အခန်း (၅၈)
Vol. 6 Ch. 58
ဤကဲ့သို့သော ပါရမီမျိုးရှိသူကို အင်မော်တယ်မင်းဆက်က လွယ်လွယ်ကူကူ လက်လွှတ်မည် မဟုတ်ပေ။ သူ့ကို သေချာပေါက် ကာကွယ်စောင့်ရှောက်ပေးပြီး ချောမွေ့စွာ ကြီးပြင်းလာစေပေမည်။
ထို့အပြင်တစ်ဖက်တစ်လမ်းမှလည်း အရှင်သခင်တစ်ပါး ဖြစ်လာစေရန် ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် အဆုံးသတ်တွင် ကျုံးကျဲ စွပ်စွဲခံရသည်မှာ မှန်ကန်ကြောင်း သက်သေပြနိုင်လျှင်ပင် သူ့အတွက် တရားမျှတမှုကို ယူဆောင်ပေးမည် မဟုတ်တော့ချေ။
ထိုအစား ရက်ရက်စက်စက် သတ်ဖြတ်ကာ မြက်ပင်ကို နှုတ်ပါက အမြစ်ပါမကျန်သလို ရှင်းလင်းပစ်ပေလိမ့်မည်။
အင်မော်တယ်မင်းဆက် အတွင်းပိုင်းမှ ရက်စက်ကြမ်းကြုတ်မှုများကို အဆင့်မြင့်အရာရှိများ ဖြစ်ကြသည့် သူတို့က မည်သူ့ထက်မဆို ပို၍ နားလည်ကြပေသည်။
ကျုံးကျဲ တံခါးဝသို့ လာရောက်သည့် အချိန်ကတည်းက သူ့ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အမှားနှင့် အမှန်၊ အဖြူနှင့် အမည်း၊ တရားသောသူနှင့် မတရားသောသူ၊ လူသားမျိုးနွယ်နှင့် လူမျိုးခြားအားလုံးဟာ အရေးမပါတော့ပေ။
မြင့်မြတ်နယ်မြေမှ အကြီးအကဲဆွန်သည်လည်း ထိုအကြောင်းရင်းကို နားလည်သဘောပေါက်ထားသူပင် ဖြစ်သည်။
ငရဲနတ်ဘုရားတစ်ပါး လူပြန်ဝင်စားလာသကဲ့သို့ ဝိညာဉ်အငွေ့အသက်များကို ထုတ်လွှတ်နေသော လင်ချန်ကို ကြည့်ရင်း သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်မိလေသည်။
သူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင် အချို့ ထင်ဟပ်နေ၏။
"ရှောင်ကျဲ... ဒီလို အင်မော်တယ်မင်းဆက်မျိုးမှာ မနေတာက ပိုကောင်းပါတယ်... ငါနဲ့အတူ မြင့်မြတ်နယ်မြေက ဂိုဏ်းဆီကို ပြန်လိုက်ခဲ့ပါကွာ..."
"မြင့်မြတ်နယ်မြေမှာ ကျင့်ကြံအားထုတ်ပြီး အပြင်စည်းအကြီးအကဲတွေနဲ့ မိစ္ဆာဂိုဏ်းတွေ... တခြားလူမျိုးစုတွေကို နှိမ်နင်းလို့ရတယ်လေ..."
"မင်းရဲ့ အောင်မြင်မှုက ဒီနေရာထက် မနိမ့်ကျစေရပါဘူးကွာ..."
သို့နှင့်သူ့ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး လင်ချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဝိညာဉ်ဖိအားအချို့ကို ကာကွယ်ပေးရန် ကျုံးကျဲ၏ ရှေ့တွင် ဝင်ရပ်လိုက်သည်။
ထိုဖိအားများက ကျုံးကျဲကို ထိခိုက်သွားမည်အား သူ စိုးရိမ်နေမိခြင်းပင်။
"အကြီးအကဲဆွန် စိတ်မပူပါနဲ့..."
"အင်မော်တယ်မင်းဆက်ကို ပြန်တာ မပြန်တာက တခြားကိစ္စပါ..."
"ဒီနေ့တော့ တရားမျှတမှုကို ကျွန်တော်မဖြစ်မနေ ရယူရပါမယ်..."
"ပြီးတော့ ကျွန်တော်နဲ့ ဒီလင်ချန်က ကောင်းကင်တာအိုရဲ့ ရေစက်ဆိုးတွေလေ... တစ်နေ့ကျရင် တိုက်ခိုက်ရမှာပဲ... ရှောင်လွှဲလို့မရဘူး... အခု ဒီနေ့မှာပဲ ရန်ငြိုးအဟောင်းကော အသစ်ကော အကုန်လုံးကို တစ်ခါတည်း ရှင်းပစ်လိုက်ပါ့မယ်..."
ကျုံးကျဲက ခြေတစ်လှမ်း ခပ်ဖွဖွနင်းလိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကာ အကြီးအကဲဆွန်ကို ကွေ့ပတ်ကျော်သွားလိုက်သည်။
သူ့ပုံရိပ်က ဝေဝါးသွားပြီး လျှပ်စီးအလား လျင်မြန်စွာ ရွေ့လျားသွားရာ မျက်စိတစ်မှိတ်အတွင်း လင်ချန်နှင့် ငါးပေ ခြောက်ပေခန့် အကွာအဝေးသို့ ရောက်ရှိသွားလေ၏။
ပတ်ဝန်းကျင်မှ ဆွေးနွေးငြင်းခုံသံများနှင့် စကားပြောသံများ အားလုံး ရပ်တန့်သွားကြသည်။
"ဟေ... ဗိုလ်မှူးကျုံးကျဲက တာအိုအမှတ်အသား အလုခံထားရပြီးတော့ အခြေခံအုတ်မြစ် ထိခိုက်ထားတာ မဟုတ်ဘူးလား..."
"အသက်ရှင်ရက် လွတ်လာရင်တောင် ကျင့်ကြံခြင်းအဆင့်က အရင်လို ကောင်းတော့မှာ မဟုတ်ဘူးလေ..."
လူအုပ်ကြီးမှာ မယုံနိုင်သော မျက်လုံးများဖြင့် ကျုံးကျဲကို ကြည့်လိုက်ကြသည်။ အမတ်ချုပ်ကြီးချန်နှင့် အမတ်ချုပ်လင်ကန်းတို့၏ မျက်လုံးအိမ်များပင် ကျုံ့သွားလေ၏။
သူတို့ကဲ့သို့သော အဆင့်မြင့် ကျွမ်းကျင်သူများ၏ အမြင်တွင် ကျုံးကျဲ၏ ခန္ဓာကိုယ် လှုပ်ရှားမှုမှာ ခြေလှမ်းစည်းချက်များကို အလွန်တိကျသေချာသည့် အဆင့်အထိ ထိန်းချုပ်ထားနိုင်သည်ကို မြင်တွေ့နေရသည်။
ယင်းမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်စွမ်းအင် လိုအပ်ချက် အလွန်မြင့်မားလှပေသည်။ တစ်ခဏအတွင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ၊ အရိုးများနှင့် ဝိညာဉ်စွမ်းအင်များကို တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာစေရန် လှုံ့ဆော်ပေးနိုင်မှသာ ဤကဲ့သို့သော ကိုယ်ဖော်ပညာ ရလဒ်မျိုးကို ရရှိနိုင်မည် ဖြစ်သည်။
ဤကဲ့သို့သော လှုပ်ရှားမှုမျိုးကို သာမန် နိယာမနယ်ပယ် သတ္တမအဆင့် ရှိသူများပင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
အနည်းဆုံး နိယာမနယ်ပယ် အဋ္ဌမအဆင့် ဖြစ်သော စစ်မှန်သောမီးတောက်ဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောမီးတောက်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို သန့်စင်ထားမှသာ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးပွားလာပြီး ဤကဲ့သို့ ခက်ခဲသော ကိုယ်ဖော်ပညာမျိုးကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ကျုံးကျဲ၏ မျက်နှာထားမှာ ရေကန်အလား တည်ငြိမ်နေပြီး ထိုပြောဆိုနေကြသည့် အသံများကို လုံးဝ ဂရုမစိုက်ပေ။
သူ့မျက်လုံးထဲတွင် ပစ်မှတ်မှာ လင်ချန်တစ်ယောက်တည်းသာ ရှိနေသည်။ လင်းချန်က မူလနေရာတွင် မတ်တပ်ရပ်နေသည်။
ကျုံးကျဲ၏ တစ်ကိုယ်လုံးမှ အရှိန်အဝါများက အလွန်လျင်မြန်စွာ မြင့်တက်လာပြီး ခန္ဓာကိုယ် အပြင်ဘက်တွင်လည်း အနီရောင်အလင်းတန်းများ စတင် ထွက်ပေါ်လာသည်။
ထိုအလင်းတန်းမှာ အစပိုင်းတွင် အလွန်ပါးလွှသော်လည်း နောက်ပိုင်းတွင် သွေးကဲ့သို့ နီရဲတောက်ပြောင်လာလေသည်။
ထိုအလင်းတန်းများ စီးဆင်းသွားသည်နှင့် မြို့တံခါးမျှော်စင် တစ်ခုလုံးမှာ အနီရောင်အလင်းများဖြင့် လင်းထိန်သွား၏။
အဆုံးမဲ့ သတ်ဖြတ်ခြင်း အသံဗလံများက သူ့ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသည်။ သံချပ်ကာမြင်းပျံများ၊ မြေကမ္ဘာ တုန်ခါခြင်းများ သတ်ဖြတ်ရန် ကြွေးကြော်သံများက နားထဲတွင် မရပ်မနား ပဲ့တင်ထပ်နေပြီး လူများကို သတိမထားမိလိုက်ဘဲ လွှမ်းမိုးသွားစေသည်။
သူတို့၏ သွေးကြောများကို ဖောင်းပွလာပြီး သွေးများ ဆူပွက်လာကာ ဓားဆွဲထုတ်၍ တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာစေ၏။
ထိုအရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် မိုင်ပေါင်းတစ်ထောင် ပတ်လည်ရှိ သတ်ဖြတ်ခြင်း စွမ်းအားများ စုစည်းရောက်ရှိလာပြီး လူအုပ်ကြီး၏ ခေါင်းပေါ်တွင် ဝဲပျံနေကြသည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များကြောင့် လူအုပ်ကြီးမှာ ရှေးဟောင်းစစ်မြေပြင်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူကြပ်ကာ စိတ်လှုပ်ရှားလာကြသည်။
ကောင်းကင်ယံတွင် အရေးပေါ် စစ်မြေပြင် ဗုံသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဗုံသံ စည်းချက်တစ်ခုစီ၏ တီးခတ်လိုက်မှုတိုင်းသည် ကောင်းကင်အပြည့် လွှမ်းခြုံနေသော သတ်ဖြတ်ခြင်း စွမ်းအားများကို တုန်ခါသွားစေ၏။
မြို့စောင့်တပ်သားများပင်လျှင် လက်ထဲမှ လှံရှည်များကို မသိလိုက်ဘာသာ တင်းကျပ်စွာ ဆုပ်ကိုင်မိလိုက်ကြပြီး ရင်ထဲတွင် အဆုံးမဲ့သည့် သတ္တိမီးလျံများ လောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ကြရသည်။
သူတို့၏ အာရုံခံစားမှုထဲတွင် သူတို့ရှေ့မှ ကျုံးကျဲသည် တစ်ကိုယ်တည်း မဟုတ်တော့ပေ။ သူ့နောက်တွင် သတ်ဖြတ်ရန် အသင့်ပြင်ထားသော သန်းချီသည့် စစ်တပ်ကြီးတစ်ခု ပါရှိနေသကဲ့သို့ပင်။
ထိုပုဂ္ဂိုလ်၏ အတွင်းထဲ၌ အဆုံးမဲ့ သတ်ဖြတ်ခြင်းများ ကိန်းအောင်းနေပေသည်။
"လင်ချန်... မင်းရဲ့ မသေမျိုးမြင့်မြတ်ခန္ဓာက ငါနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး..."
ကျုံးကျဲသည် သွေးရောင်အလင်းတန်းများကြားတွင် ရေချိုးနေသကဲ့သို့ ရပ်နေသည်။ ဆံပင်ရှည်များနှင့် သူ၏ဝတ်ရုံစများမှာ ကောင်းကင်ပေါ်သို့ လွင့်ပျံတက်နေကာသူ့၏တည်ရှိမှုသည် ရိုင်းစိုင်းကြမ်းတမ်းပြီး လောကတွင် ပြိုင်ဘက်ကင်းသော အငွေ့အသက်မျိုး ပေးစွမ်းနေ၏။
မည်သူမဆို ဤသတ်ဖြတ်ခြင်း စွမ်းအားများဖြင့် လွှမ်းခြုံလိုက်ခံရပါက အကြောင်းပြချက်မရှိဘဲ စိတ်တက်ကြွလာပြီး ရန်သူကို အသေခံ တိုက်ခိုက်ချင်စိတ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။
သူ့ခန္ဓာကိုယ်မှ ရှေးဟောင်းတိုက်ပွဲခေါ်သံသီချင်းသံများ ထွက်ပေါ်နေပြီး မကြားတကြား ဖြစ်နေသော်လည်း ကြီးမားသော ကံတရားအထောက်အပံ့များ ကိန်းအောင်းနေပေသည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားသော စာပေပညာရှင်၊ သိုင်းပညာရှင် အမတ်မင်းများပင်လျှင် ထိုအသံကို ကြားလိုက်ရသည့်အခါ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
ထိုမသဲမကွဲအသံများကပင် သူတို့ကိုတွေးတောဆင်ခြင်စေပြီး အလွန်နက်နဲဆန်းကြယ်မှုကိုပေးစွမ်းနေသည်ဟု ခံစားရစေ၏။
ထိုအထဲတွင် ကောင်းကင်တာအို၏ အမှန်တရားများ ပါဝင်နေသကဲ့သို့ပင်။ သို့သော် ထိုရှေးဟောင်းတိုက်ပွဲခေါ်သံသီချင်းမှာ အလွန်အံ့သြဖွယ် ကောင်းလွန်းပြီး ရုတ်တရက် နားထောင်လိုက်လျှင် ရှင်းလင်းပြတ်သားသော်လည်း သေချာ တွေးတောဆင်ခြင်လိုက်ပြန်လျှင်လည်း အလွန်ဝေဝါးသွားရပြန်သည်။
ထိုအရာက သူတို့၏ စိတ်နှလုံးကို ကြောင်ကုတ်သကဲ့သို့ ဖြစ်စေပြီး ကျုံးကျဲအနီးသို့ တိုးကပ်ကာ တင်ပျဉ်ခွေထိုင်၍ တိုက်ပွဲခေါ်သံသီချင်းကို နားထောင်ချင်စိတ် ပေါက်သွားစေသည်။
"ဒီကျုံးကျဲက ကံတရားအထောက်အပံ့ ရထားတာပဲ..."
"ငရဲတာအို အမှတ်အသားကို ဆုံးရှုံးသွားပြီးတော့ ပိုပြီး အစွမ်းထက်တဲ့ ခန္ဓာကိုယ်မျိုးကို ရရှိသွားတာပဲ..."
"ကြည့်ရတာ ဗိုလ်မှူးရဲ့ မသေမျိုးမြင့်မြတ်ခန္ဓာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတယ်... ပြီးတော့ ဒီသီချင်းနဲ့ စစ်မြေပြင်ဗုံသံတွေက စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ပြီး ဉာဏ်အလင်းရစေတဲ့ အစွမ်းသတ္တိတွေ ရှိနေတယ်..."
"ဒီလို ပါရမီရှင်မျိုးက လူမျိုးခြားတွေဆီ ဘာလို့ ခိုလှုံရမှာလဲ... ဒီကိစ္စမှာ သေချာပေါက် နောက်ကွယ်က အကြောင်းရင်း ရှိလိမ့်မယ်..."
"ဒီလို လူတော်မျိုးကို လက်လွှတ်လိုက်ရရင် ငါတို့ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်လာလိမ့်မယ်..."
"မဖြစ်ဘူး... ဒီကိစ္စက အင်မော်တယ်မင်းဆက်အတွက် အရမ်းအရေးကြီးတယ် ငါတို့ ဧကရာဇ်မင်းမြတ်ကို တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခိုင်းပြီး ဒီကိစ္စကို ကိုယ်တိုင် ဆုံးဖြတ်ပေးဖို့ လျှောက်တင်ရမယ်..."
ဘက်မလိုက်ဘဲ နေနေကြသော စာပေပညာရှင်၊ သိုင်းပညာရှင် အမတ်တစ်ဝက်ခန့်မှာ စတင် ဆွေးနွေးလာကြပြီး ထိုအထဲမှ လက်ရွေးစင်တပ်ဖွဲ့၏ ဗိုလ်မှူးအချို့မှာ စိတ်လှုပ်ရှားနေကြကာ အပြစ်ပေးခံရမည့် အန္တရာယ်ကိုပင် စွန့်စား၍ ဧကရာဇ်မင်းမြတ်ကို သွားရောက်ဖိတ်ခေါ်ကာ အဖြစ်အမှန်ကို ဆုံးဖြတ်ပေးရန် စီစဉ်လိုက်ကြသည်။
ထိုဘက်မလိုက်သော အရာရှိများမှာ မည်သည့်ဘက်ကိုမျှ အားမပေးဘဲ အင်မော်တယ်မင်းဆက်အတွက် အကျိုးရှိမည့်သူ ဖြစ်လျှင် သူတို့၏ ထောက်ခံမှုကို ရရှိမည် ဖြစ်သည်။
စစ်သူကြီးရွှမ်သယ် ဟန်တန်း၏ စိတ်ထဲတွင် ပို၍ပင် အံ့အားသင့် ဝမ်းသာသွားရလေ၏။
"ဒီလောက်ကြီးမားတဲ့ ကံတရားအထောက်အပံ့က စစ်နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါလို့ ပြောရင်တောင် မမှားဘူး... ကြည့်ရတာ ကျုံးကျဲက ကံတရားအထောက်အပံ့ အကြီးကြီး ရထားပုံပဲ..."
"ငါ အခုပဲ တောင်ဘက်ကောင်းကင် နဂါးနယ်မြေကို သွားပြီး နန်တျန်ဧကရာဇ်ကို ကူညီဖို့ ဖိတ်ခေါ်လိုက်မယ်..."
"လူကြီးမင်းတို့... ကျုံးကျဲကို သေချာကြည့်ထားကြပါ သူ့ကို ဘာမှ အထိအခိုက် မခံပါနဲ့..."
သူက ဘေးပတ်ဝန်းကျင်ရှိ တပ်မှူးများကို ပြောကြားလိုက်ပြီးနောက် ခန္ဓာကိုယ်ကို လှုပ်ရှားကာ မြို့စောင့်အစီအရင်ထဲသို့ ဝင်ရောက်သွားပြီး နန်းတော်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။
အမတ်ချုပ်ကြီးချန် မျက်လုံးများကို မှေးလိုက်သည်။
အခြားသူများနှင့် ယှဉ်လျှင် သူက ပို၍ အကဲခတ်တတ်သူ ဖြစ်သည်။
"ဒီကောင်လေးက သာမန်မဟုတ်ဘူး... ဒါက ဒဏ္ဍာရီထဲက ကောင်းကင်နှင့်မြေကြီးကိုအစိုးရတဲ့ စစ်ဘုရင်ခန္ဓာကိုယ်ပဲ..."
"ဒါပေမဲ့ ဒဏ္ဍာရီထဲမှာ ရှေးဟောင်းစစ်ဘုရင် ကုန်းယဲ့ယွီက ဟန်ဧကရာဇ်ရဲ့ လက်ထဲမှာ ရှုံးနိမ့်ပြီး စစ်ပွဲရှုံးတာကို လက်မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာလေ... နတ်ဘုရားလက်နက်ဖြစ်တဲ့ စစ်ဘုရင်ရဲ့လှံရှည်ကလည်း ဟင်းလင်းပြင်ထဲ ဝင်သွားပြီး ပျောက်ချင်းမလှ ပျောက်သွားတာ.... အမွေအနှစ် ချန်ထားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလည်း မရှိပါဘူး..."
သူ့စိတ်ထဲတွင် သံသယများ ဝင်ရောက်လာပြီး အကျိုးအမြတ်များကို စတင် တွက်ချက်နေတော့သည်။
ဤကိစ္စကို သေချာ ကိုင်တွယ်ဖြေရှင်းမှ ဖြစ်ပေမည်။
လင်ချန်မှာမူ တစ်ကိုယ်လုံး တောင့်တင်းသွားလေ၏။
"ဒါက ဒဏ္ဍာရီထဲက ရှေးဟောင်းစစ်ဘုရင် တွေပဲပိုင်ဆိုင်နိုင်တဲ့ အရှင်သခင်ခန္ဓာပဲ... ပြီးတော့ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတဲ့ စစ်ဘုရင်ခန္ဓာ တဲ့လား..."
"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး..."
လင်ချန်၏ မျက်လုံးများတွင် ချက်ချင်းပင် သွေးကြောများယှက်သန်းလာကာ နီရဲသောသူ့မျက်လုံးအစုံဖြင့် ကျုံးကျဲကို စိုက်ကြည့်လိုက်လေသည်။