← Chapters

သူမ၏ သံသယများကတော့ ယနေ့ညတွင် ဖြေကြားပေးမယ့် သူမရှိရမည့် ကံကြမ္မာပါလာလေ၏ ...

Vol. 7 Ch. 62

သူမ၏ သံသယများကတော့ ယနေ့ညတွင် ဖြေကြားပေးမယ့် သူမရှိရမည့် ကံကြမ္မာပါလာလေ၏ ...

Vol. 7 Ch. 62

ဇာတ်လမ်းထဲ၌ ဒီနေ့ညတွင် တစ်ချိန်က စစ်မြေပြင်ကို လွှမ်းမိုးနိုင်ခဲ့သည့် စစ်နတ်ဘုရားသည် နောက်ဆုံးတော့ ကွယ်လွန်သွားခဲ့ပြီး သူရဲကောင်းတစ်ဦး၏ ဇာတ်လမ်းပုံပြင်သည်လည်း နိဂုံးချုပ်သွားခဲ့လေသည်။ မြို့စားအိမ်တော်၏ တခြားဘက်တွင်တော့ မြို့စားကတော်သည် ကလေးမွေးဖွားပြီးနောက် ရုတ်တရက် သွေးသွန်ကာ အသက်မရှင်နိုင်ခဲ့ပေ။

သည်လိုရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ည အတွင်းတွင် တစ်စုံတစ်ယောက်သည် မြို့စားကတော် မွေးဖွားခဲ့သည့် တရားဝင်သားကို တိတ်တဆိတ်ပွေ့ချီကာ ထွက်သွားခဲ့ပြီး နောက်ပိုင်းတွင်တော့ တခြားမွေးကင်စ ကလေးငယ်တစ်ဦးကို ခေါ်လာကာ မူလနေရာတွင် ပြန်ထားပေးခဲ့လေသည်။

မြို့စားကတော်၏ဘေးတွင် ခစားနေသည့် အစေခံမလေးသည် နောက်ဆုံးတော့ သခင်ငယ်လေးကို သတိရသွားပြီး ထိုကလေးက ကုတင်ပေါ်တွင် အေးချမ်းစွာ အိပ်စက်နေသည်ကို တွေ့ခဲ့ရ၏။

နောက်တစ်နေ့တွင်တော့ အိမ်တော်တစ်ခုလုံးရှိ လူများအားလုံးကလည်း မြို့စားကတော်သည် သားတစ်ယောက် မွေးဖွားပြီးနောက် ကံဆိုးစွာဖြင့် ကွယ်လွန်သွားခဲ့ကာ မြို့စား၏ကိုယ်လုပ်တော်မှ မွေးသည့်ကလေးမှာ မွေးရာပါအားနည်းခြင်းကြောင့် မွေးဖွားပြီး မကြာမီပင် အသက်ထွက်သွားခဲ့ပြီး အပြင်သို့ ပို့ဆောင် မြှုပ်နှံလိုက်ပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

နောက်ပိုင်းတွင် မြို့စားကြီးသည် ကွယ်လွန်သွားသည့်ဇနီးကို အောင်းမေ့တသသောအားဖြင့် တရားဝင်သား၏ ရက်တစ်ရာပြည့်နေ့တွင် ဆက်ခံသူအဖြစ် သတ်မှတ်ပေးရန် လျှောက်တင်လွှာတစ်ခုကို တင်သွင်းခဲ့လေသည်။

မြို့စားအိမ်၏ ဆက်ခံသူသည် ငယ်စဉ်ကတည်းက အံ့မခန်း သိုင်းပညာပါရမီကို ပြသနိုင်ခဲ့ပြီး ၅ နှစ်သားအရွယ်တွင် ယခင်မျိုးဆက်မြို့စားကြီး၏ လက်အောက်ငယ်သားများထံမှ သိုင်းပညာကို သင်ယူခဲ့ကာ ၁၂ နှစ်သားအရွယ်တွင် သိုင်းပညာအဆင့်ကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့ပြီး ကျင့်ကြံခြင်းကို စတင်ဝင်ရောက်နိုင်ခဲ့သည်။

၁၀ နှစ်ကျော်လေး အတွင်းမှာပင် မြို့စားအိမ်တော်၏ အပြည့်အဝ ပျိုးထောင်မှုအောက်တွင် မြို့စားအိမ်တော်၏ ဆက်ခံသူသည် မြို့တော်ထဲတွင် နံပါတ်၁ သို့မဟုတ် နံပါတ်၂ အဆင့်ရှိပါရမီရှင် ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီး စစ်တပ်ထဲသို့ ဝင်ရောက်ကာ စတင်လေ့ကျင့်လာခဲ့သည်။

သူ့ကို တွေ့မြင်ကြသည့် လူတိုင်းက အဘိုးဖြစ်သူ၏ အရည်အချင်း ကောင်းများနှင့် အမွေဆက်ခံမှုကို ရရှိခဲ့သည်ဟု ဝိုင်းဝန်းကာ ချီးကျူးစကား ပြောကြလေသည်။

တစ်ချိန်တည်းတွင် မြို့တော်နှင့် ဝေးကွာလှသည့် ကျိကျိုး တွင်တော့ အကြိမ်ကြိမ်စာမေးပွဲ ကျရှုံးခဲ့သည့် ဆင်းရဲသားစာသင်သားလေး တစ်ဦးသည် သူ၏မွေးစားမိဘများကို လတ်တလောမှာ ဆုံးရှုံးထားခဲ့ရ၏။

ထိုစာသင်သားလေးသည် စိတ်ဓာတ်များ ကျဆင်းသွားကာ သူသည် နှစ်ပေါင်းများစွာ ရှို့ချိုင် စာမေးပွဲကို မအောင်မြင်နိုင်ခဲ့သောကြောင့် မွေးစားမိဘများသည် သူ့ကို ထောက်ပံ့ရန် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ကြရပြီး နောက်ဆုံးတွင်တော့ တောင်စောင်းမှ ပြုတ်ကျကာ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်ဟု ခံစားမိလေသည်။

ထိုအချိန်ကစပြီး သူသည် တော်ဝင်စာမေးပွဲ ဖြေမည့်အတွေးကို လုံးဝ စွန့်လွှတ်လိုက်တော့၏။ စာသင်ကျောင်းက ဆရာများက မည်သို့ပင် ဖျောင်းဖျပါစေ သူ၏အတွေးများကို မပြောင်းလဲခဲ့ပေ။ နောက်ပိုင်းတွင် သူသည် အရင်က ဆွေမျိုးတစ်ဦး၏ မိတ်ဆက်ပေးခြင်းဖြင့် စားသောက်ဆိုင် တစ်ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုစားသောက်ဆိုင်တွင် စာရင်းကိုင်အဖြစ် အလုပ်လုပ်ခဲ့သည်။

သို့သော်ငြား အိမ်တွင် တစ်ယောက်တည်း ရှိနေချိန်တွင်တော့ စာဖတ်၊ စာရေးခြင်း၊ လက်ရေး လေ့ကျင့်ခြင်းတို့ကို မမေ့မလျော့ ပြုလုပ်နေဆဲပင်။ သူသည် တော်ဝင်စာမေးပွဲကို ဆက်လက်မဖြေ ဆိုတော့သော်လည်း ဒီနှစ်များအတွင်းတွင် သူ သင်ယူခဲ့သည့် အသိပညာများကိုတော့ စွန့်လွှတ်ရန် မလိုလားခဲ့ပေ။

တစ်နေ့တွင်တော့ စာသင်ကျောင်းက စာသင်သားတစ်ဦးသည် သူ့ထံသို့ လာရောက်လည်ပတ်ပြီး စာပေပွဲတော်သို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ စာပေပွဲတော်သည် မြို့တော်မှ ဂုဏ်သရေရှိ ဧည့်သည်တစ်ဦး တက်ရောက်ပြီး ထိုဧည့်သည်က လက်ရေးလှကို အလွန်နှစ်သက်သဖြင့် သူ၏လက်ရေး တစ်ချက်သာ ထိုသူ၏ မျက်စိကျခြင်း ခံရပါက ကျော်ကြားလာနိုင်ပြီး စာရင်းကိုင်အဖြစ် ဆက်ပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ရန် မလိုအပ်တော့ဟု ပြောလာခဲ့သည်။

စာသင်သားလေးကလည်း စိတ်လှုပ်ရှားသွားပြီး သူ၏စာသင်ဖော်နှင့်အတူ စာပေပွဲတော်သို့ တက်ရောက်ခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ထိုဂုဏ်သရေရှိဧည့်သည်သည် စာသင်သားလေးကို အထူးတလည် ဆက်ဆံပေးခဲ့ပြီး သူ၏လက်ရေး တစ်ချက်ကို တောင်းယူရုံသာမက မတန်တဆ များပြားသည့် စုတ်တံကိုလည်း ပေးအပ်ခဲ့လေသည်။ သို့သော်ငြား အကြောင်း တစ်စုံတစ်ရာကြောင့် ထိုဧည့်သည်တော်သည် သူ့မျက်နှာကို ဆက်တိုက်ဆိုသလို ကြည့်ရှုနေခဲ့ပြီး သူ၏မျိုးရိုးစဉ်ဆက်ကိုလည်း မေးမြန်းခဲ့သည်တွင် စာသင်သားလေးကလည်း အမှန်အတိုင်း ဖြေကြားခဲ့ပြီး မိဘများ၏ မွေးစားခြင်း ခံခဲ့ရကြောင်း ပြောပြလိုက်သည်။

မကြာမီတွင် မြို့တော်က ထိုဂုဏ်သရေရှိ ဧည့်သည်တော်သည် ကျိကျိုးမှ ပြန်သွားပြီး ထိုနောက်တွင်တော့ ဘာသတင်းမှ မကြားရတော့ချေ။

ထိုဧည့်သည်တော်သည် မြို့တော်သို့ ပြန်ရောက်လာချိန်တွင် ချက်ချင်းဆိုသလို မြို့စားအိမ်တော်သို့ အလည်အပတ် သွားရောက်ခဲ့လေသည်။ အမှန်တွင်တော့ ဒီလူသည် လက်ရှိမြို့စားကတော်၏မောင် ဖြစ်နေခဲ့ပြီး အစ်မဖြစ်သူ၏ အရှိန်အဝါကို မှီခိုကာ သူ၏စီးပွားရေးသည်လည်း အလွန်ကြီးကျယ်ခဲ့ပြီး သာမန်လူများက သူ့ကိုမျက်နှာသာ မပေးဘဲ မနေရဲကျချေ။

မြို့စားကတော်ဟောင်း ကွယ်လွန်သွားပြီးနောက်တွင် မြို့စားကြီးသည် နောက်အိမ်ထောင် ပြုခြင်းမရှိတော့ဘဲ သားငယ်ကို စောင့်ရှောက်ခဲ့ရသည့် ကိုယ်လုပ်တော်ကိုသာ ဆက်ခံသူအား စောင့်ရှောက်စေခဲ့သည်။

ထိုကိုယ်လုပ်တော်သည် နှစ်ပေါင်းများစွာ ဆက်ခံသူအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့ပြီး ဆက်ခံသူ ၁၀ နှစ်သားအရွယ်သို့ ရောက်လာချိန်တွင် မြို့စားကြီးသည် ဆက်ခံသူလေး၏ ဖျောင်းဖျနားချမှုဖြင့် နောက်ဆုံးတော့ ထိုကိုယ်လုပ်တော်ကို ဒုတိယဇနီးအဖြစ် တင်မြောက်ပေးခဲ့ကာ ၂နှစ်အကြာတွင်တော့ သူတို့၏ ကိုယ်ပိုင်ကလေးကို မွေးဖွားခဲ့လေသည်။

ဆက်ခံသူကလည်း သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သည့် ကိုယ်လုပ်တော်ကို အလွန်ရိုသေလေးစားပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးကလည်း သားအမိအရင်းသဖွယ် ပိုလို့ပင် ခင်မင်ရင်းနှီးကြလေသည်။

သူသည် မြို့စားကတော်ထံသို့ သွားရောက်ဂါရဝပြုချိန်တွင် မြို့စားကတော်နှင့် သူမ၏မောင်တို့ စကားပြောဆိုနေသည်ကို မမျှော်လင့်ဘဲ ကြားခဲ့ရ၏။ သူမ၏မောင်က ကျိကျိုးတွင် တွေ့ဆုံခဲ့သည့် လူငယ်တစ်ဦးအကြောင်း ပြောပြနေပြီး ထိုသူသည် ပုံတူပန်းချီကားထဲက ယခင်မျိုးဆက် မြို့စားကြီးနှင့် အလွန်ရုပ်ချင်းဆင်ကြောင်း၊ ဆက်ခံသူနှင့်လည်း ငါးပုံ၊ ခြောက်ပုံလောက် ရုပ်ချင်းဆင်တူကြောင်း၊ သို့သော်ငြား ထိုလူငယ်လေးကတော့ မိဘမဲ့ဖြစ်ပြီး မျိုးရိုးစဉ်ဆက်ကို မသိရှိရကြောင်း ပြောပြလေသည်။

သူက အစ်မဖြစ်သူကို ထိုစဉ်က မွေးဖွားခဲ့သည့် ကလေးသည် အမှန်တကယ် သေဆုံးသွားခြင်း ဟုတ်မဟုတ် ထိုကလေးသည် အမှန်တကယ် မသေဆုံးခဲ့သည် ဖြစ်နိုင်ချေရှိ မရှိ မေးမြန်းခဲ့၏။

မြို့စားကတော်ကတော့ ပြန်ဖြေဖို့ရန် ငြင်းဆန်ခဲ့ပြီး ဆက်တိုက်ဆိုသလို ငိုကြွေးနေခဲ့လေသည်။ သူမ၏မောင်သည် အစ်မဖြစ်သူက ဝမ်းနည်းဖွယ်ရာကိစ္စကို စိတ်ထိခိုက်သွားသည်ဟု ထင်မှတ်ကာ ဆက်ပြီး မေးမြန်းဖို့ရန် လက်လျော့ပြီး သူမကိုသာ နှစ်သိမ့်ပေးခဲ့တော့သည်။

ဆက်ခံသူလေးသည် ထိုသတင်းကို ကြားသိရချိန်တွင် ပထမတွင်တော့ အလွန်တုန်လှုပ်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျိကျိုးသို့ လူများကို စေလွှတ်ကာ စုံစမ်းခိုင်းခဲ့လေသည်။ အကယ်၍ ထိုလူငယ်လေးက အမှန်ပင် မိထွေးဖြစ်သူ၏ကလေး၊ သူ၏ညီလေး ဖြစ်နေပါက မိထွေးအတွက် ထောက်ထား၍ သူသည် ထိုကလေးကို မြို့စားအိမ်တော်သို့ ခေါ်ဆောင်လာခဲ့ပေမည်။

ထိုနောက်တွင်တော့ သူသည် အခွင့်အရေးတစ်ခုရှာပြီး ထိုကိစ္စကို မိထွေးဖြစ်သူအား တိတ်တဆိတ် ပြောပြလိုက်၏။ အစက သူမကို ပျော်ရွှင်စေရန် ရည်ရွယ်သော်ငြားလည်း မိထွေးဖြစ်သူက ထိုသတင်းကို ကြားပြီးနောက်တွင် ချက်ချင်းဆိုသလို မျက်နှာပျက်သွားကာ ထိုလူကို မြို့တော်သို့ ပြန်ခေါ်လာ၍ မဖြစ်ကြောင်း တိုက်ရိုက် ပြောဆိုလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

မိထွေးဖြစ်သူ၏ တုန့်ပြန်မှုကလည်း အလွန်ထူးဆန်းနေခဲ့သည်။ သူက အဆက်မပြတ် မေးမြန်းလိုက်ပြီးနောက်မှ မိထွေးဖြစ်သူကလည်း နောက်ဆုံးတော့ အမှန်တရားကို ဖွင့်ဟပြောဆိုခဲ့သော်ငြားလည်း ဒီအမှန်တရားက ဆက်ခံသူအတွက် လုံးဝလက်မခံနိုင်စရာ ဖြစ်နေတော့သည်။

ဆက်ခံသူကသာ သူမ၏ သားအရင်းဖြစ်ပြီး ထိုကျိကျိုးက လူငယ်လေးကတော့ မြို့စားကတော်ဟောင်း၏ သားဖြစ်နိုင်ကြောင်း မိထွေးဖြစ်သူက ပြောပြလာခဲ့ခြင်းပင်။

ဒီအချိန်တွင်တော့ ဆက်ခံသူက စုံစမ်းဖို့ရန် လွှတ်လိုက်သည့် လူအများကလည်း ပြန်ရောက်လာခဲ့ကြသည်။

ထိုလူငယ် စာသင်သားလေး၏ ဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း မစုံစမ်းနိုင်ခဲ့သော်ငြားလည်း သွေးသားတော်စပ်မှုကိုတော့ အတည်ပြုနိုင်ခဲ့လေသည်။ ထိုသူသည် အမှန်တကယ်ပင် မြို့စားအိမ်တော်၏ မျိုးဆက် ဖြစ်နေတော့သည်။

သို့သော်ငြား ယခုအချိန်တွင်တော့ ဆက်ခံသူသည် ထိုသူကို ပြန်လည်ရောက်ရှိလာစေရန် မလိုလားတော့ချေ။ သူသည် ထိုသတင်းကို စုံစမ်းရန် လုံးဝမစေလွှတ် ခဲ့ဖူးသလိုသာ နေလိုက်တော့သည်။

ကျိကျိုးဘက်တွင်တော့ စာပေပွဲတော်တွင် နာမည်ကျော်သွားခဲ့သဖြင့် စာသင်သားလေး၏ လက်ရေးလှစာလုံးများနှင့် ပန်းချီကားများသည် လူအများ၏ တန်ဖိုးထားဝယ်ယူခြင်းကို ခံရပြီး သူ့ဘဝသည်လည်း မကျပ်တည်းတော့ချေ။

နောက်ပိုင်းတွင် ကျောင်းက ဆရာနှင့် စာဖတ်ဖော်များ၏ အကြိမ်ကြိမ် ဖျောင်းဖျမှုကြောင့် သူသည် နောက်ဆုံးတော့ တော်ဝင်စားမေးပွဲကို နောက်ဆုံးအကြိမ် ကြိုးစားဖြေဆိုမည်ဟု ဆုံးဖြတ်လိုက်တော့၏။

ယခင်က သူသည် ရှို့ချိုင် စာမေးပွဲကို သုံးကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ရခြင်းမှာ သူ၏အရည်အချင်း မပြည့်ဝခြင်းကြောင့် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် စာသင်ကျောင်း၏ စာမေးပွဲများတွင်လည်း အမြဲတမ်းပထမ ရရှိခဲ့ပြီး သူ၏စာပေစွမ်းရည်သည် စာသင်ကျောင်းက ဆရာများနှင့် စာဖတ်ဖော်များအား အထင်ကြီး လေးစားရစေလေသည်။

သို့သော်ငြား သူ၏ကံကြမ္မာကတော့ အလွန်ဆိုးဝါးလှ၏။ ဘာအကြောင်း ကြောင့်မှန်းမသိ တော်ဝင်စာမေးပွဲ မတိုင်မီ အချိန်တိုင်းတွင် ကြီးကြီးသေးသေး မတော်တဆမှုများက အမြဲတမ်း ဖြစ်ပွားတတ်ပြီး အချိန်မီ မရောက်နိုင်ခြင်း သို့မဟုတ်လည်း ဒဏ်ရာရရှိခြင်း ဖျားနာခြင်းတို့ ဖြစ်ပွားခဲ့လေသည်။ ဤကဲ့သို့ သုံးကြိမ်ဆက်တိုက် ဖြစ်ပွားခြင်းကြောင့် သူ့မှာ တဖြည်းဖြည်း စိတ်ဓာတ်ကျလာပြီး သူ၏ကံကြမ္မာကပင် ဆိုးဝါးနေခြင်း ဖြစ်မည်ဟု မှတ်ယူလာမိတော့သည်။

ယခုအချိန်တွင်တော့ စားဝတ်နေရေးအတွက် ပူပန်စရာ မရှိတော့သဖြင့် သူသည် စာသင်ကျောင်းသို့ ပြန်လည်ရောက်ရှိလာပြီး မိဘများအတွက် ဝမ်းနည်းခြင်းကာလ ကုန်ဆုံးပြီးနောက်တွင် ထပ်ပြီးကြိုးစားကြည့်ရန် ဆန္ဒရှိနေတော့သည်။

သူ မသိလိုက်သည်မှာ ကပ်ဘေးတစ်ခုက သူ၏မျက်စိရှေ့သို့ ရောက်ရှိလို့နေခဲ့သည်ကိုပင်။

ဆက်ခံသူအလောင်းသည် မိထွေးထံက အမှန်တရားကို သိခဲ့ရသော်ငြားလည်း သူသည် ယုံကြည်ဖို့ ဆန္ဒမရှိသဖြင့် စိတ်ချရသည့် လက်အောက်ငယ်သားများကို ထိုအချိန်က အဖြစ်အပျက် ဟောင်းများအား ပြန်လည်စုံစမ်းခိုင်းခဲ့လေသည်။

စုံစမ်းမှုအများအပြား ပြုလုပ်ပြီးနောက်တွင် မိထွေးဖြစ်သူ ပြောသည့် အရာအားလုံးက အမှန်တကယ် ဖြစ်နေသည်ကို တွေ့ခဲ့ရ၏။ သူသည် မြို့စားကတော်ဟောင်း၏ တရားဝင်သား မဟုတ်ဘဲ ထိုစဉ်က မြို့စား၏ကိုယ်လုပ်တော်၊ ယခုတွင်တော့ မြို့စား၏ဒုတိယဇနီး၏ သားအရင်း၊ မြို့စားအိမ်တော်၏ တရားမဝင်သား ဖြစ်နေသည်ပင်။

သို့သော်ငြား သူသည် မြို့စားအိမ်တော်၏ ဆက်ခံသူဖြစ်လာသည်မှာ နှစ်၂၀ကျော် ရှိလာခဲ့ပြီဖြစ်၏။ သူသည် အရာအားလုံးကို လက်လျှော့ဖို့ရန်အတွက် လုံးဝမဖြစ်နိုင်ပေ။

လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းထားရန် အကောင်းဆုံးနည်းလမ်းမှာ အတွင်းလူများကို ဖယ်ရှားခြင်းအပြင် အရေးအကြီးဆုံးသောလူ၊ မြို့စားကြီး၏ တရားဝင်သား အစစ်အမှန်ကို သတ်ပစ်ရန်သာ ဖြစ်တော့သည်။

မည်သို့ဆိုစေ သူသည် ဒီနှစ်များအတွင်းတွင် အရည်အချင်းမရှိသည့် စာသင်သားတစ်ဦးသာ ဖြစ်လေသည်။ ဤသို့သော လူမျိုးသည် သေဆုံးသွားလျှင်လည်း မည်သူကမှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

နောက်ပိုင်း တစ်နေ့တွင် သူ့အဖေက အမှန်တရားကို သိရှိသွားသည့်တိုင် တရားဝင်သားမှာ သေဆုံးသွားခဲ့ သည်ဖြစ်သဖြင့် ဆက်ခံသူနေရာသည် သူ၏နေရာသာ ဖြစ်လာပေလိမ့်မည်။

ဆက်ခံသူသည် စိတ်ချရသည့် လက်အောက်ငယ်သားကို မြို့တော်က တိတ်တဆိတ် စေလွှတ်လိုက်ပြီး ကျိကျိုးသို့ တိုးတိုးတိတ်တိတ် သွားရောက်ခိုင်းလိုက်၏။

ညဉ့်နက်နက် လေထန်ထန် တစ်ညတွင်တော့ စာသင်ထားသည် အိမ်ထဲတွင် ပန်းချီဆွဲနေစဉ် စာကြည့်ခန်းတံခါးသည် ရုတ်တရက် ပွင့်သွားခဲ့လေသည်။

ဇာတ်လမ်းသည် ဒီအပိုင်းသို့ ရောက်လာချိန်တွင် အားချန်၏ နှလုံးသားသည်လည်း တင်းကြပ်သွားတော့၏။ စာသင်သားလေးရဲ့ အိမ်မှာ တခြားဘယ်သူမှ မရှိဘူးလေ။ စာကြည့်ခန်းရဲ့ တံခါးက ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက် ပွင့်သွားရတာလဲ။

သူမသည် နောက်တစ်မျက်နှာသို လှန်လိုက်ချိန်တွင်တော့ ဖြူဖွေးနေသည့် ဗလာစာမျက်နှာကိုသာ တွေ့လိုက်ရတော့သည်။

အားချန်မှာ အခိုက်အတန့်ပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။ ပြီးတော့ရော ဘယ်လိုဖြစ်လို့ ဆုံးသွားရတာလဲ။ ရောက်လာတဲ့သူက ဆက်ခံသူအတု လွှတ်လိုက်တဲ့ လူသတ်သမားကော ဟုတ်ရဲ့လား။

စာသင်သားကရော ဒီကပ်ဘေးကနေ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ။

ဒီနေ့ညတွင် သူမ၏ သံသယများကို ပြန်ဖြေပေးမည့်သူ မရှိသည်ကတော့ နှမြောစရာပင်။ အကယ်၍ သူမသည် နောက်တစ်အုပ်ကိုဖတ်ချင်လျှင် ရက်ပေါင်းများစွာ စောင့်ဆိုင်းရပေဦးမည်။

အားချန်သည် တနေ့လုံး ဝတ္ထုစာအုပ်နှစ်အုပ်ကို ဖတ်ရှုနေခဲ့သည်။

အထူးသဖြင့် လက်စားချေခြင်းမှတ်တမ်း စာအုပ်သည် သူမကို ကောင်းကောင်း မစားနိုင်အောင် ဖြစ်ရစေတော့သည်။ ရလဒ်အနေဖြင့် ပေါင်မုဆရာကြီးသည် ဒီလိုကြီးမားသည့် တွင်းကြီးတစ်တွင်းကို တူးကာ သူမကို ထိုတွင်း၏အောက်ခြေတွင် နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့လေ၏။

အားချန်သည် ထိုစာအုပ်ကို ချထားလိုက်ပြီး အိပ်ရာပေါ်တွင် အကြိမ်ပေါင်းများစွာ လူးလိမ့်နေပြီးနောက် အိပ်မပျော်နိုင် ဖြစ်နေရတော့သည်။ သန်းခေါင်ယံအချိန် ရောက်ခါနီးအချိန်ကျမှ နောက်ဆုံးတော့ သူမ၏ မျက်လုံးများကို မှိတ်နိုင်ခဲ့တော့သည်။

သူမသည် အိပ်ပျော်သွားသည်မှာ မကြာသေးဟု ခံစားမိသော်ငြားလည်း မျက်လုံးဖွင့်ကြည့် လိုက်သောအခါ အတွင်းစိတ်နယ်မြေသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ဒီလိုအခြေအနေ အတွက်တော့ သူမသည် အစောကြီးကတည်းက ကြိုတင်မျှော်လင့်ထားပြီးဖြစ်ကာ ကျင့်သားရနေပြီ ဖြစ်သည်။

သူမသည် ကုတင်ပေါ်တွင် ခဏလောက် ငြိမ်ငြိမ်သက်သက်လေး မှောက်လျက်နေလိုက်ပြီး စိတ်ထဲတွင် တွေးတောလိုက်၏။ တတိယမြောက်သံကြိုးက နောက်ဆုံးတော့ ပြတ်တော့မှာလား။ အဲဒီအချိန်ကျရင် ငါ့ခန္ဓာကိုယ်က နည်းနည်းလေးတော့ ပိုကောင်းလာသင့်ပါတယ်။ ခဏခဏ နေမကောင်းဖြစ်တော့မှာတော့ မဟုတ်ဘူး။ အရင်တခါ နေမကောင်းဖြစ်တုန်းက ဟွေ့ညန်ကိုပါ စိတ်ပူအောင်လုပ်ခဲ့မိတယ်။

သို့သော်ငြား သူမသည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သော်ငြားလည်း အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် မည်သည့်လှုပ်ရှားမှုမှ မဖြစ်ခဲ့ချေ။

အားချန်သည် သူမ၏ရှေ့လက်ကလေးဖြင့် လည်ပင်းပေါ်က အနက်ရောင် သံကြိုးများကို ကုတ်ခြစ်လိုက်သည်တွင် ထိုသံကြိုးသည် သူမ၏လှုပ်ရှားမှုနှင့်အညီ အနည်းငယ် တုန်ခါသွားပြီးနောက် သံကြိုးပေါ်က တကျွတ်ကျွတ် ကျိုးပဲ့သံများ ထွက်ပေါ်လာကာ အကြီးအသေး အနက်ရောင်သင်္ကေတ အနည်းငယ်သည် သံကြိုးပေါ်က လွင့်မျောကာ ပေါ်ထွက်လာလေသည်။

သူမသည် သံကြိုး ပျောက်ကွယ်သွားမည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်ခဲ့သော်ငြားလည်း ရလဒ်အနေဖြင့် ထိုအသံများ ပျောက်ကွယ် သွားပြီးနောက် သံကြိုးကတော့ ရှိနေဆဲပင်။

အားချန်က လက်မလျော့ဘဲ အချိန်ခဏလောက် ဆွဲကုပ်နေခဲ့ပြီး သံကြိုးပေါ်က သင်္ကေတ အနည်းငယ်လည်း ထပ်မံလွင့်မျောကာ ပေါ်ထွက်လာခဲ့လေသည်။ သို့သော်ငြား သံကြိုးကတော့ သူမ၏လည်ပင်းကို ဆက်လက် ချုပ်နှောင်ထားဆဲဖြစ်ကာ တောင်တန်းကြီးပမာ မလှုပ်မယှက် ဖြစ်နေတော့သည်။

တခြားသူတွေကို ကူညီလိုက်တာနဲ့ သံကြိုးတစ်ချောင်း ပြတ်သွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ငါ လင်းစွေ့ကို ကူညီခဲ့တာပဲ။ အတွင်းစိတ်နယ်မြေထဲကိုလည်း အလိုအလျောက် ဝင်လာခဲ့တာပဲ။ ဒီတစ်ခါကျတော့ ဘာဖြစ်လို့ မတူရတာလဲ။

အားချန်သည် အသည်းအသန် စတင်တွေးတောလေတော့သည်။ ဒီတစ်ကြိမ်နဲ့ ပြီးခဲ့တဲ့နှစ်ကြိမ် ဘာတွေကွာခြားနေလို့လဲ။

ပြောရမယ်ဆိုရင်တော့ ရှောင်လင်းရှီနဲ့ ဟွေ့ညန်တို့ နှစ်ယောက်စလုံးက သက်ရှိလူသားတွေလို့ သတ်မှတ်လို့မရဘူး။ လင်းစွေ့ကတော့ သက်ရှိ လူသားဖြစ်နေတုန်းပဲ။

နောက်တစ်ချက်က ငါ အရင်နှစ်ကြိမ် ကူညီပေးခဲ့တုန်းက စိတ်ခံစားချက် လှုပ်ရှားမှုက တကယ်ကို ပြင်းထန်နေခဲ့တာ။ ကျောက်မိသားစုနဲ့ ယန်မိသားစုတို့ရဲ့ လုပ်ရပ်တွေက ငါ့ကို တကယ်ပဲ ဒေါသထွက်ရစေတယ်။ အဲလိုသာ မဟုတ်ရင် ဝင်ပြီးကူညီပေး ဖြစ်မှာမဟုတ်ဘူး။

ဒါပေမဲ့ ဒီတခါ လင်းမိသားစု ကိစ္စမှာတော့ ငါလည်း အဲ့လောက်ကြီး ဒေါသမထွက်မိဘူး။ ပြီးတော့ သိပ်ပြီးတော့လည်း ခံစားချက်တူတယ်လို့ ဖြစ်မနေခဲ့ဘူး။

ဒါကလည်း လင်းစွေ့ရဲ့ အတွေ့အကြုံက မဆိုးဝါးလွန်းလို့တော့ မဟုတ်ဘူး။ လင်းစွေ့ရဲ့ တကယ်တိုက်ခိုက်ရေး စွမ်းရည်က အံ့ဩစရာ ကောင်းနေလို့ပဲ။ သူ့ကို အကူအညီလေး နည်းနည်းပဲ ပေးလိုက်တာနဲ့ သူကကိုယ်တိုင် ရှေ့ကိုပြေးတက်ပြီး ရင်ဆိုင်သွားနိုင်တယ်။

အရင်ဆုံး သူ့အစ်ကိုအရင်းရဲ့ ခြေထောက်တွေကို ချိုးပစ်လိုက်တယ်။ ပြီးတော့ ရန်သူ တမိသားစုလုံးနဲ့ သူတို့ရဲ့မျိုးရိုး တစ်ခုလုံးကိုလည်း ရှင်းပစ်လိုက်တယ်။ ငါကတော့ ဘာမှ သိပ်မလုပ်လိုက်ရဘဲ ဘေးကနေ ပွဲကြည့်သလို ဖြစ်သွားတယ်လို့ ခံစားမိနေတာပဲ။

သူမ ကူညီပေးလိုက်သည့် သူသည် အသက်ရှင်နေသေးသည်၊ သေဆုံးသွားသည်ဆိုသည့် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် အားချန်သည် သူမကိုယ်တိုင် တစ်စုံတစ်ခုသော ကိစ္စထဲတွင် မြှုပ်နှံလိုက်သည့် စိတ်ခံစားချက်ကသာ အဓိကသော့ချက် ဖြစ်နိုင်သည်ဟု စဉ်းစားမိလိုက်၏။

ဒါပေမဲ့လည်း ဒါတွေအားလုံးက ခန့်မှန်းချက် သက်သက်တွေပါပဲ။ နောက်ပိုင်း တဖြည်းဖြည်း ဆက်ပြီးတော့ သက်သေပြဖို့ လိုသေးတယ်။ ဒီသံကြိုးကိုတော့ လည်ပင်းပေါ်မှာ ခဏလောက် ဆက်ပြီးထားလိုက်ပါဦးမယ်။

မနက်ခင်း နိုးလာချိန်တွင်တော့ အားချန်သည် မျက်ကွင်းညိုကြီးနှစ်ခု ရှိနေလေတော့သည်။

ချန်ဟွေ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ချက်လန့်ဖြန့်သွားပြီး မနေနိုင်ဘဲ မေးလေတော့သည်။ "မနေ့ညက ရှင် အိပ်မပျော်ဘူးလား"

ဒီမေးခွန်းက အားချန်ကို နောက်ဆက်တွဲမရှိသည့် ဝတ္ထုစာအုပ်အကြောင်း ချက်ချင်း သတိရသွားစေတော့သည်။ ထို့အပြင် လည်ပင်းပေါ်က သင်္ကေတများသာ လွင့်မျောထွက်ပေါ်နေသည့် သံကြိုးသည် သူမကို လှောင်ပြောင်နေသကဲ့သို့ ခံစားမိကာ ပိုပြီးတော့ စိတ်ဓာတ်ကျလာတော့သည်။

"ဒါဆိုရင်လည်း ထမင်းစားပြီးရင် ခဏလောက် တရေး အိပ်လိုက်ပါဦးလား" ချန်ဟွေ့က အကြံပြုလိုက်၏။

အားချန်ကတော့ ခေါင်းခါပြလေသည်။ "မအိပ်တော့ပါဘူး။ ကျွန်မ အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်တာပဲ ပိုကောင်းပါတယ်"

မနက်စာ စားပြီးသွားသောအခါ အားချန်သည် စိတ်ပြေလက်ပျောက် အပြင်ထွက်လမ်းလျှောက်ရန် ပြင်ဆင်လိုက်တော့သည်။ အဝေးကြီးသွားရန်လည်း ရည်ရွယ်ထားခြင်း မရှိချေ။ သူမသည် ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်သို့သွားကာ ပုံပြောသူ၏ ဇာတ်လမ်းများကို နားထောင်ခြင်းက လက်စားချေခြင်း မှတ်တမ်း၏ လွှမ်းမိုးမှုကို လွတ်မြောက်ရန် အထောက်အကူ ပြုနိုင်မည်ဟု စဉ်းစားလိုက်တော့၏။

ရလဒ်အနေဖြင့် သူမသည် အိမ်တံခါးက ထွက်လာသည်နှင့် မျက်နှာချင်းဆိုင်က စစ်သူကြီးအိမ်တော် အပြင်ဘက်တွင် မြင်းလှည်းနှစ်စီး ရပ်တန့်ထားသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့မြင်လိုက်ရလေသည်။ လင်းမိသားစုဝင်များ အားလုံးက မြင်းလှည်း ဘေးတွင်ရပ်နေကြကာ လင်းစွေ့လည်း ထိုနေရာတွင်ရှိနေသည်။

အားချန်သည် အဝေးက လှမ်းကြည့်နေမိပြီး မကြာမီမှာပင် လင်းအိမ်တော်၏ တံခါးမကြီးထဲက လင်းစွေ့၏ အမေကို သန်မာထွားကျိုင်းသည့် အထိန်းတော်ကြီးနှစ်ဦးက အတင်းအကြပ် တွဲထုတ်လာသည်ကို တွေ့လိုက်ရ၏။

အတင်းအကြပ်ဟု ဆိုရခြင်းကတော့ သူမ၏ ဆဲဆိုသံများကို အားချန်ကပင် ကြားနေရသောကြောင့်ပင်။ သူမ၏ခြေထောက်များသည် မြေကြီးနှင့်ပင် လွတ်နေသော်ငြား ထိုအထိန်းတော်ကြီး နှစ်ဦး၏ မျက်နှာအမူအရာကတော့ မပြောင်းလဲဘဲ လူကို မြင်းလှည်း ဘေးသို့ ပို့ဆောင်လိုက်လေသည်။

အစပိုင်းတွင်တော့ ယောင်ရှီသည် သူမ၏စကား နားမထောင်သည့် အထိန်းတော်ကြီး နှစ်ဦးကို ဆူပူကျိန်းမောင်းနေသေးသော်ငြားလည်း မြင်းလှည်းဘေးသို့ ရောက်ရှိလာသောအခါ လင်းချန်ကို တွေ့မြင်ရသည့်အချိန်တွင်တော့ သူမသည် ကိုယ့်ဟာကိုယ်ထိန်းချုပ် ထားလိုက်တော့၏။

လင်းချန်ကို တွေ့ခဲ့ရပြီးနောက်တွင် ယောင်ရှီ၏ မျက်နှာမှာ နာကျင်မှုများ ပြည့်နှက်နေတော့သည်။ "စစ်သူကြီး ဒီနှစ်တွေအတွင်း ကျွန်မရှင့်အတွက် သားသမီးတွေ မွေးဖွားပေးခဲ့တယ်။ ရှင့်အတွက် အိမ်ကို ဂရုစိုက်ပေးခဲ့တယ်။ ကျွန်မ ရှင့်အပေါ် ဘာများမလုံလောက်တာ ရှိလို့လဲ။ ရှင်က ဘယ်လိုဖြစ်ပြီး ကျွန်မအပေါ် ဒီလိုလုပ်ရပ်ရတာလဲ"

လင်းချန်သည် သူမ၏စကားကို ကြားလိုက်ရသောအခါ မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားရသည့် အမူအရာတစ်ချက် ဖြတ်ပြေးသွားတော့၏။ သူ့အတွက်တော့ ယောင်ရှီသည် စိတ်ရောကိုယ်ပါ မြှုပ်နှံပေးခဲ့သည်ဟု ဆိုနိုင်သော်ငြားလည်း ...

လင်းချန်က လေသံမာမာဖြင့် ယောင်ရှီကို ပြောလိုက်သည်။ "ငါတို့တွေ နှစ်ပေါင်းများစွာ လင်မယား သံယောဇဉ်ကို ထောက်ထားလို့ပဲ လွန်ခဲ့တဲ့၂နှစ်က လင်းထင်က ငါ့သမီး မဟုတ်မှန်း သိခဲ့တာတောင် ငါတို့ရဲ့ကလေးကို မင်းကတခြားသူကို ပေးပြီး မွေးစားထားတာကို ၁၀နှစ်ကြာပြီးတဲ့နောက်မှ သိခဲ့တာတောင် ငါ မစစ်ဆေးခဲ့ဘူး။ ငါက ဒီနှစ်တွေအတွင်း မင်းဘေးမှာ အမြဲတမ်း အဖော်မပြုပေးနိုင်ခဲ့လို့ မင်းက အမှားတွေ လုပ်ခဲ့တာလို့ပဲ ငါထင်ထားခဲ့တာ။

မင်းက လင်းထင်ကို ခေါ်ထားချင်တယ်။ ငါ သဘောတူခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့အလိုလိုက်ပေးခြင်းက မိသားစုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေလုနီးပါး အထိ ဖြစ်သွားမယ်လို့ မျှော်လင့်မထားမိဘူး”

"ဒါပေမဲ့ ကျွန်မလည်း အလိမ်ခံလိုက်ရတာပါ။ အစ်ကိုကြီးက ကျွန်မကို လိမ်ခဲ့တာ။ အဲဒီတုန်းက ကျွန်မတစ်ယောက်တည်း ကလေးမွေးခဲ့ရတာ။ ကျွန်မဘယ်လောက်တောင် ကြောက်နေခဲ့သလဲဆိုတာ ရှင်သိရဲ့လား"

ယောင်ရှီသည် စိတ်ခံစားမှုအပြည့်ဖြင့် ပြောဆိုနေခဲ့သော်ငြားလည်း လင်းစွေ့သည် ရုတ်တရက် အေးစက်စက်ဖြင့် ဝင်ပြောလိုက်လေသည်။ "အစ်ကိုကြီးနဲ့ လင်းဟန်ကို မွေးတုန်းကတော့ ရှင်က ကြောက်တာ မတွေ့မိပါဘူး။ အဲဒီတုန်းကလည်း အဖေအိမ်မှာ မရှိဘူးလို့ ကျွန်မ ကြားထားတယ်။ ဘာဖြစ်လို့ တတိယအကြိမ် ကျွန်မအလှည့် ရောက်လာမှပဲ ရှင်က ကြောက်သွားရတာလဲ။ ရှင် တကယ်ကြောက်တာက ကလေးမွေးမှာကိုလား။ ဒါမှမဟုတ် ကျွန်မ မွေးလာမှာက ရှင့်ကို အနှောင့်အယှက် ဖြစ်မှာကို ကြောက်တာလား"

"ပါးစပ်ပိတ်ထား။ ဒီမှာ နင် ဝင်ပြောစရာမလိုဘူး" ယောင်ရှီသည် လင်းစွေ့၏ စကားတစ်ခွန်းကြောင့် ဒေါသထွက်သွားပြီး မျက်လုံးများပါ နီရဲသွားတော့သည်။ ဒါတွေအားလုံး သူ့ကြောင့်ပဲ။ သူသာမရှိရင် ဒီအိမ်က ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်သွားမှာလဲ။

လင်းစွေ့ကတော့ သူမ၏ဆန္ဒအတိုင်း မလုပ်ဘဲ ပါးစပ်ဖွင့်ကာ ထပ်ပြောလိုက်လေသည်။ "အမေ။ အဖေနဲ့ အစ်ကိုကြီးက ရှင့်ကို သည်းခံနိုင်ကြတယ်။ သူတို့က ရှင့်အပေါ် အကြွေးတင်တယ်လို့ ခံစားနေရလို့ပါ။ ဒီအိမ်မှာ ရှင့်ကို တစ်ဦးတည်းသော သည်းမခံနိုင်တဲ့သူက ကျွန်မပဲ။ ဒါကြောင့် ရှင် အဖေ့ကို တောင်းပန်မနေနဲ့တော့။ ရှင့်ကို နှင်ထုတ်ခိုင်း လိုက်တာလည်း ကျွန်မပဲ"

"တကယ် နင်ပဲ ဖြစ်နေတာကိုး။ လင်းစွေ့ နင်ကဒီလို သွေးအေးတဲ့မိစ္ဆာပဲ။ ကိုယ့်အမေအရင်းကိုတောင် ဒုက္ခပေးတဲ့ တိရစ္ဆာန် !"

"ဟုတ်တယ်လေ။ ကျွန်မက အဲလိုလူပဲ" လင်းစွေ့သည် ခံစားချက်မဲ့စွာဖြင့် ပြောလိုက်လေသည်။ "အမေ နောက်ဆိုရင် တောင်ပေါ်မှာ ကျင့်ကြံနေတဲ့အချိန် ကျွန်မကို အားရအောင် ကျိန်ဆဲနိုင်တယ်"

"စစ်သူကြီး။ စစ်သူကြီး ဒီမကောင်းဆိုးဝါးမလေးကို ကြည့်ပါဦး။ ဘယ်လိုလုပ်ပြီး သူ့အတွက်နဲ့ ကျွန်မကို တောင်ပေါ်ကို ပို့ရက်ရတာလဲ"

လင်းချန်သည် ယောင်ရှီ၏ အကြည့်ကို ရှောင်ဖယ်နေလိုက်ပြီး ယောင်ရှီသည် သူမ၏ သားအကြီးဆုံးကို ထပ်မံတောင်းပန်လေတော့သည်။

"ရီအာ အမေသားအပေါ် မကောင်းခဲ့လို့လား။ သားနဲ့ သားရဲ့အဖေ ထွက်သွားတော့ အမေက နေ့တိုင်း သားတို့အတွက်တွေးပြီး ပူနေခဲ့ရတာ။ သား စစ်မြေပြင်ရောက်သွားရင် ဒဏ်ရာရာသွားနေမှာစိုးလို့ ညတိုင်း အိပ်မပျော်ခဲ့ရဘူး။ အခု သားက သူ့အတွက်နဲ့ အမေ့ကို နှင်ထုတ်တော့မှာလား"

လင်းရီသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပြီးမှ ပြောလာတော့သည်။ "အမေ ဒီလောက်ရက်တွေ ကြာသွားတာတောင် ကိုယ့်ဟာကိုယ် မှားတယ်လို့ တစ်ခါမှမစဉ်းစားမိဘူး ဟုတ်တယ်မလား"

"ရီအာ အမေက သူတို့လိမ်တာ ခံလိုက်ရတာပါ"

"ဒါပေမဲ့ အစကတည်းက လင်းထင်က အမေ့ကို ထူးထူးခြားခြား ချစ်ခင်တာလေးပဲရှိတာလေ။ အမေက စွေ့စွေ့ကို မကြိုက်ဘူး။ သူ့ကို အမေ့ဘေးမှာ မွေးမြူထားလို့ရတဲ့သားနဲ့ တကယ်တမ်း ကိုယ့်သမီးအရင်းကို ပို့ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကို လုံးဝမကြည့်ခဲ့တဲ့ သူကလည်း အမေပဲ။ ယောင်တင်းပန်းတို့ လင်မယားကို အခွင့်အရေး ပေးခဲ့တဲ့သူကလည်း အမေပဲလေ"

“ဒုတိယညီလေးနဲ့ စွေ့စွေ့ တို့အတူတူအဖမ်းခံခဲ့ရတယ်။ ဒီတခါလင်းထင်ရဲ့ လွှမ်းမိုးမှု မရှိတော့ဘူး။ ဒါပေမဲ့ အမေက စွေ့စွေ့ရဲ့ နာကျင်ခံစားမှုကို မျက်ကွယ်ပြုပြီး အပြစ်တွေအားလုံးကို သူ့အပေါ်ပုံချခဲ့တယ်”

"အမေက သားအပေါ်မှာ မွေးကျေးဇူးရှိခဲ့ပါတယ်။ သားက နောက်ဆိုရင် တောင်ပေါ်မှာ အမေ့ကို လာတွေ့ပါ့မယ်။ ဒါပေမဲ့ ဒီအိမ်မှာ အမေနေလာတာလည်း နှစ်၂၀ကျော်ပါပြီ။ နောက်ဆိုရင် စွေ့စွေ့ နေရမယ့် အလှည့်ရောက်လာပါပြီ"

"လင်းရီ" ယောင်ရှီသည် စူးရှစွာအော်ဟစ်လိုက်လေသည်။ "နင်တို့ လင်းမိသားစုက ကျေးဇူးကန်းတဲ့ မျက်ဖြူဝံပုလွေတွေပဲ။ လင်းချန် ရှင် ဘယ်လိုလုပ်ပြီးတော့ သားကို ဒီလောက် သွေးအေးသွားအောင် သင်ထားရတာလဲ။ ရှင်တို့လင်းမိသားစုမှာ ကောင်းတဲ့လူ တစ်ယောက်မှမရှိဘူး !"

ယောင်ရှီ၏ ရုန်းကန်နေခြင်းကြားတွင် သူမသည် အထိန်းတော်ကြီးနှစ်ဦး၏ အတင်းအကြပ် ဖမ်းချုပ်ခံရကာ လှည်းပေါ်သို့ဆွဲတင် ခံလိုက်ရလေသည်။ တခြားလှည်းတစီးတွင်တော့ ယောင်ရှီ၏ အဝတ်အစားများအပြင် တချို့သောနေ့စဉ်သုံး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တင်ဆောင်ထားလေသည်။

အဖွဲ့သည် အတင်းဖြတ်သွားပြီး သောအခါ လင်းချန်က လက်ဝှေ့ယမ်း ပြလိုက်သည်တွင် လက်အောက်ငယ်သား လေးဦးသည် အရှေ့သို့ထွက်လာပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုလိုက်၏။ "စစ်သူကြီး"

"ငါ့မိန်းမကို ကျောင်းကျိုးက ဇာတိမြို့ကို သေသေချာချာ ပို့ဆောင်ပေးလိုက်ပါ။ ပြီးတော့ ငါ့ရဲ့စာကိုလည်း မျိုးနွယ်စုခေါင်းဆောင်ကို ပေးလိုက်ပါ။ သူ ဘယ်လို လုပ်ရမယ်ဆိုတာ သိလိမ့်မယ်" လင်းချန်သည် စာတစ်စောင်ကို ထုတ်ပြီး လက်အောက်ငယ်သား၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုး စစ်သူကြီးရဲ့ မှာကြားချက်အတိုင်း သေချာပေါက် ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်" လက်အောက်ငယ်သားသည် စာကိုလက်ခံပြီးနောက် သတိဖြင့် သိမ်းဆည်းထားလိုက်လေသည်။

"သွားကြတော့" လင်းချန်က မှာကြားပြီးနောက်တွင်တော့ လှည်းသည်လည်း စတင်ရွေ့လျား သွားတော့သည်။

အစပိုင်းတွင်တော့ မြင်းလှည်းက ယောင်ရှီ၏ လင်းချန် အပေါ်ဆဲဆိုသံကို ကြားနေရသော်ငြား နောက်ပိုင်းတွင်တော့ တအိအိအသံများသာ ထွက်ပေါ်လာတော့၏။ ယောင်ရှီသည် ထိုအထိန်းတော်ကြီးနှစ်ဦး၏ ပါးစပ်ပိတ်ထားခြင်း ခံလိုက်ရဟန်တူသည်။

မြင်းလှည်းက အဝေးသို့ ရောက်ရှိသွားသည့်အခါမှ လင်းစွေ့သည် ရုတ်တရက် ကိစ္စတစ်ခုကို သတိထားမိသွားပြီး လင်းချန်ဘက်သို့ လှည့်ကာ မေးလိုက်တော့သည်။ "အဖေ သမီးကို ဘာဖြစ်လို့ ကြိုမပြောထားတာလဲ။ သူ့ကို ကျောင်းကျိုးက ဇာတိမြို့ကို ပို့လိုက်မယ်လို့လေ"

သူမသည် သူမ၏အဖေက တခြားအိမ်တော်များနည်းတူ မြို့စွန်က ဘုန်းကြီးကျောင်း တစ်ကျောင်းကိုရှာဖွေပြီး လူကို ပို့ဆောင်လိုက်မည်ဟု ထင်မှတ်နေခဲ့ခြင်းဖြစ်သည်။

"ဇာတိမြို့က တိတ်ဆိတ် ငြိမ်သက်တယ်။ ပြီးတော့ ကူညီပေးနိုင်မယ့် မျိုးနွယ်စုဝင်တွေ လည်းရှိတယ်။ သမီးအမေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲဖို့ သင့်တော်ပါတယ်" လင်းချန်သည် မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် ဖြစ်နေသည့် သမီးဖြစ်သူကိုကြည့်ရင်း စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသလို ဖြစ်သွားတော့၏။

သူတို့၏ မိသားစုလေးသည် အစောကြီးကတည်းက ပြိုကွဲသွားခဲ့ပြီး ဖြစ်သည်။ လူတိုင်းကို အတင်းအကြပ် ထားရှိရန်လည်း မလိုအပ်တော့ ချေ။ မကျေနပ်မှုများသာ ပိုမိုတိုးပွားလာရုံ သာရှိတော့မည်။

"သူ ပြန်မလာတော့ဘူးလား"

"ဟုတ်တယ်။ သူ ပြန်မလာတော့ဘူး" လင်းချန်က ပြောလိုက်၏။ "နောက်ဆိုရင် အဖေ အိမ်မှာမရှိတဲ့အခါ အိမ်ရဲ့ကိစ္စအဝဝကို စွေ့စွေ့ကပဲ တာဝန်ယူရတော့မှာ"

လင်းစွေ့က ကတိပေးလိုက်၏။ "အဖေစိတ်ချပါ။ ကျွန်မ အစ်ကိုကြီးကို ကောင်းကောင်း ဂရုစိုက်ပေးပါမယ်"

လင်းရီသည် မရယ်မောဘဲ မနေနိုင်အောင်ဖြစ်သွားပြီး လင်းစွေ့၏ ခေါင်းလေးကို အသာအယာ လှမ်းပုတ်ပေးလိုက်၏။

လင်းစွေ့သည် ယောင်ရှီ၏ လွှမ်းမိုးမှုကို မခံရသည်ကို တွေ့မြင်ရသည်တွင် လင်းချန်သည်လည်း စိတ်ချသွားပြီး ဖွင့်ဟကာ မေးလိုက်တော့၏။ "အဖေ ခဏနေ နန်းတော်ထဲကို တစ်ခေါက်ဝင်ရဦးမယ်။ သမီးရဲ့အစ်ကိုကြီးလည်း တာဝန်သွား ထမ်းဆောင်ရဦးမယ်။ သမီးကရော ..."

လင်းစွေ့သည် မျက်လုံးကိုပင့်လိုက်ပြီး သိပ်မဝေးလှသည့်နေရာက အားချန်ကို တွေ့လိုက်ရ၏။ သူမက အားချန်ကို လက်ဝှေ့ယမ်းပြလိုက်ပြီးမှ ပြောလာလေသည်။ "ကျွန်မသူငယ်ချင်းနဲ့ အပြင်ထွက်ပြီးတော့ စိတ်အပန်းဖြေ လိုက်ဦးမယ်။ အိမ်ကို စောစော ပြန်လာခဲ့ပါမယ်"

ပြောပြီးသွားသည်နှင့် သူမသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ငါ့မှာလည်း ရင်ဖွင့်စရာ သူငယ်ချင်းတစ်ယောက် ရှိလာပြီပဲ။ မသိလိုက်ဘာသာနဲ့ ကိစ္စတွေ အများကြီး ပြောင်းလဲသွားခဲ့တာပဲ။

"ကောင်းပြီလေ" လင်းချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "သမီးက အစေခံမလေးတွေကို ခေါ်ပြီး အပြင်ထွက်ရတာ မကြိုက်မှန်း အဖေ သိပါတယ်။ အဖေက သမီးကို အစောင့်နှစ်ယောက် ထားခဲ့ပေးမယ်။ မတော်တဆ တစ်ခုခုဖြစ်ရင် သုံးလို့ရတာပေါ့"

လင်းစွေ့သည် မလိုအပ်ကြောင်း ပြောချင်လိုက်သော်ငြားလည်း ရှန့်ကျင်းတွင် အမျိုးသမီး တစ်ယောက်တည်း အပြင်ထွက်လျှင်ပင် မတော်တဆမှုများ ဖြစ်ပွားလေ့မရှိသလောက် ရှားပါးလေသည်။ သူမသည် ယခင်က စစ်သူကြီးအိမ်တော်တွင် မနေချင်သဖြင့် မကြာခဏ တစ်ယောက်တည်း အပြင်ထွက် လည်ပတ်လေ့ရှိတတ်၏။

သို့သော်ငြား ခဏလောက် စဉ်းစားလိုက်ပြီးမှ သူမ၏ လင်းချန်၏ စေတနာကို မငြင်းပယ်လိုက်တော့ပေ။ "ဒါဆိုရင် လောလောဆယ်တော့ သူတို့ကို ကျွန်မနောက် လိုက်ခိုင်းလိုက်ပါမယ်။ ကျွန်မရဲ့ ကျင့်ကြံခြင်း အောင်မြင်သွားတဲ့ အချိန်ကျရင်တော့ မလိုလောက်တော့ပါဘူး။

လင်းချန်က ရယ်မောလိုက်တော့သည်။ "ကောင်းပါပြီ။ ဒါဆိုရင်တော့ သမီး ကြိုးစားမှဖြစ်မယ်"

လင်းချန်တို့ သားအဖ ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက် ပြီးနောက်တွင် လင်းစွေ့သည် အားချန်ဆီသို့ မြန်မြန်လျှောက်လာ လေတော့သည်။

...

All Chapters