← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

"လင်ချန်... မင်းက ဟွမ်ရှားမျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းပြီး ရဲဘော်ရဲဘက်တွေကို လုပ်ကြံတယ်... ငါ့ရဲ့ တာအိုအမှတ်အသားကို လုယူတယ်... ပြီးတော့ ငါ့ကိုများပြန်စွပ်စွဲရဲ သေးတယ်..."

"နောက်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့ပြန်တယ်... ဒီနေ့ မင်းကို မသတ်ရရင် ငါ့ရင်ထဲက အမုန်းတရားတွေ ဘယ်လိုလုပ် ပြေပျောက်နိုင်ပါ့မလဲ..."

"မင်းရဲ့ အကြောတွေကို ဆွဲထုတ် အရေခွံကို ခွာပြီး ထပ်ခါတလဲလဲ မီးနဲ့မလောင်ကျွမ်းပစ်ရရင်...ဦးလေးကျန်းနဲ့ ဦးလေးလီတို့ရဲ့ ကောင်းကင်ဘုံက ဝိညာဉ်တွေ ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်ပါ့မလဲ..."

"မင်းတို့က ပါးစပ်ဖွင့်လိုက်တိုင်း အပြစ်မှန်သမျှ ငါ့ပေါ် ပုံချနေကြတာက... လင်ချန် ငါ့ရဲ့ တာအိုအမှတ်အသားကို လုယူသွားပြီးပြီမို့လို့ မဟုတ်လား..."

"အခု ငါက ပါရမီတွေ ဆုံးရှုံးသွားပြီဆိုတော့ အင်မော်တယ်မင်းဆက်အတွက် အသုံးချစရာ တန်ဖိုးမရှိတော့ဘူးလေ..."

"ပါရမီပိုမြင့်တဲ့ကောင်ပြောတဲ့ စကားက အမှန်တရားပေါ့..."

ကျုံးကျဲ၏ မျက်နှာထားသည် အေးစက်ခက်ထန်နေပြီး စကားလုံးတစ်လုံးချင်းစီကို ဖိ၍ ပြောလိုက်၏။

စကားလုံးတိုင်းဟာ သွေးထွက်လောက်အောင်မှန်နေခဲ့ပြီး အင်မော်တယ်မင်းဆက်၏ ရက်စက်ကြမ်းကြုတ်မှုကို ဖော်ထုတ်ပြသလိုက်ခြင်းပင် ဖြစ်သည်။

နားထောင်နေကြသော လူငယ်စစ်ဗိုလ်များအားလုံး ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ကြရ၏။

"ကျုံးကျဲက ပုံမှန်ဆိုရင် လူကြီးသူမတွေကို ရိုသေပြီး လက်အောက်ငယ်သားတွေကို လည်းဂရုစိုက်တယ်....ပေါင်းရသင်းရ ဆက်ဆံရေးကောင်းတဲ့သူပါ... ဒါပေမဲ့ အခုချိန်မှာတော့ ဓားပြခေါင်းဆောင်တစ်ယောက်လိုပဲ ငါတို့နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါ့လား..."

"ဟမ့်... သူက မျိုးနွယ်ခြားတွေနဲ့ ပေါင်းပြီး လုပ်ချင်ရာလုပ်နေတာလေ... ဝက်တွေခွေးတွေလောက်တောင် အသိဥာဏ်မရှိဘူး... ဓားပြတွေနဲ့ ဘာမှမခြားဘူး... သူ့ရဲ့အရင်တုန်းက ပုံစံဆိုတာက လူတွေရဲ့ ယုံကြည်မှုကို ရအောင် လိမ်ညာလှည့်စားထားတဲ့ ဟန်ဆောင်မှု သက်သက်ပဲလေ..."

လူအများ၏ စိတ်များ ယိမ်းယိုင်စပြုလာပြီး လူထုအမြင် တိမ်းစောင်းလုနီးပါး ဖြစ်လာသည်ကို မြင်လိုက်ရသည့်အခါ လင်ချန်နှင့် ရင်းနှီးသော တပ်မှူးအချို့က ချက်ချင်းပင် ရူးသွပ်မတတ်တိုက်ခိုက် ပြောဆိုလာကြလေသည်။

အမတ်ချုပ်ကြီးချန်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသော သူ့ရှေ့မှ လူငယ်လေးကို ကြည့်လိုက်ကာ ရုတ်တရက် သူ ပြုံးလိုက်လေသည်။

"ကောင်းတယ်..."

" ပါရမီပိုမြင့်တဲ့ကောင်ပြောတဲ့ စကားက အမှန်တရား ဆိုပါ့လား တော်တော်ကောင်းတဲ့ စကားပဲ..."

"မင်းစိတ်ထဲမှာ မကျေနပ်ချက်တွေ ပြည့်နှက်နေပြီး အင်မော်တယ်မင်းဆက်အပေါ်မှာ အပြစ်တင်စရာတွေ အများကြီး ရှိနေပုံရတယ်... ဒါဆိုရင် ငါမင်းကို အခွင့်အရေးတစ်ကြိမ် ထပ်ပေးမယ်..."

"မင်းရဲ့ စွမ်းရည်ကို မင်းကိုယ်တိုင် သက်သေပြဖို့ အခွင့်အရေးပဲ..."

"လင်ချန်... ရှေ့ထွက်ခဲ့...အခု ဒီနေရာမှာပဲ လူအများရှေ့မှာ ကျုံးကျဲနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမယ်..."

အကြီးအကဲဆွန်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။

ကျုံးကျဲ၏ တာအိုအမှတ်အသား လုယူခံထားရသဖြင့် ပါရမီမှာ သေချာပေါက် ကျဆင်းသွားမည် ဖြစ်၏။ အခုတိမ်စီးနင်းပြီး ပျံသန်းနိုင်နေသည်မှာလည်း မှော်ရတနာ တစ်ခုခု၏ အစွမ်းကြောင့်ဟု ယူဆရမည်ပင်။

ဤအခြေအနေတွင် လင်ချန်နှင့် ယှဉ်ပြိုင်ခိုင်းခြင်းမှာ တရားမျှတပုံရသော်လည်း လက်တွေ့တွင်မူ သွယ်ဝိုက်သောနည်းဖြင့် သေဒဏ်ပေးခြင်းသာ ဖြစ်လေသည်။

သို့ဖြင့်သူ တားဆီးရန် ပြင်လိုက်စဉ် ကျုံးကျဲက သူ့ကို ညင်သာစွာဆွဲကာ တားလိုက်၏။

"အကြီးအကဲဆွန် စိတ်မပူပါနဲ့..."

သူ၏ မျက်လုံးများက ကြည်လင်ပြတ်သားနေရုံသာမက စစ်မင်းဓားကဲ့သို့ စူးရှထက်မြက်သော အရှိန်အဝါများ ပါဝင်နေလေသည်။ သူသည် ကိုယ်ကို ယိမ်းလိုက်ပြီးအောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။

"အမိန့်တော်အတိုင်းပါ..."

လင်ချန်က အေးစက်စွာ ရယ်မောလိုက်သည်။ ခုန်ပျံကျော်လွှားမှု အနည်းငယ်ဖြင့် မြို့တံခါးအပြင်ဘက် မြေကွက်လပ်သို့ ရောက်ရှိသွားလေသည်။

ကျုံးကျဲလည်း ဆင်းသက်လာသည်နှင့်အမျှနှစ်ဦးသား မျက်နှာချင်းဆိုင် ရပ်လိုက်မိကြ၏။

"ကျုံးကျဲ... မင်းနဲ့ငါက အတူတူ တိုက်ပွဲဝင်ပြီး ရန်သူတွေကို သတ်ဖြတ်ကာ အင်မော်တယ်မင်းဆက်အတွက် အလုပ်အကျွေးပြုဖို့ အခွင့်အရေး ရှိခဲ့တယ်... ဒါပေမဲ့ မင်းက လမ်းမှားကို ရွေးချယ်ခဲ့တယ်... တကယ်ကို စိတ်မကောင်းစရာပါပဲကွာ..."

"ငါကလည်း ငါ့ရဲ့ညီအကိုတွေကို ကယ်တင်ချင်လွန်းလို့ မင်းရဲ့ တာအိုအမှတ်အသားကို မဖြစ်မနေ လုယူခဲ့ရတာပါ..."

"ဒါပေမဲ့ မင်း စိတ်ချပါ... အခုဆိုရင် မင်းရဲ့ ငရဲတာအိုအမှတ်အသားက ငါ့ခန္ဓာကိုယ်နဲ့ အရမ်းကို လိုက်ဖက်ညီပြီး ပေါင်းစည်းသွားပြီလေ..."

"မင်းက မိစ္ဆာစိတ်ဝင်ပြီး ဟွမ်ရှားမျိုးနွယ်ခြားတွေနဲ့ ပေါင်းခဲ့လို့ သေဒဏ်ပေးသင့်ပေမဲ့..."

"မင်းသာ စိတ်ရင်းနဲ့ နောင်တရမယ်ဆိုရင်... မင်းကို တပ်ထဲပြန်ဝင်ခွင့်ရအောင် အမတ်ချုပ်ကြီးနဲ့ ငါ့အဖေဆီမှာ ငါ ကိုယ်တိုင် အသနားခံပေး‌မယ်..."

လင်ချန်သည် အလွန် ရိုးသားဟန်တူသော လေသံဖြင့် အရှက်မရှိဆုံးအလိမ်အညာ စကားများကို ပြောဆိုလိုက်လေသည်။

ကျုံးကျဲ၏ ရင်ထဲတွင် ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာပြီး ထိုအကောင်ကို တစ်ချက်တည်းနှင့် အသားအနှစ်ဖြစ်သွားအောင် ထိုးသတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။

သို့သော် အမှန်တရားကို မသိကြသော အခြားသူများ၏ အမြင်တွင်မူ ထိုစကားများက ရင်ထဲထိ ထိရှခံစားသွားရစေသည်။

"လင်ချန်က တကယ့်ကို သဘောထားကြီးမြတ်တဲ့ စစ်သူကြီးလောင်းပဲ..."

"လက်ရွေးစင်တပ်ဖွဲ့ရဲ့ အထူးချွန်ဆုံး လူတော်တစ်ယောက် ဖြစ်ရတာနဲ့ တန်ပါပေတယ်..."

လူငယ်စစ်သည်များနှင့် ဗိုလ်မှူးအချို့သည် လေးစားအားကျသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေကြ၏။

ဤကဲ့သို့သော ဟန်ပန်အမူအရာမျိုးကြောင့် အရပ်ဘက်နှင့် စစ်ဘက် အရာရှိအချို့ပင်လျှင် မနေနိုင်ဘဲ ချီးကျူးစကား ဆိုမိကြလေသည်။

"လင်ချန်ဆိုတဲ့ ကလေးက အနာဂတ်မှာ အတိုင်းအဆမဲ့ တိုးတက်လာမယ့်သူပဲ..."

"သေချာပေါက် အင်မော်တယ်မင်းဆက်ရဲ့ နောင်တစ်ခေတ် အားထားရမဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ..."

လင်ကန်း၏ မျက်လုံးများထဲတွင် ကျေနပ်ဂုဏ်ယူမှုများ ပြည့်နှက်နေလေသည်။

"ငါ့သားက တကယ်ကို ဉာဏ်ကောင်းတာပဲ... ဒီလိုမျိုး စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်တာက ဆဲဆိုကြိမ်းမောင်းနေတာထက် အများကြီး ပိုထိရောက်တယ်..."

ဘေးပတ်ဝန်းကျင်မှ ချီးကျူးပြောဆိုသံများကို ကြားလိုက်ရသဖြင့် လင်ချန် ပြုံးလိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုမိုတိုးပွားလာလေသည်။

"ဟမ့်... မင်းသာ တပ်ထဲပြန်လာရဲရင် မင်းကို သတ်ပစ်ဖို့ နည်းလမ်းပေါင်း သန်းချီရှိတယ်... စကားအပြောခံရမှာလည်း မဟုတ်သလို သက်သေကျန်ခဲ့မှာလည်း မဟုတ်ဘူး..."

"ဒါပေမဲ့ ညတာရှည်လေ အိပ်မက်ရှည်လေ ဖြစ်မှာစိုးလို့ အမြန်ဆုံး ရှင်းပစ်ရမယ်..."

လင်ချန်သည် ကျုံးကျဲ၏ တည်ငြိမ်ခိုင်မာသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် အလိုလို ဒေါသများ ထွက်ပေါ်လာ၏။ ဤသည်က ရေစက်မပါဘူး ဆိုတာမျိုး ဖြစ်လောက်သည်။

ကျုံးကျဲသည် မျောက်တစ်ကောင်လို သရုပ်ဆောင်နေသော လင်ချန်ကို အေးစက်စွာ စိုက်ကြည့်နေလိုက်၏။

မလိုမုန်းထားမှုများ ပြည့်နှက်နေသော ထိုအကြည့်များကို သူ လုံးဝ လျစ်လျူရှုလိုက် လေသည်။

"လင်ချန်... အပိုစကားတွေ ပြောမနေနဲ့တော့... စကားများနေတာ အလကားပဲ..."

"ငါ့မျက်လုံးထဲမှာတော့ မင်းက အလောင်းကောင်တစ်ကောင်နဲ့ ဘာမှမခြားနားတော့ဘူး..."

"အလောင်းကောင်တစ်ကောင်နဲ့ စကားအများကြီး မပြောချင်ဘူး... လာစမ်းပါ... လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး မင်း လဲလှယ်ရယူထားတဲ့ မျိုးနွယ်ခြား အမွေအနှစ်က ဘယ်လောက်တောင် စွမ်းသလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

သူ၏ လေသံသည်အေးစက်နေပြီး နှစ်သောင်းချီ အေးခဲနေသော ရေခဲတုံးကြီးကဲ့သို့ဖြစ်နေကာ လင်ချန်၏ မျက်နှာကို မြေကြီးပေါ်တွင် ပွတ်ဆွဲလိုက်သလိုပင်။

"ရှူး..."

လင်ချန်၏ ခန္ဓာကိုယ်ပေါ်တွင် နက်မှောင်သော ဝိညာဉ်အမှတ်အသားများ ရုတ်တရက် ထွက်ပေါ်လာ၏။

ထောင်သောင်းချီသော ဝိညာဉ်စာများသည် သူ၏ ခြေထောက်အောက်မှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွား‌ကြသည်။

တစ်ဖန် တစ်နေရာတည်းတွင် စုစည်းသွားကြပြီး ပြန်လည်ကွေ့ဝိုက်ကာ သူ့ခေါင်းထိပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြပြန်၏။

သူ့ခန္ဓာကိုယ်ပတ်လည်တွင် သုံးပေခန့် ကျယ်ဝန်းသော ယမမင်း၏ နတ်ဆိုးမီးတောက်များ တောက်လောင်လာလေသည်။

ဟုန်းဟုန်းတောက်လောင်နေသော်လည်း သေဆုံးသူများပိုင်ဆိုင်သော အဆုံးမဲ့ အေးစက်မှုများကို ထုတ်လွှတ်နေ၏။ သူ့ခေါင်းပေါ်တွင် ကြီးမားသော ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က လက်တစ်ဖက်က ကျမ်းစာအုပ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ချိန်ခွင်ကို ကိုင်ဆောင်ထား၏။

ပုံရိပ်က ကျမ်းစားကိုင်ထားသည့်လက်ကို မြှောက်ကာ ခြေကို လှမ်းလိုက်သည်နှင့် သက်ရှိသတ္တဝါပေါင်းများစွာ သေဆုံးသွားကြသည်။ ပြီး‌နောက်ထပ်မံ၍ ပြန်လည် ရှင်သန်လာကြပြန်သည်။

ချိန်ခွင် တိမ်းစောင်းသွားပါက အသက်တစ်ချောင်း သေချာပေါက် သေဆုံးရမည်။ ချိန်ခွင် ပြန်တည့်သွားပါက သက်ရှိအားလုံး အသက်ရှင်ရမည်။

အသက်နှင့်သေခြင်းကို စီရင်ဆုံးဖြတ်သော ဘဝအကဲဖြတ်တရားသူကြီး တစ်ပါး၏ ဟန်ပန်အပြည့်ပင်။

လင်ချန်သည် မသေမျိုးမြင့်မြတ်ခန္ဓာ၏ ကောင်းကင်နှင့်မြေကြီး ထူးခြားဖြစ်စဥ်ကို ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်၏။

ကံဆိုးစွာဖြင့် ဤပုံရိပ်ယောင်သည် ခန္ဓာကိုယ်ကိုသာ ဖော်ပြထားပြီး ခေါင်းပိုင်း ပေါ်ထွက်လာခြင်း မရှိပေ။

ကြည့်ရသည်မှာ အနည်းငယ် မပြည့်စုံသကဲ့သို့ပင်။

အမတ်ချုပ်ကြီးချန်သည် လင်ချန်ကို တစ်လှည့် ထိုပုံရိပ်ယောင်ကို တစ်လှည့်ကြည့်ရင်း စိတ်ထဲတွင် သံသယအချို့ ဖြစ်ပေါ်လာသည်။

သို့သော် ဝိညာဉ်အမျိုးအစား တာအိုခန္ဓာများမှ ဖြစ်ပေါ်လာသော ထူးခြားဖြစ်စဉ်များသည် အခြေခံအားဖြင့် ဆင်တူကြလေသည်။

သေခြင်းတရားကဲ့သို့သော ဓာတ်ကြီးမျိုးကို ပိုင်ဆိုင်ထားသည့် ရှေးဟောင်းနတ်ဘုရားမှာ တစ်ပါးတည်း မဟုတ်ပေ။

ဟွမ်ရှားမျိုးနွယ်ထဲတွင် သေခြင်းတရားနှင့် ဝိညာဉ်များကို ထိန်းချုပ်သော ရှေးဟောင်းနတ်ဘုရား ရှိသကဲ့သို့ လူသားမျိုးနွယ်ထဲတွင်လည်း ထိုကဲ့သို့ နတ်ဘုရားမျိုး ရှိပေသည်။

လူငယ်စစ်သည်များ အားလုံးသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သော မျက်နှာထားများ ဖြစ်ကုန်ကြ၏။

"ဒါက အရမ်း ကြောက်စရာကောင်းတာပဲ..."

"ငါတို့ရဲ့ အသက်နဲ့သေခြင်းက သူ့ရဲ့ စိတ်ကူးတစ်ချက်အပေါ်မှာပဲ မူတည်နေသလို ခံစားရတယ်..."

"ဗိုလ်မှူးရဲ့ ပါရမီက နန်တျန်အင်မော်တယ်မင်းဆက်ရဲ့ မျိုးဆက်တူတွေထဲမှာ နံပါတ်တစ် ဖြစ်ရတာနဲ့ တန်ပါပေတယ်..."

"ကြားတာတော့ ဗိုလ်မှူးက ကျင့်ကြံမှု အကြီးအကျယ် တိုးတက်သွားပြီး အခုဆိုရင် နိယာမနယ်ပယ် အဆင့် (၆) ဖြစ်တဲ့ ဝိညာဉ်စုစည်းခြင်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီတဲ့... ဒါပေမဲ့ ငါ့အထင်တော့ သာမန် နိယာမနယ်ပယ် (၇) ဆင့်၊ (၈) ဆင့်လောက်ရှိတဲ့ သူတွေတောင် သူ့ပြိုင်ဘက် မဟုတ်လောက်ဘူး..."

"ဒါက...သေချာတာပေါ့... ငါ့အဖွဲ့က ဗိုလ်မှူးဆိုရင် နိယာမနယ်ပယ် (၇) ဆင့် ရှိတယ်...ဒါပေမဲ့ အရှိန်အဝါချင်း ယှဉ်ကြည့်ရင် ဗိုလ်မှူးနဲ့ အများကြီး ကွာခြားနေသေးတယ်... တစ်ချက်တည်းနဲ့တောင် အနိုင်ယူလို့ ရလောက်တယ်..."

"ဟေ့ကောင်... တိုးတိုးပြောစမ်းပါ... မင်းတို့ ခေါင်းဆောင်က အနောက်မှာ ကြည့်နေတယ်ဟ..."

အရပ်ဘက်နှင့် စစ်ဘက် အရာရှိအပေါင်းတို့သည်လည်း ဤထူးခြားဖြစ်စဉ်ကို မြင်လိုက်ရသည့်အခါ ပို၍ပင် အံ့သြသွားကြလေသည်။

"ဝိညာဉ်အမျိုးအစား မြင့်မြတ်ခန္ဓာပဲ... သတ်ဖြတ်ခြင်းစွမ်းအင်တွေကို ထိန်းချုပ်ဖို့ အရမ်းသင့်တော်တယ်..."

"ကောင်းကင်ဘုံက ငါတို့မင်းဆက်ကို ကောင်းချီးပေးတာပဲ... အနာဂတ်မှာ စစ်သူကြီးစစ်မာကျောင်းလိုမျိုး သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ထပ်ပေါ်လာတော့မယ်..."

"ငါတို့မင်းဆက်ရဲ့ နယ်မြေချဲ့ထွင်ရေး မျှော်လင့်ချက် ရှိလာပြီ..."

ဟန်တန်းနှင့် အခြားသော လက်ရွေးစင်တပ်ဖွဲ့ အကြီးအကဲအချို့သာလျှင် မျက်နှာ ပျက်နေကြလေသည်။ ဤလင်ချန်ရဲ့ ပါရမီက တကယ်ကို ထူးခြားလွန်းသည်။

စစ်တပ်ထဲတွင် သတ်ဖြတ်ခြင်းအမျိုးအစား သို့မဟုတ် ဝိညာဉ်အမျိုးအစား ခန္ဓာကိုယ်နှင့် ပါရမီများသည် အလွန် လူကြိုက်များလေသည်။

သူသည် မူလကတည်းက ဝိညာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး ယခုအခါ ငရဲတာအိုအမှတ်အသားနှင့် ပေါင်းစည်းလိုက်သဖြင့် မသေမျိုးမြင့်မြတ်ခန္ဓာ ဖြစ်လာခဲ့ပြီ ဖြစ်၏။

ပါရမီအရ ပြောရမည်ဆိုလျှင် အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်ရှိ မင်းဆက်ကြီးများနှင့် ရှေးဟောင်းမြင့်မြတ်နယ်မြေများမှ သူတော်စင်သားတော် သမီးတော်များနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

All Chapters