုးစည်းတံဆိပ်ပင်။
အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေအတွင်း၌ ထိုအရာ၏စွမ်းအားသည် ဧကရာဇ်ဖုရှန်း၏ တော်ဝင်စည်းတံဆိပ်နှင့် ယှဉ်ပြိုင်နိုင်သည်။ ထိုရတနာ၏စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် အကြွင်းမဲ့ ပြိုင်ဘက်ကင်းပေ၏။
"မဟာနတ်ဆိုးအရှင်...."
ဗုဒ္ဓအရှင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
မူလက သူသည် တိုက်ပွဲကို အလျင်အမြန်အဆုံးသတ်ပြီး ဆေးပင်ကို ယူဆောင်ကာ ထွက်ပြေးရန် ရည်ရွယ်ထားခဲ့သည်။ သို့အရာတွင် အရေးကြီးသော အချိန်အခိုက်အတန့်တွင် ဤမဟာနတ်ဆိုးအရှင် ထွက်ပေါ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
တစ်ဖက်လူ၏စွမ်းအားသည် သူနှင့် တန်းတူသော်လည်း ယခုချိန်၌ သူသည် အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေထဲတွင် ရှိနေသည်။ ထိုကြောင့် သူသည် မဟာနတ်ဆိုးအရှင်ကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။
"ဧကရာဇ်ဖုရှန်း....ကူညီပါဦး"
လွန်ခဲ့သော အဖြစ်အပျက်အတွက် ဧကရာဇ်ဖုရှန်းသည် သူ့ကို ကျေးဇူးကြွေးတစ်ခု တင်နေကြောင်းနှင့် ယခုတစ်ကြိမ်တွင် လေဟာနယ်ကို ဖြတ်ကျော်၍ ကူညီပေးနိုင်ကြောင်း သိရှိသဖြင့် ဗုဒ္ဓအရှင်သည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူ၏အတွေးများကို ဧကရာဇ်ဖုရှန်းထံသို့ ပေးပို့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဝုန်း....
သူ၏စကားဆုံးသည်နှင့် အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေအထက်ရှိ မိုးကောင်းကင်ယံမှ အကာအကွယ်အလွှာ အက်ကွဲသွားပြီး မည်သည့်ခုခံနိုင်မှုမျှမရှိဘဲ မှန်တစ်ချပ်ကွဲသကဲ့သို့ ကြေမွှပျက်စီးသွားသည်။
"မင်း... ကြီးမြတ်တဲ့ ဗုဒ္ဓအရှင်က ဒီလောက်ထိ အရှက်မဲ့ပြီးတော့ ဧကရာဇ်ဖုရှန်းနဲ့ ပူးပေါင်းကြံစည်တာလား.."
မဟာနတ်ဆိုးအရှင်၏မျက်နှာအမူအယာ ချက်ချင်း ပျက်ယွင်းသွားသည်။
သူသည် ဗုဒ္ဓအရှင်ကို ကြောက်ရွံခြင်းမရှိချေ။ သို့ရာတွင် ပထမတန်းစား ကောင်းကင်ကံကြမ္မာ ထိန်းချုပ်သူဖြစ်ကာ ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်ရှိ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များအနက်မှ တစ်ဦးဖြစ်သော ဧကရာဇ်ဖုရှန်း ဝင်ရောက်စွက်ဖက်ပါက အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေထဲတွင် ရှိနေလျှင်ပင် သူ ခုခံနိုင်မည် မဟုတ်ပေ။
အကယ်၍ သူသာ မခုခံပါက အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေတစ်ခုလုံးသည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ပျက်စီးသွားနိုင်ကြောင်း သိရှိသဖြင့် နတ်ဆိုးအရှင်သည် အော်ငေါက်ပြီး သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်သည်။
ဝှစ်....
အရပ်ဆယ်မျက်နှာ နတ်ဆိုးစည်းတံဆိပ်သည် မိုးကောင်းကင်ယံသို့ ထပ်မံ၍ ပျံ့လွင့်သွားပြီး ကြီးမားသော အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲကာ လေထုထဲမှ သက်ရောက်လာသော စွမ်းအားကို ပိတ်ဆို့ဟန့်တားလိုက်၏။
အကယ်၍ သူ ဤတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားနိုင်ပါက အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေသည် မိုင်ပေါင်းများစွာအထိ ကြည်လင်သော ကောင်းကင်နှင့် တောက်ပသော နေရောင်ခြည်ကို ရရှိပေလိမ့်မည်။
သူ မခုခံနိုင်ပါက ပြိုလဲသွားပြီး ဖရိုဖရဲဖြစ်ကာ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများသည် ရင်းမြစ်ချီစွမ်းအင်၏ ဝါးမြိုခြင်းကို ခံရပြီး အသန့်စင်ဆုံး စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဤသည်မှာ နတ်ဆိုးနယ်မြေအတွက် သေရေးရှင်ရေး အချိန်အခိုက်အတန့်သို့ ရောက်ရှိနေလေပြီ။