ကောင်းကင်ဥပဒေသမြို့တော်ကို ဖွင့်လှစ်ခြင်း
Vol. 43 Ch. 495
ထျန်းလီအင်ပါယာ..တော်ဝင်နန်းတော်...
ဧကရာဇ်ဖုရှန်းသည် အလယ်ဗဟိုရှိ ပလ္လင်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး နတ်ဘုရားတစ်ပါးအလား ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။
မိန်းမစိုးချုပ်က ရှေ့သို့တိုးလာပြီး သူ၏ စူးရှသောအသံဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
"လျှောက်တင်စရာရှိရင် လျှောက်တင်ကြပါ... မရှိရင် ညီလာခံသိမ်းမယ်"
"သားတော်မှာ လျှောက်တင်စရာ ရှိပါတယ်"
အိမ်ရှေ့စံမင်းသား ယွမ်ချင်းက ရှေ့သို့တိုးလာသည်။
"ပြော...."
ဧကရာဇ်ဖုရှန်းက ခံစားချက်မပါသောလေသံဖြင့် တုံ့ပြန်လိုက်၏။
အိမ်ရှေ့စံမင်းသား ယွမ်ချင်းက ပြောဆိုသည်။
"ခမည်းတော်ကို သတင်းပို့ပါတယ်.. ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူခုန်းရှီက အင်ပါယာကို အညံ့ခံဖို့ ဆန္ဒမရှိပါဘူး....သားတော်က သူ့ကို ဒီနေ့ ကောင်းကင်ဥပဒေသမြို့တော်မှာ ကွပ်မျက်ဖို့ စီစဉ်ထားပါတယ်... အချိန်ကျရောက်လာပြီဖြစ်လို့ သားတော်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲခွင့် ပြုပါလို့ ခမည်းတော်ဆီမှာ ခွင့်တောင်းခံပါတယ်... "
"ခွင့်ပြုတယ်...."
ဧကရာဇ်ဖုရှန်းက တည်ငြိမ်စွာ ပြောဆိုသည်။
"တခြားကိစ္စ ရှိသေးလား"
အိမ်ရှေ့စံမင်းသားယွမ်ချင်းက တုံ့ပြန်အဖြေပေးသည်။
"ခမည်းတော်... အဲ့ဒီခုန်းရှီက စိုးရိမ်စရာ မဟုတ်ပေမယ့် သူ့မှာ အပေါင်းအပါတစ်ယောက် ရှိနေတယ်...ဒါက ကျန်းရွှမ်လို့ခေါ်တဲ့ လူပါ... သူက ကောက်ကျစ်စဉ်းလဲပြီးတော့ သူ့ရဲ့ကျင့်ကြံဆင့်စွမ်းအားကလည်း အရမ်းသန်မာအားကောင်းတယ်..... အဲ့ဒီအချိန်ကျရင် သူ ပြဿနာလာရှာမှာကို သားတော်က စိုးရိမ်မိတယ်....ဒါကြောင့် အသေးအမွှားလေးတွေကို နှိမ်နင်းပြီးတော့ ကပ်ဘေးကို တားဆီးဖို့အတွက် ကောင်းကင်မြို့တော် တံဆိပ်ပြားကို အထူးတောင်းခံချင်ပါတယ်"
"ကောင်းကင်မြို့တော် တံဆိပ်ပြားက ကောင်းကင်ဥပဒေသမြို့တော်ကို ထိန်းချုပ်တဲ့ မှော်ရတနာပဲ....အဲ့ဒါကို သန့်စင်ပြီးတာနဲ့ ကောင်းကင်မြို့တော်တစ်ခုလုံးက ကိုယ်ပိုင်နယ်မြေတစ်ခုလို ဖြစ်သွားပြီးတော့ အပြည့်အဝ ထိန်းချုပ်နိုင်တယ်... အခု မင်းကို ငါ ပေးလိုက်မယ်.. ကိစ္စပြီးသွားရင် ငါ့ကိုပြန်ပေးဖို့ မမေ့နဲ့"
ဧကရာဇ်ဖုရှန်းက လက်ညှိုးညွှန်လိုက်ရာ တံဆိပ်ပြားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ခမည်းတော်ကို ကျေးဇူးတင်ပါတယ်...."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက သက်ပြင်းချလိုက်၏။
ဤရတနာဖြင့် ကောင်းကင်ဥပဒေသမြို့တော်သို့ ဝင်ရောက်ပါက သူ၏စွမ်းအားသည် ဗောဓိသတ္တအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ကျန်းရွှမ်သည် မည်မျှပင် သန်မာမားကောင်းပါစေ အရေးပါတော့မည် မဟုတ်ဘဲ သူ လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်ပေလိမ့်မည်။
"ညီလာခံ သိမ်းစေ"
မိန်းမစိုးချုပ်၏ အော်ဟစ်သံနှင့်အတူ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် တော်ဝင်နန်းတော်မှ ထွက်ခွာသွားတော့သည်။ သူသည် ထျန်းလီမြို့တော်၏အလယ်ရှိ ရင်ပြင်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကာ နောက်ထပ်အချိန်တခဏတွင် လေထုထဲ၌ ထွက်ပေါ်လသည်။
"ဒီနေ့ မွန်းတည့်ချိန်မှာ အင်ပါယာရဲ့အမိန့်ကို မနာခံတဲ့ ငမိုက်သားတစ်ယောက်ကို ကွပ်မျက်မယ်...ဒါကို ကြည့်ချင်တဲ့သူတွေအားလုံးက ကူးပြောင်းရေးတံခါးကနေ ဝင်လာကြပါ"
ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ အလင်းတန်းများ ဖြာထွက်နေသော တံခါးတစ်ချပ် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ဥပဒေသမြို့တော် ပွင့်သွားလေပြီ။
မွန်းတည့်ချိန် ရောက်ရန် တစ်နာရီကျော် လိုသေးပေ၏။ တခြားမတော်တဆမှုများ မရှိပါက ထိုကျန်းရွှမ်သည် သေချာပေါက် အခွင့်အရေးယူပြီး ခိုးဝင်လာပေလိမ့်မည်။
ထိုအချိန်ကျလျှင် ကျန်းရွှမ် လှုပ်ရှားရဲသမျှ ကာလပတ်လုံး သူ့အတွက် သေလမ်းသာ ဖြစ်ပေလိမ့်မည်။
ဝှစ်.....
ကျန်းအိမ်တော်၏ ပိတ်ထားသော ခြံဝင်းအတွင်း၌ အလင်းတန်းတစ်တန်းနှင့်အတူ ပုံရိပ်ယောင်တစ်ခု ဖြတ်ပြေးသွားပြီး ကျန်းရွှမ် ရုတ်တရက် ထွက်ပေါ်လာသည်။
ရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် သူသည် အသက်ပင်လယ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ထပ်မံ၍ အဆင့်ချိုးဖျက်ရန် အနည်းငယ်သာ လိုအပ်တော့သည်။
သူ၏ရုပ်ခန္ဓာကိုယ်အတွက် နောက်ထပ် ဗုဒ္ဓအရိုးတစ်ခုကို သန့်စင်ပြီးဖြစ်ရာ ထာဝရရွှေခန္ဓာကိုယ်သည် ပို၍တိုးတက်လာပေ၏။
ဤအချက်တွင် သူသည် စုစုပေါင်း ဗုဒ္ဓအရိုးအမွေအနှစ်သုံးခုကို သန့်စင်ပြီးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင်းကလီစာများ၌ ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး ယခင်ထက်ပို၍ သန်မာအားကောင်းသော သက်စောင့်စွမ်းအားနှင့် စွမ်းအားလည်ပတ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားသည်။
ယခင်က သူသည် နတ်ဆိုးဧကရာဇ်တစ်ပါး၏ အနှစ်သာရအမြူတေကို အသက်သွင်း၍ အသုံးပြုခြင်းသည် ကလေးတစ်ယောက်မှ ဓားကြီးတစ်လက်ကို ကိုင်ထားသကဲ့သို့ အနည်းငယ် ခက်ခဲသည်။ ယခုချိန်တွင်မူ သူသည် အားစိုက်ထုတ်ရန်မလိုဘဲ ထိုအရာ၏စွမ်းအားအပြည့်ကို ထုတ်ဖော်အသုံးပြုနိုင်ပြီး နတ်ဆိုးဧကရာဇ် အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိနေလေပြီ။
သူသည် အသက်ပင်လယ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်၌ ရှိနေသော်လည်း နတ်ဆိုးဧကရာဇ်၏ အနှစ်သာရအမြူတေကို အားကိုးပြီး ကောင်းကင်ကံကြမ္မာအဆင့် ထိပ်သီးကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သည်။
ထာဝရရွှေခန္ဓာကိုယ်ဟု ခေါ်ဆိုရန် ထိုက်တန်ပြီး အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသည်။
ဗုဒ္ဓအရိုးအမွေအနှစ်ကိုးခုလုံးကို သူ သန့်စင်ပြီးပါက သူ၏ရုပ်ခန္ဓာကိုယ် မည်မျှထိ သန်မာအားကောင်းလာမည်ကို မည်သူမျှ မသိနိုင်ချေ။
သို့ရာတွင် သူ သဘောအကျဆုံးမှာ သူ၏ စိတ်ဝိညာဉ်တိုးတက်မှုပင်။ သူ၏စိတ်ဝိညာဥ်သည် တစ်ဟုန်ထိုး တိုးတက်လာသည်ဟု ပြောလျှင် ပိုလွန်းရာ မရောက်ချေ။ ရက်အနည်းငယ်အတွင်းတွင် ထိုအရာသည် ပို၍သန့်စင်လာရုံသာမက စွမ်းအားပိုင်းတွင်လည်း ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သည်။ ယခုချိန်တွင် သူသည် စိတ်ဝိညာဉ်စွမ်းအား တစ်ခုတည်းကိုအားကိုးလျှင်ပင် အသက်ပင်လယ်နယ်ပယ် ပဉ္စမအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ဦးထက် နိမ့်ကျမည်မဟုတ်ချေ။
ဆိုလိုသည်မှာ ထာဝရနှလုံးသား ကောင်းကင်ကံကြမ္မာ သို့မဟုတ် ကျင့်ကြံဆင့်စွမ်းအားကို အသုံးမပြုဘဲ သူ၏စိတ်ဝိညာဉ်သက်သက်ဖြင့် အသက်ပင်လယ်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခြင်းပင်။
သို့ရာတွင် သူ၏စိတ်ဝိညာဥ်စွမ်းအား မြင့်တက်လာခြင်းသည် သူ့ကို စိတ်လှုပ်ရှားစေဆုံး အရာမဟုတ်ချေ။ အရေးကြီးဆုံးမှာ သူ၏စိတ်ဝိညာဉ်စွမ်းအား သန့်စင်လာသည်နှင့်အမျှ နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံနိုင်စွမ်းသည် ဆယ်ဆကျော် ကျယ်ပြန့်လာခြင်းပင်။ ထိုကြောင့် သူ လေဟာနယ်ထဲတွင် ပုန်းအောင်းနေပါက တခြားလူများ စုံစမ်းထောက်လှမ်းမိရန် ခက်ခဲပေမည်။
ဆိုလိုသည်မှာ ဖန်တီးခြင်း ကျောက်စိမ်းလိပ်ပြာဖြင့် သန့်စင်ထားသော စိတ်ဝိညာဉ်ဖြင့် သူသည် တခြားလူများကို လွယ်လင့်တကူ စုံစမ်းထောက်လှမ်းနိုင်သော်လည်း တခြားလူများက သူ့ကို စုံစမ်းထောက်လှမ်းရန်မှာမူ မဖြစ်နိုင်သလောက်နီးပါးပင်။
ဤအချက်သည် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းပေ၏။ တစ်ဖက်လူသည် သူ့ကို မတွေ့မီ သူက အရင်တွေ့ရှိခြင်းသည် တိုက်ပွဲတွင်ဖြစ်စေ ထွက်ပြေးရာတွင်ဖြစ်စေ ကြီးမားသော အားသာချက်ကို ရရှိစေသည်။
ယခင်က ကောင်းကင်ဥပဒေသမြို့တော်သို့ ဝင်ရောက်ရန် သူ အနည်းငယ် စိုးရိမ်ခဲ့ပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု ခံစားမိပေ၏။ သို့ရာတွင် ဤစွမ်းရည်ကြောင့် သူထံ၌ ရုတ်တရက် ယုံကြည်မှုများ ပို၍ရှိလာသည်။
သူသည် ယခင်က မတွေ့ရှိခဲ့သော သတင်းအချက်အလက်များကို စုဆောင်းနိုင်ပြီး ပို၍ကောင်းမွန်သော ပြင်ဆင်မှုများကို ပြုလုပ်နိုင်ခဲ့သည်။
"သွားတာပေါ့"
ဤတစ်ကြိမ် လူကယ်ခြင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သူ့ကို သတ်ဖြတ်လိုသူများ မရေမတွက်နိုင်အောင် ရှိနေကြောင်း သူ သိရှိထားသည်။ ထိုကြောင့် ကျန်းရွှမ်က အသက်ပြင်းပြင်း ရှိုက်လိုက်ကာ သူ၏ရုပ်ရည်သွင်ပြင်သည် ချက်ချင်းပြောင်းလဲသွားပေ၏။
ဤတစ်ကြိမ်တွင် သူသည် အရပ်ရှည်ပြီး ပိန်ပါးသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအဖြစ် ရုပ်ဖျက်လိုက်သည်။ သူ၏စိတ်ဝိညာဉ်နှင့်ရုပ်ရည်သွင်ပြင်ကို ကောင်းကင်ကံကြမ္မာအဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦးပင်လျှင် ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။
ဤကဲ့သို့ ရုပ်ဖျက်နိုင်ခြင်းသည်လည်း သူ၏ စိတ်ဝိညာဉ် တိုးတက်မှုနှင့် သက်ဆိုင်သည်။
အတိုချုပ်ပြောရလျှင် ထိုကျောက်စိမ်းလိပ်ပြာ၏ အာနိသင်သည် လိပ်ပြာသစ်ခွ စိတ်ဝိညာဉ်ကဲ့သို့သော ဆေးပင်ထက် များစွာပို၍ သာလွန်နိုင်ကြောင်း သူ ခံစားမိသည်။
သူသည် နှင်းနတ်ဆိုးအရှင်ကို မေးမြန်းခဲ့သော်လည်း အဖြေမရခဲ့ချေ။ အကယ်၍ သူ ဂိုဏ်းချုပ်လျှူရွှမ်ကျီးကို မေးမြန်းပါက အဖြေရကောင်းရနိုင်သည်ကို သူ သိရှိထားသည်။
သို့ရာတွင် သူတို့အကြားရှိ ဆက်ဆံရေးသည် ဤကိစ္စမျိုးကို မေးမြန်းရန်အထိ ရင်းနှီးခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ တစ်စုံတစ်ယောက်သည် ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော်မပြရဟူသော သဘောတရားကို သူ နားလည်သဘောပေါက်သည်။
"ကံမကောင်းတာတစ်ခုကတော့ ငါ့ရဲ့ ကံတရားက မလုံလောက်ဘူး..."
ယခုချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ ကံတရားစွမ်းအားများသည် ၄.၈ပိဿာသာ ကျန်ရှိတော့သဖြင့် သူ ယခင်က ခန့်မှန်းထားသော ၈ပိဿာနှင့် များစွာအလှမ်းကွာဟနေသည်။ သို့ရာတွင် ယခုချိန်၌ သူ ကံတရားကို ထပ်မံ၍ချေးငှားရန် အချိန်မရှိတော့ချေ။
ထို့ပြင် သူ ချေးငှားချင်လျှင်ပင် အကြွေးမဆပ်ရသေးသဖြင့် ဂိုဏ်းချုပ်လျှူက သူ့ကို ထပ်မံ၍ ပေးလိမ့်မည် မဟုတ်ချေ။
ထိုသို့မဟုတ်ပါက တစ်စုံတစ်ယောက်သည် ပြဿနာတစ်ခု ကြုံတိုင်း ကံတရားကို ချေးငှားနေလျှင် ရွှမ်းကျီဂိုဏ်းသည် မကြာမီ ဒေဝါလီခံရပေလိမ့်မည်။
ကျန်းအိမ်တော်မှ ထွက်ခွာပြီးနောက် ကျန်းရွှမ်သည် လူအုပ်ကြီးထဲသို့ ရောနှောဝင်ရောက်သွားပြီး အတွင်းမြို့တော်ဆီသို့ တိတ်တဆိတ် လျှောက်လှမ်းသွားလိုက်သည်။
ကူးပြောင်းရေးတံခါးပေါက် တည်ရှိရာ ရင်ပြင်သည် အတွင်းမြို့တော်၏ နက်ရှိုင်းသော နေရာတွင် ရှိနေသဖြင့် အရာရှိများ အထက်တန်းလွှာများနှင့် အကျိုးပြုရမှတ် အမြောက်အများ ရရှိထားသူများသာ ဝင်ရောက်နိုင်သည်။
သူ ထိုနေရာသို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ချေ။
မြင့်မားသော တံခါးပေါက်သည် မီတာရာပေါင်းများစွာ ကျယ်ဝန်းပြီး ရှည်လျားသည်။ ထိုအရာအတွင်းရှိ မည်သည့်အရာကိုမျှ မမြင်တွေ့နိုင်သော်လည်း ကြီးမားကျယ်ပြန့်ပြီး ရှေးကျသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"သခင်က တကယ်ကြီး လူသွားကယ်မှာလား"
တံခါးပေါက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ တိတ်ဆိတ်နေသော နှင်းနတ်ဆိုးအရှင်က သူ၏ ကျားမမကွဲပြားသော အသံဖြင့် မေးမြန်းလိုက်၏။
"အမှန်ပဲ...."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"အိမ်ရှေ့စံယွမ်ချင်းက သခင်ကို မျှားခေါ်ဖို့ တမင်သက်သက် ထောင်ချောက်ဆင်ထားမှတော့....သူက ကောင်းကင်မြို့တော် တံဆိပ်ပြားကို ကိုင်ထားပြီးတော့ ထိပ်သီးကျင့်ကြံသူ အများကြီးကို တိတ်တဆိတ် စောင့်ခိုင်းထားမှာ သေချာတယ်... သူတင်မကဘူး ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းကလည်း လူတွေလွှတ်လိုက်မှာ သေချာတယ်... သခင် ဒီအတိုင်း သွားရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများမယ်လို့ ကျွန်တော် ထင်တယ်"
နှင်းနတ်ဆိုးအရှင်က ပြောဆိုသည်။
"အန္တရာယ်များမှန်း ငါ သိတယ်.... ဒါပေမယ့် ခုန်းရှီ အသတ်ခံရတော့မှာကို ငါက ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်မနေနိုင်ဘူး"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်၏။
ပါမောက္ခကုန်းမြေရှိ သာမန်ဆရာတစ်ယောက်အဖြစ်မှ သူ ဤအဆင့်ထိ ရောက်လာခဲ့ရာတွင် ခုန်းရှီထံမှ အကျိုးကျေးဇူးတရား အမြောက်အများ ရရှိခဲ့သည်။
တစ်ဖက်လူသည် ကျင့်ကြံခြင်းအပြင် ခံယူချက်ပိုင်းတွင်လည်း သူ့အတွက် ကြီးမားသော အကူအညီများ ပေးအပ်ခဲ့သည်။ ထိုကြောင့် မည်သည့်ကိစ္စမျိုး ရှိနေပါစေ တစ်ဖက်လူ သေဆုံးသွားမည်ကို သူ မကြည့်ရက်ချေ။
ထို့ကြောင့် ကျားများရှိနေသောတောင် ဖြစ်ကြောင်း သူ သိနေသည့်တိုင် ထိုတောင်သို့ ဦးတည်၍ သွားရပေမည်။
"သခင်က သူ့ကို ဆက်သွယ်ကြည့်ပါလား.... တခြားအခွင့်အရေးတွေ ရှိရင်လည်း ရှိလာနိုင်တယ်"
နှင်းနတ်ဆိုးအရှင်က အကြံပြုလိုက်သည်။
"ငါ စမ်းကြည့်လိုက်မယ်..."
ခုန်းရှီ အဖမ်းခံရစဥ်ကတည်းက သူသည် ဆက်သွယ်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့ရာတွင် သူ ပေးပို့လိုက်သော စိတ်ဆန္ဒများနှင့် သတင်းစကားများသည် ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သည့်အလား အစဥ်အမြဲပျောက်ကွယ်သွားခဲ့သည်။
ယခုချိန်၌ သူသည် ကောင်းကင်ဥပဒေသမြို့တော်သို့ ဝင်ရောက်တော့မည် ဖြစ်သဖြင့် ကြိုးစားကြည့်ရပေမည်။ အကယ်၍ သူ ခုန်းရှီကို ဆက်သွယ်၍ ရပါက ကွပ်မျက်ခြင်းမခံရမီ ကယ်ဆယ်ကောင်း ကယ်ဆယ်နိုင်ပေမည်။
ထိုသို့ တွေးတောလိုက်ပြီးနောက် ကျန်းရွှမ်၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ခတ်သွားပြီး လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုတွင် ထွက်ပေါ်လာသည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဓားရှည်တစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။
သူသည် ထိုဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် ထက်ရှသော ဓားဆန္ဒသည် လေဟာနယ်ကို ချက်ချင်းထွင်းဖောက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားပေ၏။
"ကျန်းရှီလား...."
အသံတစ်သံက သူ၏နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။