အခန်း (၁၇၆)
Vol. 15 Ch. 176
အဘိုးအိုဖြစ်သူသည် လင်းပိုင်ဖန်၏ စကားလုံးများကို ထပ်တလဲလဲ စဉ်းစားဆင်ခြင်နေမိသည်။
အထူးသဖြင့် လင်းပိုင်ဖန် ပြောလိုက်သည့် ဓားသဘောတရားသည် ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်သက်တန့်နေခဲ့သော သူ၏ဓားပညာနယ်ပယ်ကို လှုပ်နိုးစေခဲ့ပြီး ရှေ့ဆက်ရမည့် လမ်းစကို ခပ်ရေးရေး မြင်တွေ့လာရသည်။
သူ၏နှလုံးသားထဲတွင် အလွန်တရာ အံ့အားသင့်နေမိသည်။ ဤမျှ ငယ်ရွယ်သော သူတစ်ယောက်သည် ဤမျှ နက်နဲသော ဓားသဘောတရားများကို နားလည်နေပြီလား။
နတ်ဓားရဲ့ ရွေးချယ်ခံရသူ ဖြစ်ရကျိုး အမှန်ပင် နပ်ပေသည်။
ထို့ကြောင့် သူသည် လင်းပိုင်ဖန်အပေါ် ပို၍ပင် မျှော်လင့်ချက်ကြီးမားလာကာ "လူငယ်လေး... မင်း ဓားနဲ့ပတ်သက်ပြီး တခြားဘာတွေ သိသေးလဲ။ ဒီအဖိုးကြီးကို မြန်မြန်ပြောပြပါဦး" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး "ငါကိုယ်တော် ဓားတစ်လက်အကြောင်း သိတယ်၊ အဲဒီဓားဟာ စတင်ဖြစ်တည်လာကတည်းက ထူးခြားလွန်းတဲ့ ဓားတစ်လက်ပဲ။ သူဟာ ပါရမီရှင်အဖြစ် မွေးဖွားလာပြီး အသက် ၅ နှစ်အရွယ်မှာ ဓားပညာကို စတင်သင်ယူခဲ့တယ်၊ ၆ နှစ်အရွယ်မှာ ဓားကျမ်းတွေကို အလွတ်ရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်ကြားခဲ့တယ်။ သူဟာ စာပေနဲ့ စစ်ရေးဗျူဟာ နှစ်ဖက်စလုံးမှာ ကျွမ်းကျင်ပေမဲ့ သူရဲ့ဓားပညာကတော့ တစ်လောကလုံးမှာ ယှဉ်နိုင်သူမရှိတဲ့ အထွတ်အထိပ်ကို ရောက်ရှိခဲ့တယ်"
"သူဟာ အောင်ပွဲတွေ ဆက်တိုက်ရယူခဲ့ပြီး အသက် ၂၀ မတိုင်ခင်မှာပဲ ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီး 'ဓားနတ်ဘုရား' ဘွဲ့ကို ရရှိခဲ့တယ်။ ပြောစမှတ်ပြုကြတာကတော့ 'ဓားအရှိန်အဝါဟာ လီပေါင်းသုံးသောင်းအထိ လွှမ်းမိုးပြီး၊ ဓားတစ်ချက်ရဲ့ အလင်းတန်းဟာ ပြည်နယ်ပေါင်း ၁၉ ခုကို တုန်လှုပ်စေတယ်' တဲ့"
အဘိုးအိုက တမ်းတစွာဖြင့် ရေရွတ်လိုက်သည် "တကယ်ကို အားကျစရာကောင်းတဲ့ ဓားပါပဲလား"
သူ့ကဲ့သို့ သာမန်ပါရမီသာရှိသော သိုင်းပညာရှင် တစ်ဦးအတွက် ထူးခြားထက်မြက်သော ပါရမီရှင်များကို အားအကျဆုံးပင် ဖြစ်သည်။
၎င်းတို့သည် မွေးဖွားလာကတည်းက တောက်ပနေပြီး တစ်လောကလုံး၏ အာရုံစိုက်မှုကို ခံရသူများဖြစ်သည်။ သူတို့အတွက်မူ သူ (အဘိုးအို) ပင်ပန်းကြီးစွာဖြင့် ရုန်းကန်ရယူခဲ့ရသော အောင်မြင်မှုများသည် လက်ဖျောက်တစ်ချက်တီးရုံဖြင့် အလွယ်တကူရနိုင်သော အသေးအဖွဲကိစ္စများသာ ဖြစ်နေတတ်သည်။
"ငါတို့ရဲ့ တစ်သတ်လုံး ကြိုးစားအားထုတ်မှု အဆုံးသတ်က သူတို့အတွက်တော့ အစပြုရုံလေးပဲ"
ထို့ကြောင့် သူသည်လည်း ထိုကဲ့သို့ ထက်မြက်မှုအပြည့်ရှိသော ဓားတစ်လက် ဖြစ်ချင်ခဲ့မိသည်။
လင်းပိုင်ဖန်က "ဒါပေမဲ့ အဲ့ဒီဓားက ဖုံးကွယ်ခြင်းကို ခံခဲ့ရတယ်" ဟု ဆိုလိုက်သည်။
အဘိုးအိုက နားမလည်နိုင်စွာဖြင့် "ဒီလောက် အနှိုင်းမဲ့တဲ့ ရတနာဓားတစ်လက်က ဘာလို့ ဖုံးကွယ်နေရတာလဲ" ဟု မေးလိုက်သည်။
"သူ့ဘာသာသူ ပုန်းအောင်းနေတာပါ"
လင်းပိုင်ဖန်က ဆက်ပြောလိုက်သည် "ဘာလို့လဲဆိုတော့ သူ ကြောက်နေခဲ့လို့ပဲ။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးခဲ့တော့ ငယ်ရွယ်တဲ့ အရွယ်နဲ့ မလိုက်အောင် လေးလံတဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးခဲ့ရတယ်။ သူ ရှုံးနိမ့်မှာကို ကြောက်ခဲ့တယ်၊ သူ့ဓား သူတစ်ပါးလက်မှာ ကျိုးပျက်သွားမှာကို ကြောက်တယ်၊ ပြီးတော့ အားလုံးကို စိတ်ပျက်စေမှာကိုလည်း ကြောက်တယ်။ ဒါကြောင့် သူဟာ သူ့ဓားကို ဝှက်ထားပြီး လောကအလယ်မှာ သူ့ကိုယ်သူ ပိတ်လှောင်ထားလိုက်တယ်။ ဘယ်သူမှ သူ့ဓားကို ရှာမတွေ့ရင် ဘယ်သူမှ သူ့ကို အနိုင်မတိုက်နိုင်တော့ဘူးလေ"
အဘိုးအိုက "ဝမ်းနည်းစရာပဲ၊ နှမြောဖို့လည်း ကောင်းသလို သနားစရာလည်း ကောင်းတယ်၊ ဒါပေမဲ့ နားလည်ပေးလို့တော့ ရပါတယ်" ဟု ညည်းတွားလိုက်သည်။
လင်းပိုင်ဖန်က "ဒါပေမဲ့ နောက်ပိုင်းမှာ သူ ဓားကို ပြန်ကိုင်ခဲ့တယ်"
"သူ ဘာလို့ ပြန်ကိုင်ခဲ့တာလဲ" အဖိုးကြီးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ သိုင်းလောကအလယ်ကို ရောက်နေတဲ့အခါ ကိုယ်ကိုတိုင် မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ရှိလို့ပေါ့"
လင်းပိုင်ဖန်က သက်ပြင်းချရင်း "သိုင်းလောကထဲမှာ ကျင်လည်နေတဲ့သူတိုင်းမှာ ကာကွယ်ချင်တဲ့သူ၊ စောင့်ရှောက်ချင်တဲ့အရာ ဆိုတာ အမြဲရှိစမြဲပဲ။ အရာအားလုံးကို စွန့်ပယ်ပြီး လုံးလုံးလျားလျား ပုန်းအောင်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
အဖိုးကြီးက ခေါင်းညိတ်ကာ "ဟုတ်တယ်... သိုင်းလောကအလယ်မှာ ရှိနေရင် ကိုယ့်ကိုယ်ကိုယ် မပိုင်တဲ့အချိန်တွေတောင် ရှိတတ်တာပဲ"
"ဒါပေမဲ့ သူ့အတွက်တော့ ဒါဟာ အစပျိုးမှုအသစ်ပဲ။ ဘာလို့လဲဆိုတော့ သူ ဘာအတွက် ကြိုးစားနေတာလဲဆိုတာကို နားလည်သွားတဲ့အခါ သူ့ရဲ့ဓားဟာလည်း ဦးတည်ချက်ကို ရှာတွေ့သွားတယ်။ အညစ်အကြေးတွေ စင်ကြယ်သွားပြီး၊ ဟန်ဆောင်မှုတွေ ကင်းစင်သွားကာ အရင်ကထက် ပိုပြီး ထက်မြက်လာတယ်"
အဖိုးကြီးက "ဒါက ဘယ်လိုဓားမျိုးလဲ" ဟု မေးလိုက်သည်။
လင်းပိုင်ဖန်က "ဒါဟာ အလွယ်တကူ ကိုင်မြှောက်နိုင်သလို အလွယ်တကူလည်း ချထားနိုင်တဲ့ အနှိုင်းမဲ့ နတ်ဘုရားဓားပဲ။ အတိတ်ကိုလည်း တုန့်ဆိုင်းမနေဘူး၊ ပစ္စုပ္ပန်ကိုလည်း ဖက်တွယ်မထားဘူး၊ အနာဂတ်ကိုလည်း မကြောက်ရွံ့ဘူး။ သူဟာ ဓားဖြစ်သလို၊ ဓားဟာလည်း သူပဲ။ ဓားဟာ ဓားသက်သက် မဟုတ်သလို၊ သူဟာလည်း သူသက်သက် မဟုတ်တော့ဘူး။ သူ့နှလုံးသားဟာ ပွင့်လင်းပြီး အမှောင်တွေ ကင်းစင်နေတယ်။ သူ့လက်ထဲမှာ ဓားမရှိပေမဲ့ သူဟာ သန်းပေါင်းများစွာထဲကမှ တစ်ယောက်တည်းသော ဓားနတ်ဘုရားပဲ"
အဘိုးအိုက ပြုံးလျက် ရေရွတ်သည် "အလွယ်တကူ ကိုင်နိုင်ချနိုင်တယ်၊ အတိတ်မှာ မရှင်သန်ဘူး၊ ပစ္စုပ္ပန်ကို မဖက်တွယ်ဘူး၊ အနာဂတ်ကိုလည်း မကြောက်ဘူး။ သူဟာ ဓား၊ ဓားဟာ သူ... ဒါဟာ ပြိုင်ဘက်ကင်းတဲ့ ယုံကြည်ချက်ဓားပဲ။ ပြိုင်ဘက်ကင်းတဲ့ သူတစ်ယောက်ရဲ့ နှလုံးသားရှိမှသာ ပြိုင်ဘက်ကင်းတဲ့ ဓားကို ကိုင်စွဲနိုင်မှာပဲ"
လင်းပိုင်ဖန်က "အဘိုးရဲ့ဓားကရော ဒီဓားနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။
"ယှဉ်လို့တောင် မရပါဘူး"
အဘိုးအိုက သက်ပြင်းချကာ "ငါ့ဘဝက သိပ်ကို သာမန်ဆန်လွန်းခဲ့တယ်၊ အနိမ့်အမြင့် အတက်အကျ သိပ်မရှိတော့ အရောင်တင်မှု အားနည်းခဲ့တယ်။ ငါ့ရဲ့ဓားပညာက သာမန်ပါပဲ။ နတ်ဘုရားဓားကို ကိုင်ထားရင်တောင် ငါ အနိုင်ရမှာ မဟုတ်ဘူး"
"ဒါဟာ အဘိုးအတွက် ကံကောင်းခြင်းဖြစ်သလို ကံဆိုးခြင်းလည်း ဖြစ်နိုင်ပါတယ်" ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။
"မှန်တယ်၊ အခက်အခဲနဲ့ ဆင်းရဲဒုက္ခတွေကို မဖြတ်ကျော်ဘဲနဲ့ နတ်ဓားတစ်လက်ကို မသွေးနိုင်ဘူး။ ဒါပေမဲ့ အဲဒီစမ်းသပ်ချက်တွေကို မကျော်လွှားနိုင်ရင်လည်း ဓားဟာ အသက်မဲ့သွားမှာပဲ" ဟု အဘိုးအိုက ထပ်မံသက်ပြင်းချလိုက်သည်။
"အမှန်ပဲ၊ လောကကြီးက များသောအားဖြင့် ဒီလိုပါပဲ။ ကောင်းကင်ဘုံက တကယ်ပဲ ချီးမြှောက်ခံရတဲ့သူဆိုတာ ရှားမှရှားတယ်"
လင်းပိုင်ဖန်က ဆက်ပြောလိုက်သည်။ "ငါကိုယ်တော် နောက်ထပ် ထူးခြားတဲ့ ဓားတစ်လက်အကြောင်းလည်း သိသေးတယ်"
အဖိုးကြီးက စိတ်ဝင်တစားဖြင့် နားထောင်နေသည်။
"ဒီဓားအကြောင်း မပြောခင် အဘိုးကို မေးခွန်းတစ်ခု မေးပါရစေ။ ဓားတစ်လက်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်ပါသလား"
လင်းပိုင်ဖန်က စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ "အဘိုးရဲ့ စည်းစိမ်ဥစ္စာ၊ အောင်မြင်မှု၊ သူငယ်ချင်း၊ မိသားစု၊ ရည်မှန်းချက်တွေနဲ့ နောက်ဆုံး အသက်ကိုပါ စွန့်လွှတ်နိုင်မလား"
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အဖိုးကြီးက လန့်သွားပြီး- "ငါက ဓားကို သူငယ်ချင်းလို သဘောထားတယ်၊ သူဟာ ငါ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဒါပေမဲ့ အရာအားလုံးတော့ မဟုတ်ဘူး။ ဓားတစ်လက်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ဆိုတာ ငါ မလုပ်နိုင်ဘူး"
"အဘိုး မလုပ်နိုင်ပေမဲ့ လုပ်နိုင်တဲ့သူတွေ ရှိတယ်။ အဲဒီလိုလူမျိုးဟာ ဓားရဲ့ သန့်စင်ဆုံးသော ကိုယ်စားပြုမှုပဲ။ ဓားလိုပဲ မာန်မာနရှိတယ်၊ အနှိုင်းမဲ့တယ်၊ မြင့်မြတ်တယ်၊ ပြီးတော့ အထီးကျန်ဆန်တယ်။ သူဟာ သူ့ဘဝတစ်လျှောက်လုံးကို ပြိုင်ဘက်ကင်း ဓားပညာနောက်ကိုပဲ လိုက်ခဲ့ပြီး ဓားအတွက်ပဲ ဘဝကို ပုံအပ်ခဲ့တယ်"
"သူဟာ ဓားကို သူ့အသက်လို တန်ဖိုးထားပြီး ဓားအတွက်နဲ့ ဇနီးမယား၊ သားသမီးတွေကိုတောင် စွန့်ခွာခဲ့တယ်။ သူတစ်ပါးနဲ့ ဓားချင်းယှဉ်ပြိုင်ဖို့အတွက် သူ့အသက်ကိုတောင် လောင်းကြေးထပ်ခဲ့သူပဲ။ ဓားလမ်းစဉ်မှာ နတ်ဘုရားနဲ့ အနီးစပ်ဆုံးသူကို ပြပါဆိုရင် သူပဲဖြစ်လိမ့်မယ်"
"ဒါပေမဲ့ သူ ဒီလိုလုပ်လို့ ဘာထူးမှာလဲ" အဖိုးကြီးက နားမလည်နိုင်ဘဲ မေးလိုက်သည်။
"ထူးတာပေါ့၊ သိပ်ထူးတာပေါ့။ ဘာလို့လဲဆိုတော့..."
လင်းပိုင်ဖန်က လေးလေးနက်နက် ပြောလိုက်သည်။ "ဓားမှာလည်း ခံစားချက်ရှိတယ်၊ သူတို့ဟာ လူတွေရဲ့ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ ကြည်နူးခြင်းတွေကို ခံစားနိုင်ကြတယ်။ အဘိုးရဲ့ နှလုံးသားက ဓားအပေါ် စစ်မှန်တယ်ဆိုရင် ဓားကလည်း အဘိုးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"
အဘိုးအို၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်လှုပ်သွားပြီး- "ကောင်းလိုက်တဲ့ စကား။ ငါ့ရဲ့ နှလုံးသားက ဓားအပေါ် စစ်မှန်ရင် ဓားကလည်း ငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး..."
"ဓားအတွက် အရာအားလုံး ပေးဆပ်နိုင်မှသာ ဓားရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မှာပဲ"
"ငါကိုယ်တော် နောက်ထပ် ခံစားချက်အပြည့်ရှိတဲ့ ဓားတစ်လက်အကြောင်းလည်း သိသေးတယ်။ အဲဒါကတော့ ကြီးစွာသော ဝမ်းနည်းပူဆွေးမှုထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားနေရတဲ့သူတစ်ယောက်က ဖန်တီးခဲ့တာပဲ။ ခံစားချက် ပြင်းထန်တဲ့သူမှသာ ဓားပညာမှာလည်း အစွန်းရောက်အောင် တော်နိုင်တာ။ ပြင်းထန်တဲ့ ခံစားချက်ရှိမှသာ ဓားကို အသက်သွင်းနိုင်ပြီး ဓားလမ်းစဉ်ထဲကို ဝင်ရောက်နိုင်မှာ"
အဘိုးအိုက အော်ဟစ်ချီးကျူးလိုက်သည် "ဓားကောင်းပဲ။ တကယ်ကို ဓားကောင်းပဲ"
"နောက်ထပ် ဓားတစ်လက် ရှိသေးတယ်"
လင်းပိုင်ဖန်က လက်ဖက်ရည်တစ်ငုံသောက်ပြီး လည်ချောင်းကို စိုစွတ်စေကာ ဆက်ပြောခဲ့သည်။ "ဒီဓားမှာတော့ ဘာအဆင့်အတန်းမှ မရှိသလို၊ ဆန်းပြားတဲ့ အကွက်တွေလည်း မရှိဘူး။ သူ့ရဲ့ တစ်ခုတည်းသော အရည်အချင်းကတော့ မြန်တယ်၊ ပိုမြန်တယ်၊ ပြီးတော့ အစွမ်းကုန် မြန်တာပဲ"
အဘိုးအိုက လုံးဝ ဇဝေဇဝါဖြစ်သွားကာ "မြန်တာက ဘာအသုံးကျလို့လဲ။ ငါ့ဓားကလည်း မြန်တာပဲလေ၊ ဒါပေမဲ့ တစ်ခါတလေ ရန်သူကို မသတ်နိုင်သေးဘူး"
"အဲဒါက အဘိုးရဲ့ဓားက မမြန်သေးလို့ပဲ"
လင်းပိုင်ဖန်က ကျယ်လောင်စွာ ပြောလိုက်သည်။ "စကားပုံတစ်ခု ရှိတယ်၊ သိုင်းလောကထဲမှာ မဖောက်ထွင်းနိုင်တဲ့ အကာအကွယ်ဆိုတာ မရှိဘူး၊ အရှိန်အဟုန်ကသာ အောင်နိုင်ခြင်းရဲ့ သော့ချက်ပဲ။ အဘိုးရဲ့ ဓားအရှိန်ဟာ အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် အဆင့်အတန်းတွေ၊ ဓားကွက်တွေဆိုတာ အပိုတွေ ဖြစ်ကုန်ရော။ ဘာလို့လဲဆိုတော့ သူက အဘိုးကို သတ်ဖို့အတွက် ဓားတစ်ချက်ပဲ လိုလို့ပဲ။ အဘိုးက ဓားကို မြင်လိုက်ရတဲ့အချိန်မှာ အဘိုးရဲ့ခေါင်းက နေရာရွေ့သွားပြီ"
အဘိုးအိုက သူ့ဘာသာသူ ရေရွတ်မိလိုက်သည်။ "သိုင်းလောကမှာ အမြန်ဆုံးဟာ အောင်နိုင်သူပဲ... ဘယ်လောက် နက်နဲတဲ့ စကားလဲ။ ဒါဟာ ဓားလမ်းစဉ်တင် မဟုတ်ဘူး၊ သိုင်းပညာလောကရဲ့ အခြေခံအကျဆုံး အမှန်တရားပဲ"
"သိုးကျောင်းသူလေးတစ်ယောက်ရဲ့ ဓားအကြောင်းလည်း ငါကိုယ်တော် သိသေးတယ်" ဟု လင်းပိုင်ဖန်က ထပ်လောင်းပြောလိုက်သည်။
အဘိုးအိုက အံ့သြသွားပြီး "သိုးကျောင်းသူလား။ သိုးကျောင်းသူတစ်ယောက်က ဘယ်လိုလုပ် ဓားပညာ တတ်နေတာလဲ"
"သူမက မျောက်ဝံဖြူတစ်ကောင်ဆီကနေ ဓားပညာ သင်ခဲ့တာလေ"
လင်းပိုင်ဖန်က ရယ်မောရင်း ပြောလိုက်သည်။ "သူမက ပုံမှန်ဆို သိုးကျောင်းပြီး အသက်မွေးတယ်၊ ပျင်းလာတဲ့အခါ မျောက်ဝံဖြူနဲ့ ဝါးလုံးတုတ်နဲ့ ကစားရင်း လေ့ကျင့်တယ်။ တဖြည်းဖြည်းနဲ့ သူမဟာ အစွမ်းထက်တဲ့ ဓားပညာကို တတ်မြောက်သွားခဲ့တယ်။ သူမရဲ့ ဓားတစ်ချက်က ချပ်ဝတ်တန်ဆာ နှစ်ထောင်ကို ဖောက်ထွင်းနိုင်ပြီး၊ တစ်ကိုယ်တည်းနဲ့ စစ်သည်တော် သန်းပေါင်းများစွာကို ရင်ဆိုင်နိုင်တယ်"
"မဖြစ်နိုင်တာ။ ဓားနဲ့ ဓားကွက်တွေကို လူတွေကပဲ တီထွင်တာလေ။ ဒါကြောင့် တောင်ပေါ်က မျောက်ဝံဖြူဆီကနေ ဓားပညာ သင်တယ်ဆိုတာ မဖြစ်နိုင်ဘူး" ဟု အဘိုးအိုက မယုံကြည်နိုင်စွာ ခေါင်းခါလိုက်သည်။
"အဘိုးက တစ်ဖက်ပဲ သိပြီး ကျန်တဲ့တစ်ဖက်ကို မသိသေးဘူး။ လူသားတွေဆိုတာ ဒီလောကထဲက စိတ်ဝိညာဉ်တွေထဲက တစ်ခုပဲဆိုတာ သိရမယ်။ ကောင်းကင်နဲ့ မြေကြီးကြားက အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိပြီး ဘာမဆို ဆရာဖြစ်နိုင်တယ်။ ဓားပညာကို လူသားတွေပဲ တီထွင်ခဲ့တာလို့ ဘယ်လိုလုပ် အသေအချာ ပြောနိုင်မှာလဲ"
"ဓားပညာတွေဟာ စကြဝဠာကြီးထဲမှာ အစကတည်းက ရှိနေပြီးသား ဖြစ်နိုင်တယ်၊ လူတွေက တိုက်ဆိုင်စွာနဲ့ ရှာဖွေတွေ့ရှိပြီး သင်ယူခဲ့ကြတာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ဘယ်တော့မှ မာန်မတက်ပါနဲ့။ သဘာဝတရားကို ဆရာတင်ပြီး အမြဲတမ်း ပြန်လည်ဆင်ခြင်ရမယ်"
"ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေဟာ အစစ်အမှန် နိယာမတွေပဲ။ ကောင်းကင်နဲ့ မြေကြီးရဲ့ လမ်းစဉ်ဟာ ကြီးမြတ်တဲ့ လမ်းစဉ်ပဲ။ သဘာဝတရားကို ဆရာတင်ပြီး ဓားပညာကို သင်ယူမှသာ အဘိုးရဲ့ ဓားပညာဟာ သဘာဝကျကျ စီးဆင်းပြီး ကောင်းကင်ဘုံနဲ့ တစ်သားတည်း ဖြစ်သွားမှာပဲ"
အဘိုးအို၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး- "သဘာဝကျကျ စီးဆင်းပြီး ကောင်းကင်ဘုံနဲ့ တစ်သားတည်းဖြစ်တဲ့ ဓားပညာ..."
ထို့နောက်တွင် သူတို့နှစ်ဦးသည် ဓားပညာအကြောင်းကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
အဘိုးအိုမှာ အလွန်အံ့သြနေမိသည်၊ လင်းပိုင်ဖန်ကဲ့သို့ လူငယ်လေးတစ်ဦးတွင် ဤမျှနက်နဲသော ဓားအသိအမြင်ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဓားအမျိုးမျိုး၏ သဘောတရားများသည် လင်းပိုင်ဖန်ထံမှ သဘာဝအတိုင်း ထွက်ပေါ်လာပြီး အတွေ့အကြုံရင့်သော ဓားသမားအိုကြီးအတွက်ပင် စဉ်းစားစရာများစွာ ကျန်ရစ်စေခဲ့သည်။
သူ၏နှလုံးသားထဲတွင် ရှက်ရွံ့အားနာမှုများ ဖြစ်ပေါ်လာသည်။ နှစ်ပေါင်း တစ်ရာကျော် ဓားပညာကို လေ့လာခဲ့သော်လည်း ဤလူငယ်လေး၏ အမြင်ကို မမှီသေးပေ။ သို့ပါလျက်နှင့် သူ့ကို တပည့်အဖြစ် လက်ခံရန် ကမ်းလှမ်းခဲ့မိသည်မှာ သူ့ကိုယ်သူ အထင်ကြီးလွန်းရာ ရောက်သွားခဲ့သည်။
နတ်ဓားက ဤကဲ့သို့သော လူငယ်ကို အရှင်သခင်အဖြစ် ရွေးချယ်ခဲ့သည်မှာ မဆန်းတော့ပေ။
နတ်ဓား၏ ရွေးချယ်မှု မမှားခဲ့ပေ။ ဤကဲ့သို့ ဓားအသိအမြင်မျိုးရှိသူသည် တစ်လောကလုံးတွင် ဒုတိယတစ်ယောက် ရှိလိမ့်မည်မဟုတ်ပေ။
သူသာ ဓားလမ်းစဉ်ကို အမှန်တကယ် လျှောက်လှမ်းမည်ဆိုလျှင် မကြာမီအတွင်းမှာပင် ဓားနတ်ဘုရားတစ်ဦး ဖြစ်လာမှာ အသေအချာပင်။
ဘေးတွင် ရှိနေသော မိန်းမစိုး လျှူ သည်လည်း အလွန်အံ့သြနေသည်။ သူတို့၏ ဧကရာဇ်မင်းမြတ်မှာ ဤမျှ ဓားပညာကို နှံ့စပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ကြားလိုက်ရသော ဓားသဘောတရားများသည် သူ့အတွက်လည်း များစွာ အကျိုးရှိလှသည်။
ဒါဟာ လင်းပိုင်ဖန်ရဲ့ ထူးခြားတဲ့ ပါရမီကြောင့်ပဲလို့ သူ ကောက်ချက်ချလိုက်သည်။
အကြောင်းမှာ ထီးနန်းကို စံမြန်းကတည်းက လင်းပိုင်ဖန်သည် အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ချက် အမျိုးမျိုးကို ပြသခဲ့သဖြင့် သူ့အတွက်တော့ အထူးအဆန်း မဟုတ်တော့ပေ။