တိုင်ကြားရေးစည်
Vol. 7 Ch. 64
"လူကြီးမင်းဝမ် နောက်ထပ်တစ်ပွဲလောက် ထပ်ကစားဦးမလား" စုန့်ယန့်က မေးလာသည်။
"ဟုတ်တာပေါ့။ ဒီနေ့ ညီငယ်လေးက ဖိတ်ခေါ်ထားမှတော့ အားရအောင် ကစားမှ ဖြစ်မှာပေါ့။ ညီငယ်လေးက ဧည့်ဝတ်မကျေတာမျိုး မလုပ်ဘူး မဟုတ်လား" ဝမ်ကျုံ့ကလည်း ပြုံးရွှင်စွာဖြင့် မေးလိုက်လေသည်။
သူနှင့် ဒီညီငယ်လေးသည် စာအုပ်ဆိုင်တွင် တကြိမ်နှစ်ကြိမ်မျှသာ တွေ့ဆုံခဲ့ဖူးပြီး စစ်တုရင်ပွဲ အနည်းငယ် ကစားခဲ့ဖူးသည်။ နှစ်ဦးသားက မိမိတို့၏နောက်ခံ အကြောင်းအရင်းကို မည်သည့်အခါမှ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ စစ်တုရင် ကစားဖော်များအဖြစ်သာ ဆက်ဆံခဲ့ကြသည်။ သို့သော်ငြား မနေ့ကတော့ သူသည် အလုပ်မှ ပြန်လာသောလမ်းတွင် ထိုလူနှင့် တိုက်ဆိုင်စွာ တွေ့ခဲ့ရပြီး ထိုလူက သူ့ကို ယနေ့တွင် စာအုပ်ဆိုင်သို့ စစ်တုရင် လာကစားရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။
သူ ရောက်ရှိ လာပြီးနောက်တွင် အစိုးရရုံး၏ ရုံးတော်အရာရှိများနှင့် တွေ့ဆုံရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ ငါ့ကို စစ်တုရင်ကစားဖို့ ဖိတ်ခေါ်ထားတာ အကြောင်းပြချက်ပဲ ဖြစ်ရမယ်။ စာအုပ်ဆိုင်ရဲ့ အခက်အခဲကို ဖြေရှင်းပေးစေချင်တာကမှ အဓိကအကြောင်းအရင်း အမှန်ဖြစ်လိမ့်မယ်။
ဝမ်ကျုံ့သည်လည်း စိတ်မဆိုးမိချေ။ သူ့ကို စုံစမ်းစစ်ဆေးရေး အရာရှိလုပ်ပါဟု မည်သူက ခိုင်းစေခဲ့ပါသနည်း။ အကယ်၍များ တခြားကိစ္စသာ ဆိုလျှင်တော့ ရှိပါစေတော့။ သို့သော်ငြား ဒီကိစ္စကတော့ အမှန်ပင် ဝင်ရောက်စွက်ဖက်ရန် လိုအပ်နေသည်။
စုန့်ယန့်သည် စစ်တုရင် ကျောက်တုံးများကို ကျောက်တုံးထည့်သည့် ခွက်ထဲသို့ တစ်လုံးချင်းစီ ပြန်လည်သိမ်းဆည်းလိုက်ပြီး လန်းဆန်းတက်ကြွစွာဖြင့် ပြောလိုက်၏။ "ဧည့်ဝတ်ကျေရမှာပေါ့"
ဒီတစ်ပွဲတွင်တော့ ဝမ်ကျုံ့သည် လာရောက်ကြည့်ရှုနေသူများနှင့် အခါအားလျော်စွာ စကားပြောဆိုနေသဖြင့် သူတို့၏ကစားပွဲက အနည်းငယ် နှေးကွေးနေခဲ့သည်။ စုန့်ယန့်ကလည်း အလျင်မလိုဘဲ စိတ်ရှည်လက်ရှည်ဖြင့် နားထောင်လာခဲ့၏။
"ဒီရက်ပိုင်း မြို့တော်ထဲမှာ ဘာကိစ္စတွေ ဖြစ်နေလို့လဲ။ အစိုးရရုံးက လူတွေက စာအုပ်ဆိုင်တွေကိုတောင် လိုက်ပြီး ချိတ်ပိတ်နေကြပြီလား" ဝမ်ကျုံ့သည် ကျောက်တုံးတစ်တုံးကို ချလိုက်ပြီး နောက် သာမန်သဘောဖြင့် မေးလိုက်လေသည်။
စကားပြောလာသူမှာ စာပေပညာရှင်ပုံစံ လူငယ်လေး တစ်ယောက်ဖြစ်သည်။ သူသည် အသက် ၁၇ ၁၈ နှစ်ဝန်းကျင်သာ ရှိဦးမည် ထင်ရသည်။ သူ့လေသံက ပြစ်တင်ညည်းညူသံများ အပြည့်ဖြစ်နေတော့သည်။ "ဝတ္ထုစာအုပ်ကြောင့်ပေါ့။ အဲဒီဝတ္ထုစာအုပ် ရေးထဲသူက ဘယ်လိုသြဇာကြီးတဲ့သူကို သွားစော်ကားမိမှန်း မသိပါဘူး။ ဒီရက်ပိုင်းမှာ အဲဒီဇာတ်လမ်း စာအုပ်ရောင်းဖူးတဲ့ စာအုပ်ဆိုင်တွေ အကုန် ချိတ်ပိတ်ခံ လိုက်ရတယ်လေ။ ကျွန်တော့မှာ ငွေစက္ကူလေး ဝယ်ချင်တာတောင်မှ သုံးလေးဆိုင်လောက် ပြေးလိုက်ရတယ်"
"လူငယ်လေးကြည့်ရတာ ပုံမှန်ဆိုရင် စာကိုပဲ အလေးအနက်ထားပြီး အပြင်းပြေ စာအုပ်တွေဖတ်ဖို့ အချိန်မရှိဘူး ထင်တယ်" သူ့ဘေးက သက်လတ်ပိုင်းအရွယ် လူချမ်းသာတစ်ဦးက ပြုံးကာပြောလာလေသည်။ "အခု နေရာတိုင်းမှာ သတင်းထွက်နေတာ။ အဲဒီဝတ္ထုစာအုပ်က စုန့် မြို့စားအိမ်တော်ကို သွယ်ဝိုက်ပြောဆိုပြီး ရေးထားတာတဲ့။ တစ်ဖက်လူက မြို့စားမင်းလေ။ စာအုပ်ဆိုင်တွေကို ပိတ်မယ်လို့ပြောတာ ဘယ်သူက ငြင်းဆန်ရဲမှာလဲ"
စုန့်ယန့်က ငြိမ်သက်စွာ နားထောင်လို့နေသည်။ ဝမ်ကျုံ့က ကျောက်တုံးကို ချလိုက်ပြီးသည်ကို မြင်လိုက်ချိန်တွင် ချက်ချင်းပင် သူ့ကျောက်တုံးကို နောက်မှလိုက်ချလိုက်၏။
"စုန့် ညီလေးကရော ဒီကိစ္စအပေါ်မှာ ဘယ်လို သဘောထားမျိုး ရှိသလဲ" ဝမ်ကျုံ့က စုန့်ယန့်ကို ကြည့်ကာမေးလာ၏။
"ကျွန်တော်က သာမန်ပြည်သူတစ်ယောက်ပါ။ မဆင်မခြင် လျှောက်မပြောရဲပါဘူး"
"ပြောကြည့်ပါ ကိစ္စမရှိပါဘူး"
စုန့်ယန့်သည် ခေါင်းခါလိုက်ဆဲပင်။ "လူကြီးမင်းဝမ် ‘စကားကြောင့် အပြစ်သင့်တယ်’ ဆိုတာကို သိလား။ ဒီနေ့စာအုပ်ဆိုင်တွေ ချိတ်ပိတ်ခံရနိုင်တယ်။ စာအုပ်ဆိုင် သူဌေးတွေကိုလည်း ဖမ်းသွားနိုင်တယ်။ နောင်တချိန်မှာ မဆင်မခြင် ဝေဖန်ပြောဆိုတဲ့သူတွေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိတယ်။ သတိထားတာ ပိုကောင်းပါတယ်"
ဝမ်ကျုံ့သည် ရယ်မောလိုက်ပြီး တစ်ဖက်လူ၏ စကားထဲက ဆိုလိုရင်းကို သဘောပေါက် လေတောသည်။ "ဪ။ ကျွန်တော် သဘောပေါက်ပြီ။ စုန့် ညီငယ်လေးက ဒီကိစ္စအပေါ် တော်တော်လေး မကြေမနပ် ဖြစ်နေတာပဲ”
စုန့်ယန့်သည် မျက်လွှာချထားကာ "ကျွန်တော်က ဒီလိုပဲတွေး မိတာပါ။ ဒါက အစကတည်းက ဝတ္ထုစာအုပ် သက်သက်ပါပဲ။ နာမည်တပ်ပြီး ပြောထားတာလဲ မဟုတ်ဘဲ ဘာဖြစ်လို့ ဒီလောက်တောင် လှုပ်လှုပ်ရှားရှားတွေ လုပ်နေရတာလဲ။ စာအုပ်ကို ပိတ်ပင်တာက ထားလိုက်ပါတော့။ လူကိုပါ ဖမ်းသွားသေးတယ်။ အကြောင်းမသိတဲ့သူဆိုရင် အဲဒီလူက ဘယ်လိုတောင် ခွင့်မလွတ်နိုင်တဲ့ ရာဇဝတ်ကောင်ကြီး တစ်ယောက်လို့ ထင်နေဦးမယ် ... ဒါမှမဟုတ် ... ဒီဇာတ်လမ်းစာအုပ်က လူတချို့ရဲ့ အထိမခံနိုင်တဲ့နေရာကို သွားထိမိလို့များလား"
"အဲ့လိုကြီးတော့ မဟုတ်လောက်ပါဘူး။ စုန့် မြို့စားကပဲ စိတ်ထား သေးသိမ်တာ ဖြစ်နိုင်တာပဲ" ဝမ်ကျုံ့ကလည်း ပြောလိုက်သည်။
ပတ်ဝန်းကျင်က လူများကလည်း သူ့စကားကို ကြားလိုက်ရချိန်တွင် အားလုံးက လိုက်ပါရယ်မော ကြတော့၏။ စုန့်ယန့် ကတော့ အခိုက်အတန့် မှင်သက်အံ့ဩသွားပြီးမှ သူလည်းလိုက်ရယ်လိုက်သည်။
သူတို့သည် ညီလာခံထဲက အရေးပါသည့် အမတ်ကြီးတစ်ဦးကို လှောင်ပြောင် ရယ်မောခဲ့သောကြောင့် ဖြစ်နိုင်သည်။ အားလုံးသည် ပိုပြီးစကားများ လာကြတော့၏။ သူတို့သည် စျေးထဲက သာမန်အရပ်သားများ ဖြစ်ကြပြီး ပြောဆိုနေကြသည့် အကြောင်းအရာ များမှာလည်း အရေးမပါသည့် အသေးအဖွဲ့ များသာ ဖြစ်လင့်ကစား လူတိုင်းကတော့ စိတ်အားထက်သန်စွာ ပြောဆိုနေကြသည်။ ဝမ်ကျုံ့သည်လည်း စစ်တုရင်ကစားပြီး နားထောင်နေခဲ့ပြီး ရံဖန်ရံခါတွင် မှတ်ချက်စကား တစ်ခွန်းနှစ်ခွန်းလောက် ဝင်ရောက် ပြောကြားသည်တွင် စာအုပ်ဆိုင်၏ အပြင်ဘက်တွင် ရယ်မောသံများဖြင့် ပျော်ရွှင်စရာ ဖြစ်နေတော့သည်။
နောက်ထပ် စစ်တုရင် တစ်ပွဲကစား ပြီးသွားသောအခါ အပြင်ဘက်က နေရောင်ခြည်သည် ပိုပြီးပူပြင်းလာတော့သည်။ ထိုအခါမှ လူနှစ်ယောက်သည် စစ်တုရင်ခုံကို သိမ်းဆည်းလိုက်ကြပြီး စားပွဲနှင့်ကုလားထိုင်များကို မကာ စာအုပ်ဆိုင်အတွင်းသို့ ပြန်ဝင်လာခဲ့ကြတော့သည်။
စာအုပ်ဆိုင်ထဲတွင်တော့ လက်စားချေချင်းမှတ်တမ်း၏ အမာခံပရိသတ်နှစ်ဦးသည် မကျေမနပ် တရစပ် ပြောဆိုနေကြလေသည်။
အားချန် "ကျွန်မကတော့ ပေါင်မုဆရာကြီး ဇာတ်လမ်းရေး မှားတယ်လို့ သံသယဖြစ်တယ်။ အဲဒီတုန်းက အလဲခံလိုက်ရတာ စုန့်မြို့စားရဲ့ဦးနှောက်လည်း ပါသွားလောက်တယ်"
သူဌေးရွှီ "မဟုတ်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။ မြို့စားတစ်ယောက်က နေ့တိုင်း အလုပ်အကိုင် မရှိဘဲ သူများတွေ အပြင်းပြေ စာအုပ်ဖတ်တာကို လိုက်စွက်ဖက်နေတာ။ တော်တော် အားနေပုံရတယ်"
အားချန် "လက်စားချေခြင်း မှတ်တမ်းဒုတိယတွဲ မဖတ်ရရင်တော့ အဲဒါ စုန့် မြို့စားအိမ်တော်ရဲ့ တာဝန်ပဲ"
"အိုက်ယိုး !" သူဌေးရွှီကလည်း သက်ပြင်းချလိုက်သည်။ "အခုကြည့်ရတာတော့ ဒုတိယတွဲက မျှော်လင့်ချက် မရှိလောက် တော့ပါဘူး။ ပေါင်မုဆရာကြီးတစ်ယောက် အဖမ်းမခံရဖို့ပဲ ဆုတောင်းရတော့မယ်"
ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည့် ဝမ်ကျုံ့နှင့် စုန့်ယန့် တို့သည် လူနှစ်ယောက်ကြားက စကားဝိုင်းကို လှမ်းကြားလိုက်ကြ၏။ ဝမ်ကျုံ့ကလည်း စိတ်ထဲတွင် တွေးတောလိုက်လေသည်။ အရှင်မင်းကြီးက စုန့် မြို့စားရဲ့ နာကြည်းမှုကိုပဲ မြင်တွေ့ခဲ့တယ်။ သာမန်ပြည်သူရဲ့ မတရားခံစားမှုကိုတော့ နားထောင်ကြည့်သင့်တယ် ထင်ပါရဲ့။ ကြည့်ရတာ ငါလည်း အဲဒီ လက်စားချေခြင်းမှတ်တမ်း ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်သင့်နေပြီ။
နောက်တွင်ရှိနေသည့် စုန့်ယန့်သည် ဆိုင်ထဲကလူနှစ်ယောက်၏ မကျေမနပ်ဖြစ်နေသည့် ရုပ်ကလေးကို မြင်လိုက်သည့်အခါ သူ့မျက်လုံးထဲတွင် အပြုံးတစ်ခုလက်ခနဲ လင်းလက်သွားတော့သည်။
သူဌေးရွှီသည် လူဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူကလည်း အားချန်နှင့် ပြောနေသည့်စကားကို ရပ်ထားလိုက်ပြီး ထရပ်ကာ နှုတ်ဆက်လိုက်၏။ "လူကြီးမင်းဝမ်နဲ့ သခင်လေးစုန့်တို့ စစ်တုရင် ကစားပြီးသွားပြီလား"
"အားတော့ မရသေးပါဘူး။ ဒါပေမဲ့ အပြင်မှာနေက အရမ်းပူလွန်းလို့ အထဲဝင်ပြီး ခဏနားမလို့ပါ" ဝမ်ကျုံ့သည် သူ့လက်ထဲက စစ်တုရင်ခုံနှင့် ကျောက်တုံးခွက်များကို ချရင်းပြောလာလေသည်။
"နှစ်ယောက်စလုံး မြန်မြန်ထိုင်ကြပါ။ ကျွန်တော် လက်ဖက်ရည်ကြမ်း သွားယူလိုက်ပါဦးမယ်"
သူဌေးရွှီသည် အနောက်ဘက်သို့ လက်ဖက်ရည် သွားယူနေချိန်တွင် ဝမ်ကျုံ့က တော့ အားချန်ကို စကားစပြောလိုက်၏။ "မိန်းကလေးကျိ ပြန်တွေ့ကြပြန်ပြီနော်"
အားချန်ကလည်း ထရပ်လိုက်လေသည်။ "လူကြီးမင်းဝမ် နေကောင်းရဲ့လား။ ရှင် အမွှေးနံ့သာလုံး ဝယ်ချင်တယ်လို့ ကြားမိပါတယ်"
"ဟုတ်တယ် ဒီတလော ရာသီဥတုက ပူလာတော့ ခြင်နဲ့ပိုးမွှားတွေ ပိုများလာတယ်။ မိန်းကလေးကျိရဲ့ အမွှေးနံ့သာလုံးတွေက တကယ်ကို အသုံးဝင်တာလေ။ ကျွန်တော်လည်း နောက်ထပ်နှစ်လုံးလောက် ထပ်ဝယ်ချင်လို့ပါ"
"နောက်ထပ်လေးငါးရက် လောက်နေရင်တော့ ကျွန်မရဲ့ဆိုင် ပြန်ဖွင့်တော့မှာပါ။ လူကြီးမင်းဝမ်ကသာ အလျင်မလိုဘူးဆိုရင် အဲဒီအချိန်ကျမှ ပြန်လာခဲ့လို့ရပါတယ်" အားချန်က အကြံပြုလိုက်သည်။
"ကောင်းပါပြီ" ဝမ်ကျုံ့ကလည်း ဝမ်းသာအားရဖြင့် သဘောတူ လိုက်လေသည်။
ဝမ်ကျုံ့နှင့် စကားပြောဆိုပြီး နောက်တွင် အားချန်သည် စုန့်ယန့်ဘက် သို့ လှည့်ကြည့်လိုက်၏။ "စုန့် သခင်လေး ဆိုင်းဘုတ်အတွက် စာလုံးတွေကိုရော ရေးပြီးသွားပြီလား"
စုန့်ယန့်ကလည်း အလျင်အမြန် ပြောလာသည်။ "ရေးပြီးပါပြီ။ မိန်းကလေး ဘယ်အချိန် လာမလဲမသိလို့ သူဌေးရွှီကိုပဲ အားလုံး အပ်ထားလိုက်ပါတယ်"
သူဌေးရွှီသည် လက်ဖက်ရည် လာချပြီးနောက်တွင် အနောက်ဘက်သို့ တစ်ဖန်ပြန်ဝင်သွားကာ စက္ကူလိပ်တစ်စီးကို ယူဆောင်လာခဲ့လေသည်။ အားချန်က တစ်လိပ်ချင်းစီ ဖွင့်ကာကြည့်လိုက်ပြီး အမှန်ပင် သူတို့ယခင်က သဘောတူထားသည့်အတိုင်း ဖြစ်နေပြီး စာလုံးကြီးများသည် အမှန်တကယ်ပင် ခန့်ညားထည်ဝါလှ လေသည်။
အားချန်သည် အလွန်ကျေနပ်သွားပြီး မချီးကျူးပဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ "သခင်လေးစုန့်ရဲ့ လက်ရေးလက်သားက တကယ်ကောင်းတာပဲ"
စောစောကတည်းက အနားသို့ တိုးကပ်လာပြီး အတူတူကြည့်နေသည့် ဝမ်ကျုံ့သည်လည်း ခေါင်းငြိမ့်ကာ ပြောလာသည်။ "စုန့် ညီလေးက စစ်တုရင်ပညာ ကျွမ်းကျင်ရုံမကဘူး။ ဒီလက်ရေးလက်သားကလည်း ပညာရှင် အရေးအသား ဟန်မျိုးရှိနေတာပဲ။ တကယ်ကောင်းလိုက်တာ"
ဆရာဝမ်၏ ဂုဏ်ပုဒ်ကို သိရှိခဲ့ပြီးနောက် သူက စုန့်ယန့်ကို ချီးကျူးစကားပြောလာသည်ကို ကြားလိုက်ရသောအခါ အားချန်သည် သူမကတော့ အလွန်အမြတ် ထွက်သွားပြီဟု ချက်ချင်းခံစား လိုက်ရတော့သည်။
သူဌေးရွှီကလည်း နောက်ကျမခံဘဲ ဝင်ကာပြောလိုက်၏။ "သခင်လေးစုန့်ရဲ့ ပန်းချီကား လက်ရာကလည်း လက်ရေးလက်သားထက် မနိမ့်ပါဘူး"
"ဒီလောက်ကြီးမားတဲ့ အရည်အချင်းနဲ့ ဆိုရင် စုန့် ညီလေးက ရာထူးဂုဏ် အရှိန်အဝါအတွက် စာမေးပွဲဖြေဖို့ စဉ်းစားကြည့်မိဘူးလား" ဝမ်ကျုံ့က မေးလိုက်၏။
တေးဂီတ စစ်တုရင် လက်ရေးလှနှင့် နန်းတွင်းစာမေးပွဲတို့သည် တူညီသည့်လမ်းကြောင်း တစ်ခုတည်း မဟုတ်သော်ငြားလည်း ဒီပညာရပ် သုံးခုစလုံးတွင် တပြိုင်နက်တည်း ထူးချွန်နိုင်ခြင်းက စုန့်ယန့်၏ မွေးရာပါရမီက သာမာန်မဟုတ်ကြောင်း ပြသလို့နေသည်။ အကယ်၍ သူသည် တော်ဝင်စာမေးပွဲကိုသာ အာရုံစိုက်ထားမည်ဆိုလျှင် သူ၏ဉာဏ်ရည်ထက်မြက်မှုနှင့် ရာထူးဂုဏ်ရှိန် မရနိုင်ပါဟု မည်သူက ပြောနိုင်ပါမည်နည်း။
စုန့်ယန့်ကလည်း အနည်းငယ် နှမြောတသသည့် လေသံဖြင့်ပြောလာသည်။ "အရင်နှစ်တွေ တုန်းကတော့ ရာထူးအတွက် ကြိုးစားပြီး ဖြေဆိုကြည့်ခဲ့ ဖူးပါတယ်။ ကံဆိုးချင်တော့ ဆက်တိုက် ကျရှုံးခဲ့တယ်လေ။ နောက်ပိုင်းတော့ ကျွန်တော်စဉ်းစားမိလိုက်တယ်။ စာအုပ်ပေါင်း သောင်းခြောက်ထောင် ဖတ်ရတာထက် ခရီးပေါင်း သောင်းခြောက်ထောင် သွားရတာက ပိုကောင်းတယ်လို့လေ။ ဒါနဲ့ပဲမွေးရပ်မြေကနေ ရှန့်ကျင်းကို တစ်လမ်းလုံးလျှောက်လာခဲ့တာ။ တကယ်ပဲ မတူညီတဲ့ မြင်ကွင်းတွေ အများကြီး တွေ့မြင်ခဲ့ရတယ်။ အနာဂတ်မှာ အခွင့်အရေးရရင်တော့ နန်းတွင်းစာမေးပွဲကို ထပ်ပြီးကြိုးစား ကြည့်ဦးမှာပါ"
"ဒီလိုဆိုရင်တော့ ကောင်းတာပေါ့" ဝမ်ကျုံ့သည် အတွေ့အကြုံရှိသူ တစ်ဦး၏ သဘောထားဖြင့် ပြောလိုက်၏။ "နန်းတွင်းစာမေးပွဲကို နောက်ကျမှ ဖြေတာကလည်း ဘာမှမဖြစ်ပါဘူး။ ငယ်ရွယ်တဲ့အချိန်မှာ အရမ်းကြိုးစားပြီး တက်လမ်းရှာလွန်းသွားရင် စောစောစီးစီး နန်းတွင်းထဲ အမှုထမ်းရမယ်ဆိုရင် ဒါက တကယ်တော့ ကောင်းတဲ့ကိစ္စလို့ သတ်မှတ်လို့ မရပါဘူး"
အားချန်နှင့် သူဌေးရွှီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတော့၏။ ဒီလိုစိတ်ညစ်စရာ ကိစ္စမျိုးသည် အသက်၂၀မပြည့်သေးခင် ကျွန့်ယွမ် အောင်ခဲ့သည့် လူကြီးမင်းဝမ် ကဲ့သို့သော လူမျိုးတွင်သာ ရှိပေလိမ့်မည်။
စုန့်ယန့်သည် လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်ပြီး စာအုပ်ဆိုင်အပြင်ဘက်မှ ကျဲကျဲတောက် ပူနေသည့် နေမင်းကြီးကို ကြည့်ရင်း ခေါင်းလှည့်လိုက်ကာ ပြောလိုက်၏။ "နန်းတွင်းစာမေးပွဲ ..."
ကံဆိုးချင်တော့ သူက ဖြေဆိုခွင့် မရှိဘူးလေ။
လူတချို့သည် ခဏလောက် စကားစမြည် ပြောဆိုပြီးနောက်တွင် အားချန်ကလည်း ကျန်ငွေများကို စုန့်ယန့်အား ပေးချေလိုက်ပြီးနောက် သူမ၏ ဆိုင်းဘုတ်ရေးသား ထားသည့်စက္ကူလိပ် တစ်ပုံကိုပွေ့ပိုက်ကာ ထွက်ခွာလာခဲ့တော့သည်။
သူမသည် ချန်ဟွေ့ နှင့်အတူ ဆိုင်းဘုတ်များကို သွားရောက်မှာကြားရန် လိုအပ်သေးသည်။ အလွန်နောက်ကျသွားခဲ့လျှင် ရက်အနည်းငယ် အကြာတွင်ဖွင့်လှစ်မည့် ဆိုင်ဖွင့်ပွဲကို အမှီမဖြစ်မှာ စိုးရိမ်ရလေသည်။
မည်သို့ဆိုစေ ဒီနေ့တွင် သူဌေးရွှီ ဘေးကင်းလုံခြုံသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမသည်လည်း စိတ်အေးသွားတော့၏။
မြင်းလှည်းပေါ်သို့ တက်လိုက်သည့် အချိန်တွင် သူမသည် ထပ်ပြီးတွေးမိပြန်လေသည်။ အရင်တုန်းက စုန့်သခင်လေးနဲ့ လူကြီးမင်းဝမ်တို့ ဝတ္ထုစာအုပ်အကြောင်း ပြောတာ ကြားလိုက်ရတယ်။ လူကြီးမင်းဝမ်က အဲဒါကို စိတ်ထဲမှာ ထားရဲ့လားမသိဘူး။ မနက်ဖြန်ကျရင် စုန့် မြို့စားကြီးကို အခွင့်သင့်တုန်း တိုင်ကြားလွှာ တင်နိုင်ရင်တော့ ကောင်းမှာပဲ။
နောက်တစ်နေ့မနက်ခင်း အစောပိုင်း အားချန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာပင် နန်းတွင်းညီလာခံကတော့ စတင်နေပြီဖြစ်၏။ မနေ့က သူမ၏ ရောက်တတ်ရာရာ တွေးလိုက်သည့် အတွေးတစ်ခုသည် ယနေ့မနက်ခင်းတွင် အမှန်တကယ် ဖြစ်မြောက်လာ သည်ကိုတော့ သူမ သိလိုက်ပေ။
တစ်နာရီ ကြာမြင့်ပြီးသွား သောအခါ နန်းတွင်းအမတ်များ ဆွေးနွေးတိုင်ပင်ခြင်းကလည်း ပြီးဆုံးသွားပြီ။ ညီလာခံ ရုပ်သိမ်းရန် ပြင်ဆင်နေကြချိန်တွင် ဝမ်ကျုံ့သည် ရှေ့သို့ထွက်လာတော့သည်။
ပုလ္လင်ပေါ်က အောက်ငုံ့ကြည့်လိုက်သောအခါ အမတ်မင်းများ၏ ဦးခေါင်းများအားလုံးသည် ဝမ်ကျုံ့ထံသို့ တညီတညွတ်တည်း လှည့်ကြည့်လာကြ၏။
အရှင်မင်းကြီးကလည်း ဖွင့်ဟမေးမြန်းလိုက်တော့သည်။ "အမတ်ဝမ် ပြောစရာစကား ကျန်သေးလို့လား"
"ကျွန်တော်မျိုး စုန့်မြို့စားကြီးကို ပြစ်တင်စွပ်စွဲလိုပါတယ်" ဝမ်ကျုံ့၏ စကားလုံးတိုင်းသည် ရှင်းလင်းပြတ်သားလှသဖြင့် အရှင်မင်းကြီးမှာ မကြားချင်ယောင်ဆောင်၍ မရနိုင်တော့ပေ။
"ဪ ဒီတစ်လောမှာ စုန့် မြို့စားကြီးက ဘယ်လိုအမှားတွေ ကျူးလွန်ထားလို့လဲ။ အရင်ဆုံး ကိုယ်တိုင်ထွက်ပြီး ဝန်ခံလိုက်ပါလား"
စုန့် မြို့စားကလည်း ချက်ချင်းဆိုသလို ရှေ့ထွက်လာကာ လျှောက်တင်တော့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး ဘာအမှားမှ မကျူးလွန်ထားပါဘူး။ စုံစမ်းစစ်ဆေးရေးမှူးဝမ်က ဘာအကြောင်းကြောင့် ကျွန်တော်မျိုးကို စွပ်စွဲပစ်တင်ရတာပါလဲ"
"သိပ်မကြာခင်က စုန့်မြို့စားက လူတွေ အသရေဖျက်တာကို အကြောင်းပြချက်အဖြစ် အသုံးချပြီး ရပ်ကွက်အသီးသီးက စာအုပ်ဆိုင်တွေကို အကြီးအကျယ် လိုက်လံချိတ်ပိတ်နေပါတယ်။ ဒါက ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ဆိုးဆိုးရွားရွား အနှောင့်အယှက် ပေးရုံတင်မကဘူး တော်တော်လေးကို ဆိုးရွားတဲ့သက်ရောက်မှုလည်း ဖြစ်စေခဲ့ပါတယ်"
စုန့် မြို့စားကြီးက ချက်ချင်းဆိုသလို ချေပလိုက်လေသည်။ "ဒီကိစ္စကို ဒီအရာရှိက အရှင်မင်းကြီးဆီ ခွင့်ပြုချက် တောင်းခံပြီးသားပါ"
"ဟုတ်လို့လား။ ဒါဆိုရင် စုန့်မြို့စားကြီးက အရှင်မင်းကြီးကို ပြောပြရဲလား။ ခင်ဗျားက မြို့တော်ဝန်ကို ခြိမ်းခြောက်ပြီး စာအုပ်ဆိုင် ဘယ်နှစ်ဆိုင်တောင် ချိတ်ပိတ်ခဲ့သလဲ။ ရှန့်ကျင်းမှာ ရပ်ကွက်ပေါင်း ၁၀၆ခု ရှိတာ။ ရက်ပေါင်းလေးအတွင်းမှာ ဆိုင်ပေါင်း ၈၀ ကျော် ပိတ်ပစ်ခဲ့ရတယ်။ ရှန့်ကျင်းမှာ စက္ကူစျေးတွေ စျေးတက်ကုန်တာ။ အားလုံးက စုန့် မြို့စားကြီးရဲ့ ကျေးဇူးတွေပဲ။ စုန့် မြို့စားက စက္ကူလုပ်တဲ့ အလုပ်ရုံတွေနဲ့ လျှို့ဝှက်ပူးပေါင်း ကြံစည်ထားတာများ ရှိနေလို့လား"
"လူကြီးမင်းဝမ် စကားပြောဆင်ခြင်ပါ။ ဒီကိစ္စက အကြောင်းရှိလို့ ဖြစ်ရတာပါ။ အဲ့ဒါက ချိတ်ပိတ်ခံရတဲ့ စာအုပ်ဆိုင် တွေအားလုံးက တားမြစ်ထားတဲ့ စာအုပ်ကို ရောင်းချခဲ့တာပါ။ မြို့တော်ဝန်အစိုးရရုံးက စစ်ဆေးပြီးသွားတာနဲ့ စာအုပ်ဆိုင်က အလိုလိုပြန်ဖွင့်မှာပါ"
"တိုက်ဆိုင်လိုက်တာ မနေ့က ဒီအရာရှိကလည်း အဲဒီတားမြစ်ထားတဲ့ စာအုပ်ကို ဖတ်ကြည့်လိုက်ရပါတယ်။ ဒီအရာရှိ အရမ်းသိချင်တာက ဒီစာအုပ်ရေးထဲသူက စာအုပ်ထဲက အကြောင်းအရာတွေက စုန့် မြို့စားအိမ်တော်က လာတယ်လို့ ဘယ်စာကြောင်းမှာများ တိတိကျကျ ရေးထားလို့လဲ"
ဝမ်ကျုံ့သည် တစ်လှမ်းချင်း ဖိအားပေးလာပြီး စုန့်မြို့စား၏ မျက်နှာတွင် ဒေါသများထွက်လာကာ မထိန်းနိုင်ဘဲ ပြောလေတော့သည်။ "ကျုပ်က လူကြီးမင်းဝမ်လောက် စကားမကျွမ်းကျင်ပါဘူး။ ဒါပေမဲ့ သူ့စာအုပ်ထဲက အကြောင်းအရာက ကျုပ်တို့ စုန့်မြို့စားအိမ်တော်ကို ရိပ်ဖမ်းသံဖမ်းပေးပြီး အသရေဖျက်နေတာ ထင်ရှားတာပဲ"
"ဒါဆိုရင်တော့ ဒီကိစ္စက တော်တော်လေး ဆိုးရွားသွားပါပြီ" ဝမ်ကျုံ့က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်ကာ အရှင်မင်းကြီးကို လျှောက်တင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ "အရှင်မင်းကြီး ကျွန်တော်မျိုး ထင်တာကတော့ စာအုပ်ဆိုင်ကို ပိတ်ပင်တဲ့ကိစ္စက မလုပ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ စုန့်မြို့စားကြီးအိမ်တော်ရဲ့ ဂုဏ်သိက္ခာကလည်း အရေးကြီးပါတယ်။ ဒီလိုဖြစ်နေမှတော့ စာအုပ်ထဲမှာရေးထားတဲ့ စုန့် မြို့စားအိမ်တော်ရဲ့ အမွေဆက်ခံသူက လူသတ်ခဲ့တဲ့ကိစ္စ ဟုတ်မဟုတ်ဆိုတာကို အရှင်မင်းကြီးက ချက်ချင်းအမိန့်တော်ချပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးစေလိုပါတယ်"
စုန့်မြို့စားကြီးက အလျင်အမြန် လျှောက်တင်လိုက်တော့သည်။ "အရှင်မင်းကြီး ဒီဝတ္ထုစာအုပ်ထဲက အကြောင်းအရာက လုံးဝကို အခြေအမြစ်မရှိတဲ့ စကားလုံးတွေပါ။ ကျွန်တော်မျိုးရဲ့သားက လူ မသတ်ခဲ့ပါဘူး"
ဝမ်ကျုံ့၏ အသံကတော့ ပျော့ပျောင်းသွားလေသည်။ "စုန့်မြို့စားကြီး စိတ်မပူပါနဲ့။ ကျွန်တော်ကလည်း စုန့် မြို့စားကြီးရဲ့ ဆက်ခံသူက လူမသတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့အိမ်တော်ရဲ့ ဂုဏ်သတင်းနဲ့ ဆက်ခံသူရဲ့ အပြစ်ကင်းစင်မှုအတွက် ရှင်းရှင်းလင်းလင်း စစ်ဆေးလိုက်တာက ပိုကောင်းပါတယ်။ မဟုတ်ရင် ပြည်သူတွေက ဝတ္ထုထဲက အကြောင်းအရာတွေကို အလွယ်တကူ ယုံကြည်သွားကြမှာ စိုးရိမ်ရတယ်။ အမှန်တရားကို စစ်ဆေးပေါ်ပေါက် ပြီးတဲ့အခါ ပြည်သူတွေကိုလည်း ရှင်းပြစရာတစ်ခု ရှိသွားတာပေါ့"
"အရှင်မင်းကြီး ကျွန်တော်မျိုးကတော့ ဒီကိစ္စ မသင့်တော်ဘူးလို့ ထင်ပါတယ်" ဒီအချိန်တွင် ဓလေ့ထုံးတမ်းဝန်ကြီးက ရှေ့ထွက်လာတော့သည်။ "တကယ်လို့ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က စာအုပ်တစ်အုပ်ရေးပြီး နန်းတွင်းအမတ်ကို ထင်ယောင်ထင်မှားဖြစ်အောင် လိုက်စစ်ဆေးနေရမယ်ဆိုရင် နောင်တချိန်မှာ လူအင်အား မလောက်မှာ စိုးရိမ်ရတယ်။ လူကြီးမင်းဝမ်ကရော ဘယ်လို ထင်ပါသလဲ"
"ကျွန်တော် ထင်တာကတော့ တကယ်လို့ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က စာအုပ်တစ်အုပ်ရေးလိုက်တိုင်း နန်းတွင်းအမတ်ကို ရိပ်ဖမ်းသံဖမ်းနဲ့ စွပ်စွဲချက်တပ်ခံရမယ်။ ဝရမ်းထုတ် ဖမ်းခံရမယ်ဆိုရင် သေချာစုံစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ မပြောနိုင်ဘူးလေ။ သူက တကယ်ပဲ အကြောင်းပြချက်မရှိ နန်းတွင်းအမတ်ကို အသရေဖျက်နေတာလား။ ဒါမှမဟုတ် မလွဲရှောင်သာတဲ့ အခြေအနေကြောင့် ဝတ္ထုစာအုပ်ကို အားကိုးပြီး နန်းတော်ကို မတရားမှု တိုင်ကြားနေတာလား ဆိုတာကိုပေါ့"
"တကယ်ပဲ မတရားမှု ရှိနေတယ်ဆိုရင် အစိုးရရုံးကို တိုင်ကြားလို့ရတာပဲ" ဓလေ့ထုံးတမ်းဝန်ကြီးက ထိုအပြုအမူကိုလုံးဝ မကျေမနပ် ဖြစ်နေတော့သည်။
"ဝန်ကြီးချုပ် စကားတစ်ခွန်း ကြားဖူးပါသလား။ ‘ဘာလို့ အသားမစား ကြတာလဲ’ ဆိုတာလေ"
"ဟမ့်။ လူကြီးမင်းဝမ်က ဒီစကားကို နေရာမှာသုံးနေတာပဲ။ စာဖတ်တဲ့အချိန်တုန်းက အပေါ်ယံပဲ ဖတ်ခဲ့တယ်ထင်ပါရဲ့"
ဝမ်ကျုံ့ကလည်း ပြုံးလိုက်လေသည်။ "ဆိုလိုရင်းကို သဘောပေါက်ရင် ပြီးတာပါပဲလေ။ ကျွန်တော် နန်းတွင်းစာမေးပွဲ ဖြေတုန်းက တော်တော်လေးကို စည်းစနစ်ကျခဲ့ပါတယ်။ ဝန်ကြီးချုပ်လည်း သိသားပဲ"
ဓလေ့ထုံးတမ်း ဝန်ကြီးသည် မျက်စောင်းထိုး လေတော့သည်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ဝမ်ကျုံ့ရဲ့စာပေကို ဒီလောက်အထင်မကြီးခဲ့သင့်မှန်း စောစောကတည်းက သိခဲ့သင့်တာ။
ရလဒ်ကတော့ ဆယ်နှစ်ကျော် ကြာသွားပြီးတဲ့နောက် သူနဲ့အတူ နန်းတွင်းမှာ အမှုထမ်းရပြီး သူက ရုံးတော်ညီလာခံတွေထဲမှာ လေမုန်တိုင်းတွေ မွှေနှောက်နေတာကို ကြည့်နေရတယ်။ တစ်ရက်လေးတောင်မှ အငြိမ်မနေဘူး။
နှစ်ယောက်သားကစပြီး အငြင်းအခုန် ဖြစ်တော့မည်ကို မြင်လိုက်သည်တွင် အရှင်မင်းကြီးကလည်း သူ့နားထင်ကို နှိပ်နှယ်လေတော့သည်။ "မြို့တော်ဝန်ကို အမိန့်ပေးတယ်။ ဒီနေ့ကစပြီး ဖမ်းဆီးထားတဲ့ လူတွေကို ပြန်လွှတ်ပေးလိုက်။ ဝတ္ထုစာအုပ်ရေးတဲ့သူကိုလည်း အလိုရှိတဲ့ ဝရမ်းပြေး အမိန့်ကနေ ရုပ်သိမ်းလိုက်တော့။ ပြည်သူတွေ အသိဉာဏ်ပွင့်လင်းတာက ကောင်းတဲ့ကိစ္စပဲ။ ဒါပေမဲ့ ဝတ္ထုဇာတ်လမ်းရဲ့ အကြောင်းအရာတွေကိုတော့ နောင်တချိန်မှာ တင်းတင်းကျပ်ကျပ် စီစစ်သွားရမယ်"
"အရှင်မင်းကြီး ဉာဏ်ပညာကြီးမြတ် တော်မူပါပေတယ်"
စုန့် မြို့စားကြီး တစ်ဦးတည်းကသာ အနည်းငယ် မကျေမနပ် ဖြစ်လေသည်။
"အရှင်မင်းကြီး ... အရှင်မင်းကြီး ကျွန်တော်မျိုးကို ကတိပေးထားခဲ့တာ ..."
အရှင်မင်းကြီး၏ လေသံကလည်း အေးစက်သွားတော့သည်။ "စုန့် မြို့စားအိမ်တော်ရဲ့ ဂုဏ်သတင်းအတွက် ကျန်းက မင်းကို ဒီစာအုပ် ပိတ်ပင်ဖို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ စုန့်မြို့စားကြီး မင်းက ကျန်းရဲ့ နာမည်ကိုအသုံးချပြီး အပိုအလုပ်တွေ အများကြီး လုပ်ခဲ့တာပဲ"
"ကျွန်တော်မျိုး စိုးရွံ့မိပါတယ်" စုန့် မြို့စားကြီးသည် ချက်ချင်းဆိုသလို ဒူးထောက်လိုက်လေသည်။
အရှင်မင်းကြီးက လက်ကို ဝှေ့ယမ်းပြလိုက်ကာ "မင်းက နစ်နာသူဖြစ်တဲ့အတွက် ကျန်းက ဒီနေ့ကိစ္စကို ထပ်ပြီးအပြစ် မတင်တော့ဘူး။ ဒီကိစ္စကို ထပ်ပြီးမဆွေးနွေး ကြနဲ့တော့"
ဝမ်ကျုံ့ကလည်း ဆက်ပြီးဖိအားပေးကာ မပြောဆိုတော့ချေ။ အရှင်မင်းကြီးသည် စုံစမ်းစစ်ဆေးရန် သဘောတူအမည် မဟုတ်ကြောင်း သူလည်း အစောကြီးကတည်းက သိထားပြီးသားပင်။
အကြောင်းအရင်း တစ်ရပ်မှာ ဓလေ့ထုံးတမ်းဝန်ကြီး ပြောကြားခဲ့သလိုပင် ဝတ္ထုစာအုပ်၏ အကြောင်းအရာသည် ယုံကြည်လောက်ဖွယ်မရှိပေ။ ရုံးတော်က ဇာတ်လမ်းစာအုပ် တစ်အုပ်ကြောင့် မြို့စားကြီးတစ်ဦး၏ အမွေဆက်ခံသူကို စုံစမ်းစစ်ဆေးမည် မဟုတ်ပေ။
ဒုတိယအကြောင်းမှာ စုန့် မြို့စားအိမ်တော်၏ ဆက်ခံသူကို၌ပင် ရှိသေးသည်။ လက်ရှိတွင် ရှီးလင်၏ တည်ငြိမ်အေးချမ်းမှုသည် အရေးအကြီးဆုံးဖြစ်သည်။ အကယ်၍ ခိုင်မာသည့်သက်သေ အထောက်အထား မရှိပါက အရှင်မင်းကြီးသည် သူ့ကိုအလွယ်တကူ ပြန်လည်ခေါ်ယူမည် မဟုတ်ပေ။
သူ၏ ယနေ့ ရည်ရွယ်ချက်ကတော့ ဒီကိစ္စကို ဒီအတိုင်း ရှင်းလင်းတင်ပြကာ အရှင်မင်းကြီးကို ညီလာခံတွင် ရှင်းလင်းသည့် သဘောထားတစ်ခု ပေးစေပြီး ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်သာရှိလေသည်။
ရည်ရွယ်ချက်က အောင်မြင်သွားပြီ ဖြစ်သဖြင့် တခြားအရာများက အရေးမကြီးတော့ချေ။
အရှင်မင်းကြီး အမိန့်တော်ချမှတ်သည့် နေ့ကစပြီး ဖမ်းဆီးခံရသည့် စာအုပ်ဆိုင် အလုပ်သမားများနှင့် သူဌေးအများအပြားသည်လည်း ပြန်လည် လွတ်မြောက်လာခဲ့ကြပြီး စာအုပ်ဆိုင်လုပ်ငန်းများကလည်း ပြန်လည်ဖွင့်လှစ်ခဲ့ကြလေသည်။ သူတို့၏ တစ်ခုတည်းသော ဆုံးရှုံးမှုမှာ လက်စားချေခြင်း မှတ်တမ်း၏ ပထမတွဲ ဖြစ်တော့၏။
ဒီစာအုပ်ကို နန်းတော်က တားမြစ်ထားသည်ဟု ရှင်းလင်းစွာ ဖော်ပြခဲ့သဖြင့် နောက်ပိုင်းတွင် ခိုးကြောင်ခိုးဝှက် ပုံနှိပ်ခြင်းမပြုရတော့ပေ။
စာအုပ်ဆိုင် သူဌေးတို့သည်လည်း သက်ပြင်းတစ်ချက် ချလိုက်ကြပြီး စစ်ပွဲတစ်ရာစစ်နတ်ဘုရား စာအုပ်ကိုသာ ထပ်မံပုံနှိပ်ရန် ပြုလုပ်ရတော့သည်။ ဒီအဖြစ်အပျက်ကြောင့် ပေါင်မုဆရာကြီးကြီး၏ ကြီးမြတ်သည့်လက်ရာကို ဖတ်ရှုလိုသူ အများအပြား ရှိလာလိမ့်မည်ဟု တွေးထင်မိကြ၏။
ဒီလူသည် တားမြစ်စာအုပ်ကို ရေးနိုင်စွမ်း ရှိသူဖြစ်သဖြင့် သူ့လက်ရာများသည်လည်း လေ့လာထိုက်သည့် တန်ဖိုးရှိမှာ သေချာပေသည်။
နောက်ထပ်ရက် အနည်းငယ် အကြာတွင် အားချန်၏ အိမ်သည်လည်း နောက်ဆုံးတော့ ပြောင်းရွှေ့နေထိုင်ရန် အသင့်ဖြစ်လာတော့၏။
နှစ်ရက်အလိုက ဟွေ့ညန်သည် လူများကို ငှားရမ်းကာ အခန်းတိုင်းနှင့် ခြံဝင်းထဲတွင် သန့်ရှင်းရေး ပြုလုပ်ခိုင်းထားသည်။ အသစ်မှာယူထားသည့် အိမ်ထောင် ပရိဘောဂများနှင့် အသုံးအဆောင်များကိုလည်း နေရာချထားပြီးသားဖြစ်၏။ ဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲထားပြီးသားဖြစ်ကာ အပေါ်က ပိတ်စနီဖြင့် ဖုန်းအုပ်ထားပြီး ဆိုင်ပြန်လည်ဖွင့်လှစ်မည့်နေ့ကို စောင့်ဆိုင်းနေတော့သည်။
အားချန်ကတော့ ညတွင်းချင်းပင် သူမ၏ ခရီးဆောင်အိတ်များနှင့် ထုတ်ပိုးပြင်ဆင်လုနီးပါး ဖြစ်ခဲ့သည်။ နောက်တစ်နေ့တွင် ချန်ဟွေ့ကို ချန်းဖိင်ဖန်းသို့ ပြန်လည်ပြောင်းရွှေ့ရန် တိုက်တွန်းလေတော့သည်။ ချန်းဖိင်ဖန်းရှိ အိမ်အသစ်ထဲသို့ ဝင်ရောက်နေထိုင် လိုက်သည်တွင် အားချန်သည် နောက်ဆုံးတော့ သက်သောင့်သက်သာ ရှိသွားသည်ဟု ခံစားရတော့သည်။ သူမသည် ဒီနေရာကိုအမှန်တကယ် ပိုနှစ်သက်မိလေသည်။
ဆိုင်ဖွင့်ပွဲ ကျင်းပသည့်နေ့တွင် ဗျောက်အိုးဖောက်သံများ ထွက်ပေါ်လာပြီး အားချန်သည်လည်း ဆိုင်းဘုတ်ပေါ်က ပိတ်စနီလေးကို ဆွဲဖြုတ်လိုက်ကာ ဖောင်းကြွပုံစံ ရေးသားထားသည့် "အမွှေးနံ့သာဆိုင်" ဟူသည့် စာလုံးနှစ်လုံး ပေါ်ထွက်လာတော့သည်။ ဖောင်းကြွပုံစံ ရေးသားထားသည့် ရှေးကျသော အငွေ့အသက်ကို ဆောင်ကျဉ်းပေးသဖြင့် အားချန်သည် မိမိ၏ဆိုင်က ပိုလို့ပင်ခန့်ငြားသော ဟန်ပန်ရှိလာသလို ခံစားလိုက်ရတော့သည်။
အနီးအနားက ရင်းနှီးသည့် ဆိုင်ရှင် အများအပြားကလည်း ကံကောင်းခြင်း ဆုတောင်းရန်အတွက် ရောက်ရှိလာကြပြီး တချို့သော အမြဲတမ်း ဖောက်သည်များကလည်း သတင်းကြားသဖြင့် အမွှေးနံ့သာများကို လာရောက်ဝယ်ယူ ကြလေသည်။
ဒီကာလအတွင်းတွင် အားချန်သည် အိမ်တွင် အမွှေးနံ့သာ အမျိုးအစားပေါင်း များစွာကို ပြင်ဆင်ထားခဲ့ပြီး စိတ်ကိုတည်ငြိမ်စေသည့် အမွှေးနံ့သာတစ်မျိုးနှင့် အဝတ်အစားများကို မွှေးကြိုင်စေသည့် စံပယ်ပန်းရနံ့ အမွှေးနံ့သာမှုန့် တစ်မျိုးကိုလည်း ဖော်စပ်ထားခဲ့၏။ ခြင်နှစ်ပိုးမွှားများကို နှင်ထုတ်သည့် အမွှေးနံ့သာလုံးများက ရောင်းအားအကောင်းဆုံး ဖြစ်သော်ငြားလည်း တခြားသော အမွှေးနံ့သာများသည်လည်း မနည်းမနော ရောင်းချခဲ့ရလေသည်။
မနက်ခင်းတစ်ခုလုံးတွင် အားချန်သည် ငွေများကို အကြိမ်ပေါင်းများစွာ ရေတွက်ခဲ့ပြီး သူမ၏ မျက်လုံးများမှာ ကွေးညွှတ်နေတော့၏။ အမွေဆက်ခံတာနဲ့ ကိုယ်တိုင် ငွေရှာရတဲ့ခံစားချက်က တကယ် ကွာခြားတာပဲ။
မွန်းလွဲပိုင်း ကျော်လာချိန်တွင် ရာသီဥတုသည် ပိုပြီးပူပြင်းလာပြီး ဧည့်သည်များလည်း ရောက်မလာကြတော့ချေ။ အားချန်က အနောက်ဘက် ခြံဝင်းထဲရှိ အရိပ်ကျသည့်နေရာတွင် ထိုင်ကာ အနားယူနေတော့သည်။ သူမသည် ခုနတုန်းကမှ ရေစိမ်ခေါက်ဆွဲကို ကြက်သားမျှင်နှင့် သခွားသည်တို့ဖြင့် သုတ်ကာစားသောက်ခဲ့ပြီး အလွန်လန်းဆန်းလို့နေသည်။
ချန်ဟွေ့က ဖရဲသီးတစ်လုံးကိုလည်း ဝယ်ယူလာခဲ့ပြီး ယခုအချိန်တွင်တော့ ထိုဖရဲသီးကို ရေတွင်းထဲတွင် စိမ်ထား၏။ အားချန်သည် မကြာခဏ ရေတွင်းထဲသို့ ခေါင်းငုံကာ ကြည့်နေမိလေသည်။ အရမ်းပူတာပဲ။ ဖရဲသီးစားချင်လိုက်တာ။
ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို အဝေးတစ်နေရာမှ စည်တော်သံတစ်ခု ထွက်ပေါ်လာတော့သည်။ သူမသည် အနည်းငယ် ထူးဆန်းကာ ထရပ်မိလိုက်တော့၏။ ညမထွက်ရ အမိန့်ချိန်တောင် မရောက်သေးဘူးလေ။ ဘယ်လိုလုပ်ပြီး စည်သံကို ကြားနေရတာလဲ။
သူမသည် ခန်းဆီးစကို မကာ ရှေသို့လျှောက်လာခဲ့သည်တွင် ချန်ဟွေ့သည်လည်း တံခါးဝတွင် လှမ်းမျှော်ကြည့်ရှုနေသည်ကို တွေ့လိုက်ရသဖြင့် အနားသို့သွားကာ မေးမြန်းလိုက်တော့သည်။ "ချန်ဟွေ့ ဒါကဘာစည်သံလဲဟင်"
ချန်ဟွေ့ကလည်း ပြန်ဖြေလာခဲ့သည်။ "ဒါက တိုင်ကြားရေး စည်တော်သံလေ။ တစ်ယောက်ယောက်က အမှုတိုင်ကြားနေတာ ဖြစ်မယ်"
...