← Chapters

အခန်း (၅၁)

Vol. 6 Ch. 51

အခန်း (၅၁)

Vol. 6 Ch. 51

"ယွဲ့အာရဲ့ ဆန်းကြယ်ကောင်းကင်အရိုး..."

"ဘိုးဘေး... ဒါက သိပ်မသင့်တော်သလိုပဲ..."

သူ၏မြေးမလေးသည် အလွန်အစွမ်းထက်သော သူတော်စင်တာအိုအရိုးကို ရရှိထားပြီးဖြစ်၍ ဤဆန်းကြယ်ကောင်းကင်အရိုးက သူမအတွက် အသုံးမဝင်တော့သည်မှာ မှန်သည်။

သို့သော်လည်း ကိုယ့်မြေးမလေး၏ ခန္ဓာကိုယ်ထဲမှ အရှင်လတ်လတ် ထုတ်ယူထားသော အရိုးကို ကိုယ့်ခန္ဓာကိုယ်ထဲ ပြန်ထည့်ရမည်ဆိုသောအခါ ကျံးချီမင်၏စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေရှာသည်။

ကျုံးရှန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဘာက မသင့်တော်ရမှာလဲ"

"ရှေးဟောင်းခေတ်တုန်းက ကျောက်ရှမ်းဆိုတဲ့ သူတော်စင်တစ်ပါးရှိခဲ့ဖူးတယ်... သူက အရမ်းကို မိဘသိတတ်ပြီး ရိုသေကိုင်းရှိုင်းတာ... သူတော်စင်ဖြစ်လာတဲ့အခါ သူ့မိဘတွေက ပါရမီမပါလို့ ကျင့်ကြံရတာနှေးပြီး သက်တမ်းကုန်တော့မယ်ဆိုတာကို မြင်တော့..."

"သူ့ခန္ဓာကိုယ်ထဲက သူတော်စင်သွေးတွေကို ဖောက်ထုတ်... သူတော်စင်အရိုးတွေကို ခုတ်ထစ်ပြီး သူ့မိဘတွေ ကျင့်ကြံခြင်းအရှိန်တက်လာအောင် ပြန်ပြီး အစားထိုးပေးခဲ့ဖူးတယ်... ဒါကို နောင်လာနောင်သားတွေက ကျေးဇူးသိတတ်ခြင်း ပြယုဂ်အဖြစ် ပြောစမှတ်ပြုကြတယ်"

"နောက်တစ်ချက်က... ဒီဆန်းကြယ်ကောင်းကင်အရိုးဆိုတာ မင်းနဲ့လည်း ရေစက်ပါပြီးသား... မင်းရဲ့ ပါရမီက အားနည်းလို့သာ ဒီအရိုးက မင်းလက်ထက်မှာ မပေါ်လာခဲ့တာ..."

"အဲဒါကြောင့် မျိုးရိုးလိုက်ပြီး နောက်ဆုံးကျမှ ယွဲ့အာဆီမှာ သွားပေါ်လာတာ... အနှစ်ချုပ်ပြောရရင် ဒီအရိုးက မင်းဆီကနေ ဆင်းသက်သွားတာပဲ... မင်းနဲ့ ဘာမှ မဆိုင်တာမဟုတ်ဘူး... မင်းနဲ့ ကွက်တိအံဝင်ခွင်ကျ ဖြစ်ပြီးသား"

ကျုံးရှန်က စကားကို ရှည်ရှည်ဝေးဝေး ဆက်မပြောတော့ဘဲ ဆန်းကြယ်ကောင်းကင်အရိုးကို ကမ်းပေးလိုက်သည်။

"မင်းလည်း နောက်ကျရင် မင်းမြေးမလေးရဲ့ အနောက်မှာ ပြတ်ကျန်ခဲ့တာမျိုး မဖြစ်ချင်ဘူးမလား..."

"နောက်ဆုံးကျရင် သူများတွေနဲ့ ယှဉ်တိုက်နေတဲ့ မြေးမလေးကို ဘာမှဝင်မကူညီနိုင်ဘဲ ဘေးကနေ လက်ပိုက်ကြည့်နေရတဲ့အဖြစ်မျိုး မရောက်ချင်ဘူးမလား"

ပြောပြီးသည်နှင့် သူသည် မတ်တပ်ရပ်လိုက်ပြီး တောင်ခါးပန်းဆီသို့ ဦးတည်သွားသော လမ်းကြားလေးအတိုင်း လျှောက်သွားလိုက်တော့သည်။

"ငါ့ရဲ့ ဒီမြစ်တစ်ယောက်ကလည်းကွာ... တောင်ပေါ်တက်ပြီး ဝိုင်တစ်အိုး သွားယူတာများ ဒီလောက်ကြာနေရလား..."

"ဝိုင်အိုးက လေးလို့ မနိုင်တာလား မသိဘူး..."

"သူက စစ်ဘုရင်အမှတ်အသားကို ပေါင်းစပ်ထားတာ မကြာသေးတော့ အခြေအနေ သိပ်မငြိမ်သေးဘူးထင်တယ်... ငါပဲ သွားကူသယ်ပေးလိုက်ပါတော့မယ်..."

--------------

ကျုံးရှန်နှင့် ကျုံးကျဲတို့နှစ်ယောက် ကျောက်စိမ်းကရားအိုးနှင့် ဝိုင်အိုးကြီးကို ဆွဲပြီး အေးအေးလူလူ ပြန်ရောက်လာချိန်တွင် ကျုံးချီမင်၏ ရင်ဘတ်တစ်ခုလုံး ရွှေရောင်အလင်းတန်းများ လင်းလက်နေပြီဖြစ်သည်။ သိသာလှစွာပင် သူသည် ဆန်းကြယ်ကောင်းကင်အရိုးနှင့် အောင်မြင်စွာ ပေါင်းစပ်လိုက်နိုင်ပြီ ဖြစ်သည်။

ပုံစံကြည့်ရသည်မှာ သူ၏အရှိန်အဝါက ယွဲ့အာတုန်းကထက်ပင် ပိုပြီး ကြောက်မက်ဖွယ် ကောင်းမွန်နေသေး၏။

လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့် ဗုဒ္ဓတရားသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါကာ လှိုင်းဂယက်များပင် ဖြစ်ပေါ်လာသည်။

ထိုရွှေရောင်အလင်းတန်းများသည် အလွန်တရာမှ သန့်စင်လွန်းလှပြီး လောကကြီးရှိ အညစ်အကြေးမှန်သမျှကိုပင် ဆေးကြောပေးနိုင်စွမ်း ရှိသည့်ပုံပင်ရှိ၏။

"ဘိုးဘိုး... ဘိုးဘိုးရဲ့ ရင်ဘတ်က..."

ခန္ဓာကိုယ် သန့်စင်ထားပြီးဖြစ်သဖြင့် ကျုံးကျဲ၏ အာရုံခံနိုင်စွမ်းက အတော်လေး မြင့်မားနေပြီဖြစ်သည်။

ပတ်ဝန်းကျင်တွင် ပြန့်လွင့်နေသော အရှိန်အဝါများကြောင့် သူ အံ့အားသင့်သွားရသည်။

"ဆန်းကြယ်ကောင်းကင်အရိုး... ဒါ ညီမလေးယွဲ့အာရဲ့ အရိုးမလား..."

"ဒါ... ဒါက ဘယ်လိုဖြစ်ပြီး..."

ခဏတာမျှ သူ ကြောင်အသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

--------------

"အားးးးး ရှယ်ပဲ..."

ကျုံးကျဲ၏ ပါးစပ်မှ အားရပါးရ ရေရွတ်သံ ထွက်ပေါ်လာသည်။ ကျောက်စားပွဲခုံပေါ်တွင် တင်ထားသော ဝိုင်အိုးကြီးထဲမှ ဝိုင်နံ့များ သင်းပျံ့နေသည်။

အိုးထဲရှိ ဝိုင်ရည်များသည် ကြည်လင်နေပြီး အရောင်ငါးမျိုး ဖြာထွက်နေကာ ပွက်ပွက်ဆူနေသကဲ့သို့ လှုပ်ရှားနေသည်။

ဝိုင်တစ်စက်ချင်းစီသည် ကြည်လင်တောက်ပနေပြီး သေချာကြည့်လိုက်လျှင် ဝိုင်တစ်စက်ချင်းစီတိုင်း၌ ဝိညာဉ်သစ်သီးပေါင်း ရာချီ အနှစ်သာရများ မျောပါနေသည်ကို တွေ့မြင်နိုင်သည်။

ကျုံးရှန်ကတော့ ရွှေခွက်ကလေးကို ကိုင်ပြီး ဝိုင်ကို ဖြည်းဖြည်းချင်း မော့သောက်ကာ ဇိမ်ယူနေသည်။ သူ့ပုံစံက အေးဆေးတည်ငြိမ်ပြီး ကျက်သရေရှိလှသည်။

ကျုံးချီမင်နှင့် ကျုံးကျဲ မြေးအဘိုးနှစ်ယောက်ကတော့ ပန်းကန်လုံးအကြီးကြီးများကို ကိုင်ပြီး ပါးစပ်ထဲသို့ တဂွပ်ဂွပ်နှင့် လောင်းထည့်နေကြသည်မှာ နွားကြီးများ ရေသောက်နေသကဲ့သို့ပင် ဖြစ်နေ၏။

တစ်စက်ကလေးများ ဖိတ်စင်သွားလျှင် နစ်နာသွားတော့မည့်ပုံစံဖြင့် အငမ်းမရ သောက်နေကြခြင်းဖြစ်သည်။

ကျုံးရှန်သည် ကြည့်ရဆိုးလွန်းသဖြင့် သည်းမခံနိုင်တော့ဘဲ ကျုံးချီမင်၏ ခေါင်းကို လှမ်းရိုက်လိုက်သည်။

"ဖြောင်းးး"

"မင်းတို့နှစ်ကောင်ကွာ... ငါ့ရဲ့ ကျုံးမိသားစု မြင့်မြတ်နယ်မြေရဲ့ ဂုဏ်ကိုမှ မထောက်... ဘိုးဘေး ငါကိုယ်တိုင် သင်ပေးထားတဲ့ စည်းကမ်းတွေ ဘယ်ရောက်ကုန်လဲ"

နှစ်ထောင်ချီ သက်တမ်းရှိနေပြီဖြစ်သော ဂိုဏ်းချုပ်ကြီးကတော့ အသက်နှင့်မလိုက် ရှက်ပြုံးလေး ပြုံးလိုက်သည်။

"ဘိုးဘေးရဲ့ သစ်သီးတစ်ရာမျောက်ဝိုင်က အာနိသင် အရမ်းပြင်းတာကိုးဗျ... ဒီလောက်ရှားပါးတဲ့အရာကို ကမ္ဘာလောကကြီးထဲမှာ ရှာချင်တိုင်း ရှာလို့ရတာမှမဟုတ်တာ... ဒီအခွင့်အရေးမှာ များများမသောက်ထားရင် အပြင်ရောက်ရင် သောက်ရတော့မှာ မဟုတ်ဘူးလေ"

သူပြောသည်မှာလည်း ဟုတ်တုတ်တုတ်ပင်။

သစ်သီးတစ်ရာမျောက်ဝိုင်ဆိုသည်မှာ ဝိုင်လောက၏ ထိပ်ခေါင်ဖြစ်သည်။

သူတော်စင်အဆင့် မျောက်ဝိညာဉ်များက နတ်သစ်သီးပေါင်း တစ်ရာကျော်၏ အနှစ်သာရကို ပေါင်းစပ်ပြီး ချက်လုပ်ထားခြင်း ဖြစ်သည်။

ဝိုင်တစ်ငုံ သောက်လိုက်ရုံဖြင့် ဝိညာဉ်ကို ကြည်လင်စေပြီး စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

နိယာမနယ်ပယ် ပထမအဆင့်မှသည် အဆင့် ၂၈ နယ်ပယ်ဖန်ဆင်းခြင်းအဆင့် ရောက်နေသူများအထိ မည်သူမဆို သောက်သုံးပါက အကျိုးကျေးဇူး ရရှိနိုင်လေသည်။

ဤဝိုင်သည် တန်ဖိုးမဖြတ်နိုင်လောက်အောင် ရှားပါးလှပေသည်။ ရှေးဟောင်းအမွေအနှစ်များ ပေါများပါသည်ဆိုသော အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်မှာတောင်မှ ရှေးဟောင်းဝိုင်သူတော်စင် မိသားစုလောက်သာ လက်ဝယ်ပိုင်ဆိုင်ကြသည်။

သူတို့သည် နှစ်တစ်ထောင်လောက်နေမှ ဝိုင်တစ်အောင်စ၊ နှစ်အောင်စလောက်ကို ထုတ်ရောင်းပြီး ရှားပါးသော ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် လဲလှယ်လေ့ရှိကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့် ကျုံးချီမင် ကျင့်ကြံခါစအချိန်တုန်းက ဂိုဏ်းမှ စီနီယာများနှင့်အတူ အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်သို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ ထိုစဉ်က ဝိုင်သူတော်စင်မိသားစု၏ ဝိုင်မြည်းပွဲတော်ကို ကြုံခဲ့ရပြီး ဝိုင်နံ့လေးကို အဝေးကနေ ရှူခဲ့ရဖူးသည်။

ဤဝိုင်မှာ အနှစ်ခြောက်ထောင်လောက် တမ်းတခဲ့ရပြီး ဘယ်တော့မှ အရသာမခံခဲ့ရသော ဝိုင်ဖြစ်သည်။ ယခုတော့ ကိုယ့်ဘိုးဘေးဆီရောက်မှပဲ ဆန္ဒပြည့်ဝတော့သည်။ နှစ်ထောင်ချီ ငတ်မွတ်ခဲ့သော ဝိုင်ငတ်ဘေးမှ လွတ်မြောက်ခဲ့ရပြီ။

သူသည် ရှေ့မှ ဝိုင်အိုးကြီးကို ကြည့်ပြီး ကျေနပ်ပီတိဖြာနေလေသည်။

"ဒီအိုးထဲမှာ ဝိုင်ပိဿာ ၄၀, ၅၀ လောက်တော့ ရှိမယ်... ငါတစ်ယောက်တည်း ၁၅ ပိဿာလောက်တော့ သောက်လိုက်ရတယ်... ကျုံးကျဲ ဒီကောင်လေးကလည်း လူကြီးသူမကို မညှာဘူး... အလုအယက်ကို သောက်နေတာပဲ"

--------------

ဝိုင်သောက်ပြီး တစ်ခဏအကြာတွင် ကျုံးကျဲတစ်ယောက် ဆန်းကြယ်ကောင်းကင်အရိုး လက်လွှဲပြောင်းရယူမှု ဇာတ်လမ်းစုံကို သိလိုက်ရပြီဖြစ်သည်။

သူသည် ဝိုင်ပန်းကန်လုံးကို ချလိုက်ပြီး ဖောင်းကားနေသော ဗိုက်ကို ပွတ်သပ်လိုက်သည်။ မျက်မှောင်များလည်း ကြုတ်သွား၏။

"ဘိုးဘေး... ကျွန်တော်အတင့်ရဲပြီး ခန့်မှန်းရမယ်ဆိုရင်... အခုကိစ္စတွေက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက် ဒါမှမဟုတ် အင်အားစုတစ်ခုခုက ကျွန်တော်တို့ မြင့်မြတ်နယ်မြေကို ပစ်မှတ်ထားနေတာများလား"

"ကျွန်တော်တို့ မြင့်မြတ်နယ်မြေ ကြီးပွားလာမှာကို ကြောက်လို့ တခြားအင်အားကြီး ပါရမီရှင်တွေနဲ့ ပူးပေါင်းပြီး ထောင်ချောက်ဆင် ကံတရားတွေကို လုယူခိုင်းနေတာလား"

"လင်ချန်နဲ့ နန်ထျန်းအင်မော်တယ်မင်းဆက်ရဲ့ အမတ်ချုပ်ကြီးလင်မိသားစုက အင်မော်တယ်မင်းဆက်ကို သစ္စာဖောက်ပြီး အဲ့ဒီ လျှို့ဝှက်အင်အားစုဆီမှာ ခိုလှုံသွားတာ ဖြစ်နိုင်တယ်"

"ဒါနဲ့ ဘိုးဘေး... လင်ချန်က သဲကန္တာရနတ်ဘုရားတွေကို ကိုးကွယ်တယ်လို့ ပြောသွားသေးတယ်... အဲ့ဒီ သဲကန္တာရရှေးဟောင်းနတ်ဘုရားတွေကများ နောက်ကွယ်က ကြိုးကိုင်နေတာလား"

လင်ချန်အကြောင်း ပြောလိုက်သည်နှင့် သူ၏မျက်လုံးများထဲတွင် အမုန်းမီးတောက်များ လောင်ကျွမ်းလာသည်။

ထိုအကောင်က သစ္စာမရှိ၊ သတ္တိမရှိ၊ ကတိမတည်တဲ့ကောင်ဖြစ်၏။ ကျိန်းသေပေါက် သတ်ကိုသတ်ပစ်ရမည်။

"သဲကန္တာရနတ်ဘုရားတွေ..."

ကျုံးရှန် ခေါင်းမော့ပြီး အဆုံးမဲ့ကောင်းကင်ကြီးကို ကြည့်လိုက်သည်။

"တကယ်လို့ သဲကန္တာရနတ်ဘုရားတွေဆိုရင်တော့ တော်သေးတာပေါ့ကွာ..."

သူ ဒီအကြောင်းအရာကို ဆက်မဆွေးနွေးတော့ပေ။ သက်ပြင်းပျော့ပျော့လေးတစ်ခု ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

"မင်းတို့နှစ်ကောင်... ဝိုင်သောက်တာ ကျွဲကြီးတွေ ကျနေတာပဲ... ဝိုင်သောက်တတ်တဲ့ ပါရမီမရှိကြဘူး... မင်းတို့နဲ့ အတူသောက်ရတာ ပျင်းစရာကြီး"

"ကဲ... တော်ပြီ... ပြန်ကြတော့... ပြန်ခါနီးရင် တစ်ယောက် ဝိုင်တစ်အိုးစီ သယ်သွားပြီး အိမ်ရောက်မှ ဖြည်းဖြည်းချင်း သောက်ကြတော့"

"ကျုံးကျဲ... မင်း အခုချက်ချင်း အင်မော်တယ်မင်းဆက်ကို ပြန်ပြီး မင်းရဲ့ ရန်ကြွေးကို မင်းကိုယ်တိုင်ပဲ သွားရှင်းလိုက်"

ကျုံးကျဲ မတ်တပ်ရပ်လိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်လိုက်သည်။

"ဘိုးဘေးရဲ့ ဆုံးမစကားကို နာခံပါ့မယ်"

ကျုံးရှန် ပြုံးလိုက်ပြီး ဟင်းလင်းပြင်တစ်နေရာကို လှမ်းကြည့်လိုက်သည်။

"သိပ်မကြာခင်မှာပဲ စစ်ဘုရင်ပိုင်ဆိုင်ခဲ့တဲ့ လက်နက် ပြန်ရောက်လာလိမ့်မယ်..."

"မင်းက စစ်ဘုရင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်... ပြီးတော့ စစ်တာအို ပါရမီလည်း ပါတယ်"

"မင်းကျိန်းသေပေါက် ဒီခေတ်ကာလရဲ့ အနောက်ချူးစစ်ဘုရင် ဖြစ်လာရမယ်"

"မင်းကို တားဆီးမယ့် ယုတ်မာတဲ့ကောင် မှန်သမျှကို နေရာတင် အပြတ်ရှင်းပစ်"

သူ၏စကားများက ကျုံးကျဲ၏ ရင်ထဲတွင် သွေးဆူပွက်သွားစေပြီး စစ်ဘုရင်အရှိန်အဝါများ အပြည့်အဝ နိုးထလာသည်။ သူ၏လှုပ်ရှားမှုတိုင်းတွင် အထွတ်အထိပ် အာဏာစက်များ ပါဝင်နေသည်။

“စစ်ဘုရင်”

ရှေးဟောင်းမဟာဧကရာဇ်ကြီးတွေပင် လေးစားရသည့် အဆင့်အတန်း။ ကမ္ဘာလောကကို ပြောင်းလဲပစ်နိုင်သည့် အစွမ်း။

"ကျွန်တော် ကျုံးကျဲ... စစ်ဘုရင်ခန္ဓာကိုယ်ရဲ့ သိက္ခာမကျစေရပါဘူး... ဘိုးဘေးရဲ့ ဆုံးမစကားကိုလည်း အရှက်မကွဲစေရပါဘူး"

"ရန်သူမှန်သမျှ အကုန်သတ်ပစ်မယ်"

ကျုံးကျဲ ထပ်မံ ဦးညွှတ်လိုက်သည်။ သူ၏လက်မောင်းပေါ်ရှိ အမှတ်အသားနှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းလာနေသော အရာတစ်ခုကြားတွင် ထူးဆန်းသော ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာသည်။

သူ့စိတ်ထဲတွင် နိမိတ်တစ်ခု ရလိုက်သကဲ့သို့ပင်။ ထိုအရာကို ရလိုက်မှသာ သူ၏စစ်ဘုရင်ခန္ဓာကိုယ် ပြည့်စုံသွားမည် ဖြစ်သည်။

All Chapters