← Chapters

အခန်း (၅၅)

Vol. 6 Ch. 55

အခန်း (၅၅)

Vol. 6 Ch. 55

အကြီးအကဲဆွန်၏ မျက်လုံးများသည် လျှပ်စီးများကဲ့သို့ လက်နေပြီး ဒေါသကြောင့် ဆံပင်များ ထောင်တက်နေသည်။ ဖြူဖွေးသော မုတ်ဆိတ်မွေးများနှင့် တာအိုဝတ်ရုံတို့သည် လေမတိုက်ဘဲ လွင့်ပျံနေ၏။

ပတ်ဝန်းကျင်ရှိ ဖိအားများ ရုတ်တရက် တိုးလာလေသည်။ မိုးကြိုးစွမ်းအားကို ကျင့်ကြံသူများသည် ပင်ကိုအားဖြင့် စိတ်ကြီးကြပြီး ဒေါသထွက်လွယ်ကြသည်။

သူသည် လင်ကန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး မျက်လုံးထဲတွင် လျှပ်စီးများ လက်နေ၏။ အနီးနားရှိ မိုင်ပေါင်းတစ်ရာပတ်လည် ဟင်းလင်းပြင်သည် တဖျစ်ဖျစ် မြည်နေသည်။

မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများသည် ထိုနေရာသို့ စုဝေးရောက်ရှိလာကြ၏။ ယခုအချိန်၌ လက်ဖြင့် ထိလိုက်ရုံမျှဖြင့် မိုးကြိုးမီးတောက်များ ပေါက်ကွဲထွက်လာနိုင်ပေသည်။

ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် လင်ကန်း၏ ရင်ထဲ၌ တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်းဝက်ခန့် ဆုတ်လိုက်မိသည်။

"ဘယ်က အရူးခွေးလဲ ငါ့ကို ဒီလို လာပြောရဲတယ်ပေါ့"

"ဝုန်း"

အကြီးအကဲဆွန်သည် မျက်ခုံးပင့်လိုက်ပြီး မျက်လုံးကို ပြူးလိုက်သည်။ သူ၏ လက်ချောင်းနှစ်ချောင်းကို ဓားသဖွယ် ပြုလုပ်ပြီး ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

"ဂျိန်းးးး ဒိုင်းးးး"

ချက်ချင်းပင် ကောင်းကင်ပေါ်၌ ပေတစ်သောင်းခန့်ရှည်သော အစိမ်းရောင်မိုးကြိုးတန်းကြီး ပေါ်လာပြီး အမတ်ချုပ်ကြီးလင်ကန်း၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ပစ်ချလိုက်လေသည်။

ခရမ်းရောင်မိုးကြိုးအလျင်... မိုးကြိုးဆင့်ခေါ်ခြင်း နည်းစနစ်

လူတိုင်း ထင်မထားခဲ့ကြပေ။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ယောက်က ဤမျှ စိတ်လိုက်မာန်ပါ ကြီးလိမ့်မည်ဟု မည်သူမျှ မတွေးထားခဲ့ကြချေ။

စကားနှစ်ခွန်းတောင် မပြောရသေးဘဲ တိုက်ရိုက် လက်ပါတော့သည်။ သူတို့ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်ထက်ပင် ပို၍ ဗိုလ်ကျလွန်းနေသည်။

လင်ကန်း၏ မျက်နှာထားမှာ ကြည့်မကောင်းတော့ချေ။ တစ်ဖက်လူ၏ စကားများက သူ့ကို မျက်လုံးထဲပင် မထည့်ကြောင်း သိသာနေသည်။

သူသည် အင်မော်တယ်မင်းဆက်၏ အမတ်ချုပ်ကြီး ဖြစ်သည်။ ရာထူး အလွန်မြင့်မားသလို ကျင့်ကြံခြင်းအဆင့်လည်း မနိမ့်ကျပေ။

မည်သည့်နေရာသို့သွားသွား လူများ၏ လေးစားသမှု ပြုခြင်းကို ခံရစမြဲဖြစ်သည်။ အနီးနားရှိ ဂိုဏ်းချုပ်များပင်လျှင် သူ့ကို တွေ့ပါက အမတ်ချုပ်ကြီးဟု လေးလေးစားစား ခေါ်ဝေါ်ကြရသည်။

သူ့အမြင်တွင် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေဆိုသည်မှာ ပြောပလောက်သည့် အရာမဟုတ်ပေ။ ထို့အပြင် ဤနေရာက မည်သည့်နေရာဖြစ်သည်နည်း။

ဤသည်မှာ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ အချက်အချာကျသော နန်းတော်ဖြစ်သည်။

ဆိုရိုးစကားရှိသည့်အတိုင်း အင်အားကြီးသော နဂါးဖြစ်ပါစေ နယ်မြေခံမြွေကို မနိုင်ပေ။ ပြင်ပတွင် မည်မျှ အားကောင်းနေစေကာမူ သူတို့၏ နန်ထျန်းအင်မော်တယ်မင်းဆက်၏ ပိုင်နက်ထဲသို့ ရောက်လာမှတော့ ခေါင်းငုံ့ခံရုံသာ ရှိသည်။

သို့သော် ဤကဲ့သို့ ဒေါသကြီးသော လူတစ်ယောက်နှင့် တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အကြီးအကဲဆွန်၏ မိုးကြိုးဆင့်ခေါ်ခြင်း နည်းစနစ်သည် အလွန်မြန်ဆန်လှသည်။

ထို့အပြင် လေနှင့် မိုးကြိုးဓာတ် သဘာဝအရ အမြန်နှုန်းနိယာမနှင့်လည်း ဆက်စပ်မှုရှိနေသည်။ ပေတစ်သောင်းရှည်သော အစိမ်းရောင်မိုးကြိုးတန်းကြီးသည် မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့သို့ ရောက်လာခဲ့သည်။

ဘေးပတ်ဝန်းကျင်ရှိ မူးမတ်သေနာပတိများထဲမှ မည်သူကမျှ ဝင်ရောက်ကူညီခြင်း မရှိကြပေ။ သူတို့အားလုံး လင်ကန်း၏ စိတ်ဓာတ်ကို သိကြသည်။

ဤကဲ့သို့ မျက်နှာပန်းလှမလှ အရေးကြီးနေသော အချိန်မျိုးတွင် ဝင်ကူညီလိုက်ပါက သူ့ကို အထင်သေးသည်ဟု ထင်သွားကာ ကျေးဇူးမတင် ဖင်လှန်ပြပြီး အညိုးထားပေလိမ့်မည်။

"လာစမ်း... မင်းတို့ ထျန်းဂိုဏ်းက သေချင်နေတာပဲ... ငါ့ရဲ့တပ်မတော်ကြီး ချီတက်လာပြီး မင်းတို့ မြို့ကို ဖျက်ဆီးပစ်တာကို မကြာခင် ခံစားစေရမယ်"

လင်ကန်း ဒေါသတကြီး ဆဲရေးလိုက်သည်။

လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲတွင် လေးပေခန့်ရှည်သော 'ရှစ်မျက်နှာ မာယာ သံတုတ်' နှစ်ချောင်း ပေါ်လာသည်။

တစ်ကိုယ်လုံးရှိ စိတ်စွမ်းအင်များကို သွတ်သွင်းလိုက်ပြီး ရွှေမြေဓာတ်စွမ်းအားများကို ဆွဲဆောင်လိုက်သည်။

သံတုတ်နှစ်ချောင်းကို ကြက်ခြေခတ် ပုံစံလုပ်ကာ ကောင်းကင်ပေါ်သို့ ရှစ်ချက်ဆက်တိုက် ရိုက်ထုတ်လိုက်လေသည်။

သံတုတ်နှစ်ချောင်းကို တစ်ပြိုင်နက် ဝှေ့ယမ်းလိုက်ပြီး မတူညီသော ဂုဏ်သတ္တိများပါဝင်သည့် ရွှေမြေဓာတ်စွမ်းအား ရှစ်ခုကို ထုတ်လွှတ်လိုက်သည်။

အချို့က ရေခဲအဖြစ် အေးခဲသွားသည်။

အချို့က မိုးကြိုးလျှပ်စီးများ လက်နေသည်။

အချို့က သက်စောင့်အားများ ပြည့်ဝနေသည်။

အချို့က တစ္ဆေငိုသံများ ပါဝင်နေသည်။

အချို့က မီးတောက်များ ထောင်တက်နေသည်။

အချို့က ရေလှိုင်းများ ထနေသည်။

အချို့က အဆိပ်ငွေ့များ ထွက်နေသည်။

အချို့က စိတ်ကို လှည့်စားနေသည်။

ဤတိုက်ခိုက်မှု ရှစ်ခုသည် ရွှေမြေဓာတ်စွမ်းအားကို အခြေခံထားပြီး အခြားသော ဓာတ်သဘာဝ ရှစ်မျိုးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

"သေစမ်း"

ရှစ်ချက် ရိုက်ထုတ်ပြီးနောက် သူသည် ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသကဲ့သို့ ချွေးများ ရွှဲနစ်နေလေပြီ။

ဤသည်မှာ လင်မိသားစု၏ ရှေးဟောင်းပညာရပ်တစ်ခုဖြစ်သော 'ရှစ်မျက်နှာ မာယာ သံတုတ်' နည်းစနစ်ဖြစ်သည်။

အရပ်ရှစ်မျက်နှာမှ စွမ်းအားများကို စုစည်းထားခြင်း ဖြစ်၏။

ရှစ်ချက် ရိုက်ထုတ်လိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားသည်။

အသံမျိုးစုံ ကောင်းကင်ပေါ်တွင် မြည်ဟည်းနေ၏။

ကြည်လင်ပြတ်သားသောအသံ၊ လေးလံသောအသံ၊ ကောင်းကင်ကို တုန်ခါစေသောအသံ၊ မြေကြီးကို လှုပ်ခါစေသောအသံ စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေသည်။

မျက်စိတစ်မှိတ်အတွင်း အရပ်ရှစ်မျက်နှာလုံး မာယာများဖြင့် ပြည့်နှက်သွားသည်။

"ဝုန်း... ဒိုင်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီး ရှစ်သံ ပေါင်းစပ်သွားပြီး မြို့တံခါးဝမှ ထွက်ပေါ်လာသည်။

ရွှေမြေဓာတ်စွမ်းအား အလင်းတန်းရှစ်ခုသည် အစိမ်းရောင်မိုးကြိုးတန်းကြီးကို ဖြိုခွင်းလိုက်ပြီးနောက် ပျောက်ကွယ်သွားကြလေသည်။

အကြီးအကဲဆွန်၏ မျက်နှာထားမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး နှုတ်ခမ်းကို တွန့်ရုံ ပြုံးလိုက်သည်။

လင်ကန်းမှာမူ နောက်သို့ ခြေတစ်လှမ်း ထပ်ဆုတ်လိုက်ရပြီး သွေးများ ဆူပွက်လာကာ ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။

"ဘာများလဲလို့ ငွေရောင်သုတ်ထားတဲ့ ခဲခေါင်းပဲ"

"မင်းတို့တောင်ပိုင်းအင်မော်တယ်မင်းဆက်ရဲ့ အစွမ်းက ဒီလောက်ပဲလား"

လင်ကန်း ထိုစကားကို ကြားသောအခါ အသက်ရှူမှားသွားမတတ် ဖြစ်သွားရသည်။

"နိယာမနယ်ပယ် အဆင့် ၂၅ အတိတ်ကိုပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ အဆင့်ပါလား"

သူ အံကြိတ်ပြီး ပြောလိုက်သည်။

တစ်ဖက်လူ၏ အဆင့်သည် သူ့ထက် တစ်ဆင့်မြင့်နေပြီး နည်းစနစ်စွမ်းအားများမှာလည်း အလွန်ထက်မြက်လှသည်။ နည်းစနစ်ကို ကြည့်ရုံဖြင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ရိုးရှင်းခြင်းမရှိကြောင်း သိနိုင်သည်။

သူတို့၏ ကျင့်ကြံခြင်းအဆင့်တူနေလျှင်တောင်မှ သူက ထိုအဘိုးကြီး၏ ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ပေ။

"ဟမ့်"

"ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက တော်တော် အထင်ကြီးစရာ ကောင်းတာပဲ... ရိုင်းစိုင်းလိုက်တာ"

"သူများတွေက သံသယဖြစ်လို့ ပြောရုံရှိသေးတယ်... တန်းပြီး လက်ပါတော့တာပဲ"

"အမှန်တရားကို ပြောလိုက်လို့ နာသွားပြီး နှုတ်ပိတ်ချင်နေတာလား"

"ငါကြည့်ရတာ မင်းတို့ရဲ့ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကလည်း ရိုင်းစိုင်းတဲ့ လူရိုင်းတစ်ယောက် ဖြစ်လောက်တယ်..."

"ယဉ်ကျေးမှုဆိုတာ နည်းနည်းလေးတောင် သင်ပေးမသွားဘူး"

အင်အားချင်း ယှဉ်လျှင် လင်ကန်းက ပြိုင်ဘက်မဟုတ်သော်လည်း ပါးစပ်သရမ်းရာတွင်တော့ ဆရာတစ်ဆူဖြစ်သည်။

"ရိုင်းစိုင်းလိုက်တာ"

"မင်းကို မသတ်ခင် မင်းပါးစပ်ကို ကျက်အောင် အရင်ကင်ပြစ်ရမယ်"

အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက်၏ အသံ နှစ်သံ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။

ကျုံးကျဲ ရှေ့တိုးလာသည်။

"အမတ်ချုပ်ကြီးလင်ကန်း... ခင်ဗျားက အဓိက အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်သလို လူကြီးတစ်ယောက်လည်း ဖြစ်တဲ့အတွက် ကျွန်တော့်အပြစ်ကို ပြောချင်သလို ပြောလို့ရတယ်"

"ဒါပေမဲ့ ကျွန်တော်တို့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ အထွတ်အထိပ် ဘိုးဘေးကိုတော့ ခင်ဗျား စော်ကားလို့ မရဘူး"

"ကျွန်တော် အင်မော်တယ်မင်းဆက်ကို ပြန်မလာရရင်တောင် ခင်ဗျားရဲ့ ခွေးအသက်ကို ယူမယ်"

သူ၏အသံသည် ကြည်လင်ပြတ်သားပြီး ကျယ်လောင်ကာ ကြောက်ရွံ့သည့်ပုံစံ အနည်းငယ်မျှ မရှိပေ။

လင်ကန်း ဒေါသထွက်လွန်း၍ ရယ်မောလိုက်သည်။

"ကျုံးကျဲ... မင်းက တာအိုအမှတ်အသား ပျောက်ဆုံးသွားတဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်နေပြီးတော့များ စကားကြီးစကားကျယ် ပြောရဲသေးတယ်"

"ကြည့်ရတာ စစ်တပ်က ထုတ်ပယ်ရုံနဲ့ မင်းအတွက် သက်သာလွန်းနေပုံပဲ"

သူသည် နောက်သို့ လှည့်လိုက်ပြီး ခေါင်းပေါ်တွင် ရွှေရောင်ကိုးဆင့်သရဖူ ဆောင်းထားကာ ကြိုးကြာနီဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကို ဦးညွှတ်လိုက်သည်။

"အမတ်ချုပ်ကြီးချန်... ဒီကောင်က အရမ်းမောက်မာလွန်းတယ်... နောင်တရတဲ့စိတ်လည်း မရှိဘူး... မျိုးနွယ်ခြားနဲ့ ပေါင်းရုံတင်မကဘူး ဥပဒေကိုပါ မျက်ကွယ်ပြုနေတယ်"

"သူ့ကို ဖမ်းဆီးပြီး တရားစီရင်ရေးခန်းမကို ပို့ကာ ပြစ်ဒဏ်ခတ်ဖို့ တောင်းဆိုပါတယ်"

အမတ်ချုပ်ကြီးချန်တိုး မျက်မှောင်ကြုတ်လိုက်သည်။

ကျုံးကျဲအကြောင်းကို သူလည်း အနည်းငယ် ကြားဖူးသည်။ ရှေ့တန်းစစ်မျက်နှာပြင်ရှိ စစ်ဗိုလ်ချုပ်များအားလုံးက ကျုံးကျဲကို ချီးကျူးကြသည်။

ယခင်ကလည်း တပ်တွင်း၌ ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ခဲ့ပြီး လူငယ်မျိုးဆက်သစ်များကြားတွင် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဤအတိုင်း ဖမ်းဆီးလိုက်ခြင်းက သိပ်မသင့်တော်လှပေ။

အထူးသဖြင့် နောက်ဘက်တွင် ရပ်နေသော လက်ရွေးစင်တပ်ဖွဲ့ ခေါင်းဆောင်၊ စစ်သူကြီးရွှမ်သယ်၊ သခင်ဟန်တန်းဆိုလျှင် ဒေါသကြောင့် အံကြိတ်ထားသည်မှာ သွားများ ကျိုးမတတ်ပင်။

သူ ပြန်လည်မချေပရသေးခင်မှာပင် အကြီးအကဲဆွန် ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ အစောက မိုးကြိုးဆင့်ခေါ်ခြင်း နည်းစနစ်သည် သာမန်တိုက်ခိုက်မှုတစ်ခုသာဖြစ်ပြီး အင်အားအကုန်မသုံးခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် တစ်ဖက်လူ၏ နန်းတော်ရှေ့တွင် ရောက်နေခြင်း ဖြစ်သည်။ ယခင်တိုက်ခိုက်မှုက သတိပေးခြင်းနှင့် ခြိမ်းခြောက်ခြင်း သဘောသာ ဖြစ်၏။

လူကိုရိုက်လျှင် မျက်နှာကို မရိုက်ရ။ ဆဲလျှင် မိဘကို မထိရ ဟူသော စကားရှိသည်။ ယခုမူ ကိစ္စက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို စော်ကားခြင်း။ မြင့်မြတ်နယ်မြေ၏ ဆွေမျိုးသားချင်းကို စော်ကားခြင်း။ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကို စော်ကားခြင်း။

ဤအချက်များအားလုံးသည် သေဒဏ်နှင့် ထိုက်တန်ပြီး ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ မည်သည့်ဂိုဏ်းသားမဆို ထိုလူ၏ သေမျိုးရန်သူဖြစ်လာပေလိမ့်မည်။

"မင်း... သေသင့်တယ်"

အကြီးအကဲဆွန်၏ ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်များ ရူးမတတ် လှည့်ပတ်စီးဆင်းလာသည်။

သူ၏ခေါင်းပေါ်တွင် မိုင်ပေါင်းသောင်းချီသော မိုးကြိုးတိမ်တိုက်များ စုဝေးရောက်ရှိလာကြသည်။ ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်သွားသည်။

မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ တိမ်တိုက်များထဲတွင် လက်နေကြ၏။ နန်းတော်တစ်ခုလုံး မှောင်မိုက်သွားလေသည်။

"မိုးကြိုးပင်လယ် လျှပ်စီးအိုင်"

"ကောင်းကင်အာဏာစက် မိစ္ဆာမှန်သမျှ ကျွတ်လွတ်စေ"

သူသည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး လက်ဝါးကို ကောင်းကင်သို့ ဖြန့်လိုက်သည်။ လက်ဝါးထဲတွင် ဆန်းကြယ်သော မိုးကြိုးသင်္ကေတများ ပေါ်လာပြီ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါကို ချိတ်ဆက်လိုက်သည်။

"ဂျိန်းးးး ဒိုင်းးးးး"

"ဂျိန်းးး ဂျိန်းးး ဒိုင်းးး"

ကောင်းကင်ပေါ်ရှိ မိုးကြိုးပစ်သံများသည် မိုးကုတ်စက်ဝိုင်းအထိ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူသည် လက်ဝါးနှစ်ဖက်ကို ရုတ်တရက် ပူးလိုက်ပြီး အဝေးရှိ လင်ကန်းကို ချိန်ရွယ်ပြီး ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။

All Chapters