လိပ်ပြာသစ်ခွ စိတ်ဝိညာဉ် အခိုးခံလိုက်ရခြင်း
Vol. 43 Ch. 491
"ငါ့ကို တားရဲတယ်ပေါ့...မဟာနတ်ဆိုးအရှင် မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"
ဧကရာဇ်ဖုရှန်းက ဆူပူကြိမ်းမောင်းလိုက်သည်။ သူ၏လက်ဝါးပုံရိပ်ယောင်ကြီးပေါ်ရှိ စွမ်းအားသည် ပို၍ပို၍ပြင်းထန်လာပြီး အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ၏အထက်ရှိ လေဟာနယ်သည် နှစ်ဖက်မြင်အလွှာအဖြစ် ပြားချပ်သွားသည့်အလားပင်။
လေဟာနယ်၏ အလင်းယိုင်မှုအကြားတွင် ထင်ရှားပြတ်သားသော မျက်ခုံးမွှေးများရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရေကန်ဘေးတွင်ထိုင်ပြီး တခြားချောမောခန့်ညားသည့် လူလတ်ပိုင်းကြီးတစ်ဦးနှင့် ကျားကစားနေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။ သူတို့၏ပုံရိပ်များသည် အနည်းငယ်မျှပင် လှုပ်ရှားခြင်း မရှိပေ။ ဤနေရာရှိ လက်ဝါးပုံရိပ်ယောင်ကြီးသည် သူ ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်သော စွမ်းအားမျှသာ ဖြစ်သည်။
"အရမ်း သန်မာအားကောင်းတာပဲ"
မဟာနတ်ဆိုးအရှင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ဧကရာဇ်ဖုရှန်းသည် အလွန်သန်မာအားကောင်းကြောင်း သူ ယခင်ကတည်းက သိရှိထားသော်လည်း ဤမျှထိ အစွမ်းထက်လိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူသည် မိုင်သန်းပေါင်းများစွာ ဝေးကွာသော နန်းတော်အတွင်း၌ ရှိနေသေးသော်လည်း သာမာန်ကာလျှံကာ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် လေဟာနယ်၏ကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့သည်။ မဟာနတ်ဆိုးအရှင်သည် အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ၏ အကူအညီဖြင့် စွမ်းအားကုန် ခုခံသော်လည်း ဧကရာဇ်ဖုရှန်း၏စွမ်းအားကို မတားဆီးနိုင်ခဲ့ချေ။
သေချာသည်မှာ ဗုဒ္ဓအရှင်၏စွမ်းအားလည်း ပါဝင်နေခြင်းပင်။ ဤသည်ကြောင့် ရင်းမြစ်ကမ္ဘာ၏ ထိပ်သီးကျင့်ကြံသူနှစ်ယောက် အတူပူးပေါင်းပြီး သူတစ်ယောက်တည်းကို ကိုင်တွယ်ဖြေရှင်းနေသကဲ့သို့ ဖြစ်နေသည်။
"နတ်ဆိုးဧကရာဇ်လေးပါး ဝင်္ကပါကို ခင်းကျင်းလိုက်ကြစမ်း"
သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ခုခံနိုင်စွမ်းမရှိပါက နေရာမှာပင် သေဆုံးသွားနိုင်ခြေ အလွန်များကြောင်း သိရှိသဖြင့် မဟာနတ်ဆိုးအရှင်သည် များစွာတွေးတောနေရန် အချိန်မရှိချေ။ သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ထူးဆန်းသော အသံလှိုင်းများသည် နတ်ဆိုးနယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။ ရုတ်ချည်းဆိုသလိုပင် တွန့်လိမ်ပုံပျက်နေသော စွမ်းအားတစ်ရပ်သည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားတော့သည်။
ဝှစ်.... ဝှစ်.... ဝှစ်...ဝှစ်...
မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် အဆိပ်အင်္သချေ နတ်ဆိုးဧကရာဇ် စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်နှင့် အရိပ်နတ်ဆိုးဧကရာဇ် ဟူသော နတ်ဆိုးဧကရာဇ်လေးပါးသည် တပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။ သူတို့သည် အရှေ့ အနောက် တောင် မြောက် အရပ်မျက်နှာများတွင် နေရာယူပြီး ထူးခြားသော ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ၏ သင်္ကေတလေးပါးကို အသုံးပြုထားသော အရပ်ရှစ်မျက်နှာ သီးခြားနယ်မြေ ဝင်္ကပါ...
ဝုန်း....
နတ်ဆိုးဧကရာဇ်လေးပါး၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ လျင်မြန်စွာ ကျဆင်းလာသော လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထဲတွင် အလိုအလျောက် ရပ်တန့်သွားပေ၏။ နတ်ဆိုးများသည် အနည်းငယ် ရုန်းကန်နေရသော်လည်း ဤတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
"ဒါက..."
ဗုဒ္ဓအရှင် ခုခံနိုင်စွမ်းမရှိတော့ခြင်းမှ နတ်ဆိုးဧကရာဇ်လေးပါး ထွက်ပေါ်လာခြင်းအထိ အခြေအနေများ ရှုပ်ထွေးနေသော်လည်း အမှန်အားဖြင့် အသက်တစ်ရှိုက်စာအတွင်း ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ လိပ်ပြာသစ်ခွစိတ်ဝိညာဉ်နှင့် မနီးမဝေးတွင် ပုန်းအောင်းနေသော ကျန်းရွှမ်သည် အသက်ပင် ရဲရဲမရှုရဲတော့ချေ။
ဤပုဂ္ဂုလ်များသည် အလွန်သန်မာအားကောင်းပေ၏။
သူသည် ထာဝရနှလုံးသားကို ပိုင်ဆိုင်ထားပြီး ပထမတန်းစား ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားသော်လည်း ဤတိုက်ခိုက်မှုများနှင့် ကြုံတွေ့ရပါက တိုက်ကွက်တစ်ဝက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"အခွင့်ကောင်းပဲ"
သူ၏ထိတ်လန့်တကြားဖြစ်မှုနှင့် မတူဘဲ နတ်ဆိုးဧကရာဇ်လေးပါး မဟာနတ်ဆိုးအရှင် ဗုဒ္ဓအရှင်နှင့် ဧကရာဇ်ဖုရှန်းတို့သည် ပြင်းထန်သော တိုက်ပွဲတွင် ပိတ်မိနေသည်ကို မြင်လိုက်ရချိန်၌ ဖုန်းယွမ်ဖိန်သည် သူ၏အခွင့်အရေး ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သူ၏မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပြီး သူ၏ပုံရိပ်သည် လှုပ်ရှားသွားကာ လိပ်ပြာသစ်ခွစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
"နန်းတော်သခင်ဖုန်း...မင်းက ဗုဒ္ဓဂိုဏ်းရဲ့ ရတနာကို ခိုးယူနေတာလား.... ဗုဒ္ဓဂိုဏ်းနဲ့ ရန်သူတွေဖြစ်ဖို့ ကြိုးစားနေတာလား"
ဗုဒ္ဓအရှင်က အော်ငေါက်လိုက်ပြီး သူ၏လက်ကို လှုပ်ခါလိုက်၏။ သူ၏အပေါ်ရုံသင်္ကန်း ပျံ့လွင့်သွားပြီး ထိုအရာအပေါ်ရှိ ရတနာများသည် ကြယ်စင်မြစ်တစ်ခု ကျဆင်းလာသည့်အလား တောက်ပစွာ လင်းလက်နေသည်။
ကြယ်စင်မြစ် သင်္ကန်း....
ဤှသည်မှာ ဗုဒ္ဓအရှင်၏အစွမ်းထက်ဆုံး ရတနာများအနက်မှ တစ်ခုဖြစ်ပြီး ထိုအရာ၏စွမ်းအားသည် ခရမ်းရွှေသပိတ်ထက် လျော့နည်းခြင်းမရှိဘဲ သာလွန်ကောင်း သာလွန်နိုင်သည်။
လောကကြီးတွင် ထျန်းလီမင်အင်ပါယာ အလုံးစုံသိမြင်ဂိုဏ်းနှင့် ကောင်းကင်ဘဏ္ဍာ ခန်းမဆောင်တို့မှလွဲလျှင် ဗုဒ္ဓဂိုဏ်းသည် ရတနာအများဆုံးကို ပိုင်ဆိုင်ထားဖွယ်ရှိသည်။
ယခုအချိန်တွင် ဖုန်းယွမ်ဖိန်ကို ကိုင်တွယ်ရာ၌ မည်သည့်ကရုဏာမျှ ပြသ၍မရကြောင်း သိရှိထားသဖြင့် ဗုဒ္ဓအရှင်သည် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ဤအစွမ်းထက်သော မှော်လက်နက်ကို ချက်ချင်းထုတ်လွှတ်လိုက်၏။
ထိုသင်္ကန်း ကျဆင်းလာသည်နှင့်အမျှ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေ တစ်ခုလုံးသည် တောက်ပသော ကြယ်စင်မြစ်တစ်ခုအတွင်းသို့ ကျဆင်းသွားသည့်အလားပင်။ ပတ်ဝန်းကျင်နေရာတဝိုက်လုံး မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့်အလား ဝေဝါးသွားသည်။ ထိုကြောင့် ဤနေရာရှိ တောင်ထိပ်နှင့် ထိုအရာအပေါ်၌ ပေါက်ရောက်နေသော လိပ်ပြာသစ်ခွစိတ်ဝိညာဉ်တို့သည် ယခုအချိန်၌ ရွှံ့နွံထဲတွင် ဖုံးကွယ်ထားသည့်အလား ပြန်လည်ရှာဖွေရန် မဖြစ်နိုင်တော့ချေ။
ဤသည်မှာ ကြယ်စင်မြစ်သင်္ကန်း၏ အထူးစွမ်းရည်ဖြစ်သော ချိတ်ပိတ်ခြင်းပင်။
"ဒီလိုနည်းလမ်းမျိုးနဲ့ ငါ့ကို ပိတ်လှောင်ထားနိုင်မယ်လို့ ထင်နေတာလား... ဗုဒ္ဓအရှင် မင်းကိုယ်မင်း အရမ်းအထင်သေးလွန်းနေတာလား ဒါမှမဟုတ် ငါ့ရဲ့စိတ်ဝိညာဉ်နန်းတော်ကို အရမ်း အထင်သေးနေတာလား... စိတ်ဝိညာဉ်နန်းတော် ဆင်းသက်လာစမ်း..."
ငရဲကိုးထပ် စိတ်ဝိညာဉ်သရဖူကို ဝတ်ဆင်ထားသော ဖုန်းယွမ်ဖိန်က အော်ဟစ်လိုက်ရာ ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုက လေဟာနယ်ထဲတွင် ထွက်ပေါ်လာသည်။ ထိုအရာသည် မျိုးဆက်အစဥ်အဆက်ရှိ နန်းတော်သခင်များ၏ အသန်မာဆုံး စိတ်ဝိညာဉ်အရိုးများဖြင့် သွန်းလုပ်ထားသော စိတ်ဝိညာဉ်နန်းတော်၏အစွမ်းအထက်ဆုံး မှော်လက်နက်ဖြစ်သည့် ငရဲကိုးထပ် စိတ်ဝိညာဉ်နန်းတော်ပင်။
ထိုစိတ်ဝိညာဉ်နန်းတော် ဆင်းသက်လာသည်နှင့်အမျှ အမှောင်ထုကို ပိုင်းခြားသွားသော မီးအိမ်တစ်ခုအလား ယခင်က မမြင်နိုင်ခဲ့သော လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်သည် ခပ်ဖျော့ဖျော့အလင်းရောင်ကို ချက်ချင်းထုတ်လွှတ်လိုက်ပြီး မနီးမဝေးတွင် ထွက်ပေါ်လာသည်။
ယခုအချိန်တွင် ထိုဆေးပင်သည် တိမ်တိုက်များနှင့် မြူခိုးများ ရစ်သိုင်းလွှမ်းခြုံကာ တောက်ပနေပြီး စွမ်းအားများသည် လှိုင်းတံပိုးများကဲ့သို့ တလိမ့်လိမ့်ထနေသည်။ ထိုဆေးပင်သည် အပြည့်အဝ ရင့်မှည့်သွားပြီဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဟား ဟား ဟား....ဒါကို ငါ ယူလိုက်ပြီ"
အသက်တစ်ရှိုက်စာ အချိန်အတွင်း၌ ဖုန်းယွမ်ဖိန်သည် ထိုဆေးပင်၏ရှေ့သို့ ရောက်ရှိသွားသည်။ သူသည် တခြားလူများအားလုံး၏ မျက်နှာအမူအယာများကို ဂရုမစိုက်ဘဲ သူ၏လက်ဝါး ရုတ်တရက် ကြီးမားလာပြီး လျှင်မြန်စွာ ဆန့်တန်းလိုက်၏။
ဝှစ်....
နောက်ထပ်အချိန်တခဏတွင် ဤပြိုင်ဘက်ကင်း ဆေးပင်သည် သူ၏လက်ဖြင့် ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။ သူသည် ထိုဆေးပင်ကို စိတ်ဝိညာဉ်နန်းတော်ထဲသို့ ညင်သာစွာ ပစ်ထည့်လိုက်သည်။
"ပြန်ပေးစမ်း..."
ဗုဒ္ဓအရှင်သည် ဖုန်းယွမ်ဖိန် ဤမျှထိ လျှင်မြန်လိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူ၏ဒေါသများ ပေါက်ကွဲလုမတတ်နီးပါးပင်။ သူသည် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
"ဗောဓိသတ္တတွေ..လာခဲ့စမ်း...."
သူ၏စွမ်းအားတစ်ခုတည်းဖြင့် ဆေးပင်ကို ပြန်လုယူရန်မဆိုထားနှင့် မဟာနတ်ဆိုးအရှင်နှင့် နတ်ဆိုးဧကရာဇ်လေးပါးတို့ကို တားဆီးရန် မဖြစ်နိုင်ကြောင်း သိရှိသဖြင့် ဗုဒ္ဓအရှင်က မျဉ်းတစ်ကြောင်းကို ညင်သာစွာ ဆွဲလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် လေဟာနယ်သည် ရေကဲ့သို့ လှိုင်းထသွားပြီး ဗောဓိသတ္တရှစ်ပါး ရုတ်တရက် ထွက်ပေါ်လာသည်။
"အော် မီ တော ဖော.. ဗုဒ္ဓဂိုဏ်းကို တိုက်ခိုက်ရဲမှတော့ နတ်ဆိုးမျိုးနွယ်ဝင်တွေ ပျက်စီးသင့်တယ်"
"နတ်ဆိုးမျိုးနွယ်ဝင်တွေက မရေမတွက်နိုင်တဲ့ မကောင်းမှုတွေကို ကျူးလွန်ခဲ့တယ်...သူတို့က ဗုဒ္ဓဂိုဏ်းကို ကူးပြောင်းဖို့ အချိန်တန်ပြီ..."
နီဗားနားဗောဓိသတ္တ သံသရာလမ်းပြဗောဓိသတ္တနှင့် တခြားဗောဓိသတ္တများ ရုတ်တရက် ထွက်ပေါ်လာကြသည်။ သူတို့တစ်ပါးစီတိုင်းသည် ဗုဒ္ဓပုံရိပ်ယောင်များကို ထုတ်ဖော်ပြသလိုက်ကြပြီး တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ နတ်ဆိုးဧကရာဇ်လေးပါးသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လေဟာနယ် ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။
ဖူး...ဖူး... ဖူး...ဖူး...
ဗောဓိသတ္တရှစ်ပါး၏ စွမ်းအားသည် ကုလားအုတ်ကျောရိုးကို ချိုးဖျက်သည့် နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်လာခဲ့သည်။ နတ်ဆိုးဧကရာဇ်လေးပါးသည် တောင့်မခံနိုင်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် သွေးအန်ထုတ်ကြရသည်။
"မင်းတို့တွေက ငါ့ရဲ့ ကျားကစားပွဲကို နှောင့်ယှက်နေတာပဲ"
ထိုအချိန်မှာပင် နန်းတော်ထဲရှိ ဧကရာဇ်ဖုရှန်းသည် မကျေနပ်သော မျက်နှာအမူအယာဖြင့် ကျားစေ့တစ်စေ့ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး လေထဲသို့ ပစ်တင်လိုက်၏။
ဝှစ်.....
ထိုကျားစေ့သည် ရုတ်တရက် ကြီးထွားလာပြီး ကုန်းမြေတစ်ခုလုံးကို ပြောင်းပြန်လှန်လိုက်သည့်အလား ဆင်းသက်လာသည်။
မိုးကောင်းကင်ယံသည် ကျားခုံတစ်ခုံဖြစ်ပြီး သက်ရှိသတ္တဝါအပေါင်းသည် ကျားစေ့များအလားပင်။
ဘုန်း...ဘုန်း...ဘုန်း...ဘုန်း....
ဤကျားစေ့သည် ဗုဒ္ဓအရှင်ကို ကူညီနေခြင်းမဟုတ်ဘဲ ရန်သူမိတ်ဆွေ ခွဲခြားခြင်းမရှိသော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ထိုအရာ ပြင်းထန်စွာ ကျဆင်းလာသည်နှင့်အမျှ စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ် အရိပ်နတ်ဆိုးဧကရာဇ် မဟာကတိသစ္စာ ငရဲဗောဓိသတ္တနှင့် အတိုင်းအဆမဲ့အလင်းရောင် ဗောဓိသတ္တတို့သည် ထိုစွမ်းအားဒဏ်ကို အပြင်းထန်ဆုံး ခံလိုက်ရသည်။ ကြီးကျယ်ခမ်းနားသော
စွမ်းအားအောက်တွင် သူတို့သည် ခုခံကာကွယ်နိုင်စွမ်း မရှိကြဘဲ နေရာမှာပင် သူတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားကြသည်။
"ဧကရာဇ်ဖုရှန်..မင်း ဘာလုပ်တာလဲ"
ဗုဒ္ဓအရှင်၏မျက်လုံးများ ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ၏လက်အောက်တွင် ဗောဓိသတ္တရှစ်ပါးသာ ရှိသည်။ တစ်ဖက်လူ၏ ကျားစေ့တစ်စေ့ ကျဆင်းလာခြင်းဖြင့် ဗောဓိသတ္တနှစ်ပါး နေရာမှာပင် ခန္ဓာကိုယ်များ ပေါက်ကွဲသွားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။ ဤအခြေအနေတွင် သူတို့ မသေဆုံးလျှင်ပင် သူတို့၏ သက်စောင့်စွမ်းအားများ ထိခိုက်သွားပြီဖြစ်ကာ နှစ်ပေါင်းတစ်ရာအတွင်း၌ ပြန်လည်သက်သာရန် ခက်ခဲပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ထာဝရနှလုံးသား မရှိပါက စွမ်းအားစုပ်ယူမှုနှုန်းသည် မလျှင်မြန်ချေ။ သူတို့၏ကျင့်ကြံဆင့်စွမ်းအားသည် အခြေခံအားဖြင့် အချိန်ယူ၍ စုဆောင်းထားခြင်း ဖြစ်သည်။
"ဘာမှ မဟုတ်ပါဘူး...ခုဏက လက်ဝါးရိုက်ချက်က မင်းကို ကူညီပေးတာပါ...ငါ ဧကရာဇ်ဖုရှန်းက ကျေးဇူးရှိရင် ကျေးဇူးကြွေးကို ဆပ်တယ်.. ဒီကျားစေ့ကတော့ ရန်ကြွေးကို ဆပ်တာပဲ..အိမ်ရှေ့စံမင်းသား ယွမ်ချင်းမှာ အမှားရှိရင်တောင် သူက ငါတို့ထျန်းလီအင်ပါယာရဲ့ အိမ်ရှေ့စံပဲ....လက်အောက်ငယ်သားဖြစ်တဲ့ မင်းက ဝေဖန်လို့ရတဲ့သူ မဟုတ်ဘူး"
ဧကရာဇ်ဖုရှန်း၏ လျစ်လျူရှုထားသော အသံကြီး ထွက်ပေါ်လာသည်။
အိမ်ရှေ့စံမင်းသား ယွမ်ချင်းသည် ဆိုးသွမ်းသောကိစ္စများကို ပြုလုပ်ခဲ့သည့်တိုင် သူသည် အိမ်ရှေ့စံ ဖြစ်နေဆဲပင်။ အစောပိုင်းက ဧကရာဇ်ဖုရှန်း ကူညီပေးခြင်းသည် ဗုဒ္ဓအရှင်ကို မျက်နှာသာပေးခြင်းပင်။ ဗုဒ္ဓဂိုဏ်းမှ ဗောဓိသတ္တနှစ်ပါးကို သတ်လိုက်သည်မှာမူ ဤလောကကြီးတွင် သူ ဧကရာဇ်ဖုရှန်းထံတွင်သာ အခွင့်အာဏာရှိနေကြောင်း ဗုဒ္ဓအရှင်ကို နားလည်သဘောပေါက်စေရန်ပင်။ လက်အောက်ခံတစ်ယောက်သာဖြစ်သော ဗုဒ္ဓအရှင်သည် အနည်းငယ်မျှ အရေးမပါချေ။
"ဖူး..."
ဧကရာဇ်ဖုရှန်း ဤသို့ပြုလုပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဗုဒ္ဓအရှင်တွင် အစောပိုင်းက စိတ်လှုပ်ရှားမှုများ ပျောက်ဆုံးသွားကာ သူ၏မျက်နှာ ဖြူရော်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
နတ်ဆိုးအရှင်၏နယ်မြေတွင် မဟာနတ်ဆိုးအရှင်ကို တိုက်ခိုက်ခြင်းဖြစ်သဖြင့် သူ မည်မျှပင် အစွမ်းထက်ပါစေ ဒဏ်ရာရရှိနေလေပြီ။
"အားလုံးပဲ...နှုတ်ဆက်ပါတယ်"
အရေးကြီးသော အခိုက်အတန့်တွင် နှစ်ဖက်လုံး တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရချိန်၌ ဖုန်းယွမ်ဖိန်သည် သူ၏အခွင့်အရေး ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် အပိုစကားများ မပြောတော့ဘဲ လေဟာနယ်ကို ဖမ်းဆုပ်လိုက်ရာ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုအရာအတွင်းသို့ တိုးဝင်သွားသည်။ နောက်ထပ်အချိန်တခဏတွင် သူသည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
ကျန်းရွှမ် အချိန်အကြာကြီး စောင့်ဆိုင်းပြီး အကွက်ချကြံစည်ခဲ့သော လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကို တံငါသည်တစ်ဦးက အမြတ်ထွက်သွားသည့်အလား ဖုန်းယွမ်ဖိန်က ယူဆောင်သွားလေပြီ။
"သွားပြီ..."
ကျန်းရွှမ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူသည် ဖုန်းယွမ်ဖိန်၏နောက်မှ လိုက်သွားချင်သော်လည်း ရပ်တန့်လိုက်၏။ ထိုအချိန်မှာပင် လိပ်ပြာသစ်ခွ စိတ်ဝိညာဥ်၏ နံဘေးပတ်လည်တွင် ပျံသန်းနေသော လိပ်ပြာသည် သူ ပုန်းအောင်းနေသော နေရာ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာသည် သူ၏ မျက်ခုံးနှစ်ခုကြားတွင် ညင်သာစွာ ဆင်းသက်လိုက်ပြီး လေစီးကြောင်းတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲကာ အတွင်းသို့ တိုးဝင်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားတော့သည်။