အခန်း (၁၇၈)
Vol. 15 Ch. 178
ချိုင်ယွိရှင်းမှာ အလွန်ပင် နေရခက်သွားလေသည်။
သူမသည် ပွင့်စပြုစပန်းကလေးကဲ့သို့ နုပျိုကာ၊ အသက်နှစ်ဆယ်အရွယ်သာ ရှိသေးသော်လည်း အသက်တစ်ရာကျော်အရွယ် အဘိုးအိုကြီးတစ်ဦး၏ ‘ ဆရာကတော်' ဟု အခေါ်ခံနေရသည်။ ဒါက ဘယ်လိုအခြေအနေကြီးလဲ။
"ဓားအကြီးအကဲရှင့်... ကျမကို ‘ဆရာကတော်’ လို့ မခေါ်ပါနဲ့လား။ ကြားရတာ တကယ်ကို ရှက်ဖို့ကောင်းလွန်းလို့ပါ" ဟု ချိုင်ယွိရှင်းက ပြောလိုက်သည်။
အဘိုးအိုက မျက်နှာ တည်ကြည်စွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး "မဟုတ်တာပဲ... ဝတ္တရားကို ပျက်ကွက်လို့ မဖြစ်ဘူး။ ‘ဆရာကတော်’က ဆရာ့ရဲ့ ချစ်မြတ်နိုးရတဲ့ အချစ်တော်ဖြစ်နေမှတော့ ‘ဆရာကတော်’ ပဲပေါ့။ ကျွန်တော်က ‘ဆရာကတော်’ လို့မခေါ်ရင် ဘယ်လိုခေါ်ရမှာလဲ"
"အဲဒီအစား သူ့ကို ‘ဆရာ’ လို့ ခေါ်နေတာကိုပဲ ရပ်လိုက်ပါလား။ ဒါဆိုရင် ပြဿနာ ပြေလည်သွားပြီမဟုတ်လား" ဟု ချိုင်ယွိရှင်းက အကြံပြုလိုက်သည်။
"ဒါကတော့ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ"
အဘိုးအိုသည် လင်းပိုင်ဖန်ကို ဦးညွှတ်လိုက်ပြီး "ဆရာက ကျွန်တော့်ကို ဓားပညာလမ်းစဉ်ကို သင်ကြားပြသပေးခဲ့တယ်၊ ဒီသင်ကြားမှုအတွက် အလွန်ကို ကျေးဇူးတရား ရှိလှတယ်။ အစဉ်အလာအရရော ကျင့်ဝတ်အရရော သူဟာ ကျွန်တော့်ရဲ့ လေးစားရတဲ့ ဆရာဖြစ်ပြီး ကျွန်တော်က သူ့ကို ဒီလိုပဲ ခေါ်သင့်ပါတယ်"
"ဒါပေမဲ့ သူက ရှင့်ကို ဘာမှသင်ပေးနိုင်တာ မဟုတ်ဘူးလေ၊ ရှင့်ကို သူက လှည့်စားနေတာ" ချိုင်ယွိရှင်းက လင်းပိုင်ဖန် ကို စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။
ဓားအဖိုးအိုက ခေါင်းခါပြန်သည်။ " ‘ဆရာကတော်’ နားမလည်ပါဘူး။ ဆရာက ဓားပညာအကြောင်းကို ဘယ်သူ့ထက်မဆို ပိုသိနေလို့ နတ်ဓားရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရတာ။ သူ့ဘေးမှာ နေရတာ ကျွန်တော့်အတွက် အများကြီး အကျိုးရှိတယ်။ ကျွန်တော့်ရဲ့ ရှေ့ဆက်ရမယ့်လမ်းက တစ်ချိန်က ပိတ်ဆို့နေခဲ့တာ၊ ဒါပေမဲ့ ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့် လမ်းစကို ပြန်မြင်ရပြီး တိုးတက်ဖို့ မျှော်လင့်ချက်တွေ ရှိလာပြီ။ ဒါကို လှည့်စားနေတယ်လို့ ပြောမယ်ဆိုရင်တောင် ဆရာ့ကို ဒီထက်ပိုပြီး ခဏခဏ လှည့်စားပေးစေချင်တယ်"
လင်းပိုင်ဖန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး "ဒီတပည့်က သင်ကြားရကျိုးနပ်တာပဲ။ ဓားလမ်းစဉ်အပေါ်မှာ ဒီလောက်ထိ အာရုံစိုက်ပြီး အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့သူမှသာ သိသာထင်ရှားစွာ တိုးတက်မှုတွေရရှိပြီး ပိုမိုမြင့်မားတဲ့ အဆင့်ကို ရောက်နိုင်မှာ"
"ဆရာ ပြောတာ အမှန်ဆုံးပါပဲ၊ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်"
"ဆရာ့စကားတွေကို နားထောင်ပြီးတဲ့နောက် ကျွန်တော် ထိုးထွင်းသိမြင်မှုအသစ်တွေ ရလာတယ်..."
"ဆရာ ခဏလောက်စောင့်ပါဦး"
အဘိုးအိုသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် သူ၏အိတ်ကပ်ထဲမှ ကလောင်တံနှင့် စက္ကူကို ထုတ်လိုက်ပြီး ကလောင်တံကို တံထွေးဖြင့် တို့ကာ တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည် "ဆရာ... ကျွန်တော် အသင့်ဖြစ်ပါပြီ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"
"ကောင်းပြီ၊ ငါ လမ်းညွှန်ပေးမယ်"
ဤသို့ဖြင့် လူတစ်ယောက်က အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောနေပြီး နောက်တစ်ယောက်ကတော့ စကားလုံးတစ်လုံးမှ မကျန်စေရန် အသည်းအသန် မှတ်စုလိုက်ရေးနေကြတော့သည်။
ချိုင်ယွိရှင်းမှာ ထိုနှစ်ယောက်ကို ကြည့်ပြီး အရှုံးပေးလိုက်ရသည်။
"ထားလိုက်ပါတော့၊ ရှင်တို့ရဲ့ ပြဇာတ်ထဲမှာ ကျွန်မ မပါတော့ဘူး"
သူမသည် ငှက်ပျောသီးတစ်လုံးကို ယူကာ ဒေါသတကြီးဖြင့် စားနေတော့သည်။
လက်ဖက်ရည်တစ်ခွက်စာလောက် ကြာပြီးနောက်တွင် လင်းပိုင်ဖန်က သူ၏ ရှင်းပြမှုကို အဆုံးသတ်လိုက်ပြီး အဘိုးအိုကလည်း အားတက်သရော မှတ်စုရေးနေခြင်းကို အဆုံးသတ်လိုက်သည်။
"ငါ အခုရှင်းပြလိုက်တာတွေက နည်းနည်းတော့ ရှုပ်ထွေးနိုင်တယ်၊ ပြန်ရောက်တဲ့အခါ အချက်အလက်တွေကို သေချာပြန်စီစဉ်လိုက်ဦး"
"ဟုတ်ကဲ့ပါ ဆရာ"
ထိုအချိန်တွင် မိန်းမစိုးငယ်တစ်ဦး ဝင်လာခဲ့သည်။
"အရှင်မင်းကြီးကို သတင်းပို့အပ်ပါတယ်၊ မဟာယွဲ့ နိုင်ငံက သံတမန်က အရှင်မင်းကြီးနဲ့ တွေ့ဆုံခွင့် တောင်းခံနေပါတယ်"
လင်းပိုင်ဖန်တွင် ထူးခြားသော တုံ့ပြန်မှု မရှိပေ။ အမှန်ပင် မဟာယွဲ့သံတမန်က တွေ့ဆုံခွင့် တောင်းနေသည်မှာ ယခုတစ်ကြိမ်တည်း မဟုတ်တော့ပေ။
သူတို့လာရခြင်း အကြောင်းရင်းမှာ မဟာရှီ နှင့် မဟာကျူး နိုင်ငံတို့၏ စစ်သည်တစ်သန်းရှိတဲ့ မဟာမိတ်တပ်ကို တိုက်ထုတ်ရန် မဟာရှမှ စစ်ကူစေလွှတ်ပေးရန် မျှော်လင့်ခြင်းကြောင့်ပင် ဖြစ်သည်။
လင်းပိုင်ဖန်က လက်ကာပြလိုက်ပြီး- "သူ့ကို ပြောလိုက်၊ ငါကိုယ်တော် မတွေ့ချင်ဘူးလို့။ ပိုက်ဆံအကြောင်း မပါရင် စကားတွေ အများကြီး ပြောနေလည်း အပိုပဲ"
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး" မိန်းမစိုးငယ် ပြန်ထွက်သွားသည်။
မကြာမီတွင် မဟာယွဲ့သံတမန်သည် မဟာယွဲ့သို့ ပြန်ရောက်သွားသည်။
မဟာယွဲ့ဧကရာဇ်က မျှော်လင့်တကြီး စောင့်စားနေလေသည်။ "ဘာလဲ... မဟာရှက စစ်ကူလွှတ်ဖို့ သဘောတူလိုက်ပြီလား"
မဟာယွဲ့သံတမန်က ခေါင်းငုံ့ပြီး ရိုသေစွာဖြင့် "အရှင်မင်းကြီး... ကျွန်တော်မျိုး တာဝန်မကျေခဲ့ပါဘူး။ မဟာရှဧကရာဇ်က အရှင့်အတွက် စကားခြောက်လုံးပဲ ပြန်ပြောလိုက်ပါတယ်"
"ဘာစကား ခြောက်လုံးလဲ" မဟာယွဲ့ဧကရာဇ်က မေးလိုက်သည်။
"စစ်ကူလိုလျှင်... ငွေအရင်ပေး"
မဟာယွဲ့ဧကရာဇ်: "..."
ခဏအကြာတွင် သူက စားပွဲကို ဒေါသတကြီး ရိုက်လိုက်ပြီး- "ဒါကတော့ လွန်လွန်းတယ်၊ ငါ့ရဲ့ မဟာယွဲ့နိုင်ငံက သူ့ကြောင့် မွဲသွားရတာကို၊ သူ့ကို ပေးဖို့ ပိုက်ဆံက ဘယ်မှာရှိမှာလဲ။ သူက အပြန်အလှန် မှီခိုရတယ်ဆိုတဲ့ သဘောတရားကို နားမလည်ဘူးလား။ မဟာရှီနဲ့ ကျူးက ဝံပုလွေလို စိတ်မျိုး၊ ငါ့ရဲ့ မဟာယွဲ့သာ ပြိုလဲသွားရင် နောက်ထပ် သူတို့ရဲ့ ပစ်မှတ်က မဟာရှပဲ။ ဒါကို သိရင် သူ စစ်ကူလွှတ်ရမှာပဲလေ"
မဟာယွဲ့သံတမန်က တုန်တုန်ရင်ရင်ဖြင့် "အရှင်မင်းကြီး... ကျွန်တော်မျိုးက အကျိုးအပြစ်တွေကို ပြောပြခဲ့ပေမဲ့ မဟာရှဧကရာဇ်က အလေးမထားခဲ့ပါဘူး၊ ကျွန်တော်မျိုးလည်း ဘာမှမတတ်နိုင်တော့ပါဘူး"
"တောက်၊ အဲဒီ လူမိုက်က အရမ်းကို လောဘကြီးနေတာပဲ" မဟာယွဲ့ဧကရာဇ်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
အမှန်တကယ်တော့ မဟာယွဲ့နိုင်ငံတွင် ပိုက်ဆံအနည်းငယ် ကျန်နေသေးသည်။ သို့သော် ထိုငွေများကို ထွက်ပြေးရန် ဒါမှမဟုတ် နောင်တစ်ချိန် ပြန်လည် ထူထောင်ရန်အတွက် တစ်နေရာတွင် ဝှက်ထားခြင်း ဖြစ်သည်။
အကယ်၍ ထိုငွေများကို မဟာရှကို ပေးလိုက်ပါက သူ့တွင် ဘာမှ ကျန်တော့မည် မဟုတ်ပေ။ ပိုက်ဆံမရှိလျှင် ဧကရာဇ်ဖြစ်ဖို့ မဆိုထားနှင့်၊ သာမန်လူတစ်ယောက်အဖြစ် ရှင်သန်ရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် သူသည် ထိုငွေများကို နောက်ဆုံးအချိန်အထိ လုံးဝ ထုတ်မပေးလိုခဲ့ပေ။
"အဲဒီ ငတုံးဧကရာဇ်က အလွန်လောဘကြီးတယ်၊ သူ့ကို လျစ်လျူရှုလိုက်" ဟု မဟာယွဲ့ဧကရာဇ်က ပြောလိုက်သည်။
ထိုအချိန်တွင် စစ်သည်တစ်ဦး အပြေးအလွှားဖြင့် ဝင်လာခဲ့သည်။
"အရေးကြီးသတင်းပါ။ စစ်သူကြီး ကျောက်၊ ကျင်းနဲ့ စွန်း တို့က ရှီနဲ့ ကျူးနိုင်ငံဘက်ကို အသီးသီး ဘက်ပြောင်းသွားကြပါပြီ။ စစ်သူကြီး ချန်၊ ဟွမ်နဲ့ လျို တို့ကိုလည်း သတ်ပစ်လိုက်ကြပါတယ်။ အခု သူတို့က စစ်သည်တစ်သန်းကို ဦးဆောင်ပြီး မြို့တော်ဆီကို ချီတက်လာနေပါပြီ"
"ဘာ….၊ ကျောက်၊ ကျင်းနဲ့ စွန်းတို့ အားလုံး သစ္စာဖောက်သွားကြပြီလား၊ ငါ့ရဲ့ ထိပ်သီးစစ်သူကြီး သုံးယောက်တောင် အသတ်ခံလိုက်ရတယ်။ ဟုတ်လား…"
မဟာယွဲ့ဧကရာဇ်သည် တုန်လှုပ်ချောက်ချားသွားပြီး ဒေါသထွက်ကာ အံကြိတ်လျက် - "တောက်…. ဒီသစ္စာဖောက် သုံးယောက်၊ ငါ သူတို့ကို ကောင်းကောင်း ဆက်ဆံခဲ့တာကို ဒီလို ကျေးဇူးဆပ်ကြတယ်ပေါ့။ တကယ်ကို မခံချင်စရာပဲ"
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ အခု ဘာလုပ်ကြမလဲ" မိန်းမစိုးအိုကြီးက စိုးရိမ်တကြီး မေးလိုက်သည်။
သူ့တွင် အစွမ်းအစ အတော်အတန်ရှိသော်လည်း လက်ရှိအခြေအနေကို သူဘာမှ မတတ်နိုင်ပေ။
"သစ္စာဖောက် သုံးယောက်က လက်နက်ချသွားပြီ၊ စစ်သူကြီး သုံးယောက်လည်း အသတ်ခံလိုက်ရပြီ။ အခု ရှေ့တန်းမှာ စစ်သူကြီး နှစ်ယောက်နဲ့ စစ်သည် သုံးသိန်းတောင် မပြည့်တော့ဘူး။ သူတို့ အကြာကြီး ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့မှာ ထွက်ပြေးဖို့ပဲ ရှိတော့တယ်" ဟု မဟာယွဲ့ဧကရာဇ်က မလိုလားစွာဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ တကယ်ပဲ ထွက်ပြေးကြတော့မှာလား"
မိန်းမစိုးအိုက စိုးရိမ်တကြီး မေးလိုက်သည်။ "အကယ်၍ ကျွန်တော်မျိုးတို့ ထွက်ပြေးရင် မဟာယွဲ့နိုင်ငံကို ထာဝရ ဆုံးရှုံးသွားရလိမ့်မယ်၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးတော်မူပါ"
မဟာယွဲ့ဧကရာဇ်သည် စိတ်ပျက်အားငယ်စွာဖြင့် နဖူးကို ပွတ်လိုက်သည်။ "ငါကိုယ်တော်လည်း ထွက်မပြေးချင်ပါဘူး၊ ဒါပေမဲ့ နိုင်ငံနှစ်ခုရဲ့ စစ်တပ်တွေက နီးလာပြီ၊ ငါတို့မှာ တားဆီးဖို့ စစ်သည် မရှိတော့ဘူး။ ဒါကြောင့် ငါတို့ ထွက်ပြေးရမယ်။ တောတောင်ရှိနေသရွေ့ ထင်းမရှားနိုင်ပါဘူး... ငါတို့တွေ အသက်ရှင်နေသရွေ့ အခွင့်အရေးဆိုတာ ရှိပါသေးတယ်"
"ဟူး..." မိန်းမစိုးအိုကြီးက သက်ပြင်းအရှည်ကြီး ချလိုက်သည်။
ဤသို့ဖြင့် သူတို့သည် အထုပ်အပိုးများကို ချက်ချင်းပြင်ဆင်ကာ မိသားစုများကို ခေါ်ဆောင်၍ ညမှောင်ရိပ်တွင် မြို့တော်မှ ထွက်ပြေးခဲ့ကြသည်။
မြို့တော်မှ ထွက်ပြေးပြီး ဒုတိယမြောက်နေ့တွင် ရှီနှင့် ကျူး တပ်ဖွဲ့များ ရောက်ရှိလာပြီး တိုက်ခိုက်ကြတော့သည်။
မဟာယွဲ့ဧကရာဇ်မှာ သူ၏ အခြံအရံများနှင့်အတူ ထွက်ပြေးသွားပြီဖြစ်သောကြောင့် မြို့တော်အတွင်း စိတ်ဓာတ်များ ကျဆင်းနေပြီး ထိရောက်သော ခုခံမှုတွေ မပြုလုပ်နိုင်ကြတော့ပေ။ မြို့တော်မှာ မကြာမီပင် ကျဆုံးသွားလေတော့သည်။
မြို့ထဲသို့ ချီတက်ဝင်ရောက်ပြီးနောက် သေသေချာချာ ရှာဖွေခဲ့ကြသော်လည်း ဘာမှ မတွေ့ရှိခဲ့ကြပေ။
"စစ်သူကြီးကို သတင်းပို့ပါတယ်၊ ကျွန်တော်မျိုးတို့ မြို့တော်တစ်ခုလုံးကို ရှာဖွေပြီးပါပြီ၊ ဒါပေမဲ့ မဟာယွဲ့ဧကရာဇ်နဲ့ တော်ဝင်မိသားစုဝင်တွေကို မတွေ့ရပါဘူး။ သူတို့ ထွက်ပြေးသွားပြီလို့ ထင်ရပါတယ်"
"ထွက်ပြေးသွားတယ်လား၊ တော်တော် မြန်တာပဲ" ဟု မြင်းပေါ်တွင် ခန့်ညားစွာ ထိုင်နေသော စစ်သူကြီးက ပြောလိုက်သည်။
ထိုသူမှာ မဟာရှီနိုင်ငံမှ စစ်သူကြီး ရှီချန်းဟိုင် ဖြစ်ပြီး၊ သူသည် စစ်သူကြီး တစ်ဦးသာမက မင်းသားတစ်ဦးလည်း ဖြစ်သဖြင့် ရှီဧကရာဇ်၏ ယုံကြည်မှုကို ရရှိထားသူ ဖြစ်သည်။
ယခု တစ်လမပြည့်မီအချိန်အတွင်း သူသည် မဟာယွဲ့နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သဖြင့် အလွန်ပင် ဂုဏ်ယူနေတော့သည်။
သူ၏ မြင်းတွင် သွေးအလိမ်းလိမ်း ဖြတ်ထားသော လူခေါင်းတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့နေရသည်။ မျက်လုံးများမှာ သေဆုံးသွားပြီဖြစ်သော်လည်း ပိတ်မနေဘဲ ပြူးကျယ်နေဆဲ ဖြစ်သည်။
ထိုခေါင်းမှာ မဟာယွဲ့နိုင်ငံ၏ ချီဖွဲ့တည်ခြင်းအဆင့် စစ်သူကြီးနှစ်ဦးထဲမှ တစ်ဦး၏ ခေါင်းဖြစ်ပြီး စစ်အောင်မြင်မှု အမှတ်အသားအဖြစ် ယူဆောင်လာခြင်း ဖြစ်သည်။
ရှီချန်းဟိုင်က ထိုခေါင်းကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။ "ဒါကို ကြည့်လိုက်စမ်း... မင်းက ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေပေမဲ့ မင်းရဲ့ ဧကရာဇ်ကတော့ ထွက်ပြေးသွားပြီ။ သေရမှာ ကြောက်တဲ့ ဧကရာဇ်အပေါ် သစ္စာစောင့်သိနေတာ ဘာတန်ဖိုးရှိလို့လဲ။ မင်းသာ စောစောစီးစီး လက်နက်ချခဲ့ရင် အခုဆို ငါနဲ့အတူ စည်းစိမ်ချမ်းသာတွေကို ခံစားနေရပြီ။ နှမြောစရာပဲ"
ထိုအချိန်တွင် နောက်ထပ် စစ်သူကြီးတစ်ဦးက မြင်းဖြင့် ရောက်လာခဲ့သည်။
ထိုသူမှာ ကျူးနိုင်ငံမှ စစ်သူကြီး ကျူးပိဝူ ဖြစ်ပြီး သူသည်လည်း တော်ဝင်မျိုးနွယ်ဖြစ်ကာ ကြီးကြပ်ရန် စေလွှတ်ခြင်း ခံရသူဖြစ်သည်။ သူ၏ မြင်းတွင်လည်း သွေးစွန်းနေသော လူခေါင်းတစ်ခု ပါလာသည်။
"ယွဲ့ဧကရာဇ် ထွက်ပြေးသွားပြီလို့ ကြားတယ်"
စစ်သူကြီး ရှီချန်းဟိုင်က ခေါင်းညိတ်ကာ- "ဟုတ်တယ်၊ သူ တော်တော် မြန်မြန်ကို ပြေးသွားတာပဲ။ မနေ့ညကမှ ထွက်ပြေးသွားတာတဲ့။ သတင်းရတာနဲ့ ချက်ချင်းကို ပြေးတော့တာပဲ၊ အချိန်တောင် မဖြုန်းဘူး"
စစ်သူကြီး ကျူးပိဝူက လှောင်ပြောင်လိုက်ကာ- "စိတ်မပူပါနဲ့၊ သူတို့ လွတ်မှာ မဟုတ်ဘူး"
ရှီချန်းဟိုင် အံ့သြသွားပြီး- "မင်းက ကြိုတင်ပြင်လာတာပဲ"
"ဒါပေါ့၊ နှစ် ၂၀ ကြာအောင် မြှုပ်နှံထားတဲ့ သူလျှိုကို အသုံးချရမယ့်အချိန် ရောက်ပြီ" ဟု ကျူးပိဝူက အေးစက်စွာ ပြောလိုက်သည်။