အခန်း (၃၆၉+၃၇၀)
Vol. 19 Ch. 369+370
အပိုင်း (၃၆၉) သီးသန့်လေ့ကျင့်ခြင်း
စကားဝိုင်းက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။ လော်ယွမ် အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ လေးနက်သော အသံဖြင့် မေးလိုက်သည်။
"ဒါက အရမ်းအန္တရာယ်များတယ်... ဘာလို့ ကျွန်တော့်ကို ရွေးလိုက်တာလဲ"
ဤခရီးလမ်းသည် တစ်ရက်တည်းနှင့် အသွားအပြန် လုပ်နိုင်သော ခရီးမဟုတ်ပေ။ ကျွန်းငယ်လေး၏ တည်နေရာမှာ မလေးရှားရှိ ဘော်နီယိုကျွန်းနား တွင် ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ကီလိုမီတာထောင်ချီ ဝေးကွာသည်။ ထို့အပြင် ကီလိုမီတာထောင်ချီ ကျယ်ဝန်းသော ပင်လယ်ပြင်ကိုလည်း ဖြတ်သန်းသွားလာရမည်ဖြစ်သည်။ လမ်းခရီးတွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်းသတ္တဝါ မည်မျှနှင့် တွေ့ဆုံရမည်ကို မသိနိုင်ပေ။ သို့သော် ထိုအန္တရာယ်များမှာ ဒုတိယနေရာတွင်သာ ရှိသည်။ အဆိုးရွားဆုံး အန္တရာယ်မှာ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းကို အတတ်နိုင်ဆုံး စုံစမ်းထောက်လှမ်းပြီး ပြန်လည်တည်ဆောက်ရေးဇုန်အတွက် အရေးကြီးဆုံးသော ပထမလက်ဦး သတင်းအချက်အလက်များကို ရယူရန်ဖြစ်သည်။
ယခုအချိန်တွင် သူသည် အလွန်အမင်း အစွမ်းထက်နေပြီဖြစ်ရာ သန္ဓေပြောင်းသတ္တဝါ အများစုက သူ့ကို ဒုက္ခပေးနိုင်ရန် ခဲယဉ်းသည်။ သာမန်လူများအဖို့ သေလမ်းသာရှိသော တောနက်ကြီးသည် သူ့အတွက်မူ အိမ်နောက်ဖေး ဥယျာဉ်သဖွယ် ဖြစ်နေသည်။ သို့သော် သူသည် သာမန်အသွေးအသားဖြင့် တည်ဆောက်ထားသော လူသားတစ်ဦးသာ ဖြစ်သေးသည်။ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်း၏ သတိထားမိကို ခံလိုက်ရပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
ပတ်ဝန်းကျင်အခြေအနေက လေးလံအုံ့မှိုင်းသွားသည်။ ဌာနမှူးကောက်သည် မျက်လွှာချကာ လေးနက်စွာ ပြောလိုက်သည်။
"ဗိုလ်ချုပ်ယွမ်... ခင်ဗျားက ကျွန်တော်တို့ ရှာတွေ့နိုင်သမျှထဲမှာ အသင့်တော်ဆုံးသူပဲ... ခင်ဗျားမှာ တောတွင်းရှင်သန်ရေး အတွေ့အကြုံ ကြွယ်ဝတယ်... အစွမ်းအစလည်း မြင့်မားတယ်... ဒါ့အပြင်ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းအကြောင်းကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ထားတယ်... အရေးကြီးဆုံးအချက်က ခင်ဗျား ပျံသန်းနိုင်တာပဲ... ဒီတစ်ခေါက် စုံစမ်းထောက်လှမ်းရေးက အတတ်နိုင်ဆုံး လျှို့ဝှက်နိုင်ဖို့က အဓိကပဲ... အဲ့တော့လေယာဉ်တွေကို သုံးလို့မရဘူး... ဒါကြောင့် ဒီတာဝန်ကို အောင်မြင်အာင် ဆောင်ရွက်နိုင်သူက ခင်ဗျားကလွဲရင် ဘယ်သူမှ မရှိဘူး"
"ပြီးတော့ ဒီတာဝန်က အရမ်းအန္တရာယ်များမှန်း ကျွန်တော်တို့ သိပါတယ်... ဒီတစ်ခေါက် ကျွန်တော် လာတာကလည်း နှုတ်ကတိနဲ့ မေးမြန်းကြည့်ရုံ သက်သက်ပါပဲ... အတင်းအကျပ် မဟုတ်ပါဘူး... ခင်ဗျား ငြင်းမယ်ဆိုရင်လည်း ကျွန်တော်တို့ နားလည်ပေးနိုင်ပါတယ်"
ပြန်လည်တည်ဆောက်ရေးဇုန်က သူ့အကြောင်းကို ဤမျှအထိ သိရှိနေသည်ကို လော်ယွမ် မအံ့သြပေ။ ဤမျှ ရိုးရှင်းသော သတင်းအချက်အလက်ကိုမှ မရနိုင်လျှင် ပြန်လည်တည်ဆောက်ရေးဇုန် ဆိုသည်မှာလည်း တည်ရှိနိုင်တော့မည် မဟုတ်ပေ။
သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စားပွဲခုံကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ခေါက်နေသည်။ ခဏအကြာတွင် သူက လေးနက်စွာ ပြောလိုက်သည်။
"ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်... ဘာလို့ အထက်လူကြီးတွေက ဒီလောက် စွန့်စားရတဲ့ ဆုံးဖြတ်ချက်မျိုးကို ချလိုက်တာလဲ... တကယ်လို့များ ကျွန်တော် အဖမ်းခံလိုက်ရရင် ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းက သူတို့ တည်နေရာ ပေါက်ကြားသွားပြီဆိုတာကို သိသွားပြီး မတွေးဝံ့စရာ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျားတို့သိတယ်မလား"
"ဘာလို့လဲဆိုတော့ စစ်ပွဲက စနေပြီမို့လို့ပဲ... ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိတော့ဘူး... အနုမြူစွမ်းအင်ပေါင်းစပ်စက် ပေါက်ကွဲမှုဖြစ်စဉ်က သတင်းထဲမှာ ပါသလို မတော်တဆ မဟုတ်ဘူး... အဲဒါက တိုက်ခိုက်ခံလိုက်ရတာ" ဌာနမှူးကောက်၏ မျက်နှာတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ပေါ်လာပြီးနောက် ဆက်ပြောသည်။ "ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းက ဘာလို့ သူတို့ကိုယ်သူတို့ လျှို့ဝှက်ထားတာလဲ ဆိုတာ အတိအကျ ကောက်ချက်ချလို့ မရသေးဘူး... ဒါပေမဲ့ ကျွန်တော်တို့ သုံးသပ်ထားတာကတော့ သူတို့ အဲ့လိုလုပ်နေရတာ ကျွန်တော်တို့ မသိနိုင်တဲ့ အကြောင်းပြချက် တခုခု ရှိကိုရှိလိမ့်မယ်"
"ဒီကိုရောက်လာတဲ့ အင်အား မလုံလောက်တာလည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူတို့မှာ အထူးရည်ရွယ်ချက် တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်သလို အခြား မသိရသေးတဲ့ အကြောင်းပြချက်တွေလည်း ရှိနိုင်တယ်... ဒါကြောင့် ကျွန်တော်တို့ သုံးသပ်တာကတော့ ခင်ဗျားကတဆင့် သတင်းပေါက်ကြားသွားရင်တောင် စစ်ပွဲကြီး တန်းဖြစ်လာနိုင်ချေ သိပ်မရှိဘူး"
ဌာနမှူးကောက်၏ အသံသည် တိုးလျပြီး ဖိအားများ ပါဝင်နေသည်။
"ဒါ့အပြင် ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းက ရန်လိုမှုကို ပြသပြီးနေပြီဆိုတော့ လက်နက်ချ အညံ့ခံလည်း အသုံးမဝင်တော့ဘူး... နှစ်တစ်ရာ၊ နှစ်ရာလောက် နည်းပညာ ကွာဟချက်ဆိုတာ သိပ်မများဘူး... သူတို့က လူသားတွေ ကိုကြာကြာရှင်သန်ခွင့်ပေးထားမှာ မဟုတ်ဘူး... မြွေပွေးခါးပိုက်ပိုက်မိတဲ့ အဖြစ်မျိုး သူတို့ဘယ်တော့မှလုပ်မှာမဟုတ်ဘူး... အဲ့တော့ စစ်ပွဲက ဖြစ်လာမှာပဲ... စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်... အဲဒီအချိန်ကျရင် ရန်သူ့အကြောင်းပိုသိထားတာက ကျွန်တော်တို့အတွက် နိုင်ချေတစ်မှတ် ပိုတိုးစေနိုင်တယ်... လူသားမျိုးနွယ် အဆုံးသတ်သွားမယ် ဆိုရင်တောင်မှ သူတို့ကို သွေးပိုထွက်အောင်တော့ လုပ်ခဲ့ရမယ်"
လော်ယွမ် ခါးမတ်လိုက်သည်။ ဖော်ပြရန်ခက်ခဲသော ဝမ်းနည်းမှုတစ်ခု ရင်ထဲမှ ထွက်ပေါ်လာသည်။
သူက ဘယ်တုံးကမှသူတော်စင် တစ်ယောက် မဟုတ်ခဲ့ပေ။ အစကနေ အဆုံးထိ သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းမျိုးကို သူ ဘယ်တော့မှ မလုပ်ခဲ့ပေ။ ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ သူ လူအများအပြားကို ကယ်တင်ခဲ့ဖူးသည်၊ ကူညီခဲ့ဖူးသည် ဆိုသော်လည်း ထိုအရာများသည် လမ်းကြုံ၍ လုပ်ပေးခဲ့ခြင်းသာ ဖြစ်ပြီး ထိုအရာများအတွက် အသက်နှင့်ရင်းကာ စွန့်စားမည် မဟုတ်ပေ။
သို့သော် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေး ဟူသော ခေါင်းစဉ်သည် အလွန်လေးလံလွန်းလှသည်။ ဘက်ပေါင်းစုံ စစ်ပွဲကြီး ဖြစ်လာမည့်အချိန်တွင် မည်မျှ ကြေကွဲစရာကောင်းသော မြင်ကွင်းများ ဖြစ်ပျက်လာမည်ကို သူ မတွေးရဲပေ။ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြန်လည်တည်ဆောက်ရေးဇုန်ကြီး ပြာပုံအတိ ဖြစ်သွားမည့် စိတ်ပျက်ဖွယ် အခြေအနေကိုလည်း မမှန်းဆရဲပေ။ ကျန်ရစ်သော လူသားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ပြီး လူ့ယဉ်ကျေးမှုအဖွဲ့အစည်း ပျောက်ကွယ်သွားမည့် အချိန်တွင် သူတစ်ယောက်တည်း အသက်ရှင် ကျန်ရစ်နေခဲ့လျှင် တောထဲတွင် လူရိုင်းတစ်ယောက်လို ခိုးကြောင်ခိုးဝှက် အသက်ဆက်ရှင်နေရသည်ကို သူ တကယ်ပဲ စိတ်သန့်သန့်ဖြင့် နေနိုင်ပါမည်လော။
....................................................................................................................
နောက်ရက်အနည်းငယ်အတွင်း သူသည် "ဓားတရား" ဌာနသို့ ဝင်ထွက်သွားလာခြင်း မရှိတော့ပေ။
ထိုနေ့ညမှာပင် သူသည် ကော်မတီရုံးမှ လူများနှင့်အတူ မြေအောက်ရထားစီးကာ မြို့သစ်မြို့သို့ လိုက်ပါသွားခဲ့သည်။ ထိုနေရာတွင် သူသည် သီးသန့်လေ့ကျင့်မှုကို ခံယူရမည် ဖြစ်သည်။
ခေတ်သစ်ယဉ်ကျေးမှုအဖွဲ့အစည်းတွင် သတင်းအချက်အလက် စုဆောင်းခြင်းသည် အဆင့်မြင့်မားသော ပညာရပ်တစ်ခု ဖြစ်လာပြီဖြစ်ရာ လမ်းဘေးနည်းလမ်းများဖြင့် လုပ်ဆောင်၍ မရနိုင်တော့ပေ။
သူသည် ထိုနေရာတွင် မည်သို့ စုံစမ်းထောက်လှမ်းရမည်၊ မည်သို့ ပုန်းအောင်းရမည်၊ မမျှော်လင့်သော အခြေအနေများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်တို့ကို သင်ယူရမည်ဖြစ်သည်။
ထိုကာလအတွင်း လော်ယွမ် ပြသခဲ့သော အံ့မခန်း မှတ်ဉာဏ်စွမ်းအားနှင့် သင်ယူနိုင်စွမ်းတို့သည် သင်တန်းဆရာအားလုံးကို တုန်လှုပ်စေခဲ့သည်။ အခြေခံအားဖြင့် တစ်ခေါက်ပြောပြလိုက်ရုံဖြင့် သူ မှတ်မိနေပြီဖြစ်သည်။ နောက်ပိုင်းတွင် ပုံမှန်သင်ကြားပို့ချမှု နှုန်းထားသည် နှေးကွေးလွန်းသဖြင့် လက်တွေ့သရုပ်ပြရန် လိုအပ်သော အထူးနည်းစနစ်များမှလွဲ၍ အခြေခံဗဟုသုတများကိုမူ သင်တန်းဆရာများက သက်ဆိုင်ရာ စာအုပ်များ ပို့ပေးသည့် စနစ်ဖြင့်သာ ပြောင်းလဲ သင်ကြားပေးရတော့သည်။
《ထောက်လှမ်းရေးသမားများ မသိမဖြစ်အရာများ》
《ထူးချွန်သော သူလျှိုကောင်းတစ်ယောက် ဖြစ်လာစေရန်》
《တောတွင်း ပုံဖျက်ခြင်း ပညာရပ်》
《လက်ဗလာဖြင့် ထောင်ချောက်ဆင်နည်း နမူနာ (၁၀၀)》
《ဉာဏ်ရည်တု၏ အားနည်းချက်နှင့် လျှို့ဝှက်ချက်များ》
《နည်းပညာမြင့် လျှို့ဝှက်အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်နည်း》
...................................................................................................
ထိုစာအုပ်များက ပုံမှန်ဟု ဆိုနိုင်သော်လည်း အချို့စာအုပ်များမှာ အနည်းငယ် ကြောင်တောင်တောင် နိုင်နေသည်။
《နိုင်ငံတကာ သူခိုးကြီးများ၏ ကျူးလွန်မှုပုံစံ စွယ်စုံကျမ်း》
《ထွက်ပြေးလွတ်မြောက်သူများ မှတ်တမ်း》
《ထောင်ဖောက်ရာတွင် သိထားသင့်သည့်အချက်များ》
《စစ်ဆေးမေးမြန်းခြင်းကို ခုခံကာကွယ်နည်း (၁၀၀)》
........................................................................................................................
သုံးရက်ဆိုသော အချိန်တိုအတွင်းတွင် လော်ယွမ်သည် စာအုပ်ပေါင်း ဆယ်ဂဏန်းကို ဖတ်ရှုပြီးစီးခဲ့သည်။ ပြီးစလွယ် ဖတ်ရှုခြင်းမဟုတ်ဘဲ အလွတ်ရသည်အထိ နက်ရှိုင်းစွာ မှတ်သားထားခြင်း ဖြစ်သည်။ သို့သော် သင်တန်းသည် မပြီးဆုံးသေးပေ။ တကယ်တမ်းတွင် ယခုမှ စတင်ခြင်းသာ ရှိသေးသည်။
နောက်ဆက်တွဲ လာမည့်အရာများကသာ အဓိက သော့ချက်ဖြစ်သည်။
ဤစစ်ဆင်ရေးသည် ပြန်လည်တည်ဆောက်ရေးဇုန်အတွက် သာမက လူသားအားလုံးအတွက်ပါ အလွန်အရေးကြီးသည်။ စစ်ပွဲ၏ အဆုံးသတ် အနိုင်အရှုံးနှင့် လူသားယဉ်ကျေးမှုအဖွဲ့အစည်း၏ ရှင်သန်ရပ်တည်ရေးနှင့် သက်ဆိုင်နေသည်။ မည်မျှပင် ပြည့်စုံအောင် ပြင်ဆင်ထားသည်ဖြစ်စေ လုံလောက်သည်ဟူ၍ မရှိပေ။ လက်တွေ့တွင် လော်ယွမ် သင်တန်းမတက်မီကတည်းက ကန့်ကွက်သံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။ စစ်ဆင်ရေးအတွက်သာမက လူရွေးချယ်မှုနှင့် ပတ်သက်၍လည်း ကန့်ကွက်ကြခြင်း ဖြစ်သည်။
လော်ယွမ်ကဲ့သို့ သာမန်အရပ်သားတစ်ဦးသည် အပြည့်အဝ သင့်သော်သော ရွေးချယ်မှု မဟုတ်ပေ။ လူသားတို့၏ နည်းပညာထက် များစွာသာလွန်သော ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ရင်ဆိုင်ရမည့်အချိန်တွင် အသေးစား ကင်မရာကဲ့သို့သော လျှပ်စစ်ပစ္စည်းများကို ယူဆောင်သွားခြင်းသည်ပင် အဖမ်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ ထို့ကြောင့် ဤစစ်ဆင်ရေးတွင် မည်သည့် လျှပ်စစ်ပစ္စည်းကိုမျှ ယူဆောင်သွားခွင့် မရှိပေ။ ဓါတ်ပုံ၊ ဗီဒီယို စသည့် ခိုင်လုံသော မှတ်တမ်းများ ယူမလာနိုင်ဘဲ လူကိုယ်တိုင်၏ ကိုယ်ပိုင် အကဲဖြတ်ချက်ကိုသာ အားကိုးရမည်ဖြစ်ရာ သိပ္ပံနည်းကျ အခြေခံ ဗဟုသုတ မရှိပါက သတင်းအချက်အလက် စုဆောင်းခြင်း လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
စံပြ ထောက်လှမ်းရေးသမား ဆိုသည်မှာ ဘက်စုံဗဟုသုတ ကြွယ်ဝသော သိပ္ပံပညာရှင် တစ်ဦး ဖြစ်သင့်သည်။ ထို့အပြင် တောနက်ထဲတွင် ကြံ့ကြံ့ခံ ရှင်သန်နိုင်ပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ကျွန်းပေါ်သို့ တက်ရောက်နိုင်သူ ဖြစ်ရမည်။ သို့သော် ထိုကဲ့သို့သော လူမျိုးသည် လက်တွေ့တွင် မရှိသလောက်ပင်။
ထို့ကြောင့် မတတ်သာဘဲ ဒုတိယ အသင့်သော်ဆုံး (လော်ယွမ်)ကို ရွေးချယ်ရခြင်း ဖြစ်သည်။
သို့သော် လော်ယွမ်၏ အံ့မခန်း သင်ယူနိုင်စွမ်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
နောက်ပိုင်းရက်များတွင် လော်ယွမ်သည် တက္ကသိုလ်ကျောင်းသားဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။
သတ္တုဗေဒ၊ အဆင့်မြင့်ရူပဗေဒ၊ ကွမ်တမ် မက္ကင်းနစ်၊ မျိုးရိုးဗီဇပညာ၊ နှိုင်းရသီအိုရီ၊ အပူစွမ်းအင်ဆိုင်ရာ ဘာသာရပ်၊ ကိန်းသီအိုရီ၊ ဘူမိဗေဒ၊ အရည်ရွှေ့လျားပုံ... တက္ကသိုလ်ကျောင်းသား တစ်ယောက်ကို ရူးသွားစေနိုင်သည့်၊ ဆံပင်ကျွတ်စေနိုင်သည့် ဘာသာရပ်များသည် အခြေခံမျှသာ ရှိသေးသည်။ ထိုနောက်တွင် လူသားတို့ သက်သေမပြနိုင်သေးသော သီအိုရီများ၊ မှန်းဆချက်များ၊ ယူဆချက်များ ဆက်လာလေသည်။
လူသားတို့၏ လက်ရှိ သိပ္ပံနည်းကျ ယဉ်ကျေးမှုအဖွဲ့အစည်းကို ကိုယ်စားပြုသော စာအုပ်ပေါင်း ထောင်ချီကို သူ၏ ဦးနှောက်ထဲသို့ အတင်းထည့်သွင်းနေရသည်။ ဉာဏ်ပညာ ၁၅ မှတ် ရှိသော လော်ယွမ်အတွက်ပင် နေ့စဉ် ခေါင်းကွဲမတတ် ကိုက်ခဲမှုကို ခံစားနေရသည်။
သို့သော် သူသည် စိတ်မရှည်သော အရိပ်အယောင် အနည်းငယ်မျှ မပြပေ။ လူသားယဉ်ကျေးမှုအဖွဲ့အစည်း၏ အနှစ်သာရများ ဖြစ်သော ဤအသိပညာများကို နားလည်သဘောပေါက်ရန် စိတ်ကိုငြိမ်သက်ပြီး ကြိုးစားနေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် လူသားယဉ်ကျေးမှုအဖွဲ့အစည်း ပျောက်ကွယ်သွားခဲ့လျှင် သူ အသက်ရှင် ကျန်ရစ်နေသမျှ ကာလပတ်လုံး ကျန်ရှိနေသော လူသားများကြားတွင် ဤပညာရပ်များကို လက်ဆင့်ကမ်းနိုင်ပေလိမ့်မည်။
ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ ငြီးငွေ့စရာကောင်းသော စာဖတ်ခြင်းသည် တဖြည်းဖြည်း အရသာတွေ့စရာ ဖြစ်လာသည်။
အသိပညာ ပမာဏ ကြွယ်ဝလာသည်နှင့်အမျှ အကြောင်းအရာများ ဆက်စပ်မိလာပြီး နားလည်သဘောပေါက်လာသည်။ သူ၏ စာဖတ်နှုန်းသည်လည်း တစ်နေ့တခြား မြန်ဆန်လာသည်။ နောက်ပိုင်းတွင် စာအုပ်တစ်အုပ်ကို မိနစ်ပိုင်းအတွင်း ဖတ်ရှုပြီးစီးသွားသည်။ စဉ်းစားခန်း ဝင်ရသည့် အကြိမ်အရေအတွက် နည်းပါးလာပြီး အများစုကို တစ်ချက်ကြည့်ရုံဖြင့် နားလည်နေပြီဖြစ်သည်။
စာအုပ်စင် ဒါဇင်ပေါင်းများစွာသည် တဖြည်းဖြည်း ပြောင်သလင်းခါလာသည်။ နောက်ဆုံးစာအုပ်ကို ပစ်ချပြီးနောက် လော်ယွမ်သည် နောက်ထပ်စာအုပ်ကို မသိစိတ်ဖြင့် လှမ်းယူလိုက်သောအခါမှ စာအုပ်စင်အားလုံး ဗလာဖြစ်နေပြီကို သတိပြုမိလိုက်သည်။
သူ့စိတ်ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီးနောက် တစ်ချက်မျှ ရယ်မောလိုက်မိသည်။
သူသည် စာကြည့်တိုက်ထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်။ တံခါးဝတွင် စောင့်ဆိုင်းနေသော ကော်မတီရုံးမှ ဝန်ထမ်းသည် ခေါင်းမော့လိုက်ပြီး လော်ယွမ် ထွက်လာသည်ကို မြင်သောအခါ မျက်နှာ အနည်းငယ် ကြောင်အ သွားသည်။
လော်ယွမ်၏မျက်ဝန်းများသည် လူတစ်ဖက်သား၏ စိတ်ဝိညာဉ်ကို နှုတ်ယူသွားနိုင်မတတ် ဖြစ်နေသည်။ ဉာဏ်ပညာ အလင်းရောင်များ တောက်ပနေပြီး နှေးကွေးမှန်ကန်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသော သူ့ကိုကြည့်ရင်း ဤလောကကြီးနှင့် ကင်းကွာနေသည့် လူသားတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
ဆက်ရန်...
အပိုင်း(၃၇၀) အသိပညာ၏ စွမ်းအား
တမင်သက်သက် စီစဉ်ထားခြင်း ဟုတ်၊ မဟုတ်တော့ မသိ။ ဤတာဝန်ခံ ဝန်ထမ်းသည် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး အသက် ၃၀ ဝန်းကျင်ခန့် ရှိသည်။ သူမ၏ စိတ်နေသဘောထားသည် ရေကဲ့သို့ နူးညံ့သိမ်မွေ့ပြီး အိမ်မှုကိစ္စ နိုင်နင်းကာ ကြင်နာတတ်သော အမျိုးသမီးပုံစံမျိုး ဖြစ်သည်။ ဤတစ်လအတွင်း လော်ယွမ် ဘယ်နေရာသွားသွား သူမက အရိပ်ပမာ မခွဲမခွာ လိုက်ပါပြီး ခေါ်လိုက်သည်နှင့် အသင့်ရှိနေတတ်သည်။
အဝတ်လျှော်၊ စောင်ခေါက်၊ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်းမှစ၍ လော်ယွမ်သာ လိုအပ်ပါက အိပ်ရာပေါ်ထိပါ လိုက်ပေးမည့် ပုံစံမျိုး ဖြစ်သည်။ သေချာသည်မှာ ထိုသို့ပြုလုပ်ရာတွင် အနည်းနှင့်အများ ငြင်းဆန်မှုများ ရှိကောင်းရှိနိုင်သော်လည်း နောက်ဆုံးရလဒ်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။ သို့သော် ဘာကြောင့် ဤလိုအသက်အရွယ် အမျိုးသမီးမျိုး ဖြစ်နေရသနည်း။
ပြန်လည်တည်ဆောက်ရေးဇုန်၏ သူ့အပေါ်ထားရှိသော နက်ရှိုင်းလှသည့် "မလိုတမာစိတ်" (ပျားရည်ထောင်ချောက်) ကို သူ ခံစားမိနေသည်။
စောစောပိုင်းကတည်းက သူ ချန်ရှင်းကျယ်ကို စိတ်ညှို့ပြီး မေးမြန်းခဲ့ဖူးသည်။ ချန်ရှင်းကျယ် ပြောခဲ့သော သူမ၏ မိသားစုအကြောင်း အမှန်အမှားမှစ၍ ပြန်လည်တည်ဆောက်ရေးဇုန်က သုံးသပ်ထားသော သူ၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များနှင့် ယင်းအတွက် ချမှတ်ထားသော မဟာဗျူဟာများကို သူ အကုန်အစင် သိရှိပြီးဖြစ်သည်။ ထိုရလဒ်များကို သိလိုက်ရသောအခါ လော်ယွမ်မှာ ဒေါသထွက်လွန်း၍ ရှက်စိတ်ပင် ဝင်မိမတတ် ဖြစ်ခဲ့ရသည်။
အခုလည်း ပြန်လည်တည်ဆောက်ရေးဇုန်က ဤနည်းလမ်းဟောင်းကိုပဲ ထပ်သုံးချင်နေပြန်ပြီ။
သူသည် နည်းလမ်းတစ်ခုတည်းအောက်တွင် နှစ်ကြိမ်တိုင်တိုင် အရှုံးပေးမည့်သူ မဟုတ်ပေ။ နောက်တစ်ကြိမ် ထပ်အလိမ်ခံရပါက သူ့သိက္ခာ ဘယ်နားသွားထားရမည်နည်း။
ထို့ကြောင့် ဤတစ်ကြိမ်တွင် လော်ယွမ်သည် တွေ့စကတည်းက သူမကို မျက်နှာသာမပေးခဲ့ပေ။ တစ်လတာ ကုန်ဆုံးသွားသော်လည်း သူမနာမည်ကိုပင် သူ မသိသေးပေ။
လော်ယွမ် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဘေးလူမရှိသကဲ့သို့ အခန်းအပြင်ဘက်သို့ ထွက်ကာ ဂြိုဟ်တုဖုန်းကို ထုတ်လိုက်သည်။
"ဟဲလို... ကျားဟွေလား... ငါ နောက်၂ရက်နေရင် ပြန်လာခဲ့မယ်... ဘာကိစ္စမှ မရှိပါဘူး... ဒီမှာ နေရတာ အဆင်ပြေပါတယ်..."
သူ ဖုန်းပြောနေစဉ်တွင် မျက်စိဖြင့် မမြင်နိုင်သော လျှပ်စစ်သံလိုက်လှိုင်းတန်းတစ်ခုသည် သူကိုင်ထားသော ဖုန်းအင်တင်နာမှတစ်ဆင့် ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ သူ မော့ကြည့်လိုက်ပြီး စိတ်ထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
စွမ်းအားကြီးမားသော ကိုယ်ခန္ဓာကြံ့ခိုင်မှုသည် သာမန်လူတို့ ထင်မှတ်မထားနိုင်သော စူးရှသည့် အာရုံခံစားမှုငါးပါး ကို ပေးစွမ်းရုံသာမက ဤကဲ့သို့သော မမြင်နိုင်သည့် စွမ်းအင်များကိုပါ အတိုင်းအတာတစ်ခုအထိ လေ့လာကြည့်ရှုနိုင်စေသည်။ လေထုထဲတွင် ပိုက်ကွန်သဖွယ် ယှက်နွှယ်နေသော ရေဒီယိုလှိုင်းများသာမက ကြိမ်နှုန်းမြင့်မားသော မိုက်ခရိုဝေ့ဖ်လှိုင်းများ၊ အနီအောက်ရောင်ခြည်လှိုင်းများ စသည့် လျှပ်စစ်သံလိုက်လှိုင်း အမျိုးမျိုးကိုပါ အာရုံခံနိုင်သည်။ ကမ္ဘာမြေကြီးကို ဝန်းရံထားသော ဘူမိသံလိုက်စက်ကွင်းနှင့် ဆွဲငင်အားစက်ကွင်း ကဲ့သို့သော လေ့လာရန် ခက်ခဲသည့် အရာများကိုပင် ဝေဝါးဝါး အာရုံခံမိနေသည်။
ယခင်က ဤစွမ်းအားများသည် သူ့မျက်လုံးထဲတွင် အယူအဆ သိပ်မရှိခဲ့ပေ။ အကြမ်းဖျင်းနှင့် ဝိုးတဝါး သိရှိနားလည်မှုသာ ရှိခဲ့ပြီး ထိရောက်စွာ အသုံးပြုနိုင်မှုမှာလည်း အလွန်နည်းပါးသည်။ ရတနာတောင်ကို ပိုင်ဆိုင်ထားသော်လည်း တူးဖော်မည့် ကိရိယာမရှိသဖြင့် လက်မှိုင်ချနေရသူနှင့် တူသည်။
သို့သော် ဤတစ်လကျော်ကာလအတွင်း ဗဟုသုတပေါင်းစုံကို ရူးသွပ်မတတ် ဖြည့်ဆည်းခဲ့ပြီးနောက် တူညီသော ကမ္ဘာကြီးသည် သူ့မျက်လုံးထဲတွင် လုံးဝ ကွဲပြားခြားနားသွားပြီဖြစ်သည်။ မြင်ကွင်းများသည် ယခင်က မရှိဖူးလောက်အောင် ရှင်းလင်းပြတ်သားလာသည်။
ဤဆက်သွယ်ရေး ရေဒီယိုလှိုင်းများကို မြင်လိုက်ရသည့်အချိန်တွင် ထိုဆက်သွယ်ရေးနည်းပညာ၏ လုပ်ဆောင်ပုံ အခြေခံသဘောတရားများက သူ့စိတ်ထဲ၌ ချက်ချင်း လက်ခနဲ ပေါ်လာသည်။
အသံလှိုင်းများသည် နားစည်တုန်ခါမှုမှတစ်ဆင့် လျှပ်စစ်စီးကြောင်း အချက်ပြလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လျှပ်စစ်အချက်ပြမှုကို လျှပ်စစ်သံလိုက်လှိုင်းပေါ်တွင် တင်ဆောင်၍ ထုတ်လွှင့်လိုက်ပြီး အခြားဖုန်းတစ်လုံးမှ လက်ခံရယူသည်။ ဤလုပ်ငန်းစဉ်တွင် သေချာပေါက် ကုဒ်ဝှက်ခြင်း အချို့ ပါဝင်နေသည်။
သူ ဖုန်းဆက်လက်ပြောဆိုနေရင်း လျှပ်စစ်သံလိုက်လှိုင်း၏ ကြိမ်နှုန်းပြောင်းလဲမှုများကို သေသေချာချာ လေ့လာနေလိုက်သည်။
ဤသည်မှာ ဖူရီယာ အသွင်ပြောင်းလဲခြင်းကို အခြေခံထားသည့် သတင်းအချက်အလက် ကုဒ်ဝှက်ခြင်းဖြစ်ပြီး ပရမ်းပတာ သင်္ချာသဘောတရား အရိပ်အယောင်များလည်း ပါနေသည်။
၎င်းက သိပ်မခက်ပေ၊ ကိန်းသေတန်ဖိုးအချို့ကို ပြောင်းလဲပြီး အနည်းငယ် အသွင်ပြောင်းလိုက်ရုံပင်... ထို့အပြင် အသုံးမဝင်သည့် အချက်အလက်များကိုလည်း စစ်ထုတ်ရန်လိုအပ်သည်။
၁၅ မှတ် ရှိသော ဉာဏ်ရည်ကြောင့် သူ၏ တွေးခေါ်မှုသည် အလင်းတန်းကဲ့သို့ လျင်မြန်နေသည်။
စက္ကန့်အနည်းငယ် ကြာသောအခါ ထိုကုဒ်ဝှက်နည်းစနစ်ကို သူ ဖြေရှင်းနိုင်ခဲ့ပြီး မူလဇာစ်မြစ်ကို ခြေရာခံကာ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးလိုက်သည်။ နောက်ထပ် စက္ကန့်အနည်းငယ် အကြာတွင် သူ ဖုန်းကို ပြတ်သားစွာ ပိတ်လိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။
ပြတ်တောက်သွားသော ကြိုးမဲ့အချက်ပြလိုင်း (ဖုန်းလိုင်း) သည် သူ၏ "စိတ်စွမ်းအား" သက်ရောက်မှုအောက်တွင် ဝ.၁ စက္ကန့်ပင် မကြာလိုက်ဘဲ ပြန်လည် ချိတ်ဆက်သွားသည်။ သာမန်လူများအနေဖြင့် လုံးဝ သတိထားမိလိုက်မည် မဟုတ်ပေ။ ကြိမ်နှုန်းအမျိုးမျိုးရှိသော လျှပ်စစ်လှိုင်းများသည် သတင်းအချက်အလက်များကို တင်ဆောင်လျက် ဂြိုဟ်တုမှတစ်ဆင့် ကျားဟွေ၏ ဖုန်းထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
စကားအနည်းငယ် ဆက်ပြောပြီးနောက် လော်ယွမ် အချက်ပြလိုင်းကို ဖြတ်တောက်လိုက်သည်။
သူ ခေါင်းကို ဘယ်ပြန်ညာပြန် လှည့်ကြည့်လိုက်သည်။ ကစားစရာအသစ်တစ်ခု ရှာတွေ့သွားသကဲ့သို့ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ တောက်ပနေသည်။
များပြားလှသော ကြိုးမဲ့အချက်ပြလိုင်းများသည် သူ့ပတ်ဝန်းကျင်တွင် ပိုက်ကွန်သဖွယ် ရှုပ်ထွေးပူးကပ်လျက် ရှိနေသည်။ ယခုအချိန်တွင် ထိုလှိုင်းရှည် လျှပ်စစ်သံလိုက်လှိုင်းများသည် သူ့မျက်လုံးထဲတွင် စကားပြောဆိုမှု အပိုင်းအစများ၊ လျှို့ဝှက်သတင်းအချက်အလက်များ အဖြစ် ပြောင်းလဲသွားပြီး ဘာအကာအကွယ်မှ မရှိဘဲ သူ့ရှေ့တွင် ပုံပေါ်နေသည်။ သူ စိတ်ရှိသလို ကြည့်ရှုနိုင်သည်။ သူသာ ဆန္ဒရှိလျှင် မည်သူနှင့်မဆို အချိန်မရွေး စကားပြောဆိုနိုင်သလို ထိုအချက်ပြလိုင်းများကို ကြားဖြတ်ခြင်း၊ ဖြတ်တောက်ခြင်းများလည်း ပြုလုပ်နိုင်သည်။
(Lucy ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ လူစီရဲ့ဦးနှောက်အလုပ်လုပ်နိုင်စွမ်း ၁၀၀%နားရောက်လာတော့ ဒီလိုလှိုင်းတွေကို မြင်နိုင်ပြီး လိုသလိုထိန်းချုပ်နိုင်တဲ့အစွမ်းမျိုးရသွားတယ်။ အခုလော်ယွမ်ရဲ့အစွမ်းကလည်း အဲ့ရုပ်ရှင်ကားထဲကလိုမျိုးပဲ)
ဘေးနားရှိ အဆင့်မြင့်ကော်မတီရုံးမှ ဝန်ထမ်းသည် နောက်လိုက်လေးတစ်ယောက်လို လော်ယွမ်၏ ဘေးတွင် ကပ်လိုက်နေပြီး အသံတစ်ချက်မှ မထွက်ရဲပေ။ လော်ယွမ် စိတ်တိုင်းကျ လုပ်သမျှကို လွှတ်ထားပေးသည်။ ယခုအချိန်၌ ပြန်လည်တည်ဆောက်ရေးဇုန်၏ ကြိုးမဲ့အချက်ပြလိုင်းများတွင် လော်ယွမ်အတွက် မည်သည့် လျှို့ဝှက်ချက်မှ မရှိတော့သည်ကို သူမ လုံးဝ ထင်မှတ်ထားမည် မဟုတ်ပေ။
သို့သော် လော်ယွမ် ကြိုးမဲ့အချက်ပြလိုင်းမှ ရရှိသော အချက်အလက်များက အကန့်အသတ်ရှိသည်။ ကမ္ဘာအပြင်ဘက် ယဉ်ကျေးမှုအဖွဲ့အစည်းကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းတွင် အလွန်အရေးကြီးသော လျှို့ဝှက်ချက်များကို အချက်ပြလိုင်းများမှတစ်ဆင့် ပေးပို့ခြင်း မရှိတော့ဘဲ စာရွက်စာတမ်းများ၌သာ မှတ်တမ်းတင်ထားတော့သည်။
လော်ယွမ် ခဏကြာ လမ်းလျှောက်ပြီးနောက် ခြေလှမ်းတန့်လိုက်ပြီး သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ဝန်ထမ်းကို ပြောလိုက်သည်။ "ငါ့အတွက် ရထားလက်မှတ် တစ်စောင်ဖြတ်ပေး... ငါ ဒီနေ့ပဲ မျှော်လင့်ချက်မြို့ကို ပြန်မယ်"
"ဒါပေမဲ့... ဒါပေမဲ့... အထက်က အမိန့်မလာသေးဘူးရှင့်" ဝန်ထမ်းမလေးသည် အခက်တွေ့နေသော မျက်နှာထားဖြင့် ပြောသည်။
"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့... ငါ မျှော်လင့်ချက်မြို့မှာ တစ်လ အနားယူမယ်... ကိစ္စရှိရင်ငါ့ကို မျှော်လင့်ချက်မြို့မှာ လာရှာ" လော်ယွမ် လက်ကာပြလိုက်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"အဲဒါ... ကျွန်မ အထက်ကို သတင်းပို့လိုက်ဦးမယ်နော်" ဝန်ထမ်းမလေး ကြောက်ရွံ့စွာ ပြောလိုက်သည်။
ဝန်ထမ်းမလေးသည် ဘေးတစ်ဖက်သို့ လျှောက်သွားပြီး ကိုယ်ကိုစောင်းကာ ဖုန်းဆက်လိုက်ရာ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများ ပေါ်လွင်သွားသည်။ လော်ယွမ် မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။
"တကယ်ကို နေရာတိုင်းမှာ မြှူဆွယ်မှုတွေ ရှိနေပါလား" ဟု လော်ယွမ် စိတ်ထဲမှ တိုးတီးရေရွတ်လိုက်သည်။
တစ်လလုံးလုံး လေ့ကျင့်နေရသဖြင့် လော်ယွမ်၏ "ရမ္မက်မီး" သည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ အနည်းငယ်မျှသော မြှူဆွယ်မှုသည်ပင် သူ့ကို စိတ်ကူးယဉ်စေနိုင်သည်။ ဤအချက်သည်ပင် လော်ယွမ် အိမ်ပြန်ရန် စိတ်လောနေရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။
တစ်မိနစ်ကြာသောအခါ ဝန်ထမ်းမလေး ဖုန်းချလိုက်သည်။ "ဝန်ကြီးက သဘောတူတယ်... ဒါပေမဲ့ ကျွန်မပါ ရှင်နဲ့လိုက်ရမယ်တဲ့... ဘာလို့လဲဆိုတော့ အထက်က ရှင့်ကို အချိန်မရွေး ရှာဖို့ လိုအပ်နိုင်ပြီး လေ့ကျင့်ရေးအသစ်တွေ ထပ်တိုးလာနိုင်လို့တဲ့"
သူမ မပြောလျှင်လည်း လော်ယွမ်သည် ဖုန်းပြောသော အကြောင်းအရာများကို "မြင်" ပြီး "ကြား" ပြီးဖြစ်၍ အကြောင်းအရာ မှန်ကန်ကြောင်း သိနေသည်။
ယခုအခါ ပြန်လည်တည်ဆောက်ရေးဇုန်သည် လောင်းကြေးအားလုံးကို သူ့အပေါ်တွင် ပုံအောထားသည်။ သူရော အထက်လူကြီးများပါ ဖိအားများစွာ ရှိနေသည်။ ဤစစ်ဆင်ရေးအတွက် အနည်းငယ်မျှသော အမှားအယွင်းကိုပင် ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ဤတောင်းဆိုချက်သည် ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။
လော်ယွမ် စိတ်ထဲ၌ ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း မငြင်းပယ်ခဲ့ပေ။ "ကိစ္စမရှိဘူး... ဒါပေမဲ့ မင်းက ဘယ်မှာ နေမှာလဲ"
"ဖြစ်နိုင်မယ်ဆိုရင်တော့... ရှင့်အိမ်မှာ နေရရင် အကောင်းဆုံးပါပဲ" လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ သူမ အလျင်အမြန် ဆက်ပြောသည်။ "ရှင့်မိသားစုနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့... ကျွန်မတို့ ညှိနှိုင်းပေးပါ့မယ်... ရှင့်ဘာပြဿနာမှမဖြစ်စေရဘူး... တကယ်လို့ကျွန်မက မသင့်တော်ဘူးလို့ ယူဆရင်လည်း အမျိုးသား ရဲဘော်တစ်ယောက်နဲ့ လူစားလဲပေးလို့ ရပါတယ်"
"ထားလိုက်တော့... မင်းပဲ လိုက်ခဲ့တော့" လော်ယွမ် ပြောလိုက်သည်။ ယောကျ်ားတစ်ယောက် သူ့နောက် တကောက်ကောက် လိုက်နေမည်ဆိုပါက စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေမည်။ အနည်းဆုံးတော့ သူမက ကြည့်ရတာ မျက်စိအေးပြီး ကိုယ့်အလှအပ ခံယူချက်နဲ့ ကိုက်ညီသေးသည်။ အိမ်ဖော်တစ်ယောက် မွေးထားသလို သဘောထားလိုက်ရုံသာပင်။
................................................................................................
ထိုနေ့ နေ့လယ်တွင် နှစ်ယောက်သား မြေအောက်ရထားစီး၍ မျှော်လင့်ချက်မြို့သို့ ရောက်ရှိလာကြသည်။
လမ်းလျှောက်ချိန် နာရီဝက်ခန့် ထပ်ကြာပြီးနောက် အိမ်သို့ ရောက်ရှိခဲ့သည်။ အထက်လူကြီးများက ထိုအမျိုးသမီးနှစ်ဦး (ကျားဟွေနှင့် ကျိုးယလီ) ကို မည်သို့ စိတ်ဓာတ်ပြုပြင်ရေး လုပ်ထားသည်မသိ၊ ထင်ထားသည့်အတိုင်းပင် ကျားဟွေနှင့် ကျိုးယလီတို့သည် အသစ်ရောက်လာသော ဤလှပသည့် ဝန်ထမ်းမလေးအပေါ် အနည်းငယ်မျှ စိတ်ခုခြင်းမရှိဘဲ မျက်နှာထားမှာလည်း အတော်လေး ဖော်ရွေပျူငှာနေသည်။ ရင်ထဲတွင် မည်သို့တွေးနေသနည်း ဆိုသည်ကိုတော့ မသိနိုင်ပေ။
ဝမ်ရှီရှီကတော့ ဟန်ဆောင်နိုင်ခြင်း မရှိရှာပေ။ ဤအမျိုးသမီးအပေါ် သတိထားနေမှုကို မျက်နှာပေါ်တွင် ဖုံးကွယ်ထားခြင်းမရှိပေ။
"ကိုကြီးယွမ်... ဒီမိန်းမကြီးက ဘယ်လောက်ကြာကြာ နေမှာလဲဟင်" သူမသည် လော်ယွမ်ကို တိတ်တဆိတ် ဆွဲခေါ်သွားပြီး ခန္ဓာကိုယ်ကို လော်ယွမ်၏ လက်မောင်းတွင် ကပ်ချွဲကာ တိုးတိုးလေး မေးသည်။
"သိပ်မကြာပါဘူး... တစ်လ နှစ်လလောက်ပါပဲ" သူမ နှုတ်ခမ်းလေး ဆူပြီး မကျေနပ်ဖြစ်နေသည်ကို ကြည့်ရင်း လော်ယွမ် ရယ်ချင်သွားသည်။ "သဝန်တိုမနေနဲ့... ဒါက အလုပ်သဘောအရ လိုအပ်လို့ပါ"
လော်ယွမ်၏ မျက်နှာက ဟန်ဆောင်နေပုံ မရသည်ကို တွေ့ရသဖြင့် ဝမ်ရှီရှီ စိတ်သက်သာရာ ရသွားသော်လည်း ပါးစပ်ကတော့ အရှုံးမပေးပေ။ "သမီးက သဝန်တိုတာ မဟုတ်ပါဘူး... ဒီမိန်းမကြီးက သဘောရိုး မဟုတ်ဘူးလို့ ခံစားနေရလို့... ကိုကြီး အမြတ်ထုတ်ခံရမှာ စိုးလို့ပါ"
ဆက်ရန်...