အခန်း (၃၆၃+၃၆၄)
Vol. 19 Ch. 363+364
အပိုင်း (၃၆၃) ပြန်လည်တည်ဆောက်ရေးဇုန်၏တုံ့ပြန်မှု
လော်ယွမ်သည် ထိုင်းမှိုင်းသော စိတ်အခြေအနေဖြင့် ဧည့်ရိပ်သာသို့ ပြန်ရောက်လာပြီး ညစာစားပြီးသည်နှင့် အိပ်ရာဝင်လိုက်သည်။
နောက်နှစ်ရက်ဆက်တိုက် မည်သည့်သတင်းအချက်အလက်မျှ မကြားရပေ။ ထိန်းချုပ်အနုမြူပေါင်းစပ် ဓာတ်အားပေးစက်ရုံ၏ မတော်တဆ ပေါက်ကွဲမှုသတင်းကို ပိတ်ပင်ထားသည်မှာ ထင်ရှားသည်။ လော်ယွမ်၏ စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး လျှောက်တွေးမနေတော့ပေ။ မည်မျှပင် တွေးတောနေစေကာမူ အသုံးမဝင်ပေ။ အခြေအနေ မည်မျှပင် ခက်ခဲစေကာမူ ဘဝကို ဆက်လက်ဖြတ်သန်းရမည်သာဖြစ်သည်။
ကမ္ဘာပျက်ကပ်ဘေး ပေါ်ပေါက်လာပြီးနောက် အပျော့ညံ့ဆုံးလူသားများပင် ကြံ့ခိုင်သန်စွမ်းလာကြသည်။ သူသည်လည်း ဤဖိအားများကို နေသားကျနေပြီဖြစ်သည်။
........................................................................................................................
ဒီနှစ်ရက်အတွင်း ချန်ရှင်းကျယ်သည် အခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ပင်ထင်ရသည်။ သူမ၏ မျက်နှာထားမှာ ပိုမိုအေးစက်လာပြီး ပုံမှန် စကားပြောဆိုရာတွင်လည်း သူ့ကို တမင်ခပ်ခွာခွာ ဆက်ဆံသည်။ အထူးသဖြင့် ညဘက်အိပ်ရာဝင်ချိန်တွင် အဝတ်အစားများ လုံလုံခြုံခြုံ ဝတ်ဆင်ပြီးမှ အိပ်လေ့ရှိသည်။ ရေချိုးသန့်စင်မည်ဆိုလျှင်တောင် လော်ယွမ် အိပ်ပျော်သွားပြီး ဟောက်သံထွက်လာမှသာ အသာအယာထကာ ရေချိုးခန်းထဲသို့ တိုးတိုးတိတ်တိတ် ဝင်သွားလေ့ရှိသည်။ သူမက ဝံပုလွေကို ကာကွယ်နေသကဲ့သို့ပင်။
ဤကဲ့သို့သော အပြုအမူများကြောင့် လော်ယွမ်၏ ယခင် သုံးသပ်ချက်များပင် ယိမ်းယိုင်စပြုလာသည်။
သို့သော် အဘယ်ကြောင့်မှန်းမသိ ချန်ရှင်းကျယ်က ထိုသို့ပြုမူလေ လော်ယွမ်က ပို၍ စိတ်လှုပ်ရှားလေ ဖြစ်နေသည်။ အထူးသဖြင့် ထိပါး၍မရနိုင်သော သူမ၏ လှပသော မျက်နှာလေးကို မြင်တိုင်း လွန်ခဲ့သော ရက်အနည်းငယ်က မက်မွန်ပွင့်လေးပမာ နူးညံ့ပျော့ပျောင်းခဲ့သော အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်လာပြီး စိတ်ထဲ ယားယံလာသည်။
ထို့အပြင် ဤရက်ပိုင်းအတွင်း နေရာတိုင်းတွင် လွှမ်းမိုးနေသော ဖိစီးမှုများကြောင့် လော်ယွမ်၏ စိတ်အခံသည် ပိုမိုလှုပ်ရှားလာသည်။
လူလိမ္မာလေးအဖြစ် နှစ်ရက်တောင့်ခံပြီးနောက် ထိုညတွင် ချန်ရှင်းကျယ် ရေချိုးခန်းမှ ပြန်ထွက်လာသည်နှင့် လော်ယွမ် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ စောင်ကို လှပ်လိုက်ပြီး ချန်ရှင်းကျယ်၏ စောင်အောက်သို့ ထပ်မံဝင်ရောက်သွားသည်။ အားမပါသော တိတ်တဆိတ် ရုန်းကန်မှုလေး ပြုလုပ်ပြီးနောက် မကြာမီ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ ပျော့ခွေကျသွားတော့သည်။
ကိစ္စပြီးနောက် လော်ယွမ်သည် မျက်နှာကျက်ကို ငေးမောကြည့်နေမိပြန်သည်။ ဘေးနားတွင် ကျောပေးအိပ်နေသော ချန်ရှင်းကျယ်သည် မလှုပ်မယှက် ငြိမ်သက်နေသည်။
ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင်ပင် သံသယဝင်လာသည်။ တိတ်ဆိတ်ငြိမ်သက်နေသော ချန်ရှင်းကျယ်ကို ကြည့်ရင်း စိတ်ထဲတွင် အပြစ်ရှိစိတ်များ ဝင်လာသည်။ ဒီတစ်ခါ ချန်ရှင်းကျယ်က သူ့ကို မြှူဆွယ်ခြင်းမရှိရုံသာမက အထူးသတိထား ကာကွယ်နေခဲ့သည်။ သူ၏ ယခင် သံသယများ မှားယွင်းနေသလား။
.......................................................................................
စိတ်ပညာရှင်များနှင့် လူ့အပြုအမူဆိုင်ရာ ကျွမ်းကျင်သူများက လော်ယွမ်၏ အားနည်းချက်ကို အသေအချာ လေ့လာပြီး ရေးဆွဲထားသော စီမံကိန်းသည် နောက်ဆက်တွဲမရှိဘဲ ပြီးဆုံးသွားမည် မဟုတ်ပေ။ ၎င်းသည် ဆက်တိုက်လုပ်ဆောင်ရမည့် အစီအစဉ်များဖြစ်ပြီး အဆုံးစွန်သော ရည်ရွယ်ချက်မှာ ချန်ရှင်းကျယ်ကို လော်ယွမ်၏ နှလုံးသားထဲသို့ အမှန်တကယ် ဝင်ရောက်နေရာယူစေရန် ဖြစ်သည်။ ခေါ်ရင်လာ၊ ခိုင်းရင်သွားရသည့် တန်ဖိုးနည်းသော အပျော်မယ်တစ်ယောက်အဖြစ် သဘောမထားစေရန်နှင့် တစ်ကြိမ်နှစ်ကြိမ်နှင့် ရိုးအီသွားခြင်းမရှိစေရန် ရည်ရွယ်သည်။
စိတ်ပညာနှင့် အပြုအမူဆိုင်ရာ ပညာရပ်များ၏ ထူးခြားချက်မှာ လူသား၏ အားနည်းချက်ကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ဆန္ဒရှိနေသမျှ ကာလပတ်လုံး ဉာဏ်ပညာ မည်မျှပင် ကြီးမားစေကာမူ ကျော့ကွင်းမိမည်သာ ဖြစ်သည်။ ကမ္ဘာပျက်ကပ်ဘေး မတိုင်မီက မိမိကိုယ်ကို အထက်တန်းလွှာဟု သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အရာရှိကြီးများစွာသည် မည်သည့်ဆရာကြီးမှန်းမသိသော လူများ၏ ရိုးရှင်းသော လှည့်ကွက်များအောက်တွင် ရုန်းမထွက်နိုင်ဘဲ ကျရှုံးခဲ့ရဖူးသည်။
ရှေးရိုးစွဲဆန်သော ချန်ရှင်းကျယ်အတွက် ယခင်က မြှူဆွယ်သော အခန်းကဏ္ဍသည် သဘာဝမကျဘဲ ဟန်ဆောင်မှန်း သိသာနိုင်သော်လည်း ငယ်စဉ်ကတည်းက လှပပြီး လူအများ ဝိုင်းဝန်းခြင်းခံခဲ့ရသော အလှမယ်တစ်ဦးအနေဖြင့် မာနကြီးပြီး အေးစက်စက် ဟန်ဆောင်ရသည်မှာ အလွန်လွယ်ကူသည်။ ဟန်ဆောင်စရာပင်မလိုဘဲ သဘာဝအတိုင်း လုပ်ဆောင်ရုံသာဖြစ်သည်။ လော်ယွမ် သေချာစဉ်းစားကြည့်လျှင်ပင် ဟာကွက်ရှာတွေ့မည် မဟုတ်ပေ။
အိပ်ရာပေါ်တွင် လဲလျောင်းရင်း ထောင်ချောက်ထဲ ရောက်နေဆဲဖြစ်သော လော်ယွမ်သည် စောစောက ခိုးစားရသလို စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံနှင့် အိပ်ရာပေါ်တွင် ငြင်းဆန်သလိုလို လက်ခံသလိုလို ဖြစ်နေသော ချန်ရှင်းကျယ်၏ ဝမ်းနည်းဖွယ် အလှတရားကို ပြန်လည်တွေးတောမိပြီး စိတ်လှုပ်ရှားသွားပြန်သည်။ သူ၏ မျက်လုံးများသည် ကျောပေးအိပ်နေသော ချန်ရှင်းကျယ်၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အကွေးအကောက်များဆီသို့ အလိုအလျောက် ရောက်သွားသည်။
မကြာမီ အခန်းထဲမှ အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာသည်။
..........................................................................................
နောက်တစ်နေ့ နံနက်စောစောတွင် ချန်ရှင်းကျယ်သည် အခန်းကို တိတ်တဆိတ် ရှင်းလင်းနေရင်း ဘေးနားတွင် သတင်းစာဖတ်နေသော လော်ယွမ်ကို ခိုးကြည့်လိုက်ပြီး သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
"ဓားတရား" ဌာနတွင် ဩဇာအာဏာကြီးမားပြီး ကြောက်ရွံ့ဖွယ်ကောင်းသော လော်ယွမ်သည် ပုဂ္ဂိုလ်ရေးအရ ပေါင်းသင်းဆက်ဆံရာတွင် အလွန်ဖော်ရွေသောသူ ဖြစ်သည်။ ချောမောသော မျက်နှာ၊ ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် ထူးခြားဆန်းကြယ်သော အားကြီးသူ၏ အရှိန်အဝါတို့ ပေါင်းစပ်ထားသဖြင့် ရက်အနည်းငယ်အတွင်း သူမ၏ စိတ်နှလုံး ကျဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ကံဆိုးသည်မှာ ဤဆက်ဆံရေးသည် မသန့်ရှင်းပေ။ တာဝန်ကို လက်ခံလိုက်ကတည်းက သာမန်လှပသော အချစ်ဇာတ်လမ်းသည် သူမအတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်လာခဲ့သည်။
သို့သော် ပြန်လည်တည်ဆောက်ရေးဇုန် တည်ငြိမ်ရေးနှင့် ဤစွမ်းအားကြီးမားသော ဆင့်ကဲပြောင်းလဲသူကို ဆွဲဆောင်စည်းရုံးရန်အတွက် ကိုယ်ရေးကိုယ်တာ ခံစားချက်များကို စွန့်လွှတ်ရမည်ဖြစ်သည်။
ထိုအချိန်တွင် တံခါးခေါက်သံကြောင့် သူမ သတိဝင်လာသည်။ အဝတ်အစားများကို အမြန်ချထားလိုက်ပြီး တံခါးသွားဖွင့်လိုက်ရာ ဧည့်ရိပ်သာ ဝန်ထမ်းတစ်ဦး ဖြစ်နေသည်။ "ဘာလို့ သတင်းစာ ထပ်လာပို့တာလဲ"
"ဒါက ဒီနေ့ထုတ် အထူးသတင်းစာပါ"
ချန်ရှင်းကျယ် သတင်းစာကို ယူကြည့်လိုက်ပြီး ခေါင်းစဉ်ကို မြင်သည်နှင့် အာမေဋိတ်သံ ထွက်ပေါ်လာသည်။
"ဘာအကြောင်း ရေးထားလို့လဲ" လော်ယွမ်၏ အသံသည် အနောက်မှ ထွက်ပေါ်လာသည်။
"ရှင်အမြန် လာကြည့်ဦး" ချန်ရှင်းကျယ်သည် တုန်လှုပ်ချောက်ချားစွာဖြင့် သတင်းစာကို ကမ်းပေးလိုက်သည်။
လော်ယွမ် ယူကြည့်လိုက်ရာ "ထိန်းချုပ်အနုမြူပေါင်းစပ် ဓာတ်ခွဲခန်း မကြာသေးမီက ပေါက်ကွဲမှုဖြစ်ပွား" ဟူသော ခေါင်းစဉ်ကို တွေ့လိုက်ရသည်။
"၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မြို့သစ်မြို့ ဆင်ခြေဖုံးရှိ ထိန်းချုပ်အနုမြူပေါင်းစပ် ဓာတ်ခွဲခန်း၌ မတော်တဆမှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပညာရှင် ၃ ဦးနှင့် အကြီးတန်း သုတေသီ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး စီမံခန့်ခွဲသူများ အပါအဝင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ အရေးကြီးသော အချက်အလက်များစွာ ပျက်စီးဆုံးရှုံးခဲ့သဖြင့် သုတေသနလုပ်ငန်းများ ရပ်တန့်သွားမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှာ အချိန်အကန့်အသတ်မရှိ ကြာမြင့်မည်ဖြစ်သည်။
သတင်းများအရ..."
လော်ယွမ် စာမျက်နှာအနည်းငယ် လှန်ကြည့်လိုက်ရာ အားလုံးနီးပါး ဤအကြောင်းအရာကိုသာ ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှု အသေးစိတ်များ၊ တာဝန်ရှိသူများကို အရေးယူမှုများနှင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်း အကြောင်းရင်းများ ပါဝင်သည်။
သူသည် အဖြစ်အပျက်ကို ကြိုသိပြီးသားဖြစ်သဖြင့် ချန်ရှင်းကျယ်လောက် မလန့်ဘဲ တည်ငြိမ်နေသည်။ သို့သော် အသေးစိတ် ဖတ်ရှုလေ သံသယများ ပိုမိုကြီးထွားလာလေ ဖြစ်သည်။ ဤသည်မှာ ပြန်လည်တည်ဆောက်ရေးဇုန် သတင်းစာများ၏ ပုံစံ လုံးဝမဟုတ်ပေ။
ကမ္ဘာပျက်ကပ်ဘေး ဖြစ်ပွားပြီးနောက် လူသားများ၏ ရှင်သန်မှု ခက်ခဲလာပြီး သန္ဓေပြောင်းသတ္တဝါများနှင့် စစ်ပွဲများ အချိန်တိုင်း ဖြစ်ပွားနေသည်။ နောက်တန်းရှိ သာမန်ပြည်သူများသည်လည်း မယုံကြည်နိုင်လောက်အောင် ပင်ပန်းကြီးလေးသော အလုပ်များကို လုပ်ဆောင်နေရပြီး စိတ်မလုံခြုံမှုနှင့် ဖိစီးမှုများ စုပုံနေသည်။ ပြည်သူများကို စိတ်ဓာတ်ခွန်အားပေးရန်အတွက် ဝါဒဖြန့်ချိရေး လက်နက်တစ်ခုဖြစ်သော သတင်းစာသည် သတင်းကောင်းများကိုသာ ဖော်ပြလေ့ရှိပြီး သတင်းဆိုးများကို ဖုံးကွယ်ထားလေ့ရှိသည်။ ဤမျှကြီးမားသော ဖြစ်ရပ်ဆိုးကို ပုံမှန်အတိုင်းဆိုလျှင် သတင်းပိတ်ပင်ထားမည်ဖြစ်ပြီး အခြားသတင်းကောင်းတစ်ခုဖြင့် အစားထိုးကာ ပြည်သူများ မေ့လျော့သွားသည်အထိ ထားရှိမည်ဖြစ်သည်။
ယခုကဲ့သို့ ထူးခြားသော ပုံစံဖြင့် ဖော်ပြခြင်းမှာ အလွန်ထူးဆန်းနေသည်။
သို့သော် ခေတ္တမျှ စဉ်းစားပြီးနောက် လော်ယွမ် အဖြေကို ရရှိသွားသည်။
"ဒီကိစ္စကို ဂြိုဟ်သားတွေ တကယ်လုပ်ခဲ့တာ ဖြစ်နိုင်တယ်... သူတို့အမြင်မှားအောင်လို့ ဒီလို ထူးခြားတဲ့ သတင်းစာပုံစံမျိုး ထုတ်လိုက်တာပဲ... ကြည့်ရတာ ပြန်လည်တည်ဆောက်ရေးဇုန်က ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ တစ်ခုခု ရှာတွေ့ထားတဲ့ပုံပဲ"
"ဒီလောက်အရေးကြီးတဲ့ နည်းပညာ အချက်အလက်တွေက တစ်စုံတည်း ရှိတာ မဟုတ်လောက်ဘူး... အားလုံးက ဂြိုဟ်သားတွေကို ဟန်ပြဖို့ လုပ်ထားတာ... အားနည်းချင်ယောင် ဟန်ဆောင်ပြီး သုတေသနလုပ်ငန်းတွေကို ပိုလုံခြုံတဲ့ နေရာတစ်ခုကို ရွှေ့ပြောင်းပြီး တိတ်တဆိတ် ဆက်လုပ်ဖို့ ဖြစ်မယ်"
သူ စိတ်သက်သာရာ ရသွားသည်။ သို့သော် ဤနည်းဗျူဟာက ထိရောက်မှု ရှိမရှိတော့ မပြောနိုင်ပေ။ ဂြိုဟ်သားများသည်လည်း ဘုရား မဟုတ်သဖြင့် အရာအားလုံးကို သိရှိနိုင်မည် မဟုတ်ဟု ယူဆရသည်။
.............................................................................................
နေ့လယ်ရောက်သောအခါ တာဝန်ရှိသူတစ်ဦးက သူတို့နှစ်ဦး ပြန်နိုင်ကြောင်း လာရောက်အကြောင်းကြားသဖြင့် လော်ယွမ်၏ ယူဆချက် ပိုမိုခိုင်မာသွားသည်။ ပြန်လည်တည်ဆောက်ရေးဇုန်က သူ၏ တင်ပြချက်ကို ယုံကြည်လက်ခံလိုက်ပြီ ဖြစ်သည်။
ပုံစံတစ်မျိုးဖြင့် အကျယ်ချုပ်ချထားခြင်း ပြီးဆုံးသွားပြီဖြစ်သဖြင့် လော်ယွမ်သည် စိတ်ဖိစီးစရာကောင်းသော မြို့သစ်တွင် တစ်ရက်မှ ဆက်မနေချင်တော့ပေ။
ထိုနေ့ ညနေ ၄ နာရီတွင် သူတို့နှစ်ဦး ရထားဘူတာရုံမှ ဆင်းပြီး မျှော်လင့်ချက်မြို့သို့ ပြန်ရောက်လာသည်။
ချန်ရှင်းကျယ်နှင့် နှုတ်ဆက်ပြီးနောက် လော်ယွမ်သည် "ဓားတရား" ဌာနသို့ မသွားဘဲ အိမ်သို့ တန်းပြန်လာသည်။ လော်ယွမ် မရှိသဖြင့် ခြောက်ကပ်နေသော အိမ်လေးက ချက်ချင်း စည်ကားသွားသည်။ လော်ယွမ် နေ့တိုင်း အိမ်ကို ဖုန်းဆက်သဖြင့် အမျိုးသမီးများက သူ ရုတ်တရက် ထွက်သွားခြင်းအတွက် စိတ်မပူကြသော်လည်း လွမ်းဆွတ်တမ်းတမှုတော့ ရှိကြသည်။
သူမတို့၏ မျက်နှာပေါ်တွင် ဖုံးဖိမထားနိုင်သော ဝမ်းသာမှုများကို မြင်ရသောအခါ လော်ယွမ် စိတ်ထဲတွင် ရှက်ရွံ့မိသည်။ ဒီရက်ပိုင်း ပုံမှန် ဖုန်းဆက်တာကလွဲရင် သူတို့ကို သတိမရမိသလောက်ပင်။ ထို့အပြင် သူတို့ကွယ်ရာမှာ ဖောက်ပြန်တာတွေတောင် တော်တော်လုပ်ခဲ့သေးသည်။
...................................................................................................
သန်းခေါင်ယံအချိန်တွင် ပင်ပန်းနေသော ဟွမ်ကျားဟွေ့ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီဖြစ်သည်။ လော်ယွမ် မျက်လုံးဖွင့်လိုက်ပြီး အရေအသွေးဇယားကွက်ကို ဖွင့်လိုက်သည်။ ပြီးခဲ့သည့်အကြိမ် အဆင့်တက်စဉ်က ချန်ထားသော အမှတ်များကို "အလျင်" တွင် ပေါင်းထည့်လိုက်သည်။ အလျင်ဘေးရှိ ၁၅ ဂဏန်းက ဝေဝါးသွားပြီး ၁၆ သို့ ပြောင်းလဲသွားသည်။
ပုံမှန် ခံစားနေကျ ပူနွေးသော စီးကြောင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ကမ္ဘာလောကနှင့် ကင်းကွာသွားသကဲ့သို့ ခံစားချက်မျိုး ထပ်မံပေါ်ပေါက်လာသည်။ ဟွမ်ကျားဟွေ့၏ အသက်ရှူသံသည် နှေးကွေးပြီး ရှည်လျားလာသည်။ နံရံပေါ်မှ နာရီသံသည်လည်း အနှေးပြကွက်ခလုတ် နှိပ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
သူ စောင်ကို ဖြည်းညှင်းစွာ လှပ်လိုက်သည်။ အချိန်သည် နှေးကွေးသွားသကဲ့သို့ ဖြစ်နေပြီး အတော်ကြာမှ စောင်ထောင့်စွန်းသည် မြေဆွဲအားကြောင့် ဖြည်းညှင်းစွာ ပြန်ကျသွားသည်။
ထို့နောက် သူ ကြမ်းပြင်ပေါ်သို့ ဆင်းလိုက်သည်။ ပုံမှန်အကျင့်အတိုင်း အားစိုက်လိုက်မိပါက အင်အားကို မထိန်းချုပ်နိုင်ဘဲ ဟွမ်ကျားဟွေ့ ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် သူ အားမစိုက်ရဲပေ။ သူ ဖြည်းဖြည်းချင်း လမ်းလျှောက်ကြည့်ရာ ခန္ဓာကိုယ်သည် အလေးချိန်မရှိသကဲ့သို့ ပေါ့ပါးနေပြီး အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ပျံသန်းနိုင်တော့မည့်အလား ခံစားရသည်။
သို့သော် ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်မှုသာ ဖြစ်သည်။ စိတ်စွမ်းအားကို မသုံးဘဲ ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့် မည်မျှပင် သန်မာပါစေ ကမ္ဘာမြေဆွဲအားကို မလွန်ဆန်နိုင်ပေ။
သူ အိပ်ခန်းတံခါးကို ပိတ်ပြီး အိမ်ပြင်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က သင်ခန်းစာရထားသဖြင့် အိမ်ထဲတွင် စမ်းသပ်ရဲခြင်းမရှိပေ။
သန်းခေါင်ယံအချိန် ဖြစ်သော်လည်း မျှော်လင့်ချက်မြို့၏ ပတ်ဝန်းကျင်က ဆူညံနေဆဲဖြစ်သည်။ စက်ရုံအသီးသီးတွင် မီးရောင်များ လင်းထိန်နေပြီး မြေပြင်ပေါ်ရှိ စက်ရုံအများစုသည် လေထုညစ်ညမ်းမှုများသော စက်မှုလုပ်ငန်းကြီးများ ဖြစ်သည်။ တန်ချိန်ဆယ်ချီ၊ ရာချီ လေးလံသော စက်ကြီးများ၏ မောင်းနှင်သံများသည် ညဉ့်နက်သန်းခေါင်တွင် နားကွဲမတတ် ကျယ်လောင်လှသည်။
သို့သော် ဤအသံများသည် လော်ယွမ်၏ နားထဲတွင် အလွန်ထူးဆန်းစွာ ကြားနေရပြီး တိပ်ခွေထစ်နေသော ကက်ဆက်ကဲ့သို့ အသံများ ပုံပျက်နေသည်။
အမြန်နှုန်း ၁၆ မှတ်သည် သာမန်လူထက် ၁၁.၄ ဆ ပိုမြန်သည်။ သာမန်လူ၏ တစ်စက္ကန့်သည် သူ့မျက်လုံးထဲတွင် ၁၁.၄ စက္ကန့်အဖြစ် ခွဲခြားနိုင်သည်။
လိုအပ်လျှင် သူ ၅ စက္ကန့်အတွင်း သွားတိုက်ပြီး ၁ စက္ကန့်အတွင်း မျက်နှာသစ်နိုင်သည်။ ထမင်းစားလျှင် အနည်းငယ် ပိုကြာနိုင်သော်လည်း စက္ကန့် ၃၀ ထက် မပိုနိုင်ပေ။
ကြီးမားသော အချိန်ကွာဟချက်ကြောင့် သာမန်လူများနှင့် ယှဉ်လျှင် မတူညီသော အချိန်အတိုင်းအတာတစ်ခုတွင် နေထိုင်နေသော သက်ရှိတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် သူသည် သာမန်လူများ၏ ကမ္ဘာတွင် ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး သာမန်လူများ၏ နှေးကွေးသော စည်းချက်ကို ကြိုးစားလိုက်လျောညီထွေ နေထိုင်ရမည်ဖြစ်သည်။ အမြန်နှုန်း တိုးတက်လာသည်နှင့်အမျှ ဤသို့ လိုက်လျောညီထွေ နေထိုင်ရန်မှာ ပိုမိုခက်ခဲလာပြီး ပိုမိုပင်ပမ်းလာသည်။
ဆက်ရန်...
အပိုင်း(၃၆၄) လင်းဖေးယန်၏ လှုပ်ရှားမှု
ထို့နောက် သူ စတင်ပြေးလွှားလိုက်သည်။
အစပိုင်းတွင် သာမန်လူတစ်ယောက်၏ အရှိန်အတိုင်းသာဖြစ်ပြီး ပြေးနေရင်း ယိုင်တိုင်တိုင်ဖြစ်ကာ လဲကျလုနီးပါး ဖြစ်နေသော်လည်း စက္ကန့်အနည်းငယ်အကြာတွင် သူ၏ လှုပ်ရှားမှုများ ပေါ့ပါးသွက်လက်လာပြီး အရှိန်မှာ တရိပ်ရိပ် မြင့်တက်လာသည်။
ဖြောင့်တန်းကျယ်ဝန်းသော လမ်းမကြီးပေါ်တွင် ဝေဝါးသော လူရိပ်တစ်ခု လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းသွားသည်။ အနီးအနားရှိ စက်ရုံတစ်ရုံမှ အလုပ်သမားတစ်ဦးသည် လျှပ်စစ်မီးဖိုမှ ထွက်လာသော ပြာများကို လက်တွန်းလှည်းဖြင့် သွားရောက်စွန့်ပစ်နေစဉ် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသဖြင့် ပြာမှုန်များ မိုးကဲ့သို့ လွင့်ပျံသွားသည်။
"လေလည်း မတိုက်ပဲနဲ့ဘယ်လိုလုပ်..." သူသည် မျက်လုံးကိုမှေးပြီး ဘယ်ကြည့်ညာကြည့်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် စိတ်ထဲတွင် ထိတ်လန့်သွားပြီး လက်တွန်းလှည်းပေါ်မှ ပြာများကို အမြန်သွန်ချကာ စက်ရုံထဲသို့ သုတ်ခြေတင် ပြေးဝင်သွားတော့သည်။
………………………………………………………………………………………………
လော်ယွမ်သည် လမ်းတစ်လျှောက် အရှိန်ပြင်းစွာ ပြေးလွှားနေသည်။ သူ၏ စိတ်စွမ်းအားသည် ဤပြေးလွှားမှုတွင် စတင်ပါဝင်လာပြီး အရှိန်မှာ အလင်းတန်း၊ လျှပ်စီးတန်းပမာ ဆက်လက် မြင့်တက်လာသည်။
မိနစ်အနည်းငယ်အကြာတွင် လော်ယွမ်၏ ခန္ဓာကိုယ်သည် မြို့ပြင်တောတွင်းပိုင်းသို့ ရောက်ရှိသွားပြီး အရှိန်မှာ တစ်စက္ကန့်လျှင် ပေ၆၀၀ နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ဤအရှိန်သည် သူ၏ အကန့်အသတ် မဟုတ်သေးပေ။
အလျင်မတိုးတက်ခင်အချိန်နှင့် နှိုင်းယှဉ်ပါက ယခုပြေးလွှားရာတွင် ခြေလှမ်းအကွာအဝေးမှာ သိပ်မကျဲတော့ပေ။ ခြေလှမ်းတစ်လှမ်းလျှင် ပေ၃၀ မပြည့်ဘဲ ပေ၂၀ခန့်သာ ရှိတော့သည်။
ယခု သူ၏ အချိန်အာရုံခံစားမှုအရဆိုလျှင် ဆွဲငင်အားကြောင့် မြေကြီးပေါ် ပြန်ကျလာမည့်အချိန်ကို စောင့်ဆိုင်းရသည်မှာ အလွန်ကြာရှည်လွန်းလှသည်။ ခြေလှမ်းတစ်လှမ်းလျှင် ပေ၂၀ခန့်သာ လှမ်းခြင်းအားဖြင့် အရှိန်ကိုလည်း ထိန်းထားနိုင်သလို ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးသွက်လက်စေသည်။
ဤသည်မှာ ပြေးလွှားခြင်းသာ ရှိသေးသည်။ အမှန်တကယ် တိုက်ခိုက်သည့်အခါ နေရာကျဉ်းကျဉ်းလေးအတွင်း တိမ်းရှောင်လှုပ်ရှားရမည်ဖြစ်၍ ခြေလှမ်းများ ပိုမိုကျဉ်းမြောင်းရန် လိုအပ်သလို ခြေလှမ်းနှုန်းကိုလည်း ပိုမိုမြန်ဆန်အောင် လုပ်ရပေမည်။
သူ၏ စိတ်စွမ်းအား အနေအထားဖြင့် လေထဲတွင် မြေပြင်ပေါ်တွင် ပြေးလွှားသကဲ့သို့ အရှိန်မြင့် မလှုပ်ရှားနိုင်သေးပေ။ လေပေါ်ရောက်နေချိန်တွင် လှုပ်ရှားမှု နှေးကွေးသွားတတ်ပြီး တိုက်ခိုက်ခံရပါက အလျင် မည်မျှပင်မြင့်မားပါစေ ရှောင်တိမ်းနိုင်မည် မဟုတ်ဘဲ အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
…………………………………………………………………………………………
တောနက်ထဲသို့ ရောက်သောအခါ မြေမျက်နှာသွင်ပြင် ရှုပ်ထွေးလာသည်။ ဤနေရာသည် မူလက သဲကန္တာရဖြစ်ပြီး သဲခုံများ၊ ခြုံပုတ်များနှင့် ကျောက်ဆောင်များ နေရာအနှံ့ ရှိနေသည်။ ထို့အပြင် မြေပြင်မှာလည်း နိမ့်တုံမြင့်တုံဖြစ်နေပြီး မြင်ကွင်းကို အတော်လေး ကွယ်ကာထားသည်။
လော်ယွမ် ကုန်းမြင့်တစ်ခုကို ကျော်လိုက်သည်နှင့် မျက်နှာချင်းဆိုင်တွင် ကျောက်ဆောင်ကြီးတစ်ခု ပိတ်ဆို့နေသည်။ ပေ၃၀ခန့်သာ ကွာဝေးတော့သဖြင့် ယခု သူ၏ အသံထက်မြန်သော အရှိန်ဖြင့်ဆိုပါက မျက်တောင်တစ်ခတ်အတွင်း ဝင်တိုက်မိနိုင်သည်။ ယခင်ကသာဆိုလျှင် သူ့အနေဖြင့် ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိသည်။ အရှိန်လျှော့မလား၊ တိုက်ရိုက်ဝင်တိုက်မလား။ ရှောင်ကွင်းသွားရန်အတွက်တော့ အချိန်ပင် ရမည်မဟုတ်။
သို့သော် ယခုအချိန်တွင် လော်ယွမ်၏ စိတ်မှာ တည်ငြိမ်နေသည်။ လျှပ်တစ်ပြက်ကာလအတွင်း ခြေထောက်ကို အနည်းငယ် အားစိုက်လိုက်ရုံဖြင့် ခန္ဓာကိုယ်သည် ပေ၃၀ကျော်အထိ မြောက်တက်သွားသည်။ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျောက်ဆောင်ကြီးကို ကပ်လျက်ကျော်ဖြတ်သွားပြီး ကျောက်ဆောင်ထိပ်ကို ခြေဖျားဖြင့် တစ်ချက်တို့ကာ အရှိန်မလျော့ဘဲ ခုန်ကျော်သွားနိုင်ခဲ့သည်။
ဉာဏ်ပညာတိုးတက်လာခြင်းသည် အရှိန်ပြင်းစွာ လှုပ်ရှားနေစဉ် တုံ့ပြန်နိုင်စွမ်းကို မြင့်တက်စေရုံသာမက ခွန်အားကို ထိန်းချုပ်ရာတွင်လည်း ပိုမိုလွယ်ကူလာစေသည်ကို လော်ယွမ် တွေ့ရှိလိုက်ရသည်။ ၁၀မိနစ်ခန့် လေ့ကျင့်လိုက်ရုံဖြင့် တိုးတက်လာသော လျင်မြန်ဖျတ်လတ်မှုကို တော်တော်လေး တိကျစွာ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။
ခေတ္တမျှ ဆက်လက်ပြေးလွှားပြီးနောက် လော်ယွမ် ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။ ဤနေရာသည် သဲကန္တာရထဲမှ ကျောက်စရစ်ကုန်းမြေဖြစ်သည်။ လေတိုက်စားထားသော ကျောက်တုံးကြီးများသည် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည်။ နှစ်ပေါင်းသောင်းချီ နေဒဏ်လေဒဏ် ခံထားရသဖြင့် ကျောက်တုံးများသည် စာအုပ်များကဲ့သို့ အလွှာလိုက် အရေးအကြောင်းများ ဖြစ်ပေါ်နေသော်လည်း မျက်နှာပြင်မှာ အလွန်ချောမွတ်နေကာ လရောင်အောက်တွင် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသည်။
ဤသည်မှာ ဂိုဘီကျောက်စိမ်း များဖြစ်သည်။ ကမ္ဘာမပျက်မီက တန်ဖိုးရှိသော စုဆောင်းစရာများ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ တန်ဖိုးမရှိသော ကျောက်ခဲများသာ ဖြစ်တော့သည်။
သူသည် မှိုပွင့်သဏ္ဌာန် ကျောက်ဆောင်ကြီးတစ်ခုအောက်သို့ ဝင်ရောက်လိုက်သည်။ ထီးသဖွယ် ကာမိုးထားသော ကျောက်ဆောင်အမိုးက ကောင်းကင်မှ မြင်ကွင်းကို ကွယ်ကာပေးထားသည်။ ယခုအခါ အာကာသထဲတွင် ပြင်ပကမ္ဘာမှ ယဉ်ကျေးမှုအဖွဲ့အစည်းများ ရောက်ရှိနေပြီဖြစ်၍ သတိမထားဘဲ နေ၍မဖြစ်ပေ။
သူသည် ကျန်းမာတောက်ဓား ကို ဆွဲထုတ်လိုက်ပြီး တစ်ချက်ချင်းစီ စတင်လေ့ကျင့်သည်။ ဓားကို ဆွဲထုတ်လိုက်စတွင် မြင်နေရသေးသော်လည်း နောက်တစ်ခဏတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။ တခါတရံ ရပ်တန့်လိုက်မှသာ လျှပ်တစ်ပြက် ပြန်မြင်လိုက်ရပြီး ထိုရပ်တန့်မှုမှာလည်း အလွန်တိုတောင်းလွန်းလှသည်။ မကြာမီ လုံးဝ အစအန ပျောက်ကွယ်သွားပြီး လော်ယွမ်၏ ကိုယ်ပတ်လည်တွင် အလင်းရောင်နှင့် အရိပ်များသာ ဝဲပျံနေတော့သည်။ ၎င်းနှင့်အတူ သူ၏ ခန္ဓာကိုယ်မှာလည်း ကြည်လင်ပြတ်သားမှုမရှိတော့ဘဲ ဝေဝါးလာပြီး နောက်ဆုံးတွင် ဆေးရောင်စက်တစ်ခု ပျံ့နှံ့သွားသကဲ့သို့ ဖြစ်သွားသည်။ လေပြင်းများ တိုက်ခတ်လာပြီး သဲမှုန်များ လွင့်ပျံလာကာ ဘေးနားရှိ ကျောက်နံရံများပေါ်တွင် နက်ရှိုင်းသော ဓားရာများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။
…………………………………………………………………………………………………
နံနက်ခင်း၊ "ဓားတရားဌာန" ခေါင်းဆောင် ရုံးခန်း။
လင်းဖေးယန်သည် ခုံပေါ်တွင်ထိုင်ရင်း မျက်လုံးများ လှုပ်ရှားနေပြီး လက်ထဲတွင် ခဲတံတစ်ချောင်းကို လျင်မြန်စွာ လှည့်ကစားနေသည်။ သူမ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်သွက်လက်ပြီး ခဲတံသည် လက်ခုံပေါ်တွင် ကပ်နေသကဲ့သို့ မည်သို့ပင် ခုန်ပျံကျော်လွှားနေပါစေ ပြုတ်ကျမသွားပေ။
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် လင်းဖေးယန်သည် ခါးကိုမတ်ကာ တည်ငြိမ်စွာ ထိုင်လိုက်ပြီး လက်ထဲမှ လှည့်နေသော ခဲတံကိုလည်း ချက်ချင်း ရပ်တန့်လိုက်သည်။ ဤခဲတံလှည့်သည့်အပြုအမူက သူမ၏ အသက်အရွယ်ကို ဖော်ပြနေသလို သူမ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်သည်။
"ဝင်ခဲ့ပါ"
"ခေါင်းဆောင်... ကျွန်မကို ခေါ်တာလား" ဝင်လာသူမှာ သူမ၏ အတွင်းရေးမှူးဖြစ်ပြီး သူမကဲ့သို့ပင် သေးကွေးသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်။ သေချာသည်မှာ သူမ၏ စိတ်နေသဘောထားမှာလည်း "သေးငယ်"ပြီး လူတိုင်းအနိုင်ကျင့်ချင်စရာ ပုံစံမျိုးဖြစ်နေသည်။
"ခုတလောကိစ္စကို စုံစမ်းပြီးပြီလား... သူတို့ ဒီရက်ပိုင်း ဘယ်သွားပြီး ဘာသွားလုပ်တာလဲ" လင်းဖေးယန်သည် ခဲတံကို တင်းတင်းဆုပ်ကိုင်ထားပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။
"ဓားတရားဌာန" ၏ ဒုတိယခေါင်းဆောင်နှင့် ရုံးအဖွဲ့မှူးတို့ သုံးရက်ဆက်တိုက် ပျောက်သွားသည်ကို ဌာန၏ အမြင့်ဆုံးခေါင်းဆောင်၊ သူတို့၏ တိုက်ရိုက်အထက်လူကြီးဖြစ်သော သူမက ဘာမှမသိရပေ။ ဤကိစ္စက သူမကို ဒေါသထွက်စေသည်။
"ကျွန်မ စစ်ဆေးကြည့်လိုက်တော့ သူတို့ မြို့သစ် ကို သွားဖို့ ရထားလက်မှတ် ဖြတ်ထားတာ တွေ့တယ်... ဘာကိစ္စလဲဆိုတာတော့ ကြည့်လို့မရဘူး... ဒါမှမဟုတ်... ကျွန်မ အဖွဲ့မှူးချန် ကို သွားမေးကြည့်လိုက်ရမလား" အတွင်းရေးမှူးက ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။
"ဒါဆိုလည်း မြန်မြန်သွားမေးလေ" လင်းဖေးယန်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
အတွင်းရေးမှူး အပြေးလေး ထွက်သွားသည်။ လင်းဖေးယန်၏ စိတ်မှာ မတည်မငြိမ် ဖြစ်နေသည်။ မြို့သစ်ကို သွားတယ်... သူတို့က မြို့သစ်ကို သွားရဲတယ်ပေါ့...
နိုင်ငံ၏အချက်အချာဖြစ်သော မြို့သစ်ကို သွားသည်ဆိုလျှင် ခေါင်းဆောင်ပိုင်းတွေနှင့် တွေ့ဖို့ကလွဲပြီး ဘာများလုပ်စရာရှိဦးမည်နည်း။
ထိုလုပ်ရပ်က အဖွဲ့၏ စည်းမျဉ်းမလေးစားတာနှင့် အတူတူဖြစ်ပြီး အဆင့်ကျော်ပြီး တင်ပြခြင်းလည်းဖြစ်သည်။ သူမလို ခေါင်းဆောင်ကို မျက်စိထဲမထည့်ဘဲ သူမကို ရုပ်ပြခေါင်းဆောင်အဖြစ် ထားဖို့ ကြံစည်နေသလော။
သူမသည် ညက သောက်လက်စ ကျန်နေခဲ့သော လက်ဖက်ရည်အေးကို မော့သောက်လိုက်သည်။ အေးစက်နေသော လက်ဖက်ရည်က သူမရင်ထဲမှ အပူမီးကို မငြှိမ်းသတ်နိုင်ပေ။ သူမ၏ မျက်နှာမှာ မှုန်မှိုင်းနေပြီး လက်ထဲမှ ခဲတံကို အရှိန်ပြင်းစွာ လှည့်ကစားလိုက်ရာ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
မကြာမီ အတွင်းရေးမှူး၏ ခြေသံများ နီးကပ်လာသဖြင့် လင်းဖေးယန်၏ ခဲတံလှည့်ခြင်း ရပ်တန့်သွားသည်။
"ခေါင်းဆောင်... ချန်ရှုရန်က ပြောတယ်... အဲ့ကိစ္စက အဆင့်(က) လျှို့ဝှက်ချက်မို့လို့ ခေါင်းဆောင်ရဲ့ ရာထူးအဆင့်နဲ့ သိခွင့်မရှိပါဘူးတဲ့" အတွင်းရေးမှူးက ကြောက်ရွံ့တုန်လှုပ်စွာ ပြောလိုက်သည်။
"ဂျွတ်" ခနဲ အသံနှင့်အတူ စိတ်လှုပ်ရှားမှုကြောင့် လင်းဖေးယန်လက်ထဲမှ ခဲတံ ကျိုးသွားသည်။ ရုံးခန်းတစ်ခုလုံး အေးစက်သွားပြီး အတွင်းရေးမှူးမှာ လန့်ဖျပ်သွားကာ တံခါးပေါက်နားသို့ နောက်ဆုတ်သွားသည်။ အချိန်မရွေး တံခါးဖွင့်ပြေးရန် ပြင်ဆင်နေသည့်ပုံပင်။
လင်းဖေးယန်၏ သေးငယ်သော ရင်အုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း ဆင်ခြင်တုံတရားတော့ ရှိနေသေးသည်။ ဤကဲ့သို့ လေးနက်သော ကိစ္စမျိုးကို ချန်ရှင်းကျယ် လိမ်ပြောမည် မဟုတ်ပေ။ အဆင့်(က) လျှို့ဝှက်ချက်ဆိုသည်မှာ အမှန်ဖြစ်ပေလိမ့်မည်။ သို့သော် ချန်ရှင်းကျယ်က "ဓားတရားဌာန" တွင် ထောက်ပံ့ပို့ဆောင်ရေးကိုသာ တာဝန်ယူရသူဖြစ်ရာ သတင်းရင်းမြစ် ဘယ်ကရသနည်း။
စဉ်းစားကြည့်ရသလောက် ဤကိစ္စသည် ဟိုအနှောင့်အယှက်ပေးတတ်သော ဒုတိယခေါင်းဆောင်ကြောင့် ဖြစ်လာရခြင်း ဖြစ်မည်။ သူ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အရာတစ်ခုခုကို တွေ့ရှိခဲ့ပြီး ချန်ရှင်းကျယ်ကို အခြေအနေ ရှင်းပြကာ မြို့သစ်သို့ သွားရောက်ခဲ့ခြင်း ဖြစ်လောက်သည်။
ဒါပေမဲ့ ဘာလို့ သူမကို သတင်းမပို့တာလဲ။ ဤသည်မှာ စည်းမျဉ်းမလိုက်နာခြင်းပေလော... ဒါမှမဟုတ် သူမလို ခေါင်းဆောင်ကို လုံးဝ ဂရုမစိုက်ခြင်းပေလော။
"ဌာနအသီးသီးကို အစည်းအဝေးခေါ်ဖို့ အကြောင်းကြားလိုက်"
"ဟုတ်... ဟုတ်ကဲ့"
"နေဦး... ဒုခေါင်းဆောင် ရောက်ပြီလား" သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ထွက်ပြေးရန် ပြင်နေသော အတွင်းရေးမှူးကို လှမ်းတားလိုက်သည်။
"မရောက်သေးပါဘူး"
"ဒါဆို ဒုခေါင်းဆောင် ရောက်လာမှပဲ အကြောင်းကြားလိုက်" နောက်ဆုံးစကားကို လင်းဖေးယန် အံကြိတ်ပြီး ပြောလိုက်သည်။
အတွင်းရေးမှူးက ကပျာကယာ ခေါင်းငြိမ့်ပြီး ယုန်တစ်ကောင်ကဲ့သို့ တံခါးပိတ်ကာ ထွက်ပြေးသွားတော့သည်။
လင်းဖေးယန် မတ်တပ်ရပ်လိုက်ပြီး ရုံးခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ထို့နောက် ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ ခဲတံကို ကိုက်ရင်း မျက်မှောင်ကြုတ် စဉ်းစားနေသည်။ မကြာမီ သူမသည် အစည်းအဝေးတွင် ပြောကြားမည့် မိန့်ခွန်းကို စတင် ရေးသားလေသည်။
ဤကဲ့သို့သော ကိစ္စမျိုးကို သူမ၏ အသုံးမကျသော အတွင်းရေးမှူးက ကောင်းမွန်အောင် လုပ်နိုင်မည်မဟုတ်။ သူမ ဆိုလိုချင်သော နက်ရှိုင်းသည့် အဓိပ္ပာယ်ကို နားလည်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ယခုလို အခြေအနေ ရှုပ်ထွေးနေပြီး သူမ၏ ရာထူးနေရာ ယိမ်းယိုင်နေချိန်တွင် ကိုယ်တိုင်ရေးမှသာ စိတ်ချရပေမည်။
ဆက်ရန်...