အခန်း (၂၅၁)
Vol. 26 Ch. 251
လင်းရန်တို့ နိုင်ငံပိုင်ဟိုတယ်၏ ဝင်ပေါက်သို့ ရောက်သည်နှင့် လော်ပင်း၏ဖခင်ဖြစ်သူ လော်ရှင်းဝမ်က စားပွဲတစ်ခု၏ရှေ့တွင် ရပ်နေပြီး စားပွဲမှလူများကို ရယ်မောပျော်ရွှင်နေသည့် မျက်နှာဖြင့် နှုတ်ဆက်နေသည်ကို မြင်လိုက်ရသည်။
“လူတိုင်းပဲ ကောင်းကောင်းစားသောက်ကြပါ.. ဒီနေ့က ကျွန်တော့်ရဲ့ သားနဲ့ လိလိတို့ရဲ့ ပျော်ရွှင်စရာအချိန်လေးအတွက်ခင်ဗျားတို့ကို ဒီကို ဖိတ်ကြားခဲ့တာလေ
သတို့သားနဲ့ သတို့သမီး နှစ်ယောက်က အခုဆိုရင်အတူရှိနေကြပါပြီ.. မိဘတွေအနေနဲ့ ကျွန်တော်တို့မှာ တခြား ဆန္ဒမရှိပါဘူး.. သူတို့ နှစ်ယောက် အနာဂတ်မှာ အချင်းချင်း ပံ့ပိုးပေးကြပြီး ကျန်ရှိတဲ့ ဘဝကို အတူတူ ဖြတ်သန်းနိုင်ဖို့ကိုပဲ မျှော်လင့်ပါတယ်
ဒါနဲ့ စကားမစပ် ကျွန်တော်တို့ လော်မိသားစုအတွက် ဝဝကစ်ကစ်မြေးလေးတွေလည်း ထပ်တိုးပေးနိုင်စေဖို့ပေါ့ ဟားဟားဟားဟား...”
လော်ရှင်းဝမ်အနေဖြင့် ယနေ့တွင် တကယ်ကို ပျော်ရွှင်နေသည်ကို မြင်နိုင်သည်။ သူ၏ မျက်နှာတစ်ခုလုံးက တောက်ပနေပြီး မသိသောသူများဆိုပါက လက်ထပ်မည့်သူက သူကိုယ်တိုင်ဖြစ်နေလိမ့်မည်ဟုပင် ထင်ကြပေလိမ့်မည်။
သူ ဖိတ်ကြားထားသော ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များကတော့ သူတို့၏ စိတ်ထဲတွင် မည်သို့ပင် တွေးနေကြသည်ဖြစ်စေ၊ လော်ရှင်းဝမ် ၏ရှေ့တွင်တော့ ရွှင်လန်းသော မျက်နှာများဖြင့် ဆုမွန်ကောင်းများ ပေးပို့နေဆဲသာ ဖြစ်သည်။
“ဟုတ်တာပေါ့.. ဟုတ်တာပေါ့.. လောင်လော်.. ခင်ဗျားရဲ့ သားနဲ့ ချွေးမက ပထမဆုံးတစ်ချက်မြင်လိုက်ရုံနဲ့တင် ပြီးပြည့်စုံတဲ့အတွဲတွပဲဆိုတာကို မြင်နိုင်ပါတယ်.. သူတို့က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီလွန်းတယ်!”
“ဒီစုံတွဲလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေလဲဆိုတာ ကြည့်ပါဦး.. သူတို့တွေက စားသောက်နေတဲ့ တစ်လျှောက်လုံး တီးတိုး ပြောဆိုနေကြတာ.. ဟားဟားဟား”
ဤစကားကို ကြားလိုက်ရသည်နှင့် စားပွဲဝိုင်းတွင်ရှိနေသော လူများ လော်ပင်းနှင့် တုန်လိလိတို့ဘက်သို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
တုန်လိလိနှင့် လော်ပင်းတို့မှာ လွန်ခဲ့သော တစ်စက္ကန့်တွင် တိုးတိုးကြိတ်ကြိတ်ဖြင့် ရန်ဖြစ်နေခဲ့ကြသော်လည်း နောက်တစ်စက္ကန့်တွင် နှစ်ယောက်လုံး၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်သွားခဲ့ကြလေ၏။
သူတို့က မတိုင်ခင်အချိန်လေးတွင် အမှန်တကယ် ချစ်ကြည်နူးစရာစကားများကို ပြောနေကြသကဲ့သို့အမူအယာများဖြင့် အခြားသူများကို မျက်နှာချင်းဆိုင်လိုက်ကြသည်။
သို့သော် သူတို့ ပြောနေခဲ့ကြသည်မှာကား လင်းကျန်းဖူနှင့် ချင်းယွင်ကျစ်တို့၏ အကြောင်းတို့သာ ဖြစ်နေသည်ကို လော်ပင်းနှင့် တုန်လိလိတို့သာ ရှင်းရှင်းလင်းလင်း သိနေခဲ့ကြသည်။
တုန်လိလိက ဒေါသတကြီးဖြင့် ကုန်တိုက်မှ ထွက်ပြေးခဲ့ပြီးနောက် လော်ပင်းက သူမ၏နောက်ကို ချက်ချင်း လိုက်လာ၍ နှစ်သိမ့်ပေးခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
သူမ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး နောက်ကို ပြန်လှည့်ကြည့်လိုက်လျှင် လော်ပင်းက လင်းကျန်းဖူနှင့် ထပ်မံ စကားပြောနေသည်ကို မြင်လိုက်ရပြန်သည်။
သူမအနေဖြင်် ထိုအချိန်က ဒေါသတကြီးဖြင့် ပြန်ပြေးသွားကာ လော်ပင်းကို အော်ဟစ်ကြိမ်းမောင်းချင်ခဲ့သည်။
ကံကောင်းစွာဖြင့် လော်ပင်းက လျင်မြန်စွာ ထွက်လာခဲ့သောကြောင့် တုန်လိလိတစ်ယောက် နောက်ဆုံးတွင် သူမ၏ ဒေါသကို မျိုချလိုက်ရလေ၏။
ထို့နောက်တွင် သူမနှင့် လော်ပင်းတို့က ခရိုင်သို့ ပြန်သွားသည့် ဘတ်စ်ကားဖြင့် ပြန်လာခဲ့ကြသည်။
သေချာပေ၏။ တုန်လိလိက ဤမတရားခံရခြင်းကို လုံးဝ မျိုချနိုင်ခြင်း မရှိခဲ့ဘဲ ခရိုင်ရသို့ပြန်သွားသည့် ကားပေါ်သို့ ရောက်ချိန်တွင် ပတ်ဝန်းကျင်ရှိ တခြားလူများကို ဂရုစိုက်ခြင်းမရှိဘဲ လော်ပင်းကို ထပ်မံကြိမ်းမောင်းခဲ့သည်။
လော်ပင်းသည်လည်း သေချာပေါက် ဒေါသထွက်ခဲ့သော်လည်း သူ့အနေဖြင့် အသံထွက်၍ ပြန်ပြောရဲခြင်းမရှိသောကြောင့် သည်းခံခဲ့ရုံသာ တတ်နိုင်ခဲ့သည်။
နောက်ဆုံးတွင် နိုင်ငံပိုင် ဟိုတယ်သို့ ပြန်ရောက်ပြီး တခြားလူများကို မြင်တွေ့ရပြီးမှသာ တုန်လိလိ၏ ဒေါသက အနည်းငယ်ငြိမ်သက်သွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း သူမက လော်ပင်းကို ဆက်လက်ကဲ့ရဲ့ခြင်းမပြုဘဲ မနေနိုင်ခဲ့ပါချေ။
သူမက သူ့ကို ချမ်းသာရန် ကံကြမ္မာမရှိကြောင်းပြောခဲ့သည်။
သူ၏ ဇနီးဟောင်းသည်ပင် သူ့ကို စွန့်ပစ်လိုက်ပြီးသည်နှင့် ချက်ချင်း မျက်နှာပွင့်သွားပြီး မြို့ထဲမှ ကုန်တိုက်တွင် အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်နိုင်သွားခဲ့ကာ ချမ်းသာသော ဆွေမျိုးများလည်း ရှိလာကြောင်း ပြောဆိုခဲ့သည်။
အဆုံးသပ်တွင် ကြည့်လိုက်ပါက သူ၊ လော်ပင်းသာလျှင် ကံဆိုးသော “ဘေးအန္တရာယ်” ဖြစ်နေခဲ့သည်။
လော်ပင်းမှာ မူလကတည်းက လင်းကျန်းဖူ၏ “ချမ်းသာသော ဆွေမျိုး”ဖြစ်သည့် ချင်းယွင်ကျစ် ထွက်ပေါ်လာကြောင့် စိတ်ဓာတ်ကျနေခဲ့ပြီးဖြစ်ကာ ယခုအချိန်တွင် တုန်လိလိ၏ စိတ်အနှောင့်အယှက် ဖြစ်စရာ စကားများကို ဆက်လက်နားထောင်နေရသောကြောင့် စိတ်ခံစားချက်များက သိပ်မကောင်းလှတော့ပေ။
နောက်ဆုံးတွင် တခြားလူများက သူတို့နှစ်ဦးထံမှ အာရုံလွှဲသွားချိန်တွင် လော်ပင်းတစ်ယောက် သည်းမခံနိုင်တော့ဘဲ တုန်လိလိကို တီးတိုးပြောဆိုလိုက်သည်။
“လိလိ၊ မင်း အတော်လေးတရားလွန်ပြီနော်.. ဒီလိုအသေးအဖွဲကိစ္စလေး တွေကိုပဲ အချိန်တိုင်း ပြောနေတယ်.. လင်းကျန်းဖူနဲ့ ငါက ဘာမှ မပတ်သက်တော့ဘူးလို့ ငါ မင်းကို ပြောခဲ့ပြီးပြီ.. ငါက သိချင်ရုံသက်သက်ပါပဲ
မင်းက ငါ့ကို ဒီလိုလုပ်နေတာက တမင်သက်သက် ငါ့ဂုဏ်သိက္ခာကို ကျဆင်း စေချင်နေတာ မဟုတ်ဘူးလား”
လော်ပင်းက အမှမ်တကယ် သည်းမခံနိုင်တော့သည်ကို မြင်လျှင် တုန်လိလိက စိတ်ထဲတွင် နှာခေါင်းရှုံ့ လိုက်သော်လည်း စကားပြောခြင်းကိုတော့ ရပ်တန့်လိုက်သည်။
သူမက လော်ပင်းကို ကြောက်ရွံ့နေသောကြောင့် မဟုတ်ဘဲ ယနေ့တွင် လူအများကြီးက သူတို့ကို ကြည့်နေကြသောကြောင့် သူမအနေဖြင့် ပြဿနာ မဖြစ်ချင်သောကြောင့်သာ ဖြစ်ပေသည်။ ဤအချိန်တွင် ပြသနာဖြစခြင်းက သူမကို မျက်နှာပျက် စေနိုင်သည်။
ထို့ကြောင့် သူတို့ နှစ်ယောက်က အလွန်ချစ်မြတ်နိုးကြသော ချစ်သူ စုံတွဲအဖြစ် ဆက်လက်ဟန်ဆောင် နေခဲ့ကြသော်လည်း သူတို့၏ တစ်ဦးနှင့်အပေါ် တစ်ဦး မကျေနပ်မှုများကတော့ အလွန်အမင်းပင် နက်ရှိုင်း လာနေသည်ကို သူတို့ကိုယ်တိုင်သာ သိနေခဲ့ကြသည်။
နောက်ဆုံးတွင် လော်ရှင်းဝမ်က စကားပြောပြီးနောက် ဧည့်သည်များကို နှုတ်ဆက်ကာ စားသောက်ပွဲကို စတင်ခဲ့သည်။
“...ကောင်းပါပြီ၊ ကျွန်တော် ပြောဖို့ လိုအပ်တာတွေကိုလည်း ပြောပြီးပြီဆိုတော့ ခင်ဗျားတို့တွေလည်း ကျွန်တော့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဒီလောက်ကြာကြာ နားထောင်ခဲ့ရတော့ ဆာလောင်နေကြလောက်ပြီမလား..
အခု စားသောက်ပွဲကို စလိုက်ရအောင်.. ကျွန်တော် ဒီနေ့ ဟိုတယကနေ စားဖိုမှူးကို အထူးတလည်ဖိတ်ခေါ်ပြီး အထူးဟင်းပွဲတွေအများကြီး ပြင်ဆင်ထားပါတယ်.. လူတိုင်း မြည်းစမ်းကြည့်ပြီး အကြိုက်တွေ့ဖို့ မျှော်လင့်ပါတယ်!”
ယနေ့သည်ကား လော်ရှင်းဝမ်နှင့် အမှန်တကယ် ခင်မင်ရင်းနှီးသော လူအနည်းငယ်မှလွဲ၍ ကျန်ရှိသောလူများမှာ အစားအသောက်အတွက်သာ ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်ပေသည်။
သို့မဟုတ်ပါက မြို့နယ်မှ ခရိုင်သို့အထိ တစ်လမ်းလုံးလာရောက်ရန်အတွက် မည်သူက ဆန္ဒရှိပါမည်နည်း။
သူတို့က စားပွဲပေါ်ရှိ အသားများကို တောက်ပသော မျက်လုံးများ ဖြင့် ကြည့်နေခဲ့ကြပြီး စတင်စားသောက်တော့မည့်အချိန့တွင် ရုတ်တရက် လေကဲ့သို့သော ပုံသဏ္ဍာန်တစ်ခု ဖြတ်သွားခဲ့လေသည်။
လူတိုင်း မတုံ့ပြန်နိုင်ခင်မှာပင် တစ်စုံတစ်ယောက်၏ နာကျင်စွာ အော်ဟစ်လိုက်သည့် အသံကို ကြားလိုက်ရလေသည်။
ထိုအသံမှာ လူတိုင်း အနည်းနဲ့အများ ရင်းနှီးနေခဲ့သော လော်ရှင်းဝမ်၏ သားဖြစ်သူ လော်ပင်း၏အသံပင်ဖြစ်ပေသည်။
လူတိုင်း ခဏတာလောက် ကြောင်အ သွားကြပြီးနောက် မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြလေ၏။ ထို့နောက်တွင် လော်ပင်းတစ်ယောက် အကြောင်းပြချက်တစ်ခုခုကြောင့် မြေပြင်ပေါ်တွင် ဖင်ထိုင်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။
သူက မျက်နှာကို လက်ဖြင့် ဖုံးအုပ်ထားပြီး သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော လင်းကွမ်းချင်းကို နာကျင်နေသော မျက်နှာဖြင့် ကြည့်နေခဲ့သည်။
ခဏတာလောက် ကြောင်အ,နေပြီးမှသာ သူ့ရှေ့မှ လူက မည်သူဖြစ်ကြောင်းကို တဖြည်းဖြည်း သတိပြုမိသွားခဲ့သည်။
“မင်းက... လင်းကွမ်းချင်းလား”
လော်ပင်းမှ လင်းကွမ်းချင်းကို ချက်ချင်း မမှတ်မိခြင်းက အံ့သြစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ လင်းကျန်းဖူနှင့် လက်ထပ်စဉ်က လင်းကွမ်းချင်းမှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည်။
ထို့အပြင် နောက်ပိုင်းတွင်လည်း သူက စစ်တပ်သို့ ဝင်ရောက် သွားခဲ့ခဲ့သည်။ သူ ပြန်ရောက်သည်မှာ မကြာသေးသောကြောင့် လော်ပင်းက သူနဲ့မဆုံတွေ့ခဲ့ရသေးပေ။ ထို့ကြောင့် ခဏလောက် မမှတ်မိနိုင်ဖြစ်သွားရခြင်းက ပုံမှန်သာဖြစ်ပေသည်။
သို့သော်...
“မင်း ဘာလုပ်နေတာလဲ! မင်း ရူးနေတာလား.. မင်းက ငါ့ကို ရိုက်ရဲတယ်!”
လော်ပင်းတစ်ယောက် စကပြောနေရင်းဖြင့် သူ၏ ပါးကို မတော်တဆ ထိမိသွားသောကြောင့် နာကျင်စွာဖြင့် အသက်ရှူသွင်းလိုက်ရသည်။
လင်းကွမ်းချင်းက ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်ရှိ လော်ပင်းကို အေးစက်စွာ ကြည့်လိုက်ပြီး တစ်ချက်ရယ်မောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ဘာကြောင့် ရိုက်တာလဲဆိုတာ ခင်ဗျား သိနေတယ်လို့ ထင်တာပဲ”
လော်ပင်း ခဏတာလောက်ကြောင်အ သွားသော်လည်း လျင်မြန်စွာ တွေးတောနိုင်ခဲ့သည်။
သူနှင့် လင်းကွမ်းချင်းတို့ကြားတွင် ပုဂ္ဂိုလ်ရေးပဋိပက္ခမျိုး မရှိခဲ့ပေ။
တစ်ဖက်လူက သူ့ကို တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ လင်းကျန်းဖူသာ ဖြစ်နေပေလိမ့်မည်။
လင်းကွမ်းချင်းသည်က လင်းကျန်းဖူ၏ကိစ္စကြောင့်သာ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
ဤအကြောင်းကို စဉ်းစားမိပြီးနောက် သူ၏ မသိစိတ်ထဲမှ အပြစ်ရှိနေသကဲ့သို့ ခံစားခဲ့ရသော်လည်း ဆက်လက်၍ ဟန်ဆောင်နေဆဲပင်။
“မင်း ဘာတွေပြောနေတာလဲ.. မင်း ဘာလို့ ဒီလိုမျိုး ရူးသွပ်နေလဲဆိုတာကို ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ!”
“ဒါပေမဲ့ မင်းမှာ ဘယ်လို အထင်လွဲမှု မျိုး ရှိနေပါစေ၊ ဒီမှာ ပြဿနာ မရှာ သင့်ဘူး.. ဒါက နိုင်ငံပိုင်ဟိုတယ်ပဲ.. ငါ့အပြင် တခြား ဧည့်သည်တွေလည့် အများကြီး ရှိတယ်..
မင်းပြောစရာရှိရင် ငါနဲ့အတူ အပြင်ကို ထွက်လာခဲ့.. ငါတို့ကြားမှာရှိတဲ့ အထင်လွဲမှုတွေကို ရှင်းလင်းလိုက်ရအောင်”ထိုသို့ ပြောပြီးနောက် လော်ပင်းက မတ်တပ်ရပ်ကာ လင်းကွမ်းချင်းကို အပြင်သို့ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် ဤမျှ များပြားသောလူများ ရှေ့တွင် ပြဿနာ မရှာသင့်ပေ။ မဟုတ်ပါက သူတို့ မိသားစု၏ မျက်နှာက လုံးဝ ပျောက်ဆုံးသွားရလိမ့်မည်။