အခန်း (၃၆၇+၃၆၈)
Vol. 19 Ch. 367+368
အပိုင်း(၃၆၇) ကောလာဟလ
လော်ယွမ်က မျက်နှာ တည်ကြည်စွာဖြင့် မတ်တတ်ထလိုက်သည်။
ပြောရလျှင် ဇာတ်လမ်းက ရှည်လျားလှ၏။ သူလဲကျနေသည်မှာ အတော်ကြာသည်ဟု ထင်ရသော်လည်း သူပြန်လည် သတိရလာပြီး မတ်တတ်ရပ်လိုက်သည့်အချိန်အထိ လက်တွေ့ကမ္ဘာတွင် ၄၊ ၅ စက္ကန့်မျှသာ ကုန်လွန်သေးသည်။ အကြောင်းရင်းမှာ ၎င်းတို့နှစ်ခုကြားရှိ အချိန်စီးဆင်းမှု ကွာခြားချက် ကြီးမားလွန်းသောကြောင့်ပင် ဖြစ်သည်။
"ဆရာ... ဆရာ့ခန္ဓာကိုယ်က..." ဖန်းဖေ့ပင်က စိုးရိမ်တကြီး မေးလိုက်သည်။
"ငါဘာမှမဖြစ်ဘူး... ဒီမှာ ဝိုင်းအုံမနေကြနဲ့... လုပ်စရာရှိတာ သွားလုပ်ကြ" လော်ယွမ်က လက်ကာပြရင်း ပြောလိုက်၏။
ဝူချင်းယုမှာ ပြောချင်သော်လည်း မပြောရဲ ဖြစ်နေပြီး စိတ်ထဲတွင် စိုးရိမ်ပူပန်နေမိသည်။ သူတို့ကဲ့သို့ ဆင့်ကဲပြောင်းလဲသူများသည် ကြံ့ခိုင်သန်မာပြီး ရောဂါဘယ ကင်းဝေးကာ ဖျားနာခဲသည်ဟု ထင်ရသော်လည်း တစ်ခါတစ်ရံ ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခု ဖြစ်လာပါက အများအားဖြင့် မျိုးရိုးဗီဇဆန့်ကျင်မှုကြောင့် ဖြစ်လေ့ရှိသည်။
အစပိုင်းတွင် အနည်းငယ်မျှသာ ဖြစ်နိုင်ပြီး ထူးခြားမှုကို မမြင်နိုင်သော်လည်း မကြာမီ ခန္ဓာကိုယ်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာတတ်သည်။ ပုံပျက်ပန်းပျက်ဖြစ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများထူးဆန်းစွာ ပြောင်းလဲခြင်းတို့ဆိုလျှင် ကံကောင်းသည်ဟု ဆိုရမည်။ အခြေအနေ ဆိုးရွားပါက မျိုးရိုးဗီဇ ပြိုလဲပျက်စီးခြင်းများပင် ဖြစ်ပေါ်နိုင်ပြီး လက်ရှိဆေးပညာ အဆင့်အတန်းဖြင့်ဆိုလျှင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါများကို ကုသရန် လက်မှိုင်ချထားရမည့် အခြေအနေ ဖြစ်သည်။
ဝူချင်းယု တစ်ယောက်တည်း ထိုသို့ တွေးမိသည်မဟုတ် အခြားအဖွဲ့သားများ၏ စိတ်ထဲတွင်လည်း သနားကရုဏာ သက်မိသော အတွေးများ ဖြတ်သန်းသွားကြသည်။
သို့သော် ယခုအချိန်တွင် လော်ယွမ်၏ ခန္ဓာကိုယ်၌ ဖြစ်ပျက်နေသော အရာသည် မျိုးရိုးဗီဇ ဆန့်ကျင်မှုထက် အဆပေါင်းထောင်ချီ ပိုမိုဆန်းကြယ်နက်နဲကာ တွေးတောမှန်းဆ၍ပင် မရနိုင်ကြောင်း သူတို့ လုံးဝ မသိရှိကြပေ။ ဤသည်မှာ လူသားအဖြစ်မှ အဆင့်မြင့်သက်ရှိအဖြစ်သို့ ကူးပြောင်းခြင်း၊ ဟင်းလင်းပြင် အတိုင်းအတာ အဆင့်မြင့်တက်ခြင်း ဖြစ်ပေသည်။
လေးဘက်မြင် အမြင်အာရုံ ပွင့်လာပြီးကတည်းက လေးဘက်မြင်သက်ရှိအဖြစ် အသွင်ပြောင်းလဲခြင်းသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာနှင့် ပြန်ပြင်၍မရနိုင်အောင် ကူးစက်ပျံ့နှံ့နေပြီ ဖြစ်သည်။
သို့သော် ဤလေးဘက်မြင် အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်သည် အပေါ်ယံတွင် တည်ငြိမ်အေးဆေးပြီး မည်သည့်ထူးခြားမှုမှ မရှိသလို ထင်ရသော်လည်း လက်တွေ့တွင် အဆင့်တိုင်း၌ ခန့်မှန်းရခက်သော အန္တရာယ်များ ကိန်းအောင်းနေသည်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ပြန်လမ်းမရှိသော ချောက်ကမ်းပါးထဲသို့ ကျရောက်သွားနိုင်သည်။ အကယ်၍ လော်ယွမ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု အရည်အသွေးသည် လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်မနေခဲ့ပါက လေးဘက်မြင် အသွင်ပြောင်းလဲခြင်း ပထမအဆင့် စတင်လိုက်သည်နှင့် လော်ယွမ်၏ ဦးနှောက်သည် လေးဘက်မြင် သတင်းအချက်အလက်များ ဒလဟော ဝင်ရောက်မှုကြောင့် ပေါက်ကွဲသွားနိုင်ပြီး အတွေးအာရုံများ ခဲသွားကာ မည်သည့်အခါမျှ ပြန်လည်နိုးထလာနိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင် ရှုကျစ်ချန်သည်လည်း သူ၏ အစွမ်းကို ရုပ်သိမ်းလိုက်ပြီး ပြေးလာကာ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။ "ဆရာယွမ်... ဘာဖြစ်တာလဲ"
လော်ယွမ်က အကြည့်လွှဲလိုက်သည်။ ဤကပ်ဘေး၏ အရင်းအမြစ်ကို သူ မည်သို့ ကြည့်ရဲတော့မည်နည်း။ သူက အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ရင်း ပြောလိုက်သည်။ "ပြဿနာ အသေးလေးပါ... ဘာမှ မဖြစ်ဘူး... နေ့လယ်စာ ငါမစားတော့ဘူး... ဖန်းဖေ့ပင်ကို မင်းနဲ့အတူ လိုက်ပြီး 'ဓားတရား' ဌာနအကြောင်း မိတ်ဆက်ပေးခိုင်းလိုက်မယ်"
"ဆရာ... စိတ်ချပါ... ကျွန်တော် တာဝန်ယူလိုက်ပါ့မယ်" ဖန်းဖေ့ပင်က ဘေးမှနေ၍ အလျင်အမြန် ဝင်ပြောသည်။
ရှုကျစ်ချန်သည် လော်ယွမ် မူးလဲသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ခန္ဓာကိုယ်တွင် ကြီးမားသော ပြဿနာတစ်ခုခု ဖြစ်နေသည်ကို သိသော်လည်း သူ့အတွက် စီစဉ်ပေးရန် မမေ့လျော့သည်ကို တွေ့ရသောအခါ ပြောမပြတတ်အောင် ကျေးဇူးတင်သွားမိသည်။ သူက လေးနက်စွာဖြင့် ပြောလိုက်၏။ "ဆရာယွမ်... လုပ်စရာရှိတာ လုပ်ပါ... ကျွန်တော့်ကိစ္စကို တကယ် စိတ်မပူပါနဲ့"
လော်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ''ဓားတရား'' ဌာနမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာခဲ့သည်။
သူထွက်သွားပြီး မကြာမီမှာပင် ချန်ရှင်းကျယ်သည် လော်ယွမ် မူးလဲသွားသည့် သတင်းကို ကြားသိလိုက်ရသဖြင့် ထိတ်လန့်တကြား ပြေးဆင်းလာသော်လည်း လော်ယွမ် ထွက်ခွာသွားပြီဖြစ်၍ လွဲချော်သွားလေသည်။
………………………………………………………………………………………………
လော်ယွမ် အိမ်သို့ တန်းမပြန်ဘဲ မနေ့ညက သွားခဲ့သည့် ကန္တာရနယ်မြေဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။
ဤနေရာတွင် လူသူကင်းမဲ့ပြီး ကျောက်တုံးကျောက်ဆောင်များက သစ်တောပမာ တည်ရှိနေသည်။ ထိုအထဲတွင် ရပ်နေလိုက်သောအခါ ကမ္ဘာလောကကြီးတစ်ခုလုံးနှင့် ဝေးကွာသွားသကဲ့သို့ ခံစားရပြီး ဖော်ပြမတတ်သော အထီးကျန်ဆန်မှုကို လော်ယွမ် ခံစားလိုက်ရသည်။ သူက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် မမျှော်လင့်ထားသော ကပ်ဘေးတစ်ခု ဆိုက်ရောက်လာခြင်း ဖြစ်သည်။ ရှုကျစ်ချန် ရောက်ရှိလာခြင်းက ဤမျှကြီးမားသော အပြောင်းအလဲကြီးကို ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ သူ့ကိုပင် အငိုက်မိသွားစေခဲ့သည်။
ယခုအခါ လေးဘက်မြင် အာရုံခံနိုင်စွမ်းသည် ၅% အထိ ရောက်ရှိလာပြီဖြစ်ရာ ယခင်ကထက် နှစ်ဆ ပိုမိုများပြားလာသည်။ လေးဘက်မြင် ပုံရိပ်များသည် ပိုမို ကြည်လင်ပြတ်သားလာပြီး ပလာစမာ နှဖူးစည်း တစ်လွှာတည်းဖြင့် အပြည့်အဝ စစ်ထုတ်ရန် မလုံလောက်တော့ပေ။
သူက အင်္ကျီကို ကြယ်သီးဖြုတ်လိုက်ပြီး အတွင်းဝတ်အင်္ကျီကို ချွတ်လိုက်ရာ ကျစ်လျစ်သန်မာသော ကြွက်သားများ ပေါ်လာသည်။
သူ့အနားတွင် အမြဲဆောင်ထားသော ''ကျန်းမာတောက်'' ဓားကို ဆွဲထုတ်လိုက်ပြီး ပလာစမာ အတွင်းခံအင်္ကျီ၏ အောက်နားစတစ်လျှောက် ဓားဖြင့် ဖွဖွလေး လှီးဖြတ်လိုက်သည်။ လျှပ်စီးလက်သံကဲ့သို့ တဖျစ်ဖျစ် မြည်သံများနှင့်အတူ မကြာမီ အဝတ်စတစ်စ ပြတ်ထွက်လာသည်။ သူက ထိုအဝတ်စကို ခေါင်းတွင် နောက်တစ်ထပ် ထပ်မံ စည်းနှောင်လိုက်သည်။
ဦးနှောက်သည် ယခင်ကကဲ့သို့ မူးဝေနောက်ကျိမနေတော့ဘဲ ပြန်လည် ကြည်လင်လန်းဆန်းလာသည်ကို ခံစားလိုက်ရမှ သူ သက်ပြင်းချနိုင်တော့သည်။ လေးနက်နေသော မျက်နှာထားလည်း အနည်းငယ် ပြေလျော့သွား၏။ ပလာစမာ နှဖူးစည်းဖြင့် ကာကွယ်ခြင်းက ထိရောက်မှု ရှိနေသေးသည်။ ထို့အပြင် "ကြိုတင်သိမြင်ခြင်း" အစွမ်းသည် သူ၏ ဉာဏ်ရည်ကို ထိခိုက်မှု မရှိသည်ကိုလည်း သတိထားမိလိုက်သည်။ ထိုအစွမ်းသည် လေးဘက်မြင် အသွင်ပြောင်းလဲသွားသည့် ၁% သော ဦးနှောက်အစိတ်အပိုင်းက သီးသန့် လုပ်ဆောင်နေခြင်း ဖြစ်ပုံရပြီး သူ့ကို မည်သည့် ဝန်ထုတ်ဝန်ပိုးမှ မဖြစ်စေပေ။
ဤသည်မှာ ဒီနေ့တစ်နေ့လုံးအတွက် သူရရှိသော တစ်ခုတည်းသော သတင်းကောင်း ဖြစ်သည်။
လော်ယွမ် သေချာပြန်စဉ်းစားကြည့်လိုက်သည်။ အကယ်၍ ဤ "ကြိုတင်သိမြင်ခြင်း" ကိုသာ သူ၏ သာမန်ဦးနှောက်အပိုင်းက တာဝန်ယူ လုပ်ဆောင်ရမည်ဆိုပါက ဉာဏ်ရည် ၁၅ မှတ် မဆိုထားနှင့် ၁၆၊ ၁၇၊ ၁၈ မှတ် ရှိလျှင်ပင် လုံလောက်မည် မဟုတ်ပေ။
အချိန်ဟူသည်မှာ ဇီဝသက်ရှိများ၏ ပုဂ္ဂလအယူအဆ အမြင်သဘောတရားတစ်ခုသာ ဖြစ်ပြီး လောကရှိ အရာဝတ္ထုအားလုံး၏ ရွေ့လျားမှုကို ကိုယ်စားပြုသည်။ အကယ်၍ အရာဝတ္ထုများကို ဖွဲ့စည်းထားသော အခြေခံအမှုန်များ ရပ်တန့်သွားပြီး ကမ္ဘာကြီး ခဲသွားမည်ဆိုလျှင် အချိန်ဟူသည်လည်း ရှိတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ တွေးခေါ်မှုများပါ ရပ်တန့်သွားမည် ဖြစ်သဖြင့် အချိန်သည် အဓိပ္ပာယ်မဲ့သွားမည် ဖြစ်သည်။
ထို့အတူ "ကြိုတင်သိမြင်ခြင်း" သည်လည်း အချိန်နှင့် သက်ဆိုင်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အရာဝတ္ထုများ၏ ရွေ့လျားမှု နိယာမကို သိရှိခြင်းသာ ဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာမပျက်ခင်ခေတ်က အွန်လိုင်းတွက်ချက်ခြင်း နှင့် အကြီးစားအချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်း တို့သည် စားသုံးသူများ၏ ခေတ်ရေစီးကြောင်း၊ နိုင်ငံတကာ စီးပွားရေး အခြေအနေနှင့် စတော့ဈေးကွက် အတက်အကျများကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့ကြသည်။
အကယ်၍ စွမ်းအားကြီးမားသော ကွန်ပျူတာတစ်လုံး ရှိခဲ့ပြီး စကြာဝဠာတစ်ခုလုံးရှိ အဏုမြူအမှုန်ပေါင်းစုံ၏ ရွေ့လျားမှု လမ်းကြောင်းများကို ချက်ချင်းလေ့လာနိုင်ကာ ၎င်းတို့၏ ရွေ့လျားမှု နိယာမများကို တွက်ချက်နိုင်မည် ဆိုပါစို့။ ထိုကွန်ပျူတာသည် စကြာဝဠာနှင့် သီးခြားကင်းလွတ်စွာ တည်ရှိပြီး မည်သည့် နှောင့်ယှက်မှုမှ မပြုလုပ်ဘဲ နေနိုင်ပါက အရာအားလုံးကို သိရှိနိုင်သော အခြေအနေသို့ ရောက်ရှိမည် ဖြစ်သည်။ အတိတ်နှင့် အနာဂတ်၊ လောကရှိ အရာအားလုံးတွင် လျှို့ဝှက်ချက်ဟူ၍ ရှိတော့မည် မဟုတ်ဘဲ အရာအားလုံးသည် ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်နေပေလိမ့်မည်။
လော်ယွမ်၏ ကြိုတင်သိမြင်ခြင်းမှာမူ ထိုအဆင့်နှင့် ယှဉ်လျှင် အလွန် ကွာခြားသည်။ သူ ကြိုတင်သိမြင်နိုင်သော အချိန်မှာ ၂ စက္ကန့်မျှသာ ရှိသည်။ သို့သော် ထို ၂ စက္ကန့်အတွင်း ပါဝင်သော ကြီးမားလှသည့် တွက်ချက်မှု ပမာဏသည် ကမ္ဘာမပျက်ခင်က ရှိခဲ့ဖူးသော ကွန်ပျူတာများနှင့် စမတ်ကိရိယာ အားလုံး ပေါင်းစပ်လိုက်လျှင်ပင် လိုက်မီနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လော်ယွမ်၏ သာမန်လူသားခန္ဓာကိုယ်အနေဖြင့် ထိုဝန်ကို ခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ အသေအချာပင်။
ကြိုတင်သိမြင်ခြင်းသည် အလွန်အသုံးဝင်သည်။ ၂ စက္ကန့်မျှသာ ကြာသော်လည်း အရေးကြီးသော အချိန်များတွင် အသက်ကို ကယ်တင်ပေးနိုင်သည်။ တိုက်ခိုက်နေချိန်တွင်လည်း ရန်သူ့လှုပ်ရှားမှုကို ကြိုတင်သိရှိနိုင်သဖြင့် အလွန်အကျိုးရှိလှသည်။ သို့သော် လော်ယွမ် စမ်းသပ်ကြည့်သည့်အခါ အနာဂတ်သည် ပြောင်းလဲ၍ မရနိုင်သော အရာမဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။
ဤကြိုတင်သိမြင်ခြင်းသည် လက်ရှိအခြေအနေအပေါ် အခြေခံထားခြင်း ဖြစ်သည်။ လက်ရှိအခြေအနေ ပြောင်းလဲသွားသည်နှင့် အနာဂတ်သည်လည်း လိုက်ပါပြောင်းလဲသွားသည်။ သူက အနာဂတ်ကို မြင်လိုက်ရသည့်အချိန်တွင် သူ့စိတ်အခြေအနေ ပြောင်းလဲသွားသည်နှင့်အမျှ အနာဂတ်သည်လည်း သိမ်မွေ့စွာ ပြောင်းလဲသွားပြီး ဖြစ်သည်။
ယခုအချိန်တွင် လော်ယွမ်၏ စိတ်ထဲမှ မတင်မကျ ဖြစ်နေမှုများ ထက်ဝက်ကျော် လျော့ပါးသွားသည်။ ယခင်က အမြင်အာရုံ လေးဘက်မြင် အသွင်ပြောင်းလဲခြင်းသည် အကျိုးမရှိသည့်အပြင် ဝန်ထုတ်ဝန်ပိုးသာ ဖြစ်စေခဲ့သော်လည်း ဦးနှောက်ပါ စတင်ပြောင်းလဲလာသည့်အခါတွင်မူ လေးဘက်မြင်အမြင်အာရုံ၏ ဆန်းကြယ်သော စွမ်းပကားများ အမှန်တကယ် ပေါ်ပေါက်လာတော့သည်။
…………………………………………………………………………………………………………
နောက်တစ်နေ့ နံနက်စောစောတွင် လော်ယွမ် ''ဓားတရား'' ဌာနသို့ ရောက်လာခဲ့သည်။
ဌာနထဲဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲနေသည်ကို သူ သိလိုက်သည်။ လူတိုင်းက သူ့ကို ခိုးကြည့်နေကြသလိုပင်။ ဟိုအရင်ကလည်း ဒီလို ခိုးကြည့်ခံရဖူးသော်လည်း ယနေ့ ခိုးကြည့်ကြပုံမှာ မတူပေ။ သူတို့၏ မျက်နှာတွင် သနားဂရုဏာသက်သည့် အရိပ်အယောင်များ၊ နှမြောတသဖြစ်သည့် အရိပ်အယောင်များ ပါဝင်နေသည်။
သူက ဇဝေဇဝါဖြင့် ရုံးခန်းထဲသို့ ပြန်ဝင်လာသည်။ အတွင်းရေးမှူး စွန်းယွီထင်း တံခါးခေါက်ပြီး ဝင်လာကာ လက်ဖက်ရည် ဖျော်ပေးရင်း လော်ယွမ်ကို ခိုးကြည့်နေသည်။ သူမ ပြန်ထွက်ရန် ပြင်လိုက်စဉ် လော်ယွမ်က လှမ်းတားလိုက်သည်။ "အပြင်မှာ ဘာတွေဖြစ်နေတာလဲ... လူတိုင်း ငါ့ကိုကြည့်တဲ့ အကြည့်တွေက တစ်မျိုးကြီးဖြစ်နေတယ်"
"ကျွန်... ကျွန်မ မပြောရဲဘူး" စွန်းယွီထင်းက လန့်ဖျပ်သွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြောသည်။ သူမက ပြောလည်း မပြောရဲ ဖုံးကွယ်ထားဖို့လည်း မဝံ့မရဲ ဖြစ်နေသည်။ အတွင်းရေးမှူးတစ်ယောက်အနေဖြင့် သူမ၏ ရှေ့ရေးသည် လော်ယွမ်အပေါ်တွင်သာ မူတည်နေသည်။ လော်ယွမ် မကျေမနပ်ဖြစ်သွားလျှင် သူမ၏ အတွင်းရေးမှူးအလုပ်လည်း ပြုတ်သွားနိုင်သည်။
"မကြောက်နဲ့... အမှန်အတိုင်းသာ ပြောစမ်းပါ... ငါက နင့်ကိုဘာမှမလုပ်ပါဘူးဟ" လော်ယွမ်က ပြုံး၍ ပြောလိုက်ရာ တင်းမာနေသော အခြေအနေ အနည်းငယ် လျော့ကျသွားသည်။ သို့သော် သူ့စိတ်ထဲတွင်မူ သိချင်စိတ် ဖြစ်ပေါ်လာ၏။ ဟို လင်းဖေးယန် ဆိုသည့်ကောင်မလေးက သူ မရှိခိုက် အတင်းပြောပြန်ပြီလား မသိ။
"သူ... သူတို့ ပြောကြတာက ဗိုလ်မှူးချုပ်မှာ ဗီဇဖောက်ပြန်တဲ့ရောဂါ ရနေပြီး သိပ်မကြာခင်... သိပ်မကြာခင် ရောဂါဖောက်တော့မယ်တဲ့" စွန်းယွီထင်းက ခေါင်းငုံ့ထားရင်း ထိတ်လန့်တကြား ဖြေရှာသည်။
"ဘယ်က ဗီဇဖောက်ပြန်တဲ့ရောဂါလဲ... အဓိပ္ပာယ်မရှိတာ" လော်ယွမ်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသော်လည်း ပြဿနာက အခုမှ စတင်ခြင်း ဖြစ်ကြောင်း မသိလိုက်ပေ။
မကြာမီ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
ဝင်လာသူမှာ ချန်ရှင်းကျယ် ဖြစ်သည်။ သူမ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေပြီး မျက်ကွင်းများ ညိုနေသည်ကို ကြည့်ခြင်းအားဖြင့် ညက ကောင်းကောင်း အိပ်ပျော်ပုံမရပေ။ သူမက လော်ယွမ်ကို ကြည့်ပြီး အားယူပြုံးကာ မေးလိုက်သည်။ "ရှင် ဘာမှမဖြစ်ဘူး မဟုတ်လား"
"နင်ရော အပြင်က ကောလာဟလတွေ ကြားလာပြန်ပြီလား... ငါ့ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ" လော်ယွမ်က စိတ်မရှည်သလို ပြောလိုက်ပြီး အတွင်းရေးမှူးကို ထွက်သွားရန် လက်ပြလိုက်သည်။
စွန်းယွီထင်းမှာ ဘုရားမသလို ခံစားလိုက်ရပြီး ရုံးခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။
ချန်ရှင်းကျယ်က သူ့စကားကို မယုံကြည်ကြောင်း သိသာလှသည်။ သူမ၏ မျက်နှာ နီရဲလာပြီး "ရှင် ကျွန်မကို ဖုံးမထားပါနဲ့... မနေ့က ရှင် သတိလစ်သွားတာ ကျွန်မ သိတယ်"
ချန်ရှင်းကျယ်၏ ခံစားချက်များမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း လော်ယွမ် တွေ့လိုက်ရသည်။ ''တစ်ရက် ပေါင်းဖက်ဖူးလျှင် သံယောဇဉ် ရက်တစ်ရာ တည်သည်'' ဆိုသကဲ့သို့ သူ့ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသော်လည်း တစ်ချိန်တည်းမှာပင် ခေါင်းကိုက်သွားရသည်။ သူမကို မည်သို့ ရှင်းပြရမည်နည်း။ ထို့အပြင် သူမ တစ်ယောက်တည်းတင် မဟုတ်ဘဲ တခြားလူတွေပါ ရှိနေသေးသည်။ ဘယ်သူကများ ဤသတင်းမှားကို လိုက်ဖြန့်နေတာပါလိမ့်။
ဆက်ရန်...
အပိုင်း (၃၆၈) တွေ့ရှိချက်အသစ်
လော်ယွမ်သည် သူခဏတာမျှ သတိမေ့မြောသွားရုံဖြင့် လူများက သူ့ကို မကြာခင် သေဆုံးတော့မည့် လူမမာတစ်ယောက်ကဲ့သို့ အဘယ်ကြောင့် သဘောထားဆက်ဆံနေကြသနည်းဟူသည်ကို အတော်နှင့် အဖြေရှာမရ ဖြစ်နေသည်။
ချန်ရှင်းကျယ်က အကျိုးအကြောင်း ရှင်းပြလာမှသာ လော်ယွမ်လည်း ဆင့်ကဲပြောင်းလဲသူများတွင် ဤကဲ့သို့သော ပြဿနာမျိုး ရှိနေကြောင်း သိလိုက်ရတော့သည်။
ဆင့်ကဲပြောင်းလဲသူများသည် သဘာဝတရား၏ ဆင့်ကဲဖြစ်စဉ် နိယာမများကို ဖောက်ဖျက်ထားခြင်းကြောင့် အချိန်တိုအတွင်း ခန္ဓာကိုယ် စွမ်းအားကြီးမားလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းရှိ မျိုးရိုးဗီဇများမှာလည်း မတည်မငြိမ် ဖြစ်လာရစမြဲဖြစ်သည်။ ဤအချက်သည် အားနည်းသူ၊ အားကြီးသူဟူ၍ ခွဲခြားထားခြင်းမရှိဘဲ စွမ်းအားပိုကြီးမားသော ဆင့်ကဲပြောင်းလဲသူများတွင် ရောဂါဖြစ်ပွားနိုင်ခြေ ပို၍ပင် မြင့်မားတတ်လေသည်။
ဤသို့သော မျိုးရိုးဗီဇရောဂါ ဖောက်ပြန်မှုများမှာ ဖြစ်ပွားချိန် ပုံသေမရှိသလို ကြိုတင်နိမိတ်ပြခြင်းလည်း မရှိပေ။ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီး၊ အရက်မူးလွန်သွားချိန် သို့မဟုတ် ညဘက်အိပ်ရေးပျက်ရုံမျှဖြင့်ပင် ရောဂါကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားနိုင်သည်။ ထိုကဲ့သို့ မျိုးရိုးဗီဇ ပဋိပက္ခဖြစ်စဉ်သည် လူသားများတွင်သာမက သန္ဓေပြောင်း သတ္တဝါများ၌လည်း ရှိနေပြီး အချိုးအစားအားဖြင့် မနည်းလှပေ။ သို့သော် ရက်စက်ကြမ်းကြုတ်လှသော သဘာဝတရားကြီးထဲတွင် ထိုကဲ့သို့ ရောဂါဖောက်လာသည့် သတ္တဝါများသည် အခြားသော သတ္တဝါများ၏ အစာအဖြစ် လျင်မြန်စွာပင် ပျောက်ကွယ်သွားရလေ့ ရှိပေသည်။
လော်ယွမ်က သူဘာမှမဖြစ်ကြောင်း ထပ်ခါတလဲလဲ ရှင်းပြပြီး ချန်ရှင်းကျယ်ကို မနည်းပြန်လွှတ်လိုက်ရသည်။ သိပ်မကြာခင်မှာပင် ဖန်းဖေ့ပင်နှင့် အခြားအဖွဲ့ဝင်များက သူ့အား လာရောက်ကြည့်ရှုကြပြန်သည်။ ဝမ်းနည်းပူဆွေးနေကြသော သူတို့၏ မျက်နှာထားများကို ကြည့်ပြီး လော်ယွမ်၏ မျက်နှာထားမှာ မည်းမှောင်တင်းမာသွားတော့သည်။
"မင်းတို့အဲ့လောက် အားနေကြလား... ဘာအလုပ်မှ မရှိကြဘူးလား... အကုန်လုံးထွက်သွားကြစမ်း..."
သူတို့ စကားပင်မစရသေးခင် လော်ယွမ်က ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူတို့ စကားမစလျှင်ပင် သူ၏ အနာဂတ်ကြိုသိနိုင်စွမ်းရည်အရ ထိုလူများ၏ ပါးစပ်ပေါက်မှ ကောင်းသောစကား ထွက်လာမည်မဟုတ်ကြောင်း လော်ယွမ် သိနှင့်ပြီး ဖြစ်သည်။
လော်ယွမ်၏ ကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါများနှင့် အုံ့မှိုင်းနေသော မျက်နှာထားကြောင့် အဖွဲ့သားများမှာ ကတိုက်ကရိုက်ပင် ထွက်ပြေးသွားကြလေသည်။
လော်ယွမ်၏ ရင်ထဲတွင်မူ အပြင်ပန်းကဲ့သို့ ဒေါသထွက်နေခြင်း မရှိပေ။ ပိတ်သွားသော ရုံးခန်းတံခါးကို ကြည့်ရင်း သူ အသာအယာ ပြုံးလိုက်မိသည်။ သူတို့တွင် စိတ်ကောင်းစေတနာ ရှိသေးသည်ဟု ဆိုရမည်။ ပြီးခဲ့သည့် ဒုတိယဌာနမှူးတုန်းကလို သေသွားတာတောင် မည်သူကမှ ဂရုမစိုက်သည့် အဖြစ်မျိုးဆိုလျှင် လူဖြစ်ရကျိုးမနပ်ဘဲ အတော်လေး ကံမကောင်းလွန်းရာ ကျပေလိမ့်မည်။
ကောလာဟလ သတင်းများနှင့် ပတ်သက်၍မူ မျိုးရိုးဗီဇ ပဋိပက္ခအကြောင်း ချန်ရှင်းကျယ် ရှင်းပြသည်ကို နားထောင်ပြီးနောက် ဖြေရှင်းနေရန် မလိုတော့ဟု လော်ယွမ် ယူဆလိုက်သည်။ အချိန်က အရာအားလုံးကို ဖြေရှင်းပေးသွားပေလိမ့်မည်။ ဤရောဂါမှာ ဖြစ်ပွားနှုန်း အလွန်မြန်ဆန်ပြီး နှစ်ရက် သုံးရက်၊ အလွန်ဆုံး တစ်ပတ်အတွင်း အခြေအနေ ဆိုးရွားသွားတတ်ရာ အချိန်တန်၍ သူဘာမှမဖြစ်လျှင် ထိုကောလာဟလများမှာ အလိုလို ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
......................................................................................................
အချိန်ကား မျက်စိတစ်မှိတ်အတွင်း တစ်လမျှ ကုန်ဆုံးသွားခဲ့ပြီး ၂၀၁၆ ခုနှစ်သို့ တရားဝင် ဝင်ရောက်လာခဲ့ချေပြီ။
ဇန်နဝါရီလသည် တစ်နှစ်တာလုံးတွင် အအေးဆုံးအချိန် ဖြစ်သော်လည်း အပူချိန်မှာ ၃၀၊ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ မြင့်မားနေဆဲပင်။ သို့သော် နွေရာသီ၏ အမြင့်ဆုံးအပူချိန် ၅၀၊ ၆၀ ဒီဂရီနှင့် ယှဉ်လျှင်မူ ဤကာလက အေးမြသည်ဟု ဆိုရပေမည်။
ဤကဲ့သို့ အေးမြသော ရာသီဥတုကပင် သန္ဓေပြောင်း သတ္တဝါများကို ပိုမိုတက်ကြွ လှုပ်ရှားလာစေသည်။
အချိန်တိုလေးအတွင်း ပြန်လည်တည်ဆောက်ရေးဇုန်တဝိုက်တွင် ကြီးငယ်မဟူသော သတ္တဝါလှိုင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည်။ ထိုအထဲမှ အကြီးမားဆုံး အကြိမ်တွင် ဇုန်နယ်စပ်မြို့ငယ်လေးတစ်မြို့ပင် ကျဆုံးခဲ့ရပြီး သုံးရက်အတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း ပြန်လည်တည်ဆောက်ရေးဇုန်အတွက် ကြီးမားသော ဆုံးရှုံးမှုများနှင့် ထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ပြန်လည်တည်ဆောက်ရေးဇုန်ထဲသို့ ဟိုတစ်စ သည်တစ်စ လွတ်မြောက်လာသော သတ္တဝါများကြောင့် ''ဓားတရား'' ဌာနတစ်ခုလုံး ခြေကုန်လက်ပန်းကျမတတ် အလုပ်များနေကြရသည်။
လော်ယွမ်လည်း ခြွင်းချက်မဟုတ်၊ နေ့တိုင်းလိုလို ဟိုပြေးဒီပြေးဖြင့် ကယ်ဆယ်ရေးလုပ်နေရသည်။
ထို သန္ဓေပြောင်း သတ္တဝါ အများစုမှာ အဆင့်မမြင့်လှဘဲ အဆင့် ၅ အောက်တွင်သာ ရှိကြသော်လည်း အရေအတွက် များပြားလွန်းသလို သရဲသဘက်ပမာ ခြေရာဖျောက် လှုပ်ရှားတတ်ကြသည်။ ထို့ထက် ပိုဆိုးသည်မှာ မည်မျှပင် သတ်ဖြတ်ပါစေ အတွေ့အကြုံမှတ် တစ်စက်ကလေးမှ မတိုးလာခြင်းက သူ့ကို အတော်လေး စိတ်ရှုပ်စေသည်။
လော်ယွမ်သည် သူ့အရှိန်အဝါကြောင့် မလှုပ်ရဲဘဲ ကြက်သေသေနေသော ခွေးပုံသဏ္ဌာန် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်သတ်လိုက်သည်။ ထိုစဉ် သူ့လက်ပတ်စက်ထဲသို့ သတင်းအသစ် ဝင်ရောက်လာပြန်သည်။ သတ္တဝါ ရှိသောနေရာမှာ မဝေးလှပေ ၆မိုင်ဝန်းကျင်ခန့်သာ ရှိသည်။
လော်ယွမ်က တာဝန်လက်ခံကြောင်း ခလုတ်ကို နှိပ်လိုက်ပြီး ကျန်းမာတောက်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မြက်ခင်းပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့ကာ လူကမူ တစ္ဆေခြောက်လှန့်သကဲ့သို့ ရိပ်ခနဲ ပျောက်ကွယ်သွားတော့သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း မီတာ ရာပေါင်းများစွာကို ကျော်ဖြတ်သွားပြီး မိုးကုတ်စက်ဝိုင်း အဆုံးသို့ ရောက်ရှိသွားလေသည်။
ဤတစ်လတာ အချိန်အတွင်း လော်ယွမ်သည် တိုးမြင့်လာသော သူ၏ လျင်မြန်ဖြတ်လတ်မှု အသစ်နှင့် အသားကျနေပြီဖြစ်ကာ ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ယခင်နှင့် ယှဉ်လျှင် ယခု သူ၏ အမြန်နှုန်းမှာ ပိုမိုမြန်ဆန်လာသလို ပေါက်ကွဲအားမှာလည်း ပိုမိုပြင်းထန်လာသည်။ ပေ ၃၀၀ ကို ဝ.၄ စက္ကန့်သာ ကြာသော အမြန်နှုန်းကြောင့် သာမန်လူတစ်ယောက်အနေဖြင့် မျက်တောင်မခတ်ဘဲ ပြူးကြည့်နေလျှင်တောင် သူ့အရိပ်ကို ဖမ်းမိနိုင်ရန် ခဲယဉ်းလှပေသည်။
....................................................................................................
နေဝင်ရီတရော အချိန်တွင်တော့ လော်ယွမ်သည် တစ်ကိုယ်လုံး သွေးများစွန်းထင်းလျက် မျှော်လင့်ချက်မြို့ သို့ ပြန်ရောက်လာခဲ့သည်။
တစ်နေ့တာလုံး ခရီးနှင်ခဲ့ပြီး ပြန်လည်တည်ဆောက်ရေးဇုန်၏ တစ်ဝက်နီးပါးကို ခြေရာချင်းထပ်အောင် သွားလာကာ သတ္တဝါ အကောင် ၂၀ ကျော်ကို သတ်ဖြတ်ခဲ့သော်လည်း သူ့မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်သည့် အရိပ်အယောင်မရှိပေ။ သူ ဓားတရားဌာနသို့ ရောက်သည်နှင့် ချန်ရှင်းကျယ်က ဆီးကြိုလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ရှင်နဲ့တွေ့ချင်လို့ဆိုပြီး လူတစ်ယောက် လာစောင့်နေတယ်"
"ဘယ်သူလဲ..." လော်ယွမ်က လျှောက်လှမ်းနေရင်းမှ သွေးစွန်းနေသော အပေါ်အင်္ကျီကို ချွတ်လိုက်သည်။
ချန်ရှင်းကျယ်က အင်္ကျီကို လှမ်းယူလိုက်သည်။ အနီးနားရှိ ဝန်ထမ်းများက ထိုမြင်ကွင်းကို မြင်သော်လည်း ထူးဆန်းသည်ဟု မထင်ကြတော့ပေ။ ဒီကာလအတွင်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ရင်းနှီးသော အပြုအမူများ မကြာခဏ ရှိတတ်သည်ကို ဌာနတစ်ခုလုံးက နားလည်ပေးထားပြီး ဖြစ်သည်။
"ကောဝေပန်း... အထက်ကော်မတီ ရုံးကတဲ့"
ကောဝေပန်း ဆိုသည်မှာ စစ်ကာလ အမြင့်ဆုံးကော်မတီရုံးကို အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဤဌာနသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ အမြင့်ဆုံးသော အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည်။ ငြိမ်းချမ်းရေးကာလက အစိုးရအဖွဲ့များနှင့် ယှဉ်လျှင် ဤဌာန၏ အာဏာမှာ ပိုမိုကြီးမားကျယ်ပြန့်ပြီး စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာ နှစ်ရပ်စလုံးကို ကိုင်စွဲထားကာ ကိစ္စအဝဝကို တာဝန်ယူရသည်။ ၎င်း၏ လက်အောက်ခံ ရုံးအဖွဲ့ဆိုသည်မှာလည်း စစ်ကာလ အမြင့်ဆုံးကော်မတီ၏ သဘောထားကို ကိုယ်စားပြုပေသည်။ လော်ယွမ် ကြားလိုက်သည်နှင့် ခြေလှမ်းတုန့်ခနဲ ဖြစ်သွားသည်။
"ငါ အင်္ကျ ီ အရင်သွားလဲလိုက်ဦးမယ်"
"ဒါဆို မြန်မြန်လုပ်နော်..." ချန်ရှင်းကျယ်က စိတ်လှုပ်ရှားနေပုံဖြင့် ပြောရှာသည်။
လော်ယွမ် ခေါင်းညိတ်ပြလိုက်ပြီး ရုံးခန်းတွင်းရှိ ရေချိုးခန်းထဲသို့ ဝင်ကာ လျင်မြန်စွာ ရေချိုးလိုက်သည်။ ထို့နောက် ဗီရိုထဲမှ သန့်ရှင်းသော အဝတ်အစားတစ်စုံကို ရွေးထုတ်ဝတ်ဆင်ပြီး တံခါးဖွင့်ထွက်လာခဲ့သည်။
ချန်ရှင်းကျယ်မှာ တံခါးဝတွင် စောင့်ရင်း စိတ်ပူနေပုံရသည်။ လော်ယွမ် ထွက်လာသည်ကို မြင်သည်နှင့် "ကျွန်မနောက် လိုက်ခဲ့..."
ပြောပြောဆိုဆိုဖြင့် သူမက လှည့်ထွက်သွားပြီး အရှေ့မှ အလျင်စလို လမ်းပြခေါ်ဆောင်သွားသည်။ လော်ယွမ်က နောက်မှလိုက်ပါရင်း အထက်လူကြီးများက ယခုတစ်ခေါက် လူလွှတ်လိုက်သည့် ရည်ရွယ်ချက်ကို တိတ်တဆိတ် ခန့်မှန်းနေမိသည်။ သို့သော် ခြေလှမ်းအနည်းငယ် လှောက်လိုက်ရုံဖြင့် လိုရာခရီးသို့ ရောက်ရှိသွားသဖြင့် လော်ယွမ် တွေးလက်စကို ရပ်လိုက်ပြီး ခေါင်းခါလိုက်မိသည်။ မည်သို့ပင်ဖြစ်စေ ရောက်လျှင် သိရမည်သာပင်။
စစ်ရဲသား နှစ်ဦးက စင်္ကြံလမ်းအဝင်ဝတွင် မတ်မတ်ရပ်ကာ စောင့်ကြပ်နေကြပြီး အနီးနားတွင် လူသူကင်းမဲ့နေသည်။ ထိုနေရာရောက်မှ ချန်ရှင်းကျယ်က ရပ်တန့်လိုက်ပြီး ပြောသည်။
"ဌာနမှူးကောက်က် က အစည်းအဝေးခန်းမအသေးထဲမှာ စောင့်နေတယ်... ကျွန်မ မဝင်တော့ဘူးနော်"
လော်ယွမ် ခေါင်းညိတ်ပြလိုက်ပြီး စင်္ကြံလမ်းအတိုင်း ဆက်လျှောက်ကာ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်သွားသည်။ အခန်းထဲတွင် လူနှစ်ဦး ရှိနေသည်ကို သူ တစ်ချက်ဝေ့ကြည့်လိုက်သည်။ တစ်ဦးမှာ အသက်ငယ်ရွယ်ပြီး မျက်နှာပေါက် နုနယ်သေးသည့်အတွက် လုပ်သက်အတွေ့အကြုံ ယူနေသည့် ရုံးအဖွဲ့ဝင်တစ်ဦး ဖြစ်ဟန်တူသည်။ နောက်တစ်ဦးမှာမူ စစ်သားအငွေ့အသက်များ လွှမ်းခြုံထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သူကမှ အဓိကပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။
"မင်္ဂလာပါ ဗိုလ်ချုပ်ယွမ်... ကျွန်တော်က ထောက်လှမ်းရေးဌာနက ကောက်ယွမ်ရှန်း ပါ... တွေ့ရတာ ဝမ်းသာပါတယ်"
လော်ယွမ် ဝင်လာသည်ကို မြင်သည်နှင့် ထိုနှစ်ဦးစလုံး မတ်တပ်ရပ်လိုက်ကြသည်။
လော်ယွမ်က လူလတ်ပိုင်းအမျိုးသားနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ပြုံး၍ ဆိုလိုက်သည်။ "ခုတလော ကိစ္စတွေ များနေတာနဲ့ ဌာနမှူးကောက်ကို အကြာကြီး စောင့်ခိုင်းမိသလို ဖြစ်သွားပြီ"
"သိပ်အကြာကြီးလည်း မစောင့်လိုက်ရပါဘူး... စကားပလ္လင်ခံမနေတော့ဘူးနော်... လျှို့ဝှက်ချက် မပေါက်ကြားအောင်လို့ ဗိုလ်ချုပ်ယွမ်ရဲ့ လျှပ်စစ်ပစ္စည်းတွေအကုန်လုံး စားပွဲပေါ်မှာ ခဏလောက် တင်ထားပေးပါခင်ဗျာ" ဌာနမှူးကောက်က ပြောသည်။
လော်ယွမ် ခေါင်းညိတ်လိုက်သည်။ ဤကဲ့သို့ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး လာရသည့် ရည်ရွယ်ချက်ကို လော်ယွမ် ရိပ်မိသလို ရှိသွားသည်။
သူက ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် သူ၏ ကိုယ်ပိုင်သတင်းအချက်အလက် လက်ပတ်နှင့် ဂြိုဟ်တုဖုန်းကို စားပွဲပေါ် တင်ပေးလိုက်သည်။ ဘေးမှ ရုံးအဖွဲ့ဝင်က စားပွဲအောက်မှ သတ္တုသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ အရောင်ကို ကြည့်ရသည်မှာ ခဲသေတ္တာ ဖြစ်ပုံရသည်။ သေတ္တာကို ဖွင့်ပြီး ပစ္စည်းများကို ထည့်ကာ လုံခြုံစွာ ပြန်ပိတ်လိုက်လေသည်။
"ဗိုလ်ချုပ်ယွမ် စိတ်မရှိနဲ့နော်... ကျန်နေခဲ့မှာ စိုးလို့ ကျွန်တော် ထပ်ပြီး စစ်ဆေးပါရစေ" သေတ္တာကို သော့ခတ်ပြီးနောက် ရုံးဝန်ထမ်းက ပြောသည်။
"ရပါတယ်... လုပ်ပါ" လော်ယွမ်က ဂရုမစိုက်သလို ပြောလိုက်သည်။
ထိုသူက စက်ကိရိယာတစ်ခုကို ထုတ်လိုက်ပြီး လော်ယွမ်၏ ကိုယ်ပေါ်သို့ အကြိမ်အနည်းငယ် ဝှေ့ယမ်း စစ်ဆေးလိုက်သည်။ ထို့နောက် ဌာနမှူးကောက်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပြီ... ဒါဆို စိတ်ချလက်ချ ပြောလို့ရပြီ" ဌာနမှူးကောက်က ဆိုသည်။ "ဗိုလ်ချုပ်ယွမ်က ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်း အကြောင်းကို သိရှိထားသူတစ်ယောက်ဆိုတော့... အဲဒီလို အဆင့်မြင့် ယဉ်ကျေးမှုအဖွဲ့အစည်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါကျရင်... ကျွန်တော်တို့ ဘယ်လောက်ပဲ သတိထားထား ပိုတယ်လို့မရှိဘူးလေ"
"ခင်ဗျားတို့ ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းရှိနေတာကို အတည်ပြုလို့ရသွားပြီလား" လော်ယွမ် မေးလိုက်သည်။
"စိတ်မကောင်းစွာနဲ့ပဲ အခုထိတော့ တိုက်ရိုက်အတည်မပြုနိုင်သေးဘူး... ဒါပေမဲ့ အသေးစိတ် စုံစမ်းစစ်ဆေးတာတွေနဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ သဲလွန်စတချို့တော့ တွေ့ထားတယ်... ကျွန်တော်ဒီကိုရောက်လာတာ အဲ့ဒီကိစ္စကြောင့်ပဲ"
"ဆက်ပြောပါဦး..." လော်ယွမ်၏ မျက်နှာထားမှာလည်း တည်ကြည်လေးနက်လာသည်။
"ဂြိုဟ်တုဓာတ်ပုံတွေကို ထပ်ခါတလဲလဲ နှိုင်းယှဉ်စစ်ဆေးကြည့်တော့... တောင်တရုတ်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်မှာ လူလုပ်အဆောက်အအုံပုံစံ အရိပ်အယောင်တစ်ခုကို တွေ့လိုက်ရတယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကထိ ဂြိုဟ်တုမြေပုံရဲ့ ညွှန်းကိန်းအရဆို အဲ့ဒီနေရာမှာ ဘာအရိပ်အယောင်မှ မရှိဘူး"
ဌာနမှူးကောက်က ဓာတ်ပုံနှစ်ပုံကို သူ့လက်ဆွဲအိတ်ထဲမှ ထုတ်ယူပြီး လော်ယွမ်၏ ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
ပထမတစ်ပုံမှာ သစ်တောပုံစံဖြစ်ပြီး ကြည့်ရသည်မှာ ဘာမှထူးခြားပုံမရပေ။ သို့သော် အခြားတစ်ပုံတွင်မူ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။ တောအုပ်၏ နေရာလပ်တစ်ခုတွင် အစားထိုး ဝင်ရောက်လာသည်မှာ တခြမ်းပဲ့ပုံသဏ္ဌာန်ရှိသော မဲနက်နေသည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ တစ်ချက်ကြည့်လိုက်လျှင် ဧရာမ ကျောက်တုံးကြီးတစ်ခုနှင့် တူနေသည်။ အထူးသဖြင့် ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများက အပြန်အလှန် ဖုံးကွယ်ပေးထားသဖြင့် သေချာဂရုစိုက်မကြည့်လျှင် သတိထားမိရန် ခဲယဉ်းလှသည်။
"ဒီအဆောက်အအုံက အကျယ် ၆၈၈ပေ၊ အမြင့် ၃၄၄ပေ ရှိတယ်... အဲ့တာကို ကမ္ဘာမြေပေါ်မှာ လာဆောက်ထားတဲ့ ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ ရှေ့တန်းစခန်းတစ်ခုလို့ ကျွန်တော်တို့ သံသယရှိနေကြတယ်..." ဟု ဌာနမှူးကောက်က လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်လေသည်။
ဆက်ရန်...