အခန်း (၂၅၉)
Vol. 26 Ch. 259
မကြာမီပင် သူတို့လူစုက တပ်မဟာခေါင်းဆောင်ရုံးသို့ ရောက်ရှိသွားခဲ့ကြသည်။ ချင်းယွင်ကျစ်နှင့် လင်းရန်တို့အနေဖြင့် တပ်မဟာခေါင်းဆောင် ပေးသည့် ကျေးဇူးတင်လက်ဆောင်က ကြက်ဥတစ်ခြင်း ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပါချေ။
ဤသည်မှာ သေးငယ်သော လက်ဆောင်မျိုး မဟုတ်ပေ။
“ဒီကြက်ဥတွေကို တပ်မဟာက လူနည်းနည်းလောက် စုပေါင်းပြီးပေးထားတာပါ.. အများကြီးတော့ မဟုတ်ပေမဲ့ လက်ခံပေးကြပါဦး.. မင်းတို့သာ မကူညီရင် ငါတို့က မြို့အထိသွားပြီး ချန်ကျားယန်ကို သွားထုတ်ရမှာ.. အဲဒီလိုဒုက္ခများတာက ဒီကြက်ဥတွေရဲ့တန်ဖိုးထက် အများကြီး ပိုများလွန်းတယ် အားမနာကြပါနဲ့!”
တခြားဒေသသို့ ခရီးသွားရခြင်းမှာ လမ်းစရိတ်တင်မကဘဲ အချိန်နှင့် လူအင်အားပါ ကုန်ဆုံးစေသည်။
ထို့ကြောင့် ကြက်ဥများက အဖိုးတန်သော်လည်း ခရီးသွားရမည့်ဒုက္ခနှင့် ယှဉ်လျှင် အလွန်နည်းပါးလှပေသည်။
လင်းရန်နှင့် ချင်းယွင်ကျစ်တို့က အကြိမ်ပေါင်းများစွာ ငြင်းဆန်ခဲ့ကြသော်လည်း တပ်မဟာခေါင်းဆောင်က အတင်းပေးလာခဲ့သောကြောင့် နောက်ဆုံးတွင် ကြက်ဥခြင်းကို လက်ခံလိုက်ရသည်။
“ဒါဆို အခု မြို့ထဲကိုသွားပြီး စုန့်ရှီးယန်ဆီကို ဖုန်းဆက်ရမလား၊ ဒါမှမဟုတ် စာရေးရမလား”
ချင်းယွင်ကျစ်အနေဖြင့် စုန့်ရှီးယန်ထံ ဆက်သွယ်ရန် နည်းလမ်းကို မသိသေးပေ။
တပ်မဟာခေါင်းဆောင်က ပြောလာသည်။
“ကွန်မြူနတီကို သွားလို့ရတယ်..အဲဒီမှာ ဖုန်းရှိပါတယ်!”
ထိုကွန်မြူနတီမှ ဖုန်းကို အရေးကြီးကိစ္စမှလွဲ၍ သိပ်ပြီး အသုံးမပြုသကဲ့သို့ အလွယ်တကူလည်း မငှားပါချေ။ သို့သော် ဤကိစ္စမှာ အရေးကြီးကိစ္စတစ်ခု ဖြစ်နေသောကြောင်း ကွန်မြူနတီက ငြင်းဆန်လိမ့်မည်မဟုတ်ပေ။
ချင်းယွင်ကျစ်အနေဖြင့် ကွန်မြူနတီသို့ သွားရမည်ကို ကြားလျှင် လင်းရန်ကို ကြည့်လိုက်ပြီး မေးလာခဲ့သည်။
“ရန်ရန်... ကွန်မြူနတီက သမီးအလုပ်လုပ်တဲ့နေရာမလား။ ပခု အခွင့်ကြုံတုန်း အန်တီပါ လိုက်ခဲ့မယ်လေ”
လင်းရန်လည်း အပြုံးတစ်ခုနှင့်ခေါင်းညိတ်လိုက်သည်။
ကိစ္စများ ပြေလည်သွားပြီးနောက် လင်းရန်က ချင်းယွင်ကျစ်၏ သိချင်စိတ်တို့ဖြင့် စိတ်လှုပ်ရှားနေသောပုံစံကိုမြင်တွေ့နေရသောကြောင့် တုံ့ဆိုင်းမနေတော့ဘဲ သူမကို ကွန်မြူနတီသို့ခေါ်လာခဲ့သည်။ ထို့နောက် စုန့်ရှီးယန်ထံ ဖုန်းဆက်၍ အကြောင်းစုံ ရှင်းပြလိုက်သည်။
ဤကိစ္စက သိပ်ပြီးမခက်ခဲသောကြောင့် စုန့်ရှီးယန်ကလည်းမငြင်းဆန်ခဲ့ပေ။ ဆိုရလျှင် သူ မငြင်းဝံ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လင်းမိသားစုထံ၌ သူ့ဘက်မှ စကားကောင်းပြောပေးရန်မစ္စချင်းယွင်ကျစ်ကိုအားကိုးနေရပေသည်။ ထို့ကြောင့် သူမ၏တောင်းဆိုမှုကိုမငြင်းပယ်ရဲပေ။
ထို့ကြောင့် ဖုန်းချပြီးနောက်တွင် စုန့်ရှီးယန်တစ်ယောက် ဒေသခံလုံခြုံရေးဗျူရိုသို့ တိုက်ရိုက်သွားခဲ့သည်။
ချန်ကျားယန်အနေဖြင့်လုံခြုံရေးဗျူရိုတွင် ရှိနေရသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် ဒေါသပေါက်ကွဲလုနီးပါးဖြစ်နေပေပြီ။
သူ မည်သို့ပင် ရှင်းပြသည်ဖြစ်စေ လုံခြုံရေးဗျူရိုက သူ့ကို ပြန်ခိုင်းခြင်းမရှိခဲ့ပေ။ တစ်စုံတစ်ယောက်က သူ့ကို မည်သူဖြစ်ကြောင်း အတည်ပြုပေးပြီး အာမခံပေးမှသာ လွှတ်ပေးမည်ဟုဆိုလာခဲ့သည်။
ယခုအချိန်တွင် ကွန်မြူနတီ သို့မဟုတ် တပ်မဟာမှ တစ်စုံတစ်ယောက် လာထုတ်ပေးရန်အတွက်သာ သူ မျှော်လင့်နိုင်တော့သည်။ သို့သော်လည်း ထိုသို့ဆိုပါက ရက်အနည်းငယ် ထပ်မံကြာသွားနိုင်သည်။ သူ ဤနေရာတွင် ဆက်လက်ဒုက္ခခံနေရဦးမည်ဟု ဆိုလိုသည်မဟုတ်ပါလား။
သူ ယခုကဲ့သို့ ဒုက္ခရောက်ရခြင်းမှာ စုန့်စစ်ယွီဟူသော ထိုအဆိပ်ပြင်းသည့် မိန်းမကြောင့်သာဖြစ်သည်!
သူ စုန့်စစ်ယွီ၏အကြောင်းကို တွေးမိတိုင်း ချန်ကျားယန်၏မျက်လုံးများတွင် နက်ရှိုင်းသောအမုန်းတရားများဖြင့် ပြည့်နှက်လာခဲ့သည်။
“ငါသာ အပြင်ထွက်ရလို့ကတော့ စုန့်စစ်ယွီကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး! ဘယ်တော့မှ... ဘယ်တော့မှ မခွင့်လွှတ်နိုင်ဘူး!”
ချန်ကျားယန်တစ်ယောက် စုန့်စစ်ယွီကို မည်သို့ လက်စားချေရမည်ကို စဉ်းစားနေစဉ်မှာပင် ရဲများက သူ့ကို လှမ်းခေါ်လိုက်သည်။
“ရဲဘော် ချန်ကျားယန်... မင်း ပြန်လို့ရပြီ၊ လူတစ်ယောက်က မင်းကို လာခေါ်ပေးတယ်”
ဘာ!
ချန်ကျားယန်တစ်ယောက် ထိုစကားကို ကြားသည်နှင့် သတိပြန်ဝင်လာပြီး အံ့အားသင့်စွာဖြင့်ထွက်လာခဲ့သည်။
သူ့ကိုလာခေါ်သူမှာ တပ်မဟာခေါင်းဆောင် သို့မဟုတ် ကွန်မြူနတီမှ ခေါင်းဆောင်များ ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်းတကယ်တမ်း သူ့ရှေ့တွင် ပေါ်လာသူက စုန့်ရှီးယန်ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။
“မင်း... မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ?!”
သူ့ကို လာထုတ်ပေးသူက စုန့်ရှီးယန် ဖြစ်နေလိမ့်မည်ဟု ချန်ကျားယန် လုံးလုံးလျားလျား မထင်ထားခဲ့ပေ။
“ရဲဘော်စုန့်... အရာအားလုံး အဆင်ပြေပြီဆိုရင် ဒီမှာ လက်မှတ်ထိုးလိုက်လို့ရပါပြီ”
စုန့်ရှီးယန်က ဘောပင်ကိုကို လှမ်းယူပြီး ရဲအရာရှိကမ်းပေးသော စာရွက်ပေါ်တွင် လက်မှတ်ထိုးလိုက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက်မှသာ ချန်ကျားယန်ကို သတိပြုမိဟန်ဖြင့် အေးစက်စွာ ပြောလိုက်လေသည်။
“ပစ္စည်းတွေအားလုံးကို သိမ်းပြီးပြီလား.. ပြီးရင် ငါ့နောက်ကိုလိုက်ခဲ့”ချန်ကျားယန်သည်လည်း အလိုအလျောက်ပင် စုန့်ရှီးယန်၏နောက်သို့ လိုက်ပါသွားခဲ့သည်။ သူတွင် သိမ်းတည်းစရာပစ္စည်းဟူ၍မပါရှိပါချေ။
သူ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာလည်းလူကုန်ကူးသူများ ယူမသွားခဲ့သည့် အရာများသာ ဖြစ်သည်။
သူတို့နှစ်ယောက် လုံခြုံရေးဗျူရို၏ အပြင်ဘက်သို့ ရောက်လာချိန်တွင် ချန်ကျားယန်တစ်ယောက် မမေးမြန်းဘဲမနေနိုင်တော့ပါချေ။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ၏လေသံတို့က များစွာပိုကောင်းလာခဲ့သည်။
“ဟို... ရဲဘော်စုန့် မင်း ငါ့ကို ဘာလို့လာထုတ်ပေးတာလဲ”
တစ်ဖက်လူမှ ကောင်းမွမ်စွာစကားပြောလာပြီဖြစ်ကြောင်းကိုတွေ့လျှင် စုန့်ရှီးယန်က သူ့ဘက်သို့ပြန်လှည့်ကြည့်လိုက်သည်။
“တပ်မဟာခေါင်းဆောင်နဲ့ ကွန်မြူနတီက ငါ့ကို လာခိုင်းခဲ့တာ”
အမှန်တကယ်တမ်းတွင် တပ်မဟာခေါင်းဆောင်မှ သူ၏မိခင်နှင့် လင်းရန်တို့ကို တဆင့်ပြောခိုင်းခြင်း ဖြစ်သော်လည်း သူ့အနေဖြင့် ချန်ကျားယန်အား အသေးစိတ်ရှင်းပြရန် မလိုအပ်ဟု ယူဆထားခဲ့သည်။
ချန်ကျားယန်လည်း ထိုစကားတို့ကို ကြားလျှင် တပ်မဟာခေါင်းဆောင်နှင့် ကွန်မြူနတီခေါင်းဆောင်တို့ကို အလွန်ပင်ကျေးဇူးတင်မိသွားသည်။
သူ ပြန်ရောက်လျှင် ထိုသူတို့ကို ကျေးဇူးပြန်ဆပ်မည်ဟု ချန်ကျားယန် တွေးတောခဲ့လေ၏။ ထိုအချိန်တွင် စုန့်ရှီးယန်က ပစ္စည်းတချို့ ထုတ်ပေးလာခဲ့သည်။
“ဒါက မင်း တပ်မဟာကိုပြန်ဖို့အတွက် ကားလက်မှတ်နဲ့ လမ်းစရိတ်တွေပဲ.. ယူထားလိုက်”
ချန်ကျားယန်တစ်ယောက် ထိုလက်မှတ်နှင့်ငွေများကို မြင်လျှင် မျက်လုံးများပင် ပြူးကျယ်သွားရသည်။
“စုန့်... မင်း.. ငါ့အတွက် လက်မှတ်ပါ ဝယ်ပေးထားတာလား?”
စုန့်ရှီးယန်မှ သူ့ကို လက်မှတ်နှင့် ပိုက်ဆံများထုတ်ပေးလာသည့် လုပ်ရပ်မှာ စေမတိုင်ခင်က သူ့ကို လာထုတ်ပေးသည်ထက်ပင် ပို၍ အံ့အားသင့်စရာ ကောင်းနေခဲ့သည်။
ဆိုရလျှင် ထိုသို့လာထုတ်ပေးခြင်းမှာ တပ်မဟာခေါင်းဆောင်၏ အမိန့်အရ ဖြစ်နိုင်သော်လည်း လက်မှတ်ဝယ်ပေးခြင်းကတော့ စုန့်ရှီးယန်၏ ကိုယ်ပိုင်စေတနာဟု သူ ထင်မှတ်သွားခဲ့ခြင်းဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ချန်ကျားယန်တစ်ယောက် ယခင်က စုန့်ရှီးယန်မှာ လူဆိုးလူမိုက်ဖြစ်ပြီး ပေါင်းသင်းရခက်သည်ဟု ထင်ခဲ့သည်များက သူ၏ သဘောထားသေးသိမ်မှုကြောင့်သာဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဤစုန့်ရှီးယန်က သူ ထင်ထားသည်ထက် များစွာပို၍ သဘောထားကြီးပုံရသည်။
သူ့အနေဖြင့် စုန့်ရှီးယန်အပေါ် အထင်လွဲခဲ့သည်များကို အားနာမိသွားပြီး တစ်နေ့ သူ ကြီးပွားချမ်းသာလာပါက ယနေ့ ကူညီမှုကို ကျေးဇူးပြန်ဆပ်မည်ဟု တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုလက်မှတ်နှင့် ပိုက်ဆံများမှာ တပ်မဟာခေါင်းဆောင်မှ စီစဉ်ပေးလိုက်ခြင်းသာ ဖြစ်ကြောင်းကိုတော့ သူ မသိခဲ့ပါချေ။
ချန်ကျားယန်တွင် မည်သည့်အထောက်အထားမှ မရှိသောကြောင့်သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် လက်မှတ်ဝယ်၍ ပြန်လာနိုင်လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် တပ်မဟာခေါင်းဆောင်က ဤပိုက်ဆံများကို စုန့်ရှီးယန်ထံမှ ခေတ္တချေးယူပြီး ပေးခိုင်းလိုက်ခြင်းသာဖြစ်ပေသည်။
ချန်ကျားယန် တပ်မဟာသို့ပြန်ရောက်ပြီးနောက် နှစ်ကုန်ပိုင်းတွင် သူ၏လုပ်အားခအမှတ်များမှ ထိုလက်မှတ်ဖိုးများကို ပြန်နှိမ်ပြီး စုန့်ရှီးယန်ဆီသို့ပြန်ဆပ်ပေလိမ့်မည်။
ထို့ကြောင့် စုန့်ရှီးယန်သည်က ကိုယ်တိုင် ဤနေရာသို့ရောက်လာပေးကာ တစ်ဖက်လူကိုထုတ်ပေးရုံသာလုပ်ခဲ့ခြင်းဖြစ်ပေသည်။
သို့သော် သူ့အနေဖြင့် သူ မမြင်ချင်သောသူများနှင့် စကားများများ မပြောချင်သကဲ့သို့ ရှင်းပြနေရမည်ကိုလည်း ပျင်းရိနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ချန်ကျားယန် တပ်မဟာသို့ ပြန်ရောက်လျှင် ခေါင်းဆောင်များက ဤအကြောင်းကို ပြောပြကြပေလိမ့်မည်။
“ယူထားလိုက်.. ရထားက နောက်နှစ်နာရီနေရင်ထွက်တော့မှာ.. ရထားကိုလွတ်သွားရင်တော့ မင်းကို ဘယ်သူမှ မကူညီနိုင်တော့ဘူး”
စုန့်ရှီးယန်က ချန်ကျားယန်ကို နောက်ဆုံးအကြိမ် အေးစက်စွာ သတိပေးပြီးနောက် လှည့်ထွက်သွားခဲ့သည်။
သူ့အနေဖြင့် လူကိုလည်း ထုတ်ပေးခဲ့ပြီး လက်မှတ်လည်း ပေးခဲ့ပြီဖြစ်သောကြောင့် တပ်မဟာခေါင်းဆောင်ကို ပေးထားသည့်ကတိအတွက် လုပ်ဆောင်၍ပြီးဆုံးသွားပြီ ဖြစ်ပေသည်။
သို့သော် သူထွက်ခွာတော့မည့်အချိန်တွင် လက်မှတ်နှင့် ပိုက်ဆံကို ကိုင်ထားသည့် ချန်ကျားယန်က ရုတ်တရက်သူ့ကို လှမ်းတားလာခဲ့သည်။
“ရဲဘော်စုန့်!”
စုန့်ရှီးယန်က တစ်ဖက်လူကို စိတ်မရှည်စွာဖြင့် လှည့်ကြည့်လိုက်သည်။
“ဘာပြောစရာရှိသေးလို့လဲ?”
ချန်ကျားယန်ကတော့ စုန့်ရှီးယန်၏ မျက်နှာအမူအရာကို စိတ်မဆိုးတော့ပေ။ ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ စုန့်ရှီးယန်က သူ့ကို ဘေးဒုက္ခမှ ကယ်တင်ပေးခဲ့သည့် သူရဲကောင်းနှင့် ကျေးဇူးရှင်ဖြစ်နေခဲ့ပေပြီ။
“မဟုတ်ဘူး ၊တခြားကိစ္စ မရှိတော့ပါဘူး.. ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်တယ်လို့ပြောချင်လို့ပါ”
စုန့်ရှီးယန် ခဏလောက်ဆွံ့အသွားခဲ့ရသည်။ သူ့အနေဖြင့် ချန်ကျားယန်၏ ပါးစပ်မှ ကျေးဇူးတင်စကားကိုကြားရလိမ့်မည်ဟု မည်သည့်အချိန်ကမှ မထင်ထားခဲ့ပေ။
စုန့်ရှီးယန်က မယုံကြည်သကဲ့သို့ကြည့်နေသည်ကို မြင်လျှင် ချန်ကျားယန်က ပို၍စိတ်အားတက်ကြွလာခဲ့သည်။
သူက လက်သီးကို တင်းကြပ်စွာဆုပ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေ၏။“စိတ်မပူပါနဲ့၊ ကျွန်တော် ချန်ကျားယန်က ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပါ.. နောင်တစ်ချိန်မှာ ကျွန်တော်ကြီးပွားချမ်းသာလာမှာ သေချာတယ်၊ အဲဒီအချိန်ကျရင် ခင်ဗျားကို ကောင်းကောင်းကျေးဇူးဆပ်ပါ့မယ်!”