ပျင်းလွန်းလို့ ဝတ္ထုစာအုပ်ဖတ်ဖို့ လိုနေတဲ့သူက ဘယ်သူလဲ ...
Vol. 7 Ch. 63
လင်းစွေ့သည် အားချန်က ပုံပြင်နားထောင်ဖို့ရန် လက်ဖက်ရည်ဆိုင်သို့ သွားမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူမသည်လည်း အားချန် နှင့်အတူ လိုက်လာလေသည်။
နှစ်ယောက်သားသည် လမ်းနှစ်လမ်းကို ကျော်လာပြီးနောက်တွင် တင်းရှန်း လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိလာခဲ့ကြ၏။ အားချန်ကတော့ ယခင်က ဒီနေရာသို့ ရောက်ခဲ့ဖူးသဖြင့် တော်တော်လေး ရင်းနှီးလို့နေသည်။
သူမက ဒုတိယထပ် ဝရန်တာဘေးက စားပွဲတစ်လုံးကို တောင်းဆိုလိုက်ပြီး ထိုနေရာမှနေ၍ အောက်ဘက်က ပုံပြောသူကိုလည်း တွေ့မြင်နိုင်သလို မြင်ကွင်းကလည်း ရှင်းလင်းလှပေသည်။
ဒီနေရာတွင် ပုံပြောနေကျ ပုံပြောဆရာနှစ်ယောက်ရှိပြီး တစ်ယောက်မှာ လူကြီးဖြစ်ကာ တစ်ယောက်မှာ လူငယ်လေးဖြစ်သည်။ လူကြီးကတော့ ရှေးခေတ်နှင့် လက်ရှိခေတ် ဆန်းကြယ်ဖြစ်ရပ်များကို ပြောကြားရာတွင် ကျွမ်းကျင်ပြီး လူငယ်လေးကတော့ သဘာဝလွန်ထူးဆန်းသည့် ပုံပြင်များကို ပြောကြားရာတွင် ကျွမ်းကျင်လေသည်။ ဒီနေ့၏ပုံပြောသူကတော့ အသက်ကြီးသူဖြစ်၏။
အားချန် နှင့် လင်းစွေ့တို့ ထိုင်ချလိုက်ချိန်တွင် ထိုလူကြီးက ပုံပြင်ပြောနေသည်မှာ အချိန်အတော် ကြာမြင့်နေပြီဖြစ်၏။ သူမသည် စကားနည်းနည်းပါးပါးကို အာရုံစိုက်ကာ နားထောင်လိုက်သည်။ လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ကျွမ့်ယွမ် တစ်ဦး အကြောင်းကို ပြောပြနေခြင်း ဖြစ်လေသည်။ ပုံပြောဆရာကြီးက ထိုသူ အသက်၁၆နှစ် သားအရွယ်တွင် ကျဲယွမ် အဆင့်ကို အောင်မြင်ခဲ့ပြီး မြို့တော်ကို တုန်လှုပ်စေခဲ့တာ ဒေသခံမျိုးရိုးမြင့် အိမ်တော်သို့ အိမ်ထောင်ဘက် သမက်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရလုနီးပါး ဖြစ်ကြောင်းပြောပြလေသည်။
သူမက အောက်ဘက်ကို ငုံ့ကြည့်လိုက်သည်တွင် အောက်ဘက်တွင် ရှိနေကြသူများကလည်း ထို ကျွမ့်ယွမ်၏ အသက်အရွယ် အပေါ် ကန့်ကွက်သူ တစ်ယောက်မှ မရှိသည်ကို တွေ့လိုက်ရသဖြင့် ဒီအဖြစ်အပျက်က ဆယ်ပုံပုံလျှင် ရှစ်ပုံ လောက်တော့ အမှန်ဖြစ်ပေလိမ့်မည်။
ငါ ၁၆ နှစ်တုန်းက တောင်ပေါ်မှာ တခြားမြေခွေးပေါက် ကလေးတွေနဲ့ အမွေးတွေ အပြန်အလှန် ဆွဲနုတ်ပြီး မျက်နှာကိုလည်း ကုတ်ခြစ်နေတုန်းပဲ။ ဒီလူကတော့ တစ်ချက်တည်းနဲ့ အရာရှိတစ်ယောက် ဖြစ်လာခဲ့တယ်။ လူသားတွေက တစ်ခါတလေကျတော့လည်း တော်တော်ကြောက်ဖို့ ကောင်းတာပဲ။
အားချန်သည် ကိုယ်ကိုလှည့်ကာ စားပွဲထိုးကိုလှမ်းပြီး နှမ်းရွက် လက်ဖက်ရည်တစ်အိုးနှင့် ဇီးသီးချဉ် လက်ဖက်ရည်တစ်အိုးကို မှာယူလိုက်၏။ သူမသည် အသီးခြောက်တစ်ပန်းကန်နှင့် ကျွမ်းယွမ မုန့် တစ်ပန်းကန်ကိုလည်း မှာယူလိုက်သေးသည်။
စားပွဲထိုးက သောက်စရာကို ယူလာရုံသာရှိသေးသည်။ အောက်ဘက်မှနေ၍ လူတစ်ယောက် ရုတ်တရက် အော်ပြောလာသည်ကို ကြားလိုက်ရ၏။ "အထူးဧည့်သည်တော်ကြီးက ဆရာကြီးဝူကို ငွေစ ၁၀ လျန် ဆုချပါတယ်"
ငွေ ၁၀ လျန်သည် ပုံပြောသူအတွက် များပြားသည့် ဆုလဘ်တစ်ခု ဖြစ်လေသည်။ သိမ်မွေ့လှသည့်လူကြီးက ချက်ချင်းထ ရပ်လိုက်ကာ သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး သူ့လက်နှစ်ဖက်ကိုဆန့်ကာ ပြောလိုက်သည်။ "ဆုချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်း နားထောင်ချင်တဲ့ ပုံပြင်များရှိသလားမသိဘူး"
ဒါသည် လက်ဖက်ရည်ဆိုင်၏ စည်းမျဥ်းဖြစ်လေသည်။ အကယ်၍ ဆုအကြီးကြီးတစ်ခု ရှိလာခဲ့လျှင် တစ်ဖက်လူသည် နားထောင်ချင်သည့်ပုံပြင်ကို အထူးတလည် တောင်းဆိုနိုင်သည်။
"ဆရာကြီးဝူ စစ်ပွဲတစ်ရာ စစ်နတ်ဘုရား မှတ်တမ်းဆိုတာကို ဖတ်ဖူးလား" စကားပြောလာသူမှာ လူချမ်းသာလို ဝတ်စားထားသည့် လူငယ်လေး တစ်ယောက်ဖြစ်ပြီး ပုံစံကလည်း အနည်းငယ် ပိုပြီးချမ်းသာ ကြွယ်ဝပုံရသည်။ သူသည် ပုံပြောသူ၏ စားပွဲနှင့် အနီးကပ်ဆုံးစားပွဲတွင် ထိုင်နေသည်။ သူ့နောက်တွင်တော့ မျက်နှာသေရုပ်နှင့် ကိုယ်ရံတော် နှစ်ယောက်က ရပ်လို့နေ၏။ သူသည် တစ်မူထူးခြားသည့် အဆင့်အတန်းတစ်ခု ရှိရပေမည်။
ပုံပြော ဆရာကြီးကလည်း ချက်ချင်းဆိုသလို ခေါင်းငြိမ့်ပြလိုက်ကာ "ကျွန်တော် အရင်တုန်းကတော့ ကြားဖူးပါတယ်။ နားထောင်ချင်လို့လား"
သခင်လေးက သူ့လက်ထဲက ယပ်တောင်ကို လှုပ်ရှားလိုက်ကာ "မဟုတ်ဘူး။ ကျွန်တော်က အဲဒီနောက်က ထုတ်ဝေထားတဲ့ လက်စားချေခြင်းမှတ်တမ်းဆိုတာကို ဖတ်ရတာ ပိုကြိုက်တယ်"
ဒီနာမည်ကို ကြားလိုက်ရသည်တွင် နောက်ဆက်တွဲ ထောက်ခံသံကြီး တစ်ခုသည်လည်း ထွက်ပေါ်လာတော့သည်။ "အမှန်ပဲ။ လက်စားချေခြင်း မှတ်တမ်းရဲ့ ဇာတ်လမ်းအစက အတက်အကျတွေနဲ့ ဆက်တိုက်ဆိုသလို သံသယတွေ ဖော်ထုတ်လာခဲ့တာ။ စစ်ပွဲတစ်ရာနတ်ဘုရား ဇာတ်လမ်းနဲ့ နေ့တိုင်းတိုက်ခိုက်တဲ့သူနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သူ့မြေးရဲ့ဇာတ်လမ်းက ပိုပြီးဆွဲဆောင်မှုရှိတယ်"
တချို့သူများက လက်မခံဘဲ ချက်ချင်းဆိုသလို ပြန်လည်ချေပကြလေသည်။ "မင်းတို့တွေ ဘာမှမသိသေးတာပဲ ဖြစ်ရမယ်။ ဒါပေါ့လေ။ စစ်မှန်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ စစ်မြေပြင်ကို သွားရမှာပေါ့။ သူ့ရဲ့သားနဲ့ မြေးတွေဆိုတာက ဘာမှသုံးစားမရဘူးလေ။ ရှက်ဖို့ကောင်းတယ်"
"ဒါကိုရှက်စရာ ကောင်းတယ်လို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ။ ဒီလိုကိစ္စမျိုးက လူချမ်းသာတွေကြားမှာ ဖြစ်နေကြပဲလေ။ ဒါကိုပဲ လက်တွေ့ကျတယ်လို့ ခေါ်ကြတာ။ ခင်ဗျားက ခင်ဗျားရဲ့ အဆင့်အတန်းကိုဒီအတိုင်းပဲ ရှုံ့ချနေသလို ဖြစ်နေပါပြီ"
အောက်ကလူများ၏ စကားပြောဆို ငြင်းခုံသံကို ကြားလိုက်ရပြီးနောက်တွင် ထိုသခင်လေးကလည်း စိတ်ဆိုးဒေါသ ထွက်ခြင်းမရှိဘဲ သူ့အသံကို အနည်းငယ် မြင့်လိုက်၏။ "ဆရာကြီးဝူက အတိတ်နဲ့ ပစ္စုပ္ပန်ကာလနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကျွန်တော် သိချင်တာက လူကြီးမင်းက လက်စားချေခြင်းမှတ်တမ်းကို စစ်ပွဲတစ်ရာ စစ်နတ်ဘုရားရဲ့ မိသားစုနဲ့ ဆက်စပ်ပြီးတော့ ပြောဆိုနိုင်မလား"
"သခင်လေးက နည်းနည်းတော့ ရှေ့ကြိုရောက်နေပါပြီ။ လက်စားချေခြင်း မှတ်တမ်းက လက်ရှိအခြေအနေကို ဖော်ပြနေတယ်လို့ ဘယ်လိုလုပ်ပြီး သိတာလဲ" လူတချို့သည် ဒီသခင်လေးက ပုံပြောဆရာကို အရှက်ခွဲနေသည်ဟု ထင်ကြသဖြင့် မနေနိုင်ဘဲ ဝင်ပြောပေးကြတော့သည်။
"ကျွန်တော်ကလည်း ဒီအတိုင်းပဲ သိထားလို့ပါ" လူငယ်လေးက ပြုံးကာဘာမှ မပြောလိုက်ချေ။ ကံဆိုးချင်တော့ သူ၏ပြည့်ဖောင်းဖောင်း မျက်နှာသည် လျို့ဝှက်ဆန်းကြယ်နေသည့် အလွှာတစ်ခု ပျောက်ဆုံးနေကာ ပျော်ရွှင်မှုအနည်းငယ် ပါဝင်လို့နေသည်။
ပုံပြောဆရာကြီးက သူ့အတွက် ပြောဆိုပေးခဲ့သည့် ဧည့်သည်ဘက်သို့ အနည်းငယ်ခေါ င်းငြိမ့်ပြလိုက်ပြီး သူ့မုတ်ဆိတ်မွေးကို သပ်ကာ ခဏလောက် တွေးတွေးဆဆ ဖြစ်ပြီးသွားမှ ထပ်ပြောလိုက်၏။ "ကျွန်တော်ကလည်း နည်းနည်းလောက်ပဲ ခန့်မှန်းပေးနိုင်တာပါ။ အထူးဧည့်သည်တော်ကြီးနဲ့ ဒီကနားထောင် ပေးကြတဲ့ သူတွေအားလုံးက ဒီအတိုင်း စိတ်ပျော်ရွှင်ရုံသက်သက်ပဲ နားထောင်ပေးကြပါ"
"ခင်ဗျားက တကယ် သိတာလား။ အဘိုးကြီး ပြောသာပြောပါ။ နားထောင်ပါ့မယ်"
နောက်ထပ် စကားဝိုင်း တစ်ခုသည် တဖြည်းဖြည်း အသက်ဝင် စည်ကားလာချိန်တွင် လင်းစွေ့က အားချန်ကို တိုးတိုးတိတ်တိတ် မေးမြန်းလိုက်၏။ "သူတို့တွေ ပြောနေတဲ့ လက်စားချေခြင်း မှတ်တမ်းဆိုတာ ဘာအကြောင်းလဲ"
အားချန်ကလည်း လက်စားချေခြင်း မှတ်တမ်းဝတ္ထုအကြောင်းကို လင်းစွေ့အား အတိုချုပ်ပြောပြလိုက်လေသည်။ လင်းစွေ့သည် ယခင်ကပုံပြင်စာအုပ်ကို တစ်ခါမှမဖတ်ခဲ့ဖူးချေ။ သို့သော်ငြား သူမသည် စာတော့ဖတ်တတ်လေသည်။ သူမသည် ဝတ္ထုအကြောင်းအရာကို တော်တော်လေး စိတ်ဝင်စားသွားပြီး အိမ်အပြန်လမ်းတွင် လက်စားချေခြင်းမှတ်တမ်းစာအုပ် တစ်အုပ်လောက် ဝယ်ရမည်ဟု စဉ်းစားထားလိုက်တော့၏။
နှစ်ယောက်သား စကားပြောနေကြ ချိန်မှာပင် ဆရာကြီးဝူသည် ပြန်ပြီးထိုင်ချလိုက်ပြီးဖြစ်၏။ သူက တူငယ်လေးကို ခေါက်ကာပြောလာသည်။ "ကျွန်တော် နောက် ပြောမယ့်စကားကတော့ ဒီအတိုင်း အဘိုးကြီး တစ်ယောက်ရဲ့ စကားတွေ သက်သက်ပါပဲ။ တကယ်လို့ မှားယွင်းတာတွေ ရှိမယ်ဆိုရင်လည်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ"
ထိုနောက်တွင်တော့ သူသည် လည်ချောင်းကိုရှင်းကာ စတင်ပြောလေသည်။ "အားလုံးလည်း သိကြတဲ့အတိုင်းပါပဲ။ စစ်ပွဲတစ်ရာ စစ်နတ်ဘုရားကြီးက မြို့တော်ကို ပြန်ရောက်လာပြီးတဲ့နောက်မှာ မြို့စားရာထူး အပ်နှင်းခံခဲ့ရတယ်။ တကယ်လို့ ဒီစာအုပ်ရဲ့ စာရေးဆရာကသာ ခေါင်းစဉ်ကို သူ့စိတ်တိုင်းကျ မတပ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ စဉ်းစားမှုနယ်ပယ်ကို ချုံ့ကြည့်လိုက်လို့ရတယ်။ လက်ရှိမင်းဆက်မှာ ယခင်မြို့စားကြီးကို ဆက်ခံလာခဲ့တဲ့ မြို့စားလေးယောက်ရှိတယ်။ ယင်းမြို့စား၊ လီမြို့စား၊ ရွှီမြို့စားနဲ့ စုန့်မြို့စား တို့ပါပဲ။
ဒီနေ့ခေတ်အခါမှာ ဒီဆက်ခံသူ လေးယောက်စလုံးရဲ့ ဖခင်တွေ အားလုံးက စစ်ပွဲအကျိုးဆောင် မှုတွေကနေ သူတို့ရဲ့ ဘွဲ့ထူးတွေကို ရရှိလာခဲ့တာ။ ကျွန်တော်တို့တွေကတော့ အဖေကိုမကြည့်ဘဲနဲ့ ကလေးကိုပဲ ကြည့်ပြီးတော့ပြောပါမယ်။
ယင်းမြို့စားမှာ သားရောသမီးရော ရှိကြတယ်။ ဒါပေမဲ့ အခုလောလော ဆယ်တော့ တရားဝင်သား တစ်ယောက်ပဲရှိတယ်။ ဒါက စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အခြေအနေနဲ့ ဆင်တူနေတယ်။ ဒီတော့ ဒီကိစ္စကို နောက်မှပဲအသေးစိတ် ခွဲခြမ်းစိတ်ဖြာကြမယ်။
ထပ်ပြီးတော့ လီမြို့စားကို ကြည့်ရအောင်။ လီမြို့စားရဲ့ အိမ်တော်မှာတော့ တရားဝင်သား သုံးယောက်ရှိတယ်။ ပထမသားနှစ်ယောက်က စာပေပညာမှာရော စစ်ပညာမှာရော ဗဟုသုတရှိကြတယ်။ နှစ်ယောက်စလုံးကလည်း စစ်တပ်ကိုဝင်ထားကြတယ်။ ဒါက လက်စားချေခြင်း မှတ်တမ်းနဲ့ နည်းနည်းလေးတော့ ကွဲပြားနေတယ်။ ဒါပေမဲ့ မြို့စားလီရဲ့ ဇနီးကလည်း ငယ်ငယ်ကတည်းက ငယ်ငယ်လေးနဲ့ ဆုံးပါးသွားခဲ့တာ။ ဒီကိစ္စကို တစ်ချက်လောက် မှတ်ထားကြရအောင်။
ကျွန်တော့် တစ်ကိုယ်စာ အတွေးအရဆိုရင်တော့ ရွှီ မြို့စားက စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဇာတ်လိုက်နဲ့ လုံးဝမတူတဲ့ တစ်ယောက်ပဲ။ အားလုံးလည်း သိကြပါတယ်။ ရွှီမြို့စားနဲ့သူ့ရဲ့ဇနီးက ငယ်ကျွမ်းဆွေတွေ။ အိမ်မှာ ဒုတိယဇနီးလည်းမရှိသလို ကိုယ်လုပ်တော်တွေလည်း မရှိဘူး။ ဒီအပြင် ရွှီမြို့စားရဲ့ သားဖြစ်သူကလည်း ကျင့်ကြံရေးမှာ ပါရမီမပါဘူး။ သူက စီးပွားရေး လုပ်ငန်းမှာတော့ အရမ်းအရည်အချင်းရှိတယ်။ ဒါကစာအုပ်နဲ့ လုံးဝကို ကွာခြားနေတယ်။
"နောက်ဆုံး တစ်ယောက်ဖြစ်တဲ့ စုန့် မြို့စားကတော့ ..."
ပုံပြောဆရာက ခဏလောက် ရပ်လိုက်သည်တွင် တစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့် ချက်ချင်းဆိုသလို အော်ပြောလာ တော့သည်။ "ပြောပြစမ်းပါဦး။ စုန့် မြို့စားက ဘာဖြစ်တာလဲ"
"စုန့် မြို့စားရဲ့တရားဝင် ဇနီးသည်ကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တာ။ စုန့် မြို့စားရဲ့ အကြီးဆုံးသားက သူ့ကိုမွေးပြီး သိပ်မကြာခင်မှာပဲ ဆက်ခံသူအဖြစ် သတ်မှတ်ခံခဲ့ရတယ်" ထိုလူကြီးသည် စကားသာပြောနေပြီး အောက်ကလူများကလည်း ငြိမ်သက်လို့နေသည်။ သူတို့အားလုံးသည် တစ်ခုခုတော့ လွဲနေပြီဟု သိလိုက်ကြတော့၏။
"ဒီအပြင် စုန့်မြို့စားကြီးက သူ့ရဲ့တရားဝင်သားအတွက် နောက်အိမ်ထောင် လုံးဝမပြုခဲ့ဘူး။ ဒါပေမဲ့ သူ့ရဲ့ကိုယ်လုပ်တော်ကိုပဲ သူ့ရဲ့အကြီးဆုံးသားကို ပြုစုစောင့်ရှောက်ခိုင်းထားခဲ့တယ်။ နောက်ပိုင်းကျတော့ အဲဒီကိုယ်လုပ်တော်ကို ဒုတိယဇနီး တင်မြှောက်လိုက်ပြီး နောက်ပိုင်းနှစ်တွေကြာတဲ့အခါ သူ့ရဲ့သားအရင်းကို မွေးပေးခဲ့တယ်။ စုန့်မြို့စားရဲ့ အကြီးဆုံးသားက အားလုံးချီးကျူးရတဲ့ သိုင်းပညာမှာပါရမီရှိတဲ့ သူတစ်ယောက်ပဲ။ သူက မနှစ်တုန်းကတောင် အဆင့်၃နယ်ပယ်ကို ထိုးဖောက်နိုင်သွားပြီ။ သိပ်မကြာခင်တုန်းကလည်း ကျန်းပေမြို့စားရဲ့နေရာကို အစားထိုးဝင်ယူလာပြီး ရှီးလင်စစ်တပ်အာဏာကို လက်လွှဲယူထားတယ်။ အခု သူက ရှီးလင်မှာ စစ်တပ်ကို တာဝန်ယူပေးထားတယ်"
အောက်ဘက်က ဆွေးနွေးသံများကလည်း တဖြည်းဖြည်းပိုပြီး ကျယ်လောင်လို့လာသည်။ "ဟာ။ ဒါက လက်စားချေခြင်းမှတ်တမ်းနဲ့ တစ်ပုံစံတည်းပဲ မဟုတ်ဘူးလား"
"ငါလည်းစာအုပ်ကို ဖတ်တုန်းက တစ်ခုခုလွဲနေတယ်လို့ ခံစားမိတာ။ ဒါက စုန့် မြို့စားမင်းဖြစ်နေတာကိုး"
"သဘောက ... စုန့် မြို့စားမင်းရဲ့ ဆက်ခံသူက အတုလို့ ပြောချင်တာ မဟုတ်ဘူးလား"
"ဒါက အလိမ်အညာ တစ်ခုတော့ မဟုတ်ဘူးလေ။ စာအုပ်ထဲမှာလည်း ပြောထားတယ် မဟုတ်လား။ သူ့ကို အဲဒီကိုယ်လုပ်တော်ကနေ မွေးခဲ့တာဆို။ သူက ကိုယ်လုပ်တော်က မွေးတဲ့သားဆိုပေမယ့်လည်း မြို့စားကြီးရဲ့သားအရင်းပဲလေ"
"တရားဝင်သားနဲ့ ကိုယ်လုပ်တော်ကမွေးတဲ့သားကို လှဲလှယ်လိုက်တယ်။ အဲဒါ ဘယ်သူလုပ်တာလဲ"
"ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ဟိုကိုယ်လုပ်တော်မိသားစုပေါ့။ တစ်ယောက်က မြို့စားကြီးရဲ့ တရားဝင်သား ဖြစ်သွားတယ်။ ကျန်တဲ့တစ်ယောက်ကတော့ မြို့စားကတော် ဖြစ်သွားတယ်။ ဒါက မေးစရာလိုသေးလို့လား"
"ပေါင်မုဆရာကြီးက မြို့စားကြီးရဲ့ မိသားစုအရေးကိစ္စကို ဘယ်လိုသိနေတာလဲ ဆိုတာကို စိတ်ဝင်စားသင့်တာ မဟုတ်ဘူးလား"
"ခင်ဗျားတို့ အခုထိ သဘောပေါက်ကြသေးဘူးလား။ ပေါင်မုဆိုတာ စုန့် ဆိုတဲ့စကားလုံးကို ခွဲထားတာပဲလေ။ စာရေးဆရာ ပေါင်မုရဲ့နောက်ကြောင်းကတော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ ..."
စင်အောက်က ငြင်းခုံသံများကို တားဆီးမရနိုင်သည်ကို မြင်ရသည်တွင် ပုံပြောဆရာကလည်း သစ်သားတူငယ်လေးကို ရိုက်ကာ သတိပေး လိုက်လေသည်။ "ပရိသတ်ကြီးတို့ စိတ်ထဲမှာ ထင်ကြေးတွေ ရှိလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ လက်စားချေခြင်း မှတ်တမ်းစာအုပ်ထဲက အကြောင်းအရာက အမှန်မသိရသေးပါဘူး။ အားလုံးပဲ ဒါကို အမှန်တရားလို့ မမှတ်ယူကြတာ။အကောင်းဆုံးပါပဲ"
"ဆရာကြီးပြောတာ ကောင်းလိုက်တာ။ ထပ်ပြီးဆုချဦးမယ်" ထိုလူငယ်လေးသည် ပုံပြောစရာကြီး၏ သုံးသပ်ချက်ကို အလွန်ကျေနပ်သွားဟန်တူပြီး ငွေ ၁၀ လျန် ထပ်မံဆုချလိုက်ပြန်သည်။
သို့သော်ငြား ယခုအချိန်တွင် ငွေအကြောင်း ဘယ်သူမှ အာရုံမစိုက်နိုင်သည်ကတော့ နှမြောစရာပင်။ လူအများ ပိုပြီးစိတ်ဝင်စားသည်မှာ စုန့် မြို့စားအိမ်တော်က မြို့စား၏သားသည် အမှန်တကယ် လဲလှယ်ခံရခြင်း ဟုတ် မဟုတ်သာ ဖြစ်တော့သည်။
အမှန်တရားသာဆိုလျှင်တော့ တကယ်ကို ကိစ္စအကြီးကြီး ဖြစ်ပေတော့မည်။
အားချန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်ငြားလည်း လင်းစွေ့ ကတော့ ဆွံ့အ သွားတော့၏။
လင်းစွေ့သည် ပြီးခဲ့သည်နှစ်နှစ်အတွင်း မြို့စားအိမ်တော်၏ စားသောက်ပွဲကို တစ်ခါမှ မတက်ရောက်ခဲ့ဖူးချေ။ သူမသည် မြို့စားကြီးလေးဦး၏ အိမ်တော်များ အကြောင်းကိုလည်း ကောင်းကောင်းမသိချေ။ သို့သော်ငြား စုန့် မြို့စားကြီး၏ သားအကြီးဆုံးက သိပ်မကြာခင်က ရှီးလင်ကို သွားခဲ့ပြီး သူမအဖေ၏ အထက်အရာရှိဟုပင် ပြောလို့ရလေသည်။ မနေ့ညကလည်း သူမ၏အဖေနဲ့ အစ်ကိုကြီးတို့က ထမင်းစားရင်း ထိုလူအကြောင်း ပြောခဲ့ကြသေးသည်။
ထိုအချိန်က သုံးယောက်သားသည် စားပွဲတစ်ခုတည်းတွင် ထမင်းထိုင်စားနေကြပြီး တခြားလူလည်း မရှိချေ။ သူမ၏အဖေက ရှီးလင်ကို ပြန်ရောက်ပြီး အိမ်ကိစ္စကို မည်သို့စီမံမည့်အကြောင်း ပြောပြနေခဲ့သည်။ အစ်ကိုကြီးကလည်း ရှီးလင်တွင် စစ်သည်များ၏ စိတ်ဓာတ်တည်ငြိမ်အောင် မြို့စားမင်း၏သား ရောက်နေပြီးသားဖြစ်၏။ အရှင်မင်းကြီးက အဖေဖြစ်သူကို အဘယ်ကြောင့်အလျင်စလို ပြန်သွားခိုင်းရပါသနည်းဟုပင် ပြောဆိုနေသေးသည်။
သူမ၏အဖေဖြစ်သူကလည်း ပညာသားပါပါဖြင့် ပြောပြခဲ့၏။ မြို့စား၏ဆက်ခံသူ၏ သိုင်းပညာသည် အံ့ဩစရာကောင်း သော်ငြားလည်း ဖြစ်ချင်တော့ သူသည် စစ်တပ်တစ်ခုကို ဦးဆောင်ဖို့ရန် မသိသေးချေ။ သူ၏ စိတ်နေစိတ်ထားကလည်း အနည်းငယ် မာကျောသေးသည်။ အရှင်မင်းကြီးက သူ့ကို ပြန်လာခိုင်းပြီး အရည်အချင်း သွေးပေးချင်သေးသည် ဟူ၍။
ထိုအချိန်က လင်းစွေ့သည် ဒီအတိုင်းနားထောင်ခဲ့ပြီး အရှင်မင်းကြီးက စုန့် မြို့စား၏ဆက်ခံသူကို လေ့ကျင့်ပေးဖို့ရန် စီစဉ်နေသည်ဟုသာ စဉ်းစားမိလိုက်၏။ ဖြစ်ချင်တော့ စုန့် မြို့စား၏ ဆက်ခံသူသည် အရှင်မင်းကြီးကို ကျေနပ်အောင် မပြုလုပ်နိုင်ခဲ့ချေ။ ရလဒ်အနေဖြင့် တစ်ဖက်လူသည် သားအတု ဖြစ်နိုင်သည်ဟုပင် ယနေ့လက်ဖက်ရည်ဆိုင်က သတင်းက ထိတ်လန့်ဖွယ်ရာဖြစ်အောင် ကြားခဲ့ရသေးသည်။
အားချန်က ပုံပြင်နားထောင်ဖို့ လက်ဖက်ရည်ဆိုင် လာတာလည်း မဆန်းတော့ပါဘူး။ နေ့တိုင်း ဒီလိုအံ့သြစရာကောင်းတဲ့ ပုံပြင်တွေကို နားထောင်နေရတာ သူမသာဆိုရင်လည်း နားထောင်ချင်မှာပဲလေ။
"ဒါက အမှန်တရား ဖြစ်နိုင်တယ်လို့ ရှင် ထင်လား" လင်းစွေ့သည် ရှေ့သို့ ကုန်းလိုက်ကာ လေသံတိုးတိုးဖြင့် အားချန်ကို မေးလိုက်၏။
အားချန်လည်း မသိပေ။ စစ်ပွဲတစ်ရာ စစ်သူကြီး မှတ်တမ်းစာအုပ်ကို စုန့် မြို့စားကြီး၏ ဘိုးဘေးအကြောင်းအရာကို အခြေခံထားသည်ဟု ယခင်က စုန့်ယန့် ထံမှ ကြားသိခဲ့ဖူးလေသည်။ သူမကလည်း ထိုသို့ပင် လက်ခံထားခဲ့၏။
ယခုအချိန်တွင်တော့ လက်စားချေခြင်းမှတ်တမ်း ဇာတ်လမ်းသည် သူ၏မျိုးဆက်ကို အခြေခံထားရာသာမက လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက် တစ်ခုဖြစ်သည်ဟု ပြောလာလျှင်တော့ မည်သူက ယုံရဲပါမည်နည်း။
"စုန့် မြို့စားက ဒီဇာတ်လမ်းစာအုပ်ကို ဖတ်ဖူးရဲ့လားတော့ မသိဘူးနော်။ သူ့သားနှစ်ယောက် အလဲခံလိုက်ရတာကို သိသွားရင် သူ့ရဲ့သားအရင်းကို ပြန်သွားရှာမလားပဲ" လင်းစွေ့က တွေးတွေးဆဆ လေးပြောလိုက်၏။
မိမိကိုယ်တိုင်လို တမင်တကာ အဝေးသို့ ပို့ဆောင်ခံရသူနှင့် နှိုင်းယှဉ်ကြည့်လျှင် အမှန်တကယ် ဆက်ခံသူဖြစ်သင့်ပါလျက် အစားထိုးခံလိုက်ရသည့် ထိုမြို့စားအိမ်တော်၏ တရားဝင်သားကပင် ပိုပြီးကံဆိုးသည်ဟု ထင်မိလေသည်။
အားချန်သည် မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ပြီးပြောလေ၏။ "ဒါပေမဲ့ အခုလက်ရှိ ဆက်ခံသူရဲ့နေရာက အရမ်းကို ခိုင်မာနေပြီ။ ပြီးတော့ သူက သိုင်းပညာပါရမီရှင် တစ်ယောက်။ ဟိုတရားဝင်သားကို ပြန်ရှာတွေ့ပြီးရင်ရော ဘယ်လိုနေထိုင်ကြမှာလဲ။ ထပ်ပြောရမယ်ဆိုရင် စာအုပ်ထဲမှာ ဆက်ခံသူက တရားဝင်သားကို လုပ်ကြံဖို့ လူလွှတ်လိုက်တယ်လို့ ပြောထားတယ်လေ။ အဲဒီလူက အသက်ရှင်သေးရဲ့လားတောင် မသိဘူး"
"သေချာပေါက် အသက်ရှင်မှာပါ။ မဟုတ်ရင် ဒီဇာတ်လမ်းကို ဘယ်လိုရေးနိုင်မှာလဲ။ ကျွန်မ ထင်ထားတာတော့ သူတို့ပြောနေတဲ့ ပေါင်မုဆရာဆိုတာ အဲဒီ တရားဝင်သား ကိုယ်တိုင်ပဲ ဖြစ်ရမယ်" လင်းစွေ့သည် အောက်ထပ်က လူအများ၏ဆွေးနွေးချက်ကို နားထောင်ရင်း အားချန်ကို ပြောလိုက်၏။
"ဒါဆိုရင် သူက ရှန့်ကျင်းမှာ ရှိနေတာပေါ့။ ငါတို့တွေက မြို့စားကြီးက သားတစ်ယောက်ကို ကြိုဆိုတာကို မကြာခင်တွေ့ရတော့မှာလား"
အားချန်သည် ချက်ချင်းဆိုသလို စိတ်ဝင်စားသွားတော့သည်။ သူမသည် နောက်နှစ်ရက်အတွင်း မင်ကျင့်စီး၏ တံခါးဝတွင် ပိုင်လူကြီးမင်းကို "တိုက်တိုက်ဆိုင်ဆိုင်" တွေ့ဆုံရန် သို့မဟုတ် သူ့အိမ်တော်သို့ အလည်အပတ် သွားရောက်ရန် စဉ်းစားမိလေတော့သည်။
ပိုင်လူကြီးမင်းရဲ့ အိမ်နီးချင်း စုန့်မြို့စားက ဆွေမျိုးတော်စပ်ပွဲ လုပ်တဲ့မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ရဖို့ အခွင့်အရေးရလောက်တယ်။
.
အောက်ထပ်တွင် စကားစတင်ခဲ့သည့် လူငယ်လေးသည် သူ့လူများကို ဦးဆောင်ကာ လက်ဖက်ရည်ဆိုင်က ထွက်ခွာသွားသည်ကို အားချန် တစ်ယောက် သတိပြုမိလိုက်၏။ သို့သော်လည်း အောက်ထပ်က လူများသည် သူ ထွက်ခွာသွားသည်ကို ဂရုမစိုက်ကြဘဲ လက်စားချေခြင်းမှတ်တမ်းက အမှန် ဟုတ်၊ မဟုတ်နှင့် ပေါင်မုဆရာ၏ ရည်ရွယ်ချက်အကြောင်းကိုသာ အပူတပြင်း ဆွေးနွေးနေကြတော့သည်။
ဒီဇာတ်လမ်းသည် အလွန်ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းနေသဖြင့် ယနေ့တွင်တော့ လူတိုင်းသည် တခြားဇာတ်လမ်းနားထောင်ဖို့ရန် စိတ်မဝင်စားကြတော့ချေ။ ထိုကြောင့် ပုံပြော ဆရာကလည်း စောစောစီးစီးပင် ထွက်ခွာသွားလေတော့သည်။
နားထောင်စရာ ဇာတ်လမ်းများ မရှိတော့သည်ကို တွေ့ရသဖြင့် အားချန်သည် လင်းစွေ့ နှင့်အတူ ခဏလောက် ထပ်ထိုင်လိုက်ပြီး သောက်စရာ နှစ်ခွက်သောက်သုံးကာ လက်စားချေခြင်းမှတ်တမ်းကို ဝယ်ယူရန် စာအုပ်ဆိုင်သို့ အတူတူသွားရောက်ဖို့ရန် ရည်ရွယ်လိုက်ကြတော့သည်။
ဒီနေ့လက်စားချေခြင်း မှတ်တမ်းက အရမ်းရောင်းကောင်း နေလောက်ပြီ။ ဝယ်ဖို့တန်းစီ နေရလောက်တယ်။ ဒီတော့ စောစောသွားမှဖြစ်မယ်။
ရလဒ်အနေဖြင့် သူတို့နှစ်ဦးသည် စာအုပ်ဆိုင်အနီးသို့ ရောက်ရှိသွားချိန်တွင် စာအုပ်ဆိုင်တံခါးဝတွင် အစိုးရအရာရှိတချို့ ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုစာအုပ်ဆိုင်က သူဌေးနဲ့ အလုပ်သမားတို့သည် အရာရှိများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရကာ အပြင်သို့ ထွက်လာကြလေသည်။
လူအများကို အပြင်သို့ ခေါ်ထုတ်လာပြီးနောက်တွင် စာအုပ်ဆိုင်၏ တံခါးမကြီးကိုလည်း သော့ခတ်လိုက်လေသည်။ ထိုနောက်တွင်တော့ အမှုထမ်းအရာရှိများသည် တံဆိပ်စာရွက် နှစ်ရွက်ကို ကြက်ခြေခတ် ကပ်လိုက်ပြီး ထိုဆိုင်ကို တိုက်ရိုက် ချိတ်ပိတ်လိုက် ကြတော့သည်။
ထိုအရာရှိအုပ်စုသည် ပတ်ဝန်းကျင်က စူးစမ်းနေကြသည့် လူအုပ်ကို လျစ်လျူရှုကာ တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် လူများကို ခေါ်ဆောင်သွားကြတော့သည်။
လူများက ထွက်ခွာသွားကြပြီ ဖြစ်သော်ငြား အားချန်သည် ဝိုင်းအုံကြည့်ရှုနေကြသူများက လူစုမခွဲသေးသည်ကို မြင်လိုက်ရသောအခါ လင်းစွေ့နှင့်အတူ ရှေ့သို့တိုးသွားပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို စုံစမ်းမေးမြန်းလိုက်တော့သည်။
အနီးအနားက အဘိုးကြီးတစ်ဦးက အားချန်၏ မေးခွန်းကိုကြားလိုက်ရပြီး သူမကို စိတ်ရှည်လက်ရှည် ပြောပြလာလေသည်။ "ကြားရတာတော့ တားမြစ်စာအုပ်ကို ရောင်းချလို့ ချိတ်ပိတ်ခံရတာတဲ့"
"တားမြစ်စာအုပ် ဟုတ်လား" အားချန်သည် အလွန်အံ့ဩသွားတော့သည်။ "အဘိုး တားမြစ်ထားတဲ့ စာအုပ်က ဘာစာအုပ်လဲသိလား"
"လက် ... လက်စားချေခြင်းလို့ ခေါ်တယ်ထင်တာပဲ"
အားချန်၏ မျက်နှာသည် တစ္ဆေတကောင် မြင်လိုက်ရသလို ဖြစ်သွားလေတော့သည်။ "လက်စားချေခြင်း မှတ်တမ်းလား"
အဘိုးကြီးက လက်ဖဝါးခြင်းရိုက်ကာ ပြောလိုက်၏။ "ဟုတ်တယ် ဒီနာမည်ပဲ"
"ဘာလို့လဲ" အားချန်မှာ နားမလည်နိုင်အောင်ဖြစ်သွားပြီး အနည်းငယ်ပင် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ ငါ ဇာတ်လမ်းကိုတောင် အဆုံးထိ မဖတ်ရသေးဘူးလေ။ လက်စားချေခြင်း မှတ်တမ်းစာအုပ်က တားမြစ်စာအုပ် ဖြစ်သွားပြီတဲ့လား။ အနည်းဆုံးတော့ တံခါးခေါက်တဲ့သူက ဘယ်သူလဲဆိုတာ ပြောပြကြဦးလေ။
ဘယ်သူက ဒီလောက် ပျင်းစရာကောင်းနေလို့ ဇာတ်လမ်းစာအုပ်တွေကိုတောင်မှ လိုက်ပြီးပိတ်ပင်နေရတာလဲ။
အဘိုးကြီးကလည်း အကြောင်းအရင်းကို မသိချေ။ သို့သော်ငြား အနီးအနားက လူလတ်ပိုင်းအရွယ် လူငယ်လေးတစ်ဦးက ဝင်ပြောလာလေသည်။ "ဟိုအရာရှိတွေ ပြောတာကြားရတာတော့ အဲဒီစာအုပ်ကိုရေးတဲ့သူက မရိုးသားစိတ်နဲ့ စုန့် မြို့စားအိမ်တော်ကို အသရေဖျက်တာတဲ့။ စုန့် မြို့စားက ညတွင်းချင်း နန်းတော်ထဲဝင်ပြီး အရှေ့မင်းကြီးဆီကို တိုက်ရိုက်တိုင်ကြားခဲ့တာတဲ့။ ဒီစာအုပ်ကို ပိတ်ပင်ဖို့တောင်းဆိုပြီး စာရေးသူကိုလည်း အပြစ်ပေးဖို့ တောင်းဆိုထားတယ်။ အခုကြည့်လေ။ အစိုးရရုံးက အဲဒီလူကို အလိုရှိနေပြီ"
ကိုယ်ဖတ်နေတဲ့ ဝတ္ထုစာအုပ်က ပိတ်ပင်ခံရတာလောက် ပိုပြီးစိတ်ပျက်စရာရှိတာ ဘာရှိဦးမှာလဲ။ ဇာတ်လမ်းကလည်း မပြီးသေးဘူး။ အဲဒီစာကို ရေးနေတဲ့သူကလည်း ညတွင်းချင်း ဝရမ်းပြေးတစ်ယောက် ဖြစ်သွားခဲ့တယ် ...
အားချန်သည် လက်ရှိ စုန့် မြို့စားမင်းက ဘာမှအရာမထင် အောင်မြင်မှုမရှိခြင်းမှာ အကြောင်းပြချက်ရှိသည်ဟုပင် စိတ်ရင်းအမှန်ဖြင့် ခံစားမိတော့သည်။ နေ့တိုင်း ဒီလိုအရေးမပါတဲ့ အသေးအဖွဲ ကိစ္စတွေကိုပဲ ဂရုစိုက်နေတာ။ သူက ဘယ်လိုလုပ်ပြီး ကြီးကြီးမားမား ကိစ္စတွေကို လုပ်နိုင်မှာလဲ။
တစ်ချိန်တည်းတွင် မင်ကျင့်စီးရုံးတော်၌
ဖုန်းယန်သည် အတွင်းခန်းဆောင်သို့ အလျင်အမြန် ဝင်ရောက်လာပြီး ပြည်နယ်အသီးသီးက ပေးပို့လာသည့် အမှုတွဲများကို လှန်လောကြည့်ရှုနေသည့် ပိုင်ရှိုးမင်ကို အစီရင်ခံလိုက်၏။ "လူကြီးမင်း ကျန်းပေမြို့စား အိမ်တော်မှာ လှုပ်ရှားမှုတစ်ခု ရှိလာပါတယ်"
"ပြော" ပိုင်ရှိုးမင်က မျက်လုံးပင့်ကြည့်လိုက်သည်။
"ကျန်းပေမြို့စားက ဒီနေ့ သူ့လူရုံတော်တစ်ယောက်ကို မြို့ပြင်ကို လွှတ်လိုက်ပါတယ်။ သွားတဲ့ဘက်ကို စစ်ဆေးကြည့်လိုက်တော့ ရှီးလင်ကို သွားတာမဟုတ်ဘူး"
ပိုင်ရှိုးမင်က မျက်ခုံးအနည်းငယ် ပင့်လိုက်၏။ "ဒီနေ့ ငါ မသိလိုက်တဲ့ကိစ္စ ကြီးကြီးမားမားတစ်ခု ဖြစ်သွားလို့လား"
ဖုန်းယန်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ "ဒီနေ့ ကျွန်တော်မျိုး ရုံးတော်ကို ပြန်လာတဲ့အချိန်မှာ အစိုးရရုံးတော်က လူတွေကို နေရာအနှံ့ လိုက်ဖမ်းနေတာ တွေ့ရပါတယ်။ အရှင်မင်းကြီးက စာအုပ်တစ်အုပ်ကို တားမြစ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့တော့ မသက်ဆိုင်လောက်ဘူး မဟုတ်လား"
"သွားစစ်ဆေးကြည့်လိုက်"
"ဟုတ်ကဲ့ပါ"
ဖုန်းယန်သည် ထွက်ခွာသွားပြီးနောက် တစ်နာရီမပြည့်ခင်မှာပင် ပြန်လည်ရောက်ရှိလာပြီး ထိုနည်းတူစွာ စိတ်ဝင်စားဖွယ် သတင်းတစ်ခုကိုလည်း ယူဆောင်လာလေသည်။
"မင်း ပြောတာက အဲဒီစာအုပ်ထဲမှာ စုန့် မြို့စားအိမ်တော်က အမွေဆက်ခံသူ အစားထိုး ခံလိုက်ရတယ်။ အခု လက်ရှိတစ်ယောက်က စုန့် မြို့စားကြီးရဲ့ တရားမဝင်သားဖြစ်တယ်လို့ ပြောတာလား"
"ဟုတ်ပါတယ်။ အခုသာမန် ပြည်သူတွေကြားမှာ ဒီကိစ္စကို အကြီးအကျယ် ဆွေးနွေးနေကြပါတယ်။ စာအုပ်ဆိုင် တော်တော်များများလည်း ချိတ်ပိတ်ခံလိုက်ရပြီး အထဲမှာ ရောင်းချနေတဲ့ စာအုပ်တွေကိုလည်း အသိမ်းခံလိုက်ရတယ်။ ကျွန်တော်မျိုး တစ်အုပ်တောင် ယူလာခဲ့သေးတယ်"
ဖုန်းယန် သည် မိမိယူလာခဲ့သည့် အသစ်စက်စက် တားမြစ်ထားသည့် စာအုပ်ကို တရိုတသေကမ်းပေးလိုက်၏။
ပိုင်ရှိုးမင်းက စာအုပ်ကို ဒီအတိုင်းလှန်လှောကြည့်ရှုလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။ "တကယ် စိတ်ဝင်စားစရာကောင်းတာပဲ"
ဖုန်းယန်သည် ပိုင်ရှိုးမင်းက စာအုပ်ကို အဆုံးအထိ လှန်လှောပြီးသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ သူ့စကားသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ "တကယ်လို့ဘာမှ မဖြစ်ဘူးဆိုရင် ကျန်းပေမြို့စားရဲ့ လူတွေက ကျိကျိုးကို သွားတာဖြစ်လောက်တယ်”
"ကျိကျိုး ဟုတ်လား။ အဲဒီကို ဘာသွားလုပ်တာလဲ" ဖုန်းယန်ကတော့ နားမလည်နိုင်ပေ။
"ဒီစာအုပ်ထဲက အကြောင်းအရာက အမှန်တကယ်သာဆိုရင် စုန့် မြို့စားအိမ်တော်ရဲ့ ဆက်ခံသူရဲ့ သက်သေအထောက်အထားက သံသယရှိကြောင်း သက်သေပြနိုင်တာနဲ့ အရှင်မင်းကြီးက သူ့ကို မြို့တော်ပြန်လာပြီး ကိုယ်တိုင်ရှင်းလင်းချက် ထုတ်ခိုင်းမှာသေချာတယ်။ အဲဒီအခါ ရှီးလင်စစ်တပ်ကလည်း သခင်မဲ့ ပြန်ဖြစ်သွားလိမ့်မယ်။ မင်းစဉ်းစားကြည့်လေ။ သူ ဘာသွားလုပ်မလို့လဲ"
ပိုင်ရှိုးမင်သည် အနည်းငယ် သိချင်မိသွားသည်က အိမ်တော်ထဲတွင် ချိတ်ပိတ်ခံထားရပြီး မိမိကိုယ်ကိုပြန်လည်သုံးသပ်ရန် အမိန့်ပေးခံထားရသည့် ကျန်းပေ မြို့စားကြီးက ဒီတစ်ကြိမ်တွင်တော့ အဘယ်ကြောင့်များ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ရသည့် အကြောင်းအရင်းကိုပင်။
သူ့ဆီမှာ ငါ မသိသေးတဲ့ လျှို့ဝှက်ဆက်သွယ်ရေးကွန်ယက်တွေ ရှိနေသေးတာလား။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က သူ့ဆီကို တမင်တကာ သတင်းပို့ပေးလိုက်တာလား။ ဒုတိယတစ်ခုသာဆိုရင် အဲဒီလူက မင်ကျင့်စီးရဲ့ အစောင့်တွေရဲ့ အကြည့်တွေကို ဘယ်လို ရှောင်တိမ်းသွားတာလဲ။
နောက်တစ်နေ့တွင် လူများကို ဖမ်းဆီးပြီး စာအုပ်များကို တားမြစ်ခြင်း၏ ပြင်းထန်မှုက လျော့နည်းမသွားသည့်အပြင် ပိုလို့ပင် တိုးမြင့်လာသေးသည်။ အစိုးရရုံးကလူများသည် ပေါင်မုဆရာကြီးကို ရှာမတွေ့နိုသေးဟုလည်း ကြားသိရ၏။ ထို ပေါင်မုဆရာကြီးသည် ဇာတ်လမ်းစာအုပ်များကို စာအုပ်ဆိုင်များသို့ ရောင်းချချိန်တွင် အမြဲတမ်း တခြားသူများမှတစ်ဆင့် ပြုလုပ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ မျက်နှာပြခြင်း လုံးဝမရှိခဲ့ချေ။
အားချန်အတွက်တော့ သည်သတင်းမှာ သတင်းကောင်းတစ်ခုဟု သတ်မှတ်နိုင်ပေသည်။
တစ်ချိန်တည်းတွင် သူမသည် သူဌေးရွှီ၏ လုံခြုံရေးအတွက် အနည်းငယ် စိုးရိမ်ပူပန်သွားတော့၏။ ပေါင်မုဆရာရဲ့စာအုပ်ကို အတူတူရောင်းချခဲ့တဲ့ သူဌေးရွှီလည်း အဖမ်းခံလိုက်ရပြီလား မသိဘူး။
သူမသည် ချန်ဟွေ့ကို ထိုအကြောင်း ပြောပြလိုက်လေ၏။ သို့နှင့် သူတို့နှစ်ယောက်သည် ချန်းဖိင်ဖန်းသို့ တစ်ဖန်ပြန်လာခဲ့ကြပြီး သူဌေးရွှီနှင့်သူ၏စာအုပ် ဆိုင်တို့ ဘေးကင်းလုံခြုံမှု ရှိ မရှိကို အရင်ဆုံး သွားရောက်ကြည့်ရှုဖို့ ရည်ရွယ်လိုက်ကြသည်။
ပြီးခဲ့သည့်တစ်ခေါက်က တွေ့ခဲ့ရသည့် ချန်းဖိင်ဖန်းရှိ စာအုပ်ဆိုင်ကို ဖြတ်သန်းလာချိန်တွင် ထိုဆိုင်သည် အမှန်ပင် ချိတ်ပိတ်ခံထားရလေသည်။ အားချန်၏ စိတ်ထဲတွင် မကောင်းသည့် နိမိတ်တစ်ခု ပေါ်ပေါက်လာခဲ့၏။
သူဌေးရွှီ၏ ဆိုင်အပြင်ဘက်သို့ ရောက်လာချိန်တွင် သူမသည် သူဌေးရွှီ၏ဆိုင်က ချိတ်ပိတ်မခံရရုံသာမက တံခါးဝတွင် စူးစမ်းကြည့်ရှုနေသည့် လူတစ်အုပ် စုရုံးနေသည်ကိုလည်း အံ့ဩစရာ ကောင်းလောက်အောင် တွေ့လိုက်ရတော့သည်။
အားချန်သည် အနားသို့ တိုးကြည့်လိုက်သည်တွင် လူနှစ်ဦးက တံခါးဝတွင် စစ်တုရင် ကစားနေကြသည်ကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင်က လူတချို့ကတော့ ရှေ့သို့တက်လာကာ အကြံပြုချင်စိတ်များ ပြင်းပြနေကြသော်ငြားလည်း အနီးအနားကလူများက သူတို့၏ပါးစပ်များကို ပိတ်ထားကြပြီး အသံမထွက်အောင် တားမြစ်ထားကြလေသည်။
စစ်တုရင်ကစားနေကြသည့် ထိုသူနှစ်ဦးအနက် လူငယ်ဖြစ်သူမှာ လွန်ခဲ့သည့်ရက် အနည်းငယ်က အားချန် တွေ့ဆုံခဲ့သည့် စုန့်ယန့် ဖြစ်သည်။ စုန့်ယန့်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်ပုဂ္ဂိုလ်ကိုလည်း သူမ မစိမ်းလှပေ။ ဒီလူကြီးမင်းသည် ဆိုင်သို့ တကြိမ်သာ လာခဲ့ဖူးသော်ငြားလည်း အားချန်သည် သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်လေသည်။
သူသည် ရွှဲရှီက လူလွတ်ကာ ဆိုင်ကိုဖျက်ဆီးခိုင်းသည့် နေ့တွင် ဆိုင်ထဲသို့အမွှေးနံ့သာလုံးများ လာဝယ်ရင်း သူမကို ကူညီပေးခဲ့ဖူးသည့် လူကြီးမင်းပင် ဖြစ်လေသည်။ ဒီလူကြီးမင်း၏ အမူအရာနှင့်ဟန်ပန်တို့က အလွန်တရာ ထူးကဲလှသဖြင့် မေ့ပျောက်ဖို့ရန် ခက်ခဲလှ၏။
အားချန်က စိတ်ထဲတွင် တွေးလိုက်တော့သည်။ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီပုဂ္ဂိုလ်က သူဌေးရွှီ အရင်ကပြောခဲ့တဲ့ လူကြီးမင်းဝမ်ပဲ ဖြစ်ရမယ်။
သူဌေးရွှီ၏ ဆိုင်က ဘေးမသီရန်မခ ရှိနေသည့် အကြောင်းအရင်းကို မသိသော်ငြား လက်ရှိတွင်တော့ လူတိုင်းက စစ်တုရင်ပွဲကို ကြည့်ရှုနေကြသဖြင့် သူမသည်လည်း စူးစမ်းလိုစိတ်ဖြင့် အတန်ကြာအောင် ကြည့်ရှုနေလိုက်တော့သည်။
အားချန်သည် စစ်တုရင် ကစားနည်းကို ကျွမ်းကျင်သူ မဟုတ်သော်ငြားလည်း အတိုင်းအတာ တစ်ခုအထိတော့ နားလည်သေးသည်။ သူမ၏ဘေးက ချန်ဟွေ့ ကတော့ သူမထက် ပိုပြီး အနည်းငယ် နားလည်လေသည်။ စစ်တုရင် ကစားနေကြသည့် လူနှစ်ယောက်စလုံးသည် စစ်တုရင်နယ်ပယ်တွင် အလွန်တရာ ကျွမ်းကျင်ပြောင်မြောက်ပြီး သာမန်လူများနှင့် နှိုင်းယှဉ်လို့ မရနိုင်ကြောင်း သူတို့နှစ်ယောက်စလုံးကလည်း တွေ့လိုက်ရ၏။
စုန့်ယန့်သည် စကားပြောဆိုရ လွယ်ကူသည့် ပုံပန်းသဏ္ဍာန်ရှိသဖြင့် သူ၏ ကစားကွက်က တည်ငြိမ်လိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော်ငြား သူ၏ကစားဟန်သည် အမှန်တကယ်တွင် အလွန်တရာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုပြီး သူ့မျက်နှာချင်းဆိုင်က တည်ငြိမ်အေးဆေးလှသည့် ဆရာကြီးဝမ်နှင့် အပြန်အလှန် အကြိတ်အနယ် ကစားနေသည်ဟု မည်သူက ထင်ထားပါမည်နည်း။
အားချန်သည် နောက်ထပ် တစ်ကြိမ်နှ စ်ကြိမ်လောက် လှမ်းကြည့်လိုက်သည်တွင် လူအုပ်ကြီး၏နောက်က သူဌေးရွှီကိုတွေ့သွားပြီး အလောတကြီး တိုးဝှေ့ကာ ဝင်သွားလိုက်တော့၏။
"သူဌေးရွှီ အဆင်ပြေရဲ့လား" သူမသည် သူဌေးရွှီနားသို့ အရောက်လာပြီး မေးမြန်းလိုက်တော့၏။
သူဌေးရွှီက သက်ပြင်းချလိုက်ကာ "ဒီနေ့ လူကြီးမင်းဝမ် ဒီကိုရောက်လာတဲ့ ကျေးဇူးကြောင့်ပေါ့။ မဟုတ်ရင် ကျွန်တော်လည်း ကျွန်တော်ရဲ့ဆိုင်ကို ကယ်နိုင်မှာ မဟုတ်လောက်ဘူး"
"လူကြီးမင်းဝမ်။ သူက ရှင့်ကို ကူညီပေးခဲ့တာလား" အားချန်သည် တအံ့တဩနှင့် လူအုပ်ထဲက လူကြီးမင်းဝမ်ကို ပြန်လှည့်ကြည့်လိုက်၏။
သူဌေးရွှီက အားချန်ကို တိုးတိုးတိတ်တိတ် ပြောပြလေသည်။ "အစိုးရရုံးက အမှုထမ်းတွေက ဒီလူကြီးမင်းဝမ်ကို စုံစမ်းစစ်ဆေးရေးမှူး လူကြီးမင်းလို့ ခေါ်ကြတယ်လေ။ အရင်က ကျွန်တော်သူ့ကိုတွေ့တုံးက နူးညံ့ပြီးယဉ်ကျေးလို့ စာသင်ကျောင်းက စာပြဆရာတစ်ယောက် ဖြစ်မယ်လို့ ထင်ထားတာ။ အရာရှိကြီး တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး"
"ဘယ်လောက်ကြီးတဲ့ အရာရှိမို့လို့လဲ"
သူဌေးရွှီက ဘယ်ညာကို ကြည့်လိုက်ပြီး သူ့အသံကိုပိုပြီး လျှော့ချလိုက်ကာ လက်ဖြင့် သုံးချောင်းထောင် ပြလိုက်လေသည်။ "လက်ဝဲလက်ထောက် စုံစမ်းရေးမှူးချုပ်လေ။ အဆင့်၃အရာရှိတဲ့"
အားချန်က လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ထားလိုက်ကာ "ဒီလောက်တောင် ကြီးတဲ့အရာရှိလား"
"မဟုတ်လို့လားဗျာ" သူဌေးရွှီက မျက်နှာအမူအရာ တက်ကြွစွာဖြင့် ပြောလိုက်သည်။ "ပြောရရင်တော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ဒီလူကြီးမင်းဝမ်ကို တွေ့ခဲ့ဖူးသင့်တာပါ။ ကံဆိုးတာက မှတ်ဉာဏ်မကောင်းလို့လေ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက် ကတည်းက မေ့တောင်မေ့တော့မလို့"
"ရှင်တို့က အရင်ကတည်းက သိကြတာလား"
"အဲလိုတော့ မဟုတ်ပါဘူး" သူဌေးရွှီက ပြောပြလာသည်။ "အဲဒီတုန်းက ဒီလူကြီးမင်းဝမ် ကျွမ့်ယွမ် စာမေးပွဲအောင်တုန်းက သူ လှည့်လည်လာတာကို ကျွန်တော် မြင်ဖူးတယ်လေ။ အဲဒီတုန်းက သူက အသက်၂၀တောင် မပြည့်သေးဘူး။ ရုပ်ရည်ကလည်း ချောတယ်။ အဲဒီနှစ်က ကျွမ့်ယွမ်လည်း ဟုတ်တယ်။ အဲဒီတုန်းက မြင်ကွင်းက တကယ်ကို ခန်းနားထည်ဝါလိုက်တာ။ ကြားရတာတော့ မင်းသမီး တော်တော်များများ ကတောင် လူကြီးမင်းဝမ်ကို ပန်းတွေနဲ့ ပစ်ပေါက်ကြတယ်တဲ့။ လှည့်လည်ပြီးတဲ့နောက်မှာ နန်းတော်ရှေ့လမ်းမကြီးမှာ ပန်းရနံ့တွေက တစ်နေကုန်တောင် သင်းပျံ့နေတာ အနံ့ပြယ်မသွားဘူးးတဲ့လေ"
အားချန်၏ မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ် သွားတော့သည်။ ပုံပြောဆရာရဲ့နှုတ်ဖျားက ထွက်လာတဲ့ပုဂ္ဂိုလ်က သူမ ရှေ့မှောက်မှာ တကယ်ပေါ်ထွက်လာ တယ်တဲ့လား။
ခဏနေရင် အဲဒီလူကြီးမင်းဝမ် ဆိုတဲ့သူကို သေသေချာချာလေး ကြည့်လိုက်အုံးမယ်။ ၁၆ နှစ်သားနဲ့ ကျဲ့ယွမ်၊ ၁၉ နှစ်သားနဲ့ ဆု ၆ ဆု ဆွတ်ခူးခဲ့တာ။ ကံကောင်းတာက ငါက ကျင့်ရှီ စာမေးပွဲကို ဖြေစရာမလိုလို့ပဲ။ မဟုတ်ရင် ဘာပဲပြောပြော လူကြီးမင်း ဝမ်ဆီကနေ ပညာပါရမီ အငွေ့အသက် လေးတောင်မှ ယူလိုက်ရအုံးမှာ။
နှစ်ယောက်သား စကားပြောဆို နေကြစဉ်တွင် လူအုပ်အလယ်တွင် ဝိုင်းရံခံထားရသည့် ဝမ်ကျုံ့သည် စစ်တုရင်တုံးကို ချထားလိုက်ကာ အရှုံးပေးလိုက်ပြီဖြစ်၏။ သူက မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆောင်ထားကာ စုန့်ယန့်ကို ပြောလိုက်သည်။ "စုန့်ညီလေး ကျွန်တော် အရှုံးပေးပါပြီ"
စုန့်ယန့်သည်လည်း သူ့လက်ထဲက အဖြူရောင်ကျောက်တုံးကို ချထားလိုက်ကာ ထိုနည်းတူစွာ ပြန်ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်တော့၏။ "လူကြီးမင်းက အလျှော့ပေးလိုက်လို့ပါ"
...