အခန်း (၅၆)
Vol. 6 Ch. 56
"ဝုန်းးး"
ကမ္ဘာမြေနှင့် ကောင်းကင်ကြားတွင် နားကွဲမတတ် အသံတစ်ခုထွက်ပေါ်လာသည်။ မိုးကြိုးတိမ်တိုက်ထဲရှိ လျှပ်စီးကြောင်းများအားလုံး စုစည်းသွားပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ပေးထားသည့် မိုးကြိုးတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ခရမ်းရောင်မိုးကြိုးတိုင်..."
မိုးကြိုးတိုင်ကြီးသည် လင်ကန်း၏ ခန္ဓာကိုယ်တည့်တည့်ဆီသို့ ဦးတည်ကာ ပြိုကျလာတော့၏။
မိုးကြိုးတိုင်ကြီးမှာ ကြီးမားလှပြီး အရှိန်အဝါ ပြင်းထန်လွန်းလှသည်။ လင်ကန်းကို မဆိုထားနှင့် သူ၏ အောက်ဘက်ရှိ မြို့တံခါးသည်ပင် မြို့စောင့်အစီအရင်သာ မရှိပါက ဤတိုက်ခိုက်မှုအောက်တွင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"သေစမ်း... ဒါ ဘာမိုးကြိုးသိုင်းကွက်လဲ ငါတော့ သေရတော့မယ်..."
လင်ကန်း၏ မျက်လုံးများထဲတွင် အဆုံးမရှိသော မိုးကြိုးအလင်းရောင်များသာ ကျန်ရှိတော့သည်။ သူ၏ စိတ်ထဲတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ သေခြင်းတရား ရောက်ရှိလာတော့မည် ဟူ၍သာ ဖြစ်သည်။
"အမတ်ချုပ်ကြီး... ကျွန်တော့်ကို ကယ်ပါဦး..."
သူသည် ကြောက်ရွံ့မှုစွာဖြင့် ခက်ခက်ခဲခဲ အော်ဟစ်အကူအညီတောင်းလိုက်သည်။
"ခရမ်းရောင်မိုးကြိုးအလျင်..."
"မိတ်ဆွေရဲ့ ဒီကျင့်စဉ်က သာမန်မဟုတ်ဘူးပဲ ရှေးဟောင်းမိုးကြိုးနတ်ဘုရားနဲ့ ပတ်သက်မှု ရှိလိမ့်မယ် ထင်တယ်"
မူလက အနောက်ဘက်တွင် ရပ်နေသော အမတ်ချုပ်ကြီးချန်က လက်ကိုဆန့်ထုတ်ကာ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော ထိုခရမ်းရောင်မိုးကြိုးတိုင်ကြီးကို ထင်းချောင်းတစ်ချောင်းအား ကောက်ယူလိုက်သကဲ့သို့ သူ၏ ဝတ်ရုံလက်ထဲသို့ ထည့်သွင်းလိုက်လေသည်။
အုန်းခနဲ မြည်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် မည်သည့်လှုပ်ရှားမှုမှ ရှိမနေတော့ချေ။ ထို့နောက် သူက လက်ဝါးဖြင့် သပ်ချလိုက်ရာ ခေါင်းပေါ်ရှိ မိုင်ပေါင်းများစွာ ကျယ်ပြန့်သော မိုးကြိုးတိမ်တိုက်များမှာ တိုက်ရိုက် ဖျက်ဆီးခံလိုက်ရပြီး ပျောက်ကွယ်သွားလေတော့သည်။
အကြီးအကဲဆွန်၏ မျက်နှာထားမှာ နောက်ဆုံးတွင် လေးနက်သွားတော့သည်။
"နိယာမနယ်ပယ် အဆင့် ၂၆... အနာဂတ်ကို တွက်ချက်နိုင်စွမ်းရှိတဲ့ အဆင့်..."
တစ်ဖက်လူ၏ လက်စွမ်းမှာ အနာဂတ်တွက်ချက်နိုင်စွမ်း အဆင့်ရှိသော ကျွမ်းကျင်သူများသာ ဤမျှ လွယ်ကူစွာ ထုတ်ဖော်နိုင်သည့် စွမ်းရည်မျိုးဖြစ်သည်။ ကမ္ဘာကိုပင်ဖျက်ဆီးနိုင်လောက်သည့် တိုက်ခိုက်မှုကို တာအိုရေစီးကြောင်းထဲသို့ ဆွဲသွင်းလိုက်ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ရိုးရှင်းပုံရသော်လည်း အားချင်းပြိုင်ကာ ချေဖျက်ခြင်းထက် ပို၍ ခက်ခဲလှသည်။ အတိတ်နှင့် အနာဂတ်ကို ဆက်သွယ်ထားသော တာအိုရေစီးကြောင်းအပေါ် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားမှသာ ဤသို့ ပြုလုပ်နိုင်မည်ဖြစ်သည်။
တစ်ဖက်လူတွင် ဤမျှအဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦး ရှိနေသဖြင့် သူ၏ မည်သည့်တိုက်ခိုက်မှုမဆို အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သူသည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များကို အနည်းငယ် တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး တောင်ဘက်ကောင်းကင်အင်မော်တယ်မင်းဆက်မှ အမတ်ချုပ်ကြီးကို တည့်တည့်ကြည့်လိုက်သည်။
"ကျုပ်က ရှေးဟောင်းမိုးကြိုးနတ်ဘုရားနဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး... ကျုပ်က ဒီတိုင်း သာမန်ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရဲ့ အကြီးအကဲတစ်ယောက်ပါပဲ..."
အမတ်ချုပ်ကြီးချန် မျက်ခုံးပင့်သွားသည်။
'ဒီအဘိုးကြီးက မိုးကြိုးနတ်ဘုရားနဲ့ ပတ်သက်မှု ရှိမရှိ ခဏထားလိုက်... ဒါပေမဲ့ ဒီ ခရမ်းရောင်မိုးကြိုးအလျင် နည်းစနစ်ကတော့ ရှေးဟောင်းမိုးကြိုးနတ်ဘုရား ချန်ထားခဲ့တဲ့ ကျင့်စဉ်တစ်ခုဆိုတာ သေချာတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီကျင့်စဉ်ကို ပိုင်ဆိုင်ထားတဲ့ ဂိုဏ်း ဒါမှမဟုတ် ပုဂ္ဂိုလ်ရဲ့ နောက်ကွယ်က အင်အားက ရိုးရှင်းမှာ မဟုတ်ဘူး...'
အမတ်ချုပ်ကြီးချန်က သူတို့ကို တိုက်ရိုက်သတ်ဖြတ်ပြီး ကျုံးကျဲကို ဖမ်းဆီးကာ တရားစီရင်ရေးခန်းမသို့ ပို့ဆောင်ပြီး တစ်ခြားလူတွေကို သတိပေးချင်ခဲ့တာ ဖြစ်သည်။
သို့သော် ဤအချက်ကို ထည့်သွင်းစဉ်းစားလိုက်ရတဲ့အခါ သူ ပြန်လည် တွေးတောရတော့သည်။
'ဒီ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက အပြင်ပန်းမှာ ပြောနေကြသလောက် ရိုးရှင်းတာ မဟုတ်ဘူးပဲ'
'ကောလာဟလတွေအရ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ တည်ထောင်တာ နှစ်ပေါင်း ၁ သိန်း ၁ သောင်းတောင် မပြည့်သေးပေမဲ့ ကောင်းကင်မြေကြီး အင်မော်တယ်ဂိုဏ်း ၈၁ ဂိုဏ်းစာရင်းမှာ ဝင်နေတယ်... ဒီကိစ္စမှာ လျှို့ဝှက်ချက်ကြီးကြီးမားမား ရှိပုံရတယ်... သူတို့မှာ ဖုံးကွယ်ထားတဲ့ အင်အားတချို့ ရှိနေလောက်တယ်'
'ငါတို့ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်က သူတို့ကို မကြောက်ပေမဲ့ မလိုအပ်ဘဲ ပြဿနာရှာစရာမလိုဘူး'
'ဒီ အကြီးအကဲဆွန်ကို သတ်ပစ်လိုက်ဖို့က လွယ်ကူပေမဲ့ အင်အားစုနှစ်ခုကြား စစ်ပွဲဖြစ်လာရင် အနိုင်ရရင်တောင် စစ်စရိတ်နဲ့ လူအင်အား မကာမိလောက်ဘူး'
သူ့ခေါင်းထဲတွင် အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။ ထို့နောက် သူက ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အကြီးအကဲဆွန်၏ ရှေ့သို့ ရောက်လာလေသည်။
လက်နှစ်ဖက်ကို ဆုပ်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
"အကြီးအကဲဆွန်... ခုနက ကျွန်တော်တို့မင်းဆက်ရဲ့ ဝန်ကြီးချုပ် စကားမှားသွားတာ ရှိရင် ခွင့်လွှတ်ပေးပါ စိတ်ထဲမထားပါနဲ့"
"နောက်ပိုင်းကိစ္စတွေကို ကျွန်တော် ကျုံးကျဲကို မေးမြန်းပါရစေ အကြီးအကဲ ဝင်မပါဖို့ မေတ္တာရပ်ခံချင်ပါတယ်"
"ကျွန်တော်တို့ မင်းဆက်ရဲ့ ဥပဒေက တင်းကျပ်ပြီး တရားမျှတပါတယ်... ကျုံးကျဲကို မတရားစွပ်စွဲတာမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ပါဘူး"
သူ၏ဟိတ်ဟန်က ယခင်ကထက် များစွာ လျော့ပါးသွားသည်။ သို့သော် အကြီးအကဲဆွန် သိလိုက်သည်မှာ တစ်ဖက်လူက မိုးကြိုးနတ်ဘုရား ကျင့်စဉ်နှင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ ဖုံးကွယ်ထားသော အင်အားကို ထောက်ထားညှာတာခြင်းသာ ဖြစ်သည်။
အဓိကပြောရရင် တစ်ဖက်လူက သူတို့ကို လုံးဝ ဂရုမစိုက်ပေ။ အင်အားမတူညီလျှင် စကားပြောခွင့် မရှိပေ။ သူ့စိတ်ထဲတွင် ဒေါသထွက်မိသော်လည်း ဘာမှမတတ်နိုင်ချေ။
သူက မလိုလားသော်လည်း ခေါင်းညိတ်လိုက်ပြီး ခြေလှမ်းနှစ်လှမ်း ဆုတ်ကာ ကျုံးကျဲအတွက် နေရာပေးလိုက်သည်။
"အမတ်ချုပ်ကြီး တရားမျှတစွာ ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်ပါတယ်... မတရားဘူးဆိုရင်တော့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက သေတဲ့အထိ တိုက်ခိုက်သွားမှာပါ..."
အကြီးအကဲဆွန် ဖယ်ပေးလိုက်ပြီးနောက် ကျုံးကျဲသည် အမတ်ချုပ်ကြီးချန်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
ကြီးမားသော အရှိန်အဝါများက သူ့ကိုဖိနှိပ်လိုက်ကာ သွေးဆာနေသော ပါးစပ်ကြီးနှင့် ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအရှိန်အဝါက ကျုံးကျဲကို ဒူးထောက်ကျသွားချင်စိတ် ဖြစ်ပေါ်စေသည်။ ချက်ချင်းပင် ခန္ဓာကိုယ်ထဲရှိ စစ်ဘုရင်ဝိညာဉ် ဒေါသထွက်လာပြီး အဆုံးမဲ့ သတ်ဖြတ်ခြင်းစွမ်းအားများက ရူးသွပ်စွာ လည်ပတ်လာသည်။ ဤသည်က စစ်ဘုရင်ဝိညာဉ်တစ်ပါး၏ ဂုဏ်သိက္ခာပင် ဖြစ်လေ၏။
ကြီးမားသော ဖိအားကို အံကြိတ်ခံရင်း ကျုံးကျဲသည် လေပေါ်တွင် ယိုင်နဲ့နဲ့ဖြင့် မတ်တတ်ရပ်နေနိုင်လိုက်သည်။ ထိုသည်က အမတ်ချုပ်ကြီးချန်ကို အထင်ကြီးသွားစေသည်။
"ကျုံးကျဲ... အမတ်ချုပ်ကြီး မင်းကို မေးမယ် မင်းက ဘာလို့ ဟွမ်ရှားလူမျိုးစုနဲ့ ပေါင်းပြီး လူသားမျိုးနွယ်ကို သစ္စာဖောက်ကာ လုပ်ဖော်ကိုင်ဖက်တွေကို သတ်ဖြတ်ခဲ့တာလဲ"
"ကောင်းကင်ဘုံကို ဖုံးကွယ်ထားလိုက်ရင် ငါတို့မင်းဆက်က မစစ်ဆေးနိုင်တော့ဘူးလို့ ထင်နေတာလား"
"ဝမ်တာ့လိ... မင်းထွက်လာခဲ့"
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ကျုံးကျဲ မျက်မှောင်ကြုတ်သွားသည်။ ဤ ဝမ်တာ့လိ ဆိုသည်က သဲခုံပေါ်မှာတုန်းက ဒေါသတကြီး ဖြစ်နေခဲ့သော လေးထောင့်မျက်နှာနှင့် လူငယ်လေးဖြစ်သည်။
ဝမ်တာ့လိက လူအုပ်ထဲမှ ထွက်လာသည်။ မျက်နှာက ဖြူဖျော့နေပြီး စစ်ဝတ်စုံ ဝတ်ဆင်မထားဘဲ ရိုးရိုးအဝတ်အစားနှင့်သာ ဖြစ်ကာ ရောဂါကြီးကြီးမားမား ဖြစ်ပြီးစ ပုံစံပေါက်နေသည်။
သူသည် လူအုပ်ရှေ့သို့ ထွက်လာပြီး အင်မော်တယ်မင်းဆက်မှ အရာရှိများကို ဦးညွှတ်လိုက်သည်။
"ဒီလက်အောက်ငယ်သားက အမတ်ချုပ်ကြီးချန်ကို ဂါရဝပြုပါတယ် ဝန်ကြီးချုပ်လင်နဲ့ လူကြီးမင်းများကို ဂါရဝပြုပါတယ်"
သူက အရိုအသေပေးလိုက်သည်။ ထို့နောက် အဝေးရှိ ကျုံးကျဲကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ပြီးနောက်တွင် စိတ်ကိုတင်းလိုက်ပြီး မျက်လုံးထဲတွင် ရက်စက်မှုများ ပြည့်နှက်သွားသည်။
"ဝမ်တာ့လိ... မင်းပြောပြစမ်း အဲ့ဒီတုန်းက အခြေအနေ ဘယ်လိုရှိလဲ"
အမတ်ချုပ်ကြီးချန်က သူ့ကိုမကြည့်ဘဲ လေးနက်စွာ မေးလိုက်သည်။ ဝမ်တာ့လိ၏ နဖူးပေါ်တွင် ချွေးများ စီးကျလာသည်။ အရှိန်အဝါ ဖိအားတစ်ခုကြောင့် သူ အသက်ရှူရ ခက်ခဲနေသည်။ သူ တံတွေးတစ်ချက်ကို အားယူကာ မျိုချလိုက်သည်။
ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ကျွန်တော်တို့က တပ်မှူးလင်ချန်နဲ့အတူ ရွှေစေတီကျောင်းဆောင်ထဲကို ခိုးဝင်ပြီး သဲကျောက်ဓားကောက်ကို လုယူဖို့ စီစဉ်ခဲ့တာပါ"
"ဒါပေမဲ့ လူတိုင်း ကျောင်းဆောင်ထဲ ရောက်သွားတဲ့အချိန်မှာ ကျုံးကျဲက ပုန်းအောင်းနေတဲ့ ဟွမ်ရှားလူမျိုးစုတွေနဲ့ ပေါင်းပြီး လက်ရွေးစင်တပ်ဖွဲ့က ရဲဘော်တွေကို သတ်ဖြတ်ပါတော့တယ်"
သူက ခေါင်းငုံ့ပြီး ဆက်ပြောနေသည်။ အသံများက အက်ကွဲလာပြီး ငိုသံပါ ပါလာသည်။ ကျုံးကျဲ သွားများကြေမွသွားတော့ မဆတ် အံကြိတ်ထားမိသည်။ သူက ဒေါသကို မြိုသိပ်ပြီး ဝမ်တာ့လိကို မျက်နှာသေဖြင့် ကြည့်နေလိုက်သည်။
သူ၏ စိတ်ထဲတွင် စိတ်ပျက်မှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေသည်။ ဝမ်တာ့လိ အသက်ရှင်နေသည်ကို တွေ့လိုက်ရသည့် ပျော်ရွှင်မှုများသည်လည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားရသည်။
လက်ရွေးစင်တပ်ဖွဲ့ထဲတွင် အတူတူ ဒုက္ခခံခဲ့ရသည့် သံယောဇဥ်များအားလုံး ပျက်စီးပြိုကွဲသွားသည်။ စစ်သူကြီးအများစုကလည်း တိတ်ဆိတ်နေကြပြီး အခွင့်ကောင်းယူကာ ဝိုင်းပယ်ခြင်း မပြုကြပေ။
အမတ်ချုပ်ကြီးချန်က ကျုံးကျဲကို အေးစက်စွာ ကြည့်လိုက်သည်။
"ကျုံးကျဲ... သက်သေရှိနေပြီ မင်း ဘာပြောစရာ ရှိသေးလဲ"
ကျုံးကျဲ စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ဒေါသအထွက်လွန်သွားကာ ရယ်မောရင်း ခေါင်းခါလိုက်သည်။
"ကောင်းလိုက်တဲ့ ပြဇာတ်... တကယ်ကို ကောင်းလိုက်တဲ့ ပြဇာတ်ပါပဲဗျာ..."
"လူကြီးမင်းတို့ ဒီလောက်ထိ အကွက်စေ့စေ့ စီစဉ်ထားမှတော့ ကျွန်တော် ကျုံးကျဲက ဘာတတ်နိုင်မှာလဲ"
"ကျွန်တော် ဘာမှပြောစရာ မရှိတော့ပါဘူး"
"ဒါပေမဲ့ ကျွန်တော့်ကို အပြစ်ဝန်ခံခိုင်းမယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ဘူး... ကျွန်တော် ကျုံးကျဲက တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်အပေါ်မှာရော... လက်ရွေးစင်တပ်ဖွဲ့အပေါ်မှာရော လိပ်ပြာလုံတယ်..."
"အင်မော်တယ်မင်းဆက်က ဒီလောက်ထိ ပုပ်သိုးဆွေးမြေ့နေမှတော့ ဒီတပ်မှူးရာထူးကိုလည်း မလိုချင်တော့ဘူး"
သူ၏ အကြည့်က ဝမ်တာ့လိကို ကျော်သွားသည်။ ပြီးနောက် လင်ကန်း၏ နောက်တွင် မိုးထိအောင် မာနကြီးစွာ ရပ်နေသော တပ်မှူးလင်ချန်ကို ကြည့်လိုက်လေသည်။