← Chapters

အခန်း (၃၇၇+၃၇၈)

Vol. 19 Ch. 377+378

အခန်း (၃၇၇+၃၇၈)

Vol. 19 Ch. 377+378

အပိုင်း (၃၇၇) အဆင့် (၈) သတ္တဝါနှင့်ထပ်မံဆုံတွေ့ခြင်း

လော်ယွမ် စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ကွင်းဆက်တုံ့ပြန်မှုများ ချက်ချင်း ဖြစ်ပေါ်လာသည်။

လေထုထဲမှ မငြိမ်မသက်မှုများကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသော သန္ဓေပြောင်း သတ္တဝါတစ်ကောင်သည် လော်ယွမ် သူ့ဘက်သို့ ပြေးလာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း ဒေါသအမျက်ခြောင်းခြောင်း ထွက်လာတော့သည်။ ၎င်း၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လာပြီး ခြေလေးချောင်းဖြင့် ခုန်ပျံလိုက်ကာ ဤသေးငယ်သော သတ္တဝါလေးကို ခုန်အုပ်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ဤ သေးငယ်ပုံရသော သတ္တဝါလေးသည် လူရေခွံခြုံထားသည့် တိုင်ရန်နိုဆောရပ်စ် ဒိုင်နိုဆောကြီး တစ်ကောင်ဖြစ်ကြောင်း ထိုသတ္တဝါက လုံးဝ မသိရှိပေ။ ယခုအချိန်တွင် လော်ယွမ်က ဒဏ်ရာအပြင်းအထန် ရထားသော်လည်း မည်သူမဆို လွယ်လွယ် လာရောက်ရန်စနိုင်သူ မဟုတ်ပေ။

လေထဲသို့ ခုန်တက်နေစဉ်မှာပင် ထိုသတ္တဝါသည် တစ်ကိုယ်လုံး တုန်ခါသွားပြီး ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်ကာ ဖြည်းညင်းစွာ ကွဲထွက်သွားလေသည်။

လော်ယွမ်သည် ခြေတစ်လှမ်းဆုတ်ကာ ပြုတ်ကျလာသော အလောင်းကို ရှောင်တိမ်းလိုက်ပြီး အရှိန်မလျှော့ဘဲ ဆက်လက်ပြေးလွှားနေသည်။

သို့သော် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားသော သွေးများနှင့် ကလီစာများသည် အခြားသော သန္ဓေပြောင်း သတ္တဝါများ၏ စိတ်ကို အပြီးတိုင် ရူးသွပ်သွားစေရန် ဖိအားပေးလိုက်သော နောက်ဆုံးကောက်ရိုးမျှင် ဖြစ်သွားသည်။ ပြင်းထန်သော စိတ်မငြိမ်မသက်မှုများ၏ လှုံ့ဆော်မှုအောက်တွင် မူလကတည်းက ဂနာမငြိမ်ဖြစ်နေသော သတ္တဝါများသည် လုံးဝ ရိုင်းစိုင်းခက်ထန်လာကြသည်။

မီတာရာဂဏန်းမျှသာ ရှိသော လမ်းခရီးတိုအတွင်း လော်ယွမ်သည် သတ္တဝါ (၆) ကောင်ကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ အဆင့် (၈) ကျန်းမာတောက်ဓား၏ ထက်မြက်မှုနှင့် (၁%) သော လေးဖက်မြင် ဦးနှောက်၏ ကြိုတင်သိမြင်နိုင်စွမ်းတို့ကြောင့် ရန်သူမလှုပ်ရှားမီကပင် သူက နောက်ဆက်တွဲ လှုပ်ရှားမှုများကို ကြိုတင်သိရှိနေပြီး အားစိုက်ထုတ်စရာမလိုဘဲ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

သန္ဓေပြောင်း သတ္တဝါများသည် လော်ယွမ်ကို တိုက်ခိုက်ရုံသာမက အချင်းချင်းလည်း ပြန်လည်ကိုက်ခဲနေကြသည်။ အကောင်တိုင်း၏ မျက်လုံးများမှာ နီရဲနေပြီး မွေးရာပါ ရန်သူတော်ကြီးများအလား မိမိတို့၏ ဒဏ်ရာများကိုပင် ဂရုမစိုက်ဘဲ ရက်ရက်စက်စက် ကိုက်ခဲသတ်ဖြတ်နေကြသည်။

တရစပ် ဝင်ရောက်တိုက်ခိုက်နေသော သတ္တဝါများကြောင့် သူ့ခြေလှမ်းများ နှောင့်နှေးကြန့်ကြာနေသည်ကို ကြည့်ရင်း လော်ယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ စိတ်ပူပန်မှုအပြင် ဒေါသပါ ထွက်လာသည်။

ထိုအချိန်တွင် ပတ်ဝန်းကျင် လေထုသည် အလွန်အမင်း ကမောက်ကမ ဖြစ်နေပြီဖြစ်သည်။ မျက်စိတစ်ဆုံး နေရာတိုင်းတွင် လေပွေများ ဖြစ်ပေါ်နေပြီး အချို့လေပွေများသည် ၂၄၊ ၂၅ပေခန့် မြင့်မားကာ ကျောက်ခဲများနှင့် သစ်ရွက်ခြောက်များကို လှည့်ပတ် စုပ်ယူနေကြသည်။

ကမ္ဘာမြေ၏ သံလိုက်စက်ကွင်းသည်လည်း ရှုပ်ထွေးပွေလီနေပြီ ဖြစ်သည်။

သံလိုက်စက်ကွင်း ပြောင်းလဲမှုကြောင့် လျှပ်စစ်စီးကြောင်းများ ဖြစ်ပေါ်လာပြီး လေထုထဲတွင် သိပ်သည်းနေသော တည်ငြိမ်လျှပ်စစ်များကြောင့် သတ္တဝါများ၏ အမွေးအမျှင်များ ထောင်ထနေကြသည်။ ရံဖန်ရံခါတွင် လျှပ်စီးကြောင်းများ လေထဲတွင် ဖြတ်သန်းသွားပြီး တဖျစ်ဖျစ် အသံများ ထွက်ပေါ်နေသည်။

သူ၏ စိတ်အာရုံကို စုစည်းလိုက်ပြီး နှလုံးခုန်နှုန်းကို လျှော့ချကာ "မြေလှိုင်းကြိန်နှုန်း" အခြေအနေသို့ အတင်းအကျပ် ဝင်ရောက်လိုက်သည်။

နောက်တစ်ခဏတွင် ခြေထောက်ကို မြှောက်၍ ဆောင့်နင်းချလိုက်သည်။ ချက်ချင်းဆိုသလိုပင် "ဘုန်း" ခနဲ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

မြေကြီးသည် လှန်လှောလိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြီး ပေ၃၀၀ ပတ်လည်ရှိ သတ္တဝါများ လဲကျကုန်သည်။ အများစုမှာ ပါးစပ်နှင့် နှာခေါင်းမှ သွေးများထွက်ကာ တုန်ခါမှုဒဏ်ကြောင့် ပွဲချင်းပြီး သေဆုံးကုန်ကြပြီး အချို့ အားနည်းသော အကောင်ငယ်များမှာမူ အမှုန့်ဖြစ်သွားသည်အထိ တုန်ခါခံလိုက်ရပြီး အရိုးများသာ လေထဲမှ ပြုတ်ကျလာတော့သည်။

အစိမ်းနုရောင် အဆင့်ရှိသော သတ္တဝါအနည်းငယ်သာ ဒဏ်ရာအနည်းငယ်ဖြင့် အသက်ရှင် ကျန်ရစ်သည်။

ဤတိုက်ခိုက်မှု ဧရိယာထဲတွင် ရှိနေသော တစ်ကောင်တည်းသော အစိမ်းရောင် အဆင့်ရှိ သတ္တဝါမှာမူ ခန္ဓာကိုယ် တစ်ချက်တုန်သွားရုံမှလွဲ၍ ဘာမှမဖြစ်ပေ။

၎င်းမှာ လော်ယွမ် ဒဏ်ရာပြင်းထန်စွာ ရထားပြီး သူ၏ အင်အား ဆယ်ပုံသုံးပုံခန့်သာ ကျန်တော့ခြင်းကြောင့်ဖြစ်သည်။ သို့မဟုတ်ပါက ဤ "မြေလှိုင်းခြေဆောင့်နင်း" တစ်ချက်တည်းနှင့်ပင် အစိမ်းရောင်အဆင့်အောက် သတ္တဝါအားလုံး အသက်ရှင်နိုင်မည် မဟုတ်ပေ။

ထို အစိမ်းရောင်အဆင့် သတ္တဝါသည် ရုတ်တရက် တိုက်ခိုက်မှုကြောင့် လန့်ဖျပ်သွားပြီးနောက် အသိပြန်ဝင်လာပုံရကာ အဝေးသို့ လှည့်ပြေးသွားတော့သည်။

လော်ယွမ် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ မျက်နှာ ဖြူဖျော့သွားသော်လည်း ထိုသတ္တဝါ ထွက်ပြေးသွားသည်ကို လွှတ်ပေးလိုက်သည်။ သူလည်း ကြာကြာနေရန် မရဲတော့သဖြင့် "မြေလှိုင်းကြိန်နှုန်း" အခြေအနေမှ ထွက်ခွာပြီး ထပ်မံ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုစဉ် သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားပြီး ရပ်တန့်သွားသည်။

မည်သည့်အချိန်က ရောက်နေမှန်း မသိရဘဲ ရှေ့တည့်တည့်တွင် ထူးဆန်းနက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ယခုလေးတင် ရောက်လာခြင်းလား၊ သို့မဟုတ် ရောက်နေသည်မှာ ကြာပြီလား မသိရသော်လည်း လော်ယွမ် စိတ်ပျက်အားငယ်သွားရသည်မှာ ၎င်း မည်သို့ပေါ်လာသလဲ ဆိုသည်ကို သူ လုံးဝ သတိမထားမိလိုက်ခြင်းကြောင့် ဖြစ်သည်။

ဤ "စူပါသက်ရှိ" ၏ ဘေးပတ်လည်တွင် လေစီးကြောင်းများ ပြင်းထန်စွာ လှည့်ပတ်နေပြီး ရေတွက်မရနိုင်သော လျှပ်စီးကြောင်းများ ရစ်ပတ်နေသည်။ ၎င်း ဆင်းသက်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုသည် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လော်ယွမ်၏ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီး ဖိထားသကဲ့သို့ အသက်ရှူရန်ပင် ခက်ခဲလာသည်။

၎င်း၏ တစ်ကိုယ်လုံးသည် အလင်းများ ထွက်နေသကဲ့သို့ ဖြစ်နေသည်။ စိန်နားကပ်ပုံသဏ္ဍာန် အကြေးခွံများသည် သေသပ်စွာ စီတန်းလျက် ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ အကြေးခွံတစ်ခုချင်းစီသည် ကြည်လင်တောက်ပသော အစိမ်းရောင်ဖြစ်ပြီး စွမ်းအင်ရောင်ခြည်များ ထုတ်လွှတ်နေကာ သစ်ပင်ရိပ်အောက်တွင် ဆန်းကြယ်သော အရောင်အသွေးများကို ဖန်တီးနေသည်။ ပတ်ဝန်းကျင်မှ အလင်းရောင်များသည် ၎င်းနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားသကဲ့သို့ ထင်ရသည်။

လော်ယွမ်ကို ပို၍ တုန်လှုပ်စေသည်မှာ ၎င်း၏ ရုပ်ဆင်းသွင်ပြင်သည် အလွန်ထူးဆန်းပြီး မြင်ရသူ၏ စိတ်ကို ထိတ်လန့်သွားစေနိုင်သည်။

၎င်း၏ ကြီးမားလှသော ပေ၂၀၀ ခန့် အမြင့်ကို မကြည့်ဘဲ ထားလိုက်လျှင် မြင်းတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်နှင့် မြင်းခွာကဲ့သို့ ခြေထောက်များ ပါရှိသည်။ သို့သော် လည်ပင်းတဝိုက်တွင် လူကို ကြက်သီးထစေလောက်အောင် ထူထပ်သိပ်သည်းစွာ ပေါက်နေသော အနီရောင် ပုံဆောင်ခဲလုံးများ နှင့် နတ်ဆိုးတစ်ကောင်ကဲ့သို့ ခေါင်းပိုင်းကိုသာ မကြည့်လျှင် ၎င်းသည် အန္တရာယ်ကင်းသော နို့တိုက်သတ္တဝါကြီး တစ်ကောင်နှင့် လုံးဝ တူနေသည်။

၎င်းသည် ခေါင်းကိုစောင်းကာ လော်ယွမ်ကို စူးစမ်းသလို ကြည့်လိုက်သည်။ လော်ယွမ်၏ မျက်နှာသည် ၎င်းနှင့် ဆင်တူနေသောကြောင့် စိတ်ဝင်စားသွားခြင်း ဖြစ်နိုင်သည်။ ကြည်လင်တောက်ပသော မျက်လုံးကြီးများသည် အလင်းရောင် ဖျော့ဖျော့ ထုတ်လွှတ်နေသည်။ ထိုမျက်လုံးများကိုသာ ကြည့်လျှင် အပြစ်ကင်းစင်သော ပုံစံမျိုး ဖြစ်နေသော်လည်း ၎င်း၏ မျက်နှာထားကမူ အလွန် ကြောက်စရာကောင်းပြီး အရုပ်ဆိုး အကျည်းတန်လွန်းလှသည်။

ထို့နောက် ၎င်းသည် ခြေလေးချောင်းကို စတင်ရွေ့လျားလိုက်သည်။ ခြေလှမ်းများသည် မမြန်လွန်း မနှေးလွန်းဘဲ သက်သောင့်သက်သာနှင့် ကျက်သရေ ရှိလှသည်။ ခြေလှမ်းလှမ်းလိုက်တိုင်း ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်သည် မြေကြီးနှင့် အနည်းငယ် လွတ်ကင်းကာ လွင့်မျောနေသကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် လမ်းလျှောက်သည့်အခါ အသံတစ်စက်မျှ မထွက်ပေ။ ကြီးမားသော ခန္ဓာကိုယ်ကြီး ဖြစ်သော်လည်း ပေါ့ပါးသွက်လက်နေသည့် ဆန့်ကျင်ဘက် ခံစားမှုကို ပေးစွမ်းနေသည်။

အနီးနားရှိ ထွက်ပြေးရန် အချိန်မရလိုက်သော သတ္တဝါများသည် ကြောက်လန့်လွန်းသဖြင့် ဆီး၊ ဝမ်းများ ထွက်ကျကာ မြေကြီးပေါ်တွင် ဝပ်လျက် တစ်ကိုယ်လုံး တုန်ယင်နေကြသည်။ ဤ စူပါသက်ရှိကြီးသည် ကြောက်လန့်ပြီး မလှုပ်ရဲဖြစ်နေသော သတ္တဝါများကို ဂရုစိုက်ပုံမရပေ။ လမ်းပိတ်နေသော သတ္တဝါများ ရှိလျှင်ပင် ဘေးမှ ကွင်းရှောင်သွားလေသည်။

လော်ယွမ်၏ အနားသို့ ဖြတ်သွားသောအခါ ၎င်းသည် ရပ်တန့်လိုက်ပြီး သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ၎င်း၏ ဘေးပတ်လည်ရှိ ပြင်းထန်သော လေစီးကြောင်းများကြောင့် လော်ယွမ် ယိုင်နဲ့သွားပြီး လျှပ်စီးကြောင်းများ ပေါက်ကွဲသံနှင့်အတူ အိုဇုန်းနံ့များ ရလိုက်သည်။ ပိုမိုသေချာစွာ မြင်ရစေရန်အတွက် ၎င်းသည် ခေါင်းကိုငုံ့ကာ လော်ယွမ်အနားသို့ ကပ်၍ သေချာကြည့်ရှုသည်။

ပေ၃၀ကျော်သာ ကွာဝေးသော အကွာအဝေးတွင် ဧရာမ သတ္တဝါကြီး၏ လေပြင်းမုန်တိုင်းကဲ့သို့ ပူပြင်းသော အသက်ရှူလေငွေ့များသည် လော်ယွမ်၏ မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်လာပြီး ဆံပင်များ လွင့်ပျံသွားစေသည်။

ဤမျှ ကြီးမားသော ဖိအားကြောင့် လော်ယွမ်သည် မသိစိတ်ဖြင့် ဓားရိုးကို ဆုပ်ကိုင်မိပြီး ၎င်း၏ လည်ပင်းကို ခုတ်ပိုင်းရန် ပြင်လိုက်မိသော်လည်း နောက်ဆုံးတွင် အောင့်အီးသည်းခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကြိုတင်သိမြင်မှု အာရုံက ရလဒ်ကို ပြသနေသောကြောင့် ဖြစ်သည်။

အဆင့် (၇) သတ္တဝါများကို အလွယ်တကူ ပိုင်းဖြတ်နိုင်သော ဤ "လေဟာနယ်ပိုင်းဖြတ် ကျန်းမာတောက်ဓား" သည် ထိုသတ္တဝါ၏ ခေါင်းကို ဖြတ်တောက်နိုင်မည် မဟုတ်ပေ။ သူ ထိုသတ္တဝါ၏ လည်ပင်းကို ခုတ်လိုက်သည်နှင့် ကျောက်မျက်ရတနာကဲ့သို့ အလွှာလိုက် ဖြစ်ပေါ်နေသော တွန်းကန်အားစက်ကွင်းက ကာကွယ်လိုက်မည်ဖြစ်ပြီး ထို့နောက်တွင် သူ့မျက်လုံးများ အမှောင်ကျသွားပေလိမ့်မည် (သေဆုံးသွားမည်)။

ကံကောင်းသည်မှာ ထိုဖိအားက လျင်မြန်စွာ ဦးတည်ချက်ပြောင်းသွားသည်။ ၎င်းသည် ခေါင်းကိုပြန်လှည့်ကာ ခြေလှမ်းများ ဆက်လှမ်းပြီး ဖားကြီးရှိရာဘက်သို့ လျှောက်သွားသည်။ လေထုထဲတွင် ပုံမှန်သတ္တဝါများကဲ့သို့ ညှီစော်နံသော အနံ့မျိုး မဟုတ်ဘဲ ထူးဆန်းသော မွှေးပျံ့သည့် ရနံ့တစ်ခု ကျန်ရစ်ခဲ့သည်။

လော်ယွမ် သက်ပြင်းချလိုက်ပြီး ဘေးနားရှိ သစ်ပင်ကြီးကို မှီကာ ဒူးကို လက်ထောက်ထားလိုက်သည်။ သူတစ်ကိုယ်လုံး ပျော့ခွေသွားသလို ခံစားရပြီး ထွက်ပြေးရန် မလောတော့ပေ။ ဤ စူပါသက်ရှိကြီးသည် သူ့အပေါ် ရန်လိုစိတ် မရှိကြောင်း သူ ခံစားမိသည်။ သို့တည်းမဟုတ် ၎င်းကို သွားမစသရွေ့ ၎င်း၏ မျက်လုံးထဲရှိ အဆင့်နိမ့် သက်ရှိများကို လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ၎င်းသည် ဖားကြီးအနားသို့ ရောက်သွားသည်။ မူလက တောင်ကြီးတစ်လုံးပမာ ကြီးမားသော ဖားကြီးသည် ၎င်း၏ ရှေ့တွင်မူ အလွန် သေးငယ်သွားသကဲ့သို့ ရှိသည်။ ၎င်းသည် ခေါင်းငုံ့၍ အနံ့ခံလိုက်ပြီး နှာမှုတ်လိုက်ရာ ပတ်ဝန်းကျင်တွင် ဖုန်မှုန့်များ ထသွားသည်။ ထို့နောက် ဖားကြီး၏ မာကျောသော ဦးခေါင်းခွံကို တစ်ချက်တည်း ကိုက်ခွဲလိုက်သည်။

လော်ယွမ်က ၎င်းသည် ဖားကြီးကို စားမည်ဟု ထင်လိုက်သော်လည်း ကိုက်ချလိုက်သော ခေါင်းပိုင်းကို "ထွီ" ခနဲ ပြန်ထွေးထုတ်လိုက်သည်။ ထို့နောက် နောက်တစ်လုပ် ကိုက်လိုက်၊ ပြန်ထွေးထုတ်လိုက်၊ တစ်ခါတစ်ရံ အဆက်မပြတ် ထွေးထုတ်လိုက်နှင့် ထိုအရသာကို အလွန် ရွံရှာနေပုံရသည်။

လော်ယွမ်၏ မျက်နှာထားသည် ထူးဆန်းသွားပြီး စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။

သို့သော် သူသည် ဤ အဆင့် (၈) သက်ရှိများအကြောင်းကို နားလည်ထားခြင်း သိပ်မရှိသဖြင့် ဤ စူပါသက်ရှိ၏ ထူးဆန်းသော အပြုအမူကို ဝေဖန်ပိုင်းခြား၍ မရပေ။ အမှန်တကယ်တွင် ဤကဲ့သို့သော သက်ရှိမျိုးကို သူ ယခုမှ ပထမဆုံးအကြိမ် ကိုယ်တိုင် မြင်ဖူးခြင်းဖြစ်သည်။ ပြီးခဲ့သော တစ်ခေါက်က "နဂါး" ကို တွေ့ခဲ့ရစဉ်က သူသည် ထွက်ပြေးဖို့သာ အာရုံစိုက်ခဲ့ရသဖြင့် လှည့်ပင် မကြည့်ရဲခဲ့ပေ။

၎င်းသည် တစ်လုပ်ပြီးတစ်လုပ် ကိုက်ကာ မကြာမီတွင် ခေါင်းတစ်ခုလုံး ပြုတ်ထွက်သွားသည်။ ထို့နောက် ရင်ဘတ်ပိုင်းကို စတင်ကိုက်ဖဲ့ပြန်သည်။ ၎င်း၏ ဘေးနားတွင် အသားပုံကြီး ဖြစ်လာသည်။ ဆယ်စက္ကန့်ခန့် အကြာတွင် တစ်စုံတစ်ခုကို ကိုက်မိသွားပုံရပြီး ညင်သာစွာ ဆွဲလိုက်ရာ ရင်ဘတ်ထဲမှ သွေးသံရဲရဲ အသားတစ်စ ပါလာသည်။

လော်ယွမ်၏ မျက်လုံးများ စူးရှသွားသည်။ ၎င်းကနှလုံးသား ဖြစ်နေသည်။ ဤတစ်ခါတော့ ၎င်းသည် ချက်ချင်း ထွေးမထုတ်တော့ဘဲ ကိုက်ဝါးရင်း အသားစအချို့ကို ထွေးထုတ်ကာ နောက်ဆုံးတွင် လည်ချောင်း လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို မျိုချလိုက်ပုံရသည်။

"တက်ကြွစွမ်းအင် အစိုင်အခဲ ကို ရှာနေတာကိုး..." လော်ယွမ် ချက်ချင်း သဘောပေါက်သွားသည်။

အဆင့် (၇) သတ္တဝါ အများစုတွင် တက်ကြွစွမ်းအင် အစိုင်အခဲများ ပါရှိသည်။ သတ္တဝါ၏ အင်အားကြီးမားပြီး အစာရေစာ ပေါများလျှင် ထိုအစိုင်အခဲ၏ "တက်ကြွစွမ်းအင်" သည် အဆက်မပြတ် စုဆောင်းမိနေတတ်သည်။ အချို့သော အင်အားကြီး သတ္တဝါများ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင် အစိုင်အခဲမှ တက်ကြွစွမ်းအင်သည် ၎င်းတို့၏ ခန္ဓာကိုယ်မှ စွမ်းအင်ထက်ပင် ပိုမို များပြားနိုင်သည်။ ဤ စူပါသက်ရှိကြီး ဤနေရာသို့ ရောက်လာခြင်းမှာ ထိုအရာကြောင့် ဖြစ်ပုံရသည်။

ထိုအချိန်တွင် စူပါသက်ရှိကြီးသည် ထပ်မံ လှုပ်ရှားလာပြန်သည်။ ၎င်းသည် ဖြည်းညင်းစွာ အနံ့ခံလိုက်ပြီး ခြေလှမ်းများ ရွှေ့ကာ အနီးနားရှိ အကြီးဆုံး သစ်ပင်ကြီးတစ်ပင် ရှေ့သို့ သွားလိုက်သည်။ လော်ယွမ်၏ စူးစမ်းနေသော မျက်လုံးများရှေ့မှာပင် ၎င်းသည် ခေါင်းမော့လိုက်ပြီး သစ်ရွက်သစ်ကိုင်းများကို ကိုက်ချကာ ဝါးစားလိုက်သည်။ ပြီးနောက် မျိုချလိုက်ပြီး ကျေနပ်သည့်ပုံစံဖြင့် နှာမှုတ်သံ ပြုလုပ်လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ဆက်လက် ကိုက်ဝါးနေပြီး မကြာမီတွင် သစ်ရွက်အမြောက်အမြား ၎င်း၏ ပါးစပ်ထဲသို့ ရောက်သွားသည်။

လော်ယွမ် ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ဤမျှ ကြောက်စရာကောင်းသော စူပါသက်ရှိကြီးက အရွက်စားသည့် သတ္တဝါ ဖြစ်နေသည်။ သူ့မှာတော့ အလကားနေရင်း အချိန်အကြာကြီး ကြောက်ရွံ့ခဲ့ရသည်။ သို့သော် တပြိုင်နက်တည်းမှာပင် သူ့စိတ်ထဲတွင် လုံးဝ စိတ်အေးသွားရသည်။

စိတ်လျော့လိုက်သည်နှင့် ခန္ဓာကိုယ်သည် ပျော့ခွေသွားပြီး သစ်ပင်ကို မှီလျက် မြေကြီးပေါ်သို့ ဖြည်းညင်းစွာ လျှောကျသွားတော့သည်။

ဆက်ရန်...

အပိုင်း(၃၇၈) ကျားပါးစပ်ထဲကအစွယ်ကိုနှုတ်ခြင်း

ကမ္ဘာပျက်ကပ် ဖြစ်ပေါ်လာကတည်းက အရာခပ်သိမ်းသည် သင့်လျော်သူသာ အသက်ရှင်ကျန်ရစ်သည့် "အားနည်းသူက အားကြီးသူ၏ အစာဖြစ်ရစမြဲ" လောက ဖြစ်လာသည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ယှဉ်ပြိုင်မှုများကြားတွင် အဆက်မပြတ် ဆင့်ကဲပြောင်းလဲ တိုးတက်နေမှသာလျှင် အသက်ဆက်ရှင်သန်နိုင်ပေမည်။

အသားစား သန္ဓေပြောင်းသတ္တဝါများသာ အဆက်မပြတ် အစွမ်းထက်လာခြင်း မဟုတ်ပေ။ အပင်စား သတ္တဝါများနှင့် အောက်ခြေအဆင့်ရှိ အပင်များသည်လည်း ဆင့်ကဲပြောင်းလဲနေကြသည်။ ပိုမိုအန္တရာယ်များသော ပတ်ဝန်းကျင်နှင့် ရက်စက်သော ရှင်သန်ခြင်း၏ ဖိအားများကို ရင်ဆိုင်ရသောကြောင့် ကျန်ရှိနေသော ဤသက်ရှိနှစ်မျိုး၏ ပြောင်းလဲမှုနှုန်းသည် ပို၍ပင် မြန်ဆန်နေသေးသည်။

ဤတောအုပ်ကြီးထဲတွင် အစိမ်းနုရောင်အဆင့်နှင့် အထက်ရှိသော အပင်များသည် သန္ဓေပြောင်းသတ္တဝါ များထက် အရေအတွက် ပိုမိုများပြားသည်။ အဆင့် ၇ ရှိသော သစ်ပင်ကြီးများကို နေရာတိုင်းတွင် တွေ့ရသည်ဟု မဆိုနိုင်သော်လည်း လော်ယွမ် မကြာခဏ တွေ့ဖူးသည်။

အသက်ရှင်ကျန်ရစ်သော အပင်စားသတ္တဝါများသည်လည်း မျိုးပွားနှုန်း အလွန်မြန်ဆန်ခြင်း သို့မဟုတ် ထူးကဲစွာ အစွမ်းထက်ခြင်း တစ်မျိုးမျိုး ရှိကြသည်။ ဥပမာအားဖြင့် အလွန်ခိုင်မာသော ခံစစ်ရှိခြင်း၊ လျင်မြန်သော အမြန်နှုန်းရှိခြင်း၊ သို့မဟုတ် ကြီးမားသော ခန္ဓာကိုယ် ရှိခြင်းတို့ ဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီက ကုန်းမြေ၏ ဘုရင်သည် အစာကွင်းဆက်၏ ထိပ်ဆုံးတွင်ရှိသော ခြင်္သေ့၊ ကျားများ မဟုတ်ဘဲ နူးညံ့သိမ်မွေ့သော ဆင်ကြီးများ ဖြစ်ခဲ့သကဲ့သို့ပင်။ ဤသည်မှာ သဘာဝတရား၏ ရွေးချယ်မှု ရလဒ်သာ ဖြစ်သည်။

.....................................................................................................................

ဒီနေ့ သူ အတော်ကံကောင်းသည်ဟု ပြောရမည်။ အပင်စား သန္ဓေပြောင်းသတ္တဝါ အများစုသည် စိတ်သဘောထား နူးညံ့ကြပြီး သူတို့ကို ဒေါသထွက်အောင် မလုပ်သရွေ့ သူတို့ဘေးနားတွင် ရပ်နေလျှင်လည်း ကြီးမားသော အန္တရာယ် မရှိပေ။ မတော်တဆ အနင်းခံရပြီး သေသွားလျှင်တော့ တစ်မျိုးပေါ့။

အကယ်၍ အသားစားသတ္တဝါသာ ဖြစ်ပါက ဤမျှ စိတ်သဘောထား ပြည့်ဝနေမည် မဟုတ်ပေ။ ခန္ဓာကိုယ် အရွယ်အစား ကွာခြားလွန်းသဖြင့် လော်ယွမ်ကဲ့သို့ ပိုးကောင်ငယ်လေးကို ဂရုမစိုက်ဘဲ နေနိုင်သော်လည်း ဖြတ်သွားဖြတ်လာ လုပ်သည့်အခါ အရှိန်အဝါကို လျှော့ချထိန်းသိမ်းပေးလိမ့်မည်ဟု မျှော်လင့်၍ မရနိုင်ပေ။

လော်ယွမ်၏ အာရုံခံစားမှု မြင်ကွင်းထဲတွင် မလှမ်းမကမ်း၌ ရှိနေသော စူပါသက်ရှိကြီးသည် မိုးကောင်းကင်တွင် မြင့်မားစွာ တည်ရှိနေသော နေမင်းကြီးတစ်စင်းကဲ့သို့ ပြင်းထန်သော အလင်းရောင်များ ထုတ်လွှတ်နေသည်။ ၎င်း၏ စွမ်းအားကြီးမားမှုကြောင့် အရှိန်ပြင်းပြင်း ရွေ့လျားလိုက်လျှင် ထွက်ပေါ်လာမည့် စွမ်းအင်လှိုင်းတစ်ခုတည်းနှင့်ပင် လော်ယွမ်၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ပိုမို ဆိုးရွားသွားစေနိုင်သည်။

လော်ယွမ် စနစ် မှ တက်လာသော သတင်းအချက်အလက် နှစ်ခုကို ကြည့်လိုက်သည်။

တစ်ခုမှာ စောစောက ဖားကြီးကို သတ်လိုက်စဉ်က ပြီးမြောက်ခဲ့သော မစ်ရှင်အသိပေးချက် ဖြစ်ပြီး၊ နောက်တစ်ခုမှာ လွန်ခဲ့သော ၁၀ မိနစ်ခန့်က ပေါ်လာသော မစ်ရှင်အသစ် ဖြစ်သည်။

ပထမတစ်ခုကို ထည့်ပြောစရာ မလိုပေ။ ဒီရက်ပိုင်းအတွင်း ဒီ+ အဆင့် မစ်ရှင်အချို့ကို ဆက်တိုက် ပြီးမြောက်ခဲ့သဖြင့် အတွေ့အကြုံအမှတ်က ၁၀၁၅၂၀ / ၃၀၇၂၀၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆင့်တက်ရန် လိုအပ်သော အတွေ့အကြုံမှတ် သုံးပုံတစ်ပုံခန့် ပြည့်နေပြီဖြစ်သည်။ အကယ်၍ အဆင့် ၇ သန္ဓေပြောင်းသတ္တဝါတစ်ကောင် လွတ်မြောက်မသွားခဲ့လျှင် (အတွေ့အကြုံရမှတ် မရသည့်အပြင် စနစ်၏ ပြစ်ဒဏ်ခတ်ခြင်းကြောင့် ရမှတ်အချို့ လျော့သွားခဲ့သည်) ယခုဆိုလျှင် အဆင့်တက်ရန် ရမှတ် ထက်ဝက်ခန့် ပြီးစီးနေလောက်ပြီ ဖြစ်သည်။

သေချာ စဉ်းစားကြည့်လျှင် ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ဝေးကွာသော ဤလူသူကင်းမဲ့နယ်မြေသို့ ရောက်ရှိသည်မှာ ရက်ပိုင်းသာ ရှိသေးသော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အန္တရာယ်များသည်ကို တွေ့ရသည်။ အတွေ့အကြုံရမှတ်များ လျင်မြန်စွာ စုဆောင်းနေသော်လည်း အသက်နှင့်ရင်းကာ လောင်းကြေးထပ်နေရခြင်း ဖြစ်သည်။ ဒီနေ့လိုမျိုး သတိမထားမိလိုက်ပါက မထင်မှတ်ဘဲ အသက်ဆုံးရှုံးသွားနိုင်သည်။

ဒုတိယ သတင်းအချက်အလက်ကိုမူ လော်ယွမ် တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း ငြင်းပယ် လိုက်သည်။ ဤကဲ့သို့သော မစ်ရှင်မျိုးကို လက်ခံရန် အသက်ရှိသေးသော်လည်း ပြီးမြောက်အောင် လုပ်ဖို့ အသက်မရှိနိုင်တော့ပေ။ သူက အသက်တိုချင်နေသူ မဟုတ်ချေ။

"စီအဆင့် မစ်ရှင် - သရဲမျက်နှာ မြင်း ကို သတ်ဖြတ်ပါ။ အချိန်ကန့်သတ်ချက် - ၃ ရက်။ လက်ခံမည် / ငြင်းပယ်မည်။"

.......................................................................................

သရဲမျက်နှာ မြင်းသည် အဝေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဝိုင်းပတ်ပြီး လည်ပင်းကို မော့ကာ အငမ်းမရ စားသောက်နေသည်။

ထိုသစ်ပင်ကြီးသည် အလွန်ကြီးမားပြီး လုံးပတ် ပေ၅၀ခန့် ရှိသည်။ သစ်ကိုင်းများ ဖြာထွက်နေသော ပုံစံမှာ ထီးတစ်လက်ကဲ့သို့ ဖြစ်ပြီး မိုင်ဝက် ပတ်လည်ကို လွှမ်းခြုံထားသည်။ သရဲမျက်နှာ မြင်း၏ ကြောက်ခမန်းလိလိ စားသောက်နိုင်စွမ်းအရဆိုလျှင် ဤသစ်ပင်မှ အရွက်များ ကုန်စင်အောင် မစားရသေးသရွေ့ အလွယ်တကူ ထွက်သွားမည် မဟုတ်ပေ။

အချိန်တိုအတွင်း ၎င်းထွက်ခွာသွားမည် မဟုတ်သဖြင့် လော်ယွမ်သည် စဉ်းစားပြီးနောက် ဤနေရာ၌ပင် ဆက်နေကာ ဒဏ်ရာကို ကုသရန် ဆုံးဖြတ်လိုက်သည်။

ဤစူပါသက်ရှိကြီး အနီးအနားတွင် ရှိနေခြင်းက ဤနေရာကို အလွန် လုံခြုံသွားစေသည်။ ယခုအချိန်ထိ မြေကြီးပေါ်တွင် ဝပ်နေကြပြီး မည်သို့ပင် ရုန်းကန်သော်လည်း မထနိုင်ကြသော သန္ဓေပြောင်းသတ္တဝါများကို ကြည့်လျှင် အဆင့် ၈ သက်ရှိတစ်ကောင်၏ ခြိမ်းခြောက်နိုင်စွမ်းကို သိနိုင်သည်။

ဤအဆင့်ရှိ သတ္တဝါမျိုးကို သတ်ဖြတ်ရန်အတွက် ပြန်လည်တည်ဆောက်ရေးဇုန် အနေဖြင့် အနုမြူလက်နက်ဖြင့် အကြီးစား တိုက်ခိုက်မှု ပြုလုပ်မှသာ သေချာပေါက် သတ်ဖြတ်နိုင်မည့် အရာဖြစ်သည်။

ဆယ်မိနစ်ခန့် ကြာသောအခါ သွေးကြောမျှင်လေးများ အားလုံးကို ပြုပြင်ပြီးဖြစ်၍ လော်ယွမ် မတ်တတ်ရပ်လိုက်သည်။ စိတ်အာရုံကို စုစည်းလိုက်ပြီး "မြေလှိုင်းကြိန်နှုန်း" အခြေအနေသို့ ဝင်ရောက်ကာ မြေကြီးမှ အဆက်မပြတ် စီးဆင်းနေသော စွမ်းအင်များကို အသုံးပြု၍ ကိုယ်တိုင် ကုသမှုကို အရှိန်မြှင့်တင်လိုက်သည်။

ဤကုသမှုသည် ပြီးပြည့်စုံခြင်း မရှိဘဲ အလွန်အကျွံ အသုံးပြုပါက နောက်ဆက်တွဲ ရောဂါများ ဖြစ်စေနိုင်သည်။ သို့သော် အတွင်းကလီစာ ဒဏ်ရာများမှာ များလွန်းသဖြင့် "စိတ်စွမ်းအား" တစ်ခုတည်းဖြင့် အချိန်တိုအတွင်း မကုသနိုင်ပေ။ သွေးကြောပိတ်ဆို့မှုများနှင့် သွေးပုပ်ကျန်ရစ်မှုများကို အချိန်ရမှ ဖြည်းဖြည်းချင်း ပြုပြင်ရမည် ဖြစ်သည်။

မကြာမီ သွေးထွက်လွန်သဖြင့် ဖြူဖျော့နေသော မျက်နှာက ပြန်လည် နီရဲလာသည်။ ပျက်စီးနေသော အတွင်းကလီစာများ ပြန်လည် အသက်ဝင်လာပြီး အားနည်းခြင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြန်လည် ပြည့်ဝလာသည်။ သူ လက်သီးကို ဆုပ်လိုက်ရာ လေထုပေါက်ကွဲသံ "ဖောက်" ခနဲ ထွက်ပေါ်လာသည်။

သူ ခေါင်းလှည့်ပြီး မလှမ်းမကမ်းရှိ သရဲမျက်နှာ မြင်းကို ကြည့်လိုက်သည်။ သတိမထားဘဲ ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများကြောင့်ပင် ၎င်း၏ ဘေးပတ်ဝန်းကျင်တွင် ထူးခြားသော ဖြစ်စဉ်များ ဖြစ်ပေါ်နေသည်။ နေရာတိုင်းတွင် လေစီးကြောင်းများ ရှုပ်ထွေးနေပြီး ရေဝဲများကဲ့သို့ လေဝဲများ ရုတ်တရက် ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေသည်။

လျှပ်စီးကြောင်းများလည်း မြွေများကဲ့သို့ နေရာအနှံ့ ဖြတ်သန်းသွားလာနေသည်။

ဤသည်မှာ ၎င်း ငြိမ်ငြိမ်လေး ရပ်နေသည့် အခြေအနေပဲ ရှိသေးသည်။ အကယ်၍ အရှိန်ပြင်းပြင်း ပြေးလွှားခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းများ ပြုလုပ်ပါက တစ်ကိုယ်လုံးရှိ စွမ်းအားများ ပွင့်ထွက်လာပြီး ထူးခြားဖြစ်စဉ်များ၏ ပြင်းထန်မှုနှင့် သက်ရောက်မှု ဧရိယာသည် လျင်မြန်စွာ ကျယ်ပြန့်သွားမည် ဖြစ်သည်။ ကီလိုမီတာ ရာချီသော အကွာအဝေးအထိပင် သက်ရောက်မှု ရှိနိုင်သည်။

အကြွင်းမဲ့ ဆင်ခြင်တုံတရား လွှမ်းမိုးနေသော "မြေလှိုင်းကြိန်နှုန်း" အခြေအနေတွင် လော်ယွမ်၌ ကြောက်ရွံ့ခြင်း ဆိုသည့် ပိုလျှံနေသော စိတ်ခံစားမှု မရှိပေ။ အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကို ချိန်ဆခြင်းသာ ရှိသည်။ သူ့မျက်လုံးများ အရောင်လက်သွားပြီး စိတ်ထဲတွင် ရဲရင့်သော အကြံတစ်ခု ဖြစ်ပေါ်လာသည်။

၁၅ မှတ် ရှိသော ဉာဏ်ရည်ကြောင့် လော်ယွမ်၏ မှတ်ဉာဏ်သည် အလွန်ကောင်းမွန်သည်။ သရဲမျက်နှာ မြင်း သူ့ရှေ့သို့ ရုတ်တရက် ရောက်လာသည့် မြင်ကွင်းကို ရှင်းလင်းစွာ မှတ်မိနေသေးသည်။ ဤမျှ ကြီးမားသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါကို တောအုပ်ထဲတွင် လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ပေ။ ရုတ်တရက် ပေါ်လာသည်ဟု ထင်ရခြင်းမှာ အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။ ၎င်း၏ အမြန်နှုန်းသည် အလွန်အမင်း မြန်ဆန်သောကြောင့် ဖြစ်သည်။

လော်ယွမ် တိုက်ခိုက်နေချိန်ဖြစ်၍ ပတ်ဝန်းကျင်ကို သတိမထားမိခြင်းကြောင့်လည်း ပါနိုင်သော်လည်း ၁၆ မှတ်ရှိသော လျင်မြန်မှု ပိုင်ဆိုင်ထားသူကိုပင် ဤကဲ့သို့ အမြင်အာရုံ ဖြစ်ပေါ်စေသည် ဆိုကတည်းက ၎င်း၏ အမြန်နှုန်းသည် လော်ယွမ်ထက် အများကြီး သာလွန်နေပြီး အသံထက်မြန်သောနှုန်း ကို ကျော်လွန်နေနိုင်သည်။

အမြန်နှုန်း တစ်ခုတည်းဆိုလျှင် သူ ဤမျှလောက် ဂရုစိုက်မည် မဟုတ်ပေ။ ခန္ဓာကိုယ် အရွယ်အစား ကွာခြားမှုကြောင့် အဆင့် ၇ သန္ဓေပြောင်းသတ္တဝါ အများစု၏ အမြန်နှုန်းကို သူ မမီနိုင်သည်မှာ ပုံမှန်ဖြစ်သည်။ ယခုဟာက ပိုမို အစွမ်းထက်သော အဆင့် ၈ သက်ရှိပင် ဖြစ်နေသည်။

သူ အဂရုစိုက်ဆုံး အချက်မှာ ဤသရဲမျက်နှာ မြင်း ပြေးလွှားသောအခါ အသံထွက်မလာခြင်း ဖြစ်သည်။ ထို့အပြင် ၎င်း၏ ဘေးပတ်ဝန်းကျင်ရှိ လေစီးကြောင်းများ ရှုပ်ထွေးနေသည်မှလွဲ၍ အရှိန်ပြင်းပြင်း ပြေးလွှားသောအခါ သဘာဝအလျောက် ဖြစ်ပေါ်လာတတ်သော လေပြင်းများ မရှိခြင်း ဖြစ်သည်။

အမြန်နှုန်း တစ်ခုသို့ ရောက်ရှိသောအခါ လေထုခုခံအားသည် အကြီးမားဆုံး အတားအဆီး ဖြစ်လာသည်။ ၁ မီတာ ပိုမြန်လေလေ ခုခံအားသည် ဆတိုးကိန်းဖြင့် တက်လာလေလေ ဖြစ်ပြီး ပြေးလွှားနေသော ပစ်မှတ်ကို အပေါ်သို့ ပင့်တင်သော ဖိအားကိုပါ ဖြစ်ပေါ်စေသည်။ ၎င်းသည် ခွန်အားကို ကုန်ခမ်းစေရုံသာမက အမြန်နှုန်းကိုလည်း အကြီးအကျယ် ထိခိုက်စေသည်။

အကယ်၍ လေထုခုခံအားကို လျှော့ချနိုင် သို့မဟုတ် ဖယ်ရှားနိုင်ပါက သူ၏ အမြန်နှုန်းသည် ထပ်မံ တိုးတက်လာမည် ဖြစ်ပြီး တိုက်ပွဲအတွင်း လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော နှုန်းဖြင့် ရန်သူကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

လေစီးကြောင်းကို ထိန်းညှိပေးနိုင်သည့် "လွင့်မျောအားကစားဝတ်စုံ" ပျက်စီးသွားကတည်းက အစားထိုးစရာကို သူ ရှာဖွေနေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။

ယနေ့ ကြုံလိုက်ရသည့် "သရဲမျက်နှာ မြင်း" ကို တွေ့သည်အထိ ပင်။

စိတ်မကောင်းစရာမှာ ဤစူပါသက်ရှိသည် အလွန်သန်မာလွန်းသဖြင့် ယခု သူ၏ အင်အားဖြင့် ရန်စ၍ ရနိုင်သော အရာ မဟုတ်ပေ။ ၎င်းကို သတ်ဖြတ်ပြီး ပစ္စည်းရယူရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အဆင့် ၇ နှင့် အဆင့် ၈ သည် တစ်ဆင့်သာ ကွာခြားသော်လည်း ထိုကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားပြီး အရည်အသွေးပိုင်းဆိုင်ရာ လုံးဝ ကွဲပြားခြားနားသည်။

သို့သော် ကံဆိုးမိုးမှောင်ကျနေသည့် ကြားမှ ကံကောင်းခြင်းမှာ ဤသတ္တဝါသည် စိတ်သဘောထား နူးညံ့ခြင်း ဖြစ်သည်။ သတိထားပြီး လှုပ်ရှားပါက "ကျားပါးစပ်ထဲက အစွယ်ကို နှုတ်ခြင်း" က ဖြစ်နိုင်ချေရှိသည်။

ထို့အပြင် သူ့တွင် ကြိုတင်သိမြင်နိုင်စွမ်းရှိသဖြင့် တစ်စုံတစ်ရာ မှားယွင်းပါက အချိန်မီ ရှောင်ရှားနိုင်သည်။

သူ၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ဖြတ်သန်းသွားသည်။ အကြွင်းမဲ့ ဆင်ခြင်တုံတရား အခြေအနေတွင် ရှိနေသော လော်ယွမ်သည် စိတ်ပိုင်းဆိုင်ရာ အားနည်းချက် မရှိတော့ဘဲ အန္တရာယ်ကို ချိန်ဆပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူ ကျန်းမာတောက်ဓားကို ကိုင်ပြီး သရဲမျက်နှာ မြင်းဆီသို့ သတိထားကာ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် သရဲမျက်နှာ မြင်းသည် အရသာရှိစွာဖြင့် သစ်ရွက်များကို စားသောက်နေပြီး "ဖလူး... ဖလူး" ဟု မြည်သံပြုနေသည်။ အလွန် ပျော်ရွှင်နေပုံရပြီး မလှမ်းမကမ်းတွင် သတ္တဝါငယ်လေး တစ်ကောင်က သူ့ကို မကောင်းကြံနေသည်ကို လုံးဝ မသိရှိပေ။

လော်ယွမ်သည် အခက်အခဲမရှိဘဲ သရဲမျက်နှာ မြင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။ ဤသတ္တဝါ၏ ကြီးမားသော ခန္ဓာကိုယ်သည် အလွန် ထိတ်လန့်ဖွယ် ကောင်းသည်။ လုံးပတ် ၁၈ပေ၊ အမြင့် ပေ၆၀ ကျော်ရှိသော မိုးမျှော်တိုင်ကြီးများကဲ့သို့ ခြေထောက် ၄ ချောင်းသည် ဝေဝါးသော အလင်းရောင်များ ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်ကြီးမှာ ထူထဲသော မြို့ရိုးကြီးတစ်ခုကဲ့သို့ တွေ့မြင်ရသူကို ကျောချမ်းစေသည်။

လူတစ်ယောက် ၎င်း၏ ရှေ့တွင် ရပ်လိုက်သောအခါ ပုရွက်ဆိတ်ကလေး တစ်ကောင်ကဲ့သို့ သေးငယ်သွားသည်။ ဧရာမသတ္တဝါကြီးနှင့် နီးကပ်လေလေ ထွက်ပေါ်လာသော ဖိအားမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလေလေ ဖြစ်ပြီး စိတ်အာရုံကိုပင် ဖုံးကွယ်သွားစေနိုင်သည်။

ဤကဲ့သို့သော သက်ရှိမျိုး၏ သွေးတစ်စက်တွင်ပင် ပြင်းထန်သော "စိတ်စွမ်းအား" များ ပါဝင်နေသည်။

ပြင်းထန်သော မျိုးရိုးဗီဇ ကျူးကျော်နိုင်စွမ်းက အခြားသက်ရှိများကို တားဆီးပိတ်ပင်ထားသည်။

ယခုအခါ လော်ယွမ်သည်လည်း ထိုလမ်းကြောင်းသို့ ဦးတည်နေသော်လည်း စိတ်စွမ်းအား အမှတ်အသား၏ ပြင်းအားမှာ အများကြီး လိုအပ်နေသေးပြီး အစပျိုး အဆင့်သာ ရှိသေးသည်။ သို့သော် လော်ယွမ်၏ စုစည်းထားသော စိတ်စွမ်းအားနှင့် ယှဉ်လျှင် ဤသတ္တဝါ၏ ဗီဇစိတ်မှ လာသော၊ ပြုပြင်မထားသော စိတ်စွမ်းအားသည် ရှုပ်ထွေးပြီး သီးခြားစီ ကွဲပြားနေကာ အရိုင်းဆန်မှုများ ပြည့်နှက်နေသည်။

သို့သော်လည်း ၎င်းထုတ်လွှတ်သော အရှိန်အဝါသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

လော်ယွမ်၏ စိတ်စွမ်းအား စွမ်းအားကြီးမားခြင်းနှင့် "မြေလှိုင်းကြိန်နှုန်း" အခြေအနေတွင် ရှိနေခြင်းတို့ကြောင့်သာ တော်တော့သည်။ စိတ်ဓာတ်ခွန်အား အနည်းငယ် ပျော့ညံ့ပါက အနီးအနားရှိ အခြား သန္ဓေပြောင်းသတ္တဝါများကဲ့သို့ပင် စိတ်ဓာတ်ပြိုလဲပြီး မလှုပ်ရှားနိုင် ဖြစ်သွားပေလိမ့်မည်။

သူသည် သရဲမျက်နှာ မြင်းနှင့် ပေ၂၀၀ ခန့် အကွာတွင် ရပ်တန့်လိုက်ပြီးနောက် လေပေါ်သို့ ပျံတက်ကာ ကျောကုန်းပေါ်သို့ ဦးတည်လိုက်သည်။

သရဲမျက်နှာ မြင်းသည် တစ်စုံတစ်ရာကို သတိထားမိပုံရပြီး ခေါင်းလှည့်ကာ တစ်ချက်ကြည့်လိုက်သော်လည်း သိပ်ဂရုမစိုက်ဘဲ သစ်ရွက်များကို ဆက်လက် မော့စားနေသည်။

ကြိုတင်သိမြင်မှု အမြင်တွင် အန္တရာယ် မရှိကြောင်း ပြသနေသည်။

ထို့ကြောင့် လော်ယွမ်သည် အစီအစဉ်ကို မပြောင်းလဲဘဲ ကျောကုန်းပေါ်သို့ ဆက်လက် ပျံသန်းသွားသည်။

များပြားလှသော လျှပ်စီးကြောင်းများသည် သူ့ထံသို့ ဆွဲငင်ခံရသကဲ့သို့ စုပြုံရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ လက်သွားသည်။

ကံကောင်းစွာပင် မြေကမ္ဘာသံလိုက်စက်ကွင်းကို နှောင့်ယှက်မှုကြောင့် အလိုအလျောက် ဖြစ်ပေါ်လာသော ဤလျှပ်စီးများသည် ကြောက်စရာကောင်းပုံ ပေါက်သော်လည်း စွမ်းအား သိပ်မကြီးမားပေ။ လော်ယွမ်သည် အရေပြား ကျင်ခနဲ နာကျင်ရုံမှလွဲ၍ ကြီးမားသော ထိခိုက်မှု မရှိပေ။ သို့သော် သတ္တဝါကြီး၏ ဘေးပတ်ဝန်းကျင်တွင် လည်ပတ်နေသော လေစီးကြောင်းများကမူ သူ့ကို အတော်လေး ဒုက္ခပေးသည်။

ဤလေစီးကြောင်းများသည် လှိုင်းထန်သော မြစ်ရေကဲ့သို့ ရှုပ်ထွေးပွေလီပြီး ခန့်မှန်းရခက်ခဲကာ လေဝဲများလည်း ရှိနေသည်။ လော်ယွမ် ထိတွေ့လိုက်သည်နှင့် အလွန်ခက်ခဲမှန်း သိလိုက်ရသည်။ လေစီးကြောင်းများသည် ဆွဲလိုက်၊ တွန်းလိုက်၊ ကြမ်းတမ်းလိုက်၊ နူးညံ့လိုက်ဖြင့် အမျိုးမျိုး ဖြစ်နေသည်။ တစ်ခါတစ်ရံ ရှေ့သို့ တိုးရန် ပြင်လိုက်သော်လည်း နောက်သို့ လွင့်ပါသွားပြီး ဘယ်ဘက်သို့ သွားရန် ပြင်လိုက်သော်လည်း လမ်းကြောင်း လွဲသွားတတ်သည်။

သူ၏ ပျံသန်းနှုန်းသည် သိပ်မမြန်လှပေ။ တစ်စက္ကန့်လျှင် ပေ ၆၀ ခန့်သာ ရှိသည်။ ဆွဲငင်အားကို တွန်းလှန်ပြီးနောက် ကျန်ရှိသော တွန်းကန်အားမှာ မများပြားလှဘဲ တစ်စက္ကန့် ပေ ၆၀ နှုန်းဖြင့် ဖြစ်ပေါ်လာသော လေခုခံအားကိုသာ တောင့်ခံနိုင်သည်။ လေထဲတွင် လေပြင်းအနည်းငယ် တိုက်လိုက်ရုံဖြင့် သူ လွင့်ပါသွားနိုင်သည်။

ဤကဲ့သို့ ပြောင်းလဲမှုများသော လေစီးကြောင်းများကြားတွင် သူ၏ ပျံသန်းမှုသည် စမ်းသပ်မှုကြီးတစ်ခု ဖြစ်နေသည်။ သူ ပေ ၃၀၀ မပြည့်သော အကွာအဝေးကို မိနစ်အနည်းငယ်ကြာ ပျံသန်းပြီးမှ ကျောကုန်းပေါ်သို့ ဘေးကင်းစွာ ရောက်ရှိသွားသည်။

ထူးဆန်းသည်မှာ လော်ယွမ် ကျောကုန်းပေါ်သို့ ရောက်သည်နှင့် လေစီးကြောင်းများ အားလုံး ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထိုအခါမှ သူ သက်ပြင်းချနိုင်တော့သည်။

သရဲမျက်နှာ မြင်း၏ ကျောကုန်းသည် အလွန်ကျယ်ဝန်းပြီး အကျယ် ပေ ၆၀ ခန့် ရှိကာ အရှည်မှာ ပေ ၃၀၀ ကျော် ရှိသည်။ စံသတ်မှတ်ထားသော ဘတ်စကက်ဘော ကွင်း ၃ ကွင်းစာထက်ပင် ပိုကြီးသည်။

ဤသတ္တဝါသည် ဆင့်ကဲပြောင်းလဲမှု၏ အံ့ဖွယ်တစ်ခုပင် ဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤကဲ့သို့ ကုန်းနေသတ္တဝါမျိုး ရှိခဲ့လျှင်တောင် အစာငတ်ပြီး သေဆုံးလောက်ပြီ ဖြစ်သည်။ ယခုကဲ့သို့ ထူးခြားသော ပတ်ဝန်းကျင် အခြေအနေကြောင့်သာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သက်ရှိမျိုး ပေါက်ဖွားလာနိုင်ခြင်း ဖြစ်သည်။

ခြေအောက်ရှိ မျက်နှာပြင်သည် အလွန်ချောကျိနေပြီး အားပြု၍ မရသဖြင့် သူသည် စိတ်စွမ်းအားစွမ်းအားဖြင့် ကိုယ်ကို အနည်းငယ် ဖော့ထားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်ရာ သူ့ခြေထောက်သည် ကျောကုန်းပေါ်သို့ တကယ် နင်းမိခြင်း မဟုတ်ဘဲ အကြေးခွံနှင့် တစ်လက်မခန့် အကွာတွင် ရှိနေပြီး မမြင်ရသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ပင့်မထားကြောင်း တွေ့လိုက်ရသည်။

သူ စမ်းနင်းကြည့်လိုက်ရာ ထိုစွမ်းအင်စက်ကွင်း သည် အလွန် ကျုံ့နိုင်ဆန့်နိုင်မှု ရှိသော်လည်း ဖိအားများလေလေ ခုခံအား ကောင်းလေလေ ဖြစ်သည်။ ထို့အပြင် အလွန် ချောကျိနေသဖြင့် အသေနင်း၍ မရပေ။

အခြေအနေ ပြောင်းလဲသွားမည်ကို စိုးရိမ်သဖြင့် လော်ယွမ် အချိန်မဆွဲတော့ဘဲ ခြေအောက်ရှိ ၃ပေကျော် ကျယ်ဝန်းပြီး ကျောက်စိမ်းကဲ့သို့ စိမ်းလဲ့ကာ တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်ရသော အကြေးခွံတစ်ခုကို "အမျိုးအမည်ခွဲခြားအစွမ်း" သုံးလိုက်သည်။

အမည် - သရဲမျက်နှာ မြင်း၏ အကြေးခွံ

အသုံးပြုပုံ - ကုန်ကြမ်းပစ္စည်း

ရှားပါးမှုအဆင့် - ခရမ်းနုရောင်

အလေးချိန် - ၁၈ ကီလိုဂရမ်

ထပ်တိုးအစွမ်း - ပျော့ပျောင်းသော တွန်းကန်အားစက်ကွင်း၊ ကမ္ဘာမြေသံလိုက်စက်ကွင်း နှောင့်ယှက်ခြင်း

သုံးသပ်ချက် - သရဲမျက်နှာ မြင်းသည် တောအုပ်၏ ကင်းလှည့်သူ ဖြစ်သည်။ အပင်စားသတ္တဝါ ဖြစ်သည့်အတွက် ပုံမှန်အားဖြင့် အန္တရာယ်မရှိသော်လည်း ၎င်းကို ဒေါသထွက်အောင် မလုပ်မိပါစေနှင့်။ အငြိုးအတေးကြီးသော သရဲမျက်နှာ မြင်းသည် ရန်သူကို မသေမချင်း ရန်ငြိုးဖွဲ့တတ်ပြီး ရန်သူ၏ အလောင်းကို မြင်ရမှသာ ဒေါသပြေတတ်သည်။

သတင်းအချက်အလက်များ ဦးနှောက်ထဲတွင် လက်ခနဲ ပေါ်လာသော်လည်း လော်ယွမ်၏ မျက်နှာထား တည်ငြိမ်နေဆဲ ဖြစ်သည်။ "မြေလှိုင်းကြိန်နှုန်း" အခြေအနေတွင် ရှိနေသော သူ့အတွက် သရဲမျက်နှာ မြင်း၏ အငြိုးအတေးကြီးပုံကို ဂရုမစိုက်ပေ။

"အကြေးခွံတော့ မဟုတ်သေးဘူး" လော်ယွမ် စိတ်ထဲမှ တွေးလိုက်သည်။

ထို့နောက် သူ အကြေးခွံကို စိတ်မဝင်စားတော့ပေ။ အကြေးခွံသည် တန်ဖိုးရှိပြီး ကျည်ကာအင်္ကျီအဖြစ် ပေါင်းစပ်ဖန်တီးနိုင်သော်လည်း မာကျောသော သဘာဝ ရှိသည်။ လုပ်ကြံသတ်ဖြတ်သူ ကဲ့သို့ လှုပ်ရှားပြီး တိုက်ပွဲတွင် လျင်မြန်မှု ကို အားကိုးရသော လော်ယွမ်အတွက် တန်ဖိုး သိပ်မရှိလှပေ။

လော်ယွမ် အခြားနေရာများကို လိုက်ကြည့်လိုက်သည်။ အကြေးခွံထက် ရယူရန် ပိုလွယ်ကူသည်မှာ သရဲမျက်နှာ မြင်း၏ ဦးခေါင်းထိပ်မှ အမြီးပိုင်းအထိ ပေ ၃၀၀ နီးပါး ရှည်လျားသော လည်ဆံမွေးများ ဖြစ်သည်။ လည်ဆံမွေးများသည် အလွန် ပွယောင်းပြီး အရောင်အသွေး စုံလင်ကာ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့်အတူ ခုန်ပေါက်လှုပ်ရှားနေသဖြင့် ရောင်စုံနဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် ထိုလည်ဆံမွေးများထံမှ ပြောပြ၍ မတတ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို လော်ယွမ် အာရုံခံမိလိုက်သည်။

သူ့မျက်လုံးများ အရောင်လက်သွားပြီး ကျန်းမာတောက်ဓားကို ကိုင်ကာ လေထဲတွင် လွင့်မျောနေသော လည်ဆံမွေးများဆီသို့ ဖြည်းညင်းစွာ ပျံသန်းသွားလိုက်သည်။

ဤလည်ဆံမွေးများသည် အတော်ရှည်လျားပြီး တစ်ချောင်းလျှင် ပေ၂၀ခန့် ရှိသော်လည်း အလွန် သေးငယ်သည်။ လူ့ဆံပင်ထက် အဆပေါင်းများစွာ သေးငယ်သည်။ အနီးကပ်ကြည့်မှသာ အဝေးက မြင်ရသလို အရောင်အသွေး စုံလင်ခြင်း မဟုတ်ဘဲ အမဲရောင် သက်သက်သာ ဖြစ်ကြောင်း တွေ့ရသည်။ အခြား အရောင်များမှာ အလင်းပြန်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လော်ယွမ် ဖွဖွလေး ကိုင်ကြည့်လိုက်ရာ လက်ချောင်းများကြားတွင် လေစီးကြောင်း အားနည်းနည်း လည်ပတ်နေသလို ခံစားရသည်။ အမွေးအမျှင်ကို ကိုင်ထားရခြင်း မဟုတ်ဘဲ လေထုကို ကိုင်ထားရသလို ခံစားချက်မျိုး ဖြစ်သည်။ ဤထူးခြားမှုကို ခံစားလိုက်ရသောအခါ သူ့စိတ်ထဲတွင် ၃၀၊ ၄၀ ရာခိုင်နှုန်းခန့် သေချာသွားပြီ ဖြစ်သည်။

သူ ချက်ချင်း "အမျိုးအမည်ခွဲခြားအစွမ်း" ကို သုံးလိုက်သည်။

အမည် - သရဲမျက်နှာ မြင်း၏ လည်ဆံမွေး

အသုံးပြုပုံ - ကုန်ကြမ်းပစ္စည်း"

ရှားပါးမှုအဆင့် - ခရမ်းနုရောင်

အလေးချိန် - ဝ.၂ ဂရမ်

ထပ်တိုးအစွမ်း - လေပွေ လမ်းကြောင်းလွဲ စက်ကွင်း

"လေပွေ လမ်းကြောင်းလွဲ စက်ကွင်း... ဒါဆိုရင် ဟုတ်ပြီ... ဒီဟာပဲ" လော်ယွမ် စိတ်ထဲတွင် အဖြေထွက်သွားသည်။

"မြေလှိုင်းကြိန်နှုန်း" အခြေအနေတွင် ရှိနေသည့်တိုင် ပျော်ရွှင်မှု အရိပ်အယောင် အနည်းငယ်က လော်ယွမ်၏ ရင်ထဲတွင် ပြည့်လျှံလာသည်။

အထူးသဖြင့် ဤလည်ဆံမွေးများသည် အလွန်ပေါ့ပါးပြီး အလေးချိန် မရှိသလောက် ဖြစ်နေသည်။ အဝတ်အစားအဖြစ် ပေါင်းစပ်လိုက်လျှင် သူ့လှုပ်ရှားမှုကို ထိခိုက်စေမည် မဟုတ်ပေ။ အပေါ်ဝတ်အင်္ကျီအတွက် အကောင်းဆုံး ပေါင်းစပ်ပစ္စည်း ဖြစ်သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ကျန်းမာတောက်ဓားကို ဆွဲထုတ်ပြီး လှုပ်ရှားရန် ပြင်လိုက်စဉ် မျက်နှာပျက်သွားပြီး အလျင်အမြန် ရပ်တန့်လိုက်သည်။

ကြိုတင်သိမြင်မှု ရလဒ်က အတော်ဆိုးရွားနေသည်။ သူသာ လည်ဆံမွေး အနည်းငယ်ကို လှီးဖြတ်လိုက်ပါက (သတ္တဝါကြီးအတွက် ပြောပလောက်စရာ မရှိသော ပမာဏ ဖြစ်လျှင်တောင်မှ) ၎င်း၏ ဒေါသကို ပေါက်ကွဲစေလိမ့်မည်။

ကံကောင်းစွာပင် ဘာမှ မဖြစ်သေးပေ။ သူ အနည်းငယ် နားလိုက်ပြီး ကြိုတင်သိမြင်နိုင်စွမ်းကို အသုံးပြု၍ ထပ်ခါထပ်ခါ စမ်းသပ်ကြည့်လိုက်သည်။ ကြိုတင်သိမြင်မှု မြင်ကွင်းများအရ သူ မည်သည့်နေရာကိုပဲ သွားသွား (အမြီးပိုင်းနားက မမြင်ရတဲ့ နေရာကို သွားလျှင်တောင်မှ) အသုံးမဝင်ကြောင်း တွေ့ရသည်။ သူ လည်ဆံမွေးကို လှီးဖြတ်ဖို့ ကြိုးစားလိုက်သည်နှင့် သတ္တဝါကြီးက သောင်းကျန်းတော့မည် ဖြစ်သည်။

လော်ယွမ် စိတ်ထဲတွင် ပိုမို သံသယ ဝင်လာပြီး ကြိုတင်သိမြင်မှု မြင်ကွင်းကို ထပ်ခါထပ်ခါ ကြည့်ရှုရာ နောက်ဆုံးတွင် သဲလွန်စကို တွေ့သွားသည်။ သူ ထပ်မံ တွက်ချက်ကြည့်လိုက်ရာ ဤတစ်ခါ ဓားကို ဆွဲထုတ်ရုံသာ ရှိသေးသည်၊ ရလဒ်ကတော့ သောင်းကျန်းမြဲ သောင်းကျန်းနေသည်။

ထိုအခါမှ သူ သဘောပေါက်သွားသည်။

သတ္တဝါကြီးကို ဒေါသထွက်စေသည်မှာ လည်ဆံမွေး ဖြတ်ခြင်းကြောင့် မဟုတ်ဘဲ ကျန်းမာတောက်ဓား ကိုယ်တိုင်ကြောင့် ဖြစ်သည်။ သူ ပေါ့ဆမိသွားသည်။ ကျန်းမာတောက်ဓားသည် အဆင့် ၈ လက်နက်ဖြစ်ပြီး သာမန်မဟုတ်ပေ။ ပေါင်းစပ်ထားသော ဓားအိမ်ထဲတွင် ထည့်ထားပါက လေဟာနယ် လှိုင်းများကို အနည်းငယ် ဖုံးကွယ်ထားနိုင်သော်လည်း ဓားကို ဆွဲထုတ်လိုက်သည်နှင့် သရဲမျက်နှာ မြင်းအတွက် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုကြီး ဖြစ်သွားတော့သည်။

ထို့ကြောင့် သူ ကျန်းမာတောက်ဓား အသုံးပြုမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။ ထို့နောက် "စိတ်စွမ်းအား" ကိုလည်း အသုံးပြု၍ မရကြောင်း တွေ့ရှိလိုက်ရပြန်သည်။

အဆင့် ၈ သက်ရှိများသည် အန္တရာယ်ကို အလွန် အာရုံခံလွယ်ပုံရသည်။ ၎င်းကို ထိခိုက်စေနိုင်သော မည်သည့် စွမ်းအားမဆို ၎င်း၏ သတိထားမှုနှင့် အာရုံစိုက်မှုကို ချက်ချင်း ရရှိစေသည်။

တစ်ခုပြီးတစ်ခု ဖယ်ထုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် ရယ်ချင်စရာကောင်းသော အဖြေကို တွေ့ရှိလိုက်ရသည်။ လက်ဖြင့် တိုက်ရိုက် ဆွဲနှုတ်ခြင်းသည် အလုံခြုံဆုံး နည်းလမ်း ဖြစ်နေသည်။

ဤလည်ဆံမွေးများသည် သေးငယ်လွန်းပြီး လူ့ဆံပင်ထက် များစွာ သေးငယ်သည်။ ထို့အပြင် အလွန် သိပ်သည်းစွာ ပေါက်ရောက်နေသဖြင့် သရဲမျက်နှာ မြင်း ပိုင်ဆိုင်သော လည်ဆံမွေး အရေအတွက်သည် ဂဏန်းသင်္ချာအရ ရေတွက်၍ မကုန်နိုင်အောင် များပြားလှသည်။ ၎င်း၏ အာရုံခံစားမှု အာရုံကြောများ မည်မျှပင် ကောင်းမွန်ပါစေ၊ ဤမျှ မပြောပလောက်သော နာကျင်မှုကို သတိထားမိရန် ခဲယဉ်းသည်။

လော်ယွမ် ချက်ချင်း စတင် လှုပ်ရှားလိုက်သည်။ လည်ဆံမွေးများသည် အလွန် ခိုင်ခံ့ပြီး မြဲမြံစွာ ပေါက်ရောက်နေသဖြင့် တစ်ချောင်းနှုတ်တိုင်း ခွန်အားအများကြီး စိုက်ထုတ်ရသည်။ သူသည် ဉာဏ်ရှိစွာဖြင့် တစ်နေရာတည်းတွင် စုပြုံမနှုတ်ဘဲ အချောင်းအနည်းငယ် နှုတ်ပြီးတိုင်း နေရာရွှေ့လိုက်သည်။ သို့မှသာ သရဲမျက်နှာ မြင်း သတိမထားမိမည် ဖြစ်သည်။

ခိုးယူခြင်း လုပ်ငန်းစဉ်သည် အတော်လေး အဆင်ပြေချောမွေ့သည်။ နာရီဝက် ကြာသောအခါ လက်ကောက်ဝတ်ခန့် တုတ်သော လည်ဆံမွေး အများအပြားကို သူ နှုတ်ယူနိုင်ခဲ့သည်။ အလေးချိန် ၄၊ ၅ ကီလိုဂရမ်ခန့် ရှိသည်။ ဤပမာဏသည် အဝတ်တစ်စုံ ပေါင်းစပ်ရန် လုံလောက်ရုံသာမက ပိုပင် ပိုနေသေးသည်။

သူသည် နှုတ်ယူထားသော လည်ဆံမွေးများကို ကြိုးသဖွယ် စုစည်းလိုက်ပြီး အတွင်းခံအင်္ကျီကို လှန်ကာ ရင်ဘတ်တွင် ပတ်ထားလိုက်သည်။ ထိုအတွင်းခံအင်္ကျီသည် ပလာစမာ အကာအကွယ်အလွှာ ပါရှိသဖြင့် အမွေးအမျှင်များ၏ စွမ်းအင်လှိုင်းများကို အတိုင်းအတာတစ်ခုအထိ ဖုံးကွယ်ပေးနိုင်မည် ဖြစ်သည်။ သို့မှသာ လော်ယွမ် ထွက်ခွာသွားချိန်တွင် သရဲမျက်နှာ မြင်း သတိမထားမိမည် ဖြစ်သည်။

ကိစ္စပြီးသည်နှင့် သူ ကျောကုန်းပေါ်တွင် ကြာကြာမနေရဲတော့ပေ။ ခြေဖျားဖြင့် အနည်းငယ် ထောက်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ လေစီးကြောင်းများကို လျင်မြန်စွာ ဖြတ်သန်းသွားလိုက်သည်။ မြေပြင်သို့ ရောက်သည်နှင့် ခုန်ပျံကျော်လွှားပြီး အမြန်နှုန်းကို အမြင့်ဆုံးတင်ကာ အရိပ်တစ်ခုသဖွယ် ထွက်ခွာသွားတော့သည်။

သရဲမျက်နှာ မြင်းသည် လော်ယွမ် ထွက်ပြေးသွားသည့် ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေါင်းကို စောင်းကာ ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော် မျက်စိရှေ့မှ အစားအစာ၏ ဆွဲဆောင်မှုကြောင့် သံသယများကို မကြာမီ မေ့ပျောက်သွားပြီး သစ်ရွက်များကို ပျော်ရွှင်စွာ ဆက်လက် စားသောက်နေတော့သည်။

ဆက်ရန်...

All Chapters