အခန်း (၃၇၁+၃၇၂)
Vol. 19 Ch. 371+372
အပိုင်း (၃၇၁) မြေလှိုင်းရေပန်း
ညဘက်တွင် လော်ယွမ်သည် သူ့၏ အားအင်များကို အသုံးပြု၍ အမျိုးသမီးသုံးဦးလုံးအား နွမ်းနယ်သွားသည်အထိ စွမ်းဆောင်ပြခဲ့သည်။ ယင်းသည် လွန်ခဲ့သော တစ်လလုံးလုံး သူ့ခန္ဓာကိုယ်က သစ္စာရှိခဲ့ပြီး အခြားအလှတရားများ၏ မြှူဆွယ်မှုနောက် မပါသွားခဲ့ကြောင်း သက်သေပြလိုက်ခြင်းလည်း ဖြစ်သည်။
သူ၏ ခွန်အားကြီးမားသော ကိုယ်ခန္ဓာကြောင့် တစ်နေ့လျှင် လေးငါးကြိမ်ခန့် စွမ်းဆောင်လျှင်တောင် အားအင်အပြည့်နှင့် တက်ကြွလန်းဆန်းနေဆဲဖြစ်သည်။
...................................................................................................
နောက်တစ်နေ့ မိုးမလင်းမီတွင် လော်ယွမ် တိတ်တဆိတ် အိပ်ရာထ၊ အဝတ်အစားများ သပ်ရပ်စွာ ဝတ်ဆင်ကာ ဓားရှည်ကို ယူ၍ မြေအောက်မြို့တော်မှ ထွက်ခွာလာခဲ့သည်။
ကောင်းကင်မှာ လင်းလက်ခြင်းမရှိသေးဘဲ မှောင်မိုက်နေဆဲဖြစ်ကာ နေ့ညမပြတ် လည်ပတ်နေသော စက်ရုံများမှ ထွက်ပေါ်လာသော အလင်းရောင်မှိန်မှိန်လေးများသာ ရှိသည်။
ကမ္ဘာပျက်ကပ်ဘေးကာလ မြေပြင်မြို့ပြများတွင် လမ်းမီးတိုင်များ မရှိတော့ပေ။ အလင်းရောင်ကြောင့် အလင်းကြိုက်သော သန္ဓေပြောင်းသတ္တဝါများ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် တစ်ကြောင်း၊ ဖြုန်းတီးစရာ စွမ်းအင် အလုံအလောက် မရှိခြင်းကြောင့် တစ်ကြောင်း ဖြစ်သည်။
လော်ယွမ်သည် စက်ရုံအသီးသီးမှ ထွက်လာသော အခိုးအငွေ့များ ရောနှောနေသည့် အေးစက်သော လေကို ပြင်းပြင်းရှူရှိုက်လိုက်ရာ စူးရှသော အနံ့ကြောင့် နှာချေလိုက်ရသည်။ သူ စိတ်ကို တင်းလိုက်ပြီး ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာမှုကြောင့် ချိုင့်များ ပေါများနေသော လမ်းမအတိုင်း မြို့ပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။
သူ့အရှိန်မှာ အလင်းတန်းပမာ လျင်မြန်လှပြီး လမ်းတစ်လျှောက် လေပြင်းများ တိုက်ခတ်သွားစေသည်။
လေတိုးနှုန်းကို လျော့ချပေးနိုင်သော အားကစားဝတ်စုံ ပျက်စီးသွားပြီးနောက်ပိုင်း သူ ပြေးတိုင်း လေပြင်းများ ဖြစ်ပေါ်ကာ ကြမ်းတမ်းသော မြင်ကွင်းမျိုး ဖြစ်လာသည်။
သာမန်လူများအတွက် အတားအဆီးမရှိသော လေထုသည် အသံထက်မြန်လုနီးပါး အရှိန်ဖြင့် ပြေးနေသူအတွက် အရည်ကဲ့သို့ ပျစ်ချွဲနေသည်။ ရှေ့သို့ တစ်လှမ်းတိုးတိုင်း ကြီးမားသော အားအင်ကို သုံးစွဲနေရသည်။ သူ၏ အရှိန်သည် ကန့်သတ်ချက်သို့ ရောက်လုနီးပါးဖြစ်ပြီး တစ်မီတာ ပိုမြန်ရန်ပင် အလွန်ခက်ခဲနေပြီဖြစ်သည်။ လေထု၏ ခုခံမှုသည် ဆတိုးကိန်းဖြင့် တိုးပွားလာသည်။
အသံထက်မြန်သော အရှိန်ကို ကျော်ဖြတ်ရန်အတွက် သူ၏ ခွန်အားသည် ယခုထက် ၃၊ ၄ ဆ ပိုကြီးမားရမည်ဖြစ်ပြီး အမြန်နှုန် လည်း ထိုနည်းတူ လိုအပ်သည်။ လေထု၏ ပင့်တင်အားကို ထည့်သွင်းစဉ်းစားပါက ပြေးသောအခါ ကိုယ်ကို ပိုမိုနှိမ့်ချကာ မြေကြီးနှင့် ကပ်ထားရမည်။ လေ၏ ဖိအားကို အသုံးပြု၍ ပင့်တင်အားကို ချေဖျက်ရမည်။
သို့သော် ဤသည်မှာ စိတ်ကူးယဉ် အခြေအနေသာ ဖြစ်သည်။ လူသည် စက်မဟုတ်သဖြင့် ဖော်မြူလာဝမ်း ပြိုင်ကားများကဲ့သို့ လေခွင်းအားကို အပြည့်အဝ အသုံးမချနိုင်ပေ။ ခြေထောက်နှစ်ဖက်ဖြင့် ပြေးလွှားရပြီး မျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်ရှုကာ မြေပြင်အနေအထားကို သတိထားရသည်။ ကိုယ်ကို အလွန်နှိမ့်ချလိုက်ပါက ပြေးလွှားရာတွင် ကြီးမားသော အဟန့်အတား ဖြစ်စေနိုင်သည်။
လေထု၏ ခုခံမှုကို ချေဖျက်နိုင်သော ဝတ်စုံမျိုး သို့မဟုတ် စိတ်စွမ်းအား ၏ ကြီးမားသော တိုးတက်မှုမျိုး မရှိပါက သူ၏ အရှိန်ကန့်သတ်ချက်သည် အသံထက်မြန်သော အရှိန်အောက်တွင်သာ ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
သို့သော် ဤအသံထက်မမြန်နိုင်သည့် ကန့်သတ်ချက်က ခရီးဝေးပြေးခြင်းအတွက်သာ ဖြစ်ပြီး ခြေတစ်လှမ်းအတွင်း တိုတောင်းသော အကွာအဝေး ပေါက်ကွဲအားအတွက် မဟုတ်ပေ။
...........................................................................................................................
ဆယ်မိနစ်ကျော်အကြာတွင် လော်ယွမ်သည် သူ အကြိမ်ကြိမ် ရောက်ဖူးသော ကန္တာရနယ်မြေ သို့ ရောက်ရှိလာသည်။ ဤနေရာကို တွေ့ရှိပြီးနောက်ပိုင်း လူသူကင်းမဲ့သော ဤနေရာသည် သူ၏ ကိုယ်ပိုင် လေ့ကျင့်ရေးကွင်း ဖြစ်လာခဲ့သည်။
သို့သော် ယခုတစ်ကြိမ် လာရောက်ခြင်းသည် ပုံမှန် ဓားသိုင်းလေ့ကျင့်ရန် မဟုတ်ပေ။
မြို့သစ်မြို့ ပြန်လာပြီးကတည်းက သူ့စိတ်ထဲတွင် အတွေးတစ်ခု စွဲမြဲနေခဲ့သော်လည်း စမ်းသပ်ရန် အချိန်မရခဲ့ပေ။ ညဘက်တွင် စိတ်ကို ဖြေဖျောက်ပြီးနောက် ဦးနှောက်ကြည်လင်လာကာ မူလက ကြမ်းတမ်းသော အတွေးသည် တဖြည်းဖြည်း ပြည့်စုံလာသည်။ ထို့ကြောင့် မိုးမလင်းမီတွင်ပင် သူ့အတွေးကို စမ်းသပ်ရန် ဤနေရာသို့ အလောတကြီး ရောက်လာခြင်းဖြစ်သည်။
သူ ဆင့်ကဲပြောင်းလဲသူ ဖြစ်လာပြီးနောက်ပိုင်း "မြေလှိုင်း" အစွမ်းသည် အချိန်တစ်ခုအထိ သူ့၏ အစွမ်းထက်ဆုံး လက်နက်ဖြစ်ခဲ့ပြီး နောက်ဆုံးဝှက်ဖဲဟုပင် ဆိုနိုင်သည်။
သို့သော် သူ၏ စွမ်းရည် ပိုမိုမြင့်မားလာသည်နှင့်အမျှ "မြေလှိုင်း" သည် တဖြည်းဖြည်း အရေးမပါတော့ဘဲ ကြက်ရိုးကဲ့သို့ စွန့်ပစ်ရခက် စားရခက် ဖြစ်လာသည်။ အထူးသဖြင့် စိတ်စွမ်းအားကို အသုံးပြု၍ လျင်မြန်စွာ ကုသနိုင်ကြောင်း တွေ့ရှိပြီးနောက် ဒဏ်ရာကုသရန်အတွက်လည်း "မြေလှိုင်း" ကို သုံးစရာ မလိုတော့ပေ။
ဆင့်ကဲပြောင်းလဲသူ တစ်ယောက်အနေဖြင့် လော်ယွမ်သည် နာမည်နှင့် မလိုက်ဖက်တော့ပေ။ ယခုအခါ ၆ မှတ်အထိ ရှိနေပြီဖြစ်သော ထပ်ဆောင်း ခန္ဓာကိုယ်ကြံ့ခိုင်မှုသာလျှင် သူ၏ ဆင့်ကဲပြောင်းလဲသူ အမှတ်အသားကို ပြသနေသည်။
အရင်ကဆိုလျှင် သူ ဤလမ်းကြောင်း တွေးတောခဲ့ခြင်းမရှိသလို အယူအဆလည်း မရှိခဲ့ပေ။ ထို့အပြင် ပင်မအရေအသွေးများကလည်း အားကောင်းပြီးသားဖြစ်ပြီး ဤအစွမ်းကိုလည်းသိပ်သုံးလေ့မရှိသဖြင့် မိမိ၏ ဆင့်ကဲပြောင်းလဲမှု အစွမ်းကို ထပ်မံမြှင့်တင်ရန် စိတ်ကူးမရှိခဲ့ပေ။
မြို့သစ်မြို့ ခရီးစဉ်သည် လော်ယွမ်အတွက် အကျိုးကျေးဇူး များစွာ ရရှိခဲ့သည်။ ရရှိခဲ့သော ဗဟုသုတများသည် အပေါ်ယံသာ ဖြစ်သော်လည်း အတွင်းသဘောမှာမူ အမြင်ကျယ်လာခြင်းနှင့် တွေးခေါ်မှု ပြောင်းလဲလာခြင်းဖြစ်သည်။ ဉာဏ်ကောင်းသော အရိုင်းအစိုင်းသည် အရိုင်းအစိုင်းသာ ဖြစ်နေဆဲဖြစ်သည်။ အမြင်ကျဉ်းမြောင်းမှုနှင့် သမာရိုးကျတွေးခေါ်မှုများသည် အစွမ်းအစနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားသည်။ ရံဖန်ရံခါ စိတ်ကူးကောင်းများ ရရှိပြီး အတွေ့အကြုံအချို့ ရရှိနိုင်သော်လည်း မြင့်မားသော ရှုထောင့်မှ ကြည့်လျှင် မူလနယ်ပယ်တွင်သာ လှည့်လည်နေခြင်း ဖြစ်သည်။
......................................................................................................
ဗဟုသုတ၏ အသုံးဝင်မှုမှာ အနည်းဆုံးသော အင်အားဖြင့် ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။
စက်လှိုင်းများသည် တုန်ခါမှုမှတစ်ဆင့် ပျံ့နှံ့သည်။ "မြေလှိုင်းကြိန်နှုန်း" သည်လည်း စက်လှိုင်းတစ်မျိုးဖြစ်ပြီး မြေကြီးတုန်ခါမှုမှတစ်ဆင့် စွမ်းအင်ကို ပို့လွှတ်သည်။ ၎င်း၏ သဘောသဘာဝမှာ ကန်ရေပြင်သို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထခြင်းနှင့် တူညီသည်။
"မြေလှိုင်းကြိန်နှုန်း" ကို အသုံးပြုသောအခါ မြေကြီး၏ စွမ်းအားကို ရယူသဖြင့် စွမ်းအင်ကြီးမားပြီး အရှိန်အဝါ ပြင်းထန်သည်။ သို့သော် အကျယ်အဝန်း ကြီးမားသော ဧရိယာသို့ ပျံ့နှံ့သွားသဖြင့် စွမ်းအင်ပြန့်ကျဲသွားကာ တိုက်ခိုက်မှု ပြင်းအားမှာ လိုချင်သလောက် မရရှိပေ။
အဆင့်နိမ့် သန္ဓေပြောင်းသတ္တဝါများကို ရင်ဆိုင်ရာတွင် ထိရောက်မှုရှိသော်လည်း ယခုအခါ လော်ယွမ်ကို ခြိမ်းခြောက်နိုင်သော ရန်သူအများစုမှာ အဆင့် ၇ ရှိ သတ္တဝါများ ဖြစ်သည်။ ထိုကဲ့သို့သော သတ္တဝါကြီးများသည် ခန္ဓာကိုယ် ကြီးမားပြီး တန်ချိန်များစွာ လေးလံသည်။ ဥပမာ "ဝိညာဉ်စားသတ္တဝါ" ကဲ့သို့ ပေ၃၀၀ ရှည်လျားသော ခန္ဓာကိုယ်မျိုးကို "မြေလှိုင်းကြိန်နှုန်း" အသုံးပြု၍ တိုက်ခိုက်ခြင်းသည် သစ်ပင်ကြီးကို ပုရွက်ဆိတ်က လှုပ်ခါသကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ ထိခိုက်စေနိုင်မည် မဟုတ်ပေ။
အကယ်၍ လှိုင်းစွမ်းအင်များကို တစ်နေရာတည်းသို့ စုစည်းပြီး ပစ်လွှတ်နိုင်ပါက ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်မည်မှာ သေချာသည်။
ဤအချက်သည် အလွန်ခက်ခဲမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ကန်ရေပြင်သို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ ဂယက်ထခြင်းမဟုတ်ဘဲ အနီးအနားတွင် ရေပန်းတစ်ခု ဖြစ်ပေါ်လာစေခြင်းမျိုး ဖြစ်သည်။ ထိုရေပန်းသည်လည်း ကျပန်းဖြစ်ပေါ်ခြင်း မဟုတ်ဘဲ နေရာတိကျစွာ ထိန်းချုပ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက အသုံးဝင်မည် မဟုတ်ပေ။
သူ အပြင်မထွက်မီ အချိန်လေးမှာပင် ဦးနှောက်ထဲ၌ ပြီးပြည့်စုံသော အစီအစဉ်တစ်ခု ပေါ်ပေါက်လာပြီးဖြစ်သည်။
......................................................................................................
လော်ယွမ် နှလုံးခုန်နှုန်းကို ထိန်းချုပ်ပြီး ဖြည်းညှင်းစွာ လျှော့ချလိုက်သည်။ အသက်တစ်ရှူစာအတွင်း သူသည် "မြေလှိုင်းကြိန်နှုန်း" အခြေအနေသို့ ရောက်ရှိသွားသည်။ ဦးနှောက်ထဲမှ ရှုပ်ထွေးသော အတွေးများကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ မျက်နှာပေါ်မှ အမူအရာများ ပျောက်ကွယ်သွားပြီး မျက်လုံးများမှာ ခံစားချက်မပါဘဲ အေးစက်တည်ငြိမ်သွားသည်။
ရှေးကျသော အငွေ့အသက်များနှင့်အတူ ကမ္ဘာမြေကြီး၏ လည်ပတ်မှုကို သူ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့သော စွမ်းအားများ၊ ခမ်းနားကြီးကျယ်မှု၊ လေးလံတည်ငြိမ်မှုများ ပါဝင်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်သော မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။
သူ မျက်လုံးကို မှေးထားပြီး အနည်းငယ် အားယူလိုက်သည်။ ထို့နောက် အရှိန်အဝါကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ လေထုစီးဆင်းမှု ရပ်တန့်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ပျံ့နှံ့လာသည်။ မမြင်ရသော စွမ်းအားတစ်ခုက ဤနေရာကို လွှမ်းခြုံထားသကဲ့သို့ ကျောက်ခဲများနှင့် သဲမှုန်များ ပြင်းထန်စွာ တုန်ခါပြီး လေပေါ်သို့ မြောက်တက်လာသည်။
ထိုအထဲတွင် လျှပ်စစ်မီးပွားများနှင့် မီးတောက်များ အလိုအလျောက် ပေါ်ပေါက်လာသည်။ စိတ်စွမ်းအား လွှမ်းခြုံမှုအောက်တွင် ပေ ၃၀၀ ပတ်လည် ဧရိယာသည် သူ၏ နယ်မြေအဖြစ် ပြောင်းလဲသွားပြီး သူ၏ အတွေးနှင့်အညီ စွမ်းအင်အမျိုးမျိုး အချင်းချင်း ရိုက်ခတ်နေသည်။
ပြီးခဲ့သည့် အဆင့်တက်ချိန်က ကျွမ်းကျင်မှုအမှတ်များကို "ဓားသိုင်းပညာရှင်" သို့ ၇ မှတ်အထိ မြှင့်တင်ပြီးနောက် စနစ် မှ ပေးအပ်သော မှတ်ဉာဏ်များနှင့် နားလည်သဘောပေါက်မှုများ၊ လွန်ခဲ့သော လအနည်းငယ်အတွင်း အဆက်မပြတ် လေ့ကျင့်မှုများကြောင့် ယခုအခါ သူသည် ဤခံစားမှုကို တဖြည်းဖြည်း နားလည်လာပြီဖြစ်သည်။
မကြာမီ လော်ယွမ်၏ အတွေးများ ငြိမ်သက်သွားပြီး အရာအားလုံး ငြိမ်သက်သွားသည်။ ကျောက်ခဲများနှင့် သဲမှုန်များ ဖြည်းညှင်းစွာ ပြန်ကျလာသည်။ သို့သော် မမြင်ရသော နေရာတွင် ပိုမိုပြင်းထန်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်ရန် တာစူနေသည်။
သိပ်မကြာမီ လော်ယွမ် စတင်လှုပ်ရှားလိုက်သည်။ သူ ရုတ်တရက် ခြေထောက်ကို မလိုက်သည်။
၎င်းက လေးလံပြီး အလွန်နှေးကွေးသည်။
စိတ်အာရုံထဲတွင် မြေကြီးတစ်ခုလုံး လှုပ်ခါသွားပြီး မြေပြင်တစ်ခုလုံး မတက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
နောက်တစ်ခဏတွင် ခြေထောက်သည် မြေကြီးပေါ်သို့ ချက်ချင်း ကျသွားသည်။
ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး မြေကြီးသည် လှိုင်းထသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။ သဲနှင့် ရွှံ့များ၊ တုန်ခါမှုကြောင့် ကြေမွသွားသော မြက်ပင်များသည် ၁၈ပေ၊ ၁၉ပေ အမြင့်သို့ လွင့်စဉ်တက်သွားသည်။ ရှေ့မလှမ်းမကမ်းရှိ ပေ၃၀ ကျော် မြင့်သော ကျောက်တောင်ကုန်းတစ်ခုသည်လည်း ပြင်းထန်စွာ ထိခိုက်မှု ဖြစ်ပွားပြီး ရုတ်တရက် ပြိုကျကာ ကျောက်တုံးကြီးများ ပြန့်ကျဲသွားသည်။
လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး မလှုပ်မယှက် ရပ်နေကာ စိတ်ထဲတွင် စဉ်းစားနေသည်။
"ဒီစမ်းသပ်ချက်က မအောင်မြင်ဘူး... ဒါပေမဲ့ ကျရှုံးတယ်လို့လည်း ပြောလို့မရဘူး... ပြိုကျသွားတဲ့ တောင်ကုန်းကို ကြည့်ရင် ဒီတုန်ခါမှုကို ထိန်းချုပ်လို့ရတယ်ဆိုတာ ပြနေတယ်... ကံဆိုးတာက ဒီတစ်ခါ ထိန်းချုပ်မှု မပြည့်စုံပဲ စွမ်းအင် သုံးပုံနှစ်ပုံလောက် အလဟဿ ဖြစ်သွားတယ်"
"ဆက်ပြီး စမ်းသပ်ဖို့ လိုသေးတယ်"
ကျောက်တောကြီးကဲ့သို့သော ဤကျောက်စရစ်ကုန်းများသည် သဲကန္တာရထဲတွင် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့သော်လည်း လော်ယွမ်၏ အတွေးကြောင့် ကပ်ဘေးတစ်ခု ကြုံတွေ့နေရပြီဖြစ်သည်။ ကျောက်တောင်ကုန်းများသည် မကြာခဏ ပြိုကျပြီး ဖုန်မှုန့်များ ထွက်ပေါ်နေသည်။
"ဒီလောက်ကြီးမားတဲ့ စွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စိတ်စွမ်းအားက အရမ်းအားနည်းနေသေးတယ်... ဒါပေမဲ့ အပြည့်အဝ ထိန်းချုပ်ဖို့လည်း မလိုလောက်ပါဘူး... စိတ်စွမ်းအားကို စီးဆောလို သဘောထားပြီး တစ်ဖက်က နိမ့်ဆင်းသွားရင် တစ်ဖက်က မြင့်တက်လာအောင် လုပ်ရမယ်" မရေမတွက်နိုင်သော အချက်အလက်များ ဦးနှောက်ထဲတွင် ဖြတ်သန်းသွားပြီး စိတ်ထဲမှ တွေးလိုက်သည်။
"စိတ်စွမ်းအားရဲ့ အခန်းကဏ္ဍက စွမ်းအင်ထုတ်လွှတ်တဲ့ အချိန်ခဏလေးမှာပဲ ရှိတာ... သူကိုယ်တိုင်ရဲ့ ပြင်းအားက အရေးမကြီးဘူး... ဒီလိုဆိုရင် စိတ်စွမ်းအား သုံးစွဲမှုကို ထက်ဝက်ကျော် လျှော့ချနိုင်ပြီး စွမ်းအင် ယိုစိမ့်မှုကို ထိန်းချုပ်ဖို့ လည်း အားပိုကျန်လိမ့်မယ်" သူ စိတ်ထဲမှ တွေးရင်း အခြား ကျောက်တောင်ကုန်းတစ်ခုကို လှမ်းကြည့်လိုက်သည်။
သူ အကြိမ်ကြိမ် စမ်းသပ်ပြီး အကြိမ်ကြိမ် ပြုပြင်ပြောင်းလဲလိုက်ရာ စွမ်းအင် ယိုစိမ့်မှုသည် သိသာထင်ရှားစွာ လျော့နည်းသွားသည်။
နောက်ဆုံးတွင် သူ့နယ်မြေက လုံးဝ ပျောက်ကွယ်သွားပြီး စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းက ပိုမိုသိမ်မွေ့လာသည်။
နောက်ဆုံးတွင် သူသည် ပေ၁၈၀၊ ၁၉၀ အကွာရှိ ဤဧရိယာအတွင်း အမြင့်ဆုံးနှင့် အကြီးဆုံး ကျောက်တောင်ကုန်းကြီးကို မော့ကြည့်လိုက်သည်။ ဤကျောက်တောင်ကုန်းသည် အမြင့်ပေ ၁၉၀၊ အချင်း ပေ ၃၀၀ ခန့် ရှိပြီး အဝေးကကြည့်လျှင် တောင်ငယ်လေးတစ်လုံးကဲ့သို့ ကြီးမားလှသည်။
သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားသည်။ ပြီးနောက် ချက်ချင်း ခြေထောက်ကို မလိုက်ပြီး ပြန်ချလိုက်သည်။
"ဝုန်း" ကနဲ ကျယ်လောင်သော အသံနှင့်အတူ ဖုန်မှုန့်များသည် လှိုင်းဂယက်ကဲ့သို့ ချက်ချင်း ပျံ့နှံ့သွားသည်။ သို့သော် ဖုန်မှုန့်များမှလွဲ၍ ပတ်ဝန်းကျင်ရှိ မြေကြီးသည် မည်သို့မျှ တုန်ခါခြင်း မရှိပေ။ လော်ယွမ် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်မှုန့်များ ထွက်ပေါ်နေသော ကျောက်တောင်ကုန်းကြီးကို ကြည့်လိုက်သည်။
ဝမ်းနည်းစရာမှာ ဤကျောက်တောင်ကုန်းကြီးသည် အလွန်လေးလံလှသည်။ တန်ချိန် ၇ သိန်း၊ ၈ သိန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ စွမ်းအင်အားလုံးကို ဤကျောက်တောင်ကုန်းပေါ်သို့ ပုံချလိုက်သော်လည်း ဖုန်မှုန့်များနှင့် ကျောက်စရစ်အချို့ ပြုတ်ကျလာခြင်းမှလွဲ၍ မလှုပ်မယှက် တည်ရှိနေဆဲဖြစ်သည်။
သို့သော် သူက ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်သဖြင့် စိတ်ပျက်ခြင်း မရှိပေ။
ဤတောင်ငယ်လေးကို အနည်းငယ် လှုပ်ခါနိုင်ခြင်းကပင် သူ့အတွက် ကျေနပ်လောက်ပြီဖြစ်သည်။ ထို့အပြင် ဤ "မြေလှိုင်းရေပန်း" သည် ရိုက်ခတ်မှုအပြင် ကြောက်မက်ဖွယ်ကောင်းသော ကြိမ်နှုန်းမြင့် တုန်ခါမှုပါ ပါဝင်နေသည်။ အသွေးနှင့် အသားဖြင့် ဖွဲ့စည်းထားသော အဆင့် ၇ သန္ဓေပြောင်းသတ္တဝါများ ဤစွမ်းအင်ရိုက်ခတ်မှုကို ခံရပါက မည်သို့ဖြစ်သွားမည်ကို သူ ကောင်းစွာ တွေးဆနိုင်သည်။
................................................................................................
ယခုအခါ မိုးလင်းစပြုနေပြီဖြစ်သည်။ အချိန်မှာ မျက်စိတစ်မှိတ်အတွင်း တစ်နာရီခန့် ကုန်လွန်သွားခဲ့ချေပြီ။ အာရုံခံစားမှုနှင့် စိတ်စွမ်းအားများ ကုန်ခန်းလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရသဖြင့် လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး "မြေလှိုင်းကြိန်နှုန်း" အခြေအနေမှ ထွက်ခွာလိုက်ရသည်။
"မြေလှိုင်းရေပန်း" သည် သူ့အတွေးများထဲမှ တစ်ခုသာ ဖြစ်သည်။ လှိုင်းတုန်ခါမှု၏ အကျိုးသက်ရောက်မှုများ များစွာ ရှိသေးသည်။ ဥပမာ - ပဲ့တင်ထပ်ခြင်း၊ လှိုင်းထပ်ပေါင်းခြင်း စသည်တို့ဖြစ်သည်။ ဝမ်းနည်းစရာမှာ အချိန်တိုအတွင်း တစ်ခုချင်းစီ စမ်းသပ်ရန် မဖြစ်နိုင်ပေ။
ပထမတစ်ခုအတွက် ဤမြေကြီး၏ ကြိမ်နှုန်းကို နားလည်ရန် လိုအပ်သည်။ မြေကြီးကို တစ်ချက်နင်းလိုက်တိုင်း တုန်ခါမှုတစ်ခု ဖြစ်ပေါ်စေပြီး ပဲ့တင်ထပ်ခြင်းမှတစ်ဆင့် ငလျင်တစ်ခု ဖန်တီးရန် ဖြစ်သည်။ ဤကြိမ်နှုန်းသည် "မြေလှိုင်းကြိန်နှုန်း" မဟုတ်ပေ။ "မြေလှိုင်းကြိန်နှုန်း" သည် ကမ္ဘာ့မြေမျက်နှာပြင်၊ မြေလွှာနှင့် ဗဟိုချက်မ သုံးခုပေါင်းစပ်ထားသော ဂြိုဟ်တစ်ခုလုံး၏ ကြိမ်နှုန်းဖြစ်သည်။ ဧရိယာအသေးစားလေးတစ်ခုအတွက်မူ မြေသားဖွဲ့စည်းပုံ၊ သိပ်သည်းဆနှင့် မြေပြင်အနေအထား ကွဲပြားမှုကြောင့် မတူညီသော ကြိမ်နှုန်းများ ရှိကြသည်။
သူ ရူးသွပ်နေလျှင်တောင် "မြေလှိုင်းကြိန်နှုန်း" ကို အသုံးပြုပြီး ပဲ့တင်ထပ်စေကာ ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ခါရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မတူညီသော ကြိမ်နှုန်းရှိသည့် မြေလွှာများသည် ပဲ့တင်ထပ်ခြင်း မဖြစ်ပေါ်မီ စွမ်းအင်ကို အပြည့်အဝ စုပ်ယူလိုက်မည်ဖြစ်သောကြောင့် ဖြစ်သည်။
သူ လုပ်နိုင်သည်မှာ ဧရိယာအသေးစားလေးတစ်ခုကိုသာ လှုပ်ခါစေနိုင်သည်။ ပတ်ဝန်းကျင် မြေသားကွာခြားမှု အတိုင်းအတာပေါ် မူတည်၍ ကီလိုမီတာအနည်းငယ်မှ ကီလိုမီတာ ရာချီအထိ ဖြစ်နိုင်သည်။
သူ စမ်းသပ်ချင်သော်လည်း ဤဒေသ၏ မြေလွှာအချပ်များသည် အလွန်ပျက်စီးလွယ်ပြီး ယခုထက်ထိ ငလျင်ငယ်များ မကြာခဏ ဖြစ်ပွားနေသည်။ ပဲ့တင်ထပ်ခြင်း၏ အကျိုးဆက်ကို သူ မခန့်မှန်းနိုင်ပေ။ အကယ်၍ ယခင်ကကဲ့သို့ ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာပါက နောင်တရမဆုံး ဖြစ်သွားနိုင်သည်။
ဒုတိယတစ်ခုအတွက်မူ မြေကြီးနင်းသည့် ကြိမ်နှုန်းသည် မြင့်မားလွန်းသည်။ တစ်စက္ကန့်လျှင် အကြိမ် တစ်ထောင်ခန့် တုန်ခါနေသဖြင့် သူ၏ ၁၆ မှတ်ရှိ အမြန်နှုန်း ဖြင့်ပင် ရှင်းလင်းစွာ ခွဲခြားရန် မဖြစ်နိုင်ပေ။ ထို့အပြင် တုန်ခါမှု အမြင့်ဆုံးရောက်ရှိချိန်သည် ဝ.၁ စက္ကန့်ခန့်သာ ကြာမြင့်ပြီးနောက် စွမ်းအင် လျင်မြန်စွာ ကျဆင်းသွားသည်။ ပိုမိုကြီးမားသော စွမ်းအားကို ဖန်တီးရန်အတွက် သူသည် ထိုမျှတိုတောင်းသော အချိန်အတွင်း နှစ်ကြိမ်ဆက်တိုက် မြေကြီးကို နင်းရမည်ဖြစ်ပြီး တုန်ခါမှုလှိုင်းများသည် ထပ်တူကျရမည်။ လှိုင်းထိပ်နှင့် လှိုင်းထိပ်၊ လှိုင်းခွက်နှင့် လှိုင်းခွက် တည့်တည့်ကျရမည်။
၎င်း၏ အခက်အခဲကို ခန့်မှန်းကြည့်နိုင်သည်။
ဤသည်မှာ နှစ်ကြိမ်ဆက်တိုက် တုန်ခါမှုအတွက် စွမ်းအင်ထိန်းချုပ်မှု အခက်အခဲကို ထည့်မတွက်ထားသေးပေ။ အခက်အခဲက ဆတိုးကိန်းဖြင့် တိုးပွားလာမည်ဖြစ်သည်။
သူ၏ အမြန်နှုန်း ၁ မှတ်၊ ၂ မှတ် ထပ်မံတိုးလာမှသာ စမ်းသပ်ကြည့်နိုင်မည် ဖြစ်သည်။ သို့သော် လှိုင်းထပ်ပေါင်းခြင်း ၏ အားသာချက်မှာ အမြန်နှုန်းမီပြီး စွမ်းအင်ကို ထိန်းချုပ်နိုင်ပါက စွမ်းအားကို အကန့်အသတ်မရှိ မြှင့်တင်နိုင်ခြင်းဖြစ်သည်။ နှစ်ကြိမ်ထပ်ပေါင်း၍ စွမ်းအားမလုံလောက်ပါက သုံးကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်အထိ ထပ်ပေါင်းနိုင်သည်။
ဆက်ရန်...
အပိုင်း(၃၇၂) စိုက်ပျိုးရေးဇုန်
နောက်ရက်များတွင် လော်ယွမ်သည် နေ့စဉ် နံနက်အာရုံမတက်မီ ကန္တာရမြေသို့ သွားရောက်ကာ "မြေလှိုင်းရေပန်း" နည်းစနစ်ကို လေ့ကျင့်ပြီး မိုးလင်းသည်နှင့် အိမ်ပြန်ရောက်လေ့ရှိသည်။ မိုးရွာရွာ၊ လေတိုက်တိုက် တစ်ရက်မှ မပျက်ကွက်ခဲ့ပေ။
သူ၏အဆင့်ရှိသော တိုက်ပွဲမျိုးတွင် သာမန်လူများအနေဖြင့် မျက်စိဖြင့်ပင် လိုက်မကြည့်နိုင်တော့ပေ။ တိုက်ပွဲအချိန်ကို စက္ကန့်ဖြင့်သာ တွက်ချက်ရပြီး မကြာခဏဆိုသလို အသက်လုတိုက်ပွဲများသည် စက္ကန့်ပိုင်းအတွင်း ပြီးဆုံးသွားတတ်သည်။ တစ်ခါတစ်ရံ တစ်စက္ကန့်ပင် မကြာတတ်ပေ။
ရှင်ခြင်းနှင့် သေခြင်းသည် မျက်တောင်တစ်ခတ်အတွင်းသာ ရှိသည်။ အလွန်မြန်ဆန်သော တိုက်ပွဲများတွင် ပြင်းထန်သော တိုက်ကွက်ကြီးများကို အားယူပြင်ဆင်ရန် အချိန်ရမည် မဟုတ်ပေ။ "မြေလှိုင်းရေပန်း" နည်းစနစ်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော တိုက်ပွဲတွင် အသုံးဝင်စေရန်အတွက် စဉ်းစားနေစရာမလိုဘဲ အလိုအလျောက် ထွက်ပေါ်လာအောင်၊ ဓားဝှေ့ရမ်းသကဲ့သို့ ရိုးရှင်းသွားအောင် လေ့ကျင့်ထားရမည် ဖြစ်သည်။ ထိုသို့ဖြစ်လာစေရန် အကြိမ်ပေါင်း ထောင်ချီ၊ သောင်းချီ ထပ်ခါထပ်ခါ လေ့ကျင့်ရမည် ဖြစ်သည်။
ကျန်ရှိသော အချိန်များတွင် လော်ယွမ်သည် မိသားစုနှင့်အတူ နေထိုင်သည်။
ယခုတစ်ခေါက် ခရီးထွက်လျှင် မည်သည့်အချိန်မှ ပြန်ရောက်မည်မသိ။ ကံမကောင်းလျှင် နောက်တစ်ကြိမ် ပြန်တွေ့ရတော့မည် မဟုတ်ပေ။ သူသည် တောနက်ဒေသနှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်၍ အပြင်လောကတွင် မည်သို့ပြောင်းလဲသွားပြီကို မသိနိုင်တော့ပေ။
ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီးကတည်းက လော်ယွမ်သည် ဇုန်အနီးတဝိုက်ရှိ တောနက်ထဲသို့ အကြိမ်အနည်းငယ်သာ သွားရောက်ခဲ့ဖူးသည်။ အဝေးဆုံးသွားခဲ့ဖူးသည့် ခရီးမှာ မိုင် သုံးလေးရာ ခန့်သာ ရှိသည်။ တိတိကျကျ ပြောရလျှင် ဤအကွာအဝေးသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ အာဏာစက် သက်ရောက်မှုရှိသော နယ်မြေအတွင်းတွင်သာ ရှိနေသေးသည်။ ဤဧရိယာအတွင်းရှိ အန္တရာယ်များသော ''စူပါသက်ရှိ'' များအားလုံးကို မှတ်တမ်းတင်ထားပြီးဖြစ်ကာ ၎င်းတို့၏ လှုပ်ရှားမှုများကို အမြဲစောင့်ကြည့်နေသည်။
လွန်ခဲ့သော အကြိမ်က တွေ့ရှိခဲ့သည့် "နဂါး" သည်ပင်လျှင် မှတ်တမ်းထဲတွင် ပါဝင်ပြီးဖြစ်သည်။
ပြန်လည်တည်ဆောက်ရေးဇုန်တွင် အနုမြူလက်နက်များ အကန့်အသတ်ရှိသဖြင့် ကာကွယ်ရေးအတွက်သာ အသုံးပြုနိုင်ပြီး တိုက်စစ်ဆင်ရန် အင်အားမရှိပေ။ အမှန်တကယ်တွင် ပြန်လည်တည်ဆောက်ရေးဇုန်ကို ခြိမ်းခြောက်မှု မပြုလုပ်သရွေ့ ထိုသတ္တဝါများကို လွှတ်ထားလေ့ရှိသည်။ ထို ''စူပါသက်ရှိ'' များသည် သာမန်ထက်ထူးကဲသော အသိဉာဏ်ရှိကြသဖြင့် ကမ္ဘာပျက်မတတ် ပြင်းထန်သော အနုမြူလက်နက်၏ စွမ်းပကားကို မြင်တွေ့ပြီးသည့်နောက်တွင် ယေဘုယျအားဖြင့် စတင်ရန်စခြင်း မပြုလုပ်ကြပေ။
သို့သော် ယခုတာဝန်မှာ ခရီးလမ်း အလွန်ဝေးကွာပြီး ကမ္ဘာတစ်ဝက်ခန့်ကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ ကုန်းလမ်းခရီး တစ်ခုတည်းပင် မိုင် ၁၈၀၀ ခန့် ရှိပြီး ၎င်းမှာ မျဉ်းဖြောင့် အကွာအဝေးသာ ရှိသေးသည်။
ကမ္ဘာပျက်ပြီး မကြာမီအချိန်ကတည်းက ကျဆုံးသွားခဲ့သော ထိုတောရိုင်းမြေပြင်ဒေသများတွင် အန္တရာယ်မည်မျှ ကြုံတွေ့ရမည်ကို မည်သူမှ မသိနိုင်ပေ။ သာမန် အဆင့်(၇) နှင့် အဆင့်(၇) အောက် သန္ဓေပြောင်းသတ္တဝါများကို သူ မကြောက်သော်လည်း စိတ်ကူးမယဉ်နိုင်လောက်အောင် ထူးဆန်းသော သက်ရှိများနှင့် တွေ့ကြုံရမည်ကို အစိုးရိမ်ဆုံး ဖြစ်သည်။
ထို့ပြင် ပန်းတိုင်သို့ ရောက်ရှိသောအခါ အန္တရာယ်အရှိဆုံးဖြစ်သည့် ပြင်ပကမ္ဘာမှ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ဤရက်ပိုင်းအတွင်း မိသားစုရှေ့တွင် ဘာမှမဖြစ်သလို ရယ်မောပျော်ရွှင်နေသော်လည်း တကယ်တမ်းတွင် သူ၏စိတ်ဖိစီးမှုမှာ အလွန်ကြီးမားလှသည်။
……………………………………………………………………………………………………
အချိန်များ ကုန်ဆုံးသွားသည်မှာ (၁၅) ရက် ရှိသွားပြီဖြစ်သည်။ ထိုနေ့တွင် လော်ယွမ် ကန္တာရမြေမှ ပြန်ရောက်လာသောအခါ ပုံမှန်အားဖြင့် အိပ်ပျော်နေတတ်သော ရုံးဝန်ထမ်းမလေးသည် မျက်နှာသစ်ပြီး ဆိုဖာပေါ်တွင် အသင့်စောင့်နေသည်။
"ဗိုလ်ချုပ်ယွမ်... လေ့ကျင့်ရေးအစီအစဉ်အသစ် စလို့ရပြီလို့ အထက်ကအကြောင်းကြားခိုင်းလိုက်တယ်"
လော်ယွမ် ခေါင်းငြိမ့်ပြပြီး တည်ငြိမ်စွာ ပြောလိုက်သည် "လမ်းပြပေးပါ"
ဝမ်ကျင်းဟုခေါ်သော ဤရုံးဝန်ထမ်းမလေးသည် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်မှုကြောင့် ဤရက်ပိုင်းအတွင်း ဟွမ်ကျားဟွေ၊ ကျိုးယလီတို့နှင့် အလွန်ရင်းနှီးနေပြီဖြစ်သည်။ ဝမ်ရှီရှီသည်လည်း သူမ၏ ညှို့ယူမှုကို ခံလိုက်ရပြီး နေ့တိုင်း အတူတူ ဈေးဝယ်ထွက်၊ အတူတူ လျှောက်လည်ကြကာ ညီအစ်မအရင်းများကဲ့သို့ ဖြစ်နေသည်။
သို့သော် လော်ယွမ်၏ တမင်သက်သက် ခပ်တန်းတန်းနေမှုကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ လုံးဝ တိုးတက်လာခြင်းမရှိဘဲ သူစိမ်းများကဲ့သို့သာ ဖြစ်နေသည်။
………………………………………………………………………………………………………………
နှစ်ယောက်သား မြေအောက်လမ်းမကြီးပေါ်တွင် လျှောက်သွားနေကြသည်။ ဝမ်ကျင်းသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်တောက်ပသော လော်ယွမ့်မျက်နှာကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ကာ တိုးတိုးလေး မေးလိုက်သည် "ရှင် ကျွန်မကို အရမ်းမုန်းနေတာလားဟင်"
"မုန်းတယ်လို့ မဟုတ်ပါဘူး" လော်ယွမ် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူ၏ ခြေလှမ်းများသည် နှေးလွန်းခြင်း မြန်လွန်းခြင်းမရှိဘဲ ပေတံနှင့်တိုင်းထားသကဲ့သို့ တိကျနေသည်။
"ဒါဆို ကျွန်မ တစ်ခုခု မှားလုပ်မိလို့လား" ဝမ်ကျင်း ထပ်မေးလိုက်သည်။
"မင်းအတွက် ဒါက အလုပ်သဘောပဲလေ... မှားတယ် မှန်တယ် ဆိုတာ မရှိပါဘူး" လော်ယွမ်က ဆိုလိုရင်းတစ်ခု ပါဝင်သော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။
ဝမ်ကျင်း မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ ဖိုင်တွဲထဲမှ အချက်အလက်များအရ ဤလူသည် မိန်းမအလွန်ကြိုက်သူဟု ဖော်ပြထားသည်။ အမှန်တကယ်လည်း သူ၏အိမ်မှ အမျိုးသမီးသုံးဦးကို ကြည့်ခြင်းအားဖြင့် မှန်ကန်ကြောင်း သိနိုင်သည်။ သို့သော် ကိုယ်တိုင်ရင်ဆိုင်ရသောအခါ ဤလူသည် ကျောက်တုံးကဲ့သို့ မာကျောနေသည်။
သူက မိမိလိုပုံစံမျိုးကို မကြိုက်တော့တာများလား။ ဝမ်ကျင်း စိတ်ထဲတွင် တွေးတောနေသည်။
ဒါပေမဲ့ ဤအချက်အလက်ကို အထက်ကို တင်ပြရမလား။
နှစ်ယောက်သား တိတ်ဆိတ်သွားကြပြီး ဝမ်ကျင်းလည်း စကားထပ်မပြောတော့သဖြင့် လော်ယွမ် စိတ်အေးချမ်းသွားသည်။
မကြာမီ သူတို့သည် မြေအောက် (၁၁) ထပ်သို့ ရောက်ရှိသွားသည်။ အဝင်ဝမှ စစ်သားများက စစ်ဆေးပြီးနောက် ချက်ချင်း ဝင်ခွင့်ပြုလိုက်သည်။
ဤအလွှာသည် စိုက်ပျိုးရေးဇုန်ဖြစ်ပြီး မျှော်လင့်ချက်မြို့ ၏ အဓိက စားနပ်ရိက္ခာ အရင်းအမြစ်ဖြစ်သည်။ အလွန်အရေးကြီးသော နေရာဖြစ်သဖြင့် ဖျက်ဆီးမခံရအောင် တပ်ဖွဲ့တစ်ခု အမြဲတမ်း စောင့်ကြပ်နေသည်။
စိုက်ပျိုးရေးဇုန်သည် မီးရောင်များဖြင့် လင်းထိန်နေသည်။ အဆုံးမရှိသော မီးချောင်းများအောက်တွင် အရောင်စုံ အပင်များ စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေသည်။ ဤနေရာတွင် မြေဆီလွှာမဲ့စိုက်ပျိုးရေးစနစ်ကို အသုံးပြုထားသဖြင့် သန့်ရှင်းပြီး အထွက်နှုန်းကောင်းမွန်သည့်အပြင် မြေကြီးထဲတွင် ပေါက်ဖွားလာနိုင်သည့် သန္ဓေပြောင်းသတ္တဝါများ၏ အန္တရာယ်ကိုလည်း ရှောင်ရှားနိုင်သည်။
ကမ္ဘာပျက်ခေတ် ပတ်ဝန်းကျင်အခြေအနေကြောင့် အပင်များသည် အလွန်လျင်မြန်စွာ ကြီးထွားကြသည်။ အထူးတလည် ဂရုစိုက်စရာမလိုဘဲ ပျိုးပင်တစ်ပင်သည် (၁၀) ရက်ကျော်အတွင်း ရိတ်သိမ်းပြီး ဈေးကွက်သို့ တင်ပို့နိုင်သည်။
ယခု လော်ယွမ့်ရှေ့တွင် မြင်နေရသည်မှာ ဟင်းသီးဟင်းရွက်မျိုးစုံ ဖြစ်သည်။
ဤဟင်းသီးဟင်းရွက်များသည် ကမ္ဘာမပျက်မီက ဟင်းသီးဟင်းရွက်များနှင့် လုံးဝကွာခြားနေသည်။ အချို့မှာ သန္ဓေပြောင်းလဲသွားကြပြီး အချို့မှာ မျိုးစိတ်သစ်များ ဖြစ်ကြသည်။ အပင်တိုင်းသည် ဧရာမဟင်းသီးဟင်းရွက်ကြီးများသဖွယ် ကြီးထွားနေကြသည်။
မီတာရာပေါင်းများစွာ လျှောက်လာပြီးနောက် စိုက်ပျိုးထားသော အပင်များသည် ဥစားပင်တစ်မျိုး ဖြစ်လာသည်။
ဤအပင်၏ အရွက်များမှာ မြက်ပင်ငယ်များကဲ့သို့ သေးငယ်သော်လည်း ဥများမှာ လိမ္မော်သီးအရွယ်ခန့်ရှိသည်။ ကစီဓာတ် ကြွယ်ဝပြီး "ကောက်ညှင်းကန်စွန်းဥ" ဟု ခေါ်ကာ လော်ယွမ် မကြာခဏ စားဖူးသည်။ အသားမှာ နူးညံ့ပြီး စေးကပ်သည်။ ပေါက်စီလုပ်စားသည်ဖြစ်စေ၊ မုန့်လုပ်စားသည်ဖြစ်စေ မွှေးကြိုင်သော ရနံ့ရှိသည်။ သို့သော် ဈေးနှုန်းမှာ အလွန်ကြီးမြင့်သည်။ "အထူးတပ်ဖွဲ့" ၏ ခံစားခွင့်ထဲတွင် ဤကစီဓာတ် ပါဝင်သည်။
ဆက်လျှောက်သွားသောအခါ ရှားစောင်းပင်တောကြီးတစ်ခုကို တွေ့ရသည်။ ကြီးမားသော ကိုယ်ထည်သည် ၃၅ပေခန့်မြင့်သော ကျောက်နံရံကို ထိလုနီးပါး ဖြစ်နေသည်။ အမှန်တကယ်တွင် ဤအရွယ်အစားရှိသော ရှားစောင်းပင်များသည် ငယ်ရွယ်သော အပင်အဆင့်သာ ရှိသေးသည်။ တောရိုင်းမြေပြင်တွင်ရှိသော ပေသုံးလေးရာကျော်ပြီး တောင်ငယ်လေးများကဲ့သို့ ကြီးမားသော ရှားစောင်းပင်များနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
၎င်းကို ကြိတ်ထားသော အမျှင်ဓာတ်ပါသည့် အမှုန့်သည် ပြန်လည်တည်ဆောက်ရေးဇုန်ရှိ လူအများစု၏ အဓိက အစားအစာဖြစ်သည်။ ဤအလွှာတစ်ခုလုံး၏ ထက်ဝက်ကျော်သည် ဤသန္ဓေပြောင်းအပင်ကို စိုက်ပျိုးထားခြင်း ဖြစ်သည်။
လမ်းတစ်ဝက်အရောက်တွင် ဗိုလ်မှူးအဆင့် စစ်ယူနီဖောင်းဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ခဲသေတ္တာတစ်လုံးကို ကိုင်ဆောင်ပြီး လာကြိုသည်။
နှစ်ယောက်သား ဖုန်းများနှင့် အခြားအီလက်ထရွန်နစ် ပစ္စည်းများကို ပေးအပ်လိုက်ပြီး ခဲသေတ္တာထဲသို့ ထည့်လိုက်သည်။ ထိုစစ်သားက စက်ဖြင့် တစ်ကြိမ် ထပ်မံစစ်ဆေးပြီးနောက် အလေးပြုကာ ပြောလိုက်သည် "ဗိုလ်ချုပ်ယွမ်... ဒီဘက်ကို ကြွပါ"
လော်ယွမ် ခေါင်းငြိမ့်ပြပြီး ထိုစစ်သားနောက်သို့ လိုက်ပါသွားသည်။ ကွေ့ပတ်ပြီး မီတာရာချီ လျှောက်သွားပြီးနောက် ရှေ့တွင် ကြီးမားသော စစ်ဘက်ဆိုင်ရာ တဲကြီးတစ်ခုကို တွေ့လိုက်ရသည်။
"ဗိုလ်ချုပ်ယွမ်... ဝင်ပါခင်ဗျာ" စစ်သားက တဲပေါက်ဝတွင် ရပ်ရင်း ပြောလိုက်သည်။
လော်ယွမ် တစ်ချက်ဝေ့ကြည့်လိုက်ရာ လုံခြုံရေး အလွန်တင်းကျပ်ကြောင်း တွေ့ရသည်။ တဲအနီးတဝိုက်တွင် စစ်သားတစ်စု ကင်းစောင့်နေသည်။ သူ အကြည့်ပြန်လွှဲလိုက်ပြီး ဘာမှထွေထွေထူးထူး မစဉ်းစားတော့ပေ။ ယခုတာဝန်သည် အလွန်အရေးကြီးပြီး လျှို့ဝှက်ချက် ထိန်းသိမ်းရန် လိုအပ်သဖြင့် ဤအစီအမံများမှာ မရှိမဖြစ် လိုအပ်သည်။
ထို့အပြင် (၂) စက္ကန့်စာ ကြိုတင်သိမြင်နိုင်စွမ်းရှိသော လော်ယွမ်သည် မည်သည့်လုပ်ကြံမှုမျိုးကိုမျှ ကြောက်ရွံ့ခြင်း မရှိပေ။
လော်ယွမ်နှင့် ဝမ်ကျင်းတို့သည် ရှေ့ဆင့်နောက်ဆင့် တဲထဲသို့ ဝင်သွားကြသည်။ တဲအလယ်တွင် တောင်တန်းပုံစံငယ်တစ်ခုကို တွေ့လိုက်ရသည်။ ပုံစံငယ်တစ်ခုလုံးသည် အရှည် ၆၅ပေ၊ အနံ ပေ၆၀ ခန့် ရှိသည်။ အလယ်ဗဟိုတွင် ပြင်ပကမ္ဘာမှ ယဉ်ကျေးမှုအဖွဲ့အစည်း၏ အဆောက်အအုံပုံစံငယ် ရှိနေသည်။
စစ်သားအများအပြား ဝိုင်းရံထားပြီး ပြင်းထန်စွာ ဆွေးနွေးငြင်းခုံနေကြသည်။
ဤပုံစံငယ်သည် ဂြိုဟ်တုဓာတ်ပုံများကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်ပုံရသည်။ မြင်ကွင်းကိုကွယ်နေသော သစ်ပင်များကို ဖယ်ရှားထားပြီး မူလ မြေမျက်နှာသွင်ပြင် အနေအထားကို ဖော်ပြထားသည်။
"ဗိုလ်ချုပ်ယွမ် ရောက်လာပြီပဲ... ခင်ဗျားကို စောင့်နေတာ... ကျွန်တော်က စစ်ဦးစီးဌာန ပြင်ပတိုက်ပွဲဆိုင်ရာ ထောက်လှမ်းရေးဗျူရို၊ အမှတ် (၁၂၅) ထောက်လှမ်းရေးဗျူရိုက စစ်ဆင်ရေးမှူး ယွီကျန်းပါ... အသေးစိတ်ကို ကျွန်တော် ရှင်းပြပေးပါမယ်"
အမှတ် (၁၂၅) ထောက်လှမ်းရေးဗျူရို...
လော်ယွမ်၏ တွေးခေါ်မှု မြန်ဆန်ပြီး မှတ်ဉာဏ်ကောင်းမွန်သဖြင့် ချက်ချင်း သဘောပေါက်သွားသည်။ (၁၂၅) ဆိုသည်မှာ မနှစ်က ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အနုမြူစွမ်းအင်ပေါင်းစပ်စက် ပေါက်ကွဲမှုကို ရည်ညွှန်းခြင်း ဖြစ်သည်။ လော်ယွမ် သတိပြန်ဝင်လာပြီး ပြောလိုက်သည် "ဒါဆို ဒုက္ခပေးရတော့မယ်"
ဆက်ရန်...