← Chapters

အခန်း (၂၆၀)

Vol. 26 Ch. 260

အခန်း (၂၆၀)

Vol. 26 Ch. 260

စုန့်ရှီးယန်တစ်ယောက် ချန်ကျားယန်၏စကားကိုကြားလျှင် မျက်မှောင်ကို ပို၍ပင်ကြုတ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ သံသယများဖြင့် ပြည့်နှက်သွားရသည်။

ချန်ကျားယန်က လူကုန်ကူးခံရသည့် ဒဏ်ကြောင့် ရူးသွပ်သွားခဲ့သည်လား။ သို့မဟုတ်ပါက သူ၏အနာဂတ်ကို ကြိုမြင်နေသကဲ့သို့ နောက်ပိုင်းတွင်ကြီးပွားချမ်းသာလာမည်ဟု အဘယ်ကြောင့် ဤမျှယုံကြည်ချက်ရှိရှိ ပြောနိုင်ရသနည်း။

လူတစ်ယောက်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသင့်သော်လည်း ဤမျှအထိ ယုံကြည်လွန်းနေခြင်းကတော့ အနည်းငယ်လောက်လွန်ကဲနေသည် မဟုတ်ပါလား။

သို့သော်လည်း နောက်ဆုံးတွင်တော့ သူက မည်သည့်စကားကိုမှ မပြောတော့ဘဲ “အင်း” ဟုသာ အေးစက်စွာပြန်ပြောပြီး လှည့်ထွက်သွားခဲ့သည်။

ချန်ကျားယန်သာ ရူးသွပ်နေသည်ဆိုလျှင် သူ့ဘက်မှ လိုက်ပါရူးသွပ်နေ၍ မဖြစ်ပါချေ။ ထို့ကြောင့် သူပြောလာသောစကားများကို လေထဲလွင့်သွားသော စကားများအဖြစ်သာ သဘောထားလိုက်ခြင်းက ကောင်းပေလိမ့်မည်။

သို့သော်လည်း စုန့်ရှီးယန် မသိသည့် အချက်မှာ ချန်ကျားယန်ထံ၌ အမှန်တကယ်ပင် အနာဂတ်ကို ကြိုမြင်နိုင်သော စွမ်းရည်ရှိနေခဲ့သည်။

သူသည်က တခြားလူတစ်ယောက်၏ ဘဝကိုသာ ကြိုတင်မြင်နိုင်ခဲ့သည်ဆိုသော်လည်း ထိုအခြေအနေများကို သူ၏ကိုယ်ပိုင်ဘဝအဖြစ်ပြောင်းလဲပစ်နိုင်သည်ဟု အပြည့်အဝယုံကြည်နေခဲ့ပေသည်။

စုန့်စစ်ယွီတောင် အခွင့်အရေးတွေအများကြီးရပြီး ပညာတတ်လူငယ်ဘဝကနေ ထိပ်တန်းကို တဖြည်းဖြည်း တက်လှမ်းနိုင်တယ်ဆိုရင် သူကရော ဘာလို့ မရနိုင်ရမှာလဲ။

ချန်ကျားယန်အနေဖြင့် သူ့ကိုယ်သူ ရုပ်ရည်မဆိုးသလို ဉာဏ်ရည်လည်း မနိမ့်ဟု ယူဆထားသည်။ ဆိုရလျှင် လူအများ၏ စိတ်နှလုံးကို သိမ်းပိုက်ရာတွင် သူက စုန့်စစ်ယွီထက် အဆပေါင်းများစွာ ပိုတော်သည်။

သူ မြင်မက်ခဲ့သည့် အိမ်မက်ထဲတွင် သူနှင့် စုန့်စစ်ယွီ လက်ထပ်ပြီးနောက် ပတ်ဝန်းကျင်ရှိ ပညာတတ်လူငယ်များက ချန်ကျားယန်နှင့် စုန့်စစ်ယွီတို့ ကွာရှင်းပြီး ဤမျှအထိ ပျက်စီးသွားရခြင်းမှာ စုန့်စစ်ယွီကြောင့်ဟုသာထင်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ချန်ကျားယန်သည်က အပြင်ဘက်တွင် အမြဲတစေအလိုက်တသိအမူအရာမျိုး ရှိတတ်သောကြောင့်သာဖြစ်သည်။

တစ်ဖက်တွင် စုန့်စစ်ယွီကတော့ သူဌေးသမီးကဲ့သို့ စရိုက်အနည်းငယ်ရှိပြီး ကိစ္စများက သူမ၏ဆန္ဒအတိုင်း မဖြစ်လာလျှင် အပြင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ မျက်နှာပျက်ကာ အော်ငေါက်တတ်သည်။

ထို့ကြောင့် ထိုပညာတတ်လူငယ်များမှ စုန့်စစ်ယွီအပေါ် ထားရှိသည့် ထင်မြင်ချက်မှာ ချန်ကျားယန်လောက် မကောင်းကြပေ။

ထိုအချက်ကြောင့်ပင် သူတို့နှစ်ဦး ရန်ဖြစ်ကြသောအချိန်တွင် တခြားပညာတတ်လူငယ်များက လူယုတ်မာ ချန်ကျားယန်ဘက်က ရပ်တည်ပေးကြပြီး သူမကို မကူညီကြကြောင်းကို မြင်ခဲ့ရချိန်တွင် စုန့်စစ်ယွီက ချန်ကျားယန်နှင့် ထိုလူငယ်များအပေါ် ပို၍ နက်နက်ရှိုင်းရှိုင်း မုန်းတီးသွားခဲ့ခြင်း ဖြစ်သည်။

ချန်ကျားယန်သာ လူတွေကို လိမ်ညာတဲ့နေရာမှာ ဒီလောက်မတော်ခဲ့ရင်၊ အဲဒီပညာတတ်လူငယ်တွေသာ ဒီလောက်ထိမတုံးအခဲ့ရင် သူမ ဒီလိုမျိုးအထိ ဒုက္ခရောက်မှာမဟုတ်လောက်ဘူးလို့ တွေးထားခဲ့သည်။

သို့သော် အခြားတစ်ဖက်မှကြည့်လျှင် လူမှုဆက်ဆံရေးတွင် ချန်ကျားယန်က စုန့်စစ်ယွီထက် အဆတစ်ရာမက ပိုတော်သည်ကို တွေ့နိုင်ပေသည်။

စုန့်စစ်ယွီ လျှောက်လှမ်းမည့် လမ်းကြောင်းတွင် အရေးကြီးဆုံးမှာ လူမှုဆက်ဆံရေးပင်ဖြစ်သည်။

ထို့ကြောင့် ဤကဏ္ဍတွင် အသာစီးရထားသည့် ချန်ကျားယန်အနေဖြင့် သူမထက် အဘယ်ကြောင့် နိမ့်ကျနိုင်ပါမည်နည်း။

ထိုမျှသာမက ယခုအချိန်တွင် သူနှင့် စုန့်စစ်ယွီက တူညီသော စမှတ်တွင် ရပ်နေကြပြီဖြစ်သည်။ သူမ၏နောက်တွင် ကူညီပေးမည့် ဖခင်ရှိသော်လည်း၊ သူ့တွင်တော့ ထူးခြားဆန်းပြားသည့် “အနာဂတ်ကိုကြိုမြင်သည့် အိမ်မက်များ” ရှိနေသည်။

ထို့ကြောင့် ထိုထူးခြားသော အခွင့်အရေးများက နောက်ဆုံးတွင် မည်သူ၏လက်ထဲသို့ ရောက်သွားမည်က မသေချာသေးပေ။

ဟမ့်.. စုန့်စစ်ယွီ ၊ အစကတော့ သူ့ဘက်က ချောမွေ့နဲ့ အေးအေးဆေးဆေးနှင့်ပြီးဆုံးသွားစေချင်ရုံသက်သက်ပဲ့။ဒါပေမဲ့ သူမကပဲ သူ့ရဲ့ တိုက်ပွဲဝင်လိုစိတ်ကို အောင်မြင်စွာ နှိုးဆွပေးလိုက်တာပဲ။

...

ဤအချိန်တွင် စုန့်စစ်ယွီကတော့ သူမကိုယ်တိုင် ချန်ကျားယန်ကို လူကုန်ကူးသူများထံ ခေါ်သွားပြီး တစ်ဖက်လူ အဖမ်းခံရသည်ကို မြင်ခဲ့သည့်နေ့ကစ၍ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်နေခဲ့သည်။

ပြောရလျှင် သူမက ထိုလူကုန်ကူးသူများကို အစကတည်းက သိနေခဲ့သည်။ တစ်ခါက မိန်းကလေးတစ်ဦးကို သူတို့ ဖမ်းခေါ်သွားသည်ကို သူမ တိုက်ဆိုင်စွာဖြင့်မြင်ခဲ့ဖူးသည်။

ထိုအချိန်က သူမ အလွန်ကြောက်လန့်ခဲ့ပြီး မည်သည့်အရာကိုမှမမြင်သကဲ့သို့ ဟန်ဆောင်ခဲ့ရသည်။ တစ်ဖက်မှ သူမကိုပါ ဖမ်းသွားမည်ကို စိုးရိမ်ခဲ့သည်။

သူမက ခက်ခဲစွာ ပြန်လည်ရှင်သန်လာခြင်းဖြစ်သောကြောင့် သူမ၏ လှပသောဘဝကို ဤနေရာတွင် အပျက်စီးမခံနိုင်ပေ။ ယခုခေတ်ကာလတွင် လူကုန်ကူးသူများမှာ အလွန်ရဲတင်းရှိကြပြီး တစ်ကြိမ်လောက်ခေါ်သွားခံရလျှင် ပြန်လာနိုင်ရန် မလွယ်ကူကြောင်းကို သူမ ကောင်းကောင်းသိသည်။

သယ်ယူပို့ဆောင်ရေးနှင့် သတင်းအချက်အလက် မဖွံ့ဖြိုးသေးသည့် ဤခေတ်ကာလတွင် ဆွေမျိုးများနှင့် ရဲများသည်လည်း လူရှာရန်အတွက် ခက်ခဲပေလိမ့်မည်။ထို့ကြောင့် ထိုမိန်းကလေးက သနားစရာကောင်းသော်လည်း သူမအနေဖြင့် ထိုရွှံ့နွံထဲသို့ အပါမခံနိုင်ခဲ့ပေ။ သို့သော် ချန်ကျားယန် ပေါ်လာသောအချိန်တွင် သူမ၏ခေါင်းထဲသို့ အကြံတစ်ခုဝင်လာခဲ့သည်။

ချန်ကျားယန်သည်က အကြောင်းတစ်ခုခုကြောင့် သူမထံသို့ ရောက်လာခဲ့သည်။ သူမဘက်မှ သူ့ကို လုံးဝမတွေ့ချင်ခဲ့ပေ။ သူ့၏အသားကိုစား၍ သူ့၏သွေးကိုသောက်ချင်သည်အထိ နာကျည်းနေခဲ့သည်။

ထိုသို့သော လူယုတ်မာမျိုးက အဘယ်ကြောင့် ကမ္ဘာပေါ်တွင် ဆက်ရှိနေရမည်နည်း။ လုံးဝ ပျောက်ကွယ်သွားသင့်သည် မဟုတ်ပါလား။

ထို့ကြောင့် တစ်ညလုံး စဉ်းစားပြီးနောက် စုန့်စစ်ယွီက ချန်ကျားယန်ကို ထိုလူကုန်ကူးသူများထံသို့ ပို့ရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် ဤသို့ပို့ဆောင်ရာတွင် အလွန်အကျွံ ပေါ်လွင်၍ မဖြစ်စေရပေ။

လူကုန်ကူးသူများနှင့် ပတ်သက်မှုရှိသည်ဟု အထင်ခံရလျှင် နောင်တစ်ချိန် သူမ၏အောင်မြင်မှုလမ်းကြောင်းတွင် အမည်းစက် ဖြစ်လာနိုင်သည်။

စုန့်စစ်ယွီတစ်ယောက် ထိုလူကုန်ကူးသူများ၏ လျို့ဝှက်စခန်းကို ရှာဖွေရန် နှစ်ရက်ခန့်ကြာမြင့်ခဲ့သည်။

နောက်ဆုံးတွင် တစ်ဦးတည်းသာရှိနေသော လူကုန်ကူးသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူမအနေဖြင့် သူမ၏ ရုပ်ရည်ကို အကျည်းတန်အောင် ပြင်ဆင်ပြီးမှသာ ထိုသူဆီသို့ရဲဝံ့စွာချည်းကပ်ပြီး စကားပြောခဲ့သည်။

သူမက ချန်ကျားယန်၏ အမျိုးတစ်ယောက်အဖြစ် ဟန်ဆောင်၍ တစ်ဖက်လူကို မေးလိုက်သည်။

“ကျွန်မ ရှင်တို့တွေ လူအများကြီး ခေါ်သွားတာကို တွေ့တယ်၊ ရှင်တို့က သူတို့ကို တခြားနေရာမှာ အလုပ်လုပ်ဖို့ ခေါ်သွားတာလား”

ထိုလူက စုန့်စစ်ယွီမှ သူတို့ကို လူကုန်ကူးသူဟု သိသွားပြီး တိုင်တန်းမည်ကို စိုးရိမ်သွားသော်လည်း သူမက အလုပ်အကိုင် ရှာပေးသူဟု အထင်မှားနေသည်ကို တွေ့လျှင် အလျှင်အမြန်ပင် ဟုတ်မှန်ကြောင်း ဝန်ခံလိုက်သည်။

လူကုန်ကူးသူဟု ဝန်ခံသည်ထက် အလုပ်ရှာပေးသူဟုပြောခြင်းက ပို၍ အန္တရာယ်ကင်းပေလိမ့်မည်။

ထို့နောက် စုန့်စစ်ယွီက သူမတွင် အလုပ်လုပ်ချင်သည့် ဆွေမျိုးတစ်ဦးရှိကြောင်း၊ သို့သော် တစ်ဖက်လူမှာ အလွန်ပျင်းရိ၍ အကြောင်းပြချက်အမျိုးမျိုးပေးကာ အလုပ်သို့မသွားချင်ဘဲ ဖြစ်နေသောကြောင့်ည သူ့ကို အတင်းအကျပ်ခေါ်သွားပေးနိုင်မည်လားဟု မေးလိုက်သည်။

လူကုန်ကူးသူသည်လည်း ဤမျှအဆင်ပြေသော ကိစ္စမျိုးကို မငြင်းဆန်ခဲ့ပေ။ သို့သော် သူက သတိထားသည့်အနေဖြင့် စုန့်စစ်ယွီကိုယ်တိုင် တစ်ဖက်လူကို ခေါ်လာပေးရမည်ဟု အစီအစဉ်ဆွဲလိုက်ကြသည်။

စုန့်စစ်ယွီလည်း သဘောတူလိုက်သည်။ သူမအနေဖြင့် ချန်ကျားယန် ခေါ်သွားခံရသည်ကို သူမကိုယ်တိုင် မမြင်ရလျှင် စိတ်ချမိလိမ့်မည်မဟုတ်ပေ။

ဤသို့ဖြင့် သူမသည် ချန်ကျားယန်ကို အောင်မြင်စွာ ဖယ်ရှားလိုက်နိုင်ခဲ့သည်။

ထိုလူကုန်ကူးသူများက သူမကိုပါ အခွင့်ကောင်းယူပြီး ဖမ်းခေါ်မသွားခြင်းမှာ စုန့်စစ်ယွီက သူမ၏ဖခင် စုန့်ဝေ့ရှိနေသည့်နေရာကို အရိပ်အမြွက် ပြောပြလိုက်သောကြောင့်သာဖြစ်ပေသည်။ ထိုသူများက သူမ၏ နောက်ခံကို ကြားရပြီးနောက် ပြဿနာတက်မည်ကို စိုးရိမ်ခဲ့ကြပြီး သူမအပေါ် အကြံအစည်များ မရှိရဲကြတော့ပေ။

ဤသို့ဖြင့် ချန်ကျားယန်တစ်ယောက် လူကုန်ကူးသူများထံမှ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။

လက်ရှိတွင် အချိန် ဆယ်ရက်ခန့် ကြာသွားပြီဖြစ်ရာ တစ်ဖက်လူက တောင်ပေါ်မှ မှောင်မိုက်သော ထောင့်တစ်နေရာတွင် ရောင်းစားခံလိုက်ရလောက်ပြီဟု သူမတွေးထားခဲ့သည်။

ထိုသူက သူမ၏ဘဝထဲသို့ လုံးဝ ပြန်ပေါ်မလာတော့ကြောင်းကို တွေးမိတိုင်း စုန့်စစ်ယွီ၏စိတ်အခြေအနေတိာ့က အလွန်ကောင်းမွန်နေခဲ့သည်။

မင်္ဂလာရှိသော ကိစ္စများမှာ တစ်ခုပြီးတစ်ခု ရောက်လာတတ်သည်။

ချန်ကျားယန်ကိစ္စ ပြီးသွားပြီးနောက် သူမနဲ့ ဟောင်ဖင်း၏ဆက်ဆံရေးမှာလည်း အလွန်တိုးတက်လာခဲ့သည်။

သူမသည် ဟောင်ဖင်းစိတ်ဝင်စားမည့် စာအုပ်များနှင့် ဗဟုသုတများကို အမြဲပြောဆိုဆွေးနွေးပေးခဲ့သောကြောင့် ဟောင်ဖင်းက သူမကို “ရဲဘော်စုန့်”ဟု ခေါ်ရာမှ “ရဲဘော်စစ်ယွီ”ဟုပင် ပြောင်းလဲခေါ်ဝေါ်လာခဲ့သည်။

သူမက “ရဲဘော်”ဟူသော စကားလုံးကို ဖယ်ထုတ်စေချင်သော်လည်း ဟောင်ဖင်းသည်က အလွန်ရှက်တတ်ပြီး အားနာတတ်သူဖြစ်ကြောင်းကို သူမ နားလည်လာခဲ့သည်။

သို့သော် လက်ရှိတိုးတက်မှုကိုပင် သူမ ကျေနပ်နေပေပြီ။

ယမန်နေ့ကပင် ဟောင်ဖင်းက သူမကို စာအုပ်ဆိုင်သို့ အတူသွားရန် ဖိတ်ခေါ်ခဲ့သေးသည်။ စာအုပ်ဆိုင်တွင် စိတ်ဝင်စားစရာကောင်းသော စာအုပ်သစ်တစ်အုပ် တွေ့ထားသောကြောင့် သူမကိုအကြံပြုချင်သည်ဟု ဆိုခဲ့သည်။

စုန့်စစ်ယွီအနေဖြင့် ထိုစာအုပ်များကို လုံးဝစိတ်မဝင်စားသော်လည်း အလွန်အမင်းအံ့အားသင့်ပြီး မျှော်လင့်နေဟန်ဆောင်နေခဲ့သည်။

ယခုအချိန်တွင် သူမက တစ်ဖက်လူနှင့် ချိန်းဆိုထားသည့်နေရာသို့ သွားရန်အတွက် ပြင်ဆင်နေခဲ့သည်။

ဟောင်ဖင်းဘက်မှ သူမကို ပထမဆုံးအကြိမ် စတင်ချိန်းဆိုခြင်းဖြစ်သောကြောင့် သူမက ဤအခွင့်အရေးကို ကောင်းစွာအသုံးချ၍ ဟောင်ဖင်းနှင့်ပိုမိုရင်းနှီးအောင်ကြိုးစားမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

All Chapters