← Chapters

အခန်း (၃၇၃+၃၇၄)

Vol. 19 Ch. 373+374

အခန်း (၃၇၃+၃၇၄)

Vol. 19 Ch. 373+374

အပိုင်း (၃၇၃) ခရီးထွက်ခွာခြင်း

အချိန်ရက်စွဲများ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ ခရီးထွက်ခွာရမည့်ရက် နီးကပ်လာလေ လေ့ကျင့်မှုများက ပိုမိုစိတ်လာလေ ဖြစ်သည်။ အသေးစိတ်အချက်အလက် တစ်ခုလေးကိုမျှ လွတ်ကျန်မခံဘဲ ပြင်ဆင်နေကြပုံကို ကြည့်ခြင်းအားဖြင့် ဤတာဝန်သည် လော်ယွမ်အတွက်သာမက ပြန်လည်တည်ဆောက်ရေးဇုန် အတွက်ပါ ကြီးမားသော ဖိအားဖြစ်စေကြောင်း သိသာထင်ရှားလှသည်။

သို့သော် မည်သို့ပင် စိုးရိမ်ပူပန်နေကြပါစေ အချိန်ကမူ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ခရီးမထွက်ခွာမီ သုံးရက်အလိုတွင် လူအနည်းငယ်သာ ပါဝင်သော်လည်း အဆင့်အတန်း အလွန်မြင့်မားသော ရာထူးတိုးမြှင့်ခြင်း အခမ်းအနားတစ်ခုကို မြို့သစ်မြို့၌ လျှို့ဝှက်ကျင်းပခဲ့သည်။ အဆင့်မြင့်ကော်မတီမှ အဓိကခေါင်းဆောင်များ အစုံအလင် တက်ရောက်ခဲ့ကြပြီး ကိုယ်တိုင်ကိုယ်ကျ ရာထူးပေးအပ်ခဲ့ကြသည်။ လော်ယွမ်အား ထိုအခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူး ပေးအပ်ခဲ့ပြီး ဓားတရားအဖွဲ့၏ ဒုခေါင်းဆောင် ရာထူးမှ ဖယ်ရှားကာ ဓားတရားဌာန၏ ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။

ဒုဝန်ကြီး ရာထူးသည် ဓားတရားဌာနရှိ အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများ ရောက်ရှိနိုင်သည့် အမြင့်ဆုံး ရာထူးဖြစ်ပြီး အရင်က နာမည်သာကြားဖူးပြီး လူမမြင်ဖူးသော ဒုဝန်ကြီးနှင့် တန်းတူဖြစ်သွားကာ ပြန်လည်တည်ဆောက်ရေးဇုန်၏ အရေးပါသော ခေါင်းဆောင်တစ်ဦးဟုပင် ခေါ်ဆိုနိုင်ပြီဖြစ်သည်။

သို့သော် တကယ်တမ်း ရာထူးတာဝန် ထမ်းဆောင်ရမည်မှာ သူပြန်လာနိုင်သည့် အချိန်မှသာ ဖြစ်ပေလိမ့်မည်။

အစည်းအဝေးပြီးဆုံးပြီးနောက် ဝန်ထမ်းတစ်ဦးက လော်ယွမ်ကို မြေအောက်ဂိုဒေါင်သို့ လိုက်လံပြသသည်။ ဂိုဒေါင်ထဲမဝင်မီ နှစ်ဦးသား ဓာတ်ရောင်ခြည်ကာကွယ်ရေးဝတ်စုံများကို ဝတ်ဆင်လိုက်ကြသည်။

ဤဂိုဒေါင်သည် အလွန်သေးငယ်ပြီး ကုန်ပစ္စည်းတင်စင် ၁၂ ခုသာ ရှိသည်။ သို့သော် စင်တိုင်းတွင် ပြန်လည်တည်ဆောက်ရေးဇုန်မှ နှစ်များစွာကြာ စုဆောင်းထားသော ရှားပါးပစ္စည်းများနှင့် အားသွန်ခွန်စိုက် ဖန်တီးထားသော လက်နက်မျိုးစုံကို တင်ထားသည်။

ပြင်းထန်သော စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသည့် အဆင့်မြင့် ပစ္စည်းများကို ဖန်အုပ်ဆောင်းများဖြင့် ဖုံးအုပ်ထားသည်။ ထိုဖန်များသည် ခဲဓာတ်ပါဝင်မှုမြင့်မားသော ဖန်များဖြစ်ပြီး ဓာတ်ရောင်ခြည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ကာကွယ်ပေးထားနိုင်သည်။

လော်ယွမ်သည် လျှောက်ကြည့်ရင်း တိတ်တဆိတ် အကဲခတ်ကြည့်ရာ စင်ပေါ်ရှိ ပစ္စည်းအားလုံးသည် အဆင့် ၆ အောက် မရှိကြောင်း၊ အများစုမှာ အဆင့် ၇ ဖြစ်ပြီး အချို့မှာ အဆင့် ၈ ပင် ရှိကြောင်း တွေ့ရသည်။ အားလုံးကို လက်နက်အဖြစ် ဖန်တီးထားပြီး ဖြစ်သည်။

အရင်က ဓားတရားဌာန၏ ဝက်ဘ်ဆိုက်တွင် တွေ့ခဲ့ရဖူးပြီး အနည်းဆုံး ငွေကြေးအမှတ် သောင်းချီတန်ကြေးရှိသည့် အဆင့် ၈ လက်နက်များကို ယခုအခါ လော်ယွမ် လိုချင်သမျှ လက်ဆောင်အဖြစ် ပေးအပ်မည်ဖြစ်သည်။ သူသာ လိုချင်လျှင် ဤဂိုဒေါင်တစ်ခုလုံးကို သယ်သွားလျှင်ပင် မည်သူမျှ စောဒကတက်မည် မဟုတ်ပေ။

ဗြောင်ကျကျ ပြောရလျှင် ယခုအချိန်၌ လော်ယွမ်နှင့် ပြန်လည်တည်ဆောက်ရေးဇုန်၏ အခြေအနေသည် သမိုင်းထဲက လုပ်ကြံသူ ကျင်းခူနှင့် ယန်ပြည်နယ်မင်းသားတန် တို့လိုပင် ဖြစ်သည်။ သေရေးရှင်ရေး ဖိအားအောက်တွင် ဂုဏ်ပြုမှုဖြစ်စေ၊ အကျိုးစီးပွားဖြစ်စေ ပေးနိုင်သမျှ အရာအားလုံးကို နှမြောတွန့်တိုခြင်းမရှိဘဲ ပေးအပ်မည်သာ ဖြစ်သည်။

"ဖန်အုပ်ဆောင်းတွေ အကုန်ဖွင့်လိုက်" လော်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ယွမ်" ဝန်ထမ်းဖြစ်သူက ရိုသေလေးစားစွာ ပြောဆိုပြီးနောက် ခလုတ်များကို လျင်မြန်စွာ နှိပ်၍ နောက်ဆုတ်သွားသည်။ ဖန်အုပ်ဆောင်းများ ပွင့်သွားသည်နှင့်တပြိုင်နက် မရေမတွက်နိုင်သော စွမ်းအင်လှိုင်းများသည် ဂိုဒေါင်တစ်ခုလုံး ပြည့်နှက်သွားပြီး လေထုသည် ငါးကြေးခွံများကဲ့သို့ လှိုင်းထကာ တုန်ခါသွားသည်။

လော်ယွမ် တစ်ခုချင်းစီကို အကဲခတ်ကြည့်လိုက်သည်။ ဦးနှောက်ထဲသို့ ဝင်ရောက်လာသော သတင်းအချက်အလက်များကြောင့် သူ့မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သူသည် မင်ရည်ကဲ့သို့ နက်မှောင်နေသော ဓားရှည်တစ်ချောင်းကို ဂရုတစိုက် ကောက်ကိုင်လိုက်သည်။ ဓားရိုးနှင့် ဓားသွားသည် တစ်သားတည်းဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် အလင်းရောင်များ ပြေးလွှားနေသည်။ ထို့နောက် သူသည် လေထဲသို့ ဓားကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်သည်။

"သွားကြစို့" လော်ယွမ်သည် ထိုအနက်ရောင်ဓားကို ကိုင်လျက် တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

သူ့အသံတွင် ငြင်းဆန်၍မရနိုင်သော အရှိန်အဝါများ ပါဝင်နေသဖြင့် ဝန်ထမ်းမှာ မသိစိတ်မှ ချက်ချင်း လိုက်ပါသွားမိပြီး ဖန်အုပ်ဆောင်းများကို ပြန်ပိတ်ရန်ပင် မေ့လျော့သွားသည်။ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းခန့် လှမ်းပြီးချိန်တွင် နောက်မှ စင်များ ပြိုကျသံကို ကြားလိုက်ရသည်။ သူ သံသယဖြင့် လှည့်ကြည့်လိုက်ရာ စင် ၃၊ ၄ ခုခန့်သည် နှစ်ပိုင်းပြတ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျနေပြီး ဖြတ်ပိုင်းရာများသည် မှန်ကဲ့သို့ ချောမွတ်နေသည်ကို တွေ့လိုက်ရသည်။

သူသည် လော်ယွမ်လက်ထဲမှ အနက်ရောင်ဓားကို ခိုးကြည့်လိုက်မိပြီး တစ်ကိုယ်လုံး တုန်တက်သွားလေသည်။

.......................................................................................

ခရီးမထွက်ခွာမီ နောက်ဆုံးရက်၊ ညစာစားချိန်သည် ပုံမှန်ထက် နာရီဝက်ခန့် နောက်ကျနေသည်။

ထမင်းဝိုင်း၏ လေထုသည် တိတ်ဆိတ်နေပြီး ပန်းကန်နှင့် တူ ထိခတ်သံမှလွဲ၍ မည်သူမျှ စကားမပြောကြပေ။

လော်ယွမ် နောက်ဆုံးတစ်လုပ် စားပြီးနောက် တူကိုချကာ သက်ပြင်းချရင်း ပြောလိုက်သည်။ "အခုလောက်ဆို နင်တို့လည်း သိပြီးလောက်ပြီ... ဒီတစ်ခေါက် တာဝန်အရ လွှဲပြောင်းခံရတာဆိုတော့ ပြန်လာဖို့ လနဲ့ချီ ကြာရင် ကြာလိမ့်မယ်... နင်တို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ... ဖြေရှင်းလို့မရတဲ့ ပြဿနာတစ်ခုခု ကြုံလာရင် မြို့သစ်မြို့ ဓားတရားဌာနက ဖန်းဖေ့ပင် ဒါမှမဟုတ် ချန်ရှင်းကျယ်ကို သွားရှာပြီး အကူအညီတောင်းလို့ရတယ်... အထူးသဖြင့် ရှီရှီပဲ... နင် စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့"

ဝမ်ရှီရှီက နှုတ်ခမ်းဆူကာ မကျေမနပ်ဖြင့် ပြောသည်။ "ကိုကြီးယွမ်... သမီး ဘယ်တုန်းက စိတ်လိုက်မာန်ပါ လုပ်လို့လဲ"

လော်ယွမ် သူမကို စိုက်ကြည့်လိုက်ပြီး ''စွန်းယုံတကို နင်သတ်လိုက်တာ ငါမသိဘူး မထင်နဲ့'' ဟု စိတ်ထဲက တွေးလိုက်သည်။

"ဘာမှမပူနဲ့... ရှင်ရဲ့ မိသားစုကို ကျွန်မ သေချာ စောင့်ရှောက်ပါ့မယ်" ဝမ်ကျင်းက အလျင်အမြန် ကတိပေးလိုက်သည်။

ဝမ်ကျင်းသည် အဆင့်မြင့်ကော်မတီကို ကိုယ်စားပြုသူဖြစ်သဖြင့် သူမ ဂရုစိုက်ပေးမည်ဆိုပါက စိတ်ချရပြီဖြစ်သည်။ လော်ယွမ် သူမကို ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆိုရင်တော့ အကောင်းဆုံးပဲ"

သူမအပေါ် အမြဲတမ်း အေးစက်စက် နေတတ်သော လော်ယွမ်က ရုတ်တရက် ခေါင်းညိတ် အသိအမှတ်ပြုလိုက်သဖြင့် ဝမ်ကျင်းမှာ အံ့အားသင့် ဝမ်းသာသွားပြီး ရင်ခုန်သွားရသည်။

ဟွမ်ကျားဟွေလည်း ခံတွင်းပျက်နေသည်။ လော်ယွမ်က သေတမ်းစာ မှာနေသလို တစ်ခုပြီးတစ်ခု မှာကြားနေသည်ကို မြင်ရသောအခါ စိတ်ပူပန်မှုနှင့် မခွဲခွာလိုစိတ်များ ရောထွေးလာပြီး "ချန်ရှင်းကျယ်" ဆိုသော မိန်းမနာမည်ကိုပင် သံသယဝင်ဖို့ မေ့လျော့ကာ အလျင်အမြန် မေးလိုက်သည်။ "ကျွန်မတို့ ရှင်နဲ့ တကယ် လိုက်လို့ မရဘူးလား"

"အဲဒီနေရာက သတ္တုတွင်းဧရိယာဆိုတော့ အရမ်းအန္တရာယ်များတယ်... နင်တို့လိုက်လာရင် ငါ စိတ်ချရမှာ မဟုတ်ဘူး" ဒါက အထက်လူကြီးများနှင့် ညှိနှိုင်းပြီး ပြောဆိုသော လိမ်ညာမှုဖြစ်သည်။ တစ်ချက်က လျှို့ဝှက်ချက် ထိန်းသိမ်းရန်၊ နှစ်ချက်က မိသားစု စိတ်မပူစေရန် ဖြစ်သည်။ သတ္တုတွင်းဧရိယာက အန္တရာယ်ကင်းသည်ဟု မဆိုနိုင်သော်လည်း ကမ္ဘာတစ်ဝက်ကျော်ဖြတ်ပြီး တောင်တရုတ်ပင်လယ်အထိသွားကာ ကမ္ဘာပြင်ပ ယဉ်ကျေးမှုအဖွဲ့အစည်းများကို ထောက်လှမ်းရမည့် အလုပ်နှင့်ယှဉ်လျှင်တော့ စိတ်ချရမည့်နေရာ ဖြစ်သည်။

"ပြီးတော့ အဲ့ကိုရောက်ရင် ငါက နေ့တိုင်း သတ္တုတွင်းကို လှည့်ပတ်စစ်ဆေးနေရမှာဆိုတော့ နင်တို့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး... ဒီမှာပဲ စိတ်အေးလက်အေး နေခဲ့တာက ပိုကောင်းတယ်... ကံကောင်းရင် အန္တရာယ်အဆင့် လျော့သွားတာနဲ့ တစ်လ၊ နှစ်လအတွင်း ပြန်လာရနိုင်တယ်"

"ဒါဆို ရှင် ဂရုစိုက်နော်... ရှင် နေ့တိုင်း အနည်းဆုံး ဖုန်းတခါတော့ ခေါ်ရမယ်" ကျိုးယလီက ပြောသည်။ သူမက စိတ်ခံစားလွယ်သူဖြစ်၍ မျက်လုံးများ နီရဲနေပြီဖြစ်သည်။

လော်ယွမ်က ဝမ်ကျင်းကို မျက်ရိပ်ပြလိုက်သည်။ ဝမ်ကျင်းက ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ဖြည်းညင်းစွာ ဝင်ပြောလိုက်သည်။ "အဲဒီနေရာက သံလိုက်သတ္တုကြောတွေ ရှိတဲ့နေရာဆိုတော့ လိုင်းဆွဲအား အနှောက်အယှက်က အရမ်းဆိုးတယ်... ဖုန်းဆက်လို့ရမှာ မဟုတ်ဘူး... ဒါပေမယ့် စာရေးလို့တော့ ရတယ်... သတ္တုတွင်းက အခြေအနေ ကြမ်းတမ်းပေမယ့် စာပို့စနစ်တော့ ရှိတယ်"

ဒီစာတွေကို လော်ယွမ်ရေးမည် မဟုတ်ဘဲ "ကျွမ်းကျင်သူများ" က လော်ယွမ့်လက်ရေးကို တုပပြီး ရေးပေးကြမည် ဖြစ်သည်။ ဝမ်ကျင်းသည် ဤအိမ်တွင် နေထိုင်သည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်၍ အမျိုးသမီးသုံးယောက်အကြောင်း ကောင်းကောင်း သိနေပြီဖြစ်သည်။ ထို့ပြင် သူမနောက်ကွယ်မှ အကြံပေးအဖွဲ့၏ အကူအညီဖြင့် အချိန်တိုအတွင်း အလွဲအချော်ရှိမည် မဟုတ်ပေ။

"ဘယ်လိုနေရာကြီးမို့ ဖုန်းတောင် ဆက်မရတာလဲ" ဝမ်ရှီရှီက နှုတ်ခမ်းဆူကာ ပွစိပွစိ ပြောလိုက်သော်လည်း သံသယတော့ မဝင်ပေ။ "ဒါဆို စာရေးဖို့ မမေ့နဲ့နော်... အနည်းဆုံး တစ်ပတ်တစ်ခါ ရေးရမယ်... တစ်ခါရေးရင် တစ်စောင်တည်း မရဘူး... အားလုံးအတွက် အကြောင်းအရာ မတူအောင် ရေးပေးရမယ်... သမီးတို့ ကိုကြီးကို လွမ်းနေမှာ... သမီးလည်း ကိုကြီးကို အရမ်းလွမ်းနေမှာ"

ပြောရင်းဆိုရင်း ဝမ်ရှီရှီ မျက်လုံးများ နီရဲလာပြီး အသံများ တုန်ခါလာသည်။

လော်ယွမ် စိတ်မကောင်းဖြစ်သွားသော်လည်း အပြုံးမပျက်ဘဲ ပြောလိုက်သည်။ "အေးပါ... ငါ နေ့တိုင်း ရေးပါ့မယ်"

ဘယ်လိုပဲဖြစ်ဖြစ် သူရေးရမှာမှ မဟုတ်တာ။

.............................................................................................

မိုးချုပ်လာသောအခါ အမျိုးသမီးများက ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းကြသည်။ ဤတစ်ခါတွင် ဝမ်ကျင်းက ဝင်မကူတော့ဘဲ သူတို့ မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် ခပ်တိုးတိုး ပြောလိုက်သည်။ "ရှင့်အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ရောက်နေပြီ... ကျွန်မကုတင်အောက်မှာ ထားထားတယ်... မနက်ဖြန် ဘယ်အချိန်စထွက်မှာလဲ... သွားခါနီးကျရင် ပေးမယ်"

"မနက် ၃ နာရီလောက်ပေါ့" လော်ယွမ် စဉ်းစားပြီး ပြောလိုက်သည်။ နှုတ်ဆက်ရမည့် ဝမ်းနည်းပူဆွေးမှုများကို သူ မနှစ်သက်သဖြင့် တိတ်တဆိတ် ထွက်ခွာသွားချင်သည်။

"သိပြီ" ဝမ်ကျင်း ပြတ်သားစွာ ပြန်ဖြေပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

လော်ယွမ်သည် ဟွမ်ကျားဟွေ၏ အိပ်ခန်းထဲသို့ ဝင်ပြီး အိတ်ပြင်ဆင်သည်။ အမှန်တော့ မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို အထက်က ပြင်ဆင်ပေးပြီးသားဖြစ်သည်။ သူယူသွားစရာဟူ၍ ပစ္စည်းအနည်းငယ်သာ ရှိသည်။ တစ်ခုမှာ "ကိုယ်ပျောက်ဘီလူးစိမ်း၏ ဦးချို" (အပိုင်း ၁၈၅ တွင် ပြန်ကြည့်နိုင်သည်) ဖြစ်သည်။

အမည် - ကိုယ်ပျောက်ဘီလူးစိမ်း၏ ဦးချို

ရှားပါးမှုအဆင့် - အစိမ်းနုရောင်

အလေးချိန် - ၅၀၀ ဂရမ်

ထပ်တိုးအစွမ်း (၁) - စွမ်းအင်လှိုင်းအမျိုးမျိုးကို စုပ်ယူနိုင်ခြင်း

ထပ်တိုးအစွမ်း (၂) - အမြင်ဆိုင်ရာ ပုံရိပ်ယောင်များ ဖန်တီးနိုင်ခြင်း

သုံးသပ်ချက် - ကိုယ်ပျောက်ဘီလူးစိမ်းသည် အဆင့်နိမ့် ဉာဏ်ရည်ရှိ သက်ရှိတစ်မျိုးဖြစ်ပြီး အမှောင်ထဲမှ လူသတ်သမား ဖြစ်သည်။ ၎င်းတို့သည် အမြဲတစေ လျှို့ဝှက်စွာ လှုပ်ရှားသောကြောင့် အသိနည်း၏။ ၎င်းသည် မည်သည့်အခြေအနေတွင်မဆို ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိပြီး အသံလှိုင်းဖြင့်ဖြစ်စေ၊ သာမန်မျက်စိဖြင့်ဖြစ်စေ ၎င်း၏တည်ရှိမှုကို မမြင်နိုင်ချေ။ ဤစွမ်းရည်များအားလုံးသည် ၎င်း၏ဦးချိုငယ်လေးမှ ရရှိခြင်းဖြစ်၏။

ဒီဦးချိုလေးဖြင့် အမြင်အာရုံ လှည့်စားခြင်းကို ဘယ်လိုဖန်တီးရမလဲဆိုတာ မသိသေးသော်လည်း စွမ်းအင်လှိုင်းများကို စုပ်ယူနိုင်သည့် ဂုဏ်သတ္တိတစ်ခုတည်းနှင့်ပင် ရတနာဟု ခေါ်ဆိုထိုက်သည်။ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ပေးနိုင်ရုံသာမက ကြိုးမဲ့ရေဒီယိုလှိုင်းများနှင့် အနီအောက်ရောင်ခြည် အပါအဝင် လှိုင်းရှည်အမျိုးမျိုးကိုလည်း ပိတ်ဆို့ထားနိုင်သည်။ ကမ္ဘာမြေ၏ နည်းပညာအရ ရေဒါရှေ့တွင် ထားလျှင်ပင် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ နည်းပညာ ပိုမိုမြင့်မားသော ကမ္ဘာ့ပြင်ပယဉ်ကျေးမှုနှင့် ရင်ဆိုင်ရလျှင်တော့ အလုပ်ဖြစ်မဖြစ် မသိနိုင်သေးပေ။

ထို့နောက် ဘေးနားတွင် ချထားသော ဝိညာဉ်စားသတ္တဝါ၏ မျက်လုံးနှစ်လုံးကို ကြည့်လိုက်သည်။

ဤမျက်လုံးနှစ်လုံးကို ယူလာပြီးကတည်းက ဘာကြောင့်မှန်းမသိ လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။ မူလက ဇလုံအရွယ်အစားရှိသော်လည်း ယခုအခါ လက်သီးဆုပ်အရွယ်သာ ရှိတော့သည်။ သို့သော် အလေးချိန်မှာ လုံးဝမပြောင်းလဲပေ။ ဤမျှသေးငယ်သော မျက်လုံးတစ်လုံးသည် ၂.၃ ကီလိုဂရမ် လေးပြီး သိပ်သည်းဆမှာ သံမဏိနှင့် ယှဉ်နိုင်သည်။

ဤမျက်လုံးများသည် အိပ်မက်ထဲသို့ ဝင်ရောက်နိုင်စွမ်းရှိသည်။ လော်ယွမ် အကြိမ်အနည်းငယ် စမ်းသပ်ဖူးသော်လည်း သိပ်အသုံးမဝင်ပေ။ သာမန်လူတို့၏ အိပ်မက်များသည် မတည်ငြိမ်ဘဲ အမျိုးမျိုး ပြောင်းလဲနေတတ်သလို ဝင်ရောက်ကြည့်ရှုရုံသာ ရသည်။ အနည်းငယ် တုံ့ပြန်လိုက်သည်နှင့် အိပ်မက်ပျက်စီးသွားတတ်သည်။

သို့သော် ဤတစ်ခေါက် ဂြိုဟ်သားများကို ထောက်လှမ်းရာတွင် အသုံးဝင်ကောင်း ဝင်နိုင်သည်။

......................................................................................................

သန်းခေါင်ယံ အချိန်၌ လော်ယွမ် မျက်လုံးဖွင့်လိုက်ပြီး နာရီကို ကြည့်ကာ တိတ်တဆိတ် ထလိုက်သည်။ အိပ်မောကျနေသော ဝမ်ရှီရှီသည် အိပ်မက်ထဲတွင် လော်ယွမ် ထွက်ခွာသွားသည်ကို မြင်မက်သည်ထင်၏။ ရုတ်တရက် တစ်ကိုယ်လုံး တုန်သွားပြီး လော်ယွမ့်လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ "ကိုကြီးယွမ်... မသွားပါနဲ့" ဟု ယောင်ရမ်းအော်လိုက်သည်။

အမျိုးသမီးများထဲတွင် ဝမ်ရှီရှီသည် သူ့အပေါ် အတွယ်တာဆုံးဖြစ်သည်။ ကျိုးယလီနှင့် ဟွမ်ကျားဟွေတို့၏ ရေကဲ့သို့ ငြိမ်သက်အေးဆေးသော ချစ်ခြင်းမေတ္တာနှင့် ယှဉ်လျှင် ဝမ်ရှီရှီသည် မီးကဲ့သို့ ပူပြင်းတောက်လောင်ပြီး သူ့အပေါ် အလွန်ကပ်တွယ်တတ်သည်။

လော်ယွမ် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်ရှီရှီ၏ လက်မောင်းကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။ ထို့နောက် အဝတ်အစားလဲပြီး မနေ့ကမှ ပေါင်းစပ်ပြုလုပ်ထားသော ကျန်းမာတောက်ဓား ကို ယူဆောင်ကာ အခန်းတံခါးကို ဖွင့်လိုက်သည်။

ဝမ်ကျင်းသည် အိပ်ရာထနှင့်နေပြီး ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူမ၏ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေသည်ကို ကြည့်ခြင်းအားဖြင့် တစ်ညလုံး မအိပ်ရသေးမှန်း သိသာသည်။ နေ့တိုင်း အိပ်ရာထ နောက်ကျတတ်သော သူမအတွက် ညမအိပ်ဘဲ စောင့်နေရခြင်းသည် တကယ့်ကို ပင်ပန်းသောအလုပ် ဖြစ်ပေလိမ့်မည်။

လော်ယွမ် ထွက်လာသည်ကို မြင်သောအခါ သူမ မတ်တတ်ရပ်လိုက်ပြီး "ကျောပိုးအိတ်ကို ဒီမှာ ထားထားတယ်... လိုတာရှိသေးလား စစ်ကြည့်ပါဦး"

ပြောပြီးသည်နှင့် သမ်းဝေလိုက်မိသော်လည်း ဘေးနားတွင် ဆက်ရှိနေသည်။

ဤသည်မှာ ဘက်စုံသုံး ကျောပိုးအိတ်တစ်လုံးဖြစ်သည်။ အမြင့် ၃ပေကျော်ရှိပြီး ပိတ်စနှင့် ချုပ်လုပ်ထားခြင်း မဟုတ်ဘဲ သိပ်သည်းကျစ်လစ်သော သားရေတစ်မျိုးနှင့် ချုပ်လုပ်ထားသဖြင့် ရေစိုခံသလို အကြမ်းခံသည်။ အထဲတွင် ပစ္စည်းများ ပြည့်ကျပ်နေအောင် ထည့်ထားသဖြင့် ဖောင်းကားနေသည်။ သူ အိတ်ကို ဖွင့်ကြည့်လိုက်သည်။

အိတ်ထဲတွင် အဝတ်အစား ၅ စုံနှင့် အထူးပြုလုပ်ထားသော သားရေတဲ ၂ လုံး ပါရှိသည်။ လော်ယွမ် စူးစမ်းလိုစိတ်ဖြင့် စစ်ဆေးကြည့်ရာ အဆင့်မှာ အစိမ်းနုရောင်အဆင့် ရှိနေသည်။

ထို့အပြင် ဆား ပိဿာ ၂၀၊ ရေသန့်စက် အသေးစားတစ်လုံး၊ အရေးပေါ်သောက်သုံးရေ ၃ ပုလင်း၊ ခေါက်ချိုးနိုင်သော ဒယ်အိုးတစ်လုံး၊ ဂေါ်ပြားတစ်ချောင်း၊ မီးခြစ်တစ်ဗူး၊ သံလိုက်အိမ်မြှောင်၊ ရေစိုခံမြေပုံနှင့် ပိုးသတ်ဆေး ၅ ဗူးတောင် ပါရှိသည်။

၎င်းအပြင် အခြားအိတ်ကပ်များထဲတွင် နေ့စဉ်သုံးပစ္စည်းများဖြစ်သော သွားပွတ်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပုဝါများကို အပိုအလိုမရှိ ထည့်ထားပေးပြီး မုတ်ဆိတ်ရိတ်ဓားပင် ပါလိုက်သေးသည်။

"တချို့ပစ္စည်းတွေက ပိုနေပေမယ့် လိုအပ်တာတွေ အကုန်ပါတယ်... ငါ သွားတော့မယ်" သူ အိတ်ဇစ်ကို ပြန်ဆွဲပိတ်လိုက်သည်။

"လိုတာ မရှိရင် ပြီးတာပါပဲ" ဝမ်ကျင်းသည် မျက်နှာထားကို တည်လိုက်ပြီး ရိုသေလေးစားသော လေသံဖြင့် ပြောင်းလဲပြောဆိုလိုက်သည်။ "ဗိုလ်ချုပ်ယွမ်... လမ်းခရီး ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်"

လော်ယွမ် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ကျောပိုးအိတ်ကို လွယ်လိုက်ပြီး တံခါးဖွင့်ကာ ဧည့်ခန်းကို သံယောဇဉ်ဖြင့် တစ်ချက်ပြန်ကြည့်လိုက်သည်။ ထို့နောက် ပြတ်သားစွာ လှည့်ထွက်သွားတော့သည်။

ဆက်ရန်...

အပိုင်း (၃၇၄) ကျန်းမာတောက်ဓားသစ်

လော်ယွမ် မနက် ၃ နာရီအချိန်တွင် စတင်ထွက်ခွာလာခဲ့သည်။ သူ၏ခရီးစဉ်မှာ အရှေ့တောင်ဘက်သို့ ဦးတည်ထားပြီး ချင်းဟိုင်၊ တိဗက်ဒေသ၊ စီချွမ်နှင့် ကွေ့ကျိုးတို့ကို ဖြတ်သန်းကာ နောက်ဆုံးတွင် ကွမ်ရှီးပြည်နယ်မှတစ်ဆင့် ပင်လယ်ပြင်ကျယ်ကြီးကို ဖြတ်ကျော်ပြီး ဘော်နီယိုကျွန်းပေါ်သို့ ခြေချရမည်ဖြစ်သည်။

မည်သူ့အတွက်မဆို ဤခရီးက ရှည်လျားလွန်းလှသည်။

၃ နာရီခန့် ကြာမြင့်ပြီးနောက် မိုးလင်းစပြုလာပြီဖြစ်သည်။ လော်ယွမ်က နှင်းရည်စိုရွှဲနေသော မျက်နှာကို သပ်ချလိုက်ရင်း သူ့မျက်နှာပေါ်တွင် အချိန်အတော်ကြာ ကိုက်ခဲနေသော်လည်း ဇွဲမလျှော့သေးသည့် ပိုးကောင်ငယ်တစ်ကောင်ကို လက်ဖြင့်ဖမ်းကာ တောက်ထုတ်လိုက်သည်။

ပိုးကောင်ငယ်မှာ ကျည်ဆန်တစ်တောင့်ပမာ သစ်ပင်ပင်စည်ကို သွားရောက်ရိုက်ခတ်မိပြီး အသားနှစ်များ ဖြစ်ကာ ပေါက်ကွဲထွက်သွားတော့သည်။

မနက်ခင်း တောအုပ်ကြီးထဲတွင် ရေငွေ့များ ထူထပ်နေသည်။ တစ်ညလုံး စုဆောင်းထားသော နှင်းရည်များသည် သစ်ရွက်များပေါ်မှ တတောက်တောက် ကျဆင်းနေရာ ထိုကြားထဲ လမ်းလျှောက်နေရသည်မှာ မိုးဖွဲဖွဲရွာနေသကဲ့သို့ ခံစားရသည်။ ယခုအချိန်တွင်မူ သူ့အဝတ်အစားများမှာ ရေစိုရွှဲကာ ကိုယ်နှင့် ကပ်နေသဖြင့် လော်ယွမ့်အဖို့ အလွန်နေရခက်လှသည်။

သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ၃ နာရီဆက်တိုက် ခရီးဆက်လာခဲ့သဖြင့် သူပင်လျှင် အနည်းငယ် မောပန်းစပြုလာပြီ ဖြစ်သည်။

သူက ခေတ္တရပ်နားရန် ပြင်လိုက်သည်။ ဘေးနားတွင် ရေညှိများနှင့် ပေါင်းပင်များ ဖုံးလွှမ်းနေသော ကျောက်တုံးကြီးတစ်တုံးကို တွေ့သဖြင့် အနားသို့သွားကာ ဓားဖြင့် ထိုကျောက်တုံး၏ တစ်ဝက်ခန့်ကို လှီးဖြတ်လိုက်ရာ မျက်နှာပြင်မှာ ချောမွတ်သန့်ရှင်းသွားသည်။

ထိုနေရာတစ်ဝိုက်ရှိ ပိုးမွှားတိရစ္ဆာန်များကို သူ၏အရှိန်အဝါဖြင့် ခြောက်လှန့်လိုက်ရာ အကုန်ထွက်ပြေးသွားကြပြီးနောက် လော်ယွမ် ဝင်ထိုင်လိုက်သည်။ နာရီကို ကြည့်ရင်း သူ ငေးငိုင်သွားမိသည်။

ဤအချိန်ဆို ဟွမ်ကျားဟွေ၊ ကျိုးယလီနှင့် ဝမ်ရှီရှီတို့ အိပ်ရာနိုးလောက်ပြီ။ သူ ထွက်သွားကြောင်းကိုလည်း သိရှိလောက်ပြီ ဖြစ်သည်။

သူ ခေတ္တမျှ တွေဝေနေပြီးမှ စိတ်စွမ်းအားကို စုစည်းလိုက်ရာ ကြိုးမဲ့ဆက်သွယ်ရေး လှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ငါ သွားပြီ... အခု လမ်းမှာ... အားလုံးအဆင်ပြေပါတယ်... အေး... သူ့ကို ဖုန်းကိုင်ခိုင်းလိုက်ဦး"

ကြိုးမဲ့လှိုင်းများသည် ခေါက်တုံ့ခေါက်ပြန် ကူးလူးဆက်သွယ်နေကြသည်။ လော်ယွမ်ထံမှရော သူတို့ထံမှပါ မည်သည့်အသံမှ ထွက်မလာသော်လည်း လှိုင်းကုဒ်များက သတင်းစကားများကို တိကျစွာ ပို့ဆောင်ပေးနေသည်။

"အေးပါ... မငိုနဲ့တော့... စိတ်မပူနဲ့နော်... ခဏနေဦး လူလာခေါ်နေလို့... ဖုန်းချလိုက်တော့မယ်"

လော်ယွမ် ငြိမ်သက်စွာ ထိုင်နေရင်း ကြိုးမဲ့လှိုင်းကို ပိုင်းဖြတ်လိုက်သည်။ ထို့နောက် သစ်တောအုပ်ထဲမှ ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည်။ မြူများဖုံးလွှမ်းနေသော မြို့ပြအဆောက်အဦးများကို လှမ်းမျှော်ကြည့်လိုက်ရာ ဝိုးတဝါးသာ မြင်ရတော့သည်။

သူ အချိန်ကြာမြင့်စွာ ငေးကြည့်နေပြီးမှ အောက်သို့ ဖြည်းညှင်းစွာ ပြန်ဆင်းလာခဲ့သည်။

နာရီဝက်ခန့် ဆက်လက်အနားယူပြီးနောက် ခရီးဆက်ခဲ့လေသည်။

ဤသို့ဖြင့် နာရီအနည်းငယ် ပြေးလိုက်၊ ခေတ္တနားလိုက်နှင့် သွားလာခဲ့ရာ ညနေစောင်းချိန်သို့ ရောက်သောအခါ ကောင်းကင်ယံတွင် မိုးခြိမ်းသံများ ရုတ်တရက် ပေါ်ထွက်လာပြီး မိုးကြိုးမုန်တိုင်း ကျရောက်လာတော့သည်။ ခဏအတွင်းမှာပင် မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ ဆူညံလာသည်။

မူလက ညဘက်ပါ ခရီးဆက်ရန် ရည်ရွယ်ထားသော်လည်း ဤသို့သော ရာသီဥတုမျိုးနှင့် ကြုံရသဖြင့် လော်ယွမ်တစ်ယောက် မရပ်နားဘဲ မနေနိုင်တော့ပေ။

မိုးကြိုးမုန်တိုင်းကျနေချိန် သစ်တောထဲတွင် နေထိုင်ရခြင်းက အလွန်အန္တရာယ်များသည်။ မြင့်မားသော သစ်ပင်ကြီးများသည် သဘာဝ မိုးကြိုးလွှဲများ ဖြစ်ကြရာ ထိုအပင်များအောက် လျှောက်သွားခြင်းသည် မိုးကြိုးပစ်ခံရမည့် အန္တရာယ်နှင့် အချိန်မရွေး ကြုံတွေ့နိုင်သည်။ လော်ယွမ် ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်လိုက်သည်။ ဤနေရာက မြေမျက်နှာသွင်ပြင် ညီညာပြန့်ပြူးနေပြီး ကမ္ဘာပျက်ကပ် မတိုင်ခင်က လွင်ပြင်ဒေသဖြစ်ခဲ့သဖြင့် ပုန်းခိုစရာ သဘာဝ လိုဏ်ဂူများ မရှိပေ။

ကံကောင်းသည်မှာ သူ့အာရုံခံနိုင်စွမ်းဖြင့် ရှာဖွေလိုက်ရာ ချုံပုတ်များအောက်၌ ဖုံးကွယ်နေသော မြေတွင်းအချို့ကို တွေ့လိုက်ရသည်။ လော်ယွမ်က မြေပြင်အမြင့်ပိုင်းတွင် ရှိသော မြေတွင်းတစ်တွင်းကို ရွေးချယ်လိုက်ပြီး ဖုံးအုပ်နေသော ချုံပုတ်များကို ဖယ်ရှားလိုက်သည်။

ပညာရဲရင့် ပွဲလယ်တင့် ဆိုသလိုပင် အတွင်း၌ သန္ဓေပြောင်းသတ္တဝါ ရှိနေမည်ကိုလည်း သူ မမှုပေ။ မြေတွင်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလိုက်သည်။

ဤမြေတွင်းမှာ သိပ်မမြင့်လှ ၅ ပေခန့်သာ ရှိသဖြင့် လော်ယွမ့်အနေဖြင့် ခါးကိုင်းပြီးမှသာ ဝင်၍ရသည်။ ဆွေးမြေ့နေသော သစ်ရွက်များဖြင့် ပြည့်နှက်နေသည့် မြေဆွေးလွှာကို ဖြတ်ကျော်ပြီးနောက်တွင်တော့ မြေတွင်းနံရံများမှာ ချောမွတ်လာသည်။ မြေသားနံရံများမှာ ကြီးမားသော ဖိအားတစ်ခုခုဖြင့် ဖိသိပ်ထားသကဲ့သို့ မာကျောခိုင်ခံ့နေသဖြင့် ပြိုကျရန် ခဲယဉ်းသည်။

စိတ်ပျက်စရာကောင်းသည်မှာ အတွင်း၌ မည်သည့် သတ္တဝါမှ ရှိမနေခြင်းပင်။ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အနံ့အသက်များကို ထောက်ရှုကြည့်လျှင် ဤနေရာတွင် သန္ဓေပြောင်းသတ္တဝါ မနေထိုင်သည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာသည်။ သေဆုံးသွားခြင်း သို့မဟုတ် အခြားနေရာသို့ ပြောင်းရွှေ့သွားခြင်း ဖြစ်နိုင်သည်။

သဘာဝတရား၏ အားနည်းသူကို အားကြီးသူက ဝါးမျိုးသည့် သဘောတရားအရ သေဆုံးခြင်းဆိုသည်မှာ အချိန်တိုင်း ဖြစ်ပွားနေကျ ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။

ညစာတစ်နပ် လွတ်သွားသည်ကတော့ နှမြောစရာပင်။

လော်ယွမ်က ကွေ့ကောက်နေသော တွင်းလမ်းကြောင်းအတိုင်း ပေ၁၀၀ ခန့် ဆက်သွားလိုက်ရာ တွင်းအဆုံးသို့ ရောက်ရှိသွားသည်။ ဝမ်းသာစရာ ကောင်းသည်မှာ ထိုနေရာက အခြားနေရာများထက် ပိုကျယ်ဝန်းနေပြီး အနည်းဆုံးတော့ သူ မတ်တပ်ရပ်၍ ရနေခြင်းဖြစ်သည်။

သန္ဓေပြောင်းသတ္တဝါကြီး ထွက်ခွာသွားသော်လည်း အကြွင်းအကျန်ချို့တော့ ချန်ထားခဲ့ပုံရသည်။

သစ်ကိုင်းခြောက်များနှင့် မြက်နုများ ခင်းကျင်းထားသော အိပ်ရာတစ်ခုရှိနေသည်။ လော်ယွမ် စမ်းသပ် ဖိကြည့်လိုက်ရာ အတော်လေး နူးညံ့သည်။ နေရာကျဉ်းလွန်းသဖြင့် တဲထိုး၍ မရသော်လည်း ဤသို့သော အိပ်ရာမျိုး ရှိနေခြင်းက ညတာအတွက် အဆင်ပြေသွားစေသည်။

သူ၏ သန်မာလှသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ရေခဲပြင်ပေါ် အိပ်လျှင်တောင် အအေးမိမည် မဟုတ်သော်လည်း သက်တောင့်သက်သာ အိပ်စက်နိုင်မည့် နေရာမျိုးရှိနေလျှင် မည်သူက စိုစွတ်မာကျောသော မြေကြီးပေါ်တွင် အိပ်ချင်ပါမည်နည်း။

သူ့ကို ပို၍ ကျေနပ်စေသည်မှာ ထိုနေရာက အလွန်သန့်ရှင်းနေခြင်းပင်။ အိပ်ရာတစ်ခုမှလွဲ၍ စားသောက်ထားသော အနံ့အသက်ဆိုးရွားသည့် အရိုးအပိုင်းအစများနှင့် အခြားရွံရှာဖွယ်ရာများ မရှိချေ။

ကြည့်ရသည်မှာ ဤနေရာ၏ မူလပိုင်ရှင်သည် အသားစားသတ္တဝါ မဟုတ်လျှင် သွေးနံ့ကြောင့် ပြဿနာတက်နိုင်သော အစာများကို အိမ်သို့ သယ်မလာတတ်သည့် အလွန်သတိကြီးသော သတ္တဝါဖြစ်နိုင်သည်။ သို့သော် ထိုအချက်ကပင် ၎င်းသတ္တဝါသည် အစွမ်းထက်သည့် ကောင်မျိုး မဟုတ်ကြောင်း ပြသနေပြန်သည်။

...............................................................................................................

အပြင်ဘက်တွင် မိုးကသည်းသထက် သည်းလာသည်။ ကောင်းကင်ကြီး ပြိုကျလာသလား ထင်ရသည်။ မြေတွင်းထဲတွင် ရှိနေသော်လည်း တွင်းဝမှတစ်ဆင့် မိုးရေများ စိမ့်ဝင်လာသည်။ လော်ယွမ် တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဂရုမစိုက်တော့ပေ။ ပုံမှန်အားဖြင့် ဤကဲ့သို့သော မိုးကြိုးမုန်တိုင်းများမှာ ကြာရှည်မရွာတတ်ချေ။

သူ ကျောပိုးအိတ်ထဲမှ မြေပုံကို ထုတ်ယူကာ လေ့လာလိုက်သည်။ ထိုမြေပုံမှာ သာမန်မြေပုံမဟုတ်ဘဲ ကြည်လင်ပြတ်သားမှု အလွန်မြင့်မားသော ဂြိုဟ်တုမြေပုံဖြစ်သည်။ အမှန်တွင် ယခုကဲ့သို့ ယဉ်ကျေးမှုများ ပျက်သုဉ်းပြီး မြို့ပြများ ပျောက်ကွယ်သွားချိန်၊ စိုက်ခင်းများနှင့် သဲကန္တာရများပါမကျန် အပင်များ ဖုံးလွှမ်းသွားချိန်တွင် တစ်နိုင်ငံလုံးဆိုင်ရာ အသေးစိတ်မြေပုံ ပေးထားလျှင်လည်း ဘာမှ အသုံးဝင်မည် မဟုတ်ပေ။

ဂြိုဟ်တုမြေပုံကြီးကို ဖြန့်ခင်းလိုက်လျှင် အလျားအနံ ၆ပေခန့် ရှိသည်။ ပိတ်စလိုလို သားရေလိုလိုနှင့် ထူထဲသော အထူးစက္ကူဖြင့် ပြုလုပ်ထားသဖြင့် ရေစိုခံ၊ မီးဒဏ်ခံနိုင်ပြီး အလွန်ခိုင်ခံ့သည်။ သာမန်လူတစ်ယောက် အားကုန်သုံး ဆွဲဆုတ်လျှင်ပင် ပြဲမည်မဟုတ်။

သစ်တောထဲမှ ညနေခင်း၏ မှိန်ဖျဖျ အလင်းရောင်များသည် ချုံပုတ်များကို ဖြတ်ကျော်ပြီး ကွေ့ကောက်နေသော တွင်းလမ်းကြောင်းက စုပ်ယူလိုက်သဖြင့် တွင်းအဆုံးသို့ ရောက်သောအခါ ကိုယ့်လက်ချောင်း ကိုယ်မမြင်ရလောက်အောင် မှောင်မိုက်နေပြီဖြစ်သည်။

ဤသို့သော အလင်းရောင်နည်းပါးသည့် အခြေအနေတွင် လော်ယွမ်၏ မျက်လုံးသူငယ်အိမ်သည် အစက်အပြောက်လေး တစ်ခုအဖြစ်သို့ ကျုံ့သွားပြီး တွင်းနက်ကြီးပမာ မည်းနက်သွားသည်။ အလွန်ဖျော့တော့သော အလင်းရောင် အနည်းငယ်ကိုပင် လွတ်ထွက်မသွားစေဘဲ ဖမ်းယူလိုက်သဖြင့် လုံးဝမှောင်မိုက်နေသည့် ပတ်ဝန်းကျင်ကို ထင်ရှားစွာ မြင်တွေ့နေရသည်။

"ချင်းဟိုင် နယ်မြေထဲ ရောက်နေပြီပဲ... ဒီနှုန်းအတိုင်း ဆက်သွားရင် နောက် ၁၀ ရက်လောက်ဆို ကွမ်ရှီးကို ရောက်လောက်တယ်" လော်ယွမ် ခေတ္တမျှ ကြည့်ရှုပြီးနောက် တွက်ချက်လိုက်မိသည်။

သူသာ အစွမ်းကုန် အမြန်ဆုံးပြေးလျှင် ၃ ရက်ပင် ကြာမည်မဟုတ်ပေ။

သို့သော် ပြန်လည်တည်ဆောက်ရေးဇုန် အနီးတစ်ဝိုက် ခရီးသွားခြင်းနှင့် တောလမ်းခရီးကြမ်း နှင်ခြင်းမှာ လုံးဝ ကွာခြားသည်။ ဟိုနေရာများ၌ ဘေးကင်းသဖြင့် ခွန်အားကို နှမြောစရာမလိုဘဲ အကုန်ထုတ်ပြေးနိုင်သည်။ ယခုမူ အန္တရာယ်များသော တောနက်ထဲ ရောက်နေသဖြင့် မမျှော်လင့်သော အန္တရာယ်များနှင့် ကြုံလာလျှင် ရင်ဆိုင်နိုင်ရန် ခွန်အားအများစုကို ချန်ထားရမည်ဖြစ်သည်။ ထို့ကြောင့်လည်း လော်ယွမ်သည် ၂-၃ နာရီကြာတိုင်း ရပ်နားပြီး အမောဖြေနေခြင်း ဖြစ်သည်။

ထို့အပြင် မြေမျက်နှာသွင်ပြင် ရှုပ်ထွေးမှုနှင့် ပတ်ဝန်းကျင်ကို အချိန်ပြည့် သတိထားနေရမှုများကြောင့် တစ်စက္ကန့်လျှင် ပေ ၂၄၀၊ ၂၅၀ နှုန်းဖြင့် ခရီးဆက်နိုင်သည်ကပင် အလွန်ကောင်းမွန်သော အခြေအနေဟု ဆိုရမည်။

.........................................................................................................

သူ ဂြိုဟ်တုမြေပုံကို သေသေချာချာ ပြန်ခေါက်သိမ်းကာ ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး မြက်ခင်းအိပ်ရာပေါ် လှဲချလိုက်သည်။

အပြင်ဘက်မှ သဲသဲမဲမဲ ရွာနေသော မိုးသံနှင့် ရံဖန်ရံခါ ပေါ်လာတတ်သော မိုးကြိုးသံများကို နားထောင်ရင်း သူ့ရင်ထဲတွင် အထီးကျန်ဆန်မှုများ မြင့်တက်လာသည်။ သူ ထွက်ခွာလာခဲ့သည်မှာ ၁၀ နာရီကျော်သာ ရှိသေးသော်လည်း လွမ်းဆွတ်တမ်းတမိနေပြီ ဖြစ်သည်။

ထိုမြို့လေးကို လွမ်းသည်။ ထိုမြို့မှ လူများကို လွမ်းသည်။

တောထဲတွင် တစ်ယောက်တည်း လှည့်လည်သွားလာရင်း လေဒဏ်မိုးဒဏ်ကို အံတုကာ စားသောက်နေထိုင်ရသည်။ နေရာတိုင်းတွင် အန္တရာယ်များက စောင့်ကြိုနေသည်။ စကားပြောစရာ လူတစ်ယောက်မျှ မရှိ။ အန္တရာယ်ရှိသော သန္ဓေပြောင်းသတ္တဝါများမှလွဲ၍ လူအရိပ်အရောင်ပင် မတွေ့ရ၊ လူသားများ ရှိခဲ့ဖူးသည့် ခြေရာလက်ရာများကိုပင် မမြင်ရပေ။ ဤသည်မှာ ဖော်ပြ၍ မရနိုင်လောက်အောင် အထီးကျန်ဆန်လှသည်။ ကမ္ဘာကြီးတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ကျန်ရစ်တော့သကဲ့သို့ပင်။

လှဲနေသည်မှာ သိပ်မကြာသေး လော်ယွမ် ပြန်ထထိုင်လိုက်သည်။ ရေငွေ့များ ပိုမိုထူထပ်လာသည်ဟု ခံစားရသဖြင့် တွင်းလမ်းကြောင်းအတိုင်း လျှောက်ကြည့်လိုက်ရာ မြေကြီးမှာ စိုစွတ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"တကယ်ကံဆိုးတာပဲ" လော်ယွမ် ကျိန်ဆဲလိုက်မိသည်။ ဤနေရာက မြေပြင်ညီလွန်းနေသည်။ သူရွေးလိုက်သော မြေတွင်းမှာ အခြားနေရာများထက် ၈လက်မ လောက်သာ ပိုမြင့်သည်။ ထိုသို့ဖြစ်မယ်မှန်းသိလျှင် ခပ်ဝေးဝေး ထပ်လျှောက်ပြီး ရှာကြည့်ပါသေးသည်။

သူ ခါးကိုင်းလျက် တွင်းထဲမှ ထွက်လာခဲ့သည်။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေများက သူ့တစ်ကိုယ်လုံးကို ချက်ချင်း ရွှဲရွှဲစိုသွားစေသည်။ သစ်ရွက်များမှ စုစည်းစီးကျလာသော ရေများမှာ ရေပိုက်ခေါင်း ဖွင့်ချထားသကဲ့သို့ သူ့ခေါင်းပေါ်သို့ တသွင်သွင် ကျဆင်းလာ၏။ မျက်နှာပေါ်မှ ရေများကို သပ်ချရင်း ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း တွင်းဝကို ပိတ်ဆို့ရန် သင့်တော်မည့် ကျောက်တုံးကြီးများကို မတွေ့ရပေ။

တော်သေးသည်မှာ ဤနေရာရှိ သစ်ပင်များမှာ မသေးလှခြင်းပင်။ လုံးပတ် ၆ပေခန့်ရှိသော သစ်ပင်ကြီးများကို နေရာတိုင်းလိုလိုတွင် တွေ့ရသည်။

သူ့ကျောကုန်းပေါ်မှ ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး အနီးဆုံး သစ်ပင်ကြီးတစ်ပင်ဆီသို့ လျှောက်သွားလိုက်သည်။

မူလက ပလက်တီနမ်ရောင် ရှိသော ကျန်းမာတောက်ဓားမှာ ယခုအခါ အနက်ရောင် ပြောင်းသွားပြီဖြစ်ပြီး ဓားအိမ်မှ ထုတ်လိုက်သည်နှင့် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်အလွှာများ ဖြာထွက်လာသည်။ မိုးရေစက်များ ဓားသွားပေါ် ကျရောက်သည့်အခါ တွယ်ကပ်နိုင်ခြင်းမရှိဘဲ ချက်ချင်း လွင့်စင်ထွက်သွားကာ ရေနှင့် လုံးဝမထိတွေ့ခဲ့သကဲ့သို့ ခြောက်သွေ့နေသည်။

အမည် - လေဟာနယ်ပိုင်းဖြတ် ကျန်းမာတောက်ဓား

ပါဝင်ပစ္စည်း - ၁၆၅ စင်တီမီတာ သတ္တုစပ်၊ ခြေသည်းရှည်လိပ်ကြီး၏ လက်သည်း

ရှားပါးမှုအဆင့် - ခရမ်းဖျော့ရောင်

အလေးချိန် - ၃၁ ကီလိုဂရမ်

တိုက်ခိုက်နိုင်စွမ်းအား - ??????

အသုံးပြုရန် လိုအပ်ချက် - ခွန်အား ၁၆ မှတ်

ထပ်တိုးအစွမ်း - တိုက်ခိုက်မှု အလျင် +၄

ထပ်တိုးအစွမ်း၂ - ပိုင်းဖြတ်ခြင်း (အလိုအလျောက်စွမ်းရည်)။ နှိုင်းယှဉ်မရအောင် ထက်ရှသည်။ မည်သည့်အရာဝတ္ထုကိုမဆို အလွယ်တကူ ပိုင်းဖြတ်နိုင်သည်။ အက်တမ်များကိုပင် နှစ်ပိုင်းကွဲသွားအောင် ပိုင်းဖြတ်နိုင်သည်။ (အစွမ်းမှာ အလွန်အားကောင်းသည်)

သုံးသပ်ချက် - ဤသည်မှာ လေဟာနယ်စွမ်းအား အနည်းငယ် ပါဝင်နေသော ကျန်းမာတောက်ဓားဖြစ်သည်။ ၎င်းသည် အလွန်ထက်ရှသဖြင့် ပိုင်ရှင်ဖြစ်သူ ကိုယ်တိုင်ပင် ပေါ့ဆစွာ မကိုင်တွယ်သင့်ပေ။

...............................................................................................................

အဆင့် ၈ ဓားမည်းနှင့် ပေါင်းစပ်ထားသော ကျန်းမာတောက်ဓားသည် ခရမ်းနုရောင် (အဆင့် ၈) လက်နက်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သာမန် အဆင့် ၈ ပစ္စည်းဆိုလျှင် သူ သိပ်ဂရုစိုက်မိမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် မူလ ကျန်းမာတောက်ဓားသည်ပင် လုံလောက်အောင် စွမ်းအားကြီးမားနေပြီ ဖြစ်သည်။ အရိပ်မြင်း၏ ဦးချိုမှ ရရှိသော သဏ္ဌာန်မဲ့ဓားလှိုင်းသည် သူ့စိတ်စွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက တိုက်ခိုက်မှု အကွာအဝေးကို အလွန်ကျယ်ပြန့်သွားစေသည်။ သို့သော် ထိုဓားမည်း၏ စွမ်းရည်များက ကြောက်ခမန်းလိလိ ကောင်းမွန်လွန်းသဖြင့် ထိုစဉ်က လော်ယွမ်ပင် ဣန္ဒြေမဆည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။

မူလက ထပ်တိုးအစွမ်း ၃ ခု ပါဝင်သော်လည်း ယခုအခါ ၂ ခုသာ ကျန်တော့သည်။ သို့သော် "ပိုင်းဖြတ်ခြင်း" ဆိုသည့် အစွမ်းတစ်ခုတည်းနှင့်ပင် နတ်ဘုရားလက်နက်တစ်ခုဟု ခေါ်ဆိုရန် လုံလောက်နေပြီ ဖြစ်သည်။

ဤပိုင်းဖြတ်ခြင်းမှာ သာမန်သဘော ပိုင်းဖြတ်ခြင်း မဟုတ်ဘဲ လေဟာနယ် ကို ပိုင်းဖြတ်ခြင်း ဖြစ်သည်။ ဓားသွားပေါ်တွင် လှိုင်းတွန့်များသဖွယ် ထပ်နေသော အလင်းကွင်းများသည် လေဟာနယ် တုန်ခါမှုကြောင့် ဖြစ်ပေါ်လာသော အမြင်အာရုံ အလင်းယိုင်ခြင်းများ ဖြစ်သည်။

ဤပိုင်းဖြတ်မှုသည် သဏ္ဌာန်မဲ့ဓားလှိုင်းထက် ပိုမိုကြောက်မက်ဖွယ် ကောင်းရုံသာမက ဓားသွားတလျှောက် ဆန့်ထွက်သွားပြီး ၁၅ပေ အကွာအဝေးအထိ တိုက်ခိုက်နိုင်သည်။ ထိုအကွာအဝေးအတွင်း မပြတ်တောက်သော အရာဟူ၍ မရှိသလောက်ပင် ဖြစ်ကြောင်း သူ အကြိမ်ကြိမ် စမ်းသပ်ဖူးသည်။

သို့သော် အရာရာတိုင်းတွင် အားနည်းချက်၊ အားသာချက် ရှိစမြဲဖြစ်ရာ ဤစွမ်းရည်သည်လည်း အရာခပ်သိမ်းကို အနိုင်ယူနိုင်သည်တော့ မဟုတ်ပေ။

လော်ယွမ် သိသလောက်ဆိုလျှင်လေဟာနယ်ပိုင်းဖြတ်မှုကို ခုခံနိုင်သည့် နည်းလမ်း ၂ မျိုး ရှိသည်။ ဥပမာ - ဆွဲငင်အား။ ဆွဲငင်အားသည် လေဟာနယ်ကို ကွေးညွတ်သွားစေနိုင်သလို လေဟာနယ် တုန်ခါမှုများကိုလည်း ပြန်လည်ပြန့်ပြူးသွားစေနိုင်သည်။

နောက်တစ်မျိုးမှာ သူ၏ စိတ်စွမ်းအား ဖြစ်သည်။ စိတ်စွမ်းအားဖြင့်လည်း အနည်းငယ် ခုခံနိုင်ကြောင်း သူ တွေ့ရှိခဲ့သည်။ အမှန်တော့ စိတ်စွမ်းအားအတွက်မူ သာမန်ပိုင်းဖြတ်ခြင်း ဖြစ်စေ၊ လေဟာနယ် ပိုင်းဖြတ်ခြင်း ဖြစ်စေ သိပ်ကွာခြားမှု မရှိပေ။ စိတ်အာရုံဖြင့် လက်တွေ့ကမ္ဘာကို သက်ရောက်စေသော စွမ်းအားဖြစ်သည့်အားလျော်စွာ မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်စွမ်း ရှိပြီး အရာအားလုံးအပေါ် လွှမ်းမိုးနိုင်သည့် ဦးစားပေး အဆင့်တစ်ခု ရှိနေပုံရသည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ ကျန်းမာတောက်ဓားသည် ကြောက်ခမန်းလိလိ အစွမ်းထက်နေဆဲပင်။ ဆွဲငင်အားကဲ့သို့ အာရုံခံရန် ခက်ခဲသော စွမ်းအားများကို ထည့်မတွက်လျှင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ ၎င်း၏ ပိုင်းဖြတ်မှုကို ခုခံနိုင်သည့်အရာ မရှိပေ။

.........................................................................................................

လော်ယွမ်က ရှေ့သို့တိုးပြီး ဓားဖြင့် တစ်ချက်ခုတ်လိုက်ရာ သစ်ပင်ကြီးမှာ ခါးလည်မှ ပြတ်သွားပြီး သူက နောက်သို့ ချက်ချင်း ခုန်ဆုတ်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာသောအခါ ကမ္ဘာပျက်ကပ် မတိုင်ခင်က တွေ့ရခဲသော ဧရာမ သစ်ပင်ကြီးသည် ဝုန်းခနဲ လဲကျသွားပြီး အနီးရှိ သစ်ပင်ကြီးတစ်ပင်၏ သစ်ကိုင်းခွကြားတွင် သွားတင်ကာ ၆၀ ဒီဂရီ စောင်းလျက်သား ရပ်တန့်သွားသည်။

လော်ယွမ်က အနားသို့သွားကာ ၃ပေကျော်ခန့် အပိုင်းတစ်ပိုင်းကို ဖြတ်ယူလိုက်သည်။ သစ်တုံး ဘေးမလဲမီမှာပင် ချက်ချင်း ထိန်းကိုင်လိုက်ပြီး ကားတာယာ လှိမ့်သကဲ့သို့ တွင်းဝဆီသို့ တွန်းယူလာခဲ့သည်။ ထို့နောက် တွင်းဝ အနေအထားအတိုင်း အံဝင်ခွင်ကျ ဖြစ်စေရန် ကျန်းမာတောက်ဓားဖြင့် သစ်တုံး၏ အလယ်ဗဟိုကို ထွင်းထုတ်လိုက်ပြီး တွင်းဝတွင် မှောက်လျက် ဖုံးအုပ်လိုက်သည်။

လော်ယွမ်က သစ်တုံးကို မြဲမြံသွားအောင် ဖိချလိုက်ပြီး ရေမဝင်နိုင်စေရန် ဘေးအနားသတ်များကို ရွှံ့ဖြင့် လိုက်ပိတ်လိုက်သည်။

ယခုအခါ တွင်းဝအသစ်သည် သစ်ခေါက်ဘက်တွင် ရှိနေသဖြင့် မိုးရေ ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။ ထို့ပြင် တွင်းဝသည် မြေပြင်မှ ၆၀ စင်တီမီတာခန့် မြင့်တက်သွားပြီဖြစ်ရာ မိုးမည်မျှ သည်းသည်း၊ အချိန်တိုအတွင်း တွင်းထဲသို့ ရေဝင်နိုင်မည် မဟုတ်တော့။

လော်ယွမ် စိတ်ကျေနပ်သွားသည်။ သူက ခေါင်းပေါ်မှ မိုးရေများကို ခါချလိုက်ပြီး ကိုယ်ကိုကိုင်းကာ တွင်းထဲသို့ ပြန်ဝင်သွားလေတော့သည်။

ဆက်ရန်...

All Chapters