အခန်း (၅၂)
Vol. 6 Ch. 52
"မစောင့်နဲ့တော့... အချိန်မကျသေးဘူး"
"အခု... မင်းရဲ့ ကိုယ်ပိုင်အငြိုးအတေးတွေကို သွားရှင်းပေတော့"
ကျုံးရှန်သည် ကျုံးကျဲ မျှော်လင့်နေသည့်အရာကို သဘာဝကျစွာပင် သိရှိလေသည်။ သို့သော် ထိုင်စောင့်နေရုံဖြင့် အရာထင်မည်မဟုတ်ပေ။
စစ်ဘုရင်၏ ပစ္စည်းသည် စစ်ဘုရင်ထံသို့ ပြန်ရောက်လာမည်သာဖြစ်သည်။ အရာအားလုံးကို သဘာဝအတိုင်းသာ လွှတ်ထားလိုက်ခြင်းက အကောင်းဆုံးပင်ဖြစ်၏။
ကျုံးကျဲသည် နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်ပြီးမှ မတ်တပ်ထရပ်လိုက်သည်။
ထို့နောက် သူနှင့် ကျုံးချီမင်တို့ မြေးအဘိုးနှစ်ယောက်သည် သစ်သီးတစ်ရာမျောက်ဝိုင် တစ်အိုးစီ ယူဆောင်လိုက်ကြ၏။
ထို့နောက်တွင်မူ သုံးကြိမ်ရိုသေပြုကာ ငါးကြိမ်ဦးညွှတ်နှုတ်ဆက်ပြီးနောက် အလင်းတန်းများအသွင်ပြောင်းလဲ၍ ချင်ထျန်းတောင်ထွတ်မှ ထွက်ခွာသွားကြတော့သည်။
သူတို့ထွက်သွားပြီး အချိန်အတော်ကြာမှ ကျုံးရှန်သည် မျက်လုံးကိုမှေးစင်းလိုက်ပြီး လေထဲ၌ လက်ချောင်းဖြင့် ခပ်ဖွဖွလေး ပုတ်လိုက်သည်။
ချက်ချင်းပင် ကြည်လင်ပြတ်သားသော ပုံရိပ်ကားချပ်တစ်ခု သူ၏မျက်စိရှေ့၌ ပေါ်လာလေ၏။ ထိုနေရာသည် လျှို့ဝှက်နယ်မြေတစ်ခု ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် နန်ယန်စီရင်စု၏ တစ်ဝက်ခန့် ရှိလေသည်။
ထိုလျှို့ဝှက်နယ်မြေထဲတွင် ရေခဲပြင်များ မိုင်ပေါင်းသောင်းချီ ဖုံးလွှမ်းနေပြီး နှင်းမုန်တိုင်းများ ကျရောက်နေသည်။ လျှို့ဝှက်နယ်မြေတစ်ခုလုံး၌ ပြင်းထန်သော အအေးဓာတ်တာအိုနိယာမများဖြင့် ခြောက်ခြားဖွယ်ပြည့်နှက်နေ၏။
ထို့အပြင် ရက်စက်ကြမ်းကြုတ်သော ရေခဲဝိညာဉ်များလည်း မွေးဖွားလျက်ရှိသည်။ ဤလျှို့ဝှက်နယ်မြေအားအန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဟု ဆိုနိုင်သည်။
"ရှေးဟောင်းရေခဲနတ်ဘုရားရဲ့ အမွေအနှစ်နေရာတစ်ခုပဲ... ရေခဲနတ်ဘုရားရဲ့ ကောင်းကင်တာအိုနတ်ဘုရားအမြုတေက ဒီထဲမှာ ဝှက်ထားမလားတော့ မသိဘူး"
"ခရက်"
သူ လက်ညှိုးလေး တစ်ချက်တောက်လိုက်ရာ ပုံရိပ်ကားချပ်သည် ကြေမွပျောက်ကွယ်သွားသည်။ ထို့နောက် ကျုံးရှန်သည် ခေါင်းလှည့်လိုက်ပြီး သူ၏ပခုံးပေါ်၌ ငှက်ကလေးအသွင်ဖြင့် ရှိနေသော ကျွမ်လီကို ကြည့်လိုက်သည်။
"တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက် ကျိလဲ့တာအိုဂိုဏ်းနဲ့ ဟွမ်ရှားအင်မော်တယ်ဂိုဏ်းတွေကို တစ်ခေါက်လောက် သွားလိုက်ချေ"
ငှက်ကလေးသည် သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး နီယွန်ရောင်အလင်းတန်းအသွင်ပြောင်းကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ကျုံးရှန်သည် မူလနေရာ၌ပင် ရပ်နေရင်း ရုတ်တရက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"သဲကန္တာရ ရှေးဟောင်းနတ်ဘုရား... ဟမ့်"
"အနူးဘစ်... လွန်ခဲ့တဲ့ နှစ်ကိုးသောင်းတုန်းက ငါမင်းဆီကနေ သွေးဝိညာဉ်သစ်ပင်တစ်ပင် တောင်းတာတောင် မပေးခဲ့ဘူး"
"ပြီးတော့ ဖာရိုဘုရင်ရဲ့ နတ်ဘုရားနယ်မြေမှာ ပုန်းပြီး ဆက်အိပ်နေဖို့ ရွေးချယ်ခဲ့တယ်"
"နှစ်ကိုးသောင်းကြာပြီးတော့ မင်းရဲ့ ဆက်ခံသူက ငါ့ရဲ့သားစဉ်မြေးဆက်ကိုတောင် ရန်ရှာရဲနေပြီပဲ"
"အစကတော့ မင်းကို အနိုင်ကျင့်ဖို့ စိတ်ကူးမရှိပါဘူး... ဒါပေမဲ့ အခုတော့ မင်းနဲ့ သေချာလေး ဆွေးနွေးရတော့မယ်"
ကျုံးရှန်၏မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အလင်းရောင်တစ်ခု လက်ခနဲ ဖြတ်သန်းသွားလေသည်။
--------------
နန်ယန်စီရင်စု
ကောင်းကင်ယံထက်တွင် နတ်ဘုရားဂိုဏ်းဟူသော စာလုံးကြီး ရေးထွင်းထားသည့် ဧရာမ ကောင်းကင်ပျံသင်္ဘောကြီးတစ်စင်းသည် လေထုကို ခွင်းလျက် ရွေ့လျားနေသည်။
ကျုံးကျဲသည် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သင်္ဘောဦးပိုင်း၌ ရပ်နေသည်။ လေပြင်းများကြောင့် သူ၏ဝတ်ရုံစများ လွင့်ပျံနေသော်လည်း သူ၏မျက်နှာထားမှာ တည်ငြိမ်နေပြီး မားမားမတ်မတ် ရပ်တည်နေပုံမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့လှသည်။
သူသည် ရှေ့ကို ငြိမ်သက်စွာ လှမ်းမျှော်ကြည့်လိုက်သည်။
ကောင်းကင်ပျံသင်္ဘောကြီးသည် မကြာမီ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ နယ်မြေထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။
သူ၏လက်ထဲတွင် သတင်းအချက်အလက် ကျောက်စိမ်းပြားတစ်ခုကို ကြေမွသွားမတတ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
ဤသည်မှာ သူ ဒုက္ခရောက်ပြီးနောက်ပိုင်း တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်မှ နတ်ဘုရားဂိုဏ်း မြင့်မားနယ်မြေသို့ ပေးပို့လိုက်သော အကြောင်းကြားစာ ဖြစ်သည်။
ထိုအထဲမှ အကြောင်းအရာများသည် သူ၏ သွေးများကို ဆူပွက်လာစေပြီး ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်သွားစေသည်။
"မင်းဆက်ရဲ့ လက်ရွေးစင်တပ်မှ ဓားပြနှိမ်နင်းရေးတပ်မှူးကျုံးကျဲသည် ဟွမ်ရှားမျိုးနွယ်ခြားများနှင့် ပူးပေါင်းကာ လုပ်ဖော်ကိုင်ဖက်များကို လုပ်ကြံသတ်ဖြတ်ခဲ့သည်"
"ထို့ကြောင့် လက်ရွေးစင်တပ်မှ ပါရမီရှင် လူငယ်စစ်သူကြီး ၁၃ ဦးတွင် တစ်ဦးသာ ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက်ခဲ့ရသည်"
"ဤကိစ္စရပ်သည် အလွန်ယုတ်မာကောက်ကျစ်ပြီး စစ်ဥပဒေကို ချိုးဖောက်သဖြင့် သူ၏ ဓားပြနှိမ်နင်းရေးတပ်မှူး ရာထူးနှင့် တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ စစ်မှုထမ်းအဆင့်အတန်းကို ရုပ်သိမ်းလိုက်သည်"
"မကြာမီရက်ပိုင်းအတွင်း မင်းဆက်မှ လူလွှတ်ကာ ကျုံးကျဲအား ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမည်ဖြစ်သည် အကယ်၍ ငြင်းဆန်ခုခံပါက စစ်အင်အားသုံး၍ ဖြေရှင်းမည်"
"ဝုန်း"
သူ၏လက်ဖဝါးမှ အားအနည်းငယ် စိုက်ထုတ်လိုက်ရုံဖြင့် သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာကာ ကျောက်စိမ်းပြားကို အမှုန့်ဖြစ်သွားအောင် ချေမွပစ်လိုက်သည်။ ကျောက်စိမ်းမှုန့်များသည် သင်္ဘော၏အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများထဲသို့ လွင့်ပါသွားကြလေသည်။
"တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်ကတော့ အမတ်ချုပ်ကြီးလင်မိသားစုရဲ့ လက်ဝါးကြီးအုပ်တာကို ခံလိုက်ရပြီထင်တယ် တောင်ဘက်ဧကရာဇ်က အမှန်တရားကို မသိဘဲ အောက်လမ်းနည်းနဲ့ ပြုစားခံထားရတာ နေမှာ"
"အရင်တုန်းက ငါအစွမ်းအစရှိနေချိန်မှာတော့ မင်းဆက်က ငါ့ကို သေချာ ပြုစုပျိုးထောင်ပေးခဲ့တယ် အခု ငါ့ရဲ့တာအိုအမှတ်အသား အလုခံလိုက်ရတယ်ဆိုတာ သိတာနဲ့ ငါ့ကို ပြန်ဖမ်းချင်နေကြပြီပေါ့"
"လူသွားရင် လက်ဖက်ရည်အေးတယ် ဆိုတဲ့ စကားပုံအတိုင်းပါပဲလား"
"လင်ချန်... မင်းက တကယ့်တိရစ္ဆာန်ကောင်ပဲ ငါ့တာအိုအမှတ်အသားကို လုယူဖို့ ထောင်ချောက်ဆင်ခဲ့ရုံတင်မကဘူး... လက်ရွေးစင်တပ်က လုပ်ဖော်ကိုင်ဖက်တွေကိုပါ သတ်ဖြတ်ပြီး ငါ့ကို ပြန်စွပ်စွဲရဲသေးတယ်"
"ဒီနေ့... ငါ စစ်ဘုရင်အမည်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်... မင်းလို တိရစ္ဆာန်ကောင်ရဲ့ အရေပြားကို ခွာ၊ အရိုးကို ထုတ်ပြီး သတ်ဖြတ်ခြင်းစွမ်းအားနဲ့ အကြိမ်ကြိမ် မီးမြှိုက်သတ်ဖြတ်မယ် ပြီးရင် ဦးလေးကျန်း၊ ဦးလေးလီနဲ့ သေဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဝိညာဉ်တွေကို ပူဇော်မယ်"
သူ၏လက်သီးများကို တင်းတင်းဆုပ်ထားမိသဖြင့် အရိုးများပင် ကျိုးပဲ့သွားမတတ် ဖြစ်နေသည်။ ယခုသူပိုင်ဆိုင်ထားသော စစ်ဘုရင်ခန္ဓာကိုယ်မှာ အလွန်တရာ သန်မာလှပြီး တောင်များကို ဖြိုလှဲနိုင်စွမ်းနှင့် လူတစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
ရှေးဟောင်းစစ်ဘုရင်၏ ခွန်အားမှာ မူလကတည်းက အံ့မခန်း ဖြစ်သည်။ တောင်ကိုခွဲ၍ လောကကိုလွှမ်းမိုးနိုင်သည်မှာ စစ်ဘုရင်၏ အင်အားပင် ဖြစ်၏။
"ကျဲလေး... တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်ရဲ့ မြို့တော်ကို ရောက်တော့မယ်"
"မင်းရဲ့ တပ်မှူးအမိန့်ပေးတံဆိပ်ပြားကို ထုတ်ပြီး မြို့တော်အကာအကွယ် စည်းကို ဖွင့်ခိုင်းလိုက် ဒါမှ ငါတို့ရဲ့ ကောင်းကင်ပျံသင်္ဘော ဝင်လို့ရမှာ"
သူ၏အနောက်ဘက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားပြီး ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများ ပိုင်ဆိုင်ထားသော ဝတ်ရုံဖြူဝတ် အဘိုးအိုတစ်ဦးက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူသည် နတ်ဘုရားဂိုဏ်း၏ တိုက်ပွဲဝင်အကြီးအကဲများထဲမှ တစ်ဦးဖြစ်သော အကြီးအကဲဆွန် ဖြစ်သည်။
အနောက်ဘက်နယ်မြေတွင် ဟွမ်ရှားလူမျိုးစုများ လှုပ်ရှားမှုရှိနေသဖြင့် ကျုံးချီမင်နှင့် ကျုံးချီထျန်း ညီအစ်ကိုနှစ်ယောက်လုံး နယ်စပ်ရှိ ထျန်းဂိုဏ်းမြို့တော်သို့ သွားရောက်နေရသောကြောင့် ယခုခရီးစဉ်တွင် မလိုက်ပါနိုင်ကြချေ။
အကြီးအကဲဆွန်သည် ကျုံးမျိုးနွယ်ဝင် မဟုတ်သော်လည်း ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
ကျုံးချီမင်နှင့် ကျုံးချီထျန်းတို့ကိုပါ ထည့်တွက်လိုက်လျှင် သူသည် နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်လေးဆက်တိုင်အောင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သာမန်ဂိုဏ်းသားဘဝမှ အကြီးအကဲဖြစ်လာသည်အထိ နတ်ဘုရားဂိုဏ်းတွင် နှစ်ပေါင်း သုံးသောင်းကျော်တိုင်အောင် နေထိုင်ခဲ့သည်။
နှစ်ပေါင်းသောင်းချီ ကျင့်ကြံအားထုတ်ခဲ့ပြီး သူ၏ကျင့်ကြံမှုအဆင့်မှာ ကြောက်ခမန်းလိလိ မြင့်မားလှသည်။ အကြီးအကဲဆွန်သည် နိယာမနယ်ပယ် အဆင့် ၂၅ အတိတ်ကိုပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ အဆင့် သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
ထို့အပြင် ကျုံးချီမင် ဂိုဏ်းချုပ်စဖြစ်ကာစ အချိန်က အကြီးအကဲဆွန်သည် လက်ထောက်သင်ကြားရေးအကြီးအကဲ ရာထူးကိုပင် ရယူခဲ့ဖူးသည်။
သူ အဓိကကျင့်ကြံသော နည်းစနစ်မှာ အထွတ်အထိပ် မိုးကြိုးတာအို နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သည်။
ထိုနည်းစနစ်ကို ကျုံးရှန် ဂိုဏ်းထောင်စဥ်က ချန်ထားရစ်ခဲ့ပြီး သူတော်စင်အဆင့် နည်းစနစ်တစ်ခုဖြစ်ကာ အဆင့်ကိုးအထွတ်အထိပ်သူတော်စင်အဆင့်အထိ ကျင့်ကြံနိုင်လေသည်။
ထိုနည်းစနစ်၏ အမည်မှာ ခရမ်းရောင်မိုးကြိုးအလျင် ဖြစ်သည်။ နည်းနစ်က ကြမ်းတမ်းခက်ထန်ပြီး မီးကဲ့သို့ ပူပြင်းပြင်းထန်သော သဘောသဘာဝရှိသည်။
ဒဏ္ဍာရီများအရ ရှေးဟောင်းမိုးကြိုးနတ်ဘုရား ဖန်တီးခဲ့သော မိုးကြိုးတာအို ကျင့်စဉ်များထဲမှ တစ်ခုဖြစ်သည်ဟု ဆိုကြသည်။
ဤကျင့်စဉ်ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပါက ခရမ်းရောင်မိုးကြိုးသူတော်စင်ကမ္ဘာငယ်ကို ဖန်တီးနိုင်ပြီး ရန်သူများကို ထိုအထဲသို့ ဆွဲသွင်းကာ မိုးကြိုးပင်လယ်ဖြင့် လောင်ကျွမ်းပစ်နိုင်စွမ်း ရှိလေသည်။
ကျုံးရှန်သည် ဂိုဏ်းထောင်ပြီးနောက် အဖိုးတန် ကျင့်စဉ်ပေါင်းများစွာကို ချန်ထားရစ်ခဲ့သည်။ ထိုအထဲတွင် စနစ်မှ ရရှိခဲ့သည်များ ပါဝင်သလို ခေတ်ပြိုင်ပါရမီရှင်များကို သတ်ဖြတ်ပြီး ရယူခဲ့သည်များလည်း ပါဝင်သည်။
ကျုံးရှန်၏ မြင့်မြတ်နယ်မြေနတ်ဘုရားဂိုဏ်းသည် မျိုးဆက်သစ်များအတွက် ကျင့်စဉ်သတ်မှတ်ချက် ကန့်သတ်ထားခြင်း မရှိသလို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းရမည့် အမွေအနှစ်ကျင့်စဉ်ဟူ၍လည်း သတ်မှတ်မထားပေ။
ထိုအစား ပါရမီအလိုက် သင်ကြားပေးခြင်း စနစ်ကို ကျင့်သုံးပြီး ပါရမီနှင့် ဝါသနာအလိုက် မတူညီသော ကျင့်စဉ်များကို ရွေးချယ်စေသည်။
ဥပမာအားဖြင့် ကျုံးချီထျန်းသည် စိတ်ဓာတ်ခက်ထန်ပြီး သွေးအေးရက်စက်သော နှလုံးသားရှိသဖြင့် ရှေးဟောင်းနတ်ဆိုးကျင့်စဥ် အပြစ်ကြွေးငရဲကြီးခြောက်ထပ် ကို ကျင့်ကြံသည်။
ကျုံးချီမင်မှာမူ သဘောထားနူးညံ့သော်လည်း အတွင်းစိတ်မှာ မီးကဲ့သို့ ပူပြင်းပြီး စိတ်သဘောထား ပြည့်ဝသူဖြစ်သဖြင့် ရှေးဟောင်း ကိုးသွယ်ယန် ကောင်းကင်မီးတောက် နည်းစနစ်ကို ရွေးချယ်ခဲ့သည်။
ကျုံးရှန်၏ ဤသို့သော ပါရမီအလိုက် သင်ကြားပေးသည့် စနစ်သည် အခြားသော မြင့်မြတ်နယ်မြေများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်လှသည်။
သို့သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးတွင် ဤမျှများပြားသော သူတော်စင်အဆင့် ကျင့်စဉ်များကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းမှာ နတ်ဘုရားဂိုဏ်း တစ်ခုတည်းသာ ရှိပေသည်။
အကြီးအကဲဆွန် ပြောလိုက်သည်နှင့် ကျုံးကျဲသည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ပြီး အကြီးအကဲဆွန်ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အကြီးအကဲဆွန်... လိုက်ပါပို့ဆောင်ပေးတဲ့အတွက် ပင်ပန်းရပြီ အကြီးအကဲက ကျွန်တော့်ရဲ့ လူကြီးမိဘ တစ်ယောက်ပါ ဒုတိယအဘိုးတောင် အကြီးအကဲကို သင်ကြားရေးလက်ထောက် ဦးလေးကြီးလို့ ခေါ်ရတာလေ"
"ကျေးဇူးပြု၍ အရမ်းယဥ်ကျေးစရာမလိုပါဘူး... အကြီးအကဲဆွန်.."
သူသည် ပြုံး၍ ပြောလိုက်ရင်း သိုလှောင်ခါးပတ်ထဲမှ နက်မှောင်သော သံတံဆိပ်ပြားတစ်ခုကို ထုတ်လိုက်သည်။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည့်သွင်းလိုက်ပြီး တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက် မြို့တော်၏ ကောင်းကင်ယံထက်သို့ ပစ်တင်လိုက်လေသည်။
တံဆိပ်ပြားသည် လင်းလက်သွားပြီး ကောင်းကင်ယံတွင် ဓားပြနှိမ်နင်းရေးတပ်မှူး အမှတ်အသား ပေါ်လာတော့သည်။
မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရ၏။
"ဘာ... ဓားပြနှိမ်နင်းရေးတပ်မှူး ကျုံးကျဲက မင်းဆက်မြို့တော်ကို ပြန်လာရဲသေးတယ်လား"
"သူက မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းတယ်ဆိုပြီး တပ်မှူးလင်ချန်က သူ့ရဲ့တာအိုအမှတ်အသားကို လုယူလိုက်တာလေ... အသက်ရှင်လျက်နဲ့ ပြန်ရောက်လာဦးမယ်လို့ ဘယ်သူထင်မှာလဲ"
"အခုမှ ခုနှစ်ရက် ရှစ်ရက်လောက်ပဲ ရှိသေးတာကို မြို့တော်အထိ ရောက်လာရဲတယ်ပေါ့"
"မဖြစ်ဘူး... အမတ်ချုပ်ကြီးက အမိန့်ထုတ်ထားတယ် ချက်ချင်း နန်းတော်ကို သတင်းပို့ရမယ်"
မြို့ရိုးတံတိုင်းပေါ်ရှိ သံချပ်ကာဝတ် မြို့စောင့်ဗိုလ်ချုပ်တစ်ဦးသည် ကောင်းကင်ပေါ်မှ တံဆိပ်ပြားအမှတ်အသားကို ကြည့်ပြီး ရေရွတ်လိုက်သည်။
ထို့နောက် မြို့တော်အတွင်း ပျံသန်းခြင်း မပြုရဟူသော တားမြစ်ချက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။