ဘိုးဘေးပူဇော်ပွဲကို ဒီလိုလုပ်ရတယ်လို့ မင်းကို ဘယ်သူ သင်ပေးတာလဲ။
Vol. 7 Ch. 67
"စုန့်ရှီးကို နန်းတော်ထဲ ဆင့်ခေါ်စေ"
ကုန်းကုန်းကြီး၏ အသံသည် နန်းတော်အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် လူငယ်တစ်ဦးသည် နန်းတော်ခန်းမအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာလေသည်။
စုန့်ရှီးသည် အသက်၂၀ကျော်ရုံသာ ရှိသေးသော်ငြား သူ့ကိုယ်ပေါ်မှထွက်နေသည့် အရှိန်အဝါကတော့ နန်းတော်အတွင်းက စစ်သူကြီး အများစုထက်ပင် ပိုပြီးပြင်းထန်လို့ နေသေးသည်။ သူ့မေးစေ့ တွင်လည်း မုတ်ဆိတ်ငုတ်တို စိမ်းဖန့်ဖန့်လေးများ ရှိနေကာ ရှီးလင်မှ ရှန့်ကျင်းသို့ ပြန်လာသော လမ်းတလျှောက်တွင် အချိန်မဆွဲရဲခဲ့ကြောင်း ထင်ရှားလေသည်။
"အရှင်မင်းကြီး။ စုန့်ရှီး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" စုန့်ရှီးသည် နန်းတော်ခန်းမထဲသို့ ဝင်လာပြီး ဒူးထောက်ကာ ဦးတိုက်လျက် သူ့အသံသည်လည်း ကျယ်လောင်ကာ ကြည်လင်လို့နေသည်။
စုန့်ရှီးကို ဒီလိုမြင်တွေ့လိုက်ရချိန်တွင် တချို့သောမှူးမတ်များက စိတ်ထဲတွင် မနေနိုင်ဘဲ တွေးတောမိကြတော့သည်။ တရားဝင်သားနဲ့ သားအငယ်ကို လဲလှယ်ပစ်ရတာလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။ တကယ်လို့ ဒါက စုန့်ချန်လျန် လုပ်ခဲ့တာဆိုရင် သူက စုန့်မြို့စားအိမ်တော်အတွက် တကယ်ပဲကောင်းအောင် လုပ်ခဲ့တာဖြစ်နိုင်တယ်။
စုန့်ရှီးသည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သိုင်းပညာတွင်လည်း ပါရမီရှင်တစ်ဦး ဖြစ်လေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ မျိုးရိုးဇစ်မြစ်ပင် ဖြစ်တော့၏။ အကယ်၍များ သည်ကိစ္စသာ မပေါက်ကြားခဲ့လျှင် စုန့်မြို့စားအိမ်တော်၏ အနာဂတ်မှာ မျှော်လင့်ဖွယ်ရာ ရှိလှပေသည်။
"စုန့်ရှီး မင်း အပြစ်ရှိတာသိရဲ့လား" အရှင်မင်းကြီး၏ အသံထွက်ပေါ်လာ၏။
"ကျွန်တော်မျိုး မသိကြောင်းပါ။ အရှင်မင်းကြီးက မိန့်တော်မူပါ"
"မက်း စုန့်ယွိ ဆိုတဲ့နာမည်ကို ကြားဖူးလား"
စုန့်ရှီးသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်သွားပြီး သူ့မျက်နှာပေါ်တွင်လည်း မျှော်လင့်ချက် ကင်းမဲ့သွားသည့် အရိပ်အယောင်လေး ဖြတ်သန်းသွားတော့၏။ "ကျွန်တော်မျိုး ... ကြာဖူးပါတယ်"
"မင်းက စုန့်မြို့စားကြီးရဲ့ တရားဝင်သား မဟုတ်ဘူးဆိုတာ ဘယ်တုန်းက သိခဲ့တာလဲ"
"စုန့်ယွိရဲ့ သရုပ်မှန်ကို စုံစမ်းစစ်ဆေး ပြီးတဲ့နောက်မှာမှ အမှန်တရားကို သိခဲ့တာပါ"
"ဒါဆိုရင်မင်း ဘာလုပ်ခဲ့လဲ" အရှင်မင်းကြီးက မေးမြန်းလိုက်လေသည်။
"ကျွန်တော်မျိုး ... ကျွန်တော်မျိုး သူ့ကို မြို့တော်ကို တိတ်တိတ်လေး ပြန်ခေါ်ဖို့ လူလွှတ်လိုက်ပါတယ်"
"ဒါဆိုရင် သူ ဘာဖြစ်လို့ သေဆုံးသွားရတာလဲ"
စုန့်ရှီးသည် ခန်းမအလယ်တွင် ဒူးထောက်ချလိုက်ပြီး နှုတ်ဆိတ်ကာသာ ရှိနေတော့သည်။
"စုန့်ရှီး ကျန်း မေးနေတယ်လေ"
စုန့်ရှီးသည် ခေါင်းငုံ့ထားကာ နောက်ဆုံးတော့ ဖွင့်ပြောလိုက်တော့၏။ "ကျွန်တော်မျိုး လက်အောက်ငယ်သားကို အုပ်ချုပ်မှုမတင်းကျပ်လို့ သူ့ကို သေစေခဲ့တာပါ"
သူက ထပ်မံပြောဆိုလိုက်၏။ "ကျွန်တော်မျိုး သူ့ကို သေစေခဲ့တာပါ"
"အုပ်ချုပ်မှု မတင်းကျပ်ဘူး ဟုတ်လား။ မင်း ဒီကိစ္စကို ဘယ်သူ့ကို ပြောခဲ့သေးလို့လဲ"
စုန့်ရှီးသည် အရှင်မင်းကြီး၏ မေးခွန်းကိုပြန်မဖြစ်ဘဲ ပြန်ပြောလိုက်လေသည်။ "ဒီလူကို ကျွန်တော်မျိုး ကွပ်မျက်လိုက်ပါပြီ။ စုန့်ယွိ သေဆုံးရတာက ပြန်သုံးသပ် ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားက ကျွန်တော်မျိုးရဲ့နေရာကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာပါ။ ကျွန်တော်မျိုး စုန့်ယွိ အတွက် အသက်ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ"
ထိုစကားများ ပြောကြားပြီးနောက်တွင် ရှေ့ကိုတစ်လှမ်းချင်းတိုးကာ ဖိအားပေးနေပြီး အရှင်မင်းကြီးကို စုန့်ရှီးအား ရှီးလင်မှ အတင်းလူပြန်ခေါ်ခိုင်းသည့် ချီဟိုင်ကပင် မတက်သာတော့ဘဲ စုန့်ရှီးကို အကြိမ်အနည်းငယ် ပြန်လှည့်ကြည့်မိတော့သည်။
ဒီလိုဦးနှောက်မျိုးနဲ့ အရည်အချင်းရှိတဲ့ သားတစ်ယောက် ရှိနေမှတော့ စုန့်မြို့စားကြီးအတွက် စိတ်ပူစရာ ဘာရှိဦးမှာလဲ။
"အဲဒီ လက်အောက်ငယ်သားက ဘယ်သူလဲဆိုတာကို ကျန်း မေးနေတာ" အရှင်မင်းကြီး၏ အသံသည် တော်တော်လေး မကြည်မသာ ဖြစ်နေသည်ကို ကြားနိုင်သော်ငြား စုန့်ရှီးကတော့ မလှုပ်မယှက်ပင်။
နောက်ဆုံးတွင်တော့ အရှင်မင်းကြီးက အေးစက်စက် နှာခေါင်းရှုံ့ လိုက်လေတော့သည်။ "စုန့်ရှီးက ရှင်ဘုရင်ကို လိမ်လည်လှည့်စားပြီး အထက်ကိုအာခံတယ်။ သူ့ရဲ့ ရှီးလင်စစ်တပ် စစ်သူကြီးချုပ်နေရာနဲ့ မြို့စားအိမ်တော်ရဲ့ ဆက်ခံသူနေရာကို ရုပ်သိမ်းစေ"
စုန့်ရှီး၏ မျက်နှာသည် တစ်စက်ကလေးမှ လှုပ်ရှားသွားခြင်းမရှိဘဲ သူသည် အရှင်မင်းကြီးကိုသာ တစ်ဖန် ဦးတိုက်ကာ လျှောက်တင်လိုက်လေသည်။ "စုန့်ရှီး အရပ်သား အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ချီးမြောက်ပါတယ်"
အရှင်မင်းကြီးကလည်း ထိုနေရာတွင်မရပ်ဘဲ ဆက်ပြောလိုက်လေသည်။ "စုန့်မြို့စားက သူ့သားကို အကာအကွယ် ပေးထားတယ်။ အပြစ်က ခွင့်လွှတ်နိုင်စရာ မရှိဘူး ..."
"အရှင်မင်းကြီး" စုန့်ရှီးသည် နောက်ဆုံးတော့ အရှင်မင်းကြီး၏ စကားကို ဖြတ်ပြောလေတော့သည်။ သူ့မျက်နှာမှာ စိုးရိမ်မှုများအပြည့် ဖြစ်သွားပြီး သူ့ပခုံးကလည်း အနည်းငယ် ပြေလျော့သွားကာ နောက်ဆုံးတော့ နာမည်တစ်ခုကိုသာ ထုတ်ပြောလေတော့သည်။ "ဦးလေးလျန်။ စုန့်ချန်လျန်ပါ"
ထိုနာမည်ကို ထုတ်ပြောလိုက်သည်တွင် နန်းတွင်းမှူးမတ်များသည် အချင်းချင်း တီးတိုးစကား ပြောကြလေတော့သည်။
စုန့်ရှီးက ဒီနာမည်ကို ပြောနိုင်တာကလည်း ဘာကိုမှ ကိုယ်စားမပြုပါဘူး။ သူက မြို့စားအိမ်တော်ဆီကနေ အကြောင်းကြားစာ ကြိုရထားတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ်လည်း သူက စုန့်ချန်လျန်နဲ့ အစောကြီးကတည်းက ကြိုတင်ညှိနှိုင်း ထားတာလည်း ဖြစ်နိုင်တာပဲလေ။
သို့သော်ငြား အရှင်မင်းကြီး၏ အကြိမ်ကြိမ် ဖိအားပေး မေးမြန်းခြင်းအောက်တွင် သူက ဝန်ခံခဲ့ခြင်းသည် လူအများကို သူ၏စကားက အမှန်ဖြစ်သည်ဟု ထင်မှတ်ရစေလေသည်။
ထိုစကားက အမှန်ဖြစ်စေ အမှားဖြစ်စေ အနည်းဆုံးတော့ စုန့်ရှီးသည် စုန့်မြို့စားအိမ်တော်ထဲက တခြားသူများထက် အများကြီးပိုပြီး ပါးနပ်သည်ကို မြင်တွေ့နိုင်လေသည်။
အရှင်မင်းကြီးက စုန့်ရှီးကို ထပ်မကြည့်တော့ဘဲ မေးလိုက်၏။ "ရာဇဝတ်မှုဌာနကဝန်ကြီးနဲ့ တာ့လီစစ်ဝန်ကြီး အမှုကိုဘယ်လို စစ်ဆေးနေပြီလဲ"
ရာဇဝတ်မှုဌာနက ဝန်ကြီးက အရင်ဆုံးထွက်လာကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ စုန့်ချန်လျန်ရဲ့ ထွက်ဆိုချက်အရ စုန့်ယွိကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ သက်ဆိုင်သူတွေကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။ စုန့်ယွိကို သတ်ဖြတ်ဖို့အမိန့်ကို စုန့်ချန်လျန်က ချမှတ်ခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ စုန့်ယွိ သေဆုံးပြီးတဲ့နောက်မှာ သူက စုန့်ယွိရဲ့ ဆွေမျိုးတွေကို အမိန့်ပေးပြီး လာဘ်ထိုးတယ်။ ရုတ်တရက် နာမကျန်းဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကြိုတင်မြှုပ်နှံခိုင်းခဲ့တာပါ"
"ဒါပဲလား"
"ကျွန်တော်မျိုး စုန့်ရှီးဘေးက အစေခံ၊ အစေခံမလေးတွေနဲ့ ကိုယ်ရံတော်တွေကိုလည်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။ စုန့်ရှီးက စုန့်ယွိကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ် ဆိုတာကို ဘယ်သူမှ သက်သေမပြ ပေးနိုင်ခဲ့ပါဘူး"
အရှင်မင်းကြီးကတော့ တုံ့ပြန်မနေဘဲ ထပ်မေးလိုက်လေသည်။ "တာ့လီစစ်ဝန်ကြီး ဘယ်မှာလဲ။ ဘာတွေ စစ်ဆေးတွေ့ရှိခဲ့လဲ"
တာ့လီစစ် ဝန်ကြီးသည် အရှေ့သို့ ထွက်လာကာ လျှောက်တင်လေသည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး စုန့်မြို့စားရဲ့ဇနီးကို မေးမြန်းခဲ့ပါတယ်။ သူ့သားကို မွေးတဲ့နေ့မှာ စုန့်ချန်လျန်က လွှတ်လိုက်တဲ့ လူတစ်ယောက်က သူ့သားကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဝန်ခံထားပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ သားက မြို့စားအိမ်တော်ရဲ့ တရားဝင်သား ဖြစ်လာတာကို တွေ့ခဲ့ရပေမယ့် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်ထားခဲ့တာပါ။ အခုတော့ စုန့်မြို့စားကတော်က အရှင်မင်းကြီးကို လိမ်လည်လှည့်ဖြားတဲ့ အပြစ်ကျူးလွန်မှုကြောင့် တာ့လီစစ်မှာ ထိန်းသိမ်းခံထားရပါတယ်"
"အရှင်မင်းကြီး အရာအားလုံးက ဒီအရပ်သား ကျွန်တော်ကြောင့် ဖြစ်သွားခဲ့ရတာပါ။ တကယ်တမ်း အရှင်မင်းကြီးကို လိမ်ညာလှည့်ဖြားတဲ့ အပြစ်ကျူးလွန်ခဲ့တာက ဒီအရပ်သား ကျွန်တော်မျိုးပါပဲ။ အရှင်မင်းကြီး စုံစမ်းစစ်ဆေး ပေးတော်မူပါ"
အရှင်မင်းကြီးသည် နန်းတော်ထဲတွင် ဦးခိုက်ရင်း ထမလာသေးသည့် စုန့်ရှီးကို တည်တည်ငြိမ်ငြိမ် ကြည့်ကာ ပြောလိုက်လေသည်။ "စုန့်မြို့စားကြီးကရော ဒီကိစ္စကို မသိခဲ့ဘူးလား"
တာ့လီစစ်ဝန်ကြီးသည် အခိုက်အတန့် မှင်သက်အံ့သြသွားပြီးမှ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး မြို့စားအိမ်တော်က အသက်ကြီးပိုင်းတွေကို မေးမြန်းကြည့်တဲ့အခါ ယခင်မြို့စားကြီး ကွယ်လွန်သွားတဲ့ညက စုန့်မြို့စားက ကြားမှာ ခဏထွက်သွားခဲ့တယ်လို့ သိရပါတယ်။ သူ့ဇနီး သွေးသွန်နေတယ်လို့ ကြားသိခဲ့ရပေမယ့် စုန့်မြို့စားကတော့ တစ်ချက်ပဲ သွားကြည့်ခဲ့ပါတယ်။ စုန့်မြို့စားက ဒီကိစ္စကို သိသလား မသိသလား ဆိုတာကိုတော့ ကျွန်တော်မျိုး အတည်မပြုနိုင်ခဲ့ပါဘူး"
လူနှစ်ဦး၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို နားထောင်ပြီးနောက်တွင် မှူးမတ်အားလုံး၏စိတ်ထဲတွင် ရှင်းလင်းသွားတော့သည်။ စုန့်ချန်လျန်သည် စုန့်ရှီး၏ ခိုင်းစေမှုကြောင့် စုန့်ယွိကို သွားသတ်ခဲ့ခြင်း ဖြစ်နိုင်ခြေ မည်မျှပင်ကြီးမားပါစေ ယခုတော့ စုန့်ချန်လျန်က အပြစ်ကိုဝန်ခံလိုက်ပြီဖြစ်ပြီး ရာဇဝတ်မှုဌာနကလည်း တခြားသက်သေများကို ရှာမတွေ့ခဲ့သဖြင့် စုန့်ရှီးသည် အပြစ်ကင်းမယ့်သူ ဖြစ်သွားလေတော့သည်။
ယခုအချိန်တွင် စုန့်ရှီးကို အပြစ်ရှိသည်ဟု စီရင်နိုင်သော တစ်ခုတည်းသော အရာမှာ ရှင်ဘုရင်ကို လိမ်လည်လှည့်ဖြားသည့် အမှုသာဖြစ်တော့သည်။ သို့သော်ငြား ဒီပြစ်မှုကို စုန့်ရှီး၏ ခေါင်းပေါ်သို့ တင်သင့် မတင်သင့်သည်ကတော့ အရှင်မင်းကြီး၏ သဘောထား အပေါ်တွင်သာ မူတည်လေတော့သည်။
"စုန့်မြို့စားက ပေါ့ဆမိုက်မဲပြီး အရည်အချင်းမရှိလို့ တရားဝင်သား အသတ်ခံခဲ့ရတယ်။ သူ့ရဲ့ရာထူးကို ပယ်ဖျက်ပြီး အိမ်တော်မှာ တစ်နှစ်တိတိ အပြစ်ပြန်လည်သုံးသပ် စေ" ထိုနောက်တွင်တော့ အရှင်မင်းကြီးက စုန့်ရှီးကို ကြည့်လိုက်ကာ မိန့်တော်မူလိုက်သည်။ "စုန့်ရှီး ... သူ့အဖေနဲ့အတူ အပြစ်ကို ပြန်လည်သုံးသပ်စေ"
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
ရုံးတော်က ဆင်းလာပြီးနောက်တွင် စုန့်ရှီးသည် နန်းတော်အပြင်ဘက်သို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့၏။ လာစဉ်က အချိန်နှင့်မတူဘဲ သူသည် ရာထူးဂုဏ်ရှိန်များ မရှိတော့ဘဲ ဘာမှမရှိတော့သည့်အလား ထင်ရလေသည်။
သို့သော်ငြား အမြင်ရှိသူတိုင်းကတော့ အရှင်မင်းကြီးက စုန့်မြို့စားအိမ်တော်၏ ဂုဏ်သိက္ခာကို မရုပ်သိမ်းခဲ့ကြောင်း၊ ဒီကိစ္စပြီးဆုံးသွားသည့်အခါ ဆက်ခံသူနေရာသည် မကြာမီ အနှေးနှင့်အမြန် စုန့်ရှီး၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း မြင်တွေ့နိုင်လေသည်။
သို့ရာတွင် သူသည် ရုံးတော်အတွင်း၌ ထင်ပေါ်ကျော်ကြားလိုပါက နောက်ထပ်နှစ်အနည်းငယ် ကြန့်ကြာဦးမည်ကိုတော့ စိုးရိမ်နေရသေးသည်။ သို့သော်ငြား သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သက်တမ်းသည် အစကတည်းက သာမန်လူများထက် ရှည်လျားပြီး ကြန့်ကြာမှုကို ခံနိုင်ရည် ရှိပေလိမ့်မည်။
ထို့ကြောင့် စုန့်ရှီး တစ်ယောက်တည်း ရှိနေသည်ကို မြင်လိုက်ရသည်တွင် မှူးမတ်မျိုးနွယ် အနည်းငယ်တို့သည် ရှေ့သို့တက်လာကာ သူ့ပခုံးကိုပုတ်ပြီး နှစ်သိမ့်စကား အနည်းငယ် ပြောဆိုပေးကြ၏။
ဆူဆူညံညံ ဖြစ်ပွားခဲ့သည့် အမှုသည် ယခုအချိန်တွင်တော့ အရှင်မင်းကြီးထံတွင်တော့ အဆုံးသတ် ဆုံးဖြတ်ချက် ချခဲ့ပြီးဖြစ်လေသည်။ အမှုကို အဆုံးသတ်ရန်သာ လိုတော့ပြီး လူတိုင်းကို ရှင်းလင်းချက်တစ်ခု ပေးနိုင်တော့မည်ဖြစ်၏။
ဒီတစ်ကြိမ်တွင် အရှင်မင်းကြီးက မှူးမတ်များကို သတိပေးခြင်းမရှိသဖြင့် ဒီအမှုနှင့်ပတ်သက်သည့် သတင်းများသည် ထိုနေ့မွန်းလွဲပိုင်းမှာပင် လမ်းမများပေါ်သို့ ပျံ့နှံ့သွားခဲ့လေသည်။
တစ်ခါတစ်ရံတွင်တော့ အားချန်တစ်ယောက် မသင်္ကာမဖြစ်ဘဲ မနေနိုင်တော့ပေ။ သတင်းဖြန့်နေသည့်လူများက နေ့တိုင်းမှူးမတ်များ၏ ကုတင်အောက်တွင် ပုန်းအောင်းနေသလားပင် ထင်ရလေသည်။ သို့မဟုတ်လျှင် သူတို့သည် အကြောင်းအရာကို မည်သို့များ ရှင်းရှင်းလင်းလင်း သိနိုင်ပါမည်နည်း။
အမှန်တွင်တော့ ကလဲ့စားချေခြင်း မှတ်တမ်းကိုသာ မဖတ်ခဲ့ဖူးလျှင် သူမသည် ဒီစီရင်ချက် ရလဒ်ကို မည်သို့မှ သဘောထားလိမ့်မည် မဟုတ်ပေ။ နောက်ဆုံး အမှုကို စစ်ဆေးခဲ့ပြီး ဖြစ်သော်ငြား သက်သေတစ်စုံတစ်ရာ မရှိခဲ့သောကြောင့်ပင်။
ဒါပေမဲ့ ဆရာကြီးပေါင်မုရဲ့ စာအုပ်ထဲက အသေးစိတ် အချက်အလက် အားလုံးနီးပါးက တိုက်ဆိုင်နေတာပဲလေ။ တကယ့်တရားခံဆိုတဲ့ အရေးကြီးလူကို မှားယွင်းပြီး ရေးမိနိုင်ပါ့မလား။
တကယ်လို့ ဆရာကြီးပေါင်မု ရေးသားခဲ့တဲ့အရာကသာ အမှန်ဆိုရင် တရားဝင်သား သေဆုံးသွားခဲ့ပြီး တကယ့်တရားခံကတော့ သူနဲ့မသက်ဆိုင်တဲ့ ဆက်ခံသူနေရာကို အသိမ်းခံလိုက်ရတာပဲလေ။ ဒီအဆုံးသတ်က ကျေနပ်စရာ မကောင်းတဲ့ပုံပါပဲ။
အားချန်နှင့် အတွေးတူသူများ အများအပြား ရှိကောင်းရှိနိုင်သော်ငြား သူတို့ကတော့ ဒီမကျေနပ်ချက်များကို မိမိတို့၏ ပတ်ဝန်းကျင်ရှိ လူများကိုသာ ပြောဆိုနိုင်ပြီး စုန့်မြို့စားအိမ်တော်ကိုသာ ဆဲဆိုနိုင်ကြလေသည်။ ထိုသေဆုံးသွားသည့် တရားဝင်သားက အခု ရလဒ်ကို သိရှိသွားပါက မတရားလေခြင်းဟု ခံစားရလေမလားကိုတော့ မည်သူမှ သိနိုင်မည်မဟုတ်ပေ။
ဒုတိယနေ့တွင် အားချန်နှင့် ဟွေ့ညန် တို့သည် အရောင်းအဝယ်လုပ်ရန် ဆိုင်မဖွင့်ခဲ့ကြပေ။
ယနေ့တွင် ဟွေ့ညန်သည် ကွာ်လွန်သွားသည့် မိသားစုများကို သွားရောက်ပူဇော် ကန်တော့ရမည် ဖြစ်သဖြင့် သူမက အားချန်ကို ချုံးမင်ဖန်းရှိ အိမ်တော်သို့ ကြိုတင်ပို့ဆောင် ပေးခဲ့၏။ အားချန်သည် အိမ်တော်တွင် ဘိုးဘေးများကို ပူဇော်ကန်တော့ရမည် ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် အိမ်တော်ဝင်းကြီးကလည်း ကျယ်ဝန်းလှသဖြင့် သူမအတွက် လှုပ်ရှားသွားလာဖို့ရန် လွယ်ကူလို့နေသည်။
ဟွေ့ညန်က အားချန်ကို အိမ်အပြင်ဘက်သို့ ပို့ဆောင်ပေးပြီး ဝယ်ယူလာခဲ့သည့် ပူဇော်ကန်တော့မည့် ပစ္စည်းများနှင့် ပန်းခြင်း တစ်ခြင်းကို အိမ်ထဲသို့ ပြောင်းရွှေ့ပေးကာ လှည်းကိုပြန်မောင်းထွက်သွား တော့သည်။
အားချန်က ပူဇော်မည့် ပစ္စည်းများကို အနောက်ဘက်ခြံဝင်းရှိ ဥယျာဉ်ထဲသို့ ပြောင်းရွှေ့လိုက်၏။ သူမသည် ဒီဥယျာဉ်ကို တစ်ခါမှ မပြုစုခဲ့ဖူးချေ။ ဟွေ့ညန် တစ်ယောက်တည်းကသာ အရင်က ရှည်လာသည့် မြက်ပင်များကို ရှင်းလင်းပေးခဲ့ဖူးပြီး ယခုအချိန်တွင်တော့ မြေလွတ်မြေရိုင်း ကွင်းပြင်တစ်ခုနှင့်ပင် ပိုတူနေတော့သည်။
သူမကလည်း ထင်းတဲထဲက တံစဥ်းတစ်လက်ကို ရှာဖွေခဲ့ပြီး နေရာကွက်လက်လေး တစ်ခုကိုရှင်းလင်းလိုက်သည်။ ထို့နောက်တွင်တော့ ဥယျာဉ်ထဲတွင် ခဏလောက် လှည့်ပတ်ရှာဖွေလိုက်ပြီး ကျောက်တုံးကြီး သုံးတုံးကို သယ်ဆောင်လာခဲ့လိုက်၏။
သူမက ကျောက်တုံး သုံးတုံးကို မြေကြီးထဲတွင် ဘေးချင်းယှဉ် စိုက်ထိုးထားလိုက်ပြီး ပန်းများနှင့် ဝက်သား၊ အမဲသား၊ ဆိတ်သား တို့ဖြင့်ပြုလုပ်ထားသည့် ပူဇော်ပသ ပစ္စည်းအသီးသီးကို တင်ထားလိုက်လေသည်။
စာအုပ်ထဲက မှတ်တမ်းများအရ ဆိုလျှင်တော့ မူလက ပူဇော်ပသည့်ပစ္စည်းများတွင် ဝက်၊ နွား၊ ဆိတ်တို့ကို လုံးဝထည့်သွင်း စဉ်းစားခြင်းမရှိဘဲ တကယ်ပူဇော်ပသသသည့် ပစ္စည်းများမှာ အဆင့်မြင့်ပြီး ရှားပါသည့် မိစ္ဆာသားရဲများသို့မဟုတ် မိစ္ဆာမျိုးနွယ်များကို တိုက်ရိုက်အသုံးပြုခြင်းဖြစ်၏။ သို့သော်ငြား ဒီခြေအနေများက အားချန်အတွက် ပြည့်မီဖို့ရန် အနည်းငယ် ခက်ခဲလို့နေသည်။ လူသားများ ပူဇော်ပသရာတွင်သုံးသည့် တိရစ္ဆာန်သုံးမျိုးကိုပင် သူမမှာ တစ်ကောင်လုံး မှာယူလို့ မရနိုင်ခဲ့ချေ။ လတ်တလောတွင်တော့ ဒီပစ္စည်းကိုသာ ယာယီအသုံးပြုရပေတော့မည်။ ဘိုးဘေးများက မကျေနပ်လျှင်ပင် သူမကလည်း သူတို့၏ ညည်းညူသံကို ကြားရလိမ့်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့် သူတို့က အရမ်းကို ကျေနပ်သည်ဟုသာ သဘောထားလိုက်တော့မည်။
ပူဇော်ရမည့် ပစ္စည်းများကို နေရာချပြီးသွားသောအခါ အားချန်က အနည်းငယ်ကြီးမားသည့် အမွှေးတိုင်ထွန်းခွက် တစ်ခုကို ထုတ်ယူလာခဲ့၏။ သူမသည် ဘေးနားက အမွှေးတိုင်များကို ထည့်ထားသည့် သစ်သားဘူးလေးထဲက အမွှေးတိုင်သုံးတိုင်ကို ထုတ်ယူပြီး မီးညှိလိုက်ပြီးနောက်တွင် နောက်ထပ် အမွှေးတိုင်သုံးတိုင်ကို ထပ်ပြီးထုတ်ယူလိုက်လေသည်။ ထိုသို့ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြုလုပ်ပြီး နောက်ဆုံးတွင်တော့ အမွှေးတိုင် ခွက်ထဲတွင် အမွှေးတိုင်များ ပြည့်နှက်သွားမှသာ ရပ်တန့်လိုက်တော့၏။
ပူဇော်ပစ္စည်းများကို ချန်လပ်ထားနိုင်သော်ငြားလည်း အမွှေးတိုင်ကိုတော့ ချန်လှပ်ထားလို့ မဖြစ်နိုင်ပေ။
ကံဆိုးချင်တော့ သူမတွင် ဘိုးဘေးများကလည်း အနည်းငယ် များလွန်းလှသည်။ ထို့ကြောင့် သူမမှာ အမွှေးတိုင် များကိုလည်း ပိုပြီး မှာယူခဲ့ ရသေး၏။ မည်သို့ပင်ဖြစ်စေ ယနေ့တွင်တော့ သူမ ပြုလုပ်ထားသည့် ဒီအမွှေးတိုင်များ အားလုံးကို မီးရှို့ရပေမည်။
အားချန် ပြုလုပ်ထားသည့် အမွှေးတိုင်သည် ပူဇော်ပသရာတွင် အသုံးပြုသည့် အမွှေးတိုင်များကို တတ်နိုင်သလောက် ပြန်လည်ပုံဖော်ထားပြီး တစ်ခုတည်းသော အားနည်းချက်မှာ အငွေ့အလွန်အကျွံ ထွက်နေခြင်းပင်။
အမွှေးတိုင်ခွက် တစ်ခွက်စာ အမွှေးတိုင်များပင် မလောင်ကျွမ်းသေးခင်မှာပင် ဥယျာဉ်တစ်ခုလုံးကို မီးခိုးငွေ့များက ဖုံးလွှမ်းသွားလေတော့သည်။ သို့သော်ငြား သူမသည် မနေ့ညက ပြုလုပ်နည်းကို အနည်းငယ် ပြောင်းလဲခဲ့သဖြင့် မီးခိုးငွေ့ထဲတွင် ချိုမြမြ အနံ့သင်းသင်းလေး ပါဝင်နေ၏။ မိမိကိုယ်တိုင် အနံ့စွဲသွားခြင်းကလွဲလျှင် ကြီးကြီးမားမား ပြဿနာတော့ မရှိချေ။
ဒီအချိန်တွင် လေပွေတစ်ချက်သည် ဥယျာဉ်ထဲတွင် ဖြတ်တိုက်သွားပြီး အဆက်မပြတ် ထွက်ပေါ်နေသည့် မီးခိုးငွေ့များက ကောင်းကင်ယံသို့ တိုက်ရိုက်ရောက်ရှိသွားကာ ခြင်းတောင်းထဲက ပန်းများသည်လည်း မြေပြင်ပေါ်သို့ လွင့်ကျဲသွားလေသည်။
အားချန်က ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။ ဘာကိုမှ မခံစားရသော်ငြားလည်း ဘိုးဘေးတွေကတော့ သူမ၏ပူဇော်ပသပုံကို သေချာပေါက် ကျေနပ်ကြလိမ့်မည်ဟု ခံစားမိလေသည်။
ဒီအခိုက်အတန့်မှာပင် သူမ၏ဘေးက အုတ်တံတိုင်းပေါ်တွင် ရုတ်တရက်ဆိုသလို ဦးခေါင်းတစ်လုံး ပေါ်ထွက်လာခဲ့၏။ "မိန်းကလေးကျိ"
စကားပြောသူ၏အသံက ရင်းနှီးနေဟန်တူသည်။ အားချန်ကလည်း ခေါင်းကိုအလှည့်တွင် ထိုလူကို မြင်လိုက်ရ၏။ ဟိုတစ်ယောက်က ကျန်းခိုင် မဟုတ်ဘူးလား။
"လူကြီးမင်းကျန်း ဘာဖြစ်လို့ ကျွန်မအိမ်ရဲ့ အိမ်တံတိုင်းပေါ် ရောက်နေတာလဲ" အားချန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူမ၏ မျက်လုံးထဲတွင်လည်း အံ့ဩမှုများအပြည့် ဖြစ်နေတော့သည်။
"လူကြီးမင်းက အပြင်မှာ တံခါးခေါက်နေတာ။ တံခါးလာဖွင့်တဲ့သူ မရှိတာနဲ့ ကျွန်တော်မျိုးကို ဒီနေရာမှာ မိန်းကလေးကို လာရှာခိုင်းလိုက်လို့ပါ" ကျန်းခိုင်ကလည်း ရှင်းပြလာခဲ့သည်။
"လူကြီးမင်းပိုင်လည်း ရောက်လာတာလား။ ဘာကိစ္စရှိလို့လဲ"
"ဘာကိစ္စရှိလို့လဲ"
အားချန်ကလည်း စဉ်းစားလိုက်မိ၏။ ငါ့ကို ကျားသရေ လာပို့ပေးတာများလား။
ကျန်းခိုင်က ခြောက်ကပ်ကပ် ရယ်မောကာ မရှင်းပြလိုက်ချေ။
အားချန်ကလည်း ထရပ်ပြီး ရှေ့ခြံဝင်းသို့ လျှောက်လာခဲ့ လိုက်လေသည်။ လျှောက်လာပြီး သိပ်မကြာခင်မှာပင် တံခါးခေါက်သံကို အမှန်ပင် ကြားလိုက်ရ၏။
သူမသည် တံခါးနားသို့ လျှောက်လာပြီး တံခါးကို ဖွင့်လိုက်သောအခါ ပိုင်ရှိုးမင်က နီညိုရောင် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့နောက်တွင်တော့ မင်ကျင့်စီးတပ်ဖွဲ့တစ်ဖွဲ့လည်း ပါရှိလို့နေသည်။
ပိုင်ရှိုးမင်၏ ဘေးတွင် ရပ်ကာ တံခါးခေါက်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကတော့ အနည်းငယ် အစိမ်းသက်သက် ဖြစ်နေပြီး အရင်က မမြင်ခဲ့ဖူးပေ။
ဒီအချိန်တွင် ကျန်းခိုင်သည် ဥယျာဉ်အပြင်ဘက်နံရံမှ ပတ်ပြီးပြန်လာကာ ပိုင်ရှိုးမင်၏နောက်တွင် ဘာမှမပြောဘဲ ပြန်ရပ်နေလိုက်၏။
"လူကြီးမင်းပိုင် ရှင် ကျွန်မကို ရှာတာဘာကိစ္စရှိလို့လဲ" အားချန်က မေးလိုက်သည်။
"မင်း ခုနတုန်းက ဥယျာဉ်ထဲမှာ ဘာလုပ်နေတာလဲ"
"ဘိုးဘေးတွေကို ပူဇော်နေတာလေ"
အားချန်ကလည်း နားမလည်နိုင်အောင် ဖြစ်သွားတော့၏။ "ဘာပြဿနာများရှိလို့လဲ"
ဒါက လူသားတွေရဲ့ ဓလေ့ထုံးစံပဲ မဟုတ်ဘူးလား။
"ငါတို့ကို လိုက်ပြ" ပိုင်ရှိုးမင်၏ လေသံက ပြင်းထန်ခြင်း မရှိသော်ငြား ငြင်းပယ်လို့လည်း မရနိုင်ပေ။
"ကောင်းပါပြီ" အားချန်ကတော့ ဒီလူတွေ တော်တော် ထူးဆန်းတာပဲဟု ခံစားလိုက်ရ၏။ သို့နှင့် ကိုယ်ကိုလှည့်ကာ သူတို့ကို အိမ်ထဲသို့ ဝင်လာခိုင်းလိုက်ပြီး ဥယျာဉ်ထဲသို့ လျှောက်လာခဲ့လိုက်တော့သည်။
သူတို့သည် ဥယျာဉ်ထဲသို့ ဝင်လာသည်နှင့်ချက်ချင်း အားလုံးမှာ တိုးဝင်လာသည့် မီးခိုးငွေ့များ၏ ကြိုဆိုခံလိုက်ရတော့သည်။
.
"လူကြီးမင်းပိုင် ကြည့်ပါဦး။ ကျွန်တော် ပြောသားပဲ။ ဒါကလုံးဝကို ပုံမှန်မဟုတ်တာလေ"
ခုနက တံခါးခေါက်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားက ဖွင့်ဟကာပြောလိုက်၏။
ပိုင်ရှိုးမင်ကတော့ သူ့ကို ဂရုမစိုက်ဘဲ ရှေ့သို့ဆက်လျှောက်သွားကာ အားချန် စိုက်ထူထားသည့် ကျောက်တုံးများ ခင်းကျင်းထားသည့် ရိုးရှင်းသော ပူဇော်ပသသည့် ပစ္စည်းများနှင့် အမွှေးတိုင်အပြည့် ထည့်ထားသည့် အမွှေးတိုင်ခွက်ကို တွေ့လိုက်ရလေသည်။
"မင်းက ဘာကို ပူဇော်နေတာလဲ" ပိုင်ရှိုးမင်က တစ်ဖန်မေးလိုက်သည်။
"ဘိုးဘေးတွေကိုလေ။ ခုနက ပြောပြီးပြီ မဟုတ်ဘူးလား"
"ကဗျည်းတိုင်တွေရော"
အားချန်ကလည်း အမှန်တရားကို ပြောနေသည့်အလား ပြန်ဖြေလိုက်၏။ "ကျွန်မ သူတို့ နာမည်ကိုမှ မမှတ်မိတာ။ အဲဒီအစား ကျောက်တုံးနဲ့ပဲ ခဏလောက် အစားထိုးလိုက်တာကို ဘိုးဘေးတွေက စိတ်ထဲထားမှာ မဟုတ်လောက်ပါဘူး"
"ဒါဆိုရင် ဒီအမွှေးတိုင်တွေကရော ဘယ်လိုဖြစ်တာလဲ" ပိုင်ရှိုးမင်သည် အငွေ့များအဆက်မပြတ် ထွက်နေဆဲဖြစ်သည့် အမွှေးတိုင်ခွက်ကို ကြည့်ကာ သူ့မျက်လုံးထဲတွင်လည်း ရှားရှားပါးပါး ရှုပ်ထွေးသွားဟန် ဖြစ်သွားတော့၏။
"ဒါက ဘိုးဘေးတွေကို ဆက်ကပ်တဲ့ အမွှေးတိုင် မီးခိုးငွေ့တွေလေ"
ပိုင်ရှိုးမင်သည် အားချန်ကို ခဏလောက် စိုက်ကြည့်လိုက်ပြီးမှ ဖွင့်မေးလိုက်တော့၏။ " ဘိုးဘေးတွေကို ဒီလိုပူဇော်ရတယ်လို့ မင်းကို ဘယ်သူ သင်ပေးလိုက်တာလဲ"
"ကျွန်မ ကိုယ့်ဟာကို လေ့လာထားတာလေ"
အားချန်သည် မိမိ၏အတွေ့အကြုံကို မျှဝေရန် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတော့သည်။ "စာအုပ်တွေထဲမှာတောင် ပြောထားတာ ရှိသေးတယ်။ ရှေးခေတ်လူတွေက မီးခိုးငွေ့တွေနဲ့ ဘိုးဘေးတွေကို ဆက်သွယ်ကြတယ်တဲ့။ ဒီလောက်များတဲ့ မီးခိုးငွေ့တွေနဲ့ဆိုရင် ဘိုးဘေးတွေက သေချာပေါက် အရမ်းပျော်သွားမှာပဲလေ။ ဒီနေ့ည ကျွန်မအိပ်မက်ထဲကိုလာပြီး ကျွန်မကိုတောင် ချီးကျူးနေဦးမလား မသိဘူး"
ပိုင်ရှိုးမင်ကလွဲလျှင် နေရာတွင် ရှိနေကြသည့် လူအားလုံး၏ မျက်နှာပေါ်က အမူအရာမှာ အထူးတဆန်း ဖြစ်သွားကြတော့သည်။
အထူးသဖြင့် ကင်းလှည့်နေသည့် မင်ကျင့်စီးအစောင့်ကို ခေါ်ယူခဲ့သည့် ထိုသက်လတ်ပိုင်း အမျိုးသားသည် ရလဒ်အနေဖြင့် ထိုလူမှာ အမှန်တကယ် အလေးအနက်ထားပြီး ဘိုးဘေးများကို ပူဇော်နေသည်ကို တွေ့လိုက်ရသည်တွင် အလွန်အနေခက် သွားလေတော့သည်။
ကျန်းခိုင်ကလည်း သူ့သခင်က အတန်ကြာအောင် စကားမပြောနိုင် ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ယဉ်ယဉ်ကျေးကျေး ဖြင့် ပြောလိုက်ရတော့သည်။ "မိန်းကလေးကျိ ဒီလောက်ပြင်းထန်တဲ့ မီးခိုးငွေ့တွေက မိန်းကလေးရဲ့ ဘိုးဘေးတွေကို မွန်းကျပ်သွားစေနိုင်တယ်နော်"
"မဖြစ်နိုင်တာပဲ။ ဒါက ကျွန်မက ဘိုးဘေးတွေအတွက် အထူးပြုလုပ်ထားတဲ့ အမွှေးတိုင်လေ။ ဘိုးဘေးတွေက သေချာပေါက် ကြိုက်မှာ"
အားချန်သည် အချိန်အများစုတွင် ထူးထူးခြားခြား ယုံကြည်မှု ရှိတတ်လေသည်။ ပြီးတော့ ငါ သုံးခဲ့တာက အရင်တုန်းက ဘိုးဘေးတွေ အမွှေးတိုင်ဖော်စပ်နည်းပဲလေ။ ဘယ်လိုလုပ်ပြီးတော့ ပြဿနာဖြစ်နိုင်မှာလဲ။
ကျန်းခိုင်ကလည်း အလျော့ပေးလိုက်ရပြီး ဒီကိစ္စကို ဖြေရှင်းဖို့ရန် သူ့အကြီးအကဲကိုသာ လွဲထားလိုက်ရတော့သည်။
နောက်ဆုံးတွင်တော့ ပိုင်ရှိုးမင်က ထုတ်ကာပြောလိုက်တော့၏။ "မင်းရဲ့မီးခိုးငွေ့တွေက ဘိုးဘေးတွေကို ဆက်သွယ်နိုင်မလား ဆိုတာကတော့ နောက်တကြောင်းပဲ။ မင်းရဲ့ပတ်ဝန်းကျင်က အိမ်နီးချင်းတွေကတော့ မွန်းကျပ်ပြီး သေတော့မလို ဖြစ်နေပြီ။ သူတို့တွေက မင်းက ဆိုးညစ်တဲ့ ပူဇော်ပသမှုတစ်ခု လုပ်နေတယ်လို့တောင် သံသယဝင်ပြီး အိမ်ကိုမီးရှို့ပြီး သူတို့ကိုပါ တစ်ခါတည်း ယဇ်ပူဇော်ပစ်မလားလို့တောင် သံသယဝင်နေကြပြီ"
ဒီအချိန်တွင်တော့ စကားမပြောနိုင်သည့် အလှည့်မှာ အားချန်၏ အလှည့်ဖြစ်လေတော့သည်။ ဘေးအိမ်က ဘယ်သူတွေလဲ။ ဒီလောက်တောင်မှ အသိဉာဏ် မရှိဘူးတဲ့လား။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အားချန်၏ စကားကို ကြားလိုက်ရပြီး နောက်တွင် မျက်နှာပေါ်မှာ အနည်းငယ် အနေခက်သွားသည့် အမူအရာပေါ်လာပြီး ရှင်းပြလိုက်တော့၏။ "မိန်းကလေးရဲ့ အိမ်တော်က မီးခိုးငွေ့တွေက တကယ်ပဲ များလွန်းလို့ပါ။ ကျွန်တော် အထင်လွဲသွားခဲ့တာပါ"
အမှန်တွင်တော့လည်း ဒီကိစ္စနှင့်ပတ်သက်ပြီး သူ့ကိုချည်း အပြစ်တင်လို့တော့ မရချေ။ ယခင်က ရှန့်ကျင်းတွင် ကျုံးယွမ်ပွဲတော် (ဝိညာဉ်ပွဲတော်)ကို အခွင့်ကောင်းယူပြီး ပြဿနာရှာသည့် အရူးများ မရှိခဲ့သည် မဟုတ်ချေ။
တချို့လူများသည် မပူဇော်သင့်သည့် အရာများကို တိုးတိုးတိတ်တိတ် ပူဇော် ပသကြပြီး ကျုံးယွမ်ပွဲတော်ကဲ့သို့ နေ့ရက်များသို့ရောက်လာတိုင်း စိတ်ဓာတ်သည် ထူးထူးခြားခြား အားနည်းလာကာ ထိန်းချုပ်ခံရရန် အလွန်လွယ်ကူလေသည်။
ထိုအရာများက လိုအပ်သည့် ပူဇော်ပသမှုများမှာ သာမန်တိရစ္ဆာန် သုံးမျိုးမဟုတ်ဘဲ သွေးသားများလည်း ဖြစ်ကြ၏။ ကျုံးယွမ်ပွဲတော်ရောက်တိုင်း ရှန့်ကျင်းသည် ထိုသို့သောလူများကို အမြဲတမ်း ဖမ်းမိလေ့ရှိကာ ပြဿနာအနည်းငယ် ဖြစ်ပွားတတ်လေသည်။
ဒီလိုကိစ္စမျိုးသာ မရှိခဲ့လျှင် မင်ကျင့်စီးဌာနသည်လည်း ကျုံးယွမ် ပွဲတော်နေ့တွင် အင်အားအပြည့်အဝဖြင့် မြို့တော်ထဲတွင် ကင်းလှည့်နေလိမ့်မည် မဟုတ်ပေ။
အားချန်က ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်ပြီး ထိုသူကတော့ ဘေးအိမ်တော်က အိမ်တော်ထိန်း ဖြစ်ရမည်ဟု စဉ်းစားမိလိုက်၏။ ထိုလူ၏ သဘောထားကလည်း ဒီလိုကောင်းမွန်နေသဖြင့် အားချန်မှာ အနည်းငယ် အားနာသွားတော့သည်။ ပြောရမည်ဆိုလျှင်တော့ သူမသည်လည်း ဘိုးဘေးများကို ပျော်ရွှင်စေရန်သာ စဉ်းစားနေမိပြီး အိမ်နီးချင်းများ၏ ပြဿနာကို မေ့လျော့နေခဲ့မိခြင်းပင်။
သူမကလည်း အလျင်အမြန် ပြောလိုက်ရတော့သည်။ "ကျွန်မ အမွှေးတိုင်တွေ အများကြီးထွန်းညှိမိလို့ အိမ်တော်ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့မိပါတယ်"
လူနှစ်ဦးသည် အထင်လွဲမှုများ ပြေလည်သွားကြပြီး အားချန်က ဘိုးဘေးများကို ရိုးရိုးသားသား ပူဇော်နေခြင်းသာဖြစ်ကြောင်း အတည်ပြုပြီးနောက် ပိုင်ရှိုးမင်ကလည်း လူများကိုခေါ်ဆောင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
သူက ပြန်တော့မည်ကို မြင်လိုက်သည်တွင် အားချန်ကလည်း သူ့နောက်ကလိုက်လာပြီး လှမ်းခေါ်လိုက်၏။ "လူကြီးမင်းပိုင်"
"ဘာကိစ္စရှိသေးလို့လဲ"
ပိုင်ရှိုးမင်က ခြေလှမ်းများကို နှေးထားလိုက်၏။
ကျန်းခိုင်က ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် သူ၏လက်အောက် ငယ်သားများကို ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားနှင့်အတူ မြန်မြန်ခေါ်ဆောင်လာပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။
"ကျွန်မရဲ့ကျားသားရေလေ။ ရှင် မေ့သွားတာလား"
"မမေ့ပါဘူး။ ကျားသားရေက ငါ့အိမ်တော်မှာ ရှိတယ်။ မင်း လိုချင်ရင် ငါ့အိမ်တော်မှာ လာယူလို့ရတယ်"
အားချန်၏ လေသံထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွားလေတော့သည်။ "ဘာဖြစ်လို့ ရှင့်အိမ်တော်မှာ ရှိနေရတာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ ကြီးကြပ်ရေးမှူးကလည်း အဲဒီ ကျားသားရေကို သဘောကျနေလို့ပဲ။ ငါလည်း ကျားသားရေကို ကြိုတင်ပြီး ယူလာခဲ့ရတာပေါ့"
ပိုင်ရှိုးမင်၏ လေသံသည် တည်ငြိမ်ပြီး သူ့ပါးစပ်ထဲက ကြီးကြပ်ရေးမှူးသည် သူ၏အထက်အရာရှိ မဟုတ်သည့် အလားပင်။
သူ့အကြည့်နှင့် ဆုံမိသည့်ခဏတွင် အားချန်သည် ရုတ်တရက် နားလည်သဘောပေါက်သွားကာ အားရပါးရ ချီးကျူးလေတော့၏။ "လူကြီးမင်းက တကယ်ပဲ ပြည်သူတွေအတွက် တစိတ်တစ်ဝမ်းတည်းရှိတဲ့ အရာရှိကောင်း တစ်ယောက်ပါပဲ"
ပိုင်ရှိုးမင်၏ အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ နည်းနည်းလေးမှ ကျေနပ်မှုမရှိသည့် အလားပင်။
အားချန်သည် ချီးကျူးရမယ့် စကားလုံးများကို ဦးနှောက်ခြောက်အောင် စဉ်းစားသော်ငြား မအောင်မြင်သဖြင့် ပြတ်ပြတ်သားသားသာ လက်လျှော့လိုက်လေတော့သည်။
"ဒါမှမဟုတ် နောက်နေ့ ကျွန်မ လူကြီးမင်းကို ထမင်းဖိတ်ကျွေး ရမလားဟင်"
လူသားတွေရဲ့ ဆက်ဆံရေးမှာ ထမင်းဖိတ်ကျွေးတာက အဓိကအရေးအကြီးဆုံးပဲလေ။ ဒါက ငါ အစောဆုံးသင်ယူခဲ့ရတဲ့ အမှန်တရားပဲ။
"... ကောင်းပြီလေ။ ငါ စောင့်နေမယ်"
ပိုင်ရှိုးမင်က နောက်ဆုံးတော့ ဖြေလျော့ပေးလိုက်သည်ကို တွေ့လိုက်ရသည်တွင် အားချန်ကလည်း ချက်ချင်းဆိုသလို ထပ်မေးလိုက်တော့၏။ "လူကြီးမင်းက ကျွန်မကို ရှင့်အိမ်လိပ်စာလေး မပြောရသေးဘူးလေ။ ဘယ်အချိန်သွားရင် အဆင်ပြေမလဲ။ ဒီနေ့သွားလို့ရလား။ ရှင်အိမ်မှာရှိမှာလား"
ပိုင်ရှိုးမင်က လိပ်စာကို တစ်ကြိမ်ပြောပြလိုက်ပြီး သူမ၏မေးခွန်းကို စိတ်ရှည်လက်ရှည် ဖြေကြားပေးလေသည်။ "မင်း အချိန်မရွေးသွားလို့ရတယ်။ ငါ ဒီနေ့ အိမ်တော်ကို ပြန်လာဖြစ်မှာ မဟုတ်ဘူး"
"ဪ ဒါဆိုရင် လူကြီးမင်း အိမ်တော်ကသူတွေက ကျွန်မကို သိကြလို့လား" အားချန်ကလည်း ထပ်မေးလိုက်သည်။
"မသိပါဘူး။ ဒါပေမဲ့ သူတို့က ငွေကိုတော့ သိတယ်လေ။ လျန် ၁၀၀၀ ကို မမေ့နဲ့"
ပိုင်ရှိုးမင်က သတိပေးလိုက်၏။
အားချန်ကလည်း နှုတ်ခမ်းကို ဆူထားလိုက်တော့သည်။ ကောင်းပါပြီလို့။
ပိုင်ရှိုးမင်သည်ယနေ့တွင် အမှန်တကယ် အလုပ်များနေပုံရပြီး အားချန်နှင့် စကားအနည်းငယ်သာ ပြောဆိုပြီးနောက် သူ၏ လက်အောက်ငယ်သားများကို ခေါ်ကာ မြန်မြန်ဆန်ဆန် ထွက်ခွာသွားတော့သည်။
အားချန်ကလည်း တံခါးကို သေသေချာချာလေး ပိတ်လိုက်ပြီး ဥယျာဉ်ထဲသို့ပြန်လာကာ အမွှေးတိုင်တစ်ခွက်စာ လောင်ကျွမ်းပြီးသွားသည့်အထိ စောင့်ဆိုင်းနေလေသည်။ အမွှေးတိုင်ခွက်ထဲတွင် အပြည့်ထပ်မစိုက်ရဲတော့ဘဲ ၇ ချောင်း ၈ ချောင်းကိုသာ ထွန်းညှိပြီး ဖြည်းဖြည်းချင်း လောင်ကျွမ်းခိုင်းလိုက်ပြီးမှ မီးခိုးငွေများကလည်း ချက်ချင်းဆိုသလို အများကြီး လျော့နည်းသွားလေတော့၏။
ချန်ဟွေ့က မြို့အပြင်ဘက်က မိသားစုသင်္ချိုင်းမှ ပြန်ရောက်လာသည့်တိုင် အားချန်၏ အမွှေးတိုင်ကတော့ ထွန်းညှိလို့ မပြီးသေးချေ။ သို့သော်ငြား သူမကိုယ်တိုင်ကတော့ အလွန်မွှေးကြိုင်လို့ နေတော့သည်။
နေ့လယ်စာ စားပြီးနောက်တွင် အားချန်သည် ဥယျာဉ်ထဲတွင် ဆက်ပြီး ဆောင့်ကြောင့်ထိုင်ကာ အမွှေးတိုင်များကို မီးရှို့နေတော့သည်။ သူမက စဉ်းစားလိုက်၏။ ဘိုးဘေးတွေ ပူဇော်ရတာကလည်း တကယ်ကို ပင်ပန်းလွန်းပါတယ်။ ဒီတစ်နှစ် အတွေ့အကြုံ မရှိသေးလို့ပါ။ နောက်တစ်နှစ် အမွှေးတိုင်ကိုတော့ အကြီးကြီး လုပ်ထားရမယ်။ ဒါမှ အမွှေးတိုင် မီးရှို့တာကို စောင့်ကြည့်စရာ မလိုတော့မှာ။
နောက်ဆုံး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီး သွားသောအခါ ကောင်းကင်ယံတွင် နီညိုရောင် တိမ်တိုက်များ ဖြစ်ပေါ်လာပြီး နေသည်လည်း ဝင်လုနီးပါး ဖြစ်နေတော့သည်။
အားချန်က ထရပ်လိုက်ကာ အကြောဆန့်လိုက်ပြီး ပူဇော်ပသသည့် ပစ္စည်းများကို ဥယျာဉ်ထဲတွင် မရွှေ့ဘဲထားခဲ့ပြီး ခြံဝင်းထဲသို့ ပြန်လှည့်လာခဲ့တော့သည်။
ချန်ဟွေ့သည် အားချန်က သူမကို အသည်းအသန် ညွှန်းခဲ့သည့် စစ်ပွဲတစ်ရာ စစ်နတ်ဘုရား မှတ်တမ်းအတွဲသုံးကို ပက်လက်ကုလားထိုင်တွင် ထိုင်ကာ ဖတ်ရှုလို့နေသည်။ အားချန်က ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်တွင် အနားသို့တိုးကပ်သွားပြီး မေးမြန်းလိုက်၏။ "ဟွေ့ညန် အခု ဘယ်အချိန်ရှိပြီလဲ"
ဟွေ့ညန်က စာအုပ်ကိုချထားလိုက်ပြီး ကောင်းကင်ကို တစ်ချက်လောက် လှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။ "ညနေသုံးနာရီ ကျော်ကျော်လောက် ရှိပြီထင်တယ်။ ဗိုက်ဆာနေပြီလား"
"မဆာသေးပါဘူး"
အားချန်ကအချိန်ကို တွက်ချက်ကြည့်လိုက်သည်။ အိမ်ကနေ ပိုင်ရှိုးမင်ရဲ့အိမ်တော်ကို သွားတာ တစ်နာရီတောင် ကြာမှာ မဟုတ်လောက်ဘူး။ ဒီနေ့အချိန်ရှိတာ ကျားသားရေကို သွားယူလို့ရတာပဲ။
သို့နှင့် သူမကလည်း ပြန်ပြောလိုက်၏။ "ဟွေ့ညန် ငွေလက်မှတ် လျန် ၁၀၀၀ ထုတ်ခဲ့။ ကျွန်မတို့ လူကြီးမင်းပိုင်ရဲ့ အိမ်တော်ကို သွားပြီးတော့ ကျားသားရေ သွားယူရအောင်"
ဟွေ့ညန်သည် အားချန်က ထိုအကြောင်းကို ယခင်က ပြောခဲ့ဖူးသည်ကို ကြားဖူးသော်ငြား သူမသည် အမှန်တကယ်ပင် လျန် ၁၀၀၀ ဖြင့် ကျားမိစ္ဆာ သားရေတစ်ခုကို ဝယ်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုလူကြီးမင်းပိုင်ကတော့ အားချန် အပေါ်တွင်အလွန်ပင် ရက်ရောလှပေသည်။
"ကောင်းပါပြီ"
ချန်ဟွေ့ကလည်း သဘောတူလိုက်ပြီးနောက် ငွေလက်မှတ်ကိုယူရန် လှည့်ထွက်သွားတော့သည်။ အားချန်ကလည်း အခန်းထဲသို့ပြန်ကာ အစိမ်းဖျော့ရောင် ပန်းခက်ပန်းနွယ်များ ပန်းထိုးထားသည့် ရင်စည်းဂါဝန်ဝတ်စုံလေးကို လဲလှယ်ဝတ်ဆင်လိုက်သည်။
လူနှစ်ယောက်သည် ပြင်ဆင်ပြီးသွားသောအခါ ချန်ဟွေ့က အားချန်ပေးလိုက်သည့် လိပ်စာအတိုင်း ပိုင်ရှိုးမင်၏အိမ်တော်ဆီသို့ မြင်းလှည်းကို မောင်းနှင်ကာ ထွက်ခွာလာတော့သည်။
ပိုင်ရှိုးမင်းနေအိမ် တည်နေရာသည် နန်းတော်နှင့် အလွန်နီးကပ်လှပြီး ဒီနေရာရှိ နေအိမ်များ အားလုံးကလည်း အရှင်မင်းကြီးက အလေးအထားဆုံးသော မှူးမတ်များကို ချီးမြှင့်ပေးထားသည့် အိမ်တော်ဖြစ်လေသည်။ ထိုကြောင့် ဒီပတ်ဝန်းကျင်တွင် သာမန်ပြည်သူများကို သိပ်ပြီးမတွေ့မြင်ရချေ။
မြင်းလှည်းသည် ပိုင်ရှိုးမင်၏ နေအိမ်အပြင်ဘက်တွင် ရပ်တန့်သွားပြီး အားချန်က မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီးနောက် အိမ်တံခါးဝရှိ ဆိုင်းဘုတ်ကို အမှတ်မထင် ကြည့်လိုက်မိ၏။
အပေါ်တွင် ပိုင် ဟူသည့် စာလုံးတစ်လုံးသာရှိပြီး ဒီအိမ်ပိုင်ရှင်သည် ဒီနေရာကို သိပ်အလေးမထားကြောင်း ထင်ရှားလေသည်။
အားချန်က နောက်ထပ်အကြိမ် အနည်းငယ်လောက် ကြည့်ရှုပြီးမှ ချန်ဟွေ့ နှင့်အတူ ရှေ့သို့လျှောက်လာကာ တံခါးခေါက်လိုက်တော့သည်။
တံခါးစောင့်က သူမသည် ပစ္စည်းလာယူခြင်းဖြစ်ကြောင်း ကြားလိုက်ရသည်တွင် များများစားစား မမေးမြန်းတော့ဘဲ အိမ်တော်ထဲက အိမ်တော်ထိန်းကို သွားခေါ်ရန် လှည့်ထွက်သွားလေသည်။
မကြာမီတွင် ထိုတံခါးစောင့်သည် ပြန်လာခဲ့ပြီး သူနောက်တွင်တော့ ကုန်းကုန်းဝတ်စုံ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လိုက်ပါလာခဲ့၏။
ထိုလူသည်မျက်နှာမှာ ဖြူဖွေးနေပြီး မုတ်ဆိတ်ကျင်စွယ်များမရှိဘဲ အပြုံးတစ်ခု ဆောင်ထားကာ စိတ်သဘောထား ကောင်းမွန်သူတစ်ဦး ဖြစ်ပုံရလေသည်။
အားချန်ကို မြင်တွေ့လိုက်ရပြီးနောက် နဉ်ကုန်းကုန်းက ရှေ့သို့တက်ကာ အရိုအသေပေးလိုက်၏။ "မိန်းကလေးကျိ ကျွန်တော်ရဲ့မျိုးရိုးနာမည်က နဉ်ပါ မိန်းကလေး။ ကျွန်တော့်ကို နဥ်ကုန်းကုန်းလို့ ခေါ်နိုင်ပါတယ်"
"နဉ်ကုန်းကုန်း"
အားချန်ကလည်း ထိုလူကို နူးညံ့ပျော့ပျောင်းစွာဖြင့် ပြန်နှုတ်ဆက်လိုက်၏။
နဉ်ကုန်းကုန်းသည် ချက်ချင်းဆိုသလို ပြုံးရယ်သွားလေတော့သည်။ "မိန်းကလေးကျိ မင်္ဂလာပါ"
သူသည် အားချန်ကို အကြိမ်အနည်းငယ် မကြည့်ဘဲ မနေနိုင်အောင်ဖြစ်သွားပြီး စိတ်ထဲတွင် တွေးတောလိုက် လေတော့သည်။ ဒီမိန်းကလေးကို ကြည့်ရတာ တကယ်နူးညံ့သိမ်မွေ့ပေမယ့် လှလဲလှပလွန်းတယ်။ စိတ်နေသဘောထားကလည်း ချီးကျူးစရာကောင်းတဲ့ နေရာတွေရှိလောက်တယ်။ သူ့သခင်လေးက တခြားလူအတွက် ဒီလိုမျိုး စိတ်ပူပန်ပေးတာ ဒါ ပထမဦးဆုံးအကြိမ်ပဲ။ ဒီ မိန်းကလေးကျိက အိမ်လာလည်မယ်ဆိုတာကိုလည်း သူ့ဆီကို အသိပေးဖို့ လူတောင် အထူးတလည် လွှတ်လိုက်သေးတယ်။ အိမ်တော်ထဲက လက်အောက် ငယ်သားတစ်ယောက်ယောက် မျက်စိမရှိဘဲ ဒီမိန်းကလေးကို အခက်တွေ့အောင်လုပ်မှာ စိုးရိမ်နေလို့ ဖြစ်မယ်။
ပြီးတော့ လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက သခင်လေးအိမ်တော်ကို ယူလာခဲ့တဲ့ အကောင်းစား ကျားမိစ္ဆာသားရေ ... သူ့သခင်လေးဆိုတာ မိစ္ဆာမျိုးနွယ်တွေရဲ့ပစ္စည်းကို ဘယ်တုန်းကမှ ကိုင်တွယ်ဖူးတာ မဟုတ်ဘူး။ သူက အိမ်တော်ကို ယူလာတာက ဝမ်ရယ်ကို ပေးဖို့လို့ပဲ ထင်ခဲ့တာ။ ဒီမိန်းကလေးကို ပေးဖို့လို့ မထင်ထားခဲ့မိဘူး။
နဉ်ကုန်းကုန်းသည် အားချန်နှင့် ချန်ဟွေ့တို့ကို အိမ်တော်ထဲသို့ ဦးဆောင်ကာ ဖိတ်ခေါ်လာခဲ့ပြီး စောင့်ဆိုင်းထားခိုင်းလိုက်၏။ လူနှစ်ယောက်က ဧည့်ခန်းဆောင်ထဲတွင် စောင့်ဆိုင်းပြီး မကြာခင်မှာပင် နောက်ထပ်လူလေးဦးသည် လိပ်ထားပြီးသား အပြင်ဘက်တွင် ပိုးထည်တစ်ထပ်ဖြင့် ထုတ်ပိုးထားသည့် ကျားသားရေ တစ်ခုကို သယ်ဆောင်လာသည်ကို တွေ့လိုက်ရလေသည်။
ထိုလူလေးယောက်သည် ကျားသားရေကို ချထားလိုက်ပြီး နဉ်ကုန်းကုန်းကလည်း ရှေ့သို့ တက်လာကာ အပြင်ဘက်က ပိတ်စကို ဖြေလျော့ကာ အားချန်ကို ကြည့်ရှုခိုင်းလိုက် လေသည်။
ကျားသားရေ တစ်ခုလုံးကို ခွာယူထားခြင်းဖြစ်ပြီး သားရေနယ်ပြီးနောက်တွင်လည်း အမွှေးအမျှင်များက မည်းနက်ကာ တောက်ပြောင်နေဆဲပင်။ အားချန်က လက်ဖြင့်စမ်းသပ် ကြည့်လိုက်သည်တွင် ရင်းနှီးနေသည့် အထိအတွေ့ကို ခံစားလိုက်ရ၏။
ပစ္စည်းကို စစ်ဆေးပြီးနောက် ချန်ဟွေ့က ငွေလက်မှတ်ကို ထုတ်ယူပေးလိုက် တော့သည်။
နဉ်ကုန်းကုန်းကလည်း ငွေလက်မှတ်ကို ပြုံးရွှင်စွာလက်ခံလိုက်ပြီး လက်အောက် ငယ်သားများကို ကျားသားရေအား ပြန်လည်ထုတ်ပိုးခိုင်းလိုက်ကာ မြင်းလှည်းပေါ်သို့ သယ်သွားခိုင်း လိုက်လေတော့သည်။
ကျားသားရေကို ရရှိပြီးနောက်တွင် အားချန်ကလည်း ထရပ်ပြီးနှုတ်ဆက်ကာ ထွက်ခွာလာတော့၏။ နဉ်ကုန်းကုန်းသည် သူတို့ကို တံခါးဝထိ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး မြင်းလှည်းက အဝေးသို့ ရောက်သွားသည့်အထိ လှမ်းကာ ကြည့်ရှုနေမိတော့သည်။
မြင်းလှည်းပေါ်တွင် လေးလံသည့် ကျားသားရေတစ်ခု အပိုပါလာသဖြင့် အပြန်တွင် မြင်းလှည်းသွားနေသည့်အရှိန်က သိသိသာသာ နှေးကွေးသွားတော့သည်။
မြင်းလှည်းသည် လမ်းမပေါ်တွင် အတန်ကြာ မောင်းနှင်လာခဲ့ပြီး မျက်စိရှေ့တွင် တွေ့မြင်နေရသည်မှာ အဖြူရောင် နံရံတစ်ခုသာ ဖြစ်လေသည်။ သူမ မှတ်မိသည်မှာ ပိုင်ရှိုးမင်က သူ့အိမ်ညာဘက်ခြမ်းတွင် စုန့်မြို့စားအိမ်တော်ရှိသည်ဟု ပြောပြခဲ့ဖူးသည်။ ထိုကြောင့် ဒီနေရာသည် မြို့စားအိမ်တော် ဖြစ်လေမလား။ အားချန်သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ တွေးတောမိတော့၏။ အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ အိမ်တော်ဆိုတဲ့အတိုင်းပဲ။ မြင်းလှည်းစီးပြီး ဒီလောက်အဝေးကြီး ထွက်လာခဲ့တာတောင်မှ သူတို့ခြံဝန်းရဲ့ နယ်နိမိတ်ထဲက မထွက်နိုင်သေးဘူး။
ဒီအခိုက်အတန့်တွင် ရင်းနှီးပြီးသား ပုံရိပ်တစ်ခုသည် အားချန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာတော့၏။ ယောက်ျားတစ်ယောက်သည် လက်တစ်ဖက်ဖြင့် နံရံကို မှီထားကာ ရှေ့သို့ ဒယိမ်းဒယိုင် လျှောက်လှမ်းလို့နေသည်။ သူ့ ကြည့်ရသည်မှာ နေထိုင်မကောင်း ဖြစ်နေပုံရ၏။
အားချန်က အနည်းငယ် မျက်မှောင်ကြုတ် ထားမိလိုက်သည်။ သူမက လှည်းခန်းဆီးကို မတင်လိုက်ပြီး ထိုလူရှိရာကို လက်ညှိုးထိုးပြလိုက်ပြီးနောက် လှည်းမောင်းနေသည့် ချန်ဟွေ့ကို လှမ်းပြောလိုက်တော့သည်။
"ဟွေ့ညန် ဟိုလူက စုန့် သခင်လေး ဟုတ် မဟုတ် ကြည့်ပေးပါဦး"
...