အခန်း (၂၅၆)
Vol. 26 Ch. 256
လင်းကျန်းအန်း ပြန်ရောက်လာပြီဖြစ်၍ အဘွားလင်းက သူတို့မိသားစုကို ပွဲသဖွယ်ကြည့်ရှုနေသော ဤရွာသားအုပ်စုနှင့် အချိန်ဖြုန်းနေချင်စိတ်မရှိတော့ပါချေ။
ထို့ကြောင့် သူမက လူတိုင်းကို အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“အားလုံးပဲ အိမ်ပြန်သင့်ပြီ.. အချိန်လည်း မစောတော့ဘူး.. မင်းတို့ မပြန်ရင်လည်း ငါ မင်းတို့ကို ဒီမှာဆက်ထားနိုင်မှာ မဟုတ်ဘူးနော်”
တခြားသူများမှာ လင်းရန်နှင့် စုန့်ရှီးယန်တို့၏ကိစ္စကို မိသားစုနှစ်စုက မည်သို့ဆွေးနွေးစီစဉ်မည်ကို ဆက်လက်ကြည့်ရှုလိုသော်လည်း အဘွားလင်းက ချက်ချင်းနှင်ထုတ်လိုက်သောကြောင့် ဆက်နေ၍မရနိုင်တော့ပေ။
နောက်ဆုံးတွင် ခြေတစ်လှမ်းလှမ်းကာ တစ်ကြိမ်ပြန်လှည့်ကြည့်၍ သုံးကြိမ်တိုင်တိုင်လှည့်ကြည့်ခဲ့ပြီးမှ ခြေလှမ်းနှေးကွေးစွာဖြင့် ထွက်ခွာသွားခဲ့ကြရတော့သည်။
သူတို့ ထွက်သွားသည်နှင့် တပြိုင်နက် အဘွားလင်းကလည်း အိမ်မကြီး၏ခန်းမသို့ အလျင်အမြန် သွားခဲ့လေ၏။ ထိုနေရာတွင် လင်းကျန်းအန်းက ချင်းယွင်ကျစ်နှင့် စကားပြောနေနှင့်ပေပြီ။
သူတို့နှစ်ဦးက လင်းရန်နှင့် စုန့်ရှီးယန်တို့အကြောင်းကို ချက်ချင်း မပြောကြဘဲ ယဉ်ကျေးသည့် စကားများ ဖလှယ်ကာ တစ်ဖက်လူ၏ အတွေးများကို တိတ်တဆိတ်လေ့လာနေခဲ့ကြသည်။
ကံကောင်းစွာဖြင့် လင်းကျန်းအန်းအနေဖြင့် မကြာမီတွင် ချင်းယွင်ကျစ်သည်က အလွန်ရိုးသားစွာဖြင့် ရောက်လာခြင်းဖြစ်ပြီး သူမ၏ စကားများထဲမှ အတွင်းရောအပြင်ပါ လင်းရန်ကို အလွန်နှစ်သက်ကြောင်း တွေ့ရှိရသည်။
၎င်းသည်က စုန့်ရှီးယန်မှ သူတို့ကို ပြသခဲ့သော စာထဲမှ ချင်းယွင်ကျစ်၏ သဘောထားနှင့် ကိုက်ညီခဲ့လေ၏။
သို့သော် ဤတစ်ကြိမ်တွင် သူမက အမှနာတကယ် လက်ထပ်ခွင့် တောင်းရန် ရောက်လာခြင်းများလား။
လင်းကျန်းအန်းအနေဖြင့် သူ၏ သမီးလင်းရန်မှာ အိမ်ကိုပြန်ရောက်သည်က မကြာလှသေးကြောင်း တွေးမိရသည်။ ထို့ကြောင့်အချိန်တိုအတွင်းတွင် လက်ထပ်တော့မည်ကို လက်မလွှတ်နိုင်သကဲ့သို့ ခံစားရသည်။
ကံကောင်းစွာဖြင့် ချင်းယွင်ကျစ်က ထိုသို့မဆင်မခြင်ပြုမူတတ်သူမျိုး မဟုတ်ပေ။ လင်းကျန်းအန်း၏ မျက်လုံးများထဲမှ လက်မလွှတ်နိုင်ခြင်းများနှင့် ပြည့်နှက်နေသည်ကို မြင်ရသောကြောင့် ဤအချိန်တွင် အလျင်စလိုလက်ထပ်ခွင့် တောင်းဆိုမှုအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါချေ။
မည်သို့ပင်ဖြစ်စေ အချိန်ကျလာပါက ထိုအကြောင်းကို ပြောရန်အတွက် အခွင့်အရေးကို ရှာတွေ့နိုင်ပေလိမ့်မည်။
ချင်းယွင်ကျစ်မှ သူ စိုးရိမ်ဆုံးဖြစ်သည့် အကြောင်းအရာကို မထုတ်ဖော်ခဲ့သောကြောင့် လင်းကျန်းအန်းလည်း သက်ပြင်းချလိုက်မိပြီး ချင်းယွင်ကျစ်အပေါ် သူ၏ အထင်အမြင်များကလည်း များစွာတိုးတက်လာခဲ့၏။
သူတို့နှစ်ဦး စကားပြောပြီး ခဏအကြာတွင် ညနေစောင်းလာခဲ်သည်။
လင်းရန်က သူတို့ စကားပြောနေချိန်တွင် သူတို့နှစ်ဦးကြားမှ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်လေ့လာခဲ့ပြီး သိပ်ပြီးမဆိုးလှကြောင်း တွေ့ရှိရသောကြောင့် နောက်ဆုံးတွင် စိုးရိမ်ပူပန်မှုမရှိတော့ဘဲ မီးဖိုချောင်သို့ လှည့်သွားခဲ့သည်။
သူမအနေဖြင့် အိမ်သို့ ပြန်မလာနိုင်သည်မှာ အတော်ကြာပြီဖြစ်၍ သူမ၏ မိသားစုက သူမကို လွမ်းဆွတ်သလောက် သူမ၏ ဟင်းချက်စွမ်းရည်ကိုလည်း လွမ်းဆွတ်နေခဲ့ကြသည်။
ထို့ကြောင့် လင်းရန် ပြန်လာသည်ကို မြင်လိုက်ရသည်နှင့် မိသားစုမှ ကလေးများအားလုံးက သူမကို ဝန်းရံလာခဲ့ကြကာ သူတို့ မည်သည့်အရာကိုစားချင်ကြောင်း ပြောဆိုလာခဲ့ကြသည်။
လင်းရန် ချက်ပြုတ်မည့်အကြောင်းကို စဥ်းစားနေချိန်တွင် အဘွားလင်းသည်လည်း သိချင်စိတ်များနှင့်စောင့်ကြည့်နေခဲ့လေသည်။
ထိုအခြေအနေကိုမြင်လိုက်ရလျှင် လင်းရန်လည်း ငြင်းဆိုနိုင်ခြင်း မရှိဘဲ အကူအညီမဲ့စွာပြုံးကာ မီးဖိုချောင်သို့ အလုပ်လုပ်ရန် သွားခဲ့ရတော့သည်။
တကယ်တမ်းတွင် မိသားစုဝင်များက သူမ၏ ဟင်းချက်လက်ရာကို လွမ်းဆွတ်သည်ကို ပြောနေစရာပင် မလိုပါချေ။
လင်းရန်ကိုယ်တိုင်ပင်လျှင် အလွန် လွမ်းဆွတ်နေခဲ့သည်!
ဤတစ်ကြိမ် ကွမ်ကျိုးသို့ သွားခဲ့ချိန်တွင် လမ်းပေါ်၌ ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့ပြီး ရထားပေါ်မှ အစားအစာများက ဗိုက်လည်း မပြည့်၊ အရသာလည်း မရှိပါချေ။
ချင်းမိသားစုဘက်ရှိနေခဲ့ချိန်တွင်တော့ အဘွားဝူထံတွင် တစ်ကြိမ် ကောင်းကောင်းစားခဲ့ရသည်မှလွဲ၍ ချင်းမိသားစုအိမ်မှ ထိုရက်များက အဆင်မပြေလှပေ။
ဆိုရလျှင် ချင်းယွင်ကျစ်မှာ အရာအားလုံးတွင် အမှန်တကယ် ကောင်းမွန်လှသော်လည်း သူမ၏ ဟင်းချက်စွမ်းရည်မှာ ဖော်ပြရန်ပင် ခက်ခဲလှသည်။
ထို့ကြောင့် သူမသည်လည်း သူမ၏လက်ရာကို စားချင်စိတ် ပြင်းပြနေသည်မှာ အချိန်အတော်ကြာခဲ့ပေပြီ!
ထို့ကြောင့် ထိုညနေတွင် လင်းရန်က အရသာရှိသော အစားအသောက်စားပွဲကြီးကို ချက်ပြုတ်ခဲ့ပြီး မိသားစုတစ်ခုလုံးက အလွန် ပျော်ရွှင်စွာ စားသောက်ခဲ့ကြလေ၏။
ထမင်းစားပြီးနောက် မိသားစုက ခန်းမထဲတွင် အတူထိုင်ကာ လင်းကျန်းအန်းအား မြို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အကြောင်းကို အမြန်မေးမြန်းခဲ့ကြသည်။
လင်းကျန်းအန်းသည်လည်း သူတို့၏ မျှော်လင့်ချက်များကို မလျော့ပါးစေဘဲ အပြုံးတစ်ခုဖြင့် စိတ်ချယုံကြည်စွာ ပြောလာခဲ့သည်။”မစိုးရိမ်ပါနဲ့၊ မြို့ပေါ်ကခေါင်းဆောင်တွေက အရမ်းကောင်းတယ်.. ကျွန်တော် မြို့မှာရှိခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ သူတို့က ကျွန်တော်တို့ တပ်မဟာရဲ့လက်ရှိအခြေအနေအကြောင်းနှင့်ပတ်သက်ပြီး နွေးနွေးထွေးထွေးနဲ့နှစ်သိမ့်အားပေးခဲ့ကြတဲ့အပြင် ကျွန်တော့်ကို ဘေးဘက်မြို့မှာရှိတဲ့ ဒီနယ်ပယ်ထဲက အတွေ့အကြုံရှိသူတွေနဲ့ပါ တွေ့ဆုံဖို့ ခေါ်ဆောင်သွားပြီး အကြံဉာဏ်တွေလည်း အများကြီး ပေးခဲ့တယ်!”
“ဒါဆိုရင် မြို့ခေါင်းဆောင်တွေကလည်း ဒုတိယအစ်ကိုအပေါ် အကောင်းမြင်တယ်ဆိုတဲ့ သဘောပဲပေါ့.. ဒုတိယအစ်ကိုရဲ့ စီးပွားရေးက နောက်ပိုင်းမှာ ပိုကြီးလာတော့မှာလား”
ယင်းဖန်တစ်ယောက် သူမ၏ စကားများကို ထိန်းချုပ်မထားနိုင်တော့ဘဲ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် တိုက်ရိုက် မေးလိုက်သည်။
ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းမှာ လင်းကျန်းအန်း၏ အလုပ်အကိုင်သာ ပိုမိုကြီးမားပြီး ပိုအားကောင်းလာပါက သူတို့ မိသားစုဝင်များသည်လည်း ၎င်းမှ အကျိုးအမြတ် ရရှိလာမည်ဟု ဆိုလိုခြင်းပင်။
သူမ အခုပဲ လင်းကျန်းအန်းရဲ့ လုပ်ငန်းထဲကို တိုက်ရိုက် ဝင်ရောက်သင့်ပြီလား။
ဒါမှမဟုတ် ဝမ်ရှို့ကျူလိုမျိုးလုပ်ရင်ရော။ ဝမ်ရှို့ကျူးက လင်းရန် ကွန်မြူနတီမှာ အလုပ်မဝင်ခင်မှာ လင်းရန်နှင့် ဆက်ဆံရေး ကောင်းခဲ့တဲ့အတွက် လင်းရန် ချမ်းသာလာတာနှင့် တပြိုင်နက် လိုက်ပါသွားနိုင်ခဲ့တယ်။
ဒါကြောင့် ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမယ်!
သို့သော် ယင်းဖန်အနေဖြင့် နောက်ပိုင်းတွင် ပို၍ကောင်းမွန်သောအလုပ်ကိုရတော့မည်ဟု အပြည့်အဝ မျှော်လင့်နေစဉ်တွင် လင်းကျန်းအန်းက ရုတ်တရက် လေးနက်သော အမူအရာဖြင့် ခေါင်းခါလိုက်သည်ကို မြင်လိုက်ရသည်။
“သေချာပေါက်ကြီးတော့ မဟုတ်ဘူး.. တိတိကျကျ ပြောရရင် ဒါက ငါ့ရဲ့ စီးပွားရေး မဟုတ်ဘူးလေ.. တပ်မဟာရဲ့ ဝင်ငွေကောင်းတဲ့ လုပ်ငန်းပဲ..
ငါက အလုပ်တချို့လုပ်ဖို့ တာဝန်ယူရုံပဲ.. ဒီလုပ်ငန်းက နောက်ပိုင်းမှာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာကို ငါ့ဘက်က ဆုံးဖြတ်နိုင်တာမျိုးမရှိဘူး”
အာ?
ဘာလို့လဲ!
သူက ဆုံးဖြတ်နိုင်စွမ်း မရှိဘူးလို့ ပြောလိုက်တာလား!
ယင်းဖန်၏ စိတ်ကူးယဉ် အစီအစဉ်က ရုတ်တရက် ပျက်စီးသွားရသည်!
လင်းကျန်းအန်းအနေဖြင့် ယင်းဖန် မည်သို့တွေးနေသည်ကို မမြင်နိုင်ဘဲမနေပါချေ။
သို့သော်လည်းအဖြစ်မှန်က သူပြောသည့်အတိုင်းပင် ဖြစ်သည်။ အတိတ်ကဖြစ်စေ၊ ယခုဖြစ်စေ၊ နောင်တွင်ဖြစ်စေ ဤလုပ်ငန်းသည်က “သူ၏” လုပ်ငန်းဖြစ်ကြောင်း သူ ဝန်ခံရဲမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းက စုပေါင်းအဖွဲ့အစည်း ဖြစ်နေသေးသည်။ အကယ်၍ သူသာ ထိုလုပ်ငန်းကို မိမိကိုယ်ပိုင်အဖြစ် သဘောထားပါက စနစ်ကို ဆန့်ကျင်နေခြင်းပါ မဟုတ်ပါလား။
ထို့အပြင် မြို့တော်မှခေါင်းဆောင်များလည်း ပါဝင်လာသောကြောင့် တပ်မဟာနှင့် ကွန်မြူနတီသို့ အထောက်အပံ့များ ပိုမိုရင်းနှီးမြှုပ်နှံပေးလိမ့်မည်ဖြစ်သောကြောင့် ထိုအချိန်သို့ရောက်လျှင် သူ့အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်ကိုမှ ချနိုင်တော့မည်မဟုတ်ပေ။
လင်းကျန်းအန်း ဤသို့ပြောပြီးနောက် ယင်းဖန်လည်း အလွန် စိတ်ပျက်သွားပြီး တီးတိုးမပြောဘဲ မနေနိုင်တော့ပေ။
“နောက်ပိုင်းကျရင် အစ်ကိုကြီးတို့ ဇနီးမောင်နှံရော.. ဒုတိယအစ်ကိုတို့ မိသားစုရော အားလုံးက ပိုပြီးအဆင်ပြေတဲ့နေရာကိုသွားပြီး အလုပ်လုပ်ကိုင်နိုင်ကြလိမ့်မယ်
ကျွန်မတို့ လောင်စန်း(တတိယမြောက်)နဲ့ ကျွန်မကတော့ တစ်သက်လုံး လယ်ထဲမှာပဲ အလုပ်လုပ်ရတော့မယ်ထင်တယ်...”
ဤစကာများ ထွက်လာသည်နှင့် တပြိုင်နက် အခန်းထဲတွင်ရှိနေသော တခြားလူများက ခဏတာလောကာ တိတ်ဆိတ်သွားသည်။
အဘွားလင်းလည်း ဤစကားကို ကြားလျှင် ယင်းဖန်ကို ထပ်မံစိုက်ကြည့်မိသည်။
ဒီမျက်မမြင်ချွေးမကတော့!အိမ်မှာ ဧည့်သည် ရှိနေသေးတာကို မမြင်ဘူးလား။ သူမက တခြားလူတွေရဲ့ရှေ့မှာတောင် ဒီလိုမျိုးပြောရဲတယ်။ တကယ်ကြီး ဦးနှောက်ကိုခွေးကိုက်ခံထားရတာဖြစ်မယ်!
အဘွားလင်း၏ တတိယသားဖြစ်သည့် လင်းကျန်းရှီသည်လည်း ယင်းဖန် ပြောခဲ့သည့်စကားများက အခွန်ပင် ရှက်စရာကောင်းကြောင်း၊ အထူးသဖြင့် သူတို့ ဇနီးမောင်နှံအတွက်မျက်နှာပျက်စရာကောင်းသည်ဟု ခံစားရသည်။
သူတို့နှစ်ဦးက ဒီလိုမျိုးကိစ္စမျိုးကို သီးသန့် စကားပြောတဲ့အချိန်မှ အြောလို့မရဘူးလား။ ဒီအရူးမက ဘာလို့ အပြင်လူတွေရှေ့မှာ မျက်နှာပြောင်ပြောင်နဲ့ ထုတ်ပြောရတာလဲ!
“ယင်းဖန်.. မင်း ဘာပြောရမှန်း မသိရင် ပါးစပ်ပိတ်ထား!”
လင်းကျန်းရှီက ယင်းဖန်ကို အလျင်အမြန် ဆူလိုက်ပြီးနောက် ကျန်မိသားစုဝင်များကို အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“စိတ်ထဲ မထားကြပါနဲ့၊ သူက အလွယ်တကူ ရှုပ်ထွေးတတ်ပေမဲ့ ဘယ်လိုအကြံအစည်မှ မရှိပါဘူး.. သူပြောတာကို စိတ်ပူမနေကြနဲ့၊ သူ့ကို လေတခုလိုပဲ ထားလိုက်ပါ”
သူက ထိုသို့ ပြောနေရင်းဖြင့် မည်သူမျှ မမြင်နိုင်သည့်နေရာမှ ယင်းဖန်၏ ကျောကို အားပြင်းစွာ ဆိတ်လိုက်သည်။
ယင်းဖန်သည်လည်း သူမ ပြောခဲ့သည့် စကားများက မသင့်လျော်ကြောင်းကို သဘောပေါက်သွားပြီး ခေါင်းငုံ့ကာ ရှက်ပြုံးပြုံးလျက် ပြောလာသည်။
“ ဟုတ်ပါတယ် အမေ၊ ကျွန်မ ခုနက ပြောခဲ့တာကို စိတ်ထဲ မထားပါနဲ့၊ ကျွန်မက ပေါ့ပေါ့ပါးပါး ပြောလိုက်တာပါ..ဒီအတိုင်းပြောလိုက်ရုံပါပဲ...”အဘွားလင်းလည်း ထိုနှစ်ယောက်က ရပ်တန့်လိုက်ပြီး စကားဝိုင်းကို ပြောင်းလဲလိုသည်ကို မြင်လိုက်ရသောကြောင့် တခြားမည်သည်ကိုမှ မပြောတော့ပေ။
သူမက အမြန် ပြုံးကာ တခြားသော ခေါင်းစဉ်များကို စတင်ပြောဆိုခဲ့သည်။
သို့သော် လင်းရန်ကတော့ စဉ်းစားနေခဲ့သည်။
သူမအနေဖြင့် အိမ်သို့ပြန်ရောက်သည်မှာ နှစ်လပင်မပြည့်သေးသော်လည်း လင်းမိသားစုအကြောင်းကို အတန်အသင့်နားလည်ပြီးဖြစ်ပေသည်။
အကြီးဆုံးဦးလေးတို့ ဇနီးမောင်နှံက ရိုးသား၍ မြေပြင်နှင့် အမှန်တကယ် ထိတွေ့ပြီး ကြိုးစားလုပ်ကိုင်တတ်သူများ ဖြစ်ကြပြီး လက်တွေ့ကျသော အရာများကိုလုပ်ဆောင်တတ်သူများဖြစ်ကြသည်။
ထို့ကြောင့် သူမက ဝမ်ရှို့ကျူကို ကွန်မြူနတီ စားသောက်ဆိုင်တွင် ကူညီရန် ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။
တတိယအဒေါ် ယင်းဖန်အတွက်မူ သူမတွင် အနည်းငယ်ဆိုးရွားသောပါးစပ်ရှိပြီး အတွေးလေးများလည်း များစွာရှိသော်လည်း သူမက တကယ်တမ်း သိပ်ပြီးမဆိုးလှသောသူတစ်ယောက်သာ ဖြစ်သည်။
အနည်းဆုံး အပြင်လူများနှင့် ရင်ဆိုင်ရသောအခါမျိုးတွင် သူမ၏ နှလုံးသားက အမြဲတမ်း မိသားစုဘက်တွင်သာ ရှိသည်။
စုန့်ဝေ့နှင့် လီရှို့လီတို့ အိမ်တံခါးသို့ ရောက်လာသောအချိန်က သူမက တံမြက်စည်းကို ကောက်ယူကာ ထိုသူတို့ကို မောင်းထုတ်ခဲ့သည်။ လင်းရန်အနေဖြင့် ထိုကြင်နာမှုကို မည်သည့်အခါမှ မမေ့ခဲ့ပေ။