အခန်း (၃၆၅+၃၆၆)
Vol. 19 Ch. 365+366
အပိုင်း (၃၆၅) ရှုကျစ်ချန်နှင့် ပြန်လည်ဆုံတွေ့ခြင်း
မနက် ၁၀ နာရီရောက်မှသာ လော်ယွမ်သည် တောင့်တင်းသော ခြေလှမ်းများဖြင့် ဓားတရားဌာနသို့ ဝင်ရောက်လာရာ လမ်းတွင် အခုလေးတင် ရောက်လာသော ဖန်းဖေ့ပင်နှင့် ဝင်တိုက်မိလေသည်။
"ဟာ... ဆရာ ပြန်ရောက်ပြီလား" သမ်းဝေနေသော ဖန်းဖေ့ပင်သည် ချက်ချင်း အိပ်ချင်ပြေသွားပြီး နှုတ်ဆက်လိုက်သည်။
"မင်းအိပ်ရေးမဝဘူးလား" လော်ယွမ် ခေါင်းညိတ်ပြပြီး သူ့ကို အထက်အောက် စုန်ဆန်ကြည့်ကာ ပုံမှန်အမြန်နှုန်းဖြင့် မေးလိုက်သည်။ ဤသို့ထိန်းချုပ်ပြောဆိုလိုက်ခြင်းကြောင့် သူ၏လေသံသည် အနည်းငယ် ထူးဆန်းနေပြီး စကားလုံးပီသသော်လည်း စက်ရုပ်ဆန်နေသည်။ သို့သော် ဒါက ယာယီမျှသာဖြစ်ပြီး အချိန်အတိုင်းအတာအသစ် နှင့် အပြည့်အဝ အသားကျသွားသည်နှင့် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပေလိမ့်မည်။
ဖန်းဖေ့ပင်သည် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားရသော်လည်း သိပ်ပြီး အလေးမထားဘဲ ရိုးသားစွာ ဖြေလိုက်သည်။ "မနေ့ညက တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်တော့ မိုးလင်းနေပြီလေ... စိတ်က လှုပ်ရှားနေတုန်းဆိုတော့ အိပ်မပျော်တော့တာ... ညညအိပ်မပျော်တာ ကျွန်တော့်ရဲ့ ရောဂါဟောင်းပဲ"
"တာဝန်တော့ ပြီးခဲ့တယ်မလား"
"ဆရာနဲ့တော့မယှဉ်နိုင်ပေမယ့် အဆင့် ၅ လောက်ရှိတဲ့ တာဝန်လေးကတော့ အေးဆေးပြီးပါတယ်... ဒါပေမယ့် ပစ်မှတ်က တွင်းအောင်းရတာ ကြိုက်ပြီး နည်းနည်း ဉာဏ်များတော့ အခွင့်ကောင်းရဖို့ကို နေ့ဝက်လောက် စောင့်လိုက်ရတယ်" ဖန်းဖေ့ပင်က ဟီးခနဲ ရယ်မောကာ ပြောလိုက်သည်။
"ကောင်းတာပေါ့... ငါ့ရုံးခန်းထဲ လိုက်ခဲ့ဦး" လော်ယွမ် ပြောလိုက်သည်။
မေးစရာကိစ္စရှိမှန်း ဖန်းဖေ့ပင် နားလည်လိုက်သဖြင့် ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ရုံးခန်းထဲသို့ ဝင်သွားကြသည်။
လော်ယွမ် တံခါးပိတ်လိုက်ပြီး ဖန်းဖေ့ပင်ကို အားနာမနေဘဲ တဲ့တိုးပင် မေးလိုက်သည်။ "မင်း ချန်ရှင်းကျယ်ရဲ့ မိသားစုအကြောင်းကို ဘယ်လောက်သိလဲ"
"ချန်ရှင်းကျယ်... ဌာနမှူးချန်လား... ဘယ်လိုမျိုးကို ပြောတာလဲ... ကျွန်တော်မှတ်မိသလောက်တော့ သူ့မှာ အမေတစ်ယောက်ရှိတယ်... တော်တော် ကျက်သရေရှိတဲ့အမျိုးသမီးတယောက်ပဲ... အရင်တုန်းကဆို ဟင်းတွေ ဘာတွေ လာပို့တတ်ပေမယ့် ခုတလော သိပ်မလာတော့ဘူး" ဖန်းဖေ့ပင်က နားမလည်စွာ ပြန်ဖြေသည်။
ပုံမှန်အချိန်ဆို ဉာဏ်ကောင်းသည့် တပည့်ဖြစ်သူက ယခုလိုအချိန်ကျမှ ထုံထိုင်းနေသဖြင့် လော်ယွမ် စိတ်မရှည်ဖြစ်သွားပြီး ထပ်မံ၍ လမ်းကြောင်းပေးလိုက်သည်။ "အဲဒါမျိုး မဟုတ်ဘူးလေ... ဥပမာ ယောကျ်ားတို့ ကလေးတို့မျိုး ရှိလားမေးတာ"
"အဲဒါတော့ မသိဘူးဗျ... တခါမှတော့ မမြင်ဖူးဘူး" ထိုသို့ပြောပြီးမှ ဖန်းဖေ့ပင် သဘောပေါက်သွားပြီး ပါးစပ်အဟောင်းသားဖြင့် အံ့ဩစွာ ပြောလိုက်သည်။ "ဟာ... ဆရာ... ဆရာ ချန်ရှင်းကျယ်ကို ကြိုက်နေတာလား... ချန်ရှင်းကျယ်က ဘယ်သူ့ကိုမဆို ဖော်ရွေတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ မာနကြီးတယ်ဗျ"
"ဒုခေါင်းဆောင်တောင်... အာ... ဆရာ့ကို ပြောတာ မဟုတ်ဘူးနော်... သေသွားတဲ့ ဒုခေါင်းဆောင်ဟောင်းကိုပြောတာ... သူလည်း ဌာနမှူးချန်ကို လိုက်ဖူးတယ်... အဲဒီလူက မိန်းမကြိုက်ပြီး စကားပြောလည်း ကောင်းတယ်လေ... သူနေ့တိုင်း လက်ဆောင်တွေ ပို့ပြီး လနဲ့ချီအောင်ကြိုးစားတာတောင် လက်ဖျားလေးတောင်မှ ထိခွင့်မရလိုက်ဘူး... အဲ့တယောက်က သူ့ကို အရှက်ကွဲလုနီးနီး ဖြစ်အောင်လုပ်တာ ခဏခဏပဲ"
"ဆရာသူ့ကို တရားဝင် လက်ထပ်ယူမယ်ဆိုရင်တော့ ဖြစ်နိုင်ချေရှိပေမယ့် မယားအဆင့်လောက်ဆိုရင်တော့ နည်းနည်းခက်လိမ့်မယ်"
ဖန်းဖေ့ပင်က လော်ယွမ့်အမျိုးသမီးများကို မြင်ဖူးထားသူဖြစ်သည်။ (ဝူချင်းယုကို သွားကယ်စဉ် တည်းခိုခန်းမှာ ရှိနေကြတုန်းက ဖြစ်သည်)။ ထိုအမျိုးသမီးအရေအတွက်က မနည်းလှပေ။ စုလိုက်လျှင် ဘတ်စကက်ဘောအသင်း တစ်သင်းစာလောက်ပင် ရှိသည်။
လော်ယွမ်၏မျက်နှာတွင် ပြုံးစစအမူအရာ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ဖန်းဖေ့ပင် ကြက်သီးထသွားပြီး တစ်ကိုယ်လုံးရှိ အရိုးများ ယားယံလာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် အလျင်အမြန်ပင် စကားပြန်ပြင်လိုက်သည်။ "ဒါပေမယ့် ဒုခေါင်းဆောင်ဟောင်းက ဆရာနဲ့ တော့ ယှဉ်လို့ဘယ်ရမလဲ... ရုပ်ရည်ချင်းတင်..."
"တော်ပြီ... ပေါက်ကရတွေ မပြောနဲ့တော့... သူ့မှာ ယောကျ်ားရှိမရှိပဲ မင်း စုံစမ်းပေး... " လော်ယွမ် စကားဖြတ်ပြောလိုက်ပြီးမှ စိတ်ပြောင်းသွားကာ "ထားလိုက် မစုံစမ်းနဲ့တော့"
သာမန်လူတစ်ယောက်ကို အမှန်အတိုင်းပြောလာအောင် လုပ်ဖို့ဆိုတာ လော်ယွမ်အတွက် လွယ်ကူလွန်းသည်။ အခွင့်ကောင်းတစ်ခုရှာပြီး စိတ်ညှို့လိုက်ရုံသာ။ တခြားကိစ္စတွေကိုတော့ သူ သိပ်ဂရုမစိုက်ပေ။ သူ့မှာ ရည်မှန်းချက်ကြီးကြီးမားမား မရှိသလို ပြန်လည်တည်ဆောက်ရေးဇုန်ကို သစ္စာဖောက်ဖို့လည်း စိတ်ကူးမရှိပေ။ သို့သော် ဤပြဿနာကို ရှင်းရှင်းလင်းလင်း မသိရလျှင် သူ့စိတ်ထဲတွင် အပြစ်ရှိသလို ခံစားနေရသည်။
ထိုစဉ် တံခါးခေါက်သံထွက်ပေါ်လာပြီး လော်ယွမ်၏ အတွေးစကို ဖြတ်တောက်လိုက်သည်။
"ဝင်ခဲ့"
တံခါးအနည်းငယ်ဟသွားပြီး လူကောင်သေးသေး အရိပ်တစ်ခု တံခါးကြားမှ ပေါ်လာသည်။ ခေါင်းလေးပြူကာ ရုံးခန်းထဲသို့ ကြောက်ကြောက်လန့်လန့် ချောင်းကြည့်လိုက်ပြီး လော်ယွမ်ကို မြင်သောအခါ မျက်နှာရဲသွားကာ စကားပင် ထစ်ငေါ့သွားသည်။ "ဒု... ဒုေခေါင်းဆောင်... ပြီးတော့ ဗိုလ်မှူးကြီး... ဖန်း... ခေါင်းဆောင်က အစည်းအဝေးခန်းမမှာ အစည်းအဝေးလုပ်မယ်တဲ့... လာခဲ့ပါလို့ လာပြောတာပါ"
"ဘယ်အချိန်လဲ" လော်ယွမ် သူမကို ကြည့်ပြီး မေးလိုက်သည်။ လင်းဖေးယန်က ဘာကြောင့် ဤမျှသတ္တိနည်းသည့် အတွင်းရေးမှူးမျိုးကို ခန့်ထားသနည်းဟု စိတ်ထဲတွင် တွေးမိလိုက်သည်။
"အခု... အခုတဲ့"
"သိပြီ... ငါ အခု လာခဲ့မယ်... နင်အရင်သွားနှင့်တော့" လော်ယွမ် ပြောလိုက်သည်။
"ဟု... ဟုတ်ကဲ့" သူမသည် ကိုယ်ကို ကျုံ့ကာ တံခါးကို ဖြည်းညင်းစွာ ပြန်ပိတ်သွားသည်။
"အရေးကြီးကိစ္စ တခုခု ဖြစ်ပြန်ပြီထင်တယ်... အစည်းအဝေး အရင်သွားတက်လိုက်ဦးမယ်" လော်ယွမ် ဘာမှမဖြစ်သလို ပြောလိုက်သည်။
ဖန်းဖေ့ပင်၏ မျက်နှာထားမှာ ထူးဆန်းနေသည်။ ဆရာ ရောက်တာ မကြာသေးတော့ အခြေအနေကို သိပ်မသိသေးဘူး။ အဖွဲ့ခေါင်းဆောင်က ပုံမှန်တွေးခေါ်တတ်တဲ့လူမျိုး မဟုတ်ဘူးဟု စိတ်ထဲတွင် တွေးနေမိသည်။
နှစ်ယောက်သား ရုံးခန်းထဲမှ ထွက်လာရာ စင်္ကြံလမ်း၌ တံခါးပိတ်နေသော ချန်ရှင်းကျယ်နှင့် တွေ့လေသည်။
"ဆရာ... ကျွန်တော် ပစ္စည်းကျန်ခဲ့လို့ အရင်သွားနှင့်မယ်" ဖန်းဖေ့ပင်က အကင်းပါးစွာဖြင့် ချက်ချင်း လှည့်ထွက်သွားသည်။
"တိုက်ဆိုင်တာပဲ" လော်ယွမ်သည် ဖန်းဖေ့ပင် ထွက်သွားသည်ကိုကြည့်ပြီး ပြောစရာမရှိသဖြင့် စကားစလိုက်သည်။
"ဟုတ်... ဟုတ်တယ်နော်" ချန်ရှင်းကျယ်သည် လော်ယွမ်၏ အကြည့်ကို ရှောင်လွှဲလိုက်ပြီး ကျနေသော ဆံနွယ်စလေးများကို သပ်တင်ကာ အနည်းငယ် ယောင်မှားနေပုံရသည်။ လော်ယွမ်နှင့်အတူ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အနီးနားရှိ သန့်စင်ခန်းကို လှမ်းကြည့်ကာ အလျင်အမြန် ပြောလိုက်သည်။ "ဆောရီးနော် ကျွန်မ သန့်စင်ခန်း ဝင်လိုက်ဦးမယ်"
ပြောပြီးသည်နှင့် လော်ယွမ်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဘေးနားရှိ သန့်စင်ခန်းဆီသို့ သုတ်ခြေတင် ထွက်သွားလေသည်။
လော်ယွမ်သည် မိန်းမလှလေး ယောင်ယောင်မှားမှားနှင့် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူ့ကို ရှောင်ပြေးနေမှန်း သိလိုက်ရသဖြင့် စိတ်ထဲတွင် ဟာတာတာ ဖြစ်သွားသည်။ သူ တကယ်ပင် ဝေခွဲမရဖြစ်နေချေပြီ။ ၎င်းက ဟန်ဆောင်ခြင်းလား၊ တကယ်လား ဆိုသည်ကိုပင်။ ခုနက စိတ်ညှို့ပြီး မမေးလိုက်မိတာ နောင်တရမိသည်။
လော်ယွမ် အစည်းအဝေးခန်းမသို့ ရောက်သောအခါ လူတော်တော်များများ ရောက်နေပြီဖြစ်သည်။ တာဝန်ကျနေသူများနှင့် မရောက်သေးသူများမှလွဲ၍ လာသင့်သူ အကုန်ရောက်နေပြီဖြစ်သည်။ အစည်းအဝေးစရန် အချိန်လိုသေးသဖြင့် လော်ယွမ်သည် ရောက်နှင့်နေသော လုပ်ဖော်ကိုင်ဖက်များနှင့် တိုးတိုးတိတ်တိတ် စကားပြောနေလိုက်ပြီး ချန်ရှင်းကျယ် ဝင်လာသောအခါမှသာ မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ချန်ရှင်းကျယ်ကလည်း သူ့ကို လှမ်းကြည့်နေသဖြင့် အကြည့်ချင်းဆုံသွားရာ သူမက ထိတ်လန့်စွာဖြင့် အကြည့်လွှဲသွားလေသည်။
မကြာမီ လင်းဖေးယန်သည် အစည်းအဝေးခန်းမထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာသည်။ သူမ၏ အမှတ်တံဆိပ်ဖြစ်သော ပွယောင်းယောင်း စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာမှာ တည်ကြည်အေးစက်နေသည်။ လက်ထဲတွင် စာရွက်ပါးလေးတစ်ရွက်ကို ကိုင်ဆောင်ထားပြီး စင်မြင့်ပေါ်သို့ တက်သွားသည်။
သူမ နေရာယူပြီးနောက် လူအားလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး လော်ယွမ့်ဆီတွင် ခေတ္တမျှ အကြည့်ရပ်တန့်သွားသည်။ လော်ယွမ်က သတိပြုမိသလို ခေါင်းမော့ကြည့်လိုက်သောအခါ သူမသည် ချက်ချင်း ခေါင်းငုံ့လိုက်ပြီး စာရွက်ကို ဖတ်ချင်ယောင်ဆောင်ကာ ဖုံးကွယ်လိုက်သည်။
''လင်းဖေးယန်... နင့်စိတ်ကို ခိုင်ခိုင်ထားစမ်း.... သူ့အရှိန်အဝါ အလွှမ်းမိုးမခံနဲ့... နင်ကမှ တကယ့်ခေါင်းဆောင် သူက ဒုတိယအဆင့်ပဲ ရှိတာ... ဒီမိန့်ခွန်းစာရွက်ကို ဖတ်ပြပြီးရင် ပြာသွားမယ့်သူက သူပဲ ဖြစ်ရမယ်''
သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် ခေါင်းမော့ကာ လော်ယွမ်ကို မျက်စောင်းတစ်ချက်ထိုးပြီး ချောင်းဟန့်လိုက်သည်။ ပြီးနောက်စာရွက်ကို ငုံ့ကြည့်ပြီး စတင်ပြောကြားလေသည်။ "ဒီအစည်းအဝေးက အရမ်းကပ်ပြီး ခေါ်လိုက်ရတာဆိုတာ ကျွန်မ သိတယ်... ဒါပေမယ့် ဒါက တကယ်လိုအပ်လို့ ခေါ်လိုက်ရတာ... မျှော်လင့်ချက်မြို့ရဲ့ ဓားတရားဌာန ဖွဲ့စည်းတာ တစ်နှစ်မပြည့်သေးပေမယ့် ကျွန်မတို့ဌာနမှာ ပြဿနာတချို့ စပြီး ပေါ်ပေါက်လာပြီ''
''ဒီပြဿနာတွေက ကြီးကြီးမားမား မဟုတ်ပေမဲ့... သတိထားပြီး လေးလေးနက်နက် တွေးရမယ့် ကိစ္စတွေ ဖြစ်တယ်''
''ဥက္ကဋ္ဌမော် ပြောဖူးတယ်... အိမ်ဆိုတာ မကြာခဏ သန့်ရှင်းရေးလုပ်ဖို့လိုတယ်... သန့်ရှင်းရေးမလုပ်ရင် ဖုန်တွေတက်လာမယ်တဲ့... မျက်နှာဆိုတာ မကြာခဏ သစ်သင့်တယ်... မသစ်ရင် မျက်နှာက ညစ်ပတ်လာမယ်တဲ့..."
လော်ယွမ်၏ မျက်နှာအမူအရာက ထူးဆန်းနေ၏။ ဤမိန့်ခွန်းစာရွက်ကို မည်သူရေးပေးလိုက်သနည်း။ အထက်တန်းကျောင်းသား စာစီစာကုံးနှင့်ပင် တူနေပါပကော။ ဖန်းဖေ့ပင်နှင့် ဘေးနားရှိ လီတုန်းတို့ကို ကြည့်လိုက်ရာ လူတိုင်း ခါးမတ်မတ်ထားပြီး ထိုင်နေကြသော်လည်း စိတ်က တခြားရောက်နေကြပုံရသည်။ ဒါကို ရိုးအီနေအောင် ကြုံဖူးနေကြပုံရသည်။
"တိုက်ခိုက်စွမ်းရည်မြင့်မားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီတစ်နှစ်အတွင်းမှာ ကျွန်မတို့ အဖွဲ့သားတွေဟာ စည်းကမ်းလျော့ရဲလာကြတယ်... ပျော်ပါးပြီး စိတ်ကြီးဝင်လာကြတယ်... နေ့တိုင်း နောက်ကျမှလာတာ စောစောပြန်တာတွေအပြင် အဖွဲ့အစည်းရဲ့ စည်းကမ်းကိုလည်း မလိုက်နာကြဘူး... အထူးသဖြင့် အဖွဲ့သားတစ်ယောက်ဆိုရင် ရှေ့ဆောင်လမ်းပြ မလုပ်တဲ့အပြင် ပိုပြီးဆိုးလာတယ်... ကိုယ့်အစွမ်းအစကို အားကိုးပြီး ထင်ရာစိုင်းတယ်... အဖွဲ့ခေါင်းဆောင်ကို မလေးစားဘူး... အမျိုးသမီးတွေကို မလေးစားဘူး..."
လော်ယွမ် သံသယဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အဖွဲ့သားများက သူ့ကို ထူးဆန်းသောအမူအရာများဖြင့် ဝိုင်းကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
''ငါ့ကို ပြောနေတာများလား'' ဟု တွေးမိသည်။ သို့သော် ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားကြည့်သော်လည်း လင်းဖေးယန်ကို ဘယ်နေရာမှာ သွားရန်စမိမှန်း စဉ်းစားမရပေ။ ထို့အပြင် ဤစကားတွေက အရမ်းလွန်လွန်းသည်။ ''ဘာလဲ... ထင်ရာစိုင်းတယ် ဟုတ်လား... ငါ ဘယ်တုန်းက ထင်ရာစိုင်းဖူးလို့လဲ''
ထို့အပြင် ထင်ရာစိုင်းသည်ဆိုသော စကားလုံးနောက်တွင် ခေါင်းဆောင်ကို မလေးစားဘူး... အမျိုးသမီးတွေကို မလေးစားဘူးဆိုသည်မှာ တခြားလူတွေကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည် မဟုတ်ပါလော။
လင်းဖေးယန်သည် ခေါင်းငုံ့ပြီး စာရွက်ကို ဖတ်နေရင်း ဖတ်လေလေ စိတ်ထဲတွင် ကျေနပ်လေလေ ဖြစ်လာကာ လေသံကလည်း တက်ကြွလာပြီး အနိမ့်အမြင့် သံနေသံထား မှန်ကန်လာသည်။ အစည်းအဝေးခန်းမထဲမှ ထူးဆန်းနေသော လေထုအခြေအနေကို လုံးဝသတိမထားမိပေ။ ထိုစဉ် ရုတ်တရက် တံခါးခေါက်သံကြောင့် သူမ၏ စီးချက်ဝါးချက် ပျက်သွားလေသည်။
သူမ မကျေမနပ်ဖြင့် ခေါင်းမော့ကာ တံခါးပေါက်ကို ကြည့်လိုက်ရာ ခေါင်းတစ်လုံး ပြူထွက်လာသည်။ သူမ၏ အသုံးမကျသော အတွင်းရေးမှူးမလေးပင်။
လင်းဖေးယန်က တည်ကြည်စွာဖြင့် မေးလိုက်သည်။ "ဘာကိစ္စလဲ... ငါ အစည်းအဝေးလုပ်နေတာ နင်မမြင်ဘူးလား"
"ဟို... ဟိုလေ... မြို့တော်ဝါဒဖြန့်ချိရေးဌာနက ဝန်ကြီးရန် ရောက်နေတယ်... သူက ခေါင်းဆောင်နဲ့ တွေ့ချင်လို့တဲ့" လင်းဖေးယန်၏ အတွင်းရေးမှူးမလေးက သနားစရာကောင်းလောက်အောင် တိုးတိုးလေး ပြောရှာသည်။
"သူ့ကို ခဏစောင့်ခိုင်းလိုက်... အစည်းအဝေးပြီးမှ ပြောမယ်" လင်းဖေးယန်က အရှိန်အဝါအပြည့်ဖြင့် လက်ကာပြလိုက်သည်။
"မျှော်လင့်ချက်မြို့ရဲ့ အရာရှိကြီးတစ်ယောက်ဆိုတော့ စောင့်ခိုင်းထားလို့ မကောင်းဘူး... ကျွန်တော်နဲ့လည်း သူနဲ့က သိနေတော့ ခေါင်းဆောင် အစည်းအဝေး ဆက်လုပ်လိုက်... ကျွန်တော်ပဲ သွားလိုက်မယ်" လော်ယွမ် အလျင်အမြန် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
ဤခေါင်းဆောင်မလေးက သူ့ကို တစ်မျိုးကြီး ခံစားရစေသည်။ စိတ်ဓာတ်မရင့်ကျက်သေးဘဲ လူကြီးလုပ်ချင်နေသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
လော်ယွမ်၏ ခံစားချက်ထဲတွင် သူမသည် အလယ်တန်းကျောင်းတက်တုန်းက ဟန်ဆောင်ကောင်းပြီး အတွင်းစိတ်မရင့်ကျက်သေးသော အတန်းခေါင်းဆောင်မလေးနှင့် တူနေသည်။
ရင့်ကျက်ပုံပေါက်သော မျက်နှာထားကို ဖယ်လိုက်လျှင် သူမ၏ အသက်အရွယ်အစစ်အမှန်သည် သူထင်ထားတာထက် ပိုငယ်နိုင်လောက်သည်။ လော်ယွမ် သူမနှင့်အပြိုင် အာဏာမလုချင်သလို ဤနေရာတွင်ဆက်ထိုင်ပြီး အကြောင်းမဲ့ ဝေဖန်ခံနေဖို့လည်း စိတ်ကူးမရှိပေ။
လင်းဖေးယန် စကားပြန်မပြောနိုင်ခင်မှာပင် လော်ယွမ်က မတ်တတ်ရပ်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ လင်းဖေးယန် အသက်ရှူရပ်မတတ် ဖြစ်သွားပြီး နှုတ်ခမ်းများ လှုပ်ရွသွားသော်လည်း လော်ယွမ် အခန်းထဲမှ ထွက်သွားသည်အထိ ကန့်ကွက်စကား တစ်ခွန်းမှ ထွက်မလာခဲ့ပေ။
ခုနကမှ ခက်ခက်ခဲခဲ တည်ဆောက်ထားသော အရှိန်အဝါများသည် ချောက်ကမ်းပါးထဲသို့ ထိုးကျသွားသလို ဖြစ်သွားသည်။ ၅ ပုံ ၁ ပုံလောက်သာ ပြောရသေးသော မိန့်ခွန်းစာရွက်ကို ကြည့်ပြီး သူမ နည်းနည်းများ အရေးလွန်သွားသလားဟု ရုတ်တရက် ခံစားလိုက်ရသည်။
..........................................................................................
လော်ယွမ် ဧည့်ခန်းသို့ ရောက်သောအခါ လူနှစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
တိုက်ဆိုင်စွာပင် ထိုနှစ်ယောက်စလုံးမှာ မိတ်ဆွေဟောင်းများ ဖြစ်နေကြသည်။ လော်ယွမ် ရောက်လာသည်ကို မြင်သောအခါ ဝန်ကြီးရန် သက်ပြင်းချလိုက်ပြီး သူနှင့်အတူပါလာသူကလည်း မတ်တတ်ရပ်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဒုခေါင်းဆောင်ယွမ်... ပြန်တွေ့ကြပြန်ပြီနော်... ခင်ဗျားက ရိုးရိုးလူ မဟုတ်ဘူးလို့ အစကတည်းက ကျွန်တော် ထင်ခဲ့တာ... အခုတစ်လတောင် မပြည့်သေးဘူး ရာထူးတက်သွားပြီပဲ... လာ... မိတ်ဆက်ပေးရဦးမယ်... ဒီတစ်ခါ မျှော်လင့်ချက်မြို့က ဓားတရားအဖွဲ့အတွက် ထောက်ခံပေးလိုက်တဲ့သူက ဒုဗိုလ်မှူးကြီး ရှုကျစ်ချန်တဲ့... အရင်က စစ်ဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ကလေ"
"ဝန်ကြီးရန်... မိတ်ဆက်ပေးစရာ မလိုဘူး... ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေ" လော်ယွမ် ဝန်ကြီးရန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ရှုကျစ်ချန်ဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "နေကောင်းတယ်မလား... ခင်ဗျား ဘယ်လိုလုပ် ဒီရောက်လာတာလဲ။"
"ပြောရရင်တော့ အရှည်ကြီးပဲ" ရှုကျစ်ချန်က ခါးသက်သက်ပြုံးရင်း ခေါင်းခါလိုက်သည်။ ဝန်ကြီးရန်ရှေ့တွင် မပြောချင်မှန်း သိသာလှသည်။
"ခဏနေကျရင် အတူတူ ထမင်းစားရင်း အေးဆေးပြောကြတာပေါ့... ပြီးရင် ခင်ဗျားကို ဓားတရားအဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးမယ်" လော်ယွမ်က သဘောပေါက်စွာဖြင့် ပြောလိုက်သည်။
ရှုကျစ်ချန် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက် ရင်းနှီးနေသည်ကို တွေ့ရသဖြင့် ဝန်ကြီးရန် စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။ "ဒုဗိုလ်မှူး ရှုကျစ်ချန်ရဲ့ ကိုယ်ရေးရာဇဝင်ထဲမှာ ကန္တာရမြို့ဆိုတာကို မြင်တော့ ရင်းနှီးနေသလို ခံစားရတာ ဒါကြောင့်ကိုး... ခုလိုအချင်းချင်း သိနေကြတော့ ပိုအဆင်ပြေတာပေါ့"
လူချင်းရင်းနှီးလျှင် ကိစ္စပြီးမြောက်ရန် လွယ်ကူသည်။ ထို့နောက် စာရွက်စာတမ်းကိစ္စများကို အလွယ်တကူပင် ဆောင်ရွက်ပြီးစီးသွားသည်။ လော်ယွမ် ရုံးခန်းသို့သွားပြီး လက်မှတ်ထိုး၊ တံဆိပ်တုံးထုလိုက်သည်။ အစည်းအဝေးပြီးလျှင် ချန်ရှင်းကျယ်ကို ဖိုင်တွဲခိုင်းလိုက်ရုံပင်။ ဒုခေါင်းဆောင်အနေဖြင့် သူ့တွင် အတည်ပြုခွင့်အာဏာ ရှိသည်။ အရင်တုန်းက လော်ယွမ် ဝင်ရောက်စဉ်ကလို ခေါင်းဆောင်မရှိ၊ ဒုခေါင်းဆောင်ကလည်း တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားသဖြင့် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အဖြစ်မျိုးနှင့် မတူတော့ပေ။
အဓိကအချက်မှာ ရှုကျစ်ချန်၏ အစွမ်းအစမြင့်မားမှုပင် ဖြစ်သည်။ ကန္တာရမြို့တွင် ရှိစဉ်ကထက် သူ့အရှိန်အဝါများ အကြီးအကျယ် ပြောင်းလဲသွားသည်ကို လော်ယွမ် ခံစားမိသည်။ ယခုအချိန်တွင် သူသာ အသွင်ပြောင်းလိုက်လျှင် ဖြစ်ပေါ်လာမည့် လူ့ဘီလူးကြီးက မည်မျှကြီးမားခမ်းနားနေမည်ကို မသိနိုင်ပေ။
လေးဘက်မြင်လောကသို့ တစ်စိတ်တစ်ပိုင်းရောက်နေသော ဤသတ္တဝါအပေါ် လော်ယွမ် အတော်လေး စိတ်ဝင်စားနေမိသည်။
ဆက်ရန်...
အပိုင်း (၃၆၆) ကြိုတင်အာရုံခံနိုင်စွမ်း
ဝန်ကြီးရန်က အလုပ်တာဝန်များပြားသူပီပီ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များ ပြီးပြတ်သွားသည်နှင့် လော်ယွမ်ကို ယဉ်ကျေးမှုအရ စကားအနည်းငယ် ပြောဆိုပြီးနောက် ပြန်ရန် ပြင်ဆင်လေတော့သည်။
လော်ယွမ်ကလည်း ဝန်ကြီးရန်ကို တကူးတက ဂိတ်ပေါက်ဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ပြီးခဲ့သည့်တစ်ခေါက်က ဝန်ကြီးရန်သာ ကူညီမပေးခဲ့လျှင် ကျန်းဝူနှင့် ဝမ်ရှကွမ်တို့ ယခုကဲ့သို့ နေရာကောင်းများ ရရှိနိုင်မည် မဟုတ်ပေ။
ယခုအခါ ကျန်းဝူက မှုခင်းရဲတပ်ဖွဲ့တွင် အလယ်အလတ်တန်းအဆင့် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဝမ်ရှကွမ်မှာလည်း ဌာနအရွယ်အစား အကြီးမားဆုံးဖြစ်သည့် စက်မှုစီမံကိန်းဦးစီးဌာနသို့ ရောက်ရှိနေပြီဖြစ်သည်။ ဝန်ကြီးရန်အဖို့ ဤကိစ္စက ပါးစပ်လှုပ်ရုံမျှသာ ဖြစ်သော်လည်း လော်ယွမ်မှာမူ ကျေးဇူးတင်ရှိနေရသည်။
ဝန်ကြီးရန် ပြန်သွားပြီးနောက် အစည်းအဝေးလည်း ပြီးဆုံးသွားလေ၏။ အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြရာ မျက်နှာအမူအရာများမှာ တစ်မျိုးကြီး ဖြစ်နေကြပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည့် ပုံစံများ ပေါက်နေကြသည်။
ဝူချင်းယုကမူ သတ္တိမွေးလိုက်ပြီး မျက်နှာလေးရဲကာ နှစ်သိမ့်စကား လာပြောရှာသည်။ "ဒုခေါင်းဆောင်... ရှင်က အဲဒီလိုလူစားမျိုး မဟုတ်ဘူးဆိုတာ ကျွန်မ ယုံပါတယ်"
လော်ယွမ်၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။ နောက်ပိုင်းဆက်လုပ်သည့် အစည်းအဝေးတွင် လင်းဖေးယန်တစ်ယောက် သူ့အကြောင်း ဘာတွေအတင်းပြောလိုက်ပြန်သည်မသိ။ လင်းဖေးယန်ကတော့ သူ့ရုံးခန်းသူ ခိုးကြောင်ခိုးဝှက် ပြန်သွားပုံရသည် အရိပ်အယောင်ပင် မတွေ့ရတော့။ တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်လျှင် ခေါင်းဆောင်ကို မလေးစားဘူးဆိုတာ ဘယ်လိုမျိုးလဲဆိုသည်ကို သူမ ကောင်းကောင်းကြီး သိသွားအောင် ပြလိုက်မိမည်မှာ အမှန်ပင်။
"ကဲ... မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်... ဒီတစ်ယောက်ကတော့ အဖွဲ့ဝင်သစ် ရှုကျစ်ချန်တဲ့... ငါ အရင်ကတည်းက ခင်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပဲ... သူက စစ်ဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ကလာတာ... သူ့အစွမ်းအစက သာမန်မဟုတ်ဘူး... အားလုံးခင်ခင်မင်မင် ပေါင်းသင်းကြပေါ့"
"ကြိုဆိုပါတယ်ဗျာ... နောက်ဆုံးတော့ လူသစ်ရောက်လာပြီပဲ... ကျွန်တော့်မည်က ရှဲ့ကျွင်းဟွေပါ"
"မင်္ဂလာပါ... ကျွန်တော်က လီတုန်းပါ"
"ဆရာ့မိတ်ဆွေဆိုတော့ ကျွန်တော့်မိတ်ဆွေပဲပေါ့... ကျွန်တော်က ဖန်းဖေ့ပင်ပါ"
.....................................................................................................................
လော်ယွမ်နှင့် ပတ်သက်နေသူဖြစ်သဖြင့် အဖွဲ့သားဟောင်းများနှင့် လူသစ်ကြား အခြေအနေမှာ ကောင်းမွန်နေသည်။ လက်ဆွဲနှုတ်ဆက်ပြီး စကားအနည်းငယ် ပြောကြပြီးနောက် ရင်းနှီးသွားကြလေသည်။
"ဒုခေါင်းဆောင်... ခင်ဗျားပြောတဲ့ ခင်ခင်မင်မင် ပေါင်းသင်းကြ ဆိုတာ ဘယ်လိုနည်းလမ်းနဲ့မဆို ဆက်ဆံလို့ရတယ်ဆိုတဲ့ သဘောလားဗျ" လီတုန်းက ပြုံးစိစိဖြင့် မေးလိုက်သည်။
"ဒါပေါ့... ဒါက ဌာနရဲ့ ထုတ်မပြောတဲ့စည်းမျဉ်းပဲလေ... ငါက ထိန်းသိမ်းရမယ့်သူ... ဖျက်ဆီးမယ့်သူ မဟုတ်ဘူး... မင်းတို့ ပညာစမ်းချင်ရင်လည်း စိတ်ကြိုက်စမ်းလို့ရတယ်" လော်ယွမ်က ရယ်မောကာ ပြန်ပြောလိုက်၏။
''ဓားတရား'' ဌာန၏ ထုတ်မပြောသည့်စည်းမျဉ်းဆိုသည်မှာ အဖွဲ့ဝင်သစ်တိုင်း ကြုံတွေ့ရမည့် ''အရည်အချင်းစစ်ခြင်း'' ဖြစ်သည်။ ဤနည်းလမ်းက ဝါရင့်အဖွဲ့ဝင်များ၏ ဩဇာကို တည်ဆောက်ပေးရုံသာမက လူသစ်များကိုလည်း အဖွဲ့နှင့် အမြန်ဆုံး အသားကျစေသည်။
ပထမအချက်မှာ စွမ်းရည်ကို ချိန်ခွင်လျှာညှိခြင်း ဖြစ်သည်။ စွမ်းရည်မရှိလျှင် ဤနေရာ၌ ဆက်နေရန် မျက်နှာပူစရာ ကောင်းပေလိမ့်မည်။
ဒုတိယအချက်မှာ စိတ်ကြီးဝင်မှုကို ဖျက်ဆီးခြင်း ဖြစ်သည်။ ထိတ်တန်းဆင့်ကဲပြောင်းလဲသူ အများစုမှာ ဤနေရာသို့ မရောက်မီက သက်ဆိုင်ရာနယ်ပယ်များ၌ ထိပ်တန်းရောက်ခဲ့ကြသူများ ဖြစ်သဖြင့် မာန်မာနကြီးကာ မည်သူ့ကိုမှ ဂရုမစိုက်တတ်ကြပေ။ ထိုသို့သောသူများ ငြိမ်ကုပ်သွားစေရန်မှာ လက်သီးမာမာဖြင့် ဆုံးမခြင်းသာ ရှိသည်။
တတိယအချက်မှာ တိုက်ခိုက်ခြင်းမှတစ်ဆင့် အဖွဲ့ဝင်ချင်း စွမ်းရည်များကို အမြန်ဆုံး နားလည်သဘောပေါက်စေရန် ဖြစ်၏။
အမှန်စင်စစ် လော်ယွမ်တုန်းကတော့ ခြွင်းချက်ဖြစ်ခဲ့သည်။ သူ့တုန်းကတော့ အဖွဲ့ဝင်သစ်ကို လွှမ်းမိုးနိုင်ခြင်း မရှိဘဲ ရှိရှိသမျှ လူကုန် လော်ယွမ်၏ လွှမ်းမိုးခံလိုက်ရကာ ဓားသွားဌာနတစ်ခုလုံး သိက္ခာကျခဲ့ရဖူးသည်။
ရှုကျစ်ချန်က လော်ယွမ်ထံမှ ဓားသွားဌာန၏ အခြေအနေများကို ကြားသိထားပြီးဖြစ်၍ သိပ်တော့ အံ့ဩပုံမရ။ သူက ပြတ်သားသူပီပီ စကားတစ်ခွန်းမှ မဆိုဘဲ အပေါ်အင်္ကျီကိုချွတ်လိုက်သည်။
"အသွင်ပြောင်း အစွမ်းမျိုးများလား" ဖန်ဖေ့ပင်းက ရှုကျစ်ချန်၏ အပြုအမူကိုကြည့်ပြီး စပ်စုလိုက်သည်။ ဖန်ဖေ့ပင်း ကိုယ်တိုင်လည်း ထိုအမျိုးအစားဖြစ်ရာ အစွမ်းသုံးလိုက်သည်နှင့် ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲသွားတတ်ပြီး အဝတ်အစားများ ကွဲထွက်ကုန်တတ်ကြောင်း ကောင်းစွာသိသည်။
"ဖြစ်နိုင်တယ်... ဒါပေမဲ့ ဓာတ်စွမ်းအင်အမျိုးအစားလည်း ဖြစ်နိုင်တာပဲ" လီတုန်းက စဉ်းစားခန်းဖွင့်နေသည်။ "ဒုခေါင်းဆောင်ကတော့ သေချာသိလောက်တယ်"
"ငါကြိုမပြောတော့ဘူး... ခဏနေရင် မင်းတို့ဘာသာ မြင်ရလိမ့်မယ် " လော်ယွမ်က ဝင်မရှင်းပြခဲ့ပေ။
ရှုကျစ်ချန် ရောက်ရှိလာသည်နှင့်အမျှ လော်ယွမ်၏ မျက်ခုံးကြားရှိ လေးဘက်မြင် အမြင်အာရုံမှ ပေါ်လာတတ်သော အာရုံမှားမြင်ကွင်းများမှာ အဆပေါင်းများစွာ မြန်ဆန်လာခဲ့သည်။ ယခင်က နာရီဝက်၊ တစ်နာရီမှ တစ်ကြိမ်ပေါ်လာတတ်သော်လည်း ယခုအခါ တစ်မိနစ်၊ နှစ်မိနစ်လျှင် တစ်ကြိမ် ပေါ်လာတော့သည်။ အထူးသဖြင့် လော်ယွမ်က ရှုကျစ်ချန်ကို လှမ်းကြည့်လိုက်သည့်အခါ ထိုအာရုံရိပ်များမှာ ပြတ်တောက်ခြင်း မရှိတော့ဘဲ ဆက်တိုက်ဆိုသလို ပေါ်လာနေလေ၏။
ဤသည်မှာ ရှုကျစ်ချန် ခန္ဓာကိုယ် အသွင်မပြောင်းလဲသေးခင်ဖြစ်ပြီး ပြောင်းလဲသွားလျှင် မည်သို့သော ထူးခြားမှုများ ဖြစ်ပေါ်လာမည်ကို မခန့်မှန်းနိုင်ချေ။
ရှုကျစ်ချန်က အပေါ်အင်္ကျီ ချွတ်လိုက်ရာ ကြွက်သားအဖုအထစ်များဖြင့် တောင့်တင်းသော ခန္ဓာကိုယ် ပေါ်လာသည်။ ထို့နောက် ဘောင်းဘီနှင့် ဖိနပ်များကိုပါ ချွတ်လိုက်၏။ သူက အဝတ်အစားများကို သေသပ်စွာ ခေါက်သိမ်းလိုက်ပြီး လူအုပ်နှင့် ခပ်ဝေးဝေးသို့ လျှောက်သွားရာ ပေ၃၀၀ကျော်လောက် အရောက်မှ ရပ်တန့်လိုက်သည်။
"သူ ဘာလုပ်မလို့လဲ" ရှဲ့ကျွင်းဟွေက သံသယဖြင့် မေးလိုက်သည်။
သို့သော် သူ့စကားမဆုံးမီမှာပင် ဧရာမဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာကာ သူ့မေးခွန်းကို ဖြတ်တောက်လိုက်လေသည်။ ထိုအသံကြီးမှာ ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှပြီး ပေ၃၀၀ကျော် ကွာဝေးသည့် နေရာမှပင် အဆောက်အဦးအတွင်းမှ ဖုန်မှုန့်များ တဖွားဖွား ပြုတ်ကျလာစေသည်။ အသံကြီးမှာ ထူထဲလေးလံပြီး ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသယောင် ထင်ရသည်။ လူသားတစ်ဦးထံမှ ထွက်လာသည့်အသံဟု ယုံကြည်ရန် ခဲယဉ်းလှ၏။
နောက်တစ်စက္ကန့်တွင် ရှုကျစ်ချန်၏ ခန္ဓာကိုယ် စတင်ပြောင်းလဲလာတော့သည်။ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ သစ်ပင်အိုကြီး၏ အမြစ်များသဖွယ် ချက်ချင်းပင် ဖုထစ်ရုန်းကြွလာကာ ကြောက်မက်ဖွယ် ကောင်းလာသည်။ အရေပြားအောက်မှ သွေးကြောမည်းကြီးများမှာလည်း ဧရာမတီကောင်ကြီးများ လူးလွန့်သွားလာနေသကဲ့သို့ ဖောင်းကြွလာကြသည်။ ရှေးဦးကမ္ဘာဦး သားရဲကြီးတစ်ကောင်၏ အရှိန်အဝါမျိုး သူ့ထံမှ ရုတ်တရက် ထွက်ပေါ်လာ၏။
အစပိုင်းတွင် လူတိုင်းက ဤထူးခြားမှုများကို ကြည့်ကာ အံ့ဩနေကြသော်လည်း သိပ်ပြီး ထူးလှသည်ဟု မထင်ကြသေး။
သို့သော် တစ်စက္ကန့်ပင် မကြာလိုက် မူလက ၆ ပေကျော်သာရှိသော အရပ်အမောင်းမှာ ရုတ်ချည်းပင် ၉ပေကျော်အထိ ရှည်ထွက်လာသည်။ နောက်တစ်စက္ကန့်တွင်တော့ ပေ၂၀ကျော်အထိ ထိုးတက်သွားတော့သည်။ အသားစိုင်များမှာ ခန္ဓာကိုယ်အတွင်းမှ ကြီးထွားလာခြင်း မဟုတ်ဘဲ လေထုထဲမှ အလိုအလျောက် ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်တွင် လာရောက်ကပ်တွယ်နေသကဲ့သို့ ရှိလေသည်။
လေးဘက်မြင် အမြင်အာရုံပိုင်ရှင် လော်ယွမ်ကမူ ဤဖြစ်စဉ်ကို ပို၍ ထင်ရှားစွာ အာရုံခံမိနေသည်။ ရှုကျစ်ချန် စတင်ပြောင်းလဲချိန်ကတည်းက သူ့ခေါင်းထဲမှ အာရုံရိပ်များမှာ ပြင်းထန်စွာ လှုပ်ခတ်နေခဲ့သည်။ မှိန်ဖျဖျအလင်းရောင်များမှာလည်း စူးရှတောက်ပလာပြီး ပလာစမာအဝတ်စည်းထားသည့်တိုင် အကာအကွယ် မပေးနိုင်တော့ပေ။
အလင်းနှင့် အမှောင် ခွဲခြားထားသော ထိုစိတ်ကူးယဉ် အာရုံရိပ်များမှာ အရောင်အသွေး စုံလင်လှပြီး နေမင်းကြီး၏ အလင်းကွက်များကို တိုက်ရိုက်စိုက်ကြည့်နေရသကဲ့သို့ လော်ယွမ့်ကို မျက်စိကျိန်းစေသည်။
ထိုအချိန်တွင် ရှုကျစ်ချန်၏ အရပ်အမောင်းမှာ ပေ ၅၀ ခန့်အထိ ကျော်လွန်လာပြီဖြစ်သော်လည်း ဆက်လက်ကြီးထွားနေဆဲပင်။ မြေညှိစက်ဖြင့် အထပ်ထပ်ကြိတ်ထားသော ကွန်ကရစ်ကဲ့သို့ မာကျောသည့် မြေပြင်သည်ပင် သူ၏ ကြောက်မက်ဖွယ် ကိုယ်အလေးချိန်ကို မခံနိုင်တော့ဘဲ ခြေဖဝါးရာကြီးများဖြင့် နစ်ဝင်ကျွံကျကုန်သည်။
လေးငါးစက္ကန့်ကြာသောအခါ ပြောင်းလဲမှု ရပ်တန့်သွားပြီး ဧရာမသတ္တဝါကြီး မတ်တပ်ထရပ်လိုက်သည်။ လေထုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး လေပြင်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ ဖြစ်ပေါ်လာကာ ဖုန်သဲများ လွင့်ပျံကုန်ကြသည်။ အရပ် ပေ ၉၀ ခန့် မြင့်မားပြီး ကြွက်သားအဖုအထစ်များနှင့် ကြောက်မက်ဖွယ် လူသားဘီလူးကြီးတစ်ကောင် သူတို့ရှေ့၌ ပေါ်ထွက်လာခဲ့လေပြီ။
သူ့ဘေးနားရှိ သုံးထပ်တိုက် အဆောက်အဦးမှာ သူ့ပေါင်လောက်သာရှိပြီး အရုပ်ကလေးတစ်ရုပ်သဖွယ် သေးငယ်သွားတော့သည်။
လော်ယွမ်ကတော့ အရင်က မြင်ဖူးထားသူမို့ တော်သေးသည်။ ကျန်လူများမှာမူ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်၍ မှင်သက်အံ့ဩနေကြသည်။
"ဒါ မတရားဘူး... ဒါမျိုးကို ငါတို့ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" ဖန်ဖေ့ပင်းက ပါးစပ်အဟောင်းသားဖြင့် ရေရွတ်မိသည်။ သူ အသွင်ပြောင်းလျှင် ၆ပေလောက်သာ ရှိတတ်ရာ ယခုမြင်ကွင်းမှာ သူ့အတွက်တော့ မတရားလွန်းနေသည်။ "ရှဲ့ကျွင်းဟွေ... မင်းပဲ သွားလိုက်တော့... မင်းအစွမ်းက ဒီလိုကောင်ကြီးမျိုးနဲ့ ယှဉ်ဖို့ အသင့်သော်ဆုံးပဲ"
"ဟုတ်တယ် မင်းပဲသူ့ကိုယှဉ်နိုင်မှာ... ဘာမှမပူနဲ့... ဒါကလက်ရည်စမ်းရုံသက်သက်ပါပဲ" လီတုန်းကလည်း ဝင်ရောက်တိုက်တွန်းသည်။
ရှဲ့ကျွင်းဟွေက ခဏမျှ တွန့်ဆုတ်နေပြီးမှ ရှက်ရွှံ့သော မျက်နှာဖြင့် ပြောလိုက်သည်။ "ဒါဆိုလည်း ငါစမ်းကြည့်လိုက်မယ်"
လော်ယွမ်က ရှဲ့ကျွင်းဟွေကို စိတ်ဝင်တစား ကြည့်လိုက်မိသည်။ ရှဲ့ကျွင်းဟွေ ဓားသွားဌာနသို့ ရောက်လာသည်မှာ မကြာသေး တာဝန်ထမ်းဆောင်ရာတွင်လည်း တစ်ကိုယ်တော် လှုပ်ရှားလေ့ရှိသည်။ ထို့ကြောင့် ယခုအချိန်ထိ သူ့စွမ်းရည် မည်သို့ရှိမှန်း လော်ယွမ် မသိသေးပေ။ ယခုလို ဧရာမသတ္တဝါကြီးကို သူ မည်သို့ ရင်ဆိုင်မည်နည်း။
"အစ်ကိုချန်... တကယ်ကြီးတော့ မလုပ်နဲ့နော်... ကျွန်တော့်ခန္ဓာကိုယ်က အစ်ကို့လက်သီးဒဏ် ခံနိုင်မှာ မဟုတ်ဘူး" ရှဲ့ကျွင်းဟွေက ရှေ့သို့ခြေလှမ်းအနည်းငယ် တိုးလိုက်ရင်း ရှုကျစ်ချန်ကို လှမ်းအော်ပြောလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ထိတ်လန့်နေမိ၏။
"ကိစ္စမရှိပါဘူး... ငါ ထိန်းပြီး တိုက်မယ်" ရှုကျစ်ချန် အသွင်ပြောင်းထားသော ဘီလူးကြီးက အိုးစည်သံကြီးကဲ့သို့သော အသံဖြင့် ပြန်ပြောလိုက်သည်။ စကားပြောလိုက်တိုင်း လေထုက တုန်ခါသွား၏။ ပြောပြောဆိုဆိုနှင့် ၆ပေခန့်ကြီးမားသော လက်သီးကြီးနှစ်ဖက်ကို ပစ်တိုက်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ စစ်တင့်ကားတစ်စီးပင် ထိုလက်သီးနှင့် တွေ့လျှင် ပြားသွားနိုင်သည်။
ရှဲ့ကျွင်းဟွေက ပေအနည်းငယ် ထပ်တိုးလိုက်သည်။ နှစ်ဦးသား ပေ ၆၀ ခန့်သာ ကွာဝေးတော့သော်လည်း လူ့ဘီလူးကြီး ရှုကျစ်ချန်အတွက်မူ ခြေဖဝါးအောက် ရောက်နေသကဲ့သို့ ရှိသည်။ တောင်ကုန်းကြီးတမျှ ကြီးမားသော ခန္ဓာကိုယ်ကြီးကို မော့ကြည့်ရင်း ရှဲ့ကျွင်းဟွေ တံတွေးမြိုချလိုက်မိသည်။ ရုတ်တရက် သူ့မျက်နှာထား တည်သွားကာ အာရုံစူးစိုက်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
အစကတည်းက စောင့်ကြည့်နေသော လော်ယွမ်သည် ဖော်ပြရခက်သော စက်ကွင်း တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ ထိုစွမ်းအင်စက်ကွင်းသည် သံလိုက်စက်ကွင်းထက် ပို၍ နက်ရှိုင်းကာ အာရုံခံရ ခက်ခဲသော်လည်း နေရာအနှံ့ ရှိနေတတ်သည်။ လော်ယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု (၁၇မှတ်) အဆင့်သို့ ရောက်လာမှသာ ဤအရာကို သတိထားမိလာခြင်း ဖြစ်သည်။
သူသည် ထိုစွမ်းအင်ကို အပြည့်အဝ အာရုံမခံနိုင်သေးသော်လည်း အသုံးပြုနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အထူးသဖြင့် ကောင်းကင်သို့ တည့်မတ်စွာ ပျံသန်းသည့်အခါမျိုးတွင် စိတ်စွမ်းအားကို အသုံးပြုပြီး ထိုစွမ်းအင်ကို ငှားရမ်းသုံးစွဲလေ့ရှိသည်။
ဤသည်မှာ ကမ္ဘာ့ဆွဲအားဖြစ်မည်ဟု သူသံသယရှိခဲ့သော်လည်း သေချာရေရာခြင်း မရှိခဲ့။ ယခု ထပ်တူညီသော စွမ်းအင်စက်ကွင်း သူ့ရှေ့၌ ပေါ်လာသောအခါ ရှုကျစ်ချန်၏ အနီးပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတော့သည်။
ရှဲ့ကျွင်းဟွေ၏ စွမ်းရည်ထုတ်လွှတ်မှုမှာ မြန်ဆန်လွန်းလှသည်။ သာမန်မျက်စိဖြင့်ဆိုလျှင် မျက်တောင်တစ်ခတ်စာပင် မကြာလိုက် တုံ့ပြန်ချိန်ပင် မရနိုင်ပေ။ သို့သော် လော်ယွမ်၏ အလျင်အဆင့် (၁၆မှတ်) မျက်လုံးဖြင့် ကြည့်လျှင်မူ ပြောင်းလဲမှု ဖြစ်စဉ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
ရှဲ့ကျွင်းဟွေ၏ စွမ်းရည် သက်ရောက်သွားသည်နှင့် ရှုကျစ်ချန် ဘေးပတ်လည်ရှိ ဆွဲအားစက်ကွင်းမှာ ဆန့်ကျင်ဘက် စွမ်းအင်တစ်ခု၏ ချေဖျက်ခြင်းကို ခံလိုက်ရပြီး ပျက်ပြယ်သွားသည်။ ရုတ်တရက် ရှုကျစ်ချန်တစ်ယောက် မြေဆွဲအား ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်သွားကာ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး တောင်ကြီးပြိုလဲသကဲ့သို့ ဖြည်းညှင်းစွာ လဲကျသွားလေတော့သည်။
ရှဲ့ကျွင်းဟွေကမူ စွမ်းရည်ထုတ်သုံးလိုက်ကတည်းက ဝေးရာသို့ ထွက်ပြေးနေပြီ ဖြစ်သည်။
ဆွဲအားစက်ကွင်း ပျက်ပြယ်သွားသည့် အချိန်မှာ တစ်စက္ကန့်ပင် မကြာလိုက်ပေ။ နေရာအနှံ့ရှိနေသော ကမ္ဘာ့ဆွဲအားက ထိုနေရာကွက်လပ်ကို အတင်းပြန်လည် ဖြည့်ဆည်းလိုက်ရာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ ရှုကျစ်ချန် ကုန်းရုန်းထလိုက်ရာ မြေကြီးပေါ်တွင် တွင်းကြီးတစ်တွင်း ဖြစ်ကျန်ရစ်ခဲ့သည်။ "ဒါ ဘာအစွမ်းလဲ... တော်တော်ထူးခြားတာပဲ" သူက မေးလိုက်သည်။
"ဆွဲငင်အားလေ... ဒါပေမဲ့ ကျွန်တော်က ဒီတစ်ကွက်ပဲ ရတာ... တကယ်ချရင်တော့ မခံနိုင်ပါဘူး" ရှဲ့ကျွင်းဟွေက လူအုပ်ကြားထဲ ဝင်ပုန်းရင်း ခေါင်းကုတ်ကာ ပြောလိုက်သည်။ လူ့ဘီလူးကြီးက လက်သီးနှင့် ထထိုးမည်ကို ကြောက်နေပုံရ၏။
''တကယ် ဆွဲငင်အားပဲ'' လော်ယွမ် စိတ်ထဲမှ ရေရွတ်လိုက်သည်။
စကြဝဠာတစ်ခုလုံး နေရာအနှံ့ တည်ရှိနေသော အရာဖြစ်သည့်အတွက် ဤအစွမ်း၏ အလားအလာမှာ အလွန်ကြီးမားလှသည်။ လော်ယွမ်၏ ''မြေလှိုင်းကြိမ်နှုန်း'' အစွမ်းထက်ပင် သာလွန်ပေသည်။ နှမြောစရာကောင်းသည်မှာ လော်ယွမ်သည် ဤဆွဲငင်အားကို တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်း မရှိဘဲ စိတ်ဆန္ဒဖြင့် အနည်းငယ် ငှားရမ်းသုံးစွဲရုံသာ ပြုလုပ်နိုင်ခြင်းပင်။
ထိုစဉ် ပုံမှန်အတိုင်း ရှိနေသော လော်ယွမ်၏ မျက်ခုံးနှစ်ခုကြားမှ ရုတ်တရက် စူးခနဲ နာကျင်လာပြီး မျက်လုံးများ ပြာဝေသွားတော့သည်။ တစ်ခုခု မှားယွင်းနေပြီဟု တွေးလိုက်မိချိန်မှာပင် အမြင်အာရုံများ မည်းမှောင်သွားပြီး ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။ ဝူချင်းယု၏ လန့်ဖျပ်အော်ဟစ်သံကို ဝိုးတဝါးသာ ကြားလိုက်ရတော့၏။
အချိန်မည်မျှ ကြာသွားသည်မသိ။ လော်ယွမ် မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ မြေကြီးပေါ်တွင် လဲလျောင်းနေမိလျက်သား ဖြစ်နေပြီး ဘေးပတ်လည်တွင် လူများ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသည်။
"ဆရာ... အဆင်ပြေရဲ့လား" "အစ်ကိုယွမ်ကို ဆေးရုံပို့ကြလေ" "ဖယ်ကြဦး... ငါ ထမ်းစင်သွားယူလိုက်မယ်"
သူ ခေါင်းကို ခါလိုက်သည်။ စိတ်တွေ ထွေပြားနေဆဲပင်။ ခံစားချက်တစ်ခုက အလွန်ထူးဆန်းနေသဖြင့် သူ မတ်တပ်ပင် မရပ်နိုင်သေး။
အကြောင်းရင်းမသိသော်လည်း ဦးနှောက်ထဲတွင် ပုံရိပ်နှစ်ခု ယှဉ်တွဲပေါ်နေသကဲ့သို့ ခံစားရသည်။ ပုံရိပ်တစ်ခုက မသိစိတ်မှ ဖြစ်ပေါ်လာသော အိပ်မက်သဖွယ် ဝိုးတဝါး ပုံရိပ်ဖြစ်ပြီး နောက်တစ်ခုက လက်တွေ့မြင်ကွင်း ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် ဤသို့ ပုံရိပ်နှစ်ခု ထပ်နေခြင်းက စိတ်ကို ရှုပ်ထွေးစေပြီး လက်တွေ့နှင့် စိတ်ကူးကို ခွဲခြားမရ ဖြစ်စေတတ်သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုပုံရိပ်နှစ်ခုက တစ်ခုနှင့်တစ်ခု နှောင့်ယှက်ခြင်းမရှိဘဲ ပြိုင်တူပေါ်နေခြင်းပင်။
မည်သည့်အရာက စိတ်ကူး၊ မည်သည့်အရာက လက်တွေ့ဖြစ်ကြောင်း သူ ရှင်းလင်းစွာ ခွဲခြားနိုင်ပြီး ပုံရိပ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ၂ စက္ကန့်ခန့် ကွာခြားနေသည်။ ဤခံစားမှုက အလွန်ထူးဆန်းအံ့ဖွယ် ကောင်းလှ၏။
ခံစားရပုံမှာ... ကြိုတင်နိမိတ်မြင်နေရသကဲ့သို့ပင်။
''ဘာတွေဖြစ်ကုန်တာလဲ... စောစောက ဘာဖြစ်သွားတာလဲ''
မျက်ခုံးနှစ်ခုကြားက စူးခနဲ နာကျင်သွားပြီး သတိလစ်သွားသည်ကိုသာ သူမှတ်မိသည်။ ဘေးလူများ၏ ပြောစကားအရရော၊ မြေကြီးပေါ် လဲနေဆဲ အနေအထားအရပါ ကြည့်လျှင် သူ သတိလစ်သွားသည်မှာ သိပ်မကြာသေးကြောင်း သိသာသည်။
"မျက်ခုံးနှစ်ခုကြားက..." သူ စိတ်ထင့်သွားသည်။ မကောင်းသော ခံစားမှုတစ်ခု ရလိုက်သဖြင့် စနစ် ၏ အရေအသွေးပြဇယားကွက်ကို ဖွင့်ကြည့်လိုက်သည်။
ပင်မစွမ်းရည်ကဏ္ဍကို အမြန်လှမ်းကြည့်လိုက်ရာ မျက်နှာပျက်သွားတော့သည်။
သူ၏ လေးဘက်မြင် အမြင်အာရုံမှာ သူသတိလစ်နေစဉ်အတွင်း ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ ခုန်တက်သွားခဲ့သည်။
ဤမျှလောက်သာဆိုလျှင် လော်ယွမ် လက်ခံနိုင်သေးသည်။ ပလာစမာ အဝတ်၏ အကာအကွယ်နှင့် တိုးမြင့်လာသော ဉာဏ်ရည်အမှတ်တို့ကြောင့် ခေတ္တမျှ ထိန်းထားနိုင်ဦးမည်။ သို့သော် သူ့မျက်နှာကို ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်မှာ လေးဘက်မြင် အမြင်အာရုံ၏ အောက်တွင် စွမ်းရည်အသစ်တစ်ခု ထပ်တိုးလာခြင်းကြောင့်ပင်။
"လေးဘက်မြင် ဦးနှောက် - ၁%"
ထိုစွမ်းရည်အသစ်ကို နှိပ်ကြည့်လိုက်သည်။
"လေးဘက်မြင် ဦးနှောက်"
"အဆင့် - ၁%"
"အာနိသင် - ၂ စက္ကန့်စာ ကြိုတင်သိရှိနိုင်သည်"
"သုံးသပ်ချက် - လေးဘက်မြင် လောကကြီးသည် ရောင်စုံသွေးစုံစုံလင်လှ၏။ သာမန်လူသားများသည် ဦးနှောက်ဖွဲ့စည်းပုံ ရိုးရှင်းလွန်းသဖြင့် ထိုကမ္ဘာကို တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်ပေ။ သင်သည် လေးဘက်မြင် လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်၍ သာမန်လူ မဟုတ်တော့ပေ"
လေးလံထိုင်းမှိုင်းလာသော ဦးခေါင်းကို အာရုံခံရင်း လော်ယွမ်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားတော့သည်။
ဆက်ရန်...