← Chapters

အရန်အစီအစဉ်

Vol. 43 Ch. 494

အရန်အစီအစဉ်

Vol. 43 Ch. 494

"အမှန်ပဲ..."

ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်လိုက်သည်။

"အတိတ်မှာ ရှင်ဝူယွဲ့က ကောင်းကင်လမ်းကို နားလည်နိုင်ခဲ့ပြီးတော့ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာကို မှီခိုပြီး ထာဝရနတ်ဘုရားစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်... အခု ဒုတိယတစ်ခု ထွက်ပေါ်လာပြီ.... အရေးကြီးဆုံးက အဲ့ဒါကို ရသွားတဲ့လူက ထာဝရနှလုံးသားကိုလည်း ဖွဲ့စည်းထားတယ်... ဒါက ကောင်းသလား ဆိုးသလားဆိုတာ ငါ တကယ်ကို မသိတော့ဘူး"

"ဒါက ကောင်းမွန်တဲ့ကိစ္စတော့ မဖြစ်နိုင်ဘူး"

ဝူဖိုထျန်းက ခေါင်းခါယမ်းလိုက်သည်။

"ကောင်းကင်ကံကြမ္မာက ထူးခြားတယ်....တစ်ခုခုကို အစွန်းရောက်အောင် တွန်းပို့လိုက်ရင် ကောင်းကင်လမ်းရဲ့အတားအဆီးကို ချိုးဖျက်ပြီးတော့ အမြင့်မြတ်ဆုံးနေရာကို ရောက်သွားတာပဲ...မင်းအတွက်လည်း ဒီလိုပဲ ငါ့အတွက်လည်း ဒီလိုပဲလေ....ဒီဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာကို တွေ့လိုက်ရပေမယ့် မင်း အဲ့ဒါကို လိုချင်နေရင်တောင် သန့်စင်ဖို့ ရည်ရွယ်ထားလို့လား...."

"ငါက အဲ့ဒီလို ရည်ရွယ်မထားဘူး"

ဧကရာဇ်ဖုရှန်းက ခေါင်းခါယမ်းလိုက်၏။

"ဘယ်သူမှ မမှတ်မိဘဲနဲ့ ဒီရတနာ ပျောက်ကွယ်သွားမှာကို ငါက စိုးရိမ်မိရုံပဲ"

"ဒါက အမှန်ပဲ"

ဝူဖိုထျန်း ခေါင်းညိတ်လိုက်သည်။

"ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်စလုံးက သက်ဆိုင်ရာ ကောင်းကင်ကံကြမ္မာတွေကို အစွန်းရောက်တဲ့အဆင့်ထိ ကျင့်ကြံထားကြလို့ပဲ...ငါ့အတွက်ဆိုရင် ဒီလောကမှာ ဘယ်လောက်ပဲ သန်မာတဲ့အရာဖြစ်ပါစေ လက်သီးတစ်ချက်တည်းနဲ့ ချိုးဖျက်လို့မရတဲ့အရာဆိုလို့ မရှိဘူး....တကယ်လို့ ရှိခဲ့ရင်လည်း ငါက လက်သီးနှစ်ချက် ထိုးလိုက်ရုံပဲ... မင်းအတွက်လည်း အတူတူပဲ လောကမှာ အသန်မာဆုံးအရာတွေကို အာဏာနဲ့ ခြေမွှဖျက်ဆီးနိုင်တယ်...တကယ်လို့ မင်းမှာ ဒီယုံကြည်မှု ပျောက်ဆုံးသွားရင် မင်းရဲ့စိတ်ဝိညာဉ်က ထာဝရအဆင့်ကို ရောက်သွားရင်တောင် တိုးတက်မှု မဟုတ်ဘဲ အားနည်းချက် ဖြစ်သွားလိမ့်မယ်"

"အင်း"

ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်ပြသည်။

ထိုအကြောင်းအရင်းကြောင့် ကျန်းရွှမ်ထံ၌ ထာဝရနှလုံးသား ရှိနေကြောင်း သိရှိထားသော်လည်း သူ စိတ်မဝင်စားခဲ့ခြင်းပင်။

ဤသည်မှာ သူ၏ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားမှုအပေါ် ယုံကြည်မှုပင်။

"ထာဝရနှလုံးသားကို ပိုင်ဆိုင်ထားတဲ့ အဲ့ဒီကျန်းရွှမ်က ထာဝရရွှေခန္ဓာကိုယ်အဆင့်ကို တက်လှမ်းဖို့ အခြေခံအုတ်မြစ် ရှိထားပြီးပြီး....ဒီလမ်းကြောင်းအတိုင်း လုံ့လစိုက်ထုတ် ကျင့်ကြံပြီးတော့ နှစ်ပေါင်းရာနဲ့ချီပြီး အချိန်ပေးလိုက်ရင် ငါ့ရဲ့နောက်မှာ အောင်မြင်တဲ့လူဖြစ်လာဖို့ အလားအလာ အရမ်းများတယ်... ကံမကောင်းတာက ဒီအချိန်မှာ သူက ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာကို ရသွားတာပဲ"

ဝူဖိုထျန်းက ခေါင်းခါယမ်းလိုက်သည်။

"ဒါက ထာဝရ နတ်ဘုရားစိတ်ဝိညာဉ် ဖွဲ့စည်းဖို့ အခြေခံအုတ်မြစ်ပဲ.... သူသာ လောဘစိတ်ကို စွန့်လွှတ်နိုင်ရင် အဆင်ပြေပေမယ့် လောဘစိတ် ဝင်လာပြီးတော့ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ကိုပါ ကျင့်ကြံမယ်ဆိုရင်....အရာအားလုံးကို တစ်နပ်တည်းနဲ့ ဝါးမြိုဖို့ ကြိုးစားရင်း နောက်ဆုံးမှာ ဘာမှ ဖြစ်မလာမှာကို ငါ စိုးရိမ်တယ်"

"အမှန်ပဲ.... ထာဝရနှလုံးသားက ထာဝရရွှေခန္ဓာကိုယ်အတွက် အခြေခံအုတ်မြစ်လေးပဲ....သူ အောင်မြင်ဖို့ ဘယ်လောက်ထိ ဝေးကွာသေးတယ်ဆိုတာ မသိရသေးဘူး....ဒီအချိန်မှာ သူက ထာဝရ နတ်ဘုရားစိတ်ဝိညာဉ်နဲ့ ထိတွေ့ရတာက တကယ်တော့ မကောင်းတဲ့ကိစ္စပဲ"

ဧကရာဇ်ဖုရှန်းက ခေါင်းခါလိုက်သည်။

"ဒီတစ်ကြိမ်တိုက်ပွဲကြောင့် ကောင်းကင်ဥပဒေသမြို့တော်အတွက် သူတို့အားလုံး အစီအစဉ်တွေ ချမှတ်ထားကြလိမ့်မယ်လို့ ငါ ထင်တယ်....အဲ့ဒီအချိန်ကျရင် သွေးထွက်သံယို မုန်တိုင်းတွေ ဖြစ်လာမှာ သေချာပေါက်ပဲ...မင်း ကိုယ်တိုင် သွားမှာလား"

ဝူဖိုထျန်းက သိချင်စိတ်ပြင်းပြမှုဖြင့် မေးမြန်းလိုက်သည်။

"ငါ အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့ပြီးပြီ.... ဒါကြောင့် ငါ ကိုယ်တိုင် မသွားတော့ဘူး.... မဟုတ်ရင် လူငယ်တွေကို အနိုင်ကျင့်တယ်ဆိုပြီးတော့ တခြားလူတွေက ငါ့ကို လှောင်ကြလိမ့်မယ်"

ဧကရာဇ်ဖုရှန်းက ခေါင်းခါယမ်းလိုက်၏။

"အရန်အစီအစဉ်လား"

ဝူဖိုထျန်းက ခေါင်းခါယမ်းလိုက်သည်။

"မင်းက ဘာပဲလုပ်လုပ် ကျားကစားနေသလိုပဲ....မင်းလုပ်သမျှကိစ္စတိုင်းမှာ အမြဲတမ်း ရှေ့ကို ခြေလှမ်းသုံးလှမ်းစာလောက် ကြိုတွေးထားတယ်... ဒါဆိုရင်တော့ ငါ စောင့်ကြည့်ရမှာပေါ့.... ငါ ကြိုပြောထားမယ်... ဒီတစ်ကြိမ်မှာ ကျန်းရွှမ်က မသေဘဲ လွတ်မြောက်နိုင်ခဲ့ရင် ငါ သူ့ကို တပည့်အဖြစ် လက်ခံမယ်"

"ထာဝရနှလုံးသားကို သန့်စင်နိုင်ခဲ့တဲ့သူကို ဒီလောက်ထိ ခက်ခက်ခဲခဲနဲ့ တွေ့ခဲ့ရမှတော့ မင်း လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပါ...."

ဧကရာဇ်ဖုရှန်း ခပ်သဲ့သဲ့ရယ်မောလိုက်သည်။

"မင်း ဘာမှစိတ်မပူပါနဲ့....ကောင်းကင်ဥပဒေသမြို့တော်က ကိစ္စတွေ ပြီးသွားရင် ဒီနှလုံးသားက အိမ်ရှေ့စံယွမ်ချင်းရဲ့ ခန္ဓာကိုယ်ဆီ ပြန်ရောက်သွားမှာပါ... ပြီးတော့ မင်းရဲ့တပည့်က သူပဲ ဖြစ်လာလိမ့်မယ်"

"ဒါဆိုရင် ငါက စောင့်ကြည့်ရုံပဲပေါ့"

ဝူဖိုထျန်းက ခေါင်းညိတ်လိုက်၏။

......

"လက်မတင်လေးပဲ...."

ရွှမ်ကမ္ဘာရှိ မြင့်မားသော တောင်တစ်လုံးပေါ်တွင် ကျန်းရွှမ် ရုတ်တရက် ထွက်ပေါ်လာသည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်မိချိန်၌ သူ အသက်ကို မြန်မြန်ရှူရှိုက်နေမိကာ သူ၏စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေဆဲပင်။

ဗုဒ္ဓအရှင် မဟာနတ်ဆိုးအရှင် ဧကရာဇ်ဖုရှန်း... တစ်ယောက်စီတိုင်းသည် သူ့ကို လွယ်လင့်တကူ ခြေမွှဖျက်ဆီး၍ သတ်ဖြတ်နိုင်သည်။ သို့ရာတွင် နောက်ဆုံး၌ သူသည် အကြီးမားဆုံး အကျိုးအမြတ်ကို ရရှိခဲ့ပေ၏။

"ဘယ်လောက်တောင် နက်နဲသိမ်မွေ့တဲ့ စွမ်းအားတွေလဲ"

သူ၏ရှေ့တွင် လည်ပတ်နေသော အနှစ်သာရ အမြူတေများနှင့် ဗောဓိသတ္တအမြူတေများကို ကြည့်ရင်း ကျန်းရွှမ် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

တခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် ဤအမြူတေလေးခုတည်းဖြင့်ပင် သူ့အတွက် ကြီးမားသော အမြတ်အစွန်းတစ်ခု ဖြစ်နေလေပြီ။

ယခင်က သူ၏စွမ်းအား မလုံလောက်သဖြင့် သံသရာအမွေအနှစ်မျှော်စင်ရှိ ဗုဒ္ဓအရိုးအမွေအနှစ်များကို သန့်စင်ရန် မကြိုးစားရဲခဲ့ချေ။ ယခု၌မူ သူ အပြည့်အဝ ကြိုးစားနိုင်လေပြီ။

ထိုကိစ္စမတိုင်မီ သူ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်လာသောအရာသည် မည်သည့်အရာဖြစ်ကြောင်း အရင်ဆုံး ကြည့်ရှုရပေမည်။

အတွေးတစ်ချက်ဖြင့် သူသည် သူ၏အသိစိတ်ပင်လယ်မှ နက်ရှိုင်းသောနေရာသို့ ဝင်ရောက်သွားလိုက်၏။ ရုတ်ချည်းဆိုသလိုပင် ကြွယ်ဝသော စိတ်ဝိညာဉ်အရှိန်အဝါများ ပါဝင်သည့် လိပ်ပြာတစ်ကောင်သည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ တိတ်ဆိတ်စွာ အနားယူနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ထိုအရာ ဝင်ရောက်လာမှုနှင့်အတူ ကောင်းကင်ဘုံစာကြည့်တိုက်သည် ရေဓာတ်ရရှိသွားသော မှိုပွင့်အလား အားဖြည့်ခံလိုက်ရပြီး ပို၍ခမ်းနားထည်ဝါလာကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏စိတ်ဝိညာဉ်သည် ယခင်က အလွန်သန်မာခဲ့သော်လည်း တချို့သော သတ်ဖြတ်လိုခြင်းအရှိန်အဝါများ၏ကျူးကျော်မှုကို ခုခံရန်အတွက် ရွှမ်ကမ္ဘာ၏စွမ်းအားကို ငှားရမ်းရန် လိုအပ်ခဲ့သည်။ ဤသည်မှာ ပါဝါဘန့်တစ်လုံးကို သယ်ဆောင်ထားရသည့်အလားပင်။ သူ၏စိတ်ဝိညာဥ်သည် အလွန်သန်မာအားကောင်းသော်လည်း အနည်းငယ် ဒုက္ခရောက်သည်ကို ရှောင်လွှဲ၍မရနိုင်ချေ။

သို့ရာတွင် ယခုအချိန်၌ သူ၏ စိတ်ဝိညာဉ်သည် ဤလိပ်ပြာ၏အကူအညီဖြင့် အဆက်မပြတ် သန်မာအားကောင်းလာသည်။ ထို့ပြင် ကောင်းကင်ဘုံစာကြည့်တိုက်၏ စွမ်းအားသည်လည်း ပို၍ကြောက်မက်ဖွယ်ကောင်းလာပေ၏။

မူလက အနည်းငယ်ရှုပ်ထွေးနေပုံရသော သူ၏ စိတ်စွမ်းအားများ ပို၍သန့်ရှင်းစင်ကြယ်လာသည်။

"ကံကြမ္မာအကျိုးအကြောင်းဆက်စပ်မှုကို ဖြတ်တောက်စမ်း.."

သူ၏စိတ်ဝိညာဉ်မှ ပြောင်းလဲမှုများကို ခံစားမိသဖြင့် ကျန်းရွှမ်၏အတွေးတစ်ချက် လှုပ်ရှားသွားသည်။

ဝှစ်....

ယခင်က သူ မဖြတ်တောက်နိုင်ခဲ့သော ကံကြမ္မာအကျိုးအကြောင်းဆက်စပ်မှုသည် ယခုအချိန်၌ လွယ်လင့်တကူ လုံးလုံးလျားလျား ပြတ်တောက်သွားခဲ့သည်။

"ဒီကျောက်စိမ်းလိပ်ပြာမှာ ဒီလိုအာနိသင်မျိုး ရှိနေတာလား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

ဤလိပ်ပြာသည် လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကဲ့သို့ ပြိုင်ဘက်ကင်းဆေးပင်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခဲ့သဖြင့် အံ့အားသင့်ဖွယ် အကျိုးအာနိသင်များကို ရရှိခဲ့ပုံရသည်။

ကံကြမ္မာအကျိုးအကြောင်းဆက်စပ်မှုကို ဖြတ်တောက်နိုင်ခဲ့သဖြင့် သူသည် ရွှမ်ကမ္ဘာမှ ထွက်ခွာသွားလျှင်ပင် ဗုဒ္ဓဂိုဏ်းသည် သူ့ကို ရှာဖွေတွေ့ရှိရန် လွယ်ကူမည် မဟုတ်ချေ။

ထိုသို့ဆိုလျှင် သူ ပို၍ဘေးကင်းလုံခြုံလာပေလိမ့်မည်။

"ဒီလိပ်ပြာ ငါ့ဆီ အလိုအလျောက် ပျံသန်းလာရတာ ကံတရားကြောင့် ဆိုပေမယ့် အရေးကြီးဆုံးက ငါက ဗောဓိသီးတွေအများကြီးကို ဝါးမျိုထားလို့ပဲ"

ယနေ့တွင် ဖြစ်ပျက်သွားခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်များကို ပြန်လည်တွေးတောရင်း ကျန်းရွှမ်က တိတ်တဆိတ် ခန့်မှန်းလိုက်သည်။

ဤ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာသည် သူ့ထံမှ ဗောဓိသီးရနံ့ကို ရရှိခဲ့သောကြောင့် သိချင်စိတ်ဖြင့် ပျံသန်းလာပြီး သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခြင်း ဖြစ်ပေမည်။ ဤကဲ့သို့ တွေးကြည့်ပါက ဗုဒ္ဓဂိုဏ်းသည် အမှန်တကယ်ကို ကိုယ်ကျိုးမငဲ့သော အတ္တကင်းစင်သည့် အင်အားစုပင်။

ဗောဓိသီးသည် စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး လူအများကို ဉာဏ်အလင်းပွင့်စေသော စွမ်းရည်ရှိသည်။ သူသည် တစ်ခါတည်းဖြင့် ဆယ်နှင့်ချီသော ဗောဓိသီးများပို ဝါးမျိုခဲ့သည်။ ထို့ပြင် ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာနှင့် ပေါင်းစပ်လိုက်ချိန်၌ သူ၏ စိတ်ဝိညာဉ်သည် အခြေခံကျသော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ရေကဲ့သို့ သန့်ရှင်းစင်ကြယ်လာပေ၏။

ဝှစ်..

အတွေးတစ်ချက်ဖြင့် သူ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှ ထွက်လာပြီး တခြားကျန်းရွှမ်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါက ငါ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်လား... တကယ့်ကို လူစစ်စစ်နဲ့ တူနေတာပဲ"

ဤနတ်ဘုရားစိတ်ဝိညာဉ်တွင် အရိပ်ရှိနေကာ အရာဝတ္ထုများကို လွတ်လပ်စွာ ကောက်ယူနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် ကျန်းရွှမ် အလွန်အမင်းအံ့အားသင့်သွားသည်။

ယခင်က သူ၏နတ်ဘုရားစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်သော်လည်း အရာဝတ္ထုများကို ဆုပ်ကိုင်ရန်အတွက် အစွမ်းထက်သော စိတ်စွမ်းအား၏အကူအညီကို လိုအပ်ခဲ့သည်။ ယခုချိန်တွင်မူ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်သည် အနည်းငယ်တူညီနေပေ၏။

သူသည် စိတ်ဝိညာဥ်ကို ဂရုတစိုက်ကြည့်လိုက်ရာ အသိစိတ်မရှိသော်လည်း ဖြည်းညှင်းစွာ ကျင့်ကြံနိုင်ကြောင်း တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ သူ ပါမောက္ခကုန်းမြေတွင် ရှိခဲ့စဉ်ကအတိုင်း သူ၏စိတ်ဝိညာဥ်သည် အသိစိတ်မဲ့သော အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

ဤကဲ့သို့ တွေးကြည့်လိုက်လျှင် သူသည် ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်ကို တပြိုင်နက်တည်း ကျင့်ကြံနိုင်ပြီး တစ်ခုနှင့်တစ်ခု အနှောင့်အယှက် မဖြစ်စေနိုင်ချေ။

"ဒီလိုဆိုမှတော့ ငါက ပါမောက္ခကုန်းမြေမှာတုန်းကလိုမျိုး ငါရဲ့ ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ် နှစ်ခုလုံးကို ကျင့်ကြံလိုက်မယ်"

ကျန်းရွှမ်က ပြုံးလိုက်သည်။

သူ့ထံ၌ ယခင်အတွေ့အကြုံများ ရှိထားသဖြင့် ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်ကို တပြိုင်နက်တည်း ကျင့်ကြံခြင်းသည် အခက်အခဲမရှိနိုင်ချေ။

ကံမကောင်းသည်မှာ ယခုတစ်ကြိမ်တွင် သူ အနှစ်သာရအမြူတေအနည်းငယ်ကိုသာ လုယူနိုင်ခဲ့ခြင်းပင်။ စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ် အရိပ်နတ်ဆိုးဧကရာဇ်နှင့် ဗောဓိသတ္တနှစ်ပါးတို့၏ အမြူတေများကို ယူဆောင်လာနိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့မဟုတ်ပါက ထိုအမြူတေကို သန့်စင်လိုက်ခြင်းဖြင့် သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ပို၍တိုးတက်ပြီး သန်မာအားကောင်းလာမည်မှာ သေချာပေါက်ပင်။

"ထားလိုက်တော့ ဗုဒ္ဓအရိုးအမွေအနှစ်တွေကို သန့်စင်ပြီးတော့....ထာဝရရွှေခန္ဓာကိုယ်အဆင့်ကို တက်လှမ်းလိုက်မယ်"

အချိန်တခဏကြာမျှ စူးစမ်းလေ့လာပြီးနောက် ကျန်းရွှမ်သည် ဆက်လက်၍ တွေးတောမနေတော့ချေ။ သူသည် သူ၏လက်ကို လှုပ်ခတ်လိုက်ရာ သံသရာအမွေအနှစ်မျှော်စင်သည် သူ၏ရှေ့တွင် ပေါ်လာပြီး ဗုဒ္ဓအရိုးအမွေအနှစ်တစ်ခုကို သူ၏လက်ဝါးဖြင့် ဆုပ်ကိုင်လိုက်၏။

ထာဝရနှလုံးသား၏ ပြင်းထန်သော ခုန်လှုပ်မှုနှင့်အတူ ဗုဒ္ဓနှင့်နတ်ဆိုးစွမ်းအားနှစ်ရပ်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထလာပြီး ဗုဒ္ဓအရိုးကို အဆက်မပြတ် ရိုက်ခတ်ကာ လျင်မြန်စွာ ပေါင်းစပ်သွားစေသည်။

ကျန်းရွှမ်၏ ကျင့်ကြံဆင့်စွမ်းအားသည်လည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။

All Chapters