လူသတ်ရင် အသက်ပြန်ပေးရမှာ မဟုတ်လား ...
Vol. 7 Ch. 69
ကလဲ့စားချေခြင်း မှတ်တမ်း၏ မူလစာရေးဆရာသည် ဇာတ်လမ်း၏ နောက်ဆက်တွဲကို ကိုယ်တိုင် ပြောပြခဲ့သော်လည်း အားချန်ကတော့ စိတ်ပျက်ရုံသာ ရှိလေတော့သည်။ ဒီဇာတ်လမ်းသည် တစ်စက်ကလေးမှ စိတ်လှုပ်ရှာဖွယ် မကောင်းခဲ့ချေ။
အမုန်းတရားကို သယ်ပိုးထားသူသည် အစောကြီးကတည်းက အရိုးပုံတစ်ပုံအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ကိုယ်စား တစ်စိတ်တစ်ဝမ်းတည်း ကလဲ့စားချေလို သူသည်လည်း မကြာမီ ဤလောကကြီးထဲက ပျောက်ကွယ် သွားရတော့မည်။ လူသတ်သမားကတော့ အသက်ရှင်သန်နေဆဲပင်။
"ရှင် ဒီခန္ဓာကိုယ်ထဲကနေ မထွက်သွားဘူး ဆိုရင်တောင်မှ ရှင့်အနေနဲ့ အကြာကြီး မတောင့်ခံနိုင်တော့ဘူး ဆိုတာ ရှင် သိသင့်တယ်" အားချန်က စုန့်ယန့်ကို ပြောလိုက်သည်။
"ကျွန်တော် သိပါတယ် ... ကျွန်တော် သိပါတယ်။ ကျွန်တော်က သူ့ခန္ဓာကိုယ်က မခံနိုင်တော့ခင်မှာ ထွက်သွားဖို့ စဉ်းစားခဲ့တာပါ။ ကျွန်တော် လုံးဝကို မကျေနပ်နိုင်ဖြစ်နေလို့ပါ။ အချိန်တွေ အများကြီးအကုန်ခံပြီး နည်းလမ်းတွေ အများကြီး စဉ်းစားခဲ့ပေမယ့် ဒီလောကကြီးရဲ့ တရားဥပဒေက သူတို့အပေါ် လုံးဝ သက်ရောက်မှုမရှိခဲ့ဘူး"
စုန့်ယန့်၏ လေသံထဲတွင် ဝမ်းနည်းမှုနှင့် မကျေနပ်မှုများ ဖြစ်နေတော့သည်။ *စုန့်ယွိက သေသေချာချာ ပြောခဲ့ပါတယ်။ သ့ာရှရဲ့ဥပဒေက အမှားပြုလုပ်တဲ့ သူတွေအားလုံးကို သေချာပေါက် အပြစ်ပေးလိမ့်မယ်တဲ့"
အားချန်သည် နှုတ်ဆိတ်သွားလေတော့သည်။ စုန့်ယန်၏ စကားလုံးကို ငြိမ်ငြိမ်သက်သက်လေး နားထောင်လာခဲ့သည့် ချန်ဟွေ့ကပင် သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
သူမရှေ့က စုန့်ယွိ နှင့် စုန့်ယန့် တို့သည်အလွန်ပါးနပ် ထက်မြက်ကာ အရည်အချင်း ရှိလှသော်ငြားလည်း သူတို့သည် အာဏာ၏ အစွမ်းကို နားမလည်သလို အာဏာအတွက် မိမိတို့၏ အသက်ကိုပင် စွန့်စားပြီး ထိုအာဏာ၏ ကျေးကျွန် ဖြစ်လာလိုသည့် လူပေါင်းမည်မျှရှိသည်ကို နားမလည်ကြပေ။
သာ့ရှသည် စုန့်ယန့် လိုချင်သည့် တရားမျှတမှုကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ချေ။
ဥပဒေကလည်း မမှားယွင်းသလို သူတို့သည်လည်း မှာယွင်းခြင်း မရှိခဲ့ချေ။ သူတို့၏ စိတ်နှလုံးကသာ အလွန်ဖြူစင်နေခြင်း သက်သက်ပင် ဖြစ်လေသည်။
အားချန်သည် ဤသို့သာ တွေးတောမိတော့သည်။ လူသားတွေရဲ့ လောကကြီးက အစကတည်းက ဒီလောက်ညစ်နွမ်းနေတာ ဖြစ်မယ်။ မဟုတ်ရင် ငါကရော ဘာလို့များ ဒီလိုကိစ္စမျိုးတွေနဲ့ အမြဲတမ်း ကြုံတွေ့နေရမှာလဲ။
လျှို့ဝှက်ချက်များ အားလုံးကို အားချန်ကို ပြောပြလိုက်သောကြောင့် ဖြစ်နိုင်သည်။ စုန့်ယန့်သည် စိုးရိမ်ပူပန်မှုများ မရှိတော့သည့်အလား ယနေ့ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုလည်း အားလုံးထုတ်ဖော် ပြောကြား လိုက်လေတော့သည်။
သူက အားချန်ကို ပြောလိုက်၏။ "ကျွန်တော် စုန့်မြို့စားနဲ့ စုန့်ရှီး နှစ်ယောက်စလုံး လွတ်သွားပြီလို့ ကြားတယ်။ ဒါနဲ့သတင်း နည်းနည်းလောက် စုံစမ်းချင်လို့ စုန့်မြို့စားအိမ်တော်ကို သွားခဲ့တာ။ ကျွန်တော်ရဲ့ စွမ်းအားက အရမ်းနည်းပါးနေတော့ စုန့်မြို့စားအိမ်တော်ထဲကို ကြွက်တစ်ကောင်ကို အနိုင်နိုင် ထိန်းချုပ်ပြီးမှ ဝင်ခိုင်းခဲ့ရတယ်"
"ကျွန်တော် အချိန်အကြာကြီး စောင့်လိုက်ပြီးမှ သူတို့သားအဖ နှစ်ယောက် စကားပြောသံကို ကြားခဲ့ရတာ။ တကယ်လို့သာ ဒီစကားကို ခိုးပြီးနားမထောင်ခဲ့မိရင် ကျွန်တော်က စုန့်ယွိ အပြင်မှာ လေလွင့်နေခဲ့ရတဲ့ အမှန်တရားကို ဘယ်တော့မှ မှန်းဆမိမှာ မဟုတ်ဘူး"
"အမှန်တရား ဟုတ်လား"
အားချန်၏ ရင်မှာ တစ်ချက် ခုန်သွားတော့သည်။ အားလုံးက ရှင်းလင်းနေပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အမှန်တရားက ရှိနေသေးတာလဲ။
တကယ်လို့ တစ်ခုခု ပြောရမယ်ဆိုရင်တော့ အဲဒါကအစတုန်းက စုန့်မြို့စားရဲ့တရားဝင် သားနဲ့ သားငယ်ကို ဘယ်သူလဲပစ်ခဲ့သလဲ ဆိုတာပဲ ရှိတော့မှာပဲ။
အပြစ်ကို ခံယူခဲ့တဲ့သူကသာ သူ လဲလှယ်ခဲ့တယ်လို့ ပြောတယ် မဟုတ်ဘူးလား။ ဒါပေမဲ့ သာမန်လူတွေကတော့ ဒီကိစ္စက စုန့်မြို့စားကြီးရဲ့ ကျီးဖူးရန်နဲ့ သေချာပေါက် ပတ်သက်လိမ့်မယ်လို့ ထင်မြင်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့သားအမိကပဲ နောက်ဆုံး အကျိုးအမြတ် ရတဲ့သူ ဖြစ်သွားလို့လေ။
ဒါဆိုရင်ကော တကယ်တမ်း ဘယ်သူများလဲ။
"အဲဒါက ... စုန့်မြို့စားလား" အားချန်က ရုတ်တရက် မေးလိုက်၏။
စုန့်ယန့်၏ စိတ်ထဲတွင် သေချာပေါက် မှန်းဆမှုတစ်ခု ရှိနေပေလိမ့်မည်။ သို့သော်ငြား အမှန်တရားက သူ့ကိုပင် ကြိုတင် ပြင်ဆင်ထားချိန် မရအောင် ဖြစ်သွားစေခဲ့၏။ ထိုလူသည် သူ လုံးဝအထင်မထားခဲ့သည့် သူတစ်ယောက်ဖြစ်ပြီး စုန့်မြို့စား တစ်ယောက်သာ ကျန်ရှိတော့သည် ကလည်းသိသာ လေသည်။
ဘယ်အဖေအရင်းက ကိုယ့်ရဲ့သား နှစ်ယောက်ကို လဲပစ်ပြီး တစ်ယောက်ကို အိမ်တော်ကနေ ထုတ်ပယ်ပါ့မလဲ။
စုန့်ယန့်သည် နှုတ်ခမ်းတောင့်ကို အနည်းငယ် လှုပ်ယမ်းလိုက်သော်ငြားလည်း အပြုံးတစ်ချက်ကတော့ မဖန်တီးနိုင်ခဲ့ ချေ။
"သူပဲ"
"ဘာလို့လဲ" အားချန်မှာ နားမလည်နိုင်အောင် ဖြစ်သွားတော့၏။ စုန့်မြို့စားကြီး ကိုယ်တိုင် ပြောခဲ့သည့် ထိုစကားများကို ကြားခဲ့ရသော စုန့်ယန့် ကိုယ်တိုင်ကပင် နားမလည်နိုင်တော့ချေ။
လူသားတွေက ကိုယ့်ရဲ့သားသမီး မျိုးဆက်တွေကို အလေးအနက်ထားဆုံးလို့ ပြောကြတာပဲ မဟုတ်ဘူးလား။ စုန့်ယွိက ဘယ်နေရာမှာ လုံလောက်အောင် မကောင်းလို့လဲ။
စုန့်ယန့်သည် မီးပုံး၏ အလင်းရောင် မကျရောက်နိုင်သည့် အမှောင်ထုရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ သူသည် ထိုကြွက်တစ်ကောင်ကို အမှီပြုပြီး စုန့်မြို့စား အိမ်တော်အတွင်း၌ မြင်တွေ့ကြားသိ ခဲ့ရသည့်အရာအားလုံးကို ပြန်လည် တွေးတောမိလေသည်။
စုန့်ရှီးသည် မြို့စားအိမ်တော်သို့ပြန်လည် ရောက်ရှိလာချိန်တွင် စုန့်မြို့စားကြီးက ကိုယ်တိုင်တံခါးဝသို့ သွားရောက် ကြိုဆိုခဲ့ပြီး သားအဖနှစ်ယောက်သည် အလယ်တွင် စုန့်ယွိ၏ သေဆုံးမှုတစ်ခု ဖြစ်လာသောကြောင့် လုံးဝစိမ်းကားသွားခြင်း မရှိခဲ့ချေ။
စုန့်မြို့စားကြီးက စုန့်ရှီးကို သူ့စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ စုန့်မြို့စားသည် ပန်းချီကို နှစ်သက်သူတစ်ဦးဖြစ်ပြီး စာကြည့်ခန်း ထဲတွင်လည်း နာမည်ကြီး ပန်းချီကားပေါင်းများစွာ ချိတ်ဆွဲထားလေသည်။
ယခင်အချိန်သာ ဖြစ်ခဲ့လျှင်တော့ စုန့်ယန့်သည် ထိုအရာကို မြင်တွေ့ခဲ့လျှင် သေချာပေါက် ကိုယ့်ဟာကိုယ် မထိန်းနိုင်အောင် ဝမ်းမြောက်မိမည် ဖြစ်သော်ငြားလည်း ထိုအချိန်က သူ့အာရုံအားလုံးက စုန့်မြို့စား သားအဖအပေါ်တွင်သာ ရှိနေတော့သည်။
စုန့်မြို့စားကြီးက စုန့်ရှီးကို ပြောပြနေသည်ကို ကြားခဲ့ရ၏။ စုန့်ရှီးက မိမိသဘောအတိုင်း ပြုမှုကာ စုန့်ချန်လျန်၏ မွေးစားသားကို စုန့်ယွိအား သွားသတ်ခိုင်ခြင်း မရှိခဲ့လျှင် ယနေ့ကိစ္စ ဖြစ်ပွားလာမည် မဟုတ်ကြောင်း ပြောပြနေသည်။ ကံကောင်းထောက်မစွာ စုန့်ချန်လျန်က အပြစ်ကို မိမိသဘောအတိုင်း ခံယူခဲ့သဖြင့် ကိစ္စကိုပိုပြီး ဆိုးရွားမသွားစေခဲ့ခြင်းသာ ဖြစ်၏။
ထိုနောက်တွင်တော့ စုန့်ရှီးက အမှားကိုဝန်ခံခဲ့ပြီး ဒီကိစ္စအားလုံးသည် သူ့အမှားသာ ဖြစ်ကြောင်း၊ သူသည် အစတုန်းက မိမိ၏ မျိုးရိုးဇစ်မြစ်ကို ရုတ်တရက် သိရှိသွားခဲ့ပြီး အခိုက်အတန့် လက်မခံနိုင် ဖြစ်ခဲ့ရပြီး စုန့်မြို့စားကြီးက ဒီကိစ္စ သိရှိသွားမည်ကိုလည်း ကြောက်ရွံခဲ့လေသည်။ မူလက သူနှင့်သက်ဆိုင်သည့် ဂုဏ်ပုဒ်နှင့်နေရာကို စုန့်ယွိအား ပြန်ပေးရမည်ကို စိုးရိမ်ခဲ့သဖြင့် အမှားကျူးလွန် ခဲ့မိကြောင်း ပြောပြလေသည်။
သားဖြစ်သူ၏ စကားများကို ကြားရသည်တွင် စုန့်မြို့စားကြီးသည် ထိုအကြောင်းအရာကြောင့် စိုးစဥ်းမျှ လှုပ်ရှားသွားခြင်းပင် မရှိပေ။
ထိုအချိန်ကတော့ စုန့်ယန်သည် ဒီသားအဖနှစ်ဦးက ဟန်ဆောင်ကောင်းပြီး သွေးအေးလွန်း လှသည်ဟုသာ ခံစားမိလေသည်။ စုန့်ရှီး၏ ပါးစပ်ထဲက ပေါ့ပေါ့တန်တန် ပြောဆိုလိုက်သည့် အမှားကိစ္စက သူ၏ဂုဏ်ပုဒ်ကို အစားထိုးခံခဲ့ရသည့် ညီအစ်ကိုအရင်းကို လူလွတ်ကာ သတ်ဖြတ်ခြင်း ဖြစ်စေတော့၏။
စုန့်မြို့စားကြီးသည် တရားဝင်သားက သားငယ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း သိခဲ့သော်ငြား ဝမ်းနည်းပူဆွေးသည့် အမူအရာ စိုးစဥ်းမျှ မပြသခဲ့ချေ။
သူသည် ဒီအသားအဖ နှစ်ယောက်၏ ရုပ်ဆိုးအကြီးတန်သည် မျက်နှာများကို ကိုယ်တိုင် တွေ့မြင်လိုက်ရခြင်းက သူ့ကို လုံလောက်စွာ ရွံရှာအော့နှလုံးနာ စေသည်ဟု ထင်မှတ်ခဲ့သော်ငြား ဒီကိစ္စက ဒီမျှနှင့် ပြီးဆုံးသွားခြင်း မရှိသည်ကိုတော့ မထင်မှတ်ထားမိခဲ့ချေ။
စုန့်မြို့စားကြီးက စုန့်ရှီးကို ပြောပြခဲ့လေသည်။ "အဖေဖြစ်တဲ့ ငါက ဒီနှစ်တွေမှာ နေရာတိုင်း မင်းကိုပဲ ဦးစားပေးခဲ့တယ်။ အဖေက မင်းကို စွန့်လွတ်ပြီး စွန့်ပစ်ထားတဲ့ ကလေးတစ်ယောက်ကို ရွေးချယ်လိမ့်မယ်လို့ မင်းက ဘာလို့ထင်နေရတာလဲ"
စုန့်ရှီးသည် အလွန်အံ့သြသွားပြီး စွန့်ပစ်ထားတဲ့ကလေး ဟူသည့်အဓိပ္ပာယ်ကို မေးမြန်းလေတော့သည်။
ဒီအချိန်ရောက်မှ စုန့်မြို့စားကြီးက နောက်ဆုံးတော့ အမှန်တရားကို ထုတ်ဖော် ပြောကြားခဲ့တော့၏။ သူ့ဘေးနားတွင် မွေးမြူထားသော သားဖြစ်သူပင် မသိရှိသည့် အမှန်တရား တစ်ခုဖြစ်နေတော့သည်။
သူက စုန့်ယွိနှင့် စုန်းရှီးတို့ မွေးဖွားခဲ့သည့်နေ့ကစပြီး စုန့်မြို့စားအိမ်တော်၏ ဆက်ခံသူကို ရွေးချယ်ခဲ့ပြီးသား ဖြစ်နေခဲ့သည့် အကြောင်း ထိုလူသည် စုန့်ရှီးသာ ဖြစ်သည့်အကြောင်း စုန့်ရှီး တစ်ဦးတည်းသာ ဖြစ်လိမ့်မည့်အကြောင်း ပြောပြလေသည်။
အစကတည်းက မှားယွင်းပွေ့ချီခဲ့ခြင်း မရှိသလို လက်အောက်ငယ်သား၏ မိမိသဘောအတိုင်း ပြုမူခဲ့ခြင်းလည်း မဟုတ်ပေ။ ထိုအရာအားလုံးက စုန့်မြို့စားကြီး၏ ဆုံးဖြတ်ချက်သာ ဖြစ်လေတော့သည်။
နောက်ပိုင်းတွင် သားအဖနှစ်ဦးသည် စကားအများကြီး ထပ်မံပြောဆိုခဲ့ကြပြီး စုန့်ယန့် အစကတည်းက ကြားသိခဲ့ရသည့် အမှန်တရား၏ အစိတ်အပိုင်း ငယ်လေးသည် နောက်ဆုံးတော့ အားလုံး ပေါင်းစပ်မိသွားလေတော့သည်။
လူတစ်ယောက်သည် မည်မျှ ရက်စက်နိုင်ပါသနည်း။ စုန့်ယန့်သည် ကျိကျိုးမှ ရှန့်ကျင်းသို့ တလျှောက်လုံးလာခဲ့ရာတွင် မကောင်းမှု ဒုစရိုက်များစွာ ပြုလုပ်သည့် လူပေါင်းများစွာကိုလည်း တွေ့မြင်ခဲ့ဖူးလေသည်။ ရိုင်းစိုင်းကြမ်းတမ်းသည့် မျက်နှာများမှာ ရုပ်ဆိုးအကျည်းတန် ကြသော်လည်း မည်သူတစ်ဦး တစ်ယောက်ကမှ စုန့်မြို့စားကြီးကို မယှဉ်နိုင်ခဲ့ချေ။
ထိုခဏတွင် စုန့်ယန့်သည် ဒီလောကတွင်သူ့ကို ရွံရှာ အော့နှလုံးအနာဆုံး ဖြစ်ရစေသည့် လူကို တွေ့မြင်ခဲ့ရလေသည်။ သို့သော်ငြား ထိုလူကတော့ သူ ပြုလုပ်ခဲ့သည့် အရာအားလုံးမှာ မျိုးနွယ်စု ကြီးပွားစည်ပင်ဖို့အတွက် ဖြစ်သည်ဟု ကြီးကျယ်ခမ်းနားသည့် စကားလုံးများကို ဆိုနိုင်စွမ်း ရှိနေသေးလေသည်။
စုန့်ယွိ မွေးဖွားလာကတည်းက လှဲလှယ်ခံခဲ့ရခြင်းသည် စုန့်မြို့စားကြီး၏ အမိန့်ကြောင့် ဖြစ်နေတော့၏။
စုန့်ယွိ ဒီနှစ်များအတွင်း စာမေးပွဲ အကြိမ်ကြိမ် ကျရှုံးခြင်းကလည်း စုန့်မြို့စားကြီး၏ ညွှန်ကြားချက်ကြောင့်ပင်။
စုန့်မြို့စားကြီးသည် ဒီသားကို မလိုအပ်သော်လည်း စုန့်ယွိကို အမြဲတစေ အာရုံစိုက်ရန် မမေ့လျော့ခဲ့ချေ။ သူ့ကိုထင်ပေါ် ကျော်ကြားခွင့် မပေးခဲ့သလို သူ့ကိုရှန့်ကျင်းတွင် ပေါ်လာရန်လည်း အခွင့်အရေးမပေးခဲ့ ချေ။
သူသည် စုန့်ယွိ အပေါ်ထားရှိသည့် တစ်ခုတည်းသော ဖခင်၏ ချစ်ခြင်းမေတ္တာမှာ စုန့်ယွိ၏ အသက်ကိုချမ်းသာပေးခြင်း တစ်ခုသာဖြစ်တန်ရာ၏။ သို့သော်ငြား ထိုမစို့မပို့ ဖခင်မေတ္တာသည် သူ့စိတ်ထဲက စုန့်ရှီး၏ အရေးပါမှုလောက်ပင် မတည်တံ့နိုင်ခဲ့ချေ။
စုန့်ယန့်၏ အတွေးများသည် သူ၏ လက်တစ်လောက အတိတ်မှတ်ဉာဏ်ထဲတွင် နစ်မြုပ်နေခဲ့ပြီး သတိပြန်ဝင်လာဖို့ရန် အချိန်ခဏလောက် ယူလိုက်ရလေသည်။
သူက အားချန်ကို ပြောလိုက်၏။ “စုန့်မြို့စားကြီးက စုန့်ရှီးကို သူလုပ်ခဲ့တဲ့ အရာအားလုံးက မျိုးနွယ်စု အတွက်ပဲလို့ ပြောတယ်။ စုန့်ရှီးက မွေးမွေးချင်းမှာပဲ အရိုးအကြော အလွန်ကောင်းတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး စုန့်ယွိကတော့ သွေးကြောတွေ ပိတ်နေလို့ ကျင့်ကြံလို့ မရဘူးတဲ့။ ဒါကြောင့် သူက သဘောအတိုင်းဆုံးဖြတ်ပြီး သားနှစ်ယောက်ကို လဲလှယ်ပစ်ခဲ့တာတဲ့"
"ဘာဖြစ်လို့လဲဆိုတော့ စုန့်မြို့စား အိမ်တော်ရဲ့ ဆက်ခံသူက ကျင့်ကြံလို့မရတဲ့ အသုံးမကျတဲ့သူ တစ်ယောက် ဖြစ်လို့မရဘူးတဲ့လေ"
အားချန်ကလည်း မေးလိုက်၏။ "ဒါဆိုရင် ဘာဖြစ်လို့ စုန့်ယွိကို ထုတ်ပယ်ပစ်ရတာလဲ။ စုန့်မြို့စားအိမ်တော်မှာ သားနှစ်ယောက်ကို မမွေးနိုင်လို့လား"
စုန့်ယန့်ကတော့ နှုတ်ပိတ်သွားတော့၏။ သူလည်း ထိုအကြောင်းအရင်းကိုတော့ မသိနိုင်ပေ။
ထိုအချိန်တွင် ချန်ဟွေ့က ဖွင့်ပြောလိုက်လေသည်။ "ဘာဖြစ်လို့လဲဆိုတော့ ယုတ်ညံ့လို့ပဲပေါ့"
သူမက သူတို့နှစ်ယောက်ကို ပြောပြလိုက်တော့သည်။ "စုန့်မြို့စားက စုန့်ယွိ အပေါ်မှာ မတရားတာတွေ လုပ်ခဲ့တာလေ။ သူ့ကို သူမျက်စိရှေ့မှာ ထားဖို့ဘယ်လိုလုပ်ပြီး ဆန္ဒရှိမှာလဲ။ သူက ဒီသားကို ဘယ်တော့မှ မတွေ့ချင်တော့ဘူးလို့ မျှော်လင့်နေမှာပေါ့။ ဒါမှ သူက အရင်တုန်းက ဘယ်လို ယုတ်ညံ့တဲ့ ကိစ္စတွေ လုပ်ခဲ့ဖူးလဲဆိုတာကို ပြန်သတိမရ နိုင်တော့မှာလေ"
အားချန်သည် မိမိအနေဖြင့် လူသားများကို ဘယ်သောအခါမှ အပြည့်အဝ နားလည်နိုင်တော့မည် မဟုတ်ဟုသာ ခံစားမိလေတော့သည်။ မည်သို့ဆိုစေ သူမကတော့ စုန့်မြို့စားကြီး၏ လုပ်ရပ်ကို နားမလည်နိုင်တော့ချေ။
ယခင်က အပြစ်ကိုထွက်ဆို ဝန်ခံခဲ့သည့် ထိုလူသည်လည်း ဒီအကြောင်းပြချက်ကိုပင် အသုံးပြုခဲ့လေသည်။ သူမက ထိုအကြောင်းကို ကြားပြီးနောက်တွင် လုံးဝကို ယုတ္တိမဲ့လေခြင်းဟုသာ ခံစားမိသော်ငြားလည်း ယခုအခါ အမှန်တရားက စုန့်မြို့စားကြီး၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ပြီး ထိုစကားများက အမှန်တရားပင် ဖြစ်နေလေတော့သည်။
စုန့်ယန့်က ပြောလိုက်တော့သည်။ "စုန့်ရှီးက စုန့်ယွိကို လူလွတ်ပြီး သတ်လိုက်ကတည်းက စုန့်မြို့စားကြီးက လူသတ်သမား ဘယ်သူလဲဆိုတာကို သိနေပြီးသား။ နောက်ပိုင်း စုန့်ရှီးအစား အဆုံးသတ် ပေးခဲ့တဲ့လူတွေ အားလုံးကလည်း သူလွှတ်လိုက်တဲ့ လူတွေချည်းပဲ"
စုန့်ယန့်သည် ဒီနေရာသို့ ရောက်လာသည်တွင် ဆက်ပြီးမပြောနိုင်တော့ပေ။
သူသည် ရုတ်တရက် ကံကောင်းသည်ဟု ခံစားလိုက်မိလေသည်။ စုန့်ယွိသည် မသေဆုံးမီ အချိန်အထိ သူ့ဖခင်အရင်းက ဒီလိုလူစားမျိုး ဖြစ်သည်ကို မသိရှိသွားခဲ့ချေ။
"ဒါက ရှင် မကျေမနပ် ဖြစ်နေရတဲ့ အကြောင်းအရင်လား" အားချန်က ရုတ်တရက် ထုတ်မေးလိုက်၏။
"ဟုတ်တယ်။ ကျွန်တော်က လူသားတစ်ယောက် မဟုတ်ရင်တောင်မှ ဒီကိစ္စက တကယ်တော့ ကျွန်တော်နှင့် မဆိုင်ဘူးဆိုရင်တောင်မှ ကျွန်တော်ကတော့ လက်မခံနိုင်ဘူး။ ကျွန်တော့်ကို နိုးထစေခဲ့တဲ့လူက တကယ်ကို ထွန်းလင်းတောက်ပတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်သင့်တာ။ ဒါပေမဲ့ ဒီလိုအရှက်မရှိတဲ့ လူနှစ်ယောက်ရဲ့ လက်ထဲမှာ ဖျက်ဆီးခံလိုက်ရတယ်။ သူတို့က သူ့ရဲ့သွေးသားရင်းချာ တွေတောင်ဖြစ်နေသေးတယ်"
စုန့်ယန့်သည် သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်လိုက်ကာ စကားပြောသည့် လေသံကလည်း တဖြည်းဖြည်း တိုးဝင်သွားတော့သည်။ "ကံဆိုးချင်တော့ ကျွန်တော်က လုံးဝကို အသုံးမကျတာပဲ။ ကြွက်တစ်ကောင်ကို ထိန်းချုပ်လိုက်ရုံနဲ့တင် ကျွန်တော်ကို ပြန်ပြီးတော့ ထိခိုက်ခံလိုက်ရတယ်။ ကျွန်တော်က စုန့်ယွိ နဲ့အတူသွားပြီး အဖော်ပြုပေး သင့်ပြီ ထင်ပါတယ် ... ကံမကောင်းတာကတော့ သူ့အတွက် တရားမျှတမှုကို မတောင်းဆို ပေးနိုင်ခဲ့တာပဲ"
"ရှင်ကဘယ်လို တရားမျှတမှုမျိုးကို လိုချင်တာလဲ" အားချန်က မေးလိုက်၏။
သူမ၏မျက်စိရှေ့က မော့လင်းသည် စုန့်ယွိ ကြောင့် မွေးဖွားလာခဲ့ပြီး သူ၏ အလျင်လိုပြီး တိုတောင်းလှသည့် ဘဝသည် မစရသေးခင်မှာပင် အဆုံးသတ် သွားရပေတော့မည်။
အသက်ရှင်နေသည့် ကာလအတွင်းမှာပင် သူသည် စုန့်ယွိ အတွက်သာ အသက်ရှင် နေထိုင်လာခဲ့ခြင်းဖြစ်၏။
ဝမ်းနည်းခြင်း မဟုတ်သော်ငြားလည်း သူမကို နှမြောတသ ဖြစ်ရသလို ခံစားမိစေလေသည်။
စုန့်ယန့်က အားချန်၏ မေးခွန်းကြောင့် မှင်သက်အံ့သြသွားခဲ့၏။ "ဘယ်လို တရားမျှတမှုမျိုးလဲ"
စုန့်ယန်သည် အချိန်အကြာကြီး သေသေချာချာလေး စဉ်းစားလိုက်လေသည်။ သူ တစ်ချိန်က လိုက်လံရှာဖွေခဲ့သည့် တရားမျှတမှုသည် စုန့်ယွိ ရှာဖွေနေခဲ့သည့် တရားမျှတမှုသာ ဖြစ်တော့၏။
သို့သော်ငြား စုန့်ယွိသည် အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သော်ငြား သူ ရှာဖွေလိုသည့် တရားမျှတမှုကိုလည်း ဘယ်တော့မှ ရမသွားခဲ့ချေ။
စုန့်ယန့်က တိုးညှင်းစွာ ရေရွတ်လိုက်၏။ "မိန်းကလေးကျိ လူသတ်ခဲ့ရင် အသက်ပြန်ပေးရမှာ မဟုတ်ဘူးလား"
"ဟုတ်တာပေါ့။ ဒီလောကမှာ အမျှတဆုံးအရာက လူသတ်ရင် ကိုယ့်အသက်ကို ပြန်ပေးဆပ်ရမယ် ဆိုတဲ့ဒီစကားပဲ" အားချန်၏ ကြည်လင်နေသည့် မျက်လုံးများသည် စုန့်ယန့် ပေါ်သို့ အချိန်ကြာမြင့်စွာ ကျရောက်ခဲ့ပြီးနောက် နောက်ဆုံးတော့ ပြောလိုက်တော့သည်။ "ကျွန်မက ရှင့်ကို ရှင့်ကိုယ်ပိုင်မဟုတ်တဲ့ စွမ်းအားတချို့ကို ခဏလောက် ပိုင်ဆိုင်သွားအောင် လုပ်ပေးနိုင်လောက်တယ်။ အဲဒီအချိန်ကျရင် ရှင်က ဒီခန္ဓာကိုယ်ကနေ ထွက်ပြီး ရှင်လုပ်ချင်တဲ့ ကိစ္စကို သွားလုပ်လို့ရတယ်။ ရှင် စမ်းကြည့်ချင်လား"
"လုပ်ရမှာပေါ့" စုန့်ယန့်သည် တွေဝေမနေဘဲ ပြန်ဖြေလိုက်လေသည်။
"ဒါပေမဲ့ ရှင် ဒီအစွမ်းကို ငှားသုံးပြီးသွားရင် ဖြစ်နိုင်တာက ..." စကားတစ်ဝက်သို့ ရောက်လာသည်တွင် အားချန်သည် ရုတ်တရက် ရပ်တန့်ထားလိုက်၏။
"ရှင်က အစကတည်းကလည်း အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ သလိုပါပဲ"
အပြုံးတစ်ခုသည် စုန့်ယန့်၏ မျက်နှာပေါ်တွင် ဖြစ်တည်လာတော့သည်။ "ဒါကြောင့် ဘယ်လို ပေးဆပ်မှုမျိုးကိုပဲ ပေးဆပ်ရပါစေ။ ကျွန်တော့်အတွက်တော့ အမြတ်ပဲလေ။ ကျွန်တော်ရဲ့ ကံတရားကလည်း တကယ်ကောင်းလွန်းပါတယ်။ ပထမဆုံး လူကြီးမင်းဝမ်နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီနောက်မှာတော့ မင်းနဲ့ ထပ်တွေ့ခဲ့တယ်"
"လူကြီးမင်းဝမ်က ရှင့်ကို ကူညီခဲ့ဖူးလို့လား" အားချန်ကလည်း သိလိုစိတ်ဖြင့် မေးလိုက်လေသည်။
စုန့်ယန့်က ခေါင်းငြိမ့်ပြလာ၏။ "စုန့်ယွိလိုပဲ သူကလည်း ရှားပါးပြီး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ကျွန်တော် သူနဲ့ ထိတွေ့ဆက်ဆံ ခဲ့ပြီးတဲ့နောက်မှာ အများကြီး ကောင်းမွန်လာခဲ့တယ်။ တကယ်လို့ ကျွန်တော်သာ သူနဲ့မတွေ့ခဲ့ဘူးဆိုရင် ဒီလောက် အချိန်အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်လောက်ဘူး"
"ဒီတော့ လူကြီးမင်းဝမ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရှင်က သူ့ကို စစ်တုရင်ပွဲတွေ ဆက်တိုက်ရှုံးအောင် လုပ်ခဲ့တာပေါ့" အားချန်ကလည်း နောက်ပြောင်ကျီစယ်လိုက်၏။
စုန့်ယန့်၏ နှုတ်ခမ်းထောင့်လေးများက ကွေးတတ်သွားတော့သည်။ "လူကြီးမင်းဝမ်ကလည်း စိတ်ထဲမှာ ထားမှာမဟုတ်ပါဘူး။ ကံဆိုးတာကတော့ စုန့်ယွိ မရှိတော့တာပဲ။ တကယ်လို့ လူကြီးမင်းဝမ်ကသာ သူနဲ့တွေ့ခဲ့မယ်ဆိုရင် အခင်မင်ဆုံး မိတ်ဆွေအဖြစ် သတ်မှတ်လိုက်မှာသေချာတယ်"
အားချန်သည် စုန့်ယန့်ကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။ "လူကြီးမင်းဝမ်ကလည်း ရှင့်ကိုအခင်မင်ဆုံး မိတ်ဆွေအဖြစ် သတ်မှတ်ပါတယ်"
စုန့်ယန့်သည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ချက်ချင်းပင် အပြုံးတစ်ခုကို ဖန်တီးလိုက်တော့၏။
"ရှင် နေထိုင်တဲ့ မှင်သွေးကျောက် ရှိသေးလား" အားချန်က တစ်ဖန် ထပ်မေးလိုက်သည်။
"ကျွန်တော့်အိမ်မှာ ရှိတယ်။ မင်း သုံးမလို့လား"
"ဟုတ်တယ်" အားချန်က ခေါင်းငြိမ့်ပြလိုက်သည်။
"မနက်ဖြန်မနက်ကျရင် ရှင်နှင့်အတူ ဟွေ့ညန်ကို ခေါ်ပြီးတော့ အဲဒီမှင်သွေးကျောက်ကို သွားယူလာခဲ့။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတော့ ရှင် ကျွန်မအိမ်မှာ နေရဦးမယ်"
"မိန်းကလေးကျိကို အနှောင့်အယှက် မဖြစ်ရင်ပြီးတာပါပဲ"
"အနှောင့်အယှက် မဖြစ်ပါဘူး"
ထိုနေ့ညတွင် စုန့်ယန့်သည် အားချန်၏ အိမ်တွင် တည်းခိုခဲ့လေသည်။
ညဉ့်နက်လာပြီးနောက်တွင် ရှန့်ကျင်းသည်လည်း တည်ငြိမ်ခြင်း မရှိခဲ့ချေ။ တချို့သူများသည် အိမ်ထဲတွင် ဘိုးဘေးများ၏ ဝိညာဉ်များကို ခေါ်ယူခဲ့ရာ ရလဒ်အနေဖြင့် မိစ္ဆာများပူးကပ်စေခဲ့ပြီး လူအနည်းငယ်ကို ဆက်တိုက်သတ်ဖြတ်ခဲ့ရာ နောက်ဆုံးတွင်တော့ မင်ကျင့်စီးအစောင့်များ၏ တိုက်ခိုက်ခြင်းကြောင့် ဝိညာဉ်များ လွင့်ပြယ်ခဲ့ရလေသည်။
တချို့သူများကလည်း သရဲတစ္ဆေများကိုအသုံးချကာ ကလဲ့စားချေလိုသဖြင့် အစီအရင်တစ်ခုကို ခင်ကျင်းကာ တစ္ဆေပေါင်းတစ်ရာကို ဆင့်ခေါ်ချင်ခဲ့လေသည်။ ရလဒ်အနေဖြင့် အစီအရင်ကိုပင် သေသေချာချာလေး မခင်းကျင်းရသေးခင်မှာပင် မင်ကျင့်စီး၏ တံခါးဖျက် ဝင်ရောက်ခြင်း ခံခဲ့ရပြီး နောက်ဆုံးတွင်တော့ တမိသားစုလုံး ဖမ်းဆီးခံခဲ့ရ၏။
လူ့လောကကြီးထဲက အမျိုးမျိုးသော နယ်ပယ်ကဏ္ဍအားလုံးကို နားလည်ဖို့ရန် အားချန်အတွက်တော့ ခက်ခဲနေဟန် တူလောက်သည်။ ညသန်းခေါင်ယံအချိန်ရောက်မှ ယခုလေးတင် ကျော်လွန်သွားပြီဖြစ်သည့် ယခုနှစ်၏ ကျုံးယွမ် ပွဲတော်သည် အန္တရာယ်ကင်းရုံလေးနှင့် ပြီးစီးသွားလေတော့၏။ တနေ့လုံး အလုပ်များနေခဲ့သည့် မင်ကျင့်စီး အစောင့်များသည်လည်း အသုတ်လိုက် ရုံးတော်ဆီသို့ ပြန်သွားကြပြီဖြစ်သည်။
ပိုင်ရှိုးမင်သည် မြင်းစီးကာ အားချန်၏ အိမ်တံခါးဝကို ဖြတ်သန်းလာခဲ့ချိန်တွင် အိမ်တံခါးဝတွင် ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်အသစ်ကို တစ်ချက်လောက် လှည့်ကြည့်လိုက်မိသည်။
ကျန်းခိုင်က သူ့အထက်လူကြီး၏ အကြည့်နောက်သို့ လိုက်ပါကြည့်လိုက်လေသည်။ "လူကြီးမင်း ဘာကိုကြည့်တာလဲ"
"လက်ရေးက မဆိုးဘူး"
"ခင်ဗျာ"
ပိုင်ရှိုးမင်ကတော့ သူ့ကိုဂရုမစိုက်ဘဲ မြင်းကိုဆက်လက် မောင်းနှင်သွားလေတော့သည်။
ကျန်းခိုင် တစ်ယောက်ကတော့ ခေါင်းကုတ်ကာသာ နောက်မှ လိုက်ပါလေတော့သည်။
ထိုနေ့ညတွင် အားချန်သည် နှစ်ခြိုက်စွာ အိပ်စက်နိုင်ခဲ့လေသည်။
နောက်တစ်နေ့ နိုးလာချိန်တွင်တော့ ချန်ဟွေ့ နှင့် စုန့်ယန့် တို့သည် ပစ္စည်းများကို သယ်ကာ ပြန်ရောက်လာခဲ့ပြီဖြစ်၏။ သူနေထိုင်ခဲ့သည့် မှင်တုံးအပြင် စုန့်ယွိ သုံးနေကျဖြစ်သည့် စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်သွေးတုံး၊ နေ့စဉ်အသုံးအဆောင် ပစ္စည်းများလည်း ပါလာခဲ့သည်။
အားချန်သည် မနက်စာ စားပြီးသွားသောအခါ သူမက စုန့်ယန့် ယူလာခဲ့သည့်သေတ္တာကို ဖွင့်ကြည့်လိုက်၏။ အထဲတွင်တော့ သာမန် အသွင်အပြင်လေးနှင့် မှင်သွေးတုံး တစ်တုံးရှိနေလေသည်။
သို့သော်ငြား သေသေချာချာလေး ကြည့်လိုက်မယ်ဆိုပါက မှင်သွေးကျောက် အပေါ်တွင် သေးငယ်သည့် အက်ကြောင်းများ ပေါ်နေပြီဖြစ်သည်ကို တွေ့ရှိနိုင်ပေမည်။ အကယ်၍ မှင်သွေးကျောက်သာ ကွဲကြေ သွားပါက စာန့်ယန့်သည် လောကကြီးထဲက အပြီးတိုင် ပျောက်ကွယ်သွားပေတော့မည်။
စုန့်ယန့်သည် အားချန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး အားချန်က မှင်သွေးတုံးကို မြှောက်ကာ ဟိုလှန်ဒီလှန် စစ်ဆေးကြည့်ရှု နေသည်ကို စိုးရိမ်နေပုံမရချေ။ ထိုအစား သူက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။ "မိန်းကလေးကျိက ဘယ်လိုလုပ်မှာလဲ။ ဒါမှကျွန်တော်ကလည်း ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ စွမ်းအားကို ဘယ်လိုရရှိနိုင်မှာလဲ"
အားချန်က မှင်သွေးတုံးကို သေတ္တာထဲသို့ ပြန်ထည့်ထားလိုက်ပြီး သူ့ကိုမေးလိုက်လေသည်။ "ရှင် တောင်စောင့်နတ်ကို သိလား"
"ကြားဖူးပါတယ်။ နတ်ဆိုတဲ့နာမည် တပ်ထားပေမယ့် သူတို့က တောတောင်ထဲက မိစ္ဆာတချို့ ဖြစ်လောက်တယ်။ သူတို့က လူသားတွေအပေါ်မှာ ဖော်ရွေကြပြီး နောက်ပိုင်းမှာမှ လူသားတွေရဲ့ပူဇော်ပသတာကို ခံခဲ့ရတာ"
အားချန်ကလည်း ခေါင်းငြိမ့်ပြလိုက်ကာ "အမွှေးတိုင်မီးခိုးတွေရဲ့ ပူဇော်ပသမှုက အံ့ဩစရာကောင်းတဲ့ စွမ်းအားတွေကို ယူဆောင်လာပေးနိုင်တယ်။ ဒါပေမဲ့ဒီအစွမ်းက အပြင်လောက ကနေလာတာ။ တကယ်လို့ ပူဇော်ပသတာ ဆုံးရှုံးသွားရင် စွမ်းအားကလည်း တဖြည်းဖြည်း အားနည်းသွားလိမ့်မယ်။ ကျွန်မ ရှင့်ကို လုပ်ပေးချင်တာကလည်း ဒီလိုပုံစံမျိုးပဲ"
"ဒါပေမဲ့ လူတစ်ယောက်တည်း ပူဇော်ပသတာကတော့ လုံလောက်မှာ မဟုတ်ဘူး ထင်တယ်"
"ဒါပေါ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကျွန်မက နည်းလမ်းသေးသေးလေးတွေ သုံးပြီး တခြားကနေ စွမ်းအားနည်းနည်းလောက် ခိုးယူပြီး ရှင့်ကိုယ်ထဲမှာထည့်ပေးမှာ"
"တခြားနေရာက ဆိုတာက ?"
အားချန်တစ်ယောက်သည် အလွန်အန္တရာယ်များသည့် ကိစ္စတခုကို လုပ်နေသည်ဟုပင် စုန့်ယန့်သည် အမြဲတမ်း ခံစားနေရတော့သည်။
"ကျွန်မရဲ့ဘိုးဘေးတွေကို ပြောချင်တာပါ" အားချန်ကလည်း ညစ်ကျယ်ကျယ်လေး ပြုံးလိုက်၏။ "မနေ့ကမှ ကျွန်မဘိုးဘေးတွေကို ပူဇော်ပသပြီးခါစပဲ ရှိသေးတယ်လေ။ ကျွန်မတို့တွေ တစ်ဖက်သတ် ဆက်သွယ်ခဲ့ကြတာ အရမ်းကို ပျော်စရာကောင်းခဲ့တာ။ သူတို့က ကျွန်မရဲ့ ဒီအသေးအဖွဲ အကူအညီကို ကူညီပေးဖို့ ဆန္ဒရှိကြမှာပါ"
ဘိုးဘေးတွေက ပါးစပ်ဖွင့်ပြီး စကားမပြောနိုင်ပေမယ့် ငါကတော့ တစ်နေ့လုံး အမွှေးတိုင် မီးရှို့ပေးခဲ့တာလေ။ ဘိုးဘေးတွေကလည်း ငါက ဒီလောက်သိတတ်လိမ္မာတဲ့ အချက်ကို ကြည့်ပြီးတော့ ဒီလောက်ကပ်စေးနှဲ နေမှာ မဟုတ်လောက်ပါဘူးလေ။ ဟုတ်တယ်မလား။
စုန့်ယန့်သည် သူမ၏ဘိုးဘေးများက ဒီလောက် ရက်ရောလိမ့်မည်မဟုတ်ဟု ထင်မြင်မိသော်ငြားလည်း အားချန်ကတော့ အလွန်ယုံကြည်မှု ရှိဟန်တူနေသဖြင့် ထိုအချက်ကပင် သူ့ကိုပိုပြီး သိလိုစိတ်များ ပြင်းပြလာစေတော့သည်။
...