← Chapters

ရှင်က လူသားလား

Vol. 7 Ch. 68

ရှင်က လူသားလား

Vol. 7 Ch. 68

ချန်ဟွေ့သည် အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ပြီး လှည်းကိုရပ်ကာ အားချန်ကို ပြောလိုက်၏။ "ရှင် ဒီမှာပဲ စောင့်နေလိုက်။ ကျွန်မ သွားကြည့်လိုက်ဦးမယ်"

အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး ချန်ဟွေ့က ထိုလူရှိရာဘက်သို့ လျှောက်သွားလိုက်သည်ကို စောင့်ကြည့်နေလိုက်၏။ ရလဒ်အနေဖြင့် သူမသည် ထိုနေရာသို့ ရောက်သွားသည်နှင့် ထိုလူ၏ ခြေထောက်သည် ရုတ်တရက် ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

အားချန်မှာ တစ်ချက်လန့်သွားပြီး လှည်းပေါ်မှ မြန်မြန် ခုန်ဆင်းလိုက်တော့သည်။ သူမက အနားသို့ ရောက်သွားသည်တွင် မြေပြင်ပေါ်တွင် ဖြူဖျော့ကာ မျက်လုံးနှစ်ဖက် တင်းနေအောင်မှိတ်ပြီး လှဲကျနေသည့် စုန့်ယန့်ကို တစ်ချက်တည်းနှင့် တွေ့သွားတော့သည်။

"စုန့် သခင်လေး။ စုန့် သခင်လေး"

အားချန်က စုန့်ယန့်ဘေးတွင် ဆောင့်ကြောင့်ထိုင်ချ လိုက်ပြီး သူ့ကို နှစ်ကြိမ်လောက် ခေါ်လိုက်သော်ငြား တုံ့ပြန်မှုထွက်မလာခဲ့ချေ။

"ကျွန်မတို့ သူ့ကို ဆေးခန်းအရင် ပို့ကြရအောင်"

ချန်ဟွေ့က ဘေးမှ ပြောလာသည်။

"ကောင်းပြီလေ" အားချန်က ခေါင်းငြိမ့်ပြလိုက်ပြီး စုန့်ယန့်ကို တွဲထူလိုက်ရန် ပြင်ဆင်ပေးသော်ငြား ချန်ဟွေ့က လက်မြှောက်ကာ တားမြစ်လိုက်လေသည်။ သူမသည် စုန့်ယန့်၏ လက်မောင်းတစ်ဖက်ကို ဆွဲမလိုက်ပြီး သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို ဆွဲထူကာ ခါးကို အနည်းငယ် ကုန်းပြီး အားစိုက်လိုက်သည်နှင့် ထိုလူကိုပခုံးပေါ်သို့ တိုက်ရိုက် ထမ်းတင်လိုက်တော့၏။

မြင်းလှည်းထဲတွင် ကြီးမားလှသည့် ကျားနတ်သားရေကို ထည့်ထားသဖြင့် အစကတည်းက နေရာအများကြီး မကျန်တော့ချေ။ စုန့်ယန်ကို ထည့်လိုက်ပြီး နောက်တွင် အားချန်သည် အပြင်ဘက်တွင် ထွက်ထိုင်ပြီး ချန်ဟွေ့နှင့် အေးအေးဆေးဆေး စကားပြောနေလိုက်တော့သည်။

"စုန့် သခင်လေးက တကယ် ဘာဖြစ်သွားတာလဲ မသိဘူးနော်။ နှစ်ခါတွေ့တာ သူက တစ်ခါထပ်တစ်ခါ ပိုပြီးအားနည်းလာသလိုပဲ" အားချန်က ပြောလိုက်သည်။

"ရုတ်တရက် နေမကောင်း ဖြစ်တာများလား"

ချန်ဟွေ့က နောက်ကိုတစ်ချက် လှည့်ကြည့်လိုက်ကာ ထပ်ပြီးပြောလိုက်၏။ "ကျွန်မ မှတ်မိ သလောက်တော့ သူဌေးရွှီက သူ အန်းဖိင်ဖန်းမှာ နေတယ်လို့ ပြောတယ်။ သူက ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီနေရာကို ရောက်လာရတာလဲ"

ဒီနေရာသည် အန်းဖိင်ဖန်းနှင့် သာမာန်ဝေးကွာခြင်းမဟုတ်ဘဲ အသွားအပြန်က နေ့တစ်ဝက်လောက် အချိန်ပေးရမည် ထင်သည်။

"မသိဘူးလေ။ ဒီဘက်မှာ ချမ်းသာတဲ့ ဆွေမျိုးတစ်ယောက်ယာက် ရှိနေလို့ လာတွေ့တာ ဖြစ်နိုင်တာပဲ"

အားချန် စကားဆုံးသွားသည့် နောက်တွင် ရုတ်တရက်ဆိုသလို စုန့် မြို့စားအိမ်တော် ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ကာ ပြောမိသွားတော့သည်။ "ပြောရမယ်ဆိုရင် စုန့် သခင်လေးရဲ့ မျိုးရိုးကလည်း စုန့် ပဲနော်။ စုန့် မြို့စားရဲ့ ဆွေမျိုးတော့ မဟုတ်လောက်ပါဘူး"

မြင်းလှည်းသည် ဆေးခန်းတစ်ခု၏ အပြင်ဘက်သို့ မြန်မြန်ဆန်ဆန် မောင်းနှင်လာခဲ့ပြီး လူနှစ်ယောက် စကားပြောနေသည်ကလည်း ရပ်တန့်သွားတော့သည်။

အားချန်က မြင်းလှည်းပေါ်မှ အရင်ဆုံး ဆင်းလိုက်ကာ သမားတော်ကို အပြင်သို့ထွက်လာရန် ခေါ်လိုက်လေသည်။

ဆေးခန်းအတွင်းတွင် ထိုင်နေသည့် သမားတော်က လူနာတစ်ယောက် သတိလစ် မေ့မျောနေကြောင်း ကြားလိုက်ရသည်တွင် အပြင်သို့ မြန်မြန်လိုက်ထွက်လာခဲ့၏။ ဆေးခန်းအပြင်ဘက်သို့ မရောက်သေးခင်မှာပင် အမျိုးသမီးတစ်ဦးက လူနာကိုထမ်းပြီး ဝင်လာသည်ကို တွေ့လိုက်ရတော့သည်။

သူသည် ထိုအမျိုးသမီးက လူနာအပေါ် ကြမ်းတမ်းရိုင်းစိုင်း လိုက်လေခြင်းဟု အပြစ်တင်သင့်သည်လား။ သို့မဟုတ်လည်း ထိုအမျိုးသမီး၏ ခွန်အားက အံ့သြစရာ ကောင်းလောက်အောင် ချီးမွမ်းသင့်သည်လားပင် မသိတော့ချေ။

ချန်ဟွေ့ကတော့ လူကို ထမ်းဝင်လာသည်တွင် သမားတော်ကလည်း တခြားအရာများကို ထပ်ပြီးစဉ်းစားရန် အချိန်မရတော့ဘဲ မြန်မြန် ပြောလိုက်လေတော့သည်။ "သူ့ကို ကုတင်ပေါ် မြန်မြန်တင်လိုက်ပါ။ ကျွန်တော် အရင် ကြည့်လိုက်ဦးမယ်"

စုန့်ယန့်ကို သစ်သားကုတင်ပေါ်သို့ တင်ပေးပြီးနောက်တွင် အားချန်နှင့် ချန်ဟွေ့တို့သည် ဘေးတွင်ရပ်ကာ သမားတော်ကသူ့ကို သွေးခုန်နှုန်း စမ်းသပ်ပေးနေသည်ကို စောင့်ကြည့်နေလိုက်ကြသည်။ ခဏအကြာတွင် သမားတော်သည် အနည်းငယ် ရှုပ်ထွေးသွားပုံရပြီး နောက်လက်တစ်ဖက်ကို ပြောင်းကာ သွေးခုန်နှုန်း စမ်းသပ်ပြန်သည်။

"ဒီမှာလည်း ဘာရောဂါမှ မရှိပါဘူး"

သမားတော်က တစ်ယောက်တည်း ရေရွတ်လိုက်၏။

"သမားတော် သူ တကယ် ဘာဖြစ်သွားတာလဲ" အားချန်သည် သမားတော်၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်ကို မြင်လိုက်ရသည်တွင် ကုသရန်ခက်ခဲသည့် ရောဂါတစ်ခုကို ကြုံတွေ့နေရသည်ဟု ထင်မှတ်သွားပြီး မနေနိုင်ဘဲ မေးလိုက်တော့၏။

သမားတော်က ထရပ်လိုက်ကာ သူတို့ကို ပြောပြလိုက်လေသည်။ "ဒီသခင်လေးက ဘာရောဂါမှ ဖြစ်မနေပါဘူး"

"ဒါပေမဲ့ သူလမ်းလျှောက်ရင်းနဲ့ ရုတ်တရက် မေ့လဲသွားတာလေ"

ထိုသမားတော်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ထပ်ပြောလိုက်လေသည်။ "ဖြစ်နိုင်တာကတော့ သူက မွေးရာပါ ကိုယ်ခံအားနည်းတာ ဖြစ်နိုင်တယ်။ ခုနတုန်းက ကျွန်တော်သူ့ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်တော့လည်း သူ့ခန္ဓာကိုယ်က အားအင်တွေ ချို့တဲ့နေတယ်။ သာမန်လူ တစ်ယောက်လို ဖြစ်ချင်တယ်ဆိုရင်တော့ အားဖြည့်ဆေးတွေ တစ်နှစ်ပတ်လုံး အားဖြည့်နေမှရမယ်"

"ဒါပေမဲ့ သမားတော် လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက သူ ဒီလောက် အားမနည်းသေးဘူးလေ"

"ဒါက ..."

ထိုသမားတော်က ပါးစပ်ဟ

လိုက်ပြီးမှ ထပ်ပြောလိုက်တော့သည်။ "ဖြစ်နိုင်တာက တစ်ခုခု အပြောင်းအလဲဖြစ်သွားပြီး ဒီသခင်လေးကို စိတ်ထိခိုက်သွားစေတာလည်း ဖြစ်နိုင်တာပဲ"

သမားတော်၏ ရောဂါရှာဖွေမှုကို ကြားရသည်ကလည်း ထိုမျှလောက် ယုံကြည်နိုင်စရာ ရှိမနေချေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူသည် ဒဏ္ဍာရီထဲတွင် ပြောစမှတ်ပြုရသည့် သမားတော်တုတစ်ဦးနှင့် အနည်းငယ် တူနေတော့သည်။ အားချန်နှင့် ချန်ဟွေ့ တို့ကလည်း ဘေးသို့ နေရာရွှေ့ကာ ခဏလောက် တိုင်ပင်လိုက်ကြပြီးမှ နောက်ထပ် ဆေးခန်းတစ်ခုသို့ ပြောင်းပြီးပြသရန် ဆုံးဖြတ်လိုက်တော့သည်။

သမားတော် ညွှန်ပေးသည် အားဖြည့်ဆေးကိုလည်း ငြင်းပယ်လိုက်ပြီး ဆေးဖိုးအဖြစ် ဝမ်၁၀ ပေးချေပြီးနောက် ချန်ဟွေ့သည် ထိုလူကို မြင်းလှည်းပေါ်သို့ ထပ်မံထမ်းတင်သွားပြန်သည်။

ဒီလိုအပြန်အလှန်လှန် သယ်ဆောင်ခြင်း ခံလိုက်ရသော်ငြား စုန့်ယန့်ကတော့ နိုးထလာမည့် အရိပ်အယောင် မရှိသေးချေ။

အားချန်သည် မြင်းလှည်းပေါ်သို့ ပြန်တက်လာပြီး လှည့်ကာ ခန်းဆီးကို မ,လိုက်သည်တွင် စုန့်ယန့်သည် ခြေထောက်နှစ်ဖက်ကို ကွေးကာ မြင်လှည်းထဲတွင် ခေါင်းကိုအပြင်သို့ လှည့်ကာ လှဲလျောင်းနေလေသည်။

သူ့ကို ခဏလောက် စိုက်ကြည့်လိုက်ပြီးနောက် အားချန်သည် စုန့်ယန်၏ မျက်ခွံကို လက်ဖြင့်ဆွဲလှန် ကြည့်လိုက်၏။ စုန့်ယန်က ဒီလို ရုတ်တရက် အားနည်းသွားတာ သိပ်ပြီးမူမမှန်ဘူးလို့ အမြဲတမ်းခံစားနေမိတာပဲ။

ရလဒ်အနေဖြင့် သူမက မျက်ခွံကို ဖွင့်လိုက်သည်နှင့် အားချန်သည် အသက်ကိုပြင်းစွာ ရှုသွင်းလိုက် မိလေတော့သည်။

ချန်ဟွေ့က အားချန်၏မျက်နှာ အမူအရာ ထူးဆန်းသွားသည်ကို မြင်လိုက်ရသည်တွင် သူမ၏ အကြည့်ကလည်း နောက်သို့တစ်ဖက် လှည့်ကြည့်လိုက်ရာ တစ်ချက်တည်းနှင့် စုန့်ယန့်၏ မျက်လုံးကို တွေ့လိုက်ရ၏။ မူလက အဖြူအမည်း ကွဲပြားနေသင့်သည့် မျက်လုံးသည် ယခုအချိန်တွင်တော့ မည်းနက်လို့ နေလေသည်။

အားချန်က ထိုမည်းနက်နေသည့် မျက်လုံးကို ခဏလောက် စိုက်ကြည့်ပြီး လေ့လာနေ လိုက်တော့၏။ သရဲတစ္ဆေ ပူးကပ်ခံရပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ပုံစံနဲ့ နည်းနည်းတူနေသလိုပဲ။ ဒါပေမဲ့ တစ္ဆေတွေ ပူးကပ်တာက နှောင့်ယှက်ဖို့အတွက်လေ။ ဘယ်လိုလုပ်ပြီးတော့ ချက်ချင်း မေ့လဲပြီး နိုးမလာဘဲနေမှာလဲ။

"ဒါက ဘယ်လို အခြေအနေမျိုးလဲ။ သူက လူ မဟုတ်ဘူးလား" ချန်ဟွေ့၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး မကြုံစဖူး တုန်လှုပ်သွားတော့သည်။

"မဖြစ်နိုင်လောက်ပါဘူး"

အားချန်က သူ့လည်ပင်းဘေးကို စမ်းသပ်ကြည့်လိုက်သည်တွင် ကိုယ်အပူချိန်နှင့် သွေးခုန်နှုန်း နှစ်ခုစလုံးက ရှိနေလေသည်။ ထိုနောက်တွင်တော့ ချန်ဟွေ့ဘက်သို့ လှည့်ကာမေးလိုက်၏။ "ရှင် သူ့ကိုယ်ပေါ်မှာ ယင်ဓာတ်တွေ ခံစားမိလား"

ချန်ဟွေ့ ကလည်း ခေါင်းခါပြီး ပြန်ပြောလိုက်၏။ "သူ့ကိုယ်ပေါ်မှာ ယင်ဓာတ်မရှိဘူး။ သူ့နှလုံးခုန်သံ၊ အနံ့၊ နောက်ပြီးတော့ သွေးလည်ပတ်နှုန်းကလည်း သာမန်လူတွေနဲ့ အတူတူပါပဲ"

သူမသည် သက်ရှိဖုတ်ကောင် တစ်ဦးဖြစ်ပြီး အစကတည်းက ယင်စွမ်းအင်ရှိသည့် အရာဝတ္ထုမျိုးဖြစ်သည်တွင် ယင်စွမ်းအင်ကို ခံစားသိနိုင်စွမ်း အလွန်ထက်မြက်လေသည်။

တစ္ဆေပူးကပ်ခံရတာ မဟုတ်ဘူးဆိုရင် ဒါက ဘယ်လိုအရာမျိုးလဲ။

အားချန်သည် အတွေးနှစ်သွားလေတော့သည်။

"သူ့ကိုဆေးခန်း ဆက်ပို့ဦးမှာလား" ချန်ဟွေ့က မေးလာ၏။

အားချန် ကလည်း ခေါင်းခါကာ ပြောလိုက်တော့သည်။ "ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် သိကျွမ်းလာတာလည်း အချိန်အတော်ကြာနေပြီပဲ။ အရင်ဆုံး သူ့ကို အိမ်ပဲ ခေါ်သွားလိုက်တော့မယ်"

တကယ်လို့ တခြားသူတွေကလည်း သူက ထူးထူးခြားခြား ဖြစ်နေတာကို တွေ့သွားရင် မင်ကျင့်စီးကို အနှောင့်အယှက်ပေးမိမှာ ၈၀% လောက်သေချာတယ်။ စုန့်ယန့် နိုးလာတဲ့အချိန်ကျရင် မြေအောက် အကျဉ်းထောင်ထဲကို ရောက်နေလောက်ပြီ။

အားချန်သည် စုန့်ယန်၏ ကိုယ်ပေါ်တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို အနည်းဆုံးတော့ အရင်ဆုံး ရှင်းရှင်းလင်းလင်း သိမြင်အောင်လုပ်ပြီးမှ သူ့ကို ခေါ်ထားလိုက်ရမလား ပြန်လွတ်လိုက်ရမလား ဆုံးဖြတ်မည်ဟု စဉ်းစားမိလေသည်။ သူမ ပိုသိချင်သည့်အရာမှာ သူမသိသည့် စုန့်ယန်က စုန့်ယန့်မှ ဟုတ်ပါလေစ ဟူ၍။

စုန့်ယန့် နိုးလာသည့်အချိန်တွင် သူမျက်စိရှေ့တွင် အမှောင်ထုက လွှမ်းခြုံလို့နေသည်။ သူသည် တောင့်တင်းနေသည့် ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ပြီး မိမိကိုယ်ကို ကုတင်တစ်လုံးပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။

သူ သတိမလစ်မီက စုန့်မြို့စားအိမ်တော်အပြင်ဘက် နံရံတွင် ရှိနေသေးသည်ကို မှတ်မိနေသေးသည်။ ဒီနေရာကတော့ လမ်းမကြီးပေါ်တွင် မဟုတ်သည်မှာ သိသာလေသည်။

စုန့်ယန့်က ကုတင်အစွန်းကို စမ်းသပ်ကာ ထထိုင်လိုက်ပြီး ပြတင်းပေါက်၏ ဟနေသည့်ကြားမှ ထိုးဖောက်ဝင်ရောက်လာသည့် လရောင်ကိုအမှီပြုကာ တံခါးရှိရာနေရာကို တွေ့ရှိသွားပြီး ထိုနေရာသို့ လျှောက်သွားကာ တံခါးကို ဖွင့်လိုက်တော့၏။

တံခါးဖွင့်သွားသည်နှင့် အေးစက်ဖြူဖွေးနေသည့် လရောင်သည် ဖြာဆင်းလာလေတော့သည်။ စုန့်ယန့်သည် ကောင်းကင်ကို မော့ကြည့်လိုက်သည်တွင် ကောင်းကင်တွင် လပြည့်ဝန်းကြီးတစ်စင်း ချိတ်ဆွဲလို့နေ၏။ ယနေ့သည် ကျုံးယွမ် ပွဲတော်နေ့ ဖြစ်သည်ကို သူ ယခုမှ သတိထားမိတော့သည်။

တံခါးပွင့်သွားပြီးနောက်တွင် ခြံဝင်းထဲ၌ တိတ်ဆိတ်ငြိမ်သက်လို့ နေ၏။ စုန့်ယန်သည် လင်းဖြာနေသည့် လရောင်ကိုအမှီပြုကာ တံခါးဝတွင်ရပ်ပြီး ဘေးဘယ်ညာသို့ ကြည့်လိုက်သော်ငြား မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရချေ။ သူက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ လှမ်းကာ အော်ပြောလိုက်တော့သည်။ "ဒီမှာ လူ ရှိသလား"

တုံ့ပြန်သံ ထွက်မလာခဲ့ပေ။

စုန့်ယန့်သည် မသိမသာ မျက်မှောင်ကြုတ် သွားတော့၏။ တကယ်လို့ ဒီနေရာက ပိုင်ရှင်က သူ့ကို ကယ်တင်ခဲ့တာဆိုရင် ပိုင်ရှင်ကိုနှုတ်မဆက်ပဲ ထွက်သွားတာက နည်းနည်းတော့ မသင့်တော်ဘူးထင်တယ်။

ဒါပေမဲ့လည်း အချိန်က နောက်ကျနေပြီ။ ညမထွက်ရအမိန့်ချိန် ရောက်တော့မယ် ထင်တယ်။

သူသည် ထွက်သွားသင့် မသင့် စဉ်းစားနေစဥ်မှာပင် သူ့ဘေးနားက မနီးမဝေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။ "စုန့် သခင်လေး နိုးပြီလား"

စကားပြောလာသည့် အသံသည် အနည်းငယ် ရင်းနှီးလို့နေသည်။ စုန့်ယန်က လှည့်ကြည့်လိုက်သည်တွင် စင်္ကြန်အောက်ဘက်တွင် လူရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရ၏။ သေသေချာချာလေး ကြည့်လိုက်ပြီးမှ စိတ်ထဲတွင် ချက်ချင်းတည်ငြိမ်စွာဖြင့် လှမ်းခေါ်လိုက်တော့သည်။ "ချန်ဖူးရန်"

သူသည် ချန်ဟွေ့ နှင့်မရင်းနှီးပေ။ အနည်းဆုံးတော့ အားချန်နှင့် ရင်းနှီးသလောက် မရင်းနှီးပေ။ သူမ၏မျိုးရိုးအမည်မှာ ချန် ဖြစ်ကြောင်း ယခင်က အိမ်ထောင်ပြုခဲ့ဖူးကြောင်းနှင့် နေ့စဉ်နေ့တိုင်း စကားပြောခြင်းကို သိပ်မနှစ်သက်ကြောင်းကိုသာ သိထားလေသည်။

"ခင်ဗျားက ကျွန်တော့်ကို ကယ်တင်ခဲ့တာလား"

"ကျွန်မနဲ့အားချန် အိမ်တော်ကို ပြန်လာတဲ့လမ်းမှာ စုန့်သခင်လေး လမ်းပေါ်မှာ မေ့လဲနေတာကိုတွေ့လို့ ရှင့်ကိုသမားတော်ဆီ ခေါ်သွားပေးခဲ့တာပါ"

"ဒီလိုကိုး။ ဖူးရန်ကို ကျေးဇူးတင်ပါတယ်" ထို့နောက်တွင်တော့ သူသည် အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။ "မိန်းကလေးကျိက ဒီနေရာမှာ မရှိဘူးလား"

"ဪ။ သူက သူ့သူငယ်ချင်းနဲ့အတူတူ မြစ်ကမ်းဘေးနားကို မီးပုံးသွားလွှတ်တယ်လေ။ ခဏနေ ပြန်လာတော့မှာပါ"

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် အပြင်ဘက်က တံခါးကွင်းကို တံခါးခေါက်သံ ထွက်လာသည်တွင် ချန်ဟွေ့သည် စုန့်ယန့်ကို ကိုယ်အနည်းငယ် ကိုင်းညွှတ်ကာ အရိုအသေ ပေးလိုက်ပြီးနောက် အားချန်အတွက် တံခါးသွားဖွင့် ပေးလေသည်။

တံခါးအပြင်ဘက်တွင် အားချန်သည် လက်ထဲတွင် သကြားရုပ်လေး နှစ်ခုကို ကိုင်မြှောက်ထားပြီး လင်းစွေ့ကို လက်ပြနှုတ်ဆက်လို့နေ၏။

လင်းစွေ့နှင့် သူမ၏အကိုကြီးသည် စစ်သူကြီးအိမ်တော်သို့ လျှောက်သွားလိုက်ကြပြီး အားချန်ကလည်း အိမ်တံခါးထဲသို့ ဝင်လာခဲ့လိုက်တော့သည်။

"စုန့်သခင်လေး နိုးပြီလား"

အားချန် ကမ်းပေးလိုက်သည့် မိမိနှင့် အနည်းငယ် ရုပ်ချင်းဆင်တူသည့် သကြားရုပ် တစ်ခုကို လက်ခံယူရင်း ချန်ဟွေ့က ပြုံးကာသူမကို လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ အားချန်က ပင်မခြံဝင်းထဲသို့ လျှောက်ဝင်လာခဲ့ပြီး ခြံဝင်းထဲတွင် မီးအိမ်တစ်လုံးမှ မထွန်းထားဘဲ စုန့်ယန့်က ဘေးဖက်အဆောင်တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ချန်ဟွေ့ ကတော့ အခန်းထဲသို့ပြန်တာ မီးခြစ်ဆံကို သွားယူလိုက်ပြီး ခြံဝင်းထဲရှိ မီးပုံးများကို ထွန်းညှိလိုက်လေသည်။ မီးပုံး၏ အလင်းရောင်အောက်တွင် အားချန်သည် စုန့်ယန့်၏ မျက်လုံးများက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်းကို တွေ့လိုက်ရတော့၏။

စုန့်ယန်သည် အားချန်ကို တွေ့လိုက်ရသည်တွင် သူမကို အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်လေတော့သည်။ "ဒီနေ့ ကျွန်တော့်ကို ကယ်တင်ပေးတဲ့အတွက် မိန်းကလေးကျိကို ကျေးဇူးတင်ပါတယ်"

"စုန့် သခင်လေး အားနာနေစရာ မလိုပါဘူး။ ဒါပေမဲ့ ကျွန်မ သိချင်တာ တစ်ခုတော့ရှိတယ်။ စုန့် သခင်လေး ဖြေကြားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

အားချန်သည် မိမိနှင့်အလွန်တူသည့် ထိုသကြားရုပ်ကို ကိုင်မြှောက်ထားဆဲဖြစ်ပြီး ကြည်လင်နေသည့် အကြည့်ဖြင့်သူ့ကို လှမ်းကြည့်လိုက်လေသည်။

"မိန်းကလေးကျိ မေးပါ"

"စုန့် သခင်လေးက လူသားလား"

ဒီမေးခွန်းက စုန့်ယန့် အတွက် အမှန်ပင် ကြိုတင် မျှော်လင့်မထားမိသည့် အရာပင်။ သူသည် ခဏလောက် ကြောင်အအလေး ဖြစ်သွားပြီးမှ လေသံထဲတွင် မသိမသာ တောင့်တင်းသွား လေတော့၏။ "မိန်းကလေးကျိက ဘာဖြစ်လို့ ဒီလိုပြောရတာလဲ"

အားချန်ကလည်း သူ့ကိုပြုံးပြလိုက်ပြီး ပြောလိုက်တော့သည်။ "စုန့် သခင်လေး နိုးလာပြီးတဲ့နောက်မှာ မှန်ကြည့်ဖြစ်သေးလား။ ရှင့်ရဲ့မျက်လုံးတွေက အခုထိ မည်းနေတုံးပဲလေ။ မျက်ဖြူသားတောင် မရှိဘူး"

စုန့်ယန့်သည် အမှတ်မထင် သူ၏မျက်လုံးများကို စမ်းသပ်မိလိုက်တော့သည်။

"ရှင် နည်းနည်းလေးမှ အံ့သြမသွားဘူးပဲ။ ကြည့်ရတာ ရှင်ကကို ယ့်ရဲ့ ထူးခြားမှုကို အစောကြီးကတည်းက သိနေခဲ့တာပဲ"

စုန့်ယန့်၏ လှုပ်ရှားမှုများမှာ အေးခဲသွားတော့၏။

မျှော်လင့်မထားဘဲ အားချန်က ထပ်ပြီး ပြောလာခဲ့လေသည်။ "ကျွန်မ ရှင့်ကို လိမ်လိုက်တာပါ။ ရှင့်ကို ကယ်လာတုန်းကတော့ မည်းနေတုန်းပဲ။ အခုတော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ"

စကားသုံးခွန်းတည်းနှင့် မိမိ၏ အားနည်းချက်ကို ဖော်ထုတ်ခဲ့သည့် တစ်ဖက်လူကြောင့် စုန့်ယန့်မှာ မနေနိုင်ဘဲ ခါးသီးစွာ ပြုံးမိလေတော့သည်။ "မိန်းကလေးကျိ ကျွန်တော်က ..."

"ရှင်က လူသားလား" အားချန်က ထိုမေးခွန်းကို နောက်တစ်ခါ ထပ်မေးလိုက်တော့သည်။

အချိန် တော်တော်ကြာအောင် တိတ်ဆိတ်ငြိမ်သက် သွားပြီးမှ စုန့်ယန့်သည် နောက်ဆုံးတော့ ဝန်ခံလိုက်တော့၏။ "ကျွန်တော်က လူသား မဟုတ်ပါဘူး"

"ဪ” အားချန်၏ အမူအရာကတော့ အံ့သြသွားပုံ မရချေ။ သူမ၏မျက်နှာပေါ်တွင် သိလိုစိတ်သာ ရှိနေတော့သည်။ "ဒါဆိုရင် စုန့်ယန့် ဆိုတာ ရှင့်နာမည်လား။ ဒါမှမဟုတ် ဒီခန္ဓာကိုယ်ရဲ့ နာမည်လား"

"မင်းဘယ်လို ခန့်မှန်းမိတာလဲ" စုန့်ယန့်သည် သူမ၏ မေးခွန်းကိုမဖြေဘဲ ပြန်လည်မေးခွန်း ထုတ်လိုက်တော့သည်။

အားချန်ကလည်း ဖုံးကွယ်မနေချေ။ "သမားတော်က ရှင့်ရဲ့ခန္ဓာကိုယ်က ပုံမှန်ပဲ။ အရမ်းအားနည်းနေတာပဲ ရှိတယ်လို့ ပြောတယ်။ ပြောချင်တာက ဒီခန္ဓာကိုယ်က သာမန်လူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရှင့်ကိုယ်ပေါ်မှာ ထူးခြားမှုတွေ ပြန်ပေါ်လာပြန်ရော။ ပူးကပ်ခံရတဲ့ အခြေအနေနဲ့ အရမ်းတူနေတာနဲ့ ကျွန်မလည်း လျှောက်မှန်းကြည့်လိုက်တာ။ မှန်သွားလိမ့်မယ်လို့ ထင်မထားမိဘူး"

နားမလည်နိုင်သည့် အချက်ကို ရှင်းလင်းပြီးသွားသောအခါ စုန့်ယန့်သည် သက်ပြင်းချလိုက်လေသည်။ "စုန့်ယန့် ဆိုတာက ကျွန်တော့်ရဲ့နာမည်ပါ"

"ဒါဆိုရင်ရှင်က မှင်သွေး ကျောက်ကနေ ဖြစ်လာတဲ့ ဝိညာဉ်လား"

နာမည်ထဲမှာ ယန့် (မှင်သွေးကျောက်) ဆိုတဲ့ စကားလုံး ပါဝင်နေတယ်ဆိုတော့ မိစ္ဆာတွေကလည်း ဒီလိုနာမည်ပေးရတာကို အရမ်းသဘောကျတယ်လေ။ ဒီလိုမိစ္ဆာမျိုးက နည်းနည်းလေး ရှားပါးတယ်။ တကယ်လို့ လောကကြီးထဲမှာ အချိန်အကြာကြီး တည်ရှိခဲ့ပြီး ကံကောင်းတဲ့ အခွင့်အရေး ရခဲ့မယ်ဆိုရင် ဝိညာဉ်တစ်ခု ဖြစ်မလာနိုင်တာတော့ မဟုတ်ဘူးလေ။

စုန့်ယန့်က ခေါင်းခါပြီး ပြောလိုက်လေသည်။ "ကျွန်တော်က မော့လင် (မှင်နက်နတ်သူငယ်) ပါ"

"မော့လင် ဟုတ်လား"

အားချန်သည် ဒီတကြိမ်တွင်တော့ အမှန်ပင် အံ့ဩသွားတော့သည်။ "ဒဏ္ဍာရီထဲမှာ ပြောထားတဲ့ ပါရမီစွမ်းရည်နဲ့ နှိုးထစေမှ ဉာဏ်ပညာ ဖြစ်ပေါ်လာနိုင်တဲ့ အဲဒီမော့လင်လား"

"ဟုတ်ပါတယ်"

"ဪ ဒါကြောင့် ခုနတုန်းက ရှင့်ရဲ့မျက်လုံးတွေက မည်းနက်နေတာကိုး။ ကျွန်မက ယင်ဓာတ်တစ်ခုခု ပူးကပ်နေတယ်လို့ ထင်နေတာ။ တကယ်တော့ မှင်ရဲ့အရောင် ဖြစ်နေတာကိုး"

အားချန်သည် သဘောပေါက် သွားလေတော့သည်။ ထိုနောက်တွင်တော့ ရှားပါးမျိုးစိတ်တစ်ခုကို ကြည့်နေရသလို အကြည့်ဖြင့် စုန့်ယန့်ကို အတန်ကြာအောင် စိုက်ကြည့်နေမိ၏။ မော့လင်သည်လည်း မှင်သွေးကျောက်ထဲက ဉာဏ်ရည်ဖြစ်ပေါ်လာခြင်း ဖြစ်သော်ငြား မှင်သွေးကျောက် မိစ္ဆာနဲ့တော့ လုံးဝကွဲပြား ခြားနားလေသည်။

တစ်ခုသည် မိစ္ဆာဖြစ်ပြီး နောက်တစ်ခုကတော့ နတ်သူငယ်ဖြစ်လေသည်။ သာမန်မိစ္ဆာများသည် ဉာဏ်ပညာအလင်းရရန် နှစ်ပေါင်းများစွာ အချိန်ယူရသော်ငြားလည်း မော့လင်များကတော့ မတူညီပေ။ သူတို့သည် မွေးဖွားလာသည်နှင့် မြင့်မားသည့် ဉာဏ်ရည်များ ပိုင်ဆိုင်ကြလေသည်။ မော့လင်များသည် လူသားမျိုးနွယ်ကြောင့်သာ ဖြစ်ပေါ်လာနိုင်ပြီး လူသားမျိုးနွယ်မှ ထူးချွန်သည့် ပါရမီရှင်များကသာ မော့လင်ကို နိုးထနိုင်ခြေ ရှိလေ၏။

အားချန်သည် ဦးနှောက်ထဲရှိ မော့လင်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေကြည့်လိုက်သည်တွင် အလွန်နည်းပါးလို့ နေတော့သည်။ အကြောင်းမှာ မော့လင်များသည် အလွန်ရှားပါး ခြင်းကြောင့်ပင်။ နိုးထ‌စေသူ သေဆုံးပြီးနောက်တွင် မော့လင်များသည်လည်း ပျောက်ကွယ်သွားကြပြီး သူတို့၏ သက်တမ်းသည် တခြားသော ဝိညာဉ်၊ အရာဝတ္ထုများထက် များစွာတိုတောင်းလှသည်။ နိုးထစေသူကလွဲလျှင် တခြားသူများက သူတို့ကို သိရှိနားလည်နိုင်ရန် အခွင့်အရေး အလွန်နည်းပါးလှပေသည်။ သူမသိရှိထားသည့် အရာများကလည်း စာရေးသူက အစုံသုတ်ရေးထားသည့် စာအုပ်ထဲမှ ကြားသိခဲ့ရသည့် အတွေ့အကြုံ တချို့သာဖြစ်ပြီး အသေးစိတ်တော့မရှိချေ။

ထိုသို့တွေးမိသည်တွင် အားချန်မှာ မနေနိုင်ဘဲ မေးလေတော့သည်။ "ရှင်က ဘာဖြစ်လို့ တခြားလူရဲ့ကိုယ်ပေါ်မှာ ပူးကပ်နေရတာလဲ။ ရှင့်ကို နိုးထစေခဲ့တဲ့သူက ဘယ်သူလဲ။ သူကရော ဘယ်မှာလဲ"

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် စုန့်ယန့်သည် နောက်ဆုံးတော့ ဖွင့်ပြောလာတော့၏။ "သူ သေသွားပါပြီ။ အသက်ရှင်သန်ဖို့အတွက် ကျွန်တော်က တခြားလူရဲ့ကိုယ်မှာ ပူးကပ်နေရုံကလွဲပြီး တခြားနည်းလမ်းမရှိလို့ပါ"

စုန့်ယန့်၏ မျက်နှာသည် တစ်နေ့တခြား ပိုဆိုးရွားလာပြီး ခန္ဓာကိုယ်ကလည်း ပိုပိုပြီး အားနည်းလာသည့် အကြောင်းအရင်းကို အားချန်တစ်ယောက် နောက်ဆုံးတော့ နားလည်သွားတော့၏။ အကြောင်းမှာ သူသည် အလွန်အားနည်းနေသဖြင့် ဒီခန္ဓာကိုယ်၏ အသက်စွမ်းအင်ကို စုပ်ယူခဲ့ရပြီး ပူးကပ်ခံရသည့် ခန္ဓာကိုယ်သည်လည်း အားနည်းသွားစေကာ ဒါသည် ဆိုးရွားသည့် သံသရာလည်မှု တစ်ခုသာ ဖြစ်လေတော့သည်။

"ရှင်က ဒီခန္ဓာကိုယ်ကနေ ထွက်ခွာပြီး တခြားလူရဲ့ ကိုယ်ပေါ်မှာ ပူးကပ်လို့ မရဘူးလား"

ဒီအချိန်တွင်တော့ ချန်ဟွေ့က တစ်ခွန်းမေးလိုက်လေသည်။

စုန့်ယန့်က ခေါင်းခါပြပြီး ပြောလာခဲ့၏။ "မဖြစ်နိုင်ဘူး။ ကျွန်တော်က အရမ်းအားနည်းနေပြီ။ သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားလိုက်ရင် ချက်ချင်း ပျောက်ကွယ်သွားနိုင်တယ်။ ကျွန်တော့်မှာ မပြီးပြတ်သေးတဲ့ ဆန္ဒတစ်ခုလည်း ရှိနေသေးတယ်။ သေလို့ မဖြစ်သေးဘူး"

"ရှင့်ကို နိုးထအောင် လုပ်ခဲ့တာက ဘယ်သူလဲ" အားချန်က မေးလိုက်၏။

စုန့်ယန့်သည် မျက်လွှာချထားလိုက်တော့သည်။ ပြောသင့်မပြောသင့် စဉ်းစားလိုက်ပြီးနောက် သူသည် အားချန်ကိုလည်း ပြောပြပြီးသည့် အရာများကလည်း များပြားလွန်းလှရာ ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

"မိန်းကလေးကျိ သူ့နာမည်ကို ကြားဖူးမှာပေါ့။ သူက စုန့်ယွိလို့ ခေါ်တယ်"

တကယ်ဖြစ်နေတာပဲ။ အားချန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက် မိတော့သည်။

မော့လင်ကို အသက်ရှင်ချင်တဲ့ စွဲလမ်းစိတ် ပိုင်ဆိုင် စေခဲ့တာက သူကိုယ်တိုင်က အသက်ရှင်သန် လိုတဲ့အရင်းခံမဟုတ်ဘဲ နိုးထစေခဲ့သူနဲ့သာ သက်ဆိုင်တယ်။

ဒီရက်ပိုင်းအတွင်းကို ပြန်တွေးကြည့်လိုက်ရင် အရင်ဆုံး ဆရာကြီးပေါင်မှုရဲ့ စာအုပ်ကရှန့်ကျင်းမှာ ခေတ်စားသွားခဲ့တယ်။ ကလဲ့စားချေခြင်း မှတ်တမ်းစာအုပ်က စုန့်မြို့စားအိမ်တော်အပေါ် လူပေါင်း မရေမတွက်နိုင်အောင် စူးစမ်းလိုစိတ်တွေ ဖြစ်ပေါ်သွားစေခဲ့တယ်။ အဲဒီနောက်မှာတော့ တစ်စုံတစ်ယောက်က ရှန့်ကျင်းကို လာပြီး တော်ဝင်တိုင်ကြားစာ တင်သွင်းခဲ့တယ်။ ကလဲ့စားချေခြင်း မှတ်တမ်းက နစ်နာသူကို လူအများရှေ့မှောက်မှာ တရားဝင် ပေါ်ထွက်လာစေခဲ့တယ်။

ကံဆိုးချင်တော့ လက်တွေ့ဘဝမှာကျတော့ ကလဲ့စားချေခြင်း မှတ်တမ်းက အဆုံးသတ်သွားပြီ ဖြစ်ပေမယ့်လည်း စာအုပ်ထဲက လူသတ်သမားကတော့ ဥပဒေအရ အပြစ်ပေးတာ မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူတစ်ယောက်က အပြစ်ကို ခံယူသွားလို့ပဲ။ ဒီလိုနဲ့ သူကလည်း အပြစ်ဒဏ်ကနေ လွတ်မြောက်သွားခဲ့တယ်။

"ကလဲ့စားချေခြင်း မှတ်တမ်းကို ရှင် ရေးခဲ့တာလား"

စာဖတ်နေတုန်းက နည်းနည်းလေး ထူးဆန်းတယ်လို့ ထင်ခဲ့မိတာ။ ဒီစာအုပ်ရဲ့စာရေးဆရာက ဘေးကရပ်ကြည့်နေသူ တစ်ယောက်ရဲ့ ရှုထောင့်ကနေ ဒီစာအုပ်ကို ရေးခဲ့သလိုပဲ။ တကယ်လို့ စာအုပ်ထဲက အကြောင်းအရာတွေကသာ တကယ် ဖြစ်ပျက်ခဲ့တာဆိုရင် သူက ဘယ်သူဖြစ်သင့်သလဲ။ သူက အမှန်တရားကို ဘယ်လိုသိခဲ့တာလဲ။ တကယ်လို့ အသတ်ခံရတဲ့ သူရဲ့ဘေးနားက မော့လင်သာ ဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီလေ။

"မိန်းကလေးကျိက တကယ်ကို ဉာဏ်ရည်ထက်မြက်ပါပေတယ်" စုန့်ယန့်က ချီးကျူးစကားတစ်ခွန်း ပြောလိုက်လေသည်။

"ဒါဆိုရင် ရှင်ရေးခဲ့တာတွေ အားလုံးက တကယ်ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပေါ့"

"ဟုတ်ပါတယ်" သူသည် အားချန်မေးလာသည့် အကြောင်းအရာကို သိနေသဖြင့် သူမက ဖွင့်မပြောလာခင်မှာပင် ဆက်ပြောလိုက်တော့သည်။ "စုန့်ယွိရဲ့ ဘဝတစ်ဝက်က စာအုပ်ထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ ပိုင်ဆိုင်တာတွေ အရမ်းနည်းပါးပြီး အမြဲတမ်း။ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်က သူ လမ်းဘေးကနေ ဝယ်လာခဲ့တဲ့ အရမ်းကို သာမန်ဆန်တဲ့ မှင်သွေးကျောက်တစ်တုံးပါ။ သူက ကျွန်တော်ကို စုန့်ယန့်လို့ နာမည်ပေးခဲ့တယ်လေ။ သူက ကျွန်တော့်ကို မျက်နှာမူပြီးတော့ သူ ရေးထားတဲ့စာတွေကို ဖတ်ပြတတ်တယ်။ ကျွန်တော့်ကို သူ့ရဲ့ တစ်ဖက်ခြမ်းမှာထားပြီး ကိုယ့်ဟာကိုယ်လည်း စစ်တုရင်တွေ ထိုးတတ်တယ်။ သူ ကျွန်တော့်ကို ချီးကျူးပြီး ကဗျာတွေတောင်မှ အများကြီး ရေးခဲ့ဖူးတယ်။ ဘယ် နေ့ကစမှန်း မသိဘူး။ ကျွန်တော် ရုတ်တရက် ဝိညာဉ်တစ်ခု ဖြစ်လာခဲ့တယ်။ သူ လန့်သွားမှာ စိုးရိမ်တာနဲ့ပဲ ကျွန်တော် ရှိနေတာကို သူ့ကို မပြောပြရသေးဘူး။ အဲလိုမပြောရသေးခင်မှာပဲ သူ့ကိုသတ်မယ့်လူက ပေါ်လာခဲ့တယ်"

စုန့်ယန့်၏ တည်ငြိမ်နေသည့် အသံထဲတွင် ဝမ်းနည်းကြေကွဲမှုကို ခံစားမိလိုက်သောအခါ အားချန်၏ စိတ်ထဲတွင်အနည်းငယ် မခံမရပ်နိုင်အောင် ဖြစ်သွားတော့သည်။ မော့လင် ... မြင့်မားတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပေမယ့် သူတို့မှာ စွမ်းအားမရှိဘူး။

"စုန့်ယွိ မသေခင်မှာ ဟိုလူက ဘာလို့သတ်ရတာလဲလို့ မေးခဲ့တယ်။ ဟိုလူက သူ့ကို ရှင်းရှင်းလင်းလင်းပဲ သေစေချင်နေပုံရပြီး အမှန်တရားတွေ အားလုံးကို သူ့ကို ပြောပြခဲ့တယ်လေ။ ပြီးတော့ စုန့်မြို့စားအိမ်တော်က သူ့အပေါ်မှာ မတရားဘူး။ ဒါပေမဲ့ မြို့စားအိမ်တော်ရဲ့ အနာဂတ်အတွက် သူ့ကို သေခိုင်းရုံပဲရှိတယ်လို့ ပါးစပ်ကနေ အဆက်မပြတ် ပြောနေခဲ့တာ။ ပြီးတော့ ဟိုလူက စုန့်ယွိကို ပြတ်ပြတ်သားသား သတ်ပစ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်လည်း အမှန်တရားကို ကြားလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူးလေ"

ထိုအချိန်က သူသည် သာမန် မှင်သွေးကျောက်လေးထဲတွင်သာ ပုန်းအောင်းပြီး ဖြစ်ပျက်နေသည့် အရာအားလုံးကို စောင့်ကြည့်ကာ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ ချေ။

သူ့ကို နိုးထစေခဲ့သူသည် သေဆုံးသွားခဲ့ပြီဖြစ်သဖြင့် သူသည်လည်း အစကတည်းက ပျောက်ကွယ် သွားသင့်လေသည်။

စွဲလမ်းစိတ် အလွန်နက်ရှိုင်းသောကြောင့် ဖြစ်နိုင်သလို တခြားသော အကြောင်းအရာ တစ်စုံတစ်ခုကြောင့်လည်း ဖြစ်နိုင်သည်။ သူသည် မိမိကိုယ်ကို အားနည်းလာသည်ကို ခံစားရသော်ငြားလည်း ချက်ချင်း ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။

နောက်ပိုင်းတွင်တော့ စုန့်ယွိကို သူ၏ဆွေမျိုးများက မြှုပ်နှံလိုက်ကြပြီး ပစ္စည်းများကိုလည်း ထိုဆွေမျိုးများကသာ ရောင်းချပစ်ခဲ့ကြလေသည်။

သူသည်လည်း နောက်တစ်ကြိမ် လမ်းဘေးစျေးဆိုင်တန်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး သူ ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် အချိန်တွင် စာပေပညာရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရ၏။

ထိုစာပေပညာရှင်လေးသည် ၁၀ဝမ်ကျော်ဖြင့် သူ့ကို ဝယ်ယူခဲ့လေသည်။ သူသည် ထိုသူ အိပ်မောကျနေသည့် အချိန်တွင် မိမိကိုယ်ကို ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ပူးကာ စုန့်ယန့် ဖြစ်လာခဲ့တော့၏။

ထိုနောက်တွင်တော့ ရှန့်ကျင်းသို့ ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်တော့သည်။

...

All Chapters