အခန်း (၆၀)
Vol. 6 Ch. 60
အမတ်ချုပ်ကြီးချန်သည် ကျုံးကျဲကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ သူ့မျက်နှာထားမှာ အလွန်အမင်း ရှုပ်ထွေးနေသည်။
"လင်ချန်ရဲ့ယမမင်းစွမ်းအားဆိုတာက သေမင်းစွမ်းအင်ရဲ့ အခွဲတစ်ခုဖြစ်ပြီး အသက်စွမ်းအားကို အတင်းအဓမ္မ စုပ်ယူနိုင်တဲ့နေရာမှာ အလွန်စွမ်းအားကြီးတဲ့စွမ်းအားတစ်ခုပဲ..."
"ဒါ့အပြင် ပုံမှန်တွေ့နေကျဖြစ်တဲ့ ဓာတ်ကြီးငါးပါး အပြန်အလှန် ချုပ်ထိန်းမှု သဘောတရားတွေကလည်း သူ့အပေါ် သိပ်ပြီး သက်ရောက်မှု မရှိဘူး..."
"အဲ့ဒါတောင် ဒီကောင်းကင်နှင့်မြေကြီး စစ်ဘုရင်ခန္ဓာ... ဒီခန္ဓာကိုယ်က ဒဏ္ဍာရီထဲကထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပါလား..."
သူသည် တည်ငြိမ်အေးဆေးနေသော ကျုံးကျဲကို ကြည့်ရင်း ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ စိုးရွံ့ထိတ်လန့်မှု တစ်ခု ဖြစ်ပေါ်လာမိသည်။
ဤကဲ့သို့ ခံစားချက်မျိုးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ သူ့ကျင့်ကြံခြင်းအဆင့် နိမ့်ပါးစဉ်အချိန်က သူ့ထက်များစွာ စွမ်းအားကြီးသော သူများနှင့် ရင်ဆိုင်ရသည့် အချိန်တွင်သာ ဖြစ်ပေါ်ဖူးသည့် ခံစားချက်မျိုး ဖြစ်သည်။
"ဒီကောင်လေး..."
"စစ်ဘုရင်ခန္ဓာ၊ အနောက်ဘက်ခြမ်း ချူစစ်ဘုရင်၊ အင်မော်တယ်မင်းဆက် ဘဏ္ဍာတိုက်..."
သူ့စိတ်ထဲတွင် လောဘစိတ်အချို့ ဖြစ်ပေါ်လာလေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အင်အားစု အားလုံးကြားတွင် ရှေးယခင်ကတည်းက ရေးသားထားခြင်း မရှိသော စည်းမျဉ်းတစ်ခု ရှိခဲ့သည်။
ဂိုဏ်းမှ အကြီးအကဲများသည် မိမိဂိုဏ်းဝင်တပည့်များ၏ ပါရမီနှင့် ကံတရားအထောက်အပံ့များကို လိုချင်တပ်မက်ပြီး လုယူခြင်း မပြုရပေ။ ထိုသို့ ပြုလုပ်ပါက တစ်လောကလုံးရှိ လူအများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။
အကယ်၍ ဆရာသမားနှင့် အကြီးအကဲများက တပည့်နှင့် မျိုးဆက်သစ်များ၏ အခွင့်အရေးများကို အရိုင်းဆန်စွာ လုယူနေကြမည် ဆိုလျှင် နောက်ဆုံးတွင် လောကရှိ ကျင့်ကြံခြင်းလမ်းစဉ်များ ပျောက်ကွယ်သွားပေလိမ့်မည်။
ဂိုဏ်းများနှင့် အင်မော်တယ်မင်းဆက်များတွင် ဆက်ခံသူများ ရှိတော့မည် မဟုတ်ပေ။
ဤသို့ဖြင့်အဆုံးတွင် နတ်ဘုရားကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု၏ အင်အားစုအားလုံး ကျဆုံးသွားရပေလိမ့်မည်။ ထိုသည်က ကန်ရေကို ခန်းအောင်လုပ်ပြီး ငါးဖမ်းသည်နှင့် တူနေပေသည်။
ထိုသည်သာမက အခြားအကြောင်းပြချက် တစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ ကံတရား၏ သားတော်များ တစ်နည်း ကောင်းကင်ကံတရား ပိုင်ဆိုင်ထားသူများတွင် အလွန်အားကောင်းသော ကံတရား အထောက်အပံ့များ ရှိနေတတ်ပြီး သူတို့ဘေးတွင် စွမ်းအားကြီးသော အစောင့်အရှောက်များ အမြဲ ပါရှိတတ်ခြင်းပင် ဖြစ်သည်။
အတင်းအဓမ္မ သတ်ဖြတ်လိုက်ပါက ကောင်းကင်တာအို၏ ဝင်ရောက်စွက်ဖက်မှုများ ရှိလာနိုင်ပြီး မမျှော်လင့်ထားသော အခြေအနေဆိုးများ ပေါ်ပေါက်လာနိုင် ပေသည်။
သို့သော်လည်း ကျုံးကျဲ ပိုင်ဆိုင်ထားသောကံတရားမှာ အလွန်လောဘတတ်ချင်စရာပင်။
ထိုအရာသည် ရှေးယခင်ကတည်းက ယနေ့ထိ တစ်ပါးတည်းသော စစ်ဘုရင်၏ အမွေအနှစ် ဖြစ်ပေသည်။
ထိုအမွေအနှစ်ထဲတွင် သူတော်စင်အဆင့်သာမက နတ်ဘုရားအဆင့်အထိ ရောက်ရှိနိုင်သော အခွင့်အလမ်းများ ကိန်းအောင်းနေသည်။
ထို့အပြင် ကျုံးကျဲ၏ ဘေးနားတွင် စွမ်းအားကြီးသော အစောင့်အရှောက် လုံးဝမရှိကြောင်း အမတ်ချုပ်ကြီးချန် သေချာပေါက်ပြောနိုင်သည်။
စစ်ဘုရင်၏ အမွေအနှစ် ဘဏ္ဍာတိုက်မှာ ပျောက်ဆုံးနေပြီး ဆယ်ပုံ ရှစ်ပုံခန့်မှာ စစ်ဘုရင်ခန္ဓာပိုင်ရှင်သာလျှင် ပြန်လည် သွားရောက်ယူနိုင်မည့် အခြေအနေ ဖြစ်သည်။
ကျုံးကျဲ မတော်တဆမှု ဖြစ်ပွားခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေး၏။
အကယ်၍ သူသာ ရှေးဟောင်းစစ်ဘုရင် ချန်ထားခဲ့သော အစောင့်အရှောက်ကို တကယ်ရရှိခဲ့မည်ဆိုပါလျှင် ယနေ့တွင် ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေမှ အကြီးအကဲက လိုက်ပါပို့ဆောင်ပေးနေစရာ အကြောင်းမရှိပေ။
ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေ ဆိုသည်မှာ သေချာ တွက်ချက်ကြည့်လိုက်လျှင် ပြောပလောက်သည့် အရာမဟုတ်ချေ။
"ကျုံးကျဲကို လှည့်စားခေါ်ထုတ်သွားပြီး အခွင့်အရေးကို လုယူပြီးတော့မှ ဟွမ်ရှားလူမျိုးစုတွေ လုပ်တာပါလို့ လွှဲချလိုက်မယ်လေ..."
သူ့ခေါင်းထဲတွင် အတွေးများရှုပ်ထွေးနေပြီး တွက်ချက်မှု သောင်းခြောက်ထောင် ဖြတ်သန်းသွားလေ၏။
--------------
ထိုအချိန်တွင် ကွင်းပြင်အတွင်းမှ တိုက်ပွဲအခြေအနေက ပြောင်းလဲသွားပြန်သည်။
ကျုံးကျဲက တစ်ကိုယ်လုံးရှိ သတ်ဖြတ်ခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ယမမင်းစွမ်းအားများကို ဖြိုခွင်းဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်လက်ဝါးနှစ်ဖက်ကို လှန်ပြီးအောက်ဘက်ကိုဖိချလိုက်ရာ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်ခြင်း စွမ်းအား ၈၁ ခု ထွက်ပေါ်လာလာပြီး သူ့ရှေ့မှောက်တွင် သွေးရောင်သံချပ်ကာ ဝတ်ဆင်ထားသော မြင်းစီးစစ်သည် ၈၁ ဦး၏ ပုံရိပ်ယောင်များ ပေါ်ပေါက်လာလေ၏။
ထိုမြင်းစီးစစ်သည် ၈၁ ဦးသည် လေးလံသော သံချပ်ကာအထူများကို ဝတ်ဆင်ထားပြီး တိမ်စီးနင်းသွေးစွန်း နတ်မြင်းပျံများကို စီးနင်းထားကြသည်။
မြင်းစီးစစ်သည် ၈၁ ဦးသည် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိနေပြီး ရှေ့မှောက်ရှိ အရာအားလုံးကို နင်းချေဖျက်ဆီးပစ်နိုင်မည့်အလား ထင်မှတ်ရသည်။
ဤသည်မှာ ချူစစ်ဘုရင်၏ လုံဖန် မြင်းစီးတပ်ဖွဲ့ပင် ဖြစ်ပေသည်။
လုံဖန် ဆိုသည်မှာ ရှေးဟောင်းခေတ်ကာလက ရှေးဟောင်းလူသားမျိုးနွယ်စုဖြစ်ပြီး မြင်းစီးခြင်းနှင့် လေးပစ်ခြင်းတွင် အလွန် ကျွမ်းကျင်ကြသည်။
ဟူဝတ်စုံဝတ်ဆင်ပြီး မြင်းစီးလေးပစ်ခြင်း ဟူသော စံသတ်မှတ်ချက်တွင် ပါဝင်သည့် ဟူဝတ်စုံသည် လုံဖန်လူမျိုးများကို ရည်ညွှန်းခြင်းပင် ဖြစ်၏။
ချူစစ်ဘုရင်၏ တော်လှန်ရေးတပ်ဖွဲ့တွင် မူလက စနစ်တကျ ဖွဲ့စည်းထားသော မြင်းစီးတပ်ဖွဲ့ မရှိခဲ့ပေ။
တပ်ဖွဲ့အများစုမှာ လမ်းတစ်လျှောက် တိုက်ခိုက်သိမ်းပိုက်ရင်း စုဆောင်းရရှိလာခြင်း ဖြစ်သည်။
ထိုအထဲတွင် လုံဖန် မြင်းစီးတပ်ဖွဲ့မှာ စုစုပေါင်း စစ်သည် တစ်ထောင်ကျော်သာ ရှိခဲ့သည်။
သို့သော် ထိုစစ်သည် တစ်ထောင်ကျော်သည် ဧကရာဇ်ယင်၏ လက်အောက်ခံ တပ်ဖွဲ့များကို သတင်းကြားရုံနှင့်ပင် ကြောက်လန့်တုန်လှုပ်သွားအောင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။
ယခုအချိန်တွင် ထိုအရှိန်အဝါကြီးမားသော ရှေးဟောင်းမြင်းစီးတပ်ဖွဲ့ လူ့လောကသို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် လူအများမှာ ရင်ထဲတွင် တုန်လှုပ်သွားကြရသည်။
ထို့နောက် ကျုံးကျဲက လက်ညှိုးဖြင့်ညွှန်လိုက်ရာ ထိုပုံရိပ်ယောင်မြင်းစီးစစ်သည် ၈၁ ဦးသည် ရှေ့သို့ဒုန်းစိုင်းပြေးဝင်သွားကြသည်။
ထို့နောက်ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သွေးရောင်အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကြပြီးလင်ချန်ဆီသို့ ဒုံးပျံများအလား ပျံသန်းဝင်ရောက်သွားလေ၏။
သွေးရောင်အလင်းတန်း တစ်ခုစီ၏ စွမ်းအားသည် ရွှေစေတီကျောင်းဆောင် အတွင်းရှိ အဇူရာဝံပုလွေစစ်သည် ရှားလူတာကိုပင် သတ်ဖြတ်ရန် လုံလောက်ပေသည်။
ရေပက်မဝင်အောင် ဝင်ရောက်လာသော သွေးရောင်အလင်းတန်းများကြောင့်လင်ချန် နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသည်။
သို့သော်လည်း ဤကဲ့သို့ တိုက်ခိုက်မှုမျိုးသည် လင်ချန်ကို သတ်ဖြတ်ရန် မလုံလောက်သေးပေ။
ခန္ဓာကိုယ်ကို ကာကွယ်ထားသော ယမမင်းအငွေ့အသက်များမှာ သွေးနီရောင်အလင်းတန်းများ၏တိုက်ခိုက်မှုကြောင့် ကွဲအက်ပျက်စီးလာပြီး တဖြည်းဖြည်း ပါးလွှာလိုက်လာနေသည်။
မကြာမီလုံးဝ ပျောက်ကွယ်တော့မည့်ပုံပင်။
"စစ်ဘုရင်ခန္ဓာက ကောင်းကင်နဲ့မြေကြီး ကြားက သတ်ဖြတ်ခြင်း စွမ်းအားနဲ့ ဝိညာဉ်စွမ်းအင်တွေကို အလိုအလျောက် ဆွဲယူပြီး ဖြည့်တင်းနိုင်စွမ်းရှိတယ်... စွမ်းအင်က ကုန်ခမ်းသွားမှာ မဟုတ်ဘူး... သူ့ကို အချိန်ဆွဲပြီး လုံးဝ တိုက်လို့မဖြစ်ဘူး..."
လင်ချန်သည် စစ်ဘုရင်မင်းခန္ဓာ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ကောင်းကောင်း သိနားလည်ထားလေသည်။
လက်ထဲမှ စစ်မင်းဓားကျိုးကို လှည့်လိုက်ရာ ယမင်းဓားစက်ဝန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုံဖန် ပုံရိပ်ယောင်မြင်းစီးတပ်ဖွဲ့မှ ဖြစ်ပေါ်လာသော သွေးရောင်အလင်းတန်းများကို တစ်ခုပြီးတစ်ခု ခုတ်ပိုင်းပစ်လိုက်သည်။
ထို့နောက် လက်ကိုဆန့်ကာ ခါးပတ်ကို ခပ်ဖွဖွ ပုတ်လိုက်သည်။
"ဂလောင်..."
တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခု သူ့လက်ထဲမှ ထွက်ပေါ်လာသည်။ ရှေးဆန်ပြီး မြင့်မြတ်သော ရွှေရောင်ချိတ်ကောက် တောင်ဝှေး တစ်ချောင်း သူ့လက်ထဲသို့ ရောက်ရှိလာ၏။
ထိုးတောင်ဝှေး ထွက်ပေါ်လာသည်နှင့်တပြိုင်နက်...သွေးရောင်အလင်းတန်းများ အားလုံးသည် ယင်း၏ အလင်းရောင်နှင့်ထိ တွေ့မိကုန်ပြီး အသီးသီး အရည်ပျော်ကျကုန်သည်။
"ယမမင်းတောင်ဝှေးလား..."
"မဟုတ်ဘူး... ဒါက ယမမင်းတောင်ဝှေး အတုပဲ ဖြစ်ရမယ်... ဒါပေမဲ့ ပြုလုပ်ထားတာ အရမ်းလက်ရာမြောက်လွန်းတယ်... သဲကန္တာရ ရှေးဟောင်းနတ်ဘုရား အသုံးပြုခဲ့ဖူးတဲ့ ယဇ်ပူဇော်အခမ်းအနားသုံး ပစ္စည်းဖြစ်လောက်တယ်..."
ကျုံးကျဲ မျက်လုံးများကို မှေးစင်းကာကြည့်လိုက်မိသည်။
သူသည် ငယ်စဉ်ကတည်းက ဘိုးဘေး ကျုံးချီထျန်းနှင့်အတူ အနောက်ဘက် နယ်စပ်တွင် နေထိုင်ပြီး ဟွမ်ရှားလူမျိုးစုများနှင့် တိုက်ခိုက်ခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့် သဲကန္တာရ နတ်ဘုရားများနှင့် ပတ်သက်သော မှတ်တမ်းအချက်အလက် အများအပြားကို ဖတ်ရှုလေ့လာခဲ့ဖူးသည်။
ထို့အပြင် ကျုံးရှန် မြင့်မြတ်နယ်မြေအတွက် ထားရစ်ခဲ့သော ကျမ်းစာအုပ်များ ပြည့်နှက်နေသည့် ကိုးထပ်စာကြည့်တိုက် မျှော်စင်လည်း ရှိသေးသည်။
ထိုအထဲတွင် သိမ်းဆည်းထားသော ကျမ်းစာအုပ် အရေအတွက်မှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှသည်။
သဘာဝကျစွာပင် ထိုအထဲတွင် ဟွမ်ရှားနတ်ဘုရားများနှင့် ပတ်သက်သော မှတ်တမ်းအများအပြား ပါဝင်နေပေသည်။
ဤယမမင်းတောင်ဝှေးအတုသည် စွမ်းအားချင်း ယှဉ်လျှင် နတ်ဘုရားလက်နက် အစစ်နှင့် မယှဉ်နိုင်သော်လည်း တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံး ပါဝင်ပြီး လင်ချန်၏ ကာကွယ်ရေး အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်သည့်ပုံပင်။
ဤအရာ၏ အကာအကွယ်ဖြင့် လင်ချန်သည် မင်းဓားကျိုးကို အသုံးပြုပြီး အသက်ဆယ်ရှိုက်ရှူချိန်စာအတွင်း ကျုံးကျဲ၏ ခေါင်းကို ဖြတ်ယူနိုင်မည်ဟု ယုံကြည်မှု ရှိနေလေသည်။
"ဟမ့်... စစ်ဘုရင်မင်းခန္ဓာ ရထားတော့ရော ဘာဖြစ်လဲ... စစ်ဘုရင်မင်းရဲ့ နတ်ဘုရားလက်နက် မရှိဘဲ... စစ်ဘုရင်မင်းရဲ့ အမွေအနှစ် ရတနာတွေ မရှိဘဲနဲ့ မင်းက ငါ့ကို ဘာနဲ့ လာယှဉ်တိုက်မှာလဲ..."
"ရွှမ်း..."
သူ့ပုံရိပ်က ရုတ်တရက် ခုန်တက်သွားပြီး ငရဲဝိညာဉ်များ ကခုန်နေသကဲ့သို့ ကျုံးကျဲကို ဝိုင်းရံထားလိုက်သည်။
စစ်မင်းဓားကျိုးသည် ယမမင်းသံကြိုးများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာပေါင်းစုံမှ ကျုံးကျဲကို ရစ်ပတ်ချေမှုန်းရန် ဝင်ရောက်လာကြ၏။
"ဟက်..."
ကျုံးကျဲသည် အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပေါ့ပါးစွာ ရယ်မောလိုက်သေးသည်။
ထို့နောက်သူ့လက်ဖဝါးက ခါးကြားသို့ စမ်းလိုက်ရာချက်ချင်းပင် ရိုးရှင်းလှသော ကြွေပန်းကန်လုံး အကြီးကြီးတစ်လုံး သူ့လက်ထဲသို့ ရောက်ရှိလာလေသည်။
ထိုပန်းကန်လုံးကြီးသည် မည်သည့်ထူးခြားမှုမှ မရှိသည့်အပြင် ထောင့်တစ်နေရာတွင် အက်ကွဲရာလေးပင် ပါရှိနေကာ သာမန်လူသားများ ဟင်းရည်သောက် ဝိုင်သောက်ရာတွင် အသုံးပြုသည့် ပန်းကန်လုံးကြီးနှင့် တူလှပေသည်။
"ဒီကျုံးကျဲ... ကြောက်လွန်းလို့ ဦးနှောက်များ ပျက်သွားပြီလား..."
"ဒီလို သာမန်ပစ္စည်းမျိုးနဲ့ ငါ့ကို လာတိုက်ရဲတယ်ပေါ့..."
လင်ချန်က ရေရွတ်လိုက်သည်။
သို့သော် ကျုံးကျဲက မည်သည့် ဝိညာဉ်စွမ်းအင်ကိုမျှ အသုံးပြုခြင်း မရှိဘဲပန်းကန်လုံးကြီးကိုသာ ကိုင်ဆောင်ပြီး ငရဲသံကြိုးများအဖြစ် ပြောင်းလဲဝင်ရောက်လာသော စစ်မင်းဓားကျိုးကို အားကုန် လွှဲရိုက်ပစ်လိုက်သည်။
"ဒေါင်..."
ကြည်လင်ပြတ်သားသော အသံကျယ်ကြီး တစ်သံ ထွက်ပေါ်လာသည်။
ပန်းကန်လုံးကြီးနှင့် စစ်မင်းဓားကျိုး ရိုက်မိသော နေရာမှ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။
ရိုးရှင်းသည်ဟု ထင်ရသော ထိုအဖြူရောင် ကြွေပန်းကန်လုံးကြီးသည် အလွန်ထက်ရှသော မိစ္ဆာလက်နက် စစ်မင်းဓားကျိုးကို တားဆီးနိုင်ခဲ့လေသည်...။
ပန်းကန်လုံး ကိုယ်ထည်ပေါ်တွင် အဖြူရောင် ခြစ်ရာလေး တစ်ချက်မျှပင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။
"ဒါ... ဒါက ဘာပန်းကန်လုံးလဲဟ..."
လင်ချန် အံ့သြလွန်းသဖြင့် မျက်လုံးအိမ်များ ကျွတ်ထွက်မတတ် ဖြစ်သွားလေ၏။
ပန်းကန်လုံးပုံစံ မှော်ရတနာများမှာ ရှားပါးလှသည်တော့ မဟုတ်ပေ။ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ်ကြီးငါးပါး ထည့်ထားနိုင်သော ဓာတ်ကြီးငါးပါး ပန်းကန်လုံး နှင့် ရွှေ၊ ငွေ၊ ကြေးပြားများ ထည့်ထားသော ရွှေအနှစ်သာရ ပန်းကန်လုံး၊ ထူးဆန်းသော ဆေးရည်များနှင့် အငွေ့အသက်များ ထည့်ထားသောချီမင်ပန်းကန်လုံး စသဖြင့်အမျိုးမျိုး ရှိကြသည်။
ပန်းကန်လုံး ဆိုသည်မှာ ထည့်စရာ ပစ္စည်းတစ်ခု ဖြစ်ပြီး အများအားဖြင့် ထိုအထဲတွင် ထည့်ထားသော ပစ္စည်းများကို အသုံးပြုပြီးတိုက်ခိုက်ကြခြင်းဖြစ်သည်။
သို့သော် ယခုကဲ့သို့ ကြမ်းတမ်းသော အသုံးပြုပုံမျိုးကိုမူ သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်လေသည်။
ချင်ထျန်းတောင်ထွတ်ပေါ်တွင် ဝိညာဉ်ချောက်ကမ်းပါးရှိ ကျောက်စားပွဲရှေ့၌ ကျုံးရှန်သည် ဘာမျှမရှိတော့သော စားပွဲကွက်လပ်ကို ကြည့်ရင်း ပေါက်ကွဲဆဲဆိုနေတော့သည်။
"ဒီ... မိုက်မဲတဲ့ မြေးအယုတ်တမာလေး နှစ်ကောင်... ငါ့ဘိုးဘေးကြီးရဲ့ ဝိုင်ကိုသောက်... ငါ့ဘိုးဘေးကြီးရဲ့ ဝိုင်ကိုယူ... နောက်ဆုံး ဝိုင်သောက်တဲ့ ပန်းကန်လုံးကြီး နှစ်လုံးကိုပါ အလွတ်မပေးဘူး... အကုန်လုံး ငါ့ဆီကနေမ သွားကြပါရောလား..."
"ငါ ကျုံးရှန်တစ်ယောက် တစ်သက်လုံး ထက်မြက်ခဲ့သမျှ... ဘယ်လိုလုပ် ဒီလို ယုန်သူခိုးလေး နှစ်ကောင်ကို မွေးထုတ်မိလိုက်ပါလိမ့်..."