စစ်ပွဲတစ်ရာ နတ်စစ်သူကြီး
Vol. 7 Ch. 61
နောက်ရက် အနည်းငယ်အတွင်းတွင် အားချန်သည် လင်းမိသားစု လွတ်လာသည်ကို လုံးဝမတွေ့ရသေးချေ။ ထို့ကြောင့် အမှုက မပြီးသေးပါလားဟုသာ စဉ်းစားလိုက်လေသည်။
တခြားအမှုများသာ ဆိုလျှင်တော့ စျေးထဲတွင် ကောလဟာလများ ထွက်ပေါ်လာပေလိမ့်မည်။ သို့သော်ငြား မင်ကျင့်စီးနှင့် ပတ်သက်လာလျှင်တော့ အားလုံးကလည်း သူတို့၏ အသက်ကို တန်ဖိုးထားကြဟန်တူကာ ဘာကောလဟာလများမှ လုံးဝမရှိလာခဲ့ချေ။ အားချန်မှာ တော်တော်လေးကို စိတ်ပျက်သွားတော့သည်။
သူမက ရက်ဆက်ဆိုသလို စစ်သူကြီးအိမ်တော်၏ ပိတ်ထားသည့်တံခါးကို သွားသွားကြည့်နေတတ်သည်ကို မြင်ရချိန်တွင် ချန်ဟွေ့သည်လည်း အနည်းငယ် မရယ်ချင်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ရာသီဥတုက ထိုနေ့တွင်လည်း အလွန်ကောင်းမွန်နေသည်ကို တွေ့ရသဖြင့် သူမက အားချန်နှင့် လာရောက်တိုင်ပင်တော့၏။ "ချန်းဖိင်ဖန်းက ဆောက်လုပ်ရေးလည်းစနေပြီ။ တစ်ချက်လောက် သွားကြည့်ပြီးတော့ အပန်းဖြေချင်လား"
အားချန်ကလည်း ခဏလောက် စဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်ပြလိုက်၏။ သူမသည် လက်တလောတွင် အနည်းငယ် ပျင်းရိငြီးငွေ့နေသလို ခံစားရသဖြင့် စာအုပ်လေးတချို့ ဝယ်ယူရန်အတွက် စာအုပ်ဆိုင်ပိုင်ရှင် သူဌေးရွှီထံသို့ ခဏလောက်ဝင်ပြီး စာအုပ်များကို အိမ်တွင်ဖတ်မည်ဟု စဉ်းစားထားလိုက်လေသည်။
ချန်ဟွေ့က အားချန် နှင့်အတူ လှည်းတစ်စီးကိုမောင်းနှင်ကာ ချန်းဖိင်ဖန်းသို့ ထွက်လာခဲ့လေသည်။ အန်းဖိင်ဖန်းက စာအုပ်ဆိုင်တစ်ဆိုင်သို့ ဖြတ်လာသည်တွင် အားချန်သည် စာအုပ်ဆိုင်အပြင်ဘက်တွင် စုဝေးနေကြသည့် ပညာသင်များလို ဝတ်စားထားသည့် လူအများကြီးကို တွေ့လိုက်ရပြီး ထိုလူများက စာအုပ်ဝယ်ယူရန် အလုအယက် ဖြစ်နေကြဟန်တူသည်။
သူမသည် ဒီလောက်စီးပွားရေး ကောင်းမွန်သည့် စာအုပ်ဆိုင်ကို ပထမဦးဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သဖြင့် ခေါင်းကိုထုတ်ကာ အကြိမ်အနည်းငယ် ကြည့်လိုက်၏။ တိုက်ပွဲတစ်ရာ နတ်စစ်သူကြီးဟူသည့် ချဲ့ကားလွန်းသည့် ခေါင်းစဉ်ကိုပင် ဝိုးတဝါး မသဲမကွဲ ကြားလိုက်ရ သေးသည်။
ကြည့်ရတာ သူတို့ဝယ်နေတာက သာမန်ကောင်းမွန်တဲ့ စာအုပ်တော့ မဟုတ်လောက်ဘူး။ ဘယ်သူက ကိုယ့်ဟာကိုယ်များ တိုက်ပွဲ ရာကျော် သူရဲကောင်းလို့ ခေါ်မှာလဲ။ အရင်တခါ စာအုပ်ဆိုင်တွေမှာ ခေတ်စားသွားတာက ယန်ချင်းထျန်းပဲလေ။ အခု ယန်ချင်းထန်းက အိမ်မှာ ပုတ်သိုး ဆွေးမြေ့နေလောက်ပြီ။ သူ့အရင် စစ်နတ်ဘုရားလို့ အခေါ်ခံရတဲ့သူက ကျန်းပေမြို့စားပဲ။ အခု အဲဒီကျန်းပေမြို့စားကလည်း အိမ်ထဲမှာ အမှားပြန်လည် သုံးသပ်နေရတုန်း။ ဒီတိုက်ပွဲ ရာကျော်သူရဲကောင်းမှာ တကယ်မူလ ပုံစံရှိခဲ့မယ်ဆိုရင် နောက်တစ်ယောက် ကံဆိုးမယ့် သူကတော့ သူပဲ ဖြစ်လိမ့်မယ်။
အားချန်သည် တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမ၏ဆိုင်လေးကို တွေ့သွားတော့သည်။ သို့သော်ငြား ၁၀ ရက်အတွင်းတွင် မူလက ပျက်စီးသွားသည့်ဆိုင်ကို ဖြိုချလိုက်ပြီဖြစ်ပြီး အိမ်အသစ်၏ အုတ်မြစ်ကိုလည်း ချထားပြီးဖြစ်၏။ အိမ်၏အခြေခံဖွဲ့စည်းပုံသည်လည်း ပေါ်နေပြီဖြစ်သည်။
အိမ်အနောက်ဘက်က အခန်းသုံးခန်းကို ဖြိုချလိုက်ပြီး သူမ အသစ်ဝယ်ယူထားသည့် ခြံအသစ်လေးနှင့် ချိတ်ဆက်ထားလိုက်သည်။ နံရံကိုလည်း တံတိုင်းကိုလည်း ပိုပြီးကြီးမားသည့် ခြံဝင်းတစ်ခုဖြစ်အောင် ပြန်လည်တည်ဆောက်ထားလိုက်ပြီး အိမ်အသစ်များကိုလည်း ဆောက်လုပ်ထားဆဲ ဖြစ်၏။
ခြံအရှေ့ဘက်နှင့် အနောက်ဘက်တွင် လုပ်နေကြသည့် စုစုပေါင်း လက်သမား ဆယ်ယောက်ကျော် လောက်ရှိသည်။ သူတို့၏ အရှိန်နှုန်းကို ခန့်မှန်းကြည့်မည်ဆိုလျှင် ဒီအိမ်သည် အလွန်ဆုံး လတစ်ဝက်အတွင်း ပြီးမြှောက်နိုင်ပေလိမ့်မည်။
ချန်ဟွေ့က ရှေ့သို့လျှောက်သွားလိုက်ပြီး အလုပ်သမား ခေါင်းဆောင်နှင့် စကားနည်းနည်းပါးပါး ပြောဆိုပြီးနောက် ထိုသူကလည်း ခေါင်းတွင်တွင် ငြိမ့်ပြနေသည်။
ဒီရက်ပိုင်းအတွင်းတွင် ချန်ဟွေ့သည် အိမ်အသစ် ပြန်လည်ဆောက်လုပ်ခြင်းကို တာဝန်ယူလာခဲ့ပြီး သူမကပဲ ထိုလက်သမားခေါင်းဆောင်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။
လက်သမားခေါင်းဆောင်ကလည်း အလွန်ညင်သာသိမ်မွေ့သော်ငြား အလွန်လွတ်လပ်ပေါ့ပါးသည့် ဒီအမျိုးသမီးကို မလှည့်စားရဲချေ။ သူကပဲ အထင်လွဲနေသလား တော့မသိပေ။ ဒီအမျိုးသမီးနှင့် ရင်ဆိုင်ရချိန်တိုင်း အမြဲတမ်း အနည်းငယ် ကြောက်ရွံသလို ခံစားနေရလေသည်။ သူသည်ယခင်က သူ၏လက်သမား အဖွဲ့ကိုပြောပြခဲ့ပြီး တခြားသူများကလည်း ထိုနည်းတူ ခံစားရသည်ဟု ဆို၏။ သူတို့အားလုံးက ထိုအမျိုးသမီးသည် ထိုမျှလောက် ရိုးစင်းလိမ့်မည်မဟုတ်ဟု ခံစားမိကြ၏။ ထိုကြောင့် သူတို့သည်လည်း အလုပ်လုပ်ချိန်တွင် ပိုပိုပြီးသတိရှိ လာကြတော့သည်။
ချန်ဟွေ့ ကတော့ လက်သမားခေါင်းဆောင်နှင့်ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု သတိမထားမိချေ။ သူမသည် ဒီလူကို တော်တော်လေး စိတ်တိုင်းကျလေသည်။ သုံးရသည့်ငွေက အနည်းငယ် ပိုများသော်ငြားလည်း သူ့လက်အောက်က လက်သမားဆရာများမှာ အလုပ်နှင့် ပတ်သက်လာလျှင် အလေးအနက်ထားပြီး ပေးရသည့် တန်ဖိုးကလည်း ထိုက်တန်လှသည်။
အားချန်သည် လှည်းကို ခဏလောက် စောင့်ကြည့်နေလိုက်ပြီးမှ လှည်းပေါ်က ဆင်းလာကာ သူဌေးရွှီ၏ စာအုပ်ဆိုင်ဘက်သို့ လျှောက်သွားလိုက်လေသည်။
သူမ၏အိမ်က ပြန်လည်ဆောက်လုပ်နေရသည် ဖြစ်သဖြင့် ဘေးအိမ်က ဆိုင်များ၏ လုပ်ငန်းကလည်း အနှောင့်အယှက် ဖြစ်မည်မှာ မလွဲမသွေပင်။ အစကတည်းက ချန်ဟွေ့သည် သူမ၏ အိမ်နီးချင်းများကို သွားရောက်နှုတ်ဆက်ခဲ့ပြီး လက်ဆောင်များကိုလည်း ပေးခဲ့ပြီးဖြစ်၏။
သူဌေးရွှီကတော့ ထိုလက်ဆောင်ကို ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်သည်။ သို့သော်ငြား တခြားအိမ်နီးချင်းများကတော့ သိပ်ပြီး ကျေနပ်ကြဟန်တော့ မတူချေ။ လက်ဆောင်ကိုသာ လက်ခံလိုက်ပြီး ချန်ဟွေ့ ကိုတော့ ပြန်နှင်ထုတ်လာခဲ့သည်။
ဒီတစ်ကြိမ်တွင် အားချန်သည် သူဌေးရွှီအတွက် လက်ဆောင်တစ်ခု ယူလာခဲ့ဆဲဖြစ်၏။
"သူဌေးရွှီ ကျွန်မ ဘာယူလာလဲ ကြည့်ပါဦး"
အားချန်က ယွီကျန်း စားသောက်ဆိုင်က ဝယ်ယူလာခဲ့သည့် အကောင်းဆုံး ပဲငပိအမဲသား ၂ကျင်းကို သယ်ကာ စာအုပ်ဆိုင်ထဲသို့ လျှောက်လာခဲ့လေသည်။ သူမသည် ဝင်လာသည်နှင့်ချက်ချင်း အထဲကလူအများ၏ ထုထည်ကြောင့် အလန့်တကြား ဖြစ်သွားလေတော့သည်။
သူဌေးရွှီက လူအုပ်ကြီးထဲက တိုးဝှေ့လာကာ မတတ်သာတော့ပဲ စားပွဲတစ်လုံးပေါ်တွင်ရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်က လူများကို အော်ဟစ်ကာ ပြောဆိုလိုက်၏။ "အားလုံးပဲစိတ်ချပါ။ ဒီနေ့စစ်ပွဲတစ်ရာ နတ်စစ်သူကြီးမှတ်တမ်း အတွဲသုံး ဆယ်အုပ်ကျန်ပါသေးတယ်။ ဒီနေ့ဝယ်လို့ မရခဲ့ရင်လည်း မနက်ဖြန်လာဝယ်လို့ ရပါသေးတယ်"
ချက်ချင်းဆိုသလို လူတစ်ယောက်က မကျေမနပ်အော်ကာ ပြောလိုက်၏။ "ဘာဖြစ်လို့ မနက်ဖြန်မှ ဝယ်မှာလဲ။ ကျွန်တော် ဒီနေ့ အဲဒါကို ဖတ်ချင်နေပြီ !"
"ဟုတ်တယ်။ ကျွန်တော် ဒီနေ့ အဲ့ဒါကိုဖတ်ရမှ ဖြစ်မယ်" သူဌေးရွှီက သူ့နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး ကူကယ်ရာမဲ့ သွားသလို ခံစားလိုက်ရ၏။
နောက်ဆုံးတွင်တော့ သူသည် အရင်ရောက်လာသူကို အရင်ဆုံး ရောင်းချသည့် စနစ်ဖြင့်သာ စာအုပ်၁၀ အုပ်ကို ရောင်းချနိုင်ခဲ့သည်။ တခြားသူများကိုတော့ ကောင်းကောင်းမွန်မွန် ချော့မော့ပြောဆိုပြီးနောက် လူအုပ်ကြီးကို ပြန်လွှတ်လိုက် လေတော့သည်။
"သူဌေးရွှီ စီးပွားရေး ကောင်းနေတာပဲ" အာချန်က ပြုံးကာဖြင့် ပြောလိုက်၏။
"မိန်းကလေးကျိ ကျွန်တော်ကို မလှောင်ပါနဲ့ဗျာ။ ဒါကစီးပွားရေး သေးသေးလေးပါ" သူဌေးရွှီက ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် အားချန်လက်ထဲက စက္ကူအိတ်ကို လှမ်းကြည့်လိုက်လေသည်။
သူက တစ်ချက်လောက် အသက်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ "ဒါကယွီကျန်း စားသောက်ဆိုင်က ပဲငံပြာရည် အမဲသားနှပ်ရဲ့အနံ့ပဲ"
"ဟုတ်တယ် ကျွန်မ ခဏတုန်းက ယွီကျန်း စားသောက်ဆိုင်ကို ဖြတ်လာတော့ သူဌေးရွှီအတွက် ဝယ်လာပေးတာလေ"
သူဌေးရွှီကလည်း အားချန်ကို အားနာမနေတော့ဘဲ သူမ၏လက်ထဲက ဆီစိမ်စက္ကူအိတ်ကို လှမ်းယူလိုက်ပြီးနောက် အထဲသို့ဝင်ဖို့ရန် လက်ဟန်ပြလိုက်လေသည်။ "အို ဧည့်သည်တော်ကြီး အထဲကိုဝင်ပြီးတော့ ထိုင်ပါဦး"
အားချန်ကလည်း ပြုံးကာ ထိုင်ခုံတစ်လုံးကို ရှာပြီး ဝင်ထိုင်လိုက်တော့သည်။ သူဌေးရွှီက မိမိကိုယ်တိုင် မုန့်နှစ်ပန်းကန်နဲ့ ချိုချိုချဥ်ချဥ် အရသာ ဇီးသီးဖျော်ရည်တစ်ခွက်ကို လာချပေးလေသည်။
"စောစောကလူတွေ လုဝယ်နေကြတာ အသစ်ထွက်တဲ့ ဝတ္ထုစာအုပ်လား" သူမက ဗာဒံမုန့်တစ်ခုကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲတွင် ဖြည်းဖြည်းချင်း ဝါးစားရင်း မေးလိုက်သည်။
"ဟုတ်ပ အဲဒီစာအုပ်ရေးတဲ့ စာရေးဆရာ ပေါင်မုရှန်းရန်က ဘယ်ကမှန်းမသိပါဘူး။ စာအုပ်ထဲက သရုပ်ဖော်ပုံတွေ ကဗျာတွေအားလုံးက သူကိုယ်တိုင် ရေးဆွဲထားတာပဲ။ စာပေပညာ ပြောင်မြောက်ရုံတင်မကဘူး။ ဇာတ်လမ်းကလည်း အရမ်းကိုကောင်းတာ။ ဒီစာအုပ်စျေးကွက်ထဲ ရောက်တာနဲ့ လူကြိုက်များတာ မဆန်းပါဘူး"
"ဒါပေမဲ့ ကျွန်မကြားတာကတော့ ဒီစာအုပ်ရဲ့ နာမည်က နည်းနည်းလေး ..."
သူဌေးရွှီကလည်း မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားကာ ပြောလာ၏။ "ဒီလူရွယ်လေးက စာအုပ်ခေါင်းစဉ်ကို နားလည်ရလွယ်ကူတဲ့ပုံစံမျိုး ပေးတာ သဘောကျပုံရတယ်"
"ဒါဆိုရင် ဒီဝတ္ထုအကြောင်းအရာက ဘာလဲ" အားချန်ကလည်း သိချင်စိတ်များ မနေနိုင်ဘဲ ဖြစ်လာတော့သည်။
သူဌေးရွှီကလည်း သူမကိုအကျဉ်းချုပ် ပြောပြလိုက်၏။ "တကယ်တမ်းကျတော့ လယ်သမားမိသားစု တစ်ခုကနေ မွေးလာခဲ့တဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ သူက ကလေး ဘဝကတည်းက သနားစရာ ဘဝလေးနဲ့ နေထိုင်ခဲ့ရတာ။ သူ့မိဘတွေက ဆုံးသွားပြီး သူကလည်း သူ့အစ်ကိုနဲ့ မရီးတို့ရဲ့အိမ်ကနေ နှင်ထုတ်ခံခဲ့ရပြီး စစ်တပ်ကို ဝင်ခဲ့တယ်လေ။ နောက်ပိုင်းကျတော့ ကောင်လေးက စစ်တပ်ထဲက မရေမတွက်နိုင်တဲ့ စစ်ပွဲအတွေ့အကြုံတွေ ရရှိလာခဲ့ပြီး သေရေးရှင်ရေးတွေလည်း တွေ့ကြုံလာခဲ့ရတာပေါ့။ နောက်ဆုံးတော့ စစ်သူကြီး တစ်ယောက် ဖြစ်လာခဲ့ပြီး မြို့စားမင်းတစ်ယောက် ဖြစ်လာခဲ့တယ်လေ"
"ဒါကတစ်ခုခု ထူးဆန်းတာလည်း မပါပါဘူး" သူမသည် ယခင်ကလည်း ဆင်တူသည့် ဝတ္ထုများကို ဖတ်ခဲ့ဖူးလေသည်။
သူဌေးရွှီက ချက်ချင်းဆိုသလို ပြောလိုက်၏။ "ဝတ္ထုရဲ့ကျောရိုးက ဆင်တူတယ်ဆိုပေမယ့် ဒီစာအုပ်ထဲမှာ ရေးထားတဲ့ လူတွေကတော့ မတူဘူး။ ကွာခြားချက်က အရမ်းကို ကြီးမားလွန်းတယ်။ မိန်းကလေးကျိ မသိတာက ဒီစာအုပ်ထဲက ဇာတ်လိုက်က အရည်အချင်း ရှိပြီးတော့ ဉာဏ်ရည်ထက်မြက်တယ်။ သူက ဒုတိယစစ်ပွဲမှာပဲ တိုက်ပွဲရဲ့ အခြေအနေကို ချက်ချင်းပြောင်းလဲပစ်ခဲ့တာ။ ဒီစာအုပ်ထဲက ဝတ္ထုက နည်းနည်းလေး ချဲ့ကားရာ ကျမယ်လို့တော့ မင်း ထင်မှာပဲ။ ဒါပေမဲ့ အဲဒီထဲမှာ ဘာပြစ်ချက်ကိုမှ ရှာမတွေ့နိုင်ဘူးနော်။ ကိုယ့်ဦးနှောက်ကပဲ မမှီတော့ဘူးလို့ ခံစားသွားရလိမ့်မယ်”
"အထူးသဖြင့် အဲဒီစစ်ပွဲမြင်ကွင်းကို ညွှန်ပြထားတာက လူတွေကို သွေးဆူ သွားစေတယ်လေ။ ဒါကိုကြည့်လေ တတိယစာအုပ်ထွက်တာ ၂ရက်တောင်မရှိသေးဘူး။ လူပေါင်း မရေမတွက်နိုင်အောင် လုဝယ်နေကြပြီ"
“ဒီလောက် ဉာဏ်ကောင်းပြီး အရည်အချင်းရှိတဲ့ ဇာတ်လိုက်မျိုးကို ရေးနိုင်မှတော့ ဒီပေါင်မုဆရာကလည်း တော်ရုံလူတော့ မဟုတ်လောက်ဘူးနော်”
"ဟုတ်တာပေါ့ အစတုန်းကတော့ ပေါင်မုဆရာက ဘယ်စာသင်ကျောင်းက စာပေကျွမ်းကျင်သူလဲလို့ ခန့်မှန်းနေကြတာ။ တတိယစာအုပ်ဖတ်ပြီးသွားတော့ အခုဟန်လင်း ကျောင်းတော်ကလို့ တောင်မှ မှန်းဆနေကြပြီလေ"
သူဌေးရွှီက ပေါင်မုဆရာ၏ စာအုပ်များကို မိုးထိမြင့်မားအောင် ချီးကျူးစကား ပြောနေသဖြင့် အားချန်ကလည်း မနေနိုင်ဘဲ မေးလေတော့သည်။ "သူဌေးရွှီရဲ့ လက်ထဲမှာ စာအုပ်အပိုလေးများ ရှိသေးလား"
သူဌေးရွှီကလည်း ရယ်မောကာ ပြောလိုက်၏။ "တခြားသူသာ ဆိုရင်တော့ လုံးဝမရှိတော့ဘူး။ ဒါပေမဲ့ မိန်းကလေးကျိက ခုနတုန်းက ကျွန်တော့်ကို အမဲသားနှစ်ကျင်း လက်ဆောင်ပေးထားတော့ စာအုပ်သုံးအုပ်နဲ့ လဲဖို့လုံလောက်ပါတယ်"
သူသည် အနောက်ဘက်က စာအုပ်ဂိုဒေါင်သို့သွားပြီး လှန်လှောရှာဖွေခဲ့ပြီးနောက် မကြာခင်တွင် စာအုပ်အသစ်သုံးအုပ်ကို ယူလာကာ အားချန်ကို ပေးလိုက်လေသည်။
အားချန်ကလည်း လှမ်းယူလိုက်ပြီးသည်နှင့် ချက်ချင်း အပြင်ဘက်က မျက်နှာဖြူဖြူ စာသင်သားတစ်ဦး လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။ ထိုစာသင်သားသည် အသက်၂၀ခန့်ရှိပြီး အပြာရောင်ချည်ထည် ဝတ်ဆင်ထားသည့် သူ့နောက်ကျောတွင်လည်း စာအုပ်သေတ္တာလေး တစ်လုံးကို လွယ်ထားပြီး ပန်းချီကားလိပ် နှစ်လိပ်က စာအုပ်သေတ္တာထဲ၏ ထောင့်တစ်နေရာမှာ ပေါ်ထွက်လို့နေ၏။
ထိုစာသင်သားသည် သူဌေးရွှီနှင့် ရယ်ရယ်မောမော စကားပြောနေသည့် အားချန်ကို တစ်ချက်လှမ်း အကြည့်တွင် မြင်လိုက်ရပြီး အရင်ဆုံး ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ခြေလှမ်းကျဲကြီးများဖြင့် အတွင်းသို့ ဝင်ရောက်လာတော့သည်။
"သူဌေးရွှီ" ထိုစာသင်သားက သူဌေးရွှီကို အရိုအသေပြုလိုက်၏။ "စုန့်သခင်လေး ကျွန်တော် မင်းကိုစောင့်နေတာ" သူဌေးရွှီသည် ရောက်လာသည်ကို မြင်လိုက်သည်နဲ့ မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ပွင့်လန်းသွားပြီး ရှေ့သို့တက်သွားကာ ကြိုဆိုလိုက်လေသည်။ "ပြီးခဲ့တဲ့နှစ်ရက်တုန်းက ကျွန်တော်ဆိုင်မှာ ဧည့်သည်ဟောင်း တစ်ယောက်က စာလုံးနဲ့ပန်းချီကားတစ်ချပ် ဝယ်တယ်လေ။ ကံဆိုးချင်တော့ ကျွန်တော်ဆိုင်ကလည်း စာလုံးပန်းချီကားတွေ တစ်ချပ်မှ သူ့မျက်စိထဲ မဝင်ဘူး။ ကျွန်တော်လည်း စုန့်သခင်လေးရဲ့ ပန်းချီကားမှပဲ သူ ကျေနပ်လိမ့်မယ်လို့ စဉ်းစားမိတာ"
စာသင်သားသည် သူဌေးရွှီ၏ ချီးကျူးစကားကြောင့် ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားလေသည်။
သူဌေးရွှီက သူ၏စာအုပ် သေတ္တာလေးကို ကူညီစွာချပေးလိုက်ပြီး ထိုပန်းချီကားလိပ် နှစ်လိပ်ကို မစောင့်ဆိုင်းတော့ဘဲ ထုတ်ယူလိုက်သည်။ အားချန်သည်လည်း အနားသို့ တိုးကပ်လာသည်တွင် ထိုစာသင်သားက သူမကိုတစ်ချက် ကြည့်လိုက်ပြီးမှ အကြည့်ပြန်လွှဲသွားတော့၏။
ပန်းချီကားကို ဖွင့်ကြည့်လိုက် သောအခါ ပန်းချီကားတစ်ချပ်မှာ ကြာပန်းပုံ ပန်းချီကားဖြစ်ပြီး ကျန်တစ်ချပ်ကတော့ တောတောင်ရေမြေရှုခင်း ပန်းချီကားဖြစ်လေသည်။ ထိုရှုခင်းပန်းချီကားပေါ်တွင် စာလုံးများကိုလည်း ရေးသားထားသေးသည်။
အားချန်သည် တောတောင်ရေမြေ ရှုခင်းကားများကို သိပ်ပြီးခံစားတတ်သူ မဟုတ်သော်ငြားလည်း ဒီလက်ရေးလက်သား ကတော့ သူမကိုအလွန် အံ့အားသင့်သွားရစေတော့၏။
တစ်ဖက်တွင်တော့ ကြာပန်းများသည် အကြည့်အနည်းငယ် လွှဲလိုက်သည်နှင့် ပွင့်ဖတ်များက မသိမသာ လှုပ်ရှားနေ သယောင် ထင်မှတ်ရလောက်အောင် လူကိုအံ့ဩရစေလေသည်။
သူဌေးရွှီက စားပွဲရှည်ကြီးပေါ်တွင် ပန်းချီကားကို ဖြန့်ချလိုက်ပြီး ပန်းချီကား နှစ်ချပ်စလုံးကို သေသေချာချာလေး ကြည့်ရှုခံစားလိုက်သည်။ နောက်ဆုံးတွင်တော့ သူက ကျေနပ်စွာဖြင့် ချီးကျူးစကားပြောလိုက်၏။ "သခင်လေးစုန့်က တကယ်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ ဒီလိုလက်ရာကောင်းမျိုးကို ကျွန်တော် တခြားလူကိုတောင် မရောင်းရက်တော့ဘူး"
"သူဌေးရွှီက မြှောက်ပင့်ပြောနေပြန်ပါပြီ"
သူဌေးရွှီက ခေါင်းခါယမ်းပြလိုက်ကာ "ကျုပ်တို့စကားတွေက အားလုံးအမှန်တရားပါ။ အချိန်နည်းနည်းလေး ပေးလိုက်တာနဲ့ စုန့် သခင်လေးက ရှန့်ကျင်းတစ်မြို့လုံးမှာ နာမည်ကြီးလာမှာ သေချာတယ်"
"ဪ ဒါနဲ့" သူဌေးရွှီသည် တစ်ခုခုကို ထပ်ပြီး စဉ်းစားမိသွားဟန်တူကာ ပြောလာခဲ့သည်။ "စုန့် သခင်လေးလက်ထဲမှာ ငွေလုံလောက်သေးရဲ့လား။ မလုံလောက်ရင် ကျွန်တော်နည်းနည်းလောက် ကြိုထုတ်ထားပေးလို့ရတယ်။ ကျန်တာကို ပန်းချီကားရောင်းမှပဲ ရှင်းလိုက်တာပေါ့"
စာသင်သားကလည်း ခေါင်းယမ်းပြလာသည်။ "သူဌေးရွှီ စိတ်ပူဖို့မလိုပါဘူး။ ကျွန်တော့်မှာ ငွေမပြတ်လပ်တော့ပါဘူး။ ပန်းချီကား ရောင်းရပြီးမှပဲ တစ်ခါတည်း ရှင်းလိုက်ပါမယ်"
"ကောင်းပြီလေ ဒီတစ်ခေါက်လည်း လက်ရာကောင်းတွေ ရလာပြန်ပြီဆိုတော့ ကျွန်တော် စုန့် သခင်လေးအတွက် စျေးကောင်းကောင်း ရအောင် ရောင်းပေးမှာပါ"
"ဒါဆိုရင်တော့ ဒုက္ခပေးရပါဦးမယ်" စာသင်ထားသည် ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ဆက်မေးလာလေသည်။ "သူဌေးရွှီ အရင်တစ်ခေါက် စာအုပ်ဆိုင်မှာ ကျွန်တော်နဲ့ ကျားထိုးသွားတဲ့ လူကြီးမင်းဝမ် ရောက်လာသေးလား"
"ဒီရက်ပိုင်းတော့ ရောက်မလာပါဘူး" သူဌေးရွှီက ရုပ်တည်တည်နဲ့ အားချန်ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။ "မိန်းကလေးကျိကို ပြောဖို့မေ့နေတာ။ လူကြီးမင်းဝမ် တစ်ယောက် လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက အမွှေးနံ့သာလုံး လာဝယ်သေးတယ်။ မင်းဆိုင်ပိတ်ထားတာ တစ်လကြာမယ် ဆိုတာကိုသိတော့ မင်းဆိုင်ပြန်ဖွင့်တဲ့အချိန်မှပဲ ပြန်လာခဲ့မယ်လို့ ပြောသွားတယ်"
"အသိပေးတဲ့အတွက် သူဌေးရွှီကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် လဝက်လောက်ဆိုရင်တော့ အိမ်ဆောက်ပြီး လောက်ပါပြီ။ ရက်ပိုင်းအတွင်း ရှင့်ကို အနှောင့်အယှက် ပေးမိပါတယ်"
"အိမ်နီးချင်းတွေပဲလေ။ ကိစ္စမရှိပါဘူး" သူဌေးရွှီကတော့ လက်ခါပြလေသည်။
"သူဌေးရွှီ ကျွန်မအတွက် စာအုပ်တချို့ ထပ်ရွေးပေးပါဦး။ ကျွန်မ အိမ်ပြန်ယူပြီးတော့ ဖတ်မလို့ပါ"
"ကောင်းပါပြီ။ မိန်းကလေးကျိ ခဏလောက်စောင့်ပေးနော်" သူဌေးရွှီက လက်ခံလိုက်ပြီးနောက် စာသင်သားဘက်သို့ လှည့်ကာပြောလိုက်လေသည်။ "စုန့် သခင်လေး ခဏလောက် နားလိုက်ပါဦးနော်။ ကျွန်တော် ခဏနေ ပြန်လာခဲ့မယ်"
သူဌေးရွှီသည် အနောက်ဘက်က စာအုပ်စင်ပေါ်တွင် ကျိချန်အတွက် စာအုပ်အသစ်များကို သွားရောက်ရှာဖွေ ပေးလေ၏။ ထိုစာသင်သားကတော့ ထိုင်မနေဘဲ စုတ်တံစင်၏ အရှေ့တွင် အချိန်အတော်ကြာ ရပ်နေခဲ့ပြီးမှ စုတ်တံ အသစ်တချောင်း ဝယ်ယူရန် ကြံရွယ်နေဟန်တူသည်။
အားချန်က ရုတ်တရက် အကြံရသွားပြီး ထိုစာသင်သားကို လှမ်းခေါ်လိုက်သည်။
"သခင်လေး"
စာသင်သားကလည်း အသံကြားလိုက်ချိန်တွင် ခေါင်းလှည့်ကြည့်လာခဲ့သည်။ "မိန်းကလေး ကိစ္စရှိလို့လား"
"ကျွန်မသခင်လေးရဲ့ လက်ရေးအရမ်းလှတာကို တွေ့လိုက်လို့ပါ။ တိုက်တိုက်ဆိုင်ဆိုင် နောက်လဝက်နေရင် ကျွန်မဆိုင်က ဖွင့်တော့မှာ ဒါပေမဲ့ ဆိုင်အပြင်မှာချိတ်ဖို့ ဆိုင်းဘုတ် မလုပ်ရသေးဘူး။ သခင်လေးရဲ့ လက်ရေးကို ရနိုင်မလားလို့ပါ"
အားချန်သည် အစကတော့ သူမကိုယ်တိုင် ရေးရန် ရည်ရွယ်ထား သော်ငြားလည်း ယခုအခါ ပိုပြီးလှပသည့် လက်ရေးကို တွေ့လိုက်ရသဖြင့် ဒီအကြံအဉာဏ် ရသွားခြင်း ဖြစ်တော့သည်။
"ဒါပေါ့ ပြဿနာမရှိပါဘူး။ မိန်းကလေးလိုချင်တဲ့ စာလုံးပုံစံများရှိလား။ မရှိရင် ကျွန်တော် ရေးပြပေးမယ်။ မင်း ရွေးလိုက်လေ" စာသင်သားကလည်း အလွန်ပင် စေ့စပ်သေချာ ပေသည်။
အားချန်ကလည်း ခေါင်းတွင်တွင် ငြိမ့်ပြလိုက်၏။ "ဒါဆိုရင်တော့ သခင်လေးကို ပင်ပန်းရစေတော့မှာပဲ။ ကျွန်မက ကျိချန်ပါ။ သခင်လေးရဲ့ နာမည်ကို သိခွင့်ရှိမလား"
"ကျွန်တော်နာမည်က စုန့်ယန့်ပါ"
စုန့်ယန့်သည် စာအုပ်သေတ္တာထဲမှ စက္ကူကို ထုတ်ယူလိုက်ပြီး သူဌေးရွှီထံမှ မှင်ကိုငှားကာ စားပွဲရှည်ကြီးပေါ်တွင် အားချန်အတွက် စာလုံးပုံစံမျိုးစုံကို စတင်ရေးပြလေသည်။
အားချန်က အမွှေးနံ့သာဆိုင်ကို ဖွင့်လှစ်ထားသဖြင့် သူက အမွှေးနံ့သာ ဟူသည့်စာလုံးကို တိုက်ရိုက် ရေးသားပြလိုက်၏။
အားချန်က စာရွက်အပြည့် ရေးသားထားသည့် အမွှေးနံ့သာ ဟူသည့် စာလုံးများကို ကြည့်ရင်း ရုတ်တရက်ဆိုသလို သူမ၏ဆိုင်အတွက် ဆိုင်းဘုတ်အခု၂ဝလောက် ပြုလုပ်ချင်စိတ်ပင် ဖြစ်သွားတော့သည်။ ဆိုင်အပြင်ဘက်တွင်တစ်ခု အတွင်းဘက်တွင်တစ်ခု အိမ်အသစ်တိုင်းတွင် တစ်ခုစီ ချိတ်ဆွဲထားနိုင်သည်။ မီးဖိုဆောင်ထဲတွင်လည်း တစ်ခု ရှိသင့်သည်။ ဟွေ့ညန်သည် ပုံမှန်မီးဖိုချောင်ထဲ ဝင်ထွက်တိုင်း တွေ့မြင်လျှင် သဘောကျပေလိမ့်မည်။
စုန့်ယန့်သည် စာရေးပြီးနောက် စုတ်တံကို ချလိုက်ပြီး မော့ကြည့်လိုက်သောအခါ အားချန်၏ ရှုပ်ထွေးနေသည့် မျက်နှာကို တွေ့လိုက်ရ၏။
"ဒီလက်ရေးတွေက မင်းရဲ့မျက်လုံးထဲ မဝင်လို့လား"
"မဟုတ်ပါဘူး" အားချန်က ခေါင်းခါပြလိုက်ကာ သူမ၏ လက်ချောင်းများက စာရွက်ပေါ်တွင် ဆယ်ကြိမ်ကျော်ကျော်လောက် တတက်တက် ခေါက်မိနေတော့သည်။ "ဒီစာလုံးပုံတွေ အားလုံးကို ကျွန်မ ကြိုက်တယ်။ စုန့် သခင်လေးက ဒီစာလုံးပုံတွေနဲ့ တခြားစာလုံးတွေ ထပ်ရေးပေးလို့ ရမလားမသိဘူး"
"ရတာပေါ့" စုန့်ယန့်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ "မိန်းကလေးကျိက ကျွန်တော့်ကို ဘာရေးစေချင်တာလဲ"
"စာကြည့်ခန်း၊ မီးဖိုဆောင်၊ ပန်းခြံ၊ ဧည့်ခန်းမကြီး၊ ခြံဝင်းအပြင်ဘက်တွေမှာ ထားဖို့ သင့်တော်တဲ့ နာမည်ရေး ပေးပါ"
စုန့်ယန့်မှာ ချီတုံချတုံဖြင့် ပြန်မေးမိတော့သည်။ "ကျိ မိန်းကလေးက ဆိုင်းဘုတ်ကို ဘယ်လောက် အများကြီးလုပ်မလို့လဲ"
“ဒါကတော့ များလေကောင်းလေပဲပေါ့။ စုန့် သခင်လေးမှာ ရှောင်ရမယ့် ကိစ္စများရှိလို့လား"
"အဲလိုတော့ မရှိပါဘူး" စုန့်ယန့်သည် ရယ်မောမိလေတော့သည်။ အားချန်၏ တောင်းဆိုချက်အတိုင်း အိမ်တံခါးဝတွင် ချိတ်ဆွဲရန် ‘ကျိအိမ်တော်’ဟူသည့် စာလုံးနှစ်လုံး၊ မီးဖိုဆောင်ထဲတွင် ချိတ်ဆွဲရန် ‘အစားအသောက် ပြင်ဆင်ခြင်း’ ဟူသည့်စာလုံးလေးလုံး၊ ဆိုင်အပြင်ဘက်တွင် ဆိုင်းဘုတ်အတွက် ‘အမွှေးနံ့သာဆိုင်’ ဟူသည့် စာလုံးနှစ်လုံးနှင့် ဆိုင်အတွင်းတွင် ထားရှိရန် ‘အမွှေးရနံ့ ဝေးကွာသော်လည်း ကြည်လင်စေ’ ဟူသည့် စာလုံးလေးလုံးကို ရေးသားပေး လိုက်လေသည်။
သူဌေးရွှီသည် စာအုပ်တစ်ပုံကြီးကို ရှာဖွေပြီး ထွက်လာသည့်အချိန်တွင် အားချန်က စုန့်ယန့် နှင့်အတူ စာလုံးပန်းချီကား ဆယ်ချပ်ကို သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တော့သည်။
.
သူဌေးရွှီက အားချန်၏ အကြံအစည်ကို ကြားရသောအခါ တားမြစ်ခြင်း မရှိသည့်အပြင် ဟားတိုက်ကာ ရယ်မောပြီး ပြောလေတော့သည်။ "မိန်းကလေးကျိကမှ အကြံကောင်းတွေရှိတာပဲ။ ပြောရရင် ကျွန်တော့်ဆိုင်လည်း ဆိုင်းဘုတ်အသစ် လဲသင့်နေပြီ။ စုန့် သခင်လေး ခင်ဗျားဘက်လိုက်လို့တော့ မရဘူးနော်"
စုန့်ယန့်သည် သူဌေးရွှီအတွက် စာလုံးကြီးပန်းချီကား နှစ်ချပ်ရေးပေးရန် လက်ခံလိုက်တော့သည်။
စုန့်ယန့်၏ သဘောတူညီချက် ရရှိသွားသောကြောင့် သူဌေးရွှီကလည်း ပျော်ရွှင်စွာဖြင့် သူ့လက်ထဲက စာအုပ်ပုံကို ချထားလိုက်ပြီး အားချန်ကို အရင်ဆုံး ရွေးခိုင်းလိုက်၏။ ထို့နောက်တွင်တော့ သူက သူမအတွက် ခရီးသွား မှတ်တမ်းကဲ့သို့သော စာအုပ်များကို ထပ်မံရှာဖွေပေးလေသည်။
အားချန်ကလည်း စာအုပ်အနည်းငယ်ကို ဖြစ်သလို လှန်လှောကြည့်ရှု လိုက်ပြီး အစကို ဖတ်ပြီးသည်နှင့် အဆုံးကို တွေးတောသိရှိနိုင်သဖြင့် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွား တော့သည်။
စုန့်ယန့်သည် အားချန်၏ လက်နံဘေးတွင်ချထားသည့် စစ်ပွဲတစ်ရာ နတ်ဘုရားစစ်သူကြီး အတွဲသုံးစာအုပ်ကို လှမ်းမြင်လိုက်ပြီး အသံထွက်ကာ မေးတော့သည်။ "မိန်းကလေးကျိလည်း စစ်ပွဲတစ်ရာ စစ်နတ်ဘုရား စစ်သူကြီးမှတ်တမ်းကို ဖတ်တာလား"
"အခုထိတော့ မဖတ်ရသေးပါဘူး။ သူဌေးရွှီက ဒီစာအုပ် အရမ်းကောင်းတယ်။ စာအုပ်ရေးတဲ့ ဆရာကြီးပေါင်မုကလည်း အရမ်းအရည်အချင်း ရှိတယ်လို့ပြောလို့ ဖတ်ကြည့်မလို့ပါ။ ဒါပေမဲ့ ဒီစာအုပ်ထဲက ဇာတ်လိုက်က တကယ်ရှိတဲ့သူကို အခြေခံထားတာလားတော့ မသိဘူး"
"ရှိသင့်ပါတယ်" စုန့်ယန့်က ပြောလာလေသည်။
"စုန့် သခင်လေးက ဇာတ်လိုက်ရဲ့ မူရင်းပုံစံက ဘယ်သူလဲဆိုတာကို သိလို့လား"
"ကျွန်တော်က ဒီအတိုင်း ခန့်မှန်းကြည့်တာပါ။ စာအုပ်ထဲမှာ ရေးထားတဲ့ စစ်ပွဲမြင်ကွင်းတွေက လွန်ခဲ့တဲ့နှစ်တစ်ရာက စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ တိုက်ပွဲကြီးတချို့နဲ့ အရမ်းဆင်တူနေတယ်။ အဲဒီတိုက်ပွဲကြီးတွေမှာ ပါဝင်ခဲ့ပြီး နောက်ဆုံး နာမည်ကြီး စစ်သူကြီးဖြစ်လာတဲ့ သူကလည်း တစ်ယောက်ပဲရှိတယ်”
"ဘယ်သူလဲ"
"စုန့် မြို့စားဟောင်း စုန့်ယင်နျန်လေ"
အားချန်ကလည်း ခဏလောက် ပြန်ပြီး စဉ်းစားကြည့်လိုက်သည်။ စုန့် မြို့စားကြီးမှာ သမီးမရှိသလိုပဲ။ ဘာပဲဖြစ်ဖြစ်လေ။ ကျိချန်ရဲ့ အပေါင်းအသင်း လူမှုပတ်ဝန်းကျင်တွေမှာ စုန့်မြို့စားအိမ်တော်က လူတွေ ထွက်ပေါ်လာတာ မရှိခဲ့ဖူးဘူး။
သူမ၏ စုန့်မြို့စားနှင့်ပတ်သက်ပြီး တစ်ခုတည်းသော မှတ်ဉာဏ်မှာ ပိုင်ရှိုးမင်ထံမှ လာခြင်းပင်။ သူက စုန့်မြို့စားနှင့် အိမ်နီးချင်းများဖြစ်သည်ဟု ပြောဆိုခဲ့ဖူးသည်။
"အဲဒီ စုန့် မြို့စားဘိုးဘေးက စာအုပ်ထဲမှာ ရေးထားသလို တကယ်တော်တာလား" အားချန်က မေးလိုက်၏။
"ကျွန်တော်က စုန့် မြို့စားဟောင်းကို မမြင်ဖူးပါဘူး။ ဒီတော့ အတိအကျ မပြောနိုင်ဘူး။ ဒါပေမဲ့ စာအုပ်ထဲမှာတော့ တကယ် မှတ်တမ်းတင် ထားတာရှိတယ်။ အရင်မျိုးဆက်က စုန့် မြို့စားက ငယ်စဉ်ကတည်းက ထူးခြားပြီး ဉာဏ်ကောင်းတယ်။ တပ်ထဲမှာလည်း ထူးချွန်ထက်မြက်တဲ့ စစ်သူကြီး တစ်ယောက်ဖြစ်လာပြီး နောက်မှာလည်း တိုက်ပွဲတိုင်း နိုင်ခဲ့တယ်။ ဒီဘဝမှာ တစ်ခါမှ ရှုံးနိမ့်ခဲ့တာ မရှိဘူးတဲ့"
စုန့်ယန့်က စကားပြော ပြီးသွားသည့်နောက်တွင် သက်ပြင်းချလိုက်လေသည်။ "နှမြောစရာပဲ"
"ဘာက နှမြောစရာဖြစ်တာလဲ"
"စုန့် မြို့စားဟောင်းမှာ ဆက်ခံသူမရှိတာတော့ နှမြောစရာပဲလေ"
စုန့်ယန့်သည် ခေါင်းခါယမ်းလိုက်ပြီး အလွန်ခံစားနေရဟန်တူသည်။
"လက်ရှိ စုန့်မြို့စားက စစ်တပ်ကို ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိလို့လား"
"ဟုတ်တယ်။ ဒါပေမဲ့ စုန့် မြို့စားရဲ့ အကြီးဆုံးသားကတော့ သိုင်းပညာ အရည်အချင်း အံ့သြစရာ ကောင်းတယ်လို့ ပြောတယ်။ အသက်ငယ်ငယ်လေးနဲ့ စစ်တပ်ထဲကိုဝင်ပြီး လေ့ကျင့်နေပြီတဲ့"
စကားပြောပြီးနောက် စုန့်ယန့်သည် အားချန်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်တွင် အနည်းငယ် ရှက်ရွံ့သွားကာ ပြုံးလာခဲ့၏။ "ကျွန်တော်က ပုံမှန်ဆို စာဖတ်ရင် ဟိုအရင်းအမြစ်အထိ တူးဆွပြီး လေ့လာရတာကို အကြိုက်ဆုံးပဲ။ မိန်းကလေးကို ရယ်စရာ ဖြစ်သွားစေပါပြီ"
"ကိစ္စမရှိပါဘူး။ စုန့် သခင်လေးရဲ့ စကားတွေက ကျွန်မကို ဗဟုသုတ တိုးစေပါတယ်"
အခုတော့ စစ်ပွဲတစ်ရာ စစ်နတ်ဘုရား ဆိုတဲ့မှတ်တမ်းစာအုပ်ကို ပိုပြီးတော့ စိတ်ဝင်စားသွားပြီလေ။ စာအုပ်ထဲက အကြောင်းအရာက ကွယ်လွန်သွားပြီဖြစ်တဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို အခြေခံထားတာဆိုတော့ ပြဿနာတစ်စုံတစ်ရာ ရှိမှာတော့ မဟုတ်လောက်ပါဘူး။
နှစ်ယောက်သား စကားပြောဆို နေစဉ်မှာပင် ချန်ဟွေ့သည် အပြင်ဘက်မှ လျှောက်ကာဝင်လာခဲ့၏။ အားချန်က သူမကိုဆွဲခေါ်ကာ ခုနက စုန့်ယန့် ရေးသားထားပေးသည့် စာလုံးများကို ပြသလိုက်လေသည်။ ချန်ဟွေ့က အချိန်အနည်းငယ် ကြည့်ရှုပြီးနောက် အနည်းငယ် အံ့ဩသွားကာ စုန့်ယန့်ကို မော့ကြည့်ပြီးမှ ပြောလိုက်သည်။ "စုန့် သခင်လေးရဲ့ လက်ရေးပညာက တကယ်ကို နက်ရှိုင်းလှပါတယ်"
ချန်ဟွေ့သည် ကလေးဘဝ ကတည်းက သူမအဖေ၏ လွှမ်းမိုးမှုကို ခံလာခဲ့ရပြီး သူမသည် လက်ရေးလက်သားနဲ့ ပန်းချီပညာတွင် အသိပညာအများကြီး ရရှိထားခဲ့သည်။ ဒီ စုန့် သခင်လေး၏ လက်ရေးလက်သားသည် အမှန်ပင် ထူးခြားကောင်းမွန်လှသည်။ အကယ်၍ သူမအဖေသာ ဤလက်ရေးကို မြင်ခဲ့မည်ဆိုလျှင် သေချာပေါက် အရည်အချင်းတူသူကို တွေ့ကြုံချင်စိတ် ဖြစ်ပေါ်လာပေလိမ့်မည်။
"မခံယူဝံ့ပါဘူး"
ထိုနောက်တွင်တော့ ချန်ဟွေ့က ငွေစက္ကူတစ်ရွက်ကို ထပ်မံထုတ်ယူလိုက်ပြီး အားချန် မှာကြားထားသည့် စာလုံးကြီး ပန်းချီကားဆယ်ချပ် အတွက် စာရံငွေအဖြစ် ပေးအပ်လိုက်သည်တွင် စုန့်ယန့်သည်လည်း ငြင်းဆန်မနေဘဲ အလွယ်တကူ လက်ခံလိုက်တော့၏။ အားချန်က နောက်ထပ် ဝတ္ထုစာအုပ် အနည်းငယ် ထပ်ဝယ်ခဲ့ပြီး ခရီးသွားမှတ်တမ်း စာအုပ်အနည်းငယ်ကိုလည်း ထပ်မံ ဝယ်ယူပြီးမှသာ သူဌေးရွှီနှင့် စုန့်ယန့်တို့ကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့တော့သည်။
ချန်းဖိင်ဖန်းမှ ပြန်ရောက်လာပြီးနောက် ရက်အနည်းငယ် ကြာသွားခဲ့သည်။ မကြာသေးခင်က အားချန်သည် စစ်သူကြီးအိမ်တော်၏ တံခါးမကြီးကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့ပြီး စစ်ပွဲတစ်ရာ စစ်နတ်ဘုရား မှတ်တမ်း၏ စတုတ္ထတွဲကို ဝယ်ယူရန် ချုံးမင်ဖန်းရှိ စာအုပ်ဆိုင်သို့ နေ့စဉ်စောင့်ဆိုင်းလေတော့သည်။
စာက အရှိန်ကောင်းနေတုန်းမှာ အဆုံးသတ် မရောက်သေးဘူး ဆိုတာကတော့ တကယ် ရက်စက်လွန်းပါတယ်။
ကံကောင်းထောက်မစွာဖြင့် ဆရာကြီးပေါင်မုကလည်း စာဖတ်သူများ၏ အခက်အခဲကို သိရှိနေပြီး နောက်ဆုံးတွင်တော့ စတုတ္ထတွဲ ဇာတ်သိမ်းကို ရေးသားထုတ်ဝေခဲ့လေသည်။
မနေ့က အားချန်၏ ပူဆာမှုဒဏ်ကို နေ့တဝက်လောက် ခံလိုက်ပြီးနောက် ယနေ့မနက် အစောပိုင်းတွင်တော့ ချန်ဟွေ့သည် အားချန်အတွက် စာအုပ်တန်းစီဝယ်ပေးရန် စာအုပ်ဆိုင်သို့ ထွက်လာခဲ့တော့သည်။ သူမ ရောက်ရှိလာချိန်တွင် စာအုပ်ဆိုင် တံခါဝတွင် လူတန်းရှည်ကြီးက တန်းစီလျက် ရှိနေနှင့်ပြီဖြစ်၏။
စာအုပ်ဆိုင်ရှင် သူဌေးကတော့ အော်ဟစ်ကာ ပြောဆိုနေရဆဲပင်။ "အားလုံးပဲ မတွန်းကြပါနဲ့။ ဒီနေ့ လက်ကျန် လုံလောက်ပါတယ်။ ဆရာကြီးပေါင်မုရဲ့ စာအုပ်အသစ် လက်စားချေခြင်းမှတ်တမ်း ပထမအတွဲလည်း စရောင်းနေပါပြီ။ ကျေးဇူးပြုပြီးတော့ တစ်ယောက်ချင်းစီ တန်းစီပေးကြပါ"
ဖြစ်ချင်တော့ သူဌေး၏စကားသည် အရာမထင်ခဲ့ချေ။ သူမအလှည့်သို့ ရောက်ရှိတော့မည်ကို မြင်ရသော်လည်း နောက်ကလူများကတော့ မရပ်မနား ရှေ့သို့တိုးဝှေ့လျက် ရှိကြလေသည်။
ချန်ဟွေ့သည် တရစပ် ရှေ့သို့ တွန်းထိုးနေသည့်လူများကို မကျေမနပ် ကြည့်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမ၏နောက်မှ လူနှစ်ယောက်သည် ချက်ချင်းဆိုသလို လွင့်စင်ကာ မြေကြီးပေါ်သို့ လှဲကျသွားတော့၏။
မူလက ဆူညံ ပွက်လောရိုက်နေသည့် လူတန်းကြီးသည် ချက်ချင်းဆိုသလို ငြိမ်ကျသွားလေတော့သည်။
"မတွန်းကြနဲ့လို့ ပြောနေတယ်လေ။ မကြားဘူးလား"
ချန်ဟွေ့သည် လှဲကျသွားသည့် လူနှစ်ယောက်ကို မျက်လွှာချကာ လှမ်းကြည့်ပြီး ပြောလိုက်၏။
"ကြားပါတယ်။ ကြားပါတယ်"
တန်းစီနေကြသည့် ကျန်သူများ အားလုံးကလည်း အမှတ်တမဲ့ ခေါင်းလိုက်ငြိမ့်မိကြတော့သည်။ သူတို့သည် ယခုအချိန်တွင်တော့ မတွန်းတိုက်ရဲကြတော့ပေ။
ချန်ဟွေ့ အလှည့်သို့ ရောက်လာသည်တွင် သူမကလည်း မြန်မြန် ငွေချေလိုက်ပြီး စစ်ပွဲတစ်ရာ စစ်နတ်ဘုရား မှတ်တမ်းတစ်အုပ်နှင့် စာအုပ်အသစ် လက်စားချေခြင်းမှတ်တမ်း ပထမတွဲကို ဝယ်ယူလာလိုက်လေသည်။
သူမသည် စာအုပ်နှစ်အုပ်ကို ကိုင်ကာ လူတန်းထဲမှ ထွက်လာသည်နှင့် မလှမ်းမကမ်းက လူတစ်ယောက်က သူမကို ဟွေ့ညန်ဟု လှမ်းခေါ်လာသည်ကို ကြားလိုက်ရ၏။
ချန်ဟွေ့သည် လှမ်းကြည့်လိုက်ချိန်တွင် လင်းစွေ့က သူမကို လက်ပြခေါ်နေသည်ကို အံ့ဩစွာ တွေ့လိုက်ရတော့သည်။ သူမ၏ နောက်တွင် လင်းရီလည်း ရပ်နေပြီး သူတို့နှစ်ယောက်စလုံး၏ မျက်နှာမှာ အနည်းငယ် ညှိုးနွမ်းနေသော်ငြားလည်း စိတ်အခြေအနေကတော့ မဆိုးလှသဖြင့် မင်ကျင့်စီးက ထွက်လာခါစဖြစ်မည်ဟု စဉ်းစားလိုက်မိ၏။
သူမက အနားသို့ လျှောက်သွားလိုက်ပြီး လင်းစွေ့ကလည်း သိချင်စိတ်ဖြင့် မေးတော့သည်။ "ဟွေ့ညန် ရှင် စာအုပ်ဝယ်ဖို့ တန်းစီနေတာလား"
ခုနက ဝတ္ထုစာအုပ် လုဝယ်ရန်အတွက် လူထွားကြီးနှစ်ယောက်ကို လွင့်သွားအောင်လုပ်ခဲ့သည်ကို မိတ်ဆွေက မြင်တွေ့သွားသည်ကို စဉ်းစားမိသည်တွင် ချန်ဟွေ့မှာ အနည်းငယ် နေရခက်သွားတော့သည်။ "ဟုတ်တယ် ... ဝတ္ထုစာအုပ် လာဝယ်တာပါ"
ချက်ချင်းဆိုသလို သူမကလည်း စကားလမ်းကြောင်း လွဲလိုက်၏။ "ရှင့်အိမ်က အမှု ဘယ်လိုဖြစ်သွားပြီလဲ။ စုံစမ်းစစ်ဆေးပြီးလို့ ရှင်းလင်းသွားပြီလား"
လင်းစွေ့က ခေါင်းငြိမ့်ပြလိုက်၏။ "အမှုက ပြီးသွားပါပြီ။ အဖေတို့က အိမ်ကိုအရင် ပြန်သွားကြပြီ။ အစ်ကိုကြီးက ကျွန်မကို စိတ်မချလို့ ကျွန်မနဲ့အတူတူ လိုက်ပြန်လာတာပါ"
သူမသည် စကားပြောနေစဉ်မှာပင် သူမ၏လည်ပင်း ဘေးနားတွင် ပေါ်နေသည့် သွေးအစင်းကြောင်း တစ်ခုကို ချန်ဟွေ့မှာ သတိထားမိလိုက်၏။
မိသားစုတွေက အိမ်ပြန်တာကို နှစ်ဖွဲ့ခွဲပြီး ပြန်ရတယ်ဆိုတဲ့ အပြုအမူကို ဆက်စပ်ကြည့်မယ် ဆိုရင်တော့ ဒီကိစ္စထဲမှာ လျို့ဝှက်ချက်တချို့ ရှိနေသေးတာပဲ ဖြစ်ရမယ်။
ချန်ဟွေ့က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "အားချန်က ဒီရက်ပိုင်းအတွင်း ရှင့်ကို တတွတ်တွတ် မေးနေတာ။ ရှင်သာ အိမ်ပြန်ဖို့ မလောဘူးဆိုရင် ကျွန်မနဲ့အတူတူ လိုက်ခဲ့ပါလား။ ကျွန်မ ပုဇွန်နည်းနည်းဝယ်ပြီး ရှင်တို့ကို ပုဇွန်အသား လတ်လတ်ဆတ်ဆတ် ဖက်ထုပ်လေးလုပ်ကျွေးမယ်လေ"
လင်းစွေ့က လင်းရီကို တစ်ချက်ကြည့်လိုက်၏။ ထိုမျှော်လင့်နေသော အကြည့်များက လင်းရီကို ခပ်ဖွဖွလေး ပြုံးမိစေတော့သည်။ သူက ချန်ဟွေ့ကို ပြောလာခဲ့၏။ "ဒါဆိုရင်တော့ ကျွန်တော့်ညီမလေးက အနှောင့်အယှက် ပေးရပါဦးမယ်"
ပုံမှန်ဆိုလျှင်တော့ ဒါက စည်းကမ်းနှင့် မညီညွှတ်ချေ။ သို့သော် အိမ်တွင် ဖြေရှင်းရန် ပြဿနာများ ကျန်ရှိနေသေးပြီး သူနှင့် အဖေဖြစ်သူတို့သည် ညီမငယ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့စေပြီးပြီ ဖြစ်သဖြင့် ဒီတကြိမ်တွင်တော့ သူကပဲ တာဝန်ယူ ဖြေရှင်းလိုက်ပါတော့မည်။
"အစ်ကိုကြီး ဖြည်းဖြည်းသွားနော်"
လင်းစွေ့သည် ချန်ဟွေ့ နှင့်အတူ ဈေးသို့လိုက်ပါကာ ပုဇွန် ဝယ်ပြီး အသား လတ်လတ်ဆတ်ဆတ် တစ်တုံးကို ဝယ်ယူကာ အိမ်သို့အတူ ပြန်သွားကြတော့သည်။
အားချန်သည် ယနေ့တွင်တော့ ရှားရှားပါးပါး စောစောစီးစီး အိပ်ရာနိုးလာတော့သည်။ အကြောင်းအရင်းမှာ ဒီနေ့တွင် စစ်ပွဲတစ်ရာ စစ်နတ်ဘုရားမှတ်တမ်း၏ ဇာတ်သိမ်းကို ဖက်ရှုရမည်ကို သိနေသဖြင့် သူမ၏စိတ်ထဲတွင်လည်း ကြောင်လက်သည်းများဖြင့် ကုတ်ခြစ် ခံနေရသလို ခံစားနေရပြီး သူမ နိုးလာသည့်အချိန်မှစပြီး ပြန်အိပ်စက်ဖို့ရန် မဖြစ်နိုင်တော့ချေ။
ချန်ဟွေ့ ပြန်လာသောအခါ အားချန်က နေရာအနှံ့ ခေါက်တုန့်ခေါက်ပြန် လုပ်နေသည်ကို တွေ့လိုက်ရလေသည်။
ချန်ဟွေ့ကို မြင်လိုက်သည်နှင့် အားချန်၏မျက်လုံးများက အရောင်တောက်သွားတော့၏။ "ဟွေ့ညန် ကျွန်မရဲ့စာအုပ် ..."
စကားမဆုံးသေးခင်မှာပင် သူမသည် ချန်ဟွေ့ နှင့်အတူ ဝင်လာသည့် လင်းစွေ့ကို မြင်လိုက်ရသဖြင့် အံ့ဩကာ ပြောလိုက်တော့သည်။ "လင်းစွေ့ ရှင် ပြန်လာပြီလား"
လင်းစွေ့ကလည်း အားချန်ကို ပြုံးပြလိုက်ကာ "ကျွန်မ ပြန်လာပြီ"
အားချန်သည် လင်းစွေ့ကို ဆွဲကာထိုင်ခိုင်းလိုက်ပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို စကားစမြည် ပြောဆိုကြတော့သည်။ ချန်ဟွေ့ကတော့ ပြုလုပ်ပြီးသား ဖက်ထုပ်များကို လာချပေးချိန်တွင် သုံးယောက်သားသည် စားပွဲတွင် ထိုင်လိုက်ကြပြီး လင်းမိသားစု၏ အမှုအကြောင်းကို စတင်ပြောဆိုကြတော့သည်။
"မနေ့ညတုန်းက ယောင်မိသားစုဝင်အားလုံး တိတ်တဆိတ် ကွပ်မျက်ခံလိုက်ရပြီလေ။ လက်းထင်ကို ကွပ်မျက်တဲ့ အချိန်မှာ ကျွန်မက မင်ကျင့်စီးက လူကြီးကို တောင်းပန်ပြီး ကိုယ်တိုင်သွားကြည့်ခဲ့တယ်"
လင်းစွေ့သည် ဇွန်းထဲက ဖက်ထုပ်ပူပူနွေးနွေးလေးကို လေမှုတ်ရင်း ထိုအချိန်က လင်းထင်၏ပုံစံကို ပြန်လည်တွေးတောနေမိ၏။
လင်းထင်သည် သူမ၏ မိဘအရင်းများကို တရစပ် ကြိမ်ဆဲနေခဲ့သည်။ အကြောင်းအရင်းမှာ သူတို့ကြောင့်ပင် သူမသည် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရမည် ဖြစ်သောကြောင့်ပင်။
မသေဆုံးခင်တွင် လင်းထင်၏ပါးစပ်ထဲ၌ ယောင်ရှီ၏ နာမည်ကို ရေရွတ်နေဆဲဖြစ်ပြီး အံ့သြစရာ တစ်ခုခုဖြစ်ပေါ်လာမည်ကို မျှော်လင့်နေသယောင်ပင်။
ကံဆိုးချင်တော့ ယောင်ရှီသည် ရောက်မလာခဲ့ဘဲ ရောက်ရှိလာသူမှာ သူမ ဖြစ်နေခဲ့သည်။
သူမကို တွေ့လိုက်ရချိန်တွင်တော့ လင်းထင်ကပင် သူမကို တောင်းပန်လာခဲ့သေးသည်။ သူမသည် လင်းမိသားစုကို မွေးစားခြင်း ခံထားရသူဖြစ်သဖြင့် လင်းစွေ့၏ ညီမဖြစ်ကြောင်း၊ ဒီနှစ်များတွင် လင်းစွေ့၏ အသက်ကိုသတ်ရန် တစ်ခါမှ မကြံစည်ခဲ့ဖူးကြောင်း။ ထို့ကြောင့် လင်းစွေ့ကလည်း သူမကို ကယ်တင်သင့်ကြောင်း ပြောဆိုလာခဲ့သည်။
လင်းစွေ့ ကတော့ သူမရှေ့တွင် ရပ်ကာ ပြောလိုက်၏။ "ရှင်က ကျွန်မအသက်ကို မသတ်ချင်ခဲ့ဘူး။ ဒါပေမဲ့လည်း ကျွန်မကတော့ ရှင့်အသက်ကို လိုချင်တယ်လေ"
လင်းထင်၏ မျှော်လင့်ချက်များမှာ ပျက်သုန်းသွားလေတော့သည်။ ထိုကြောင့် သူက သူမကို ဆဲရေးတိုင်းထွာလေတော့၏။ ဦးခေါင်း မဖြတ်ခံရမီ အချိန်အထိ သူမကို ဆိုးဆိုးရွားရွား ကျိန်ဆဲနေခဲ့ပြီး ယောင်ရှီကလည်း ဒီဘဝတွင် သူမကို ဘယ်တော့မှ ခွင့်လွတ်လိမ့်မည် မဟုတ်ကြောင်း ပြောသွားခဲ့သေးသည်။
မနေ့ညက အဖြစ်အပျက်ကို တွေးလိုက်နေချိန်တွင် လင်းစွေ့သည် အနည်းငယ် ရယ်ချင်စိတ် ဖြစ်သွားတော့သည်။ လင်းထင်က သူမကို ယောင်ရှီက သူမကို ခွင့်လွှတ်မလား ခွင့်မလွတ်ဘူးလား ဆိုသည့်ကိစ္စကို ဂရုစိုက်မည်ဟု ထင်နေခဲ့သည်တဲ့။
"လင်းထင်သေပြီဆိုတော့ ကျန်းချောင်ရဲ့ အာနိသင်က ပြေလောက်ပြီပေါ့။ ရှင့်အမေနဲ့ ရှင့်အာ့ကောကရော ဘယ်လိုနေသေးလဲ" အားချန်က မေးလိုက်သည်။
"သူတို့နှစ်ယောက်စလုံး လုံးဝကို ခွာပြဲ သွားကြတယ်လေ"
ဒီရလဒ်ကတော့ အားချန်အတွက် အနည်းငယ် မျှော်လင့်မထားသည့် အရာပင်။ "ဘာဖြစ်လို့လဲ"
"မင်ကျင့်စီးက လူတွေက လင်းထင်က လင်ဟန်ဆီကနေ ကံကောင်းခြင်းကို ချေးယူခဲ့တာကို စစ်ဆေးမိသွားတယ်။ လင်းဟန်က ဒါတွေ အားလုံးက ကျွန်မအမေက မျက်စိကန်းပြီး အန္တရာယ်ကို အိမ်ထဲ ခေါ်သွင်းခဲ့လို့ သူ့ရဲ့အရည်အချင်းတွေ ရှိသမျှ လုယူခံလိုက်ရပြီး အခုတော့ အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်သွားတယ်လို့ ထင်သွားတာလေ"
"ကျွန်မအမေကလည်း အဆဲခံလိုက်ရပြီးတော့ ချက်ချင်းပဲ မျက်နှာပြောင်းသွားတယ်။ လင်းဟန် ကမိဘကို ဆန့်ကျင်တဲ့သားမိုက် စာရိတ္တမကောင်းတဲ့သူ။ တော်သေးတာပေါ့။ စာမေးပွဲသွားမဖြေနိုင်လို့ မဟုတ်ရင် သာ့ရှရဲ့အရာရှိလောကထဲ ကံဆိုးမှုကြီးပဲ လို့တောင်မှ ပြောခဲ့သေးတယ်"
တစ်ချိန်က သူမအပေါ်သို့ ကျရောက်ခဲ့သည့် ဒီဆိုးဆိုးဝါးဝါး စကားလုံးများ အားလုံးသည် ယခုအချိန်တွင်တော့ လင်းဟန် အပေါ်သို့ ကျရောက်သွားခဲ့လေသည်။ ဆယ်ရက်ကျော်မျှသာ ရှိသေးသော်ငြား သားအမိကြားက နက်ရှိုင်းလှသည့် ချစ်မေတ္တာမှာ ရယ်စရာတစ်ခု ဖြစ်သွားလေတော့သည်။
လင်းစွေ့သည် တစ်ချိန်က ယောင်ရှီက သူမကို သေစေချင် လောက်အောင် မုန်းတီးနေခြင်းမှာ ကျန်းချောင်မြက်၏ ထိန်းချုပ်မှုကြောင့်ဟု ထင်မှတ်ခဲ့သော်ငြားလည်း မနေ့ညကမှ အမှန်တကယ် မဟုတ်ကြောင်းကို နားလည်သဘောပေါက် သွားတော့သည်။
ယောင်ရှီသည် မွေးရာပါ ဟန်ဆောင်တတ်ပြီး တစ်ကိုယ်ကောင်းဆန်ကာ သံယောဇဉ်ခေါင်းပါးသူ တစ်ယောက် ဖြစ်လေသည်။ လင်းဟန်နှင့် လင်းထင်တို့သည် ငယ်စဉ်ကတည်းက သူမဘေးတွင် ကြီးပြင်းလာခဲ့ကြသဖြင့် နောက်ဆုံးတော့ သူမနှင့် တူသည့်လူများ ဖြစ်လာခဲ့ကြသည်။
ယောင်ရှီ ပြောခဲ့သည့် စကားတခွန်းကလည်း မှန်ကန်လှသည်။ ကံအားလျော်စွာ လင်းဟန်သည် စာမေးပွဲသွားရောက် ဖြေဆိုနိုင်ခြင်း မရှိခဲ့ချေ။ ကုတင်ပေါ်တွင် တသက်လုံး လှဲလျောင်းနေရင်း မိမိကိုယ်ကို အပြစ်တင် နောင်တရခြင်းကသာ သူ၏အကောင်းဆုံး အဆုံးသတ် ဖြစ်ပေလိမ့်မည်။
"ရှင့်အဖေကရော ဘယ်လိုသဘောထားလဲ။ ဒီအတိုင်းပဲ ပြီးလိုက်တော့မှာလား"
"အဖေက ပြောတယ်။ သူက အမေ့အတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ တာအို ဘုရားကျောင်း တစ်ကျောင်းကို ရှာပေးလိုက်မယ်တဲ့။ သူက လျှို့ဝှက်ပညာရပ်တွေကို ဒီလောက်သဘောကျမှတော့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး အဲဒီမှာပဲ သေချာလေ့လာ နေပါစေတော့တဲ့"
"စစ်သူကြီးလင်းက တကယ်ပြတ်သားတာပဲ" ချန်ဟွေ့သည် ဘေးမှနေ၍ ဝင်ပြောလိုက်လေသည်။ "သူရှိ နေမှတော့ ရှင်တို့အိမ်မှာ နောက်ထပ်ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး"
လင်းစွေ့က ခေါင်းခါပြလိုက်၏။ "သူက ရှီးလင်ကို ပြန်သွားရတော့မှာ။ နောက်ဆိုရင် အိမ်မှာ ကျွန်မနဲ့ အစ်ကိုကြီး နှစ်ယောက်ပဲရှိတော့မှာ။ အိမ်ပြန်ရောက်ရင် ကျွန်မက အိမ်တွင်းရေးကိစ္စတွေကို သင်ယူရုံတင် မကဘူး။ အစ်ကိုကြီးနဲ့အတူတူလည်း လေ့ကျင့်ရဦးမှာ"
"ကျင့်ကြံရမယ် ဟုတ်လား" အားချန်နှင့် ချန်ဟွေ့ တို့မှာ တပြိုင်တည်း ပြောလိုက်ကြလေသည်။
လင်းစွေ့သည်လည်း ဒီကိစ္စကို အလွန်အံ့ဩစရာကောင်းသည်ဟု ခံစားမိနေ၏။ သူမက နှစ်ယောက်စလုံးကို ပြောပြလိုက်တော့သည်။ "မင်ကျင့်စီးမှာတုန်းက အဘိုးကြီးတစ်ယောက်က ကျွန်မ ဘာလို့ ကျန်းချောင်မြက်ရဲ့ လွှမ်းမိုးတာ မခံရတာလဲဆိုတာကို လာစစ်ဆေးတယ်။ နောက်ဆုံးတော့ သူက ကျွန်မမှာ ထူးခြားတဲ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ တစ်မျိုးမျိုးရှိသလိုပဲ။ ဘာဖြစ်ဖြစ် ကျင့်ကြံဖို့ သင့်တော်တယ်လို့ ပြောသွားခဲ့တယ်"
ဒီစကားမှာ ဘယ်သူမှ မတွေးထားခဲ့သည့် အဆုံးအဖြတ်တစ်ခု ဖြစ်လေတော့သည်။
လင်းစွေ့သည် ဖက်ထုပ် နှစ်ပန်းကန် စားသောက်ပြီး ကျေနပ်စွာဖြင့် အိမ်ပြန်သွားခဲ့တော့၏။
အားချန်သည် သူမက တံခါးဖွင့်ကာ ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် နေရောင်ခြည်ကို ကြိုဆိုလျက် တစ်ဖက်ခြမ်းရှိ စစ်သူကြီးအိမ်တော်ထဲသို့ လျှောက်လှမ်းသွားသည်ကိုကြည့်ရင်း မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားတော့သည်။
ဒီလိုဘဝကလည်း စိတ်ဝင်စားဖို့ ကောင်းတာပဲ။ နေရာတိုင်းမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ အများကြီးပဲ။
လင်းစွေ့ ပြန်သွားပြီးနောက်တွင် အားချန်သည်လည်း နောက်ဆုံးတော့ သူမ၏ဝတ္ထုစာအုပ်ကို သတိရသွားတော့သည်။ သူမ သည် အရင်ဆုံး စစ်ပွဲတစ်ရာ ဇာတ်သိမ်းစာအုပ်ကို ဖတ်ရှုလိုက်၏။ စာအုပ်ထဲက ဇာတ်လိုက်သည် နောက်ဆုံးတွင်တော့ အစီအမံများ ချမှတ်ကာ အင်အားကြီးမားသည့် မိစ္ဆာဘုရင်ကို အနိုင်တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်မင်းက မြို့စားအဖြစ် ချီးမြှင့်ခြင်းကိုခံကာ မျိုးရိုးနာမည်ကို ဘွဲ့တံဆိပ်အဖြစ် ပေးအပ်ခဲ့လေသည်။ ထိုအချိန်ကစပြီး လောကကြီးသည်လည်း အေးချမ်းသာယာ သွားလေတော့သည်။
ဇာတ်သိမ်းကို ဖတ်ပြီးသွားသော အခါကျ အားချန်သည် တစ်ခုခုလိုအပ်နေသည်ဟု အမြဲတမ်း ခံစားနေရ၏။ ဒီဇာတ်လိုက်၏ ဘဝထဲတွင် စစ်မြေပြင်သာရှိပြီး ရှင်သန်နေထိုင်မှုပုံစံဟူ၍ မရှိသကဲ့သို့ပင်။
ဒီအတွေးက သူမကို ဆရာကြီးပေါင်မု၏ စာအုပ်အသစ်ကို စိတ်ဝင်စားမှု လုံးဝ ပျောက်ဆုံးသွား စေတော့သည်။
လက်စားချေခြင်း မှတ်တမ်းသည် စစ်ပွဲတစ်ရာ စစ်နတ်ဘုရား၏ မျိုးဆက်သစ်များအကြောင်း ရေးသားထားခြင်း ဖြစ်လေသည်။ ဇာတ်လမ်းက မြို့စားအိမ်တော်တွင် စတင်ခဲ့ပြီး စစ်ပွဲတစ်ရာ စစ်နတ်ဘုရားသည် အလွန်အမင်း အိုမင်းရင့်ရော်သွားပြီဖြစ်ကာ မကြာမီ လူ့လောကကြီးက ထွက်ခွာသွားရမည် ဖြစ်သော်ငြားလည်း မြို့စားအသစ်၏ ဇနီးမယားနှင့် ကိုယ်လုပ်တော်များကတော့ ကလေးမွေးဖွားခါနီးနေပြီ ဖြစ်၏။
သူ့မြေးကလေးကို မွေးဖွားတော့မည်ဟု သိရှိလိုက်ရသည့်အချိန်တွင် မြို့စားအိုကြီးသည် ပြုံးပျော်စွာဖြင့် တမလွန်ဘဝသို့ ထွက်ခွာသွားနိုင်ခဲ့လေသည်။
တစ်ချိန်ထဲတွင် ကောင်လေးနှစ်ယောက်ကိုလည်း မွေးဖွားလာခဲ့တော့၏။
...