← Chapters

အခန်း (၅၃)

Vol. 6 Ch. 53

အခန်း (၅၃)

Vol. 6 Ch. 53

"ဘာ..."

"ကျုံးကျဲရဲ့ တပ်မှူးတံဆိပ်ပြားလား... ပြီးတော့ သူက မြို့တော်စည်းကို ဖွင့်ပြီး မြို့ထဲဝင်ခွင့် တောင်းနေတယ် ဟုတ်လား"

"သူ သေပြီလို့ ပြောထားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး တပ်မှူးတံဆိပ်ပြားကို သုံးနိုင်သေးတာလဲ"

မြို့တော်၏ အလယ်ဗဟို၌ ခမ်းနားထည်ဝါသော နန်းတော်များစွာ ရှိလေသည်။ ထိုနန်းတော်များ၏ ရှေ့တွင် မြို့စောင့်စစ်သူကြီးတစ်ဦးသည် အနီရောင်ချည်ထိုး ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးအား ဦးညွှတ်သတင်းပို့နေ၏။

ထိုအမျိုးသားမှာ လင်ချန်၏ဖခင် ဖြစ်သည့် တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ လက်ရှိ အမတ်ချုပ်ကြီး လင်ကန်း ဖြစ်လေသည်။

အမတ်ချုပ်ကြီးရာထူးသည် နိုင်ငံရေးကိစ္စများကို အဓိကစီမံခန့်ခွဲရသူ ဖြစ်သည်။ နန်တျန်ဧကရာဇ်မင်းမြတ်သည် နှစ်ရာချီကြာအောင် ကျင့်ကြံခြင်း၌သာ နစ်မြုပ်နေလေ့ရှိသဖြင့် မင်းဆက်၏ အရေးကိစ္စမှန်သမျှကို လင်ကန်းကသာ ဆုံးဖြတ်စီရင်လေ့ရှိသည်။

ထို့ကြောင့် လင်ကန်းသည် တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်တွင် တစ်ယောက်အောက်၌ရှိပြီး လူသန်းကျော်အထက်၌ရပ်တည်သူဟု တင်စားရလောက်အောင် တန်ခိုးအာဏာကြီးမားသူ ဖြစ်သည်။

ယခုအချိန်၌ သူသည် သံသယအပြည့်ဖြင့် မြို့စောင့်စစ်သူကြီးကို စိုက်ကြည့်နေသည်။

"ကျွန်တော်မျိုးလည်း သေချာတော့ မသိပါဘူး ဒါပေမဲ့ ဓားပြနှိမ်နင်းရေးတပ်မှူး တံဆိပ်ပြားအစစ် ဖြစ်ပြီးတော့ ကျုံးကျဲရဲ့ အရှိန်အဝါလည်း ပါနေတာ သေချာပါတယ်"

"ကျွန်တော်မျိုးက မြို့တော်တံခါးကို စောင့်ကြပ်နေရတာ နှစ်ပေါင်းများစွာ ကြာပါပြီ စစ်ဘက်ရာထူး တံဆိပ်ပြားတွေနဲ့ သူတို့ရဲ့ အရှိန်အဝါတွေကို သေသေချာချာမှတ်သားထားတာမို့ မမှားနိုင်ပါဘူး"

လင်ကန်း ခဏမျှ တွေးတောလိုက်သည်။

"ဒီကောင်လေးရဲ့ တာအိုအမှတ်အသား အလုခံလိုက်ရလို့ နတ်ဘုရားဂိုဏ်းက မကျေမနပ်ဖြစ်ပြီး လာရှင်းတာများလား"

"သူသေသွားလောက်ပြီ ထင်လို့သာ ငါတို့ဘက်က ဦးအောင် အပြစ်ပုံချပြီး ဖမ်းဝရမ်းထုတ်လိုက်တာ... မထင်မှတ်ဘဲ ဒီကောင်လေးက မသေသေးဘဲ ကိုယ်တိုင်လာရဲတယ်ပေါ့"

လင်ကန်း ချက်ချင်း လှည့်ထွက်လိုက်သည်။

"တော်ဝင်ကိုယ်ရံတော်တပ်ကို ချက်ချင်း စုစည်းလိုက် မြို့တော်ကာကွယ်ရေး စည်းကိုလည်း အပြည့်အဝ ဖွင့်ထား နည်းနည်းလေးမှ ပေါ့လျော့လို့ မဖြစ်ဘူး"

ထို့နောက် သူသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ပြီး ခန္ဓာကိုယ်လှုပ်ရှားကာ နန်းတော်တံခါးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

--------------

နန်းတော်အတွင်းပိုင်း ရွှေရောင်ခန်းမဆောင်ကြီးထဲတွင် ကြာဖြူငှက်များ ပျံဝဲနေပြီး မင်္ဂလာရှိသော တိမ်တိုက်များ လွင့်မျောနေကြသည်။ ခန်းမဆောင်အပြင်ဘက်တွင် ပေတစ်ရာခန့် ရှည်လျားသော နဂါးရုပ်ဖော် လှေကားထစ်များ ရှိလေသည်။

အလယ်ဗဟိုရှိ နဂါးကျောက်ဆစ်ရုပ်တုများသည် အသက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိပြီး အချိန်မရွေး ကောင်းကင်သို့ ပျံတက်သွားတော့မည့်အလား ထင်မှတ်ရ၏။

အောက်ဘက်တွင် တော်ဝင်အစောင့်တပ်ဖွဲ့ ရင်ပြင်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် အင်မော်တယ်အပင်များကို စိုက်ပျိုးထားသည်။

ထိုအပင်များမှ ထွက်ပေါ်နေသော စိမ်းလန်းစိုပြည်သည့် စွမ်းအင်များသည် အနံ့ရလိုက်ရုံဖြင့် ပြင်ပဒဏ်ရာများကို သက်သာပျောက်ကင်းစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

ဤနေရာတွင် အင်မော်တယ်မင်းဆက်ကြီးတစ်ခု၏ ခမ်းနားထည်ဝါမှုကို အထင်သား တွေ့မြင်နေရ၏။

တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်ကို လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခုနစ်သိန်းခြောက်သောင်းခန့်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ခေတ်သစ်ကာလတွင် ထွန်းကားလာသော အင်မော်တယ်မင်းဆက်တစ်ခုလည်း ဖြစ်သည်။ မင်းဆက်ကို စတင်တည်ထောင်သူ ပထမဆုံးဧကရာဇ်သည် အဆင့်ခြောက်မဟာသူတော်စင်အဆင့်ရှိ နန်တျန်ဧကရာဇ် ဖြစ်လေသည်။

ခေတ်သစ်ကာလတွင် ကံတရားများ ယုတ်လျော့လာသဖြင့် ရှေးဟောင်းခေတ်ကတည်းက ပုန်းအောင်းနေသော ဘိုးဘေးကြီးများမှလွဲ၍ ဤခေတ်တွင် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်သူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များသာ ဖြစ်ကြသည်။

တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်သည် လွန်ခဲ့သော နှစ်တစ်သန်းခန့်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး နန်ယန်စီရင်စု၏ တစ်ဝက်ခန့်ကိုပင် သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က စစ်သူကြီးချုပ်စစ်မာကျောင်းသည် သတ်ဖြတ်ခြင်းဖြင့် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ပြီး နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။

ထို့ကြောင့် တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ကြီးမြတ်သော အင်မော်တယ်မင်းဆက် ၈၁ ခုစာရင်းတွင် ပါဝင်လာခဲ့သည်။

စာရင်း၏ အောက်ဆုံးပိုင်းတွင်သာ ရှိသော်လည်း အတော်အတန် အင်အားကြီးမားသည်ဟု ဆိုရမည်။

နန်ယန်စီရင်စု တစ်ခုတည်းတွင်ပင် သန်းထောင်ပေါင်းများစွာသော သက်ရှိများ နေထိုင်ကြပြီး အင်မော်တယ်မင်းဆက်၊ ဘုရင့်နိုင်ငံ စသည့် အင်အားစုပေါင်း တစ်ရာနီးပါး ရှိလေသည်။

ထိုအထဲမှ ကြီးမြတ်သော မင်းဆက် ၈၁ ခုစာရင်းဝင် ဖြစ်လာခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။ ယခုအခါ ရွှေရောင်ခန်းမဆောင်ကြီးထဲတွင် မှူးမတ်အရာရှိများ စုံညီစွာ ရောက်ရှိနေကြသည်။

ထူထပ်သိပ်သည်းသော ဝိညာဉ်စွမ်းအင်များသည် ခန်းမဆောင်အတွင်း လှည့်ပတ်စီးဆင်းနေသည်။ မှူးမတ်အရာရှိများသည် တီးတိုးပြောဆိုဆွေးနွေးနေကြ၏။

"အမတ်ချုပ်ကြီးလင်... ဒါ ဘယ်လိုဖြစ်ရတာလဲ"

"ကျုံးကျဲ သေပြီဆို"

"အခု ဘာလို့ မသေဘဲ ရောက်လာရတာလဲ"

မှူးမတ်များထဲမှ ငွေရောင်ခြင်္သေ့ သံချပ်ကာဝတ်ဆင်ထားသော လူလတ်ပိုင်း စစ်သူကြီးတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။ သူသည် လက်ရှိ စစ်သူကြီးချုပ် လျိုကျစ်ချီ ဖြစ်လေသည်။

ခန်းမဆောင် အထက်ရှိ ရွှေရောင်နဂါးပလ္လင်ပေါ်တွင်မူ မည်သူမျှ ရှိမနေချေ။ လင်ကန်းတစ်ယောက်သာ ခန်းမဆောင်အလယ်တွင် မတ်တပ်ရပ်လျက် မှူးမတ်များကို ဝေ့ဝဲကြည့်လိုက်သည်။

"စစ်သူကြီးလျို... စိတ်မလောပါနဲ့ ပုံမှန်ဆိုရင်တော့ ဒီကောင်လေးက အခုချိန်ထိ အသက်ရှင်နေစရာ အကြောင်းမရှိဘူး နတ်ဘုရားဂိုဏ်းက တစ်ခုခုလုပ်ပြီး သူ့အသက်ကို ကယ်ထားလိုက်တာ ဖြစ်မယ်"

"ကျွန်တော့်သား လင်ချန်ကတော့ ဟို ငရဲတာအိုအမှတ်အသားကို သူ့ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်နိုင်ပြီ"

"ဒဏ္ဍာရီလာ မသေမျိုးမြင့်မြတ်ခန္ဓာကိုတောင် ရရှိသွားပြီဆိုတော့ ကျုံးကျဲ အသက်ရှင်နေရင်တောင် ကျွန်တော့်သားကို ယှဉ်နိုင်မှာ မဟုတ်တော့ပါဘူး"

လင်ကန်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ၏လေသံထဲတွင် ဖုံးဖိ၍မရနိုင်သော ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေသည်။

မိမိသား၏ ပါရမီထူးချွန်လေလေ နန်းတော်အတွင်း သူ၏သြဇာအာဏာ ကြီးမားလေလေပင် ဖြစ်သည်။

ထို့အပြင် သူသည် ဟွမ်ရှားမျိုးနွယ်ခြားများနှင့် လျှို့ဝှက်ပူးပေါင်းကာ မသမာသော ကိစ္စရပ်များကို ပြုလုပ်ထားပြီး ဖြစ်သည်။

လက်ရှိ မင်းဆက်၏ အရေးပါသော အရာရှိများနှင့် စစ်ဘက်ခေါင်းဆောင် ထက်ဝက်ကျော်ခန့်ကို သူ စည်းရုံးသိမ်းသွင်းထားပြီး ဖြစ်သည်။ ကျန်ရှိနေသူများမှာမူ ဘာမှမသိနားမလည်ဘဲ ရေလိုက်ငါးလိုက် နေနေကြရသူများသာ ဖြစ်ကြ၏။

"ဟွမ်ရှားမျိုးနွယ်စုရဲ့ အစောင့်အရှောက်က တော်တော်စွမ်းတာပဲ ကောင်းကင်တာအိုကို ဖုံးကွယ်ပြီး အတိတ်ကို ပြန်ကြည့်လို့မရအောင် လုပ်ပေးနိုင်တဲ့ ရတနာမျိုးတောင် ရှိနေတာကိုး"

"မဟုတ်ရင်များ ငါတို့လုပ်ထားတဲ့ ညစ်ပတ်တဲ့ကိစ္စတွေ ပေါ်သွားရင် ငါ့ဘဝတော့ သွားပြီပဲ"

"မျိုးနွယ်ခြားနဲ့ပေါင်းပြီး ကိုယ့်လူကိုယ်ပြန်သတ်တယ်ဆိုတဲ့အမှုက သေချာပေါက် အားလုံး ဝိုင်းတိုက်ကြမယ့် အမှုမျိုးလေ"

"လူသားမျိုးနွယ် နယ်မြေတစ်ခုလုံးမှာ လင်မိသားစု ခြေချစရာနေရာတောင် ရှိတော့မှာ မဟုတ်ဘူး"

သူ့စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

"အခုလို ပြောင်းပြန်လှန်ပြီး သူများကို အပြစ်ပုံချလိုက်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ... ကျုံးကျဲရဲ့ ကံတရားကိုလည်း လုယူပြီး ချန်အာ လမ်းကြောင်းဖြောင့်အောင် လုပ်ပေးနိုင်သလို ကျုံးကျဲကိုလည်း တရားခံ လုပ်လိုက်နိုင်တယ်"

လင်ကန်း ခဏမျှ စဉ်းစားလိုက်သည်။

"စစ်သူကြီးလျို... အမတ်မင်းကျိုး... ခင်ဗျားတို့ ဘယ်လိုမြင်လဲ"

သူ မေးလိုက်သည်။

"တပ်မှူးလင်ချန်ရဲ့ သက်သေထွက်ဆိုချက်လည်း ရှိနေတာပဲ... အထောက်အထား ခိုင်လုံပါတယ်"

"သူသာ အဆုံးမဲ့သဲကန္တာရထဲမှာ သေသွားရင်တော့ ဒီကိစ္စက ပြီးသွားမှာပါ"

"အခုက အရှက်မရှိဘဲ မင်းဆက်ဆီကို ပြန်လာရဲသေးတယ်ဆိုတော့ တကယ့်ကို အရှက်မဲ့တဲ့ကောင်ပဲ"

"မျိုးနွယ်ခြားနဲ့ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်တွေကို သတ်တယ်... ပြီးတော့ ဥပဒေကို ချိုးဖောက်တယ်.. တောင်ဘက်ကောင်းကင် ဥပဒေအရဆိုရင် သေဒဏ်ပေးသင့်တယ်"

အမတ်မင်းကျိုးက ဒေါသတကြီး ပြောလိုက်သည်။

စစ်သူကြီးလျိုကလည်း ဘေးမှနေ၍ မီးလောင်ရာလေပင့် ပြောဆိုနေလေသည်။ ထိုနှစ်ယောက်သည် လင်ကန်းနှင့် မသိမသာ မျက်လုံးချင်း အကြည့်ဖလှယ်လိုက်ကြ၏။

"အမတ်မင်းကျိုးပြောတာ ဟုတ်တယ် စစ်သူကြီးလျို... မြို့စောင့်တပ်နဲ့အတူ မြို့တံခါးကိုသွားပြီး ဒီကိစ္စကို ဖြေရှင်းလိုက်ပါ သစ္စာဖောက် ကျုံးကျဲကို အပြစ်ပေးပြီး တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်က ဥပဒေအပေါ် အလေးထားမှု ဘယ်လောက်ပြင်းထန်လဲဆိုတာ ပြသလိုက်ပါ"

လင်ကန်းက ဖြည်းညှင်းစွာ ပြောရင်း စစ်သူကြီးလျိုကို မျက်ရိပ်ပြလိုက်သည်။ စစ်သူကြီးလျို သဘောပေါက်သွားပြီး ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။

ထို့နောက် သူ၏ရင်ဘတ်ထဲမှ သိုလှောင်အိတ်ကိုဖွင့်ပြီး ကြိုတင်ပြင်ဆင်ထားသော စစ်မင်းဓားကျိုးကို ထုတ်ယူလိုက်လေသည်။

"ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု တပ်မှူး လင်ချန်သည် ရွှေစေတီကျောင်းဆောင်အတွင်းထိ ဝင်ရောက်ပြီး သစ္စာဖောက် ကျုံးကျဲကို သတ်ဖြတ်ကာ စစ်မင်းဓားကို ပြန်လည်ရယူနိုင်ခဲ့သည်.. ထို့အပြင် ငရဲတာအိုအမှတ်အသားကိုလည်း ပေါင်းစပ်နိုင်ခဲ့သဖြင့် ဆုချီးမြှင့်ထိုက်ပေသည်"

"စစ်မင်းဓားကို ချီးမြှင့်ပြီး ရွေ့လျားတပ်မှူးရာထူးသို့ တိုးမြှင့်ခန့်အပ်လိုက်သည်"

ပြောပြီးသည်နှင့် သူ၏လက်ထဲမှ ကျုံးကျဲပိုင်ဆိုင်ခဲ့သော စစ်မင်းဓားကျိုးသည် လေပေါ်သို့ မြောက်တက်သွားပြီး လင်ကန်း၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။

မှူးမတ်များကြားတွင် လက်ရွေးစင်တပ်မှ အကြီးအကဲ ဟန်တန်းသည် တိတ်တဆိတ် လက်သီးဆုပ်ထားမိသည်။

ဤဓားကို ကျုံးကျဲအား ပေးအပ်ရန် သူကိုယ်တိုင် အပြင်းအထန် တိုက်တွန်းခဲ့ရခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများနှင့် လင်ချန်တို့က ကျုံးကျဲကို သစ္စာဖောက်ပါဟု စွပ်စွဲနေကြသော်လည်း ဟန်တန်းသည် ကျုံးကျဲ မျိုးနွယ်ခြားနှင့် ပေါင်းမည်ဟု လုံးဝ မယုံကြည်ပေ။

သို့သော် ယခုအချိန်တွင် သူ ဘာမှမတတ်နိုင်ချေ။

မင်းဆက်၏ အကြံပေးပုဂ္ဂိုလ်များ အတိတ်ကိုပြန်ကြည့်နိုင်သော စစ်ဘက်ခေါင်းဆောင်ကြီးများ ကိုယ်တိုင် အမှန်တရားကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ကံတရားကို ဖုံးကွယ်ထားမှုများကြောင့် အရာအားလုံး ဝေဝါးနေခဲ့သည်။

သူ တွေးတောနေစဉ်မှာပင် လင်ကန်းသည် စစ်မင်းဓားကို လက်ခံရယူလိုက်သည်။

ထို့နောက် စစ်သူကြီးလျိုကို အနည်းငယ် ဦးညွှတ်လိုက်၏။

"ကျွန်တော့်သား မရှိတဲ့အတွက် လင်ချန်အစား ကျွန်တော်ကပဲ စစ်သူကြီးလျိုကို ကျေးဇူးတင်ပါတယ်"

"ကဲ... အခု စစ်သူကြီးလျို မြို့တံခါးကို သွားပြီး သစ္စာဖောက် ကျုံးကျဲကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးဖို့ စီစဉ်လိုက်ပါ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်ရဲ့ ဥပဒေစိုးမိုးမှုကို ပြသဖို့ အချိန်တန်ပါပြီ"

All Chapters