အခန်း (၃၇၅+၃၇၆)
Vol. 19 Ch. 375+376
အပိုင်း (၃၇၅) အသံလှိုင်း
နောက်တစ်နေ့ မိုးမလင်းခင်မှာပင် လော်ယွမ် နိုးထလာခဲ့သည်။
ရှေးလူကြီးများ ဆိုရိုးရှိသလိုပင် ဆင်းရဲဒုက္ခခံရာကနေ စည်းစိမ်ခံဖို့ လွယ်ကူပေမဲ့၊ စည်းစိမ်ခံရာကနေ ဆင်းရဲဒုက္ခပြန်ခံဖို့ကျတော့ ခက်ခဲလှသည်။ သက်တောင့်သက်သာရှိပြီး ပျော့ပျောင်းအိစက်သော မွေ့ရာကြီးပေါ်တွင် အိပ်စက်ခဲ့ရာမှ ယခုလို သတ္တဝါတွင်းအောင်း၍ အိပ်ရသည်ကို သူ ချက်ချင်း နေသားမကျနိုင် ဖြစ်နေသည်။ ထို့အပြင် ညဉ့်နက်ပိုင်း မိုးတိတ်သွားပြီးနောက် ထွက်ပေါ်လာသော သတ္တဝါဟိန်းသံများနှင့် နေရာအနှံ့မှ ပိုးကောင်အော်သံ၊ ဖားအော်သံများကြောင့် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။
လော်ယွမ် အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ ဤအဝတ်အစားများအားလုံးသည် ပေါင်းစပ်ပြုပြင်ထားသော ပစ္စည်းကိရိယာများ ဖြစ်သည်။ သူ၏ အပေါ်ထပ်အင်္ကျီကိုပင် သတ္တဝါအမွေးအမျှင်များဖြင့် ကြမ်းတမ်းစွာ ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်၍ ရေစုပ်ယူမှု အားမကောင်းလှပေ။ တစ်ညလုံး လှန်းထားလိုက်သဖြင့် ယခုအခါ ခြောက်သွေ့နေပြီ ဖြစ်သည်။
မြေကျင်းထဲမှ အပြင်သို့ ထွက်လိုက်ရာ အပြင်ဘက်တွင် မှောင်မည်းနေဆဲပင်။ ကံကောင်းသည်မှာ မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း ရေကြီးရေလျှံခြင်း မရှိပေ။ သစ်တောမြေပြင်ရှိ ထူထဲသော သစ်ရွက်ဆွေးမြေဆီလွှာများသည် ရေမြှုပ်ပမာ မိုးရေများကို စုပ်ယူထားလိုက်သောကြောင့် ဖြစ်သည်။ မြေနိမ့်ပိုင်း အချို့တွင်သာ ရေအိုင်ငယ်များကို တွေ့မြင်ရသည်။
ရေအိုင်ထဲမှရေသည် စမ်းချောင်းရေပမာ ကြည်လင်နေသည်ကို မြင်လိုက်ရသဖြင့် လော်ယွမ် ဝမ်းသာသွားပြီး မြေကျင်းထဲသို့ ပြန်ဝင်ကာ မျက်နှာသုတ်ပုဝါ၊ သွားပွတ်တံနှင့် ရေဘူးကို ယူဆောင်လာခဲ့သည်။ ရေချိုး၊ မျက်နှာသစ်ပြီး သောက်ရေပါ တစ်ပါတည်း ဖြည့်ရန် ရည်ရွယ်လိုက်သည်။
ရေအိုင်နားသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ရေဘူးဖြင့် ရေခပ်ရန် လက်လှမ်းလိုက်စဉ်မှာပင် လော်ယွမ်၏လက် လေထဲ၌ ရပ်တန့်သွားသည်။
အဝေးမှ ကြည့်လျှင် သန့်ရှင်းကြည်လင်သည်ဟု ထင်ရသော်လည်း အနီးကပ် သေချာကြည့်လိုက်သောအခါ ရေထဲတွင် သေးငယ်သော အစက်အပြောက်များ ပြည့်နှက်စွာ ကူးခတ်သွားလာနေသည်ကို တွေ့လိုက်ရ၏။ ထိုအကောင်များသည် အချို့က အပ်ချည်မျှင်ကဲ့သို့ ရှည်လျားပြီး အချို့မှာ ရက်ကန်းလွန်းတံပုံစံ ရှိကြသည်။
ကမ္ဘာပျက်ကပ်ဘေး ဖြစ်ပွားပြီးနောက်ပိုင်း တောရိုင်းနယ်မြေများတွင် သန့်ရှင်းသော ရေအရင်းအမြစ်ဟူ၍ မရှိတော့ပေ။ ဤအချက်ကို သူသိပြီးသား ဖြစ်သော်လည်း ပြန်လည်တည်ဆောက်ရေးဇုန်တွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်၍ ယခင်က လေဒဏ်မိုးဒဏ်ခံကာ ခရီးကြမ်းနှင်ခဲ့ရသည့် ဘဝပုံစံကို ချက်ချင်း အသားမကျသေးခြင်း ဖြစ်သည်။
သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သက်ပြင်းချကာ ရေအိုင်ထဲသို့ လက်နှစ်လိုက်သည်။ သူ၏ စိတ်စွမ်းအားကို စုစည်းလိုက်သည်နှင့် ရေမျက်နှာပြင်တွင် လှိုင်းဂယက်များ ထလာသည်။ အစပိုင်းတွင် လှိုင်းဂယက်များမှာ စည်းချက်ကျကျ ရှိနေသော်လည်း မျက်စိတစ်မှိတ်အတွင်း ရေအိုင်တစ်ခုလုံးသည် ဆီပူအိုးထဲ ရေတစ်စက် ကျသွားသကဲ့သို့ ပွက်ပွက်ဆူလာပြီး ရေစက်များ ပြင်းထန်စွာ လွင့်စဉ်ကုန်တော့သည်။
ထူးခြားသည်မှာ ရေအိုင်သည် ထိုမျှလောက် ပြင်းထန်စွာ လှုပ်ခတ်သွားသော်လည်း ရေများ နောက်ကျိမသွားဘဲ မူလအတိုင်း ကြည်လင်နေဆဲပင်။
လော်ယွမ် လက်ပြန်ရုတ်လိုက်သောအခါ ရေထဲမှ အစက်အပြောက်လေးများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ၏ စိတ်စွမ်းအားဖြင့် ထိုကပ်ပါးကောင်များကို အမှုန့်ကြေအောင် ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူ၏ စိတ်စွမ်းအားသည် တိုက်ရိုက်တိုက်ခိုက်မှု စွမ်းရည် သိပ်မပြင်းထန်သေးသော်လည်း ရေအိုင်ငယ်တစ်ခုထဲမှ ကပ်ပါးကောင်များကို သတ်ဖြတ်ရန်မှာမူ အလွန်လွယ်ကူသော ကိစ္စပင်။
ကပ်ပါးကောင် အလောင်းများ ရေထဲတွင် ပျော်ဝင်နေသည်ကို ဂရုမစိုက်တော့ဘဲ ရေတစ်ဘူး ခပ်ကာ မော့သောက်လိုက်သည်။ ထို့နောက် ရေဘူးကို ပြန်ဖြည့်၊ အဖုံးပိတ်ပြီး လမ်းခရီးအတွက် သိမ်းဆည်းလိုက်သည်။ ပြီးမှ မျက်နှာသုတ်ပုဝါနှင့် သွားပွတ်တံကို ထုတ်၍ ကိုယ်လက်သန့်စင်လိုက်သည်။
မနေ့က မနက်အစောပိုင်းမှ ယခုအချိန်အထိ သူ ဘာမှ မစားရသေးပေ။ သို့သော် ဗိုက်ဆာသည်ဟု မခံစားရ။ မိုးလင်းလာပြီ ဖြစ်၍ လော်ယွမ် ခေတ္တမျှ တွေဝေသွားပြီးနောက် နေ့လယ် နားချိန်ကျမှ ကောင်းကောင်း စားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
သူ ပြန်လှည့်၍ ပစ္စည်းများ သိမ်းဆည်းကာ ခရီးဆက်ခဲ့သည်။
………………………………………………………………………………………………………………
လေးရက်ကြာပြီးနောက်...
လူရိပ်တစ်ခုသည် မြေကြီးပေါ်တွင် ဝပ်စင်းနေပြီး မျက်လုံးထောင့်စွန်းမှတဆင့် ရှေ့တည့်တည့်သို့ ခိုးကြည့်နေသည်။
ထိုအရာသည် တောင်ကုန်းငယ်တစ်ခုပမာ ကြီးမားသော သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ အမြင့်ပေ ၃၀ ခန့် ရှိသော ဧရာမခန္ဓာကိုယ်ကြီးက ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်။
ပုံပန်းသဏ္ဌာန်မှာ ဧရာမ ဖားကြီးတစ်ကောင်နှင့် တူသော်လည်း ကိုယ်ခန္ဓာက အလွန် သွယ်လျကျစ်လျစ်သည်။ ကိုယ်ထည်အလျားသည် အမြင့်၏ နှစ်ဆနီးပါး ရှိသည်။ ကြွက်သားများ ထုံးနေပြီး မြေကြီးပေါ်တွင် ဝပ်နေသည့်တိုင် ကြွက်သားများက မသိစိတ်ဖြင့် လှုပ်ရှားနေရာ အဝေးမှကြည့်လျှင် အရေပြားအောက်တွင် စပါးအုံးမြွေ အများအပြား လိမ်ယှက်နေသကဲ့သို့ ထင်ရသည်။ ကြည့်လိုက်ရုံဖြင့် ဤသတ္တဝါကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားကြောင်း သိနိုင်သည်။
သာမန်ဖားများကဲ့သို့ ခြေချောင်းများကြားတွင် အရေပြား တွဲမနေဘဲ တောက်ပသော အဝါရောင် ခြေသည်းလက်သည်းများ ပါရှိသည်။ ကျောကုန်းပေါ်တွင် အခြေခံအရောင် သုံးမျိုး (အနီ၊အဝါ၊အပြာ) ပါသော ဒေါင်လိုက်အစင်းများ ရှိပြီး အလွန် တောက်ပြောင်သည်။ သစ်ပင်ရိပ်အောက်မှ အလင်းရောင်များ ကျရောက်နေချိန်တွင် ၎င်း၏ အရေပြားသည် မေးမှိန်သော အလင်းရောင်ကို ထုတ်လွှတ်နေသကဲ့သို့ပင်။
ဝမ်းဗိုက်သားမှာ မကောင်းဆိုးဝါးဆန်သော အနက်ရောင်ဖြစ်ပြီး ဆီသုတ်ထားသကဲ့သို့ ပြောင်လက်နေသော အကြေးခွံများ ဖုံးအုပ်ထားသည်။ လော်ယွမ် အံ့သြမိသည်မှာ ထိုအကြေးခွံများသည် ဆန်းကြယ်သော စွမ်းအင်တစ်ခု ရှိနေပုံရပြီး ကြာကြာစိုက်ကြည့်လျှင် မူးဝေအော့အန်ချင်လာစေသည်။
သတ္တဝါကြီးသည် မြေကြီးပေါ်တွင် မလှုပ်မယှက် ဝပ်နေပြီး မှေးစက်နေပုံရသည်။ သို့သော် ၎င်း၏ ဝမ်းဗိုက်မည်းမည်းကြီးသည် မကြာခဏ လှုပ်ရမ်းနေပြီး တစ်ခါတစ်ရံ ရုန်းကန်နေသကဲ့သို့ ဖြစ်နေသည်ကို လော်ယွမ် သတိပြုမိလိုက်သည်။ သေချာသည်မှာ ၎င်း အစာစားထားသည်မှာ မကြာသေးပေ။
ကံကောင်းသည်လား၊ ကံဆိုးသည်လား မသိ။ ဤသတ္တဝါကို လော်ယွမ် တမင်တကာ ရှာဖွေတွေ့ရှိခြင်း မဟုတ်ဘဲ လမ်းခရီးတွင် မတော်တဆ တွေ့ဆုံခြင်း ဖြစ်သည်။ စနစ်၏ သတင်းအချက်အလက်များအရ ၎င်းသည် ''အဆင့် ၇'' သတ္တဝါ ဖြစ်ကြောင်း ဖော်ပြနေသည်။
စီချွမ်းဒေသသို့ ဝင်ရောက်လာပြီးကတည်းက ဤကဲ့သို့ အဆင့်မြင့်သော သန္ဓေပြောင်း သတ္တဝါများကို ခပ်စိပ်စိပ် တွေ့လာရသည်။ မနေ့ကမှ ယခုအချိန်အထိ ၃ ကောင် တွေ့ရှိခဲ့ပြီး ယခုတစ်ကောင်က စတုတ္ထမြောက် ဖြစ်သည်။
ရှေ့တွင် တွေ့ခဲ့သော အဆင့် ၇ သတ္တဝါ ၃ ကောင်အနက် ၂ ကောင်ကို လော်ယွမ် သတ်ဖြတ်နိုင်ခဲ့သည်။ ကျန်တစ်ကောင်မှာ ဒဏ်ရာအပြင်းအထန် ရသွားသော်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လော်ယွမ်အနေဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်ဟု မထင်မှတ်လိုက်ပါနှင့်။ အမှန်တကယ်တွင် အန္တရာယ်ကင်းသည်ဟူ၍ မရှိခဲ့ပေ။
သူ သတ်ဖြတ်ခဲ့သော အဆင့် ၇ သတ္တဝါတစ်ကောင်မှာ လျှပ်စီးထုတ်လွှတ်နိုင်သော စွမ်းရည်ရှိသည်။ ထိုစဉ်က သူသည် အလစ်ချောင်းကာ တစ်ဖက်ရန်သူ သတိလွတ်နေချိန်တွင် ရုတ်တရက် တိုက်ခိုက်ပြီး ခေါင်းတစ်ခြမ်းကို ပိုင်းချလိုက်သော်လည်း မသေခင် ထုတ်လွှတ်လိုက်သော လျှပ်စီးတန်းကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရသည်။
အကယ်၍ လော်ယွမ်သာ အနာဂတ်ကို ကြိုတင်သိမြင်နိုင်စွမ်း မရှိခဲ့လျှင်၊ ခေါင်းဖြတ်ပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်မပြေးခဲ့လျှင် ယခုအချိန်၌ ဤနေရာတွင် ရပ်နေနိုင်မည် မဟုတ်တော့ပေ။ အဆင့် ၇ သတ္တဝါများ၏ ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမဟုတ်ဘဲ ခန့်မှန်း၍မရနိုင်သော အထူးစွမ်းရည်များသာလျှင် အဓိက ခြိမ်းခြောက်မှု ဖြစ်သည်။
လော်ယွမ် ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် မြက်ခင်းများကို အကာအကွယ်ယူကာ လက်ရောခြေပါ အသုံးပြု၍ ဖြည်းညှင်းစွာ တိုးကပ်သွားသည်။
ထိုသတ္တဝါကြီးသည် ဖားမျိုးနွယ်တို့၏ လှုပ်ရှားမှုကို အာရုံခံနိုင်သော မျက်လုံးမျိုး ရရှိထားပုံရသည်။ အကွာအဝေး ပေ ၁၈၀၀ ခန့်အကွာမှ လှုပ်ရှားမှုကိုပင် သတိထားမိလိုက်သည်။ ရုတ်တရက် ၎င်း၏ မျက်ခွံများ ပွင့်လာပြီး ဇလုံခန့်ရှိသော မျက်လုံးပြူးကြီးများဖြင့် လော်ယွမ်ရှိရာဘက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။
လော်ယွမ် ချက်ချင်းပင် ကျောက်ရုပ်ပမာ ငြိမ်သက်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ယခင်တွေ့ခဲ့ဖူးသော သတ္တဝါများကဲ့သို့ ခဏအကြာတွင် အကြည့်လွှဲသွားသည်။
လူသားခန္ဓာကိုယ်သည် သေးငယ်လွန်းသဖြင့် ဤမျှကြီးမားသော သတ္တဝါကြီးများအတွက် အရေးစိုက်စရာ မလိုပေ။ ဗိုက်ဆာနေလျှင်တောင်မှ သွားကြားညပ်ရုံလောက်သာ ရှိမည့် သတ္တဝါကို စားသောက်ဖွယ်ရာအဖြစ် သတ်မှတ်မည် မဟုတ်။ ထို့အပြင် ယခုအချိန်တွင် ၎င်း၏ဗိုက်ကြီးမှာ ကားထွက်နေပြီး အစာချေဖျက်ရင်း မှေးစက်နေချိန် ဖြစ်သည်။
သို့သော် ဒေသမတူလျှင် သတ္တဝါများ၏ လူသားအပေါ် သဘောထားလည်း ကွာခြားတတ်သည်။ ပြန်လည်တည်ဆောက်ရေးဇုန် အနီးတစ်ဝိုက်တွင်မူ ဤကဲ့သို့ ကံကောင်းမည် မဟုတ်။ ထိုနေရာရှိ သတ္တဝါများသည် လူသားတို့၏ ကြောက်မက်ဖွယ်အစွမ်းကို ကောင်းကောင်း နားလည်ထားကြသဖြင့် အနားကပ်လာသည်နှင့် သတိဝင်ကာ ရန်မူတိုက်ခိုက်ကြလိမ့်မည်။
ဤနေရာတွင်မူ လူသားဟူသည် တွေ့ရခဲသလို လူသားတို့၏ အန္တရာယ်ကိုလည်း မကြုံဖူးကြပေ။ ဤသတ္တဝါကြီးအတွက်မူ ''ကိုယ်ပျောက်ဘီလူးစိမ်း ဦးချို'' ဖြင့် ကိုယ်နံ့ ဖျောက်ထားသော လော်ယွမ်သည် ထူးဆန်းသော ပုံစံရှိသည့် ပိုးကောင်ငယ်လေး တစ်ကောင်အဖြစ်သာ မြင်ပြီး အနည်းငယ် စိတ်ဝင်စားရုံသာ ရှိပေလိမ့်မည်။
ခဏအကြာတွင် လော်ယွမ် ဆက်လက် ရွေ့လျားလိုက်သည်။ ဤတစ်ကြိမ်တွင် သတ္တဝါကြီးက လှည့်ပင်မကြည့်တော့ပေ။ လော်ယွမ်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်စ ပေါ်လာပြီး အရှိန်မြှင့်လိုက်သည်။ သူသည် လျင်မြန်သော ကြွက်တစ်ကောင်ပမာ မြက်ခင်းထဲတွင် တိုးဝှေ့သွားလာနေသည်။
အကွာအဝေး ပေ ၁၅၀ ခန့်သို့ ရောက်သောအခါ သတ္တဝါကြီးအတွက်မူ ၎င်း၏ခြေရင်းသို့ ရောက်နေသည်နှင့် တူနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်း၏ အကြည့်များ လော်ယွမ်ထံသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ လော်ယွမ် အလျင်အမြန် ရပ်တန့်လိုက်ရသည်။
ဒီတစ်ခေါက်တွင်မူ သတ္တဝါကြီးသည် တစ်စက္ကန့်ခန့် ကြာအောင် စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သက်တောင့်သက်သာ နေနေရာမှ အနည်းငယ် သတိရှိသော အနေအထားသို့ ပြောင်းလဲလိုက်သည်။ မရေရာသော အာရုံတစ်ခုအရ ၎င်းသည် မလုံခြုံမှုကို စတင် ခံစားလာရပုံရသည်။
လော်ယွမ်သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ကျောက်တုံးတစ်တုံးပမာ ငြိမ်သက်နေလိုက်သည်။ တောတွင်းအမဲလိုက်ခြင်းတွင် အလိုအပ်ဆုံးအရာမှာ စိတ်ရှည်သည်းခံခြင်း ဖြစ်သည်။ နောက်ထပ် မီတာ အနည်းငယ် တိုးလိုက်ရုံဖြင့် အကောင်းဆုံး တိုက်ခိုက်နိုင်မည့် အကွာအဝေးသို့ ရောက်ရှိမည် ဖြစ်သော်လည်း ယခုအချိန်တွင် စိတ်အနှောင့်အယှက် ဖြစ်စပြုနေသော သတ္တဝါကြီးကို ထပ်မံဆွပေးလိုက်ပါက ချက်ချင်း ထတိုက်ခိုက်လာမည်ကို သူ သိသည်။
၁၀ မိနစ်ကျော်ကြာမှ လော်ယွမ် တစ်ဖန်ပြန်လည် ရွေ့လျားသည်။ ဤတစ်ကြိမ်တွင် အလွန်နှေးကွေးစွာဖြင့် တစ်လက်မချင်း တိုးသွားသည်။ သို့သော် မီတာ အနည်းငယ်သာ ရောက်သေးချိန်တွင် လော်ယွမ်၏ မျက်နှာရိပ် ချက်ချင်း ပြောင်းလဲသွားသည်။ "ကြိုတင်အာရုံခံနိုင်စွမ်း" က ရလဒ်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဤအဆင့် တိုက်ပွဲများတွင် ၂ စက္ကန့် ကြိုမြင်ရခြင်းသည် အလွန်ကြာမြင့်သော အချိန်ဖြစ်ပြီး နိုင်ပွဲရှုံးပွဲကို အဆုံးအဖြတ် ပေးနိုင်သော အချိန်လည်း ဖြစ်သည်။
လော်ယွမ်၏ နဖူးမှ ချွေးစေးများ ချက်ချင်း ပြန်လာသည်။ သူ ပေါ့ဆမိသွားသည်။ ဖားနှင့်တူသော ဤသတ္တဝါကြီး၏ တိုက်ခိုက်မှုနှုန်းသည် သူပင် တုံ့ပြန်ချိန် မရလိုက်လောက်အောင် မြန်ဆန်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ကမ္ဘာမပျက်ခင်က သာမန်ဖားတစ်ကောင်သည် လူတစ်ယောက် မျက်တောင်မခတ်ခင် အချိန်အတွင်း ပိုးကောင်များကို လှမ်းဖမ်းမျိုချနိုင်သည်။ ၎င်းတို့၏ တိုက်ခိုက်နှုန်းသည် မြွေထက်ပင် မြန်သေးသည်။ ယခု ဖားသဏ္ဌာန် သတ္တဝါကြီးသည်လည်း အလားတူ တိုက်ခိုက်မှုကို ပြုလုပ်နိုင်သော်လည်း နှုန်းထားမှာမူ အဆတစ်ရာမက ပိုမိုမြန်ဆန်နေသည်။ လော်ယွမ်၏ သွက်လက်မှု ၁၆ မှတ် ရှိတာတောင်မှ အရိပ်တစ်ခုလောက်သာ မြင်လိုက်ရသည်။
အကယ်၍ သူသာ ရှေ့သို့ ဆက်တိုးသွားမည်ဆိုပါက ၁ စက္ကန့် အကြာတွင် တိုက်ခိုက်ခံရမည်ဖြစ်ပြီး အမြင်အာရုံ မည်းမှောင်သွားပေလိမ့်မည်။ ပြီးလျှင်တော့... ဘဝကူးသွားရုံသာ ရှိတော့သည်။
သူ့ခေါင်းထဲတွင် အတွေးများ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ရှေ့ဆက်တိုးမလား၊ နောက်ဆုတ်မလား။
နောက်တစ်ခဏတွင် သူ ရှေ့ဆက်တိုးရန် ဆုံးဖြတ်လိုက်သည်။ ကြိုတင်အာရုံခံနိုင်စွမ်း ရှိနေခြင်းသည် နတ်ဘုရားများ၏ မျက်လုံးကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်ပြီး အကြိမ်ကြိမ် အစမှပြန်စနိုင်သော အခွင့်အရေးကို ရရှိထားခြင်း ဖြစ်သည်။
သူ ဖြည်းညှင်းစွာ ရွေ့လျားရင်း လက်ရှိအခြေအနေနှင့် စိတ်နေစိတ်ထား ပြောင်းလဲမှုအပေါ် မူတည်၍ ဦးနှောက်ထဲမှ အနာဂတ်မြင်ကွင်းများလည်း ပြောင်းလဲလာသည်။ ဒီတစ်ခေါက်တွင် တိုက်ခိုက်မှုသည် ဝ.၅ စက္ကန့် အကြာတွင် ရောက်ရှိလာတော့မည်။ သတ္တဝါကြီး၏ သံသယနှင့် သတိထားမှုသည် အချိန်ကြာလာသည်နှင့်အမျှ တိုးပွားလာနေသည်။ သို့သော် နောက်ထပ် ဝ.၅ စက္ကန့် အကြာတွင် သူသည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပြီး အနိုင်ရရှိလိမ့်မည်။
လော်ယွမ်သည် မည်သည့်အပြောင်းအလဲမှ မလုပ်ဘဲ မူလအရှိန်အတိုင်း ဆက်လက် ရွေ့လျားနေသည်။ အချိန်သည် နှေးကွေးလေးလံစွာ ကုန်ဆုံးသွားပြီး တိုက်ခိုက်မှု ရောက်ရှိလာမည့် အချိန်ကိုက်တွင် သူသည် အသက်ဝဝ ရှူသွင်းလိုက်ပြီး ခန္ဓာကိုယ်မှ ကြွက်သားများကို ချက်ချင်း ဖောင်းပွစေလိုက်သည်။ ပြီးနောက် ခြေထောက်ဖြင့် မြေကြီးကို ဆောင့်ကန်လိုက်ရာ မြေပြင်သည် ပေါက်ကွဲသွားသကဲ့သို့ ဂူခွက်ကြီး ဖြစ်ကျန်ရစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် သတ္တဝါကြီးက တိုက်ခိုက်လိုက်သည်။ ၎င်း၏ ပါးစပ်ကြီး အနည်းငယ် ဟသွားပြီး အရိပ်တစ်ခုသည် လေဟာနယ်ကို ဖြတ်ကျော်ကာ လော်ယွမ်ကို ရိုက်ချလိုက်သည်။ သို့သော် ထိုအရာသည် မျက်လွှာထဲတွင် ကျန်ရစ်သော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။
လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော တိုက်ခိုက်မှု ရောက်ရှိလာချိန်တွင် လူရိပ်တစ်ခုသည် အမြောက်ဆံပမာ ဝေဟင်သို့ ပျံတက်သွားပြီး ဖြစ်သည်။ လော်ယွမ်၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်သည် အသံထက် မြန်သောနှုန်း နီးပါး ရှိသည်။ ဝေဟင်တွင် ကွေးထားသော ကိုယ်ခန္ဓာကို ဆန့်တန်းလိုက်ပြီး ညာလက်မှ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်သည်။
ပျစ်ချွဲနေသော လေထုကို ဖြတ်သန်းရင်း လော်ယွမ်၏ ဆံပင်များ လွင့်ဝဲနေသည်။
ပေ၁၅၀ နီးပါး ကွာဝေးသော်လည်း အသံထက်မြန်သော နှုန်းဖြင့် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ တိုက်ခိုက်လိုက်ရုံသာ ရှိသေးသော ဖားကြီးသည် ကြိုတင်ကာကွယ်သည့် သဘောဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဤကဲ့သို့ ကြီးမားသော အပြောင်းအလဲ ဖြစ်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။ ကြွက်သားများကို အလိုအလျောက် တင်းရင်းစေရုံသာ ရှိသေးချိန်တွင် သေစေနိုင်သော တိုက်ခိုက်မှုက ချက်ချင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် တုန်ခါမှုတစ်ခုသည် လေထုကို တိတ်ဆိတ်စွာ ဖြတ်သန်းသွားပြီး ၎င်း၏ ပါးစပ်ကျယ်ကြီးမှသည် ရှေ့ခြေထောက်အထိ ဖြတ်တောက်သွားသည်။ နာကျင်မှုကိုပင် မခံစားရသေးခင်မှာပင် ထိုသတ္တဝါငယ်လေးသည် ၎င်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်ဆောင့်မိသွားသည်။
၎င်း၏ ကိုယ်ထည်ကြီးမားလွန်းသဖြင့် ထိုဒဏ်ရာသည် အသက်အန္တရာယ် မရှိသော်လည်း သေဘေး၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ပြင်းထန်သော နာကျင်မှုနှင့် စိုးရိမ်ထိတ်လန့်မှုများက ၎င်းကို ဒေါသပေါက်ကွဲစေသည်။
၎င်း၏ ဝမ်းဗိုက်သည် ဖောင်းပွတုန်ခါသွားပြီး ပါးစပ်မှ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းကို ထုတ်လွှတ်လိုက်သည်။
"အူး..."
ထိုအခိုက်အတန့်တွင် လေထုသည် ရေမျက်နှာပြင်ကဲ့သို့ ဖြစ်သွားပြီး မျက်စိဖြင့်မြင်နိုင်သော လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ရှေ့ရှိ ကြီးမားသော သစ်ပင်ကြီးများ၊ မာကျောသော ကျောက်တုံးများသည် ထိုလှိုင်းဂယက်အောက်တွင် ဂျုံမှုန့်နယ်ထားသကဲ့သို့ ဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားကြသည်။ မလှမ်းမကမ်းရှိ တောင်ကုန်းတစ်ခုဆိုလျှင် မီတာတစ်ရာခန့်ရှိသော အပေါက်ကြီး ဖြစ်သွားသည်။ မီတာရာချီ ရှည်လျားသော ဧရိယာတစ်ခုလုံး ရှင်းလင်းသွားပြီး လေထုလှုပ်ခတ်ကာ ဖုန်မှုန့်များ ဖုံးလွှမ်းသွားသည်။
သို့သော် နောက်တစ်ခဏတွင် ထိုကြောက်မက်ဖွယ် အသံလှိုင်း ရပ်တန့်သွားသည်။ ၆ မီတာ၊ ၇ မီတာခန့် ရှည်လျားသော သွေးကြောင်းတစ်ခုသည် သတ္တဝါကြီး၏ ဦးခေါင်းနောက်ဘက်မှ စီးကျလာသည်။ တဖြည်းဖြည်းနှင့် သွေးများ ပိုမိုများပြားလာပြီး စမ်းချောင်းပေါက်သကဲ့သို့ ပန်းထွက်လာသည်။ မကြာမီ ဒဏ်ရာသည် ကမ္ဘာမြေဆွဲအားဒဏ်ကို မခံနိုင်တော့ဘဲ ကွဲအက်သွားတော့သည်။
၎င်း၏ခေါင်းကြီး ငိုက်ကျသွားပြီး နှစ်ခြမ်းကွဲနေသော ဦးနှောက်များ ပေါ်ထွက်လာသည်။
သတ္တဝါကြီး၏ ကိုယ်ပေါ်သို့ လွှားကနဲ ခုန်တက်ကာ ခေါင်းပေါ်သို့ ရောက်ရှိသွားပြီး နောက်ဆုံး အဆုံးသတ် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော လော်ယွမ်သည် ယခုအခါ သတ္တဝါကြီး၏ ခေါင်းပေါ်တွင် နာကျင်စွာ ဒူးထောက်နေရသည်။ စောစောက ထွက်ပေါ်လာသော အသံလှိုင်းကို သူ တိုက်ရိုက် မထိတွေ့ခဲ့ရသော်လည်း အနီးကပ် ရှိနေခဲ့သဖြင့် ပြင်းထန်စွာ ထိခိုက်ခဲ့ရသည်။ ယခုအခါ သူ၏ ကလီစာများ လိမ်ကျစ်သွားသကဲ့သို့ ခံစားရပြီး အရိုးများ ဆွေးမြည့်သွားသလို ခံစားနေရသည်။
နာကျင်လွန်းသဖြင့် မျက်နှာများပင် စိမ်းပုပ်နေသည်။ အတော်ကြာမှ သူ ပြန်လည် သက်သာလာသည်။
သတ္တဝါကြီး၏ ခန္ဓာကိုယ်သည် ဆက်တိုက် တုန်ခါနေဆဲ ဖြစ်ပြီး ခြေထောက်ကြီးများ ကန်ကျောက်မှုကြောင့် ပတ်ဝန်းကျင် မြေပြင်မှာလည်း ပုံပျက်ပန်းပျက် ဖြစ်နေသည်။ လော်ယွမ်သည် လက်ရှိအခြေအနေနှင့် အောက်သို့ မခုန်ဆင်းရဲသဖြင့် ခေါင်းပေါ်ရှိ အရိုးစွန်းများကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး ငြိမ်သက်စွာ နေလိုက်ရသည်။
နာရီဝက်ခန့် ကြာမှသာ အောက်မှ လှုပ်ရှားမှုများ ငြိမ်သက်သွားသည်။ ဦးနှောက်ထဲတွင် စနစ်မှ အသိပေးသံ ထွက်ပေါ်လာပြီးနောက် မိနစ်အနည်းငယ် ထပ်စောင့်ပြီးမှ အောက်သို့ ခုန်ဆင်းလိုက်သည်။ သူ့ခြေထောက် ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။
ဆက်ရန်...
အပိုင်း (၃၇၆) ရုတ်တရက်အပြောင်းအလဲ
လော်ယွမ်သည် ပြင်းထန်လှသော နာကျင်မှုကို အံကြိတ်ခံရင်း မီတာရာချီ လျှောက်လှမ်းပြီးနောက် ချက်ချင်းပင် ထိုင်ချကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
သူ ဒဏ်ရာကို အချိန်ဆွဲမထားရဲပေ။ ယခုအခါ ထိုဧရာမဖားကြီး၏ ခန္ဓာကိုယ်သည် တောင့်တင်းစပြုနေပြီ ဖြစ်သည်။ မူလက ထွက်ပေါ်နေသော ဖိစီးနှိပ်စက်ဖွယ် အရှိန်အဝါများသည်လည်း အသက်ငွေ့ ချုပ်ငြိမ်းသွားသည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားချေပြီ။ လေထုထဲတွင် ပျံ့လွင့်နေသော သွေးညှီနံ့ ပြင်းပြင်းများ၏ ဆွဲဆောင်မှုကြောင့် မကြာမီ အနီးနားရှိ သန္ဓေပြောင်း သတ္တဝါများ ရောက်ရှိလာကြတော့မည် ဖြစ်သည်။
အကယ်၍ ခန္ဓာကိုယ်သာ ပကတိအတိုင်း ကျန်းမာနေမည်ဆိုလျှင် သူ ကြောက်ရွံ့နေမည် မဟုတ်ချေ။ သို့သော် ယခုကဲ့သို့ ခွန်အားမဲ့နေသော အခြေအနေမျိုးတွင်မူ အစိမ်းရောင်အဆင့် သတ္တဝါလေးတစ်ကောင်ကပင် သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။
စိတ်စွမ်းအားဖြင့် အာရုံခံကြည့်လိုက်သော ရလဒ်က သူ့ကို သက်ပြင်းချနိုင်စေခဲ့သည်။ အခြေအနေက ထင်ထားသည်ထက် ပိုကောင်းနေ၏။ ကိုယ်တွင်းကလီစာများနှင့် သွေးကြောများမှာ အနည်းငယ်မျှသာ ပေါက်ပြဲသွားခြင်း ဖြစ်သည်။ ဤကဲ့သို့သော ဒဏ်ရာမျိုးကို စိတ်စွမ်းအားအကူအညီဖြင့် အလွယ်တကူ ကုသနိုင်ပေသည်။
သို့သော် တစ်ခုတည်းသော ပြဿနာမှာ ကုသရန်လိုအပ်သည့် ဒဏ်ရာအနာတရများ များပြားလွန်းနေခြင်းပင်။ စိတ်စွမ်းအား၏ အဏုကြည့်အမြင်ဖြင့် ကြည့်လိုက်လျှင်ပင် ပျက်စီးမှုများက ပြည့်ကျပ်သိပ်နေသည်ကို တွေ့ရသည်။ ကိုယ်တွင်းကလီစာများနှင့် သွေးကြောအားလုံးနီးပါး ထိခိုက်ဒဏ်ရာ ရထားသည့်အတွက် လုံးဝပြန်ကောင်းသွားအောင် ကုသမည်ဆိုပါက အနည်းဆုံး နှစ်နာရီခန့် ကြာမြင့်ပေလိမ့်မည်။
သို့ရာတွင် အန္တရာယ်များလှသော ဤပတ်ဝန်းကျင်အခြေအနေက သူ့အား ဘေးကင်းလုံခြုံစွာဖြင့် နှစ်နာရီကြာအောင် ကုသနေခွင့် ပြုမည်မဟုတ်သည်မှာ သေချာလှသည်။
ဤသို့သော အခြေအနေမျိုးတွင် သူသည် အရေးအကြီးဆုံးဖြစ်သော နှလုံးနှင့် သွေးကြောမကြီးများကို ဦးစားပေး ကုသရပေမည်။ တိုက်ခိုက်နိုင်စွမ်း အထိုက်အလျောက် ပြန်ရလာမှသာ ဘေးကင်းလုံခြုံမည့်နေရာကို ရှာဖွေပြီး လုံလောက်သော အချိန်ယူကာ ဆက်လက်ကုသနိုင်မည် ဖြစ်သည်။
လော်ယွမ်သည် စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး စတင်ကုသတော့သည်။ စိတ်စွမ်းအားအမြင်ဖြင့် ကြည့်လိုက်သောအခါ နှလုံးသည် နွယ်ပင်ပေါင်းများစွာ ရစ်ပတ်ထားသော အုန်းသီးကြီးတစ်လုံးနှင့် တူနေပြီး အပေါ်ယံတွင် ကြီးငယ်မဟူသော အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။
အက်ကွဲကြောင်းများကြားမှတဆင့် အတွင်းဘက်တွင် စီးဆင်းနေသော သွေးများကို မြစ်ချောင်းများပမာ တွေ့မြင်နေရသည်။ အံ့သြစရာကောင်းသည်မှာ ထိုအက်ကွဲကြောင်းများမှ သွေးတစ်စက်ကလေးမျှ စီးကျလာခြင်း မရှိပေ။ မမြင်ရသော စွမ်းအားတစ်ခုက ထိုသွေးများကို ထိန်းချုပ်ထားသကဲ့သို့ပင်။
နောက်တစ်ခဏတွင် စိတ်စွမ်းအားသက်ရောက်မှုနှင့်အတူ ဒဏ်ရာအများအပြားသည် အလိုအလျောက် ပြန်လည်စေ့စပ်သွားကြသည်။ အသားနုများ ပြန်လည် ဖြစ်ပေါ်လာပြီး စက္ကန့်ပိုင်းအကြာတွင် ဒဏ်ရာများအားလုံး မူလအတိုင်း ပြန်လည်ကောင်းမွန်သွားကာ ဒဏ်ရာရထားသည့် လက္ခဏာပင် မကျန်တော့ချေ။
................................................................................................
လော်ယွမ်၏ စိုးရိမ်မှုမှာ မကြာခင်မှာပင် လက်တွေ့ဖြစ်လာခဲ့သည်။ သူထိုင်လိုက်ပြီး သိပ်မကြာခင်မှာပင် အမွေးပွပွနှင့် ဧရာမဝံပုလွေကြီးနှင့် တူသော သန္ဓေပြောင်း သတ္တဝါတစ်ကောင် တောအုပ်ထဲမှ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ၎င်းသည် သစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်တွင် ဝပ်နေပြီး ကောက်ကျစ်စဉ်းလဲကာ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် တောင်ကုန်းငယ်ပမာ ရှိနေသော ဧရာမဖားကြီးကို လောဘတကြီး လှမ်းကြည့်နေသည်။ လေထဲတွင် ပျံ့လွင့်နေသော သွေးညှီနံ့က ၎င်း၏ ခန္ဓာကိုယ်ကို လှုပ်ရှားချင်လာအောင် ဆွပေးနေသကဲ့သို့ ပါးစပ်မှ သွားရည်များ တရဟော စီးကျနေတော့သည်။
သို့သော် ၎င်းသည် အတော်လေး သတိထားနေပုံရပြီး ချက်ချင်း တိုးမလာရဲသေးပေ။ ဤတောအုပ်ထဲတွင် သူ့ခန္ဓာကိုယ်ကို အလွယ်တကူ ဆွဲဖြဲသတ်ဖြတ်နိုင်သော သတ္တဝါပေါင်းများစွာ ရှိနေပြီး ထိုဧရာမဖားကြီးသည်လည်း ဤပတ်ဝန်းကျင်တွင် အစွမ်းအထက်ဆုံး သတ္တဝါများထဲမှ တစ်ကောင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ရက်စက်ကြမ်းကြုတ်သော ရှင်သန်မှု ပတ်ဝန်းကျင်ကြောင့် အနည်းငယ်မျှ ပေါ့ဆလိုက်သည်နှင့် မိမိအသက်ဖြင့် ပြန်ပေးဆပ်ရမည်ကို ၎င်း ကောင်းကောင်းကြီး နားလည်ထားသည်။
သို့သော် သူ့ပြိုင်ဘက် ရောက်လာပြီဖြစ်ကြောင်း သူ ချက်ချင်းပင် သိလိုက်သည်။ တခါက အဝေးမှ လှမ်းမြင်ဖူးသော အားကောင်းသည့် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ပင်။ ထိုကောင်၏ ခန္ဓာကိုယ်သည် သူ့ထက် တစ်ဆခွဲခန့် ပိုကြီးပြီး နေရောင်အောက်တွင် ကျနေသော ထိုကောင်၏ အရိပ်မည်းကြီးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားစေသည်။ ထိုကောင်၏ ကြောက်မက်ဖွယ် ပါးစပ်ပေါက်ကြီးက သူ့ကို အရေခွံရော အရိုးပါမကျန် နှစ်လုပ်လောက် ဝါးရုံဖြင့် မျိုချပစ်နိုင်လောက်ပေသည်။
ဝံပုလွေကြီးမှာ ကြောက်စိတ်ဝင်လာပြီး ခြုံပုတ်ထဲသို့ မသိမသာ တိုးဝင်လိုက်မိသည်။ သို့သော် သူ့အကြောက်တရားမှာ ပိုနေမှန်း ချက်ချင်းပင် သိလိုက်ရသည်။ ထိုကြောက်မက်ဖွယ် သတ္တဝါကြီး၏ အာရုံအလုံးစုံမှာ တောင်ကုန်းငယ်ပမာ ဧရာမဖားကြီးဆီသို့သာ ရောက်နေပြီး သူ့ထက်ပင် သတ္တိကောင်းစွာဖြင့် ရှေ့သို့ ခြေလှမ်းဆယ်လှမ်းကျော်ခန့် တိုးဝင်သွားလေသည်။
...........................................................................................................
ကုသမှု ပြုလုပ်နေစဉ်မှာပင် လော်ယွမ်သည် ပတ်ဝန်းကျင်အခြေအနေကို အာရုံစိုက်ထားဆဲ ဖြစ်သည်။
ဆယ်မိနစ်မျှ အချိန်တိုအတွင်းမှာပင် အနီးနားတဝိုက်သို့ သန္ဓေပြောင်း သတ္တဝါ ရာဂဏန်းခန့် ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။ ထိုကောင်များ၏ အဆင့်မှာ မတူညီကြဘဲ အဆင့်မြင့်သူများက အစိမ်းရောင်အဆင့် ရှိကာ အဆင့်အနိမ့်ဆုံးကောင်များမှာ အပြာရောင်အဆင့် မျှသာ ရှိကြသည်။
အရပ်မျက်နှာအနှံ့မှ ကြားနေရသော တဖြည်းဖြည်း ပိုမိုရှင်းလင်းလာသည့် ခြေသံများအရ နောက်ထပ် သတ္တဝါများစွာ ထပ်ရောက်လာဦးမည်မှာ ထင်ရှားနေသည်။
ဤအချိန်တွင် သူ့နှလုံးမှာ ကုသပြီးစီးသွားပြီဖြစ်၍ အဓိက သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများကို စတင်ပြုပြင်နေပြီ ဖြစ်သည်။ သွေးလည်ပတ်မှုစနစ် ပြန်ကောင်းသွားသည်နှင့် ''မြေလှိုင်းကြိန်နှုန်း'' အခြေအနေသို့ ဝင်ရောက်နိုင်မည် ဖြစ်ရာ ထိုအကောင်များကို ဂရုစိုက်နေစရာ မလိုတော့ပေ။ အများစုမှာ အဆင့်နိမ့်ကောင်များ ဖြစ်သဖြင့် လာသမျှ သေကြရမည်သာ။ အနည်းငယ် အစွမ်းထက်သော ကောင်များ ပါလာလျှင်လည်း ''မြေလှိုင်းရေပန်း'' စွမ်းရည်ဖြင့် တုန်ခါရိုက်ခတ်ပြီး သတ်ပစ်နိုင်ပေသည်။
နှလုံးနှင့် သွေးကြောများ ကောင်းမွန်သွားသည်အထိ စောင့်နေရခြင်းမှာ ''မြေလှိုင်းကြိန်နှုန်း'' အခြေအနေသို့ ဝင်ရောက်ချိန်တွင် နှလုံးနှင့် သွေးကြောများအပေါ် ဖိအားသက်ရောက်မှု အလွန်ကြီးမားသောကြောင့် ဖြစ်သည်။ ထိုအခြေအနေတွင် နှလုံးခုန်နှုန်း နှေးသွားသော်လည်း လက်တွေ့တွင်မူ နှလုံးတစ်ချက် ခုန်လိုက်တိုင်း ညှစ်ထုတ်လိုက်သော သွေးပမာဏမှာ ပုံမှန်ထက် အဆများစွာ ပိုများလေသည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းသော နှလုံးနှင့် ကောင်းမွန်သော သွေးကြောများ မရှိပါက မြန်ဆန်ပြင်းထန်လှသည့် သွေးစီးဆင်းမှုဒဏ်နှင့် သွေးဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ထိုအချိန်ရောက်မှ သူက သွေးစီးဆင်းမှုကို ထိန်းချုပ်နိုင်သည် ဆိုလျှင်ပင် နေရာအနှံ့ ပေါက်ပြဲနေသော ဒဏ်ရာများကို တပြိုင်နက်တည်း အာရုံစိုက်ကုသရန်မှာ မဖြစ်နိုင်တော့ပေ။
............................................................................................................
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ဝိုင်းအုံနေကြသော သတ္တဝါများသည် အကဲခတ်ရင်း တဖြည်းဖြည်း တိုးကပ်လာကြသည်။ သတ္တဝါတစ်ကောင်ဆိုလျှင် သူနှင့် မီတာအနည်းငယ် အကွာသို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။ ကံကောင်းသည်မှာ လော်ယွမ် ရှိနေသည်ကို အခြားသတ္တဝါများ သတိမထားမိကြသေးခြင်းပင်။
လော်ယွမ်သည် မျက်လွှာချထားသော်လည်း မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ယခုအခါ အဓိက သွေးလွှတ်ကြော၊ သွေးပြန်ကြောကြီးများကို ပြုပြင်ပြီးသွားပြီ ဖြစ်သလို သွေးကြောမျှင် အများစုကိုလည်း ကုသပြီးစီးပြီ ဖြစ်သည်။ မိနစ်အနည်းငယ်ကြာလျှင် သူသည် ''မြေလှိုင်းကြိန်နှုန်း'' အခြေအနေသို့ အချိန်မရွေး ဝင်ရောက်နိုင်တော့မည်။ လိုအပ်လာပါက ယခုအချိန်တွင်ပင် ဒဏ်ရာပိုဆိုးသွားမည့်အရေးကို ရင်းပြီး အတင်းအကြပ် ဝင်တိုက်ခိုက်၍ ရနေပြီဖြစ်သည်။
သူ့အတွက်မူ ပွဲချင်းပြီး သေဆုံးသွားခြင်း မရှိသရွေ့ မည်သည့်ဒဏ်ရာမျိုးကိုမဆို လျင်မြန်စွာ ပြန်လည်ကုသနိုင်စွမ်း ရှိသည်။
သို့သော် လာပြီး အသေခံမည့်ကောင် မရှိသေးသ၍ သူကတော့ ဆက်လက်ကုသနေရသည်ကို သဘောကျနေမိသည်။
ထိုအချိန်မှာပင် လော်ယွမ်၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး ကုသနေခြင်းကို ရပ်တန့်လိုက်သည်။ လေထုထဲတွင် ပြောမပြတတ်သော ထူးဆန်းသည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်ကို သတိပြုမိလိုက်သည်။
သစ်ရွက်တစ်ရွက်သည် အကိုင်းအခက်မှ ကြွေကျလာပြီး လေထဲတွင် ဝဲပျံနေသည်။ မြေပြင်ပေါ်သို့ မကျရောက်နိုင်သေးမီမှာပင် မမြင်ရသော လေစီးကြောင်းတစ်ခု၏ ရိုက်ခတ်မှုကြောင့် လေထဲတွင်ပင် တဝဲလည်လည် ဖြစ်နေပြီး အောက်သို့ ကျမလာနိုင် ဖြစ်နေသည်။
လေဆင်နှာမောင်း အသေးစားလေးတစ်ခု မြေပြင်ပေါ်တွင် ရုတ်တရက် ဖြစ်ပေါ်လာပြီး သစ်ရွက်ခြောက်များနှင့် သဲမှုန်များကို ဆွဲယူကာ လည်ပတ်နေသည်။
သူသည် စိတ်ဂနာမငြိမ်စွာဖြင့် ဘယ်ညာဝေ့ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့သြထိတ်လန့်ရိပ်များ ယှက်သန်းသွားသည်။
ပုံမှန်ဆိုလျှင် သာမန်သဘာဝဖြစ်စဉ်များဟု ဆိုနိုင်သော်လည်း ယခုအချိန်တွင်မူ ထိုမြင်ကွင်းများက ထူးဆန်းအံ့ဖွယ် ဖြစ်နေတော့သည်။
လော်ယွမ် အာရုံခံမိသည်မှာ... ခုနလေးတင် ရှိမနေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခု ဤနေရာလပ်တွင် ရုတ်တရက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုစွမ်းအင်သည် သိပ်မပြင်းထန်သလို သတ်ဖြတ်နိုင်စွမ်းလည်း မရှိပေ။ လေစီးဆင်းမှု လမ်းကြောင်းကို နှောင့်ယှက်ရုံ သက်သက်သာ ဖြစ်သည်။
သို့သော် လော်ယွမ်ကို ရင်တုန်သွားစေသည်မှာ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ထိုစွမ်းအင်သည် အရှိန်အဟုန်ဖြင့် ကြီးထွားလာနေခြင်းပင်။ အစပိုင်းတွင် လေစီးကြောင်း အနည်းငယ် တုန်ခါရုံသာ ရှိသော်လည်း ယခုအခါ ကြီးမားကျယ်ပြန့်သော လေဆင်နှာမောင်းအသွင် ပြောင်းလဲလာလေပြီ။
တောအုပ်ထဲတွင် လေပြင်းများ စတင်တိုက်ခတ်လာပြီး သစ်ပင်များ တရွှီရွှီ မြည်ဟီးလာကြသည်။ လေပြည်လေညင်းသာ ဖြစ်သော်လည်း လော်ယွမ်၏ ရင်ထဲတွင်မူ အေးစက်ထိတ်လန့်လာပြီး ခေါင်းခွံများပင် ထုံကျဉ်လာသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိ ကမ္ဘာမြေ သံလိုက်စက်ကွင်းများ ဖောက်ပြန်ပြောင်းလဲလာနေပြီး ရံဖန်ရံခါတွင် လျှပ်စီးကြောင်းငယ်များ ဖြာထွက်လာသည်ကိုပင် သူ မြင်တွေ့နေရပြီ ဖြစ်သည်။
ထိုလျှပ်စီးကြောင်းများသည် ဖုန်မှုန့်များပမာ သေးငယ်ပြီး ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားတတ်ရာ လော်ယွမ်၏ မျက်လုံးများသာ စူးရှထက်မြက်ခြင်း မရှိပါက မည်သည့် လှုပ်ရှားမှုကိုမှ မြင်တွေ့နိုင်မည် မဟုတ်ပေ။
ယခုအချိန်တွင် သန္ဓေပြောင်း သတ္တဝါများလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံမိသွားကြသည်။ ၎င်းတို့သည် ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားကြပြီး ဂနာမငြိမ်ဖြစ်ကာ သွားများကို ဖြဲ၍ အသံနက်ကြီးများဖြင့် ဟိန်းဟောက်နေကြတော့သည်။ ဉာဏ်ပြေးသော အကောင်အချို့ကမူ နောက်လှည့်၍ ထွက်ပြေးနေကြလေပြီ။
''သေစမ်း... ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး''
ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် စိုးရိမ်ပူပန်မှုများ ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရပြီးနောက် လော်ယွမ် မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် ပြင်းထန်လှသော နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း လေးလံသော ခြေလှမ်းများဖြင့် အဝေးသို့ အမြန်ပြေးထွက်သွားတော့သည်။
ဆက်ရန်...