← Chapters

မိန်းကလေးကျိနဲ့ သိကျွမ်းခွင့်ရတဲ့အတွက် ...

Vol. 7 Ch. 70

မိန်းကလေးကျိနဲ့ သိကျွမ်းခွင့်ရတဲ့အတွက် ...

Vol. 7 Ch. 70

စားသောက်ပြီး သွားသောအခါ အားချန်သည် စုန့်ယန့်ကို အနောက်ဘက်ဥယျာဉ်သို့ ခေါ်ဆောင်လာခဲ့လေသည်။

မနေ့က ပူဇော်ပသရာတွင် သုံးသည့် ပစ္စည်းများက ရှိနေဆဲပင်။ ခြင်းထဲကပန်းများကတော့ နေရာအနှံ့ ပြန့်ကျဲနေပြီး ညိုးနွမ်းနေလေသည်။ အမွှေးတိုင်မီးဖို၏ ပတ်ပတ်လည်တွေ ပြာမှုန့်များ ထူထဲစွာ ကျရောက်နေပြီး အားချန် ရှာဖွေလာခဲ့သည့် ဘိုးဘေးများ ကဗျည်းတိုင် အစားထိုး ကျောက်တုံးသုံးတုံးကတော့ မြေပြင်ပေါ်တွင် အစိတ်စိတ် အမွှာမွှာ ကြေမွလို့နေသည်။

အားချန်က ရှေ့သို့တိုးကာ ကျောက်စတစ်ခုကို ကောက်ယူပြီး လက်ဖြင့်ပွတ်ချေ ကြည့်လိုက်သည်တွင် ထိုကျောက်စမှာ ကြေမွလွယ်ပြီး အမှုန့်များပင် ထွက်ကျလာတော့သည်။

အားချန်က သူမ၏လက်ထဲက ကျောက်မှုန့်အစကို စုန့်ယန့်ထံသို့ ကမ်းပေးလိုက်ကာ ပြောလိုက်၏။ "ဒါကဘိုးဘွားတွေနဲ့ ဆက်သွယ်တဲ့ နောက်ဆက်တွဲ ရလဒ်ပဲ။ ကျွန်မက ဟိုမှင်သွေးကျောက်ပြားကို ဘိုးဘွားတွေနဲ့ ဆက်သွယ်ဖို့ ကြားခံပစ္စည်း အဖြစ်သုံးမှာ။ တကယ်လို့ ဘိုးဘေးတွေရဲ့ အစွမ်းရောက်လာခဲ့ရင် ရှင် အရမ်းကို နာကျင်ရလိမ့်မယ်။ မခံနိုင်တော့ဘူးဆိုရင် ချက်ချင်းသေဆုံးသွားနိုင်တယ်။ ခံနိုင်ရေရှိရင်တော့ ဘိုးဘေးတွေဆီကနေ စွမ်းအင်တချို့ ခိုးယူနိုင်လိမ့်မယ်"

ဒါသည် အားချန်က ပေါ့ပေါ့ပါးပါး တွေးတောမိသည့် နည်းလမ်းတစ်ခုတော့ မဟုတ်ချေ။ သူမ ယူဆောင်လာခဲ့သည့် စာအုပ်များထဲတွင် ပြည့်စုံသော ပူဇော်ပသခြင်း အစီအစဉ် အဆင့်ဆင့်နှင့် ပူဇော်ပသခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများ အားလုံးကို မှတ်တမ်းတင်ထားလေသည်။

လှလှပပ ပူဇော်ပစ္စည်းများ ပြင်ဆင်ခြင်းကအစ ဘိုးဘွားများနှင့် ဆက်သွယ်ရန် အမွှေးတိုင် အမျိုးမျိုးကို ပြုလုပ်ခြင်းအထိ အဆင့်တိုင်းကို အလွန်အသေးစိတ် ကျစွာဖော်ပြထားလေသည်။

အခြေအနေ အမှန်တကယ် ထူးခြားသည့် အခါတွင်သာ ကျောက်တုံးကို ကြားခံအဖြစ်အသုံးပြုပြီး ဘိုးဘေးများနှင့် ဆက်သွယ်လေ့ရှိ၏။ အကြိမ်အများစုတွင်တော့ ကြားခံပစ္စည်းအများစုမှာ ဘိုးဘေးများချန်ရစ်ခဲ့သည့် ဦးခေါင်းခွံများကို ပူဇော်ပသလေ့ရှိခြင်းပင်။

မရေမတွက်နိုင်သည့် ပူဇော်ပသမှုများကို ဖြတ်သန်းလာပြီးနောက်တွင် ထိုဦးခေါင်းခွံ များသည်လည်း တန်ခိုးစွမ်းအားကြီးမားလှပြီး ဒဏ္ဍာရီလာ စုန်းလက်နက် တစ်ခုဖြစ်လာတော့သည်။

ဒီအချက်ကပင် သက်သေပြနေခြင်းပင်။ ဘိုးဘေးများက ပူဇော်ပသမှုကို လက်ခံသည့် အချိန်တိုင်းတွင် ဘိုးဘေးများနှင့် ဆက်သွယ်ရန် အသုံးပြုသည့် ဦးခေါင်းခွံသည် စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရရှိနိုင်ခြင်းဖြစ်၏။ ထိုအချက်ကသာလျှင် အားချန်က ဒီလိုပြုလုပ်ရဲသည့် အကြောင်းအရင်း ဖြစ်လေသည်။

"ကျွန်တော် နားလည်ပါပြီ။ မိန်းကလေးကျိ စိတ်တိုင်းကျသာလုပ်ပါ။ ကျရှုံးခဲ့ရင်တောင် ကျွန်တော် ဒီရလဒ်ကို လက်ခံနိုင်ပါတယ်" စုန့်ယန့်သည် အားချန်က ဒီနေရာသို့ ခေါ်လာရသည့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်သဖြင့် ဖွင့်ပြောလိုက်တော့၏။

"ဒီလိုဆိုမှတော့ ကျွန်မလည်း ပူဇော်ပွဲအတွက် သွားပြင်ဆင်တော့မယ်။ ကြိုပြင်ဆင်မှုတွေက လေးရက်လောက် ကြာနိုင်တယ်။ ဒီရက်အတွင်းမှာ စုန့်သခင်လေးလည်း လုပ်စရာရှိတာတွေ ရှိမယ်လို့ထင်တယ်"

"ဟုတ်ပါတယ်" စုန့်ယန့်ကလည်း အသာအယာ ခေါင်းငြိမ့်ပြလိုက်၏။ "တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရက်မှာ အချိန်နည်းနည်းရတော့ ကျွန်တော် မိတ်ဆွေဟောင်း တစ်ယောက်ဆီ သွားတွေ့မလို့ပါ"

အားချန်သည်လည်း စုန့်ယန်၏ ထိုမိတ်ဆွေဟောင်းက မည်သူဖြစ်သည်ကို မမေးနေတော့ဘဲ သူ့ကိုဒီအတိုင်း လွှတ်ထားလိုက်တော့သည်။

စုန့်ယန့်သည် အရင်ဆုံး မနေ့က တည်းခိုခဲ့သည့် အခန်းသို့ ပြန်သွားခဲ့ပြီး အားချန်ကတော့ ချန်ဟွေ့ နှင့်အတူ လှုဖွယ်ပစ္စည်းများကို ပြောဆိုဆွေးနွေးတော့သည်။

ပူဇော်ပသပြီးသည်မှာ မကြာသေး ချေ။ ဒုတိယအကြိမ် ထပ်မံပူဇော်ရမည် ဖြစ်သည်တွင် ပူဇော်ဖွယ်ရာပစ္စည်းများ၏ အဆင့်အတန်းကို အနည်းငယ် မြင့်တင်ရန် လိုအပ်ပေသည်။ ဘိုးဘေးများဟူသည်မှာလည်း အလုပ်ရှုပ်ခံခြင်းကို စိတ်ပျက်တတ်ကြသဖြင့် အနည်းငယ် ချော့မော့ရန် လိုအပ်သေးသည်။

သူမသည် ချန်ဟွေ့ကို တိရစ္ဆာန်သုံးမျိုး၏ ဦးခေါင်းများကို သွားရောက်မှာယူခိုင်းလိုက်၏။ ယနေ့တွင် ရာသီဥတုကလည်း ပူပြင်းနေသဖြင့် အချိန်အကြာကြီး သိုလှောင်ထားရန်လည်း မသင့်တော်ချေ။ ပူဇော်ပသသည့်နေမှာသာ သွားရောက်ယူဆောင် ရပေတော့မည်။

မည်သို့ဆိုစေ ကျုံးယွမ် ပွဲတော်ကာလမှာ ကျော်လွန်သွားပြီဖြစ်ပြီး ဒီတကြိမ် မှာယူခြင်းကလည်း အနည်းငယ်ပိုပြီး လွယ်ကူလိမ့်မည်ဟု မျှော်လင့်ရလေသည်။ ချန်ဟွေ့က မှာယူနိုင်မည့် ဆိုင်ခန်းအနည်းငယ်ကို ခဏလောက် စဉ်းစားလိုက်ပြီးနာက် ခေါင်းငြိမ့်ကာ လက်ခံလိုက်တော့၏။

ပူဇော်ဖွယ်ရာ ပစ္စည်းများအပြင် အမွှေးတိုင် အသစ်တစ်သုတ်ကိုလည်း ပြန်လည်ပြုလုပ်ရန် လိုအပ်သေးသည်။ သို့သော်ငြား ဒီတစ်ကြိမ်တွင်တော့ အချောင်းသေးလေးများ ပြုလုပ်ရန်မလိုအပ်ဘဲ အချောင်းအကြီးကြီး ပြုလုပ်နိုင်သဖြင့် ခွန်အား အမြောက်အမြား ချွေတာနိုင် ပေလိမ့်မည်။ ဘိုးဘေးများသည်လည်း ပန်းကန်လုံးဖြင့် စားသောက်ရခြင်းကို ကန့်ကွက်မည် မဟုတ်ဟုယူဆမိ၏။

သူမသည် အမွှေးတိုင်ပြုလုပ်ရန် လိုအပ်သော သစ်သားအမျိုးအစားကို အနည်းငယ် စာရင်းရေးကာ ချန်ဟွေ့ကို ပေးလိုက်ပြီး ချန်ဟွေ့ကလည်း တိရစ္ဆာန်ဦးခေါင်းများ သွားရောက်မှာယူသည့်အခါ တစ်ပါတည်း ဝင်ဝယ်လာနိုင်ပေမည်။

အားချန်ကတော့ အိမ်တွင် ပူဇော်ပသခြင်းအကကို လေ့ကျင့်ရဦးမည်။ ထိုလှုပ်ရှားမှုနှင့် ဘိုးဘေးများကို ဆင့်ခေါ်နိုင်မည့် အခွင့်အလမ်းကို မြင့်တင်ရပေမည်။ မည်သို့ဆိုစေ တစ်ဖက်လူကို ကတိပေးထားပြီးပြီ ဖြစ်သဖြင့် အမှားအယွင်းမရှိစေရန် အာမခံနိုင်မှသာ ကောင်းပေလိမ့်မည်။

အားချန်ကလည်း မိမိကိုယ်ကို အကအစွမ်းရည်တွင် ပါရမီရှိသည်ဟု ယုံကြည်လေသည်။ အကြောင်းမှာသူမသည် သိပ်မကြာခင်တုန်းက မြေခွေးမိစ္ဆာမလေးတစ်ကောင် ဖြစ်ခဲ့သည်။ မျိုးနွယ်စု၏ မွေးရာပါ ပါရမီစွမ်းရည်များ ပိုင်ဆိုင်ထားသဖြင့် မည်သည့်အရာကို ကပြသည်ဖြစ်စေ လှပနေပေလိမ့်မည်။

သို့သော်ငြား ထိုစာအုပ်ကို ရေးသားသူသည် ပန်းချီစွမ်းရည်တွင် ပါရမီသိပ်ရှိဟန်တော့ မတူချေ။ အကလှုပ်ရှားမှု ကိုးမျိုးရှိပြီး ယခင်ကအားချန်သည် ထိုအရာများကို လေးထောင့်ကွက်များနှင့် မျဥ်းဖြောင့်များဖြင့် ဖွဲ့စည်းထားသော လျှို့ဝှက်ဆန်းကျယ်သည့် အမှတ်သင်္ကေတဟုပင် အမြဲတမ်း ထင်မြင်ခဲ့ဖူး၏။

နောက်ပိုင်းတွင်တော့ သူမသည် စာအုပ်ကို အကြိမ်ဖန်များစွာ ဖတ်ရှုခဲ့ပြီးမှ ထိုအရာများက ပူဇော်ပသခြင်းအက၏ လှုပ်ရှားမှုများ ကကွက်များဖြစ်နိုင်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာတော့သည်။ သို့နှင့် ထိုအရာအားလုံးကို မှတ်သားထားလိုက်တော့၏။

ထိုသို့ စဉ်းစားမိသည်တွင် အားချန်သည် ရုတ်တရက် တန့်သွားခဲ့လေသည်။

ငါ့ အရင်က ဘယ်လိုလုပ်ပြီးတော့ သတိမထားမိခဲ့ပါလိမ့်။ ငါ့ခန္ဓာကိုယ်ကို ချည်နှောင်ထားတဲ့ သံကြိုးတွေကနေ ပြန်ဝဲထွက်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမှတ်အသားတွေကလည်း ဒီလိုပုံစံမျိုးနဲ့ပဲ တူတယ်။

အဲဒီအမှတ်အသားတွေက စုန်းကဝေ အတတ်များ ဖြစ်နေမလား။

အားချန်သည် မြန်မြန်ဆန်ဆန်ပင် သက်သေပြလို့စိတ် ဖြစ်ပေါ်လာသောငြား သူမသည် သာမန်အခြေအနေ များတွင်တော့ စိတ်အတွင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်း မရှိချေ။ အကြိမ်အနည်းငယ် ကြိုးစားသော်ငြား အောင်မြင်ခြင်းလည်း မရှိသဖြင့် သူမသည် တဖြည်းဖြည်း တည်ငြိမ်လာလေတော့သည်။

အမှန်တွင်တော့ သက်သေပြနိုင်လျှင်လည်း အသုံးဝင်မည်မဟုတ်ပေ။ သူမသည် စုန်းပညာအတတ်ကို မဖတ်တတ်ပေ။ သူမ အတည်ပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ ထိုသံကြိုးများသည် သူမ၏အမေထံက လာခြင်းဖြစ်နိုင်သည်ဟူသည့် အချက်ပင်။

သူမနှင့် သက်ဆိုင်သည့် တစ်ခုတည်းသော စုန်းမျိုးနွယ်မှာ သူမ၏ အမေသာ ဖြစ်တော့သည်။

အားချန်သည် ခြံဝင်းအတွင်းရှိ ကြိမ်ကုလားထိုင်ပေါ်တွင် အတန်ကြာအောင် ထိုင်နေမိ၏။ အနည်းဆုံးတော့ အဲဒီအမှတ်အသားတွေက သက်သေပြနိုင်တယ်။ အမေက ငါ့အပေါ်ကို ခဏလောက်တော့ အာရုံစိုက်ဖူးတယ်လို့ ပြောတာပဲ မဟုတ်လား။

ခြံဝင်းအတွင်းတွင် နေ့တဝက်လောက် ငေးငိုင်နေခဲ့ပြီးနောက် အားချန်သည် နောက်ဆုံးတော့ ကျဆင်းနေသည့် စိတ်ခံစားမှုများမှ ပြန်လည် ရုန်းထွက်လာခဲ့ပြီး ပူဇော်ပသခြင်းအကကို စတင်လေ့ကျင့်လေတော့သည်။

ထိုကကွက်များမှာ ကပြဖို့ရန် အလွန်ထူးဆန်းနေတော့သည်။ အားချန်၏ ခန္ဓာကိုယ်သည် မူလကတည်းက အားနည်းချည့်နဲ့နေသဖြင့် ခဏလောက် လေ့ကျင့်လိုက်ရုံနဲ့ပင် မောခိုက်လာခဲ့၏။ သို့သော်ငြား သူမသည် ဇွဲကောင်းကောင်းဖြင့် ဆက်ကြိုးစားရပေဦးမည်။

ကကွက်များကို ကျွမ်းကျင်အောင် လေ့ကျင့်ပြီးနောက်တွင်လည်း ကကွက်တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရအုံးမည်ဖြစ်ကာ အနည်းဆုံးတော့ ကြည့်ရှုသူအဖို့ မျက်စိပသာဒဖြစ်ရစေမည်။

သူမသည် ထပ်ခါတလဲလဲ လေ့ကျင့်နေချိန်မှာပင် စုန့်ယန့်သည် ပန်းချီကားတစ်လိပ်ကို ကိုင်ကာ တံခါးကို တွန်းဖွင့်ပြီး ထွက်လာခဲ့၏။ တံခါးဖွင့်လိုက်သည်နှင့် ထူးဆန်းသည့် လှုပ်ရှားမှုများ ပြုလုပ်နေသည့်အားချန်က တွေ့လိုက်ရသဖြင့် သူသည် ခဏလောက် တောင့်တင်းသွားပြီးမှ ရှောင်ထွက်သွားသင့်လား မသင့်လား ခဏလောက် ဝေခွဲမရနိုင်အောင် ဖြစ်သွားတော့သည်။

အားချန်ကတော့ လုံးဝဂရုမစိုက်ချေ။ သူမက လှုပ်ရှားနေသည်ကို ရပ်တန့်လိုက်ပြီးမှ စုန့်ယန့်ကို မေးလိုက်၏။ "အပြင်သွားမလို့လား"

"ဟုတ်တယ်။ အားနေတုန်းလေ ကျွန်တော် ပန်းချီကားတစ်ချပ် သွားရောင်းမလို့"

*သူဌေးရွှီ ဆီသွားမလို့လား" အပ်ချန်ကလည်း အများကြီး တွေးမနေဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

စုန့်ယန့်က ခေါင်းခါပြလိုက်၏။ "မဟုတ်ပါဘူး။ ဒီပန်းချီကားကို ကျွန်တော်ကိုယ်တိုင် သွားရောင်းမှာပါ"

"ကောင်းပါပြီ။ လမ်းမှာ ဂရုစိုက်သွားနော်" အားချန်ကို နှုတ်ဆက်ပြီးနောက်တွင် စုန့်ယန့်သည် ပန်းချီကားကိုကိုင်ဆောင်လျက် ထျန်းကျဲလမ်းမရှိရာဘက်သို့ ဦးတည်ကာ လျှောက်သွားလိုက်လေတော့သည်။

စုန့်ယန့်သည် ဝတ္ထုဇာတ်လမ်းများ ရေးသားရာမှ ပထမဆုံးရရှိခဲ့သည့် ငွေကြေးကို သတင်းတစ် ခုဝယ်ယူရန် အသုံးပြုခဲ့လေသည်။

မြို့တော်က သူဌေးကြီး စွန်းပေါ်အန်းသည် ထျန်းကျဲလမ်းမထဲတွင် စာလုံးအလှများနှင့် ပန်းချီကားများကို အထူးရောင်းဝယ်ဖောက်ကားသည့် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး သူသည် လစဉ်လတိုင်း သူ့အချိန်တစ်ဝက်ကို ဒီဆိုင်လေးထဲတွင် ကုန်ဆုံးတတ်လေသည်။

ယနေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူလည်း ရှိနေခဲ့၏။

ထျန်းကျဲလမ်းမကဲ့သို့ နေရာကောင်းတစ်ခုသည် မြေတစ်လက်မကို ရွှေတစ်ကျပ် ပေးရလောက်သည်အထိ ဆိုနိုင်ပြီး ဒီဆိုင်ခန်းလေးမှာ ကြီးမားလှသည် မဟုတ်သော်ငြား ဝင်ထွက်သွားလာသည့် ဧည့်သည်များကတော့ မနည်းလှချေ။

စုန့်ယန့်သည် ပန်းချီကားလိပ်ကို ကိုင်ဆောင်ကာ ဆိုင်အတွင်းသို့အတွင်းသို့ ဝင်ရောက်လာခဲ့၏။ ဘေးကဆိုင်ဝန်ထမ်း တစ်ဦးက သူ၏ရိုးရှင်းသည့် ဝတ်စားဆင်ယင်မှုကို မြင်လိုက်ရသဖြင့် သူသည် ကံမကောင်းသေးသည့် စာပေပညာရှင်တစ်ဦး ဖြစ်မည်ဟုတွေးထင်လိုက်ပြီး မည်သည့်နေရာမှ သူတို့ဆိုင်၏ကျော်ကြားမှုကို ကြားသိလာကာ ပန်းချီကား လာရောက်ရောင်းချသူ ဖြစ်မည်ဟု ယူဆလိုက်လေသည်။

ဒီဆိုင်ဝန်ထမ်းလေးသည် အရည်အချင်းမရှိပါဘဲ မိမိတို့၏ပန်းချီကားများကို လက်ရာကောင်းတစ်ခုသဖွယ် ထင်မှတ်နေကြသည့် တုံးအသည့် လူပေါင်းများစွာကိုလည်း တွေ့မြင်ခဲ့ဖူးသည်။ စိတ်ထဲတွင် စုန့်ယန့်၏ စာပေရနံ့မွမ်းထုံနေသည့် ပုံစံကို ကြည့်ကာ အမှန်တကယ် အရည်အချင်း အနည်းငယ် ရှိနိုင်သည်ဟု ခံစားမိသော်ငြား မဆင်မခြင် ကောက်ချက်ချခြင်းတော့ မပြုဝံ့ချေ။

သူက ရှေ့သို့တိုးလာကား ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။ "ဧည့်သည်တော် ပန်းချီကား လာရောင်းတာလား"

စုန့်ယန့်က ခေါင်းငြိမ့်ပြလိုက်၏။ "ဟုတ်ပါတယ်။ ကျွန်တော့်မှာ ရောင်းစရာ ပန်းချီကားတစ်ချပ် တကယ်ရှိပါတယ်။ ဆိုင်ရှင်ရှိသလား မသိဘူး"

ထိုဆိုင်ဝန်ထမ်းသည် ချက်ချင်းမဖြေဘဲ မေးခွန်းထုတ်လိုက်လေသည်။ "ကျွန်တော့်ကို အရင်ဆုံး တစ်ချက်လောက် ပြပေးလို့ရမလား"

နေ့စဉ်နေ့တိုင်း ပန်းချီလာရောင်းသူများမှာ ဒုနှင့်ဒေးနှင့် ဖြစ်လေသည်။ လာသမျှ လူတိုင်းအတွက် ဆိုင်ရှင်ကို တစ်ကြိမ်ဆီ သွားခေါ်နေလို့ မဖြစ်ပေ။ အချိန်အများစုတွင် သူတို့၏ပန်းချီကားများသည် သူ့မျက်စိထဲတွင်ပင် အဆင့်မမီလှပေ။

တချို့သူများကတော့ ဆိုင်ရှင်ထွက်လာမည်မဟုတ်ဟု ကြားလိုက်ရုံဖြင့် ပန်းချီကားကိုပင် ဖြန့်ပင်ဖြန့်မပြတော့ဘဲ ဆိုင်ဝန်ထမ်းတစ်ဦးက သူတို့၏လက်ရာကောင်းများကို ကြည့်ရှုခံစားရန် မထိုက်တန်ဟု ယူဆကြလေသည်။

စုန့်ယန့်ကတော့ ပြောရဆိုရ လွယ်ကူသူဖြစ်၏။ ဆိုင်ဝန်ထမ်းက ထိုသို့ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ပန်းချီကားလိပ်ကို ပွင့်ပွင့်လင်းလင်း ဖြန့်ခင်းပြလိုက်လေသည်။

မှင်ဖြင့် ရေးခြယ်ထားသည့် ပန်းချီကားတစ်ချပ်ဖြစ်ပြီး တောင်တန်းများ ထပ်ဆင့်တည်ရှိကာ ငွေရောင်မျက်ရည်သည် တောင်ကိုပတ်၍ စီးဆင်းနေပြီး လှေငယ်လေးတစ်စီးသည် ရေစီးအတိုင်း စုန်ဆင်းနေလေသည်။ အလွန်ရိုးရှင်းသည့် အကြောင်းအရာဖြစ်ပြီး နေရာလွတ် အမြောက်အများ ချန်ထားလေ၏။

ဆိုင်ဝန်ထမ်းသည် ဒီပန်းချီကားက မည်သည့်အချက်တွင် ကောင်းမွန်သည်ကို တိတိကျကျ မပြောနိုင်သော်ငြား ကြည့်ရှုပြီးနောက်တွင် စိတ်နှလုံး ရှင်းလင်းကျယ်ပြန့်သွားသလို ခံစားလိုက်ရ၏။

သူသည် စုန့်ယန့်ကို သေသေချာချာလေး တစ်ချက်လောက် ကြည့်လိုက်ပြီး လေးစားသမှုဖြင့် တစ်ဖက်လူရှိရာဘက်ကို လက်နှစ်ဖက်ယှက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ "သခင်လေး ခဏစောင့်ပါ။ ကျွန်တော် ဆိုင်ရှင်ကို အခု သွားခေါ်လိုက်ပါ့မယ်"

ဆိုင်ဝန်ထမ်းသည် ခဏလောက် ထွက်ခွာသွားပြီး မကြာခင်မှာပင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည့် ဗိုက်ပူပူနှင့် စွန်းပေါ်အန်းသည် ဆိုင်ဝန်ထမ်းနှင့်အတူ လိုက်ထွက်လာခဲ့လေသည်။

စုန့်ယန့်က စွန်းပေါ်အန်း၏ မျက်နှာကို မှတ်မိသော်ငြား စွန်းပေါ်အန်းကတော့ မည်သူမည်ဝါ ဖြစ်သည်ကိုမသိချေ။

*သခင်လေးက ကျွန်တော့်ဆိုင်ငယ်လေးမှာ ပန်းချီကား လာရောင်းတယ်လို့ ကြားပါတယ်။ ကျွန်တော် တစ်ချက်လောက် ကြည့်ရှုလို့ရမလား မသိဘူး" စွန်းပေါ်အန်း၏ မျက်နှာ အမူအရာကိုကြည့်လျှင် သိပ်မကောင်းလှချေ။ မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲများက သူ့ကို စိတ်မလုံမခြုံ ဖြစ်ရစေသည်ဟု ထင်ရသော်ငြား စုန့်ယန့်နှင့် မျက်နှာချင်းဆိုင်ရသည်တွင် အကျင့်ပါနေသည့် အပြုံးကိုပြုံးပြလေသည်။

စုန့်ယန့်က ပန်းချီကားကို ဖြန့်ပြလိုက်၏။ စွန်းပေါ်အန်းသည်လည်း ရှေ့သို့တိုးကပ်လာကာ သေချာလေး ကြည့်ရှုခံစားလိုက်ပြီး အကြိမ်ကြိမ် ခေါင်းငြိမ့်ကာ ပြောလေတော့သည်။ "သခင်လေးရဲ့ ပန်းချီပညာက အံ့မခန်းပါပဲ"

ပန်းချီပညာမှာ ဒုတိယသာဖြစ်ပြီး အရေးအကြီးဆုံးမှာ ခံစားမှု အငွေ့အသက်ပင် ဖြစ်‌လေသည်။ သူသည် ဒီလူငယ်လေးတွင် ပန်းချီပညာလမ်းကြောင်း အလွန်ပါရမီ ထူးချွန်သူဖြစ်ကြောင်းကို အခိုင်အမာ ကောက်ချက်ချနိုင်လေ၏။

"ချီးကျူးလွန်းနေပါပြီ" စုန့်ယန့်၏ လေသံကလည်း တည်ငြိမ်လို့နေသည်။

"သခင်လေးက တောတောင်ရေမြေ ပန်းချီကားတွေကို ကျွမ်းကျင်တာလား" စွန်းပေါ်အန်းက ထပ်မံမေးမြန်းလိုက်၏။

"ကျွန်တော်က ထင်းရူးပင် ပန်းချီကားတွေကို ပိုပြီးကျွမ်းကျင်ပါတယ်"

စွန်းပေါ်အန်း၏ မျက်လုံးများမှာ အရောင်တောက် သွားလေတော့၏။ ထင်းရှူးပင်ဆိုတော့ ကောင်းတာပေါ့။ သူ့ရဲ့ ယောက်ဖကြီးကလည်း ထင်းရှူးပင်တွေကို အနှစ်သက်ဆုံးပဲ။ နောက်ရက် အနည်းငယ်နေရင် ယောက်ဖငယ် မွေးနေ့ပဲ။ အစ်မကိစ္စဖြစ်သွားတော့ သူ့စိတ်ထဲမှာလည်း မလုံမလဲဖြစ်နေတာ ဒီနေ့ကို အခွင့်ကောင်းယူပြီး မြို့စားအိမ်တော်ကို သွားပြီး အလည်အပတ် လုပ်လို့ရတာပဲ။

အရှင်မင်းကြီးက ယောက်ဖကြီးကို အပြစ်ပြန်သုံးသပ်ခိုင်းရုံပဲ။ စစ်တပ်နဲ့ ထိန်းချုပ်ထားတာမှာ မဟုတ်တာ။ အပြင်လူတွေလည်း မြို့စားအိမ်တော်ကို သွားလို့ရလောက်မှာပါ။

ထိုသို့တွေးလိုက်မိသည်တွင် စွန်းပေါ်အန်းသည် ဖွင့်ဟကာ မေးလိုက်လေတော့သည်။ "ဒီပန်းချီကားကို သခင်လေးက ဘယ်စျေးနှုန်းလောက် သတ်မှတ်ထားလဲ မသိဘူးနော်"

"လျန်ငွေ ၅၀ ပါ" စွန်းပေါ်အန်းက ခေါင်းခါလိုက်လေသည်။ "ခံစားမှုအငွေ့အသက်က ကောင်းပေမယ့် ပန်းချီကားက သေးလွန်းတယ်။ ဒီစျေးနှုန်းက နည်းနည်းတော့များတယ်။ သခင်လေး အခုချိန်ထိ နာမည်ဂုဏ်သတင်း မရှိသေးဘူး။ ပန်းချီတစ်ချပ်ကို လျန်ငွေ ၂၀ လောက်ရောင်းရတာတောင် တော်တော်လေး ကောင်းနေပါပြီ"

"ကြည့်ရတာ ဆိုင်ရှင်က တကယ်ဝယ်ချင်စိတ် မရှိဘူးထင်တယ်။ ဒီလိုဆိုရင်လည်း ထားလိုက်ပါတော့"

စုန့်ယန့်က ပန်းချီကားကို သိမ်းဆည်းကာ ထွက်ခွာ တော့မည်ကို မြင်လိုက်သည်တွင် စွန်းပေါ်အန်းသည်လည်း လျင်လျင်မြန်မြန် သူ့ကိုတားလိုက်တော့သည်။ "သခင်လေး မလောပါနဲ့ဦး။ ဒီလိုလုပ်ပါ။ လျန်ငွေ ၅၀ နဲ့ ကျွန်တော် ယူလိုက်ပါ့မယ်။ မိတ်ဆွေဖွဲ့တဲ့သဘောပေါ့"

စုန့်ယန့်က လှည့်ကြည့်လိုက်သော်ငြား ချက်ချင်း ဖွင့်မပြောသေးဘဲ သူက ဆက်လက်ပြောဆိုမည့် အရာကို စောင့်ဆိုင်းနေဟန်တူသည်။

စွန်းပေါ်အန်းသည် ဒီလူက လှည့်စားလို့လွယ်တဲ့သူ မဟုတ်ဘူးဟု စိတ်ထဲတွင် မှတ်ချက်ပြုလိုက်ပြီး ဆက်ကာ ပြောဆိုလိုက်၏။ "ကျွန်တော် သခင်လေးကို ရှေးဟောင်းထင်းရူးပင် ပန်းချီကားတစ်ချပ် ဆွဲပေးဖို့ ပန်ကြားချင်လို့ပါ။ သခင်လေးရဲ့ ပန်းချီကားကသာ လိုအပ်ချက်နဲ့ ကိုက်ညီမယ်ဆိုရင် စျေးနှုန်းကလည်း အလွယ်တကူ ပြောလို့ရပါတယ်"

စုန့်ယန့်သည် ခဏလောက် စဉ်းစားလိုက်ပြီးမှ စွန်းပေါ်အန်း၏ မျှော်လင့်တကြီး ကြည့်နေသည့် အကြည့်အောက်တွင် ခေါင်းငြိမ့်ပြလိုက်တော့သည်။ "ရပါတယ်"

ပန်းချီကားရောင်းရငွေ လျန်၅၀ တန် ငွေစက္ကူကို ရင်ဘတ်ထဲထည့်ပြီး လူနှစ်ဦးသည် ပန်းချီကား လာပို့မည့်အချိန်ကို ချိန်းဆိုလိုက်ကြပြီးနောက် အပြန်အလှန် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့တော့သည်။

နှုတ်ဆက်ထွက်ခွာလာချိန်တွင် နှစ်ဦးစလုံး၏မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ဆင်မြန်းထားကြလေသည်။

ထိုနေ့က အပြင်သို့ တစ်ခါထွက်ခဲ့ပြီးနောက်တွင် စုန့်ယန့်သည် အပြင်သို့ ထပ်မထွက်တော့ချေ။

သိပ်မကြာခင်က ရာသီဥတုကလည်း ပူပြင်းလာသဖြင့် သူ့အခန်း ပြတင်းပေါက်များကို မကြာခဏ ဖွင့်ထားတတ်၏။ အားချန်သည် ခြံဝင်းအတွင်းတွင် အကလေ့ကျင့်နေသည့်အခါ ရံဖန်ရံခါတွင် သူ့စားပွဲရှေ့တွင် ပန်းချီဆွဲနေသည်ကိုလည်း လှမ်းမြင်ရတတ်သည်။

ယနေ့သည် စတုတ္ထမြောက်နေ့ ဖြစ်၏။ အားချန်၏ အကလှုပ်ရှားမှုများသည်လည်း အလွန်ကျွမ်းကျင်နေပြီဖြစ်ကာ ပထမဦးဆုံးနေ့ လေ့ကျင့်စဉ်ကကဲ့သို့ ကိုးယိုးကားယားနိုင်ခြင်းမျိုး မရှိတော့ချေ။

သူမသည် နောက်ဆုံးအကြိမ် ပူဇော်ပသခြင်းအကကို လေ့ကျင့်ပြီးစီးသောအခါ နဖူးပြင်ထက်တွင် ချွေးပါးလေးများ စို့ထွက်လာခဲ့သည်။ လှည့်ကြည့်လိုက်သည်နှင့် အခန်းတွင်းက စုန့်ယန့်သည် ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ပန်းချီကားတစ်ချပ်ကို ဖြန့်ခင်းလိုက်သည်ကို တွေ့မြင်လိုက်ရ၏။

အားချန်ကလည်း စူးစမ်းလိုစိတ်ဖြင့် လျှောက်လာပြီးသူ့ကို မေးလိုက်တော့သည်။ "စုန့်သခင်လေး ဒီတစ်ခါ ဘာပန်းချီကား ဆွဲနေတာလဲ"

စုန့်ယန့်က ပန်းချီကားစက္ကူကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်ပြီး ပြန်ဖြေလာခဲ့သည်။ "ဒါက ရှေးဟောင်းထင်ရှူးပင် ပန်းချီကားတစ်ချက်ပါ။ မွေးနေ့လက်ဆောင် ပေးဖို့အတွက်ပါ"

"ဘယ်သူ့မွေးနေ့ ရောက်တော့မှာလဲ"

စုန့်ယန်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ "ဟုတ်တယ် လူတစ်ယောက်ရဲ့ မွေးနေ့ရောက်တော့မှာ"

"မနက်ဖြန်ဆိုရင် ပူဇော်ပွဲစတော့မယ်။ ဒီနေ့ စုန့်သခင်လေး ပန်းချီကားသွားပို့မှာလား"

စုန့်ယန်က ခေါင်းခါပြလိုက်သည်။ "အချိန်မကျသေးဘူး။ ပူဇော်ပွဲပြီးမှပဲ ပြောကြတာပေါ့"

သူ့တွင် ကိုယ်ပိုင်အစီအစဉ် ရှိသည်ကိုတွေ့ရသည်တွင် အားချန်ကလည်း ထပ်ပြီး မပြောလိုက်တော့ချေ။

နောက်တနေ့ မနက်ခင်းစောစော အာရုံတက်ချိန် ကျော်လွန်သည်နှင့် ချန်‌ဟွေ့သည် မြင်းလှည်းကို မောင်းနှင်ကာ ထွက်ခွာသွားပြီး မကြာမီ အချိန်အတွင်းမှာပင် သန့်စင်ပြီးသား တိရစ္ဆာန်သုံးမျိုး၏ ဦးခေါင်းများကို ဆွဲကိုင်ကာ အိမ်ထဲသို့ ပြန်လည်ရောက်ရှိ လာလေသည်။

အားချန်သည် ရှားရှားပါးပါး တစ်ရက်တော့ မနက်စောစောထလာခဲ့၏။ ပူဇော်ဖွယ်ရာ ပစ္စည်းများကို ပြင်ဆင်နေသည့် အချိန်မှာပင် မရပ်မနား သမ်းဝေနေတော့သည်။

ဒီတကြိမ်တွင် သူမသည် အနည်းဆုံးတော့ ပူဇော်ပွဲစားပွဲကို ခင်းကျင်းထားလေသည်။ မှင်သွေးကျောက်ပြားကို ပူဇော်ပွဲစားပွဲပေါ်တွင် တင်ထားပြီး ထို့နောက်တွင်တော့ အမွှေးတိုင်မီးဖိုအောက်ဘက်တွင် ပူဇော်ဖွယ်ရာပစ္စည်းများကိုလည်း ခင်းကျင်းထားလိုက်၏။

ထိုအပြင် ဟွေ့ညန်ကလည်း ဗုံငယ်လေးတစ်လုံးနှင့် စောင်းတစ်လက်ကိုလည်း ယူဆောင်လာခဲ့သည်။ ထိုအရာများကို မနေ့က ဝယ်လာခဲ့ခြင်းဖြစ်၏။

ပူဇော်ပသခြင်းအက ကပြမည်ဆိုလျှင် အဖော်ပြုတီးခတ်ပေးမည့်လူ ရှိသင့်ပေသည်။

ကံကောင်းချင်တော့ စုန့်ယန့်သည် စောင့်တီးတတ်သည့်အပြင် တေးသီချင်းများကိုလည်း ရေးဖွဲ့တတ်လေသည်။ သူ၏ အကအတွက် သီးသန့်တေးသီချင်း တစ်ပုဒ်ကိုပင် ရေးစပ်ပေးခဲ့သဖြင့် ချန်ဟွေ့ အနေဖြင့်လိုက်ဖက်ညီစွာ ဗုံတီးပေးရန်သာ လိုအပ်တော့သည်။

နေမင်းသည် ကောင်းကင်ယံထက်သို့ တက်လာသည့်တိုင်အောင် စောင့်ဆိုင်းလိုက်ပြီးနောက် အားချန်သည် လက်ချောင်းသုံးချောင်းစာ တုတ်ခိုင်သည့် အရွယ်အစား အမွှေးတိုင်သုံးတိုင်ကို မီးထွန်းညှိလိုက်ပြီး အမွှေးတိုင်မီးဖိုတွင် စိုက်ထူထား လိုက်တော့သည်။

မီးခိုးငွေများ လွင့်ပြန်လာသည့်အခါ ဗုံသံများ ထွက်ပေါ်လာပြီးနောက်တွင်တော့ စောင်းသံကလည်း ပေါ်ထွက်လာခဲ့သည်။

စုန့်ယန် ရေးစပ်ထားသည့် တေးသီချင်းကို တီးခတ်လိုက်သည့်အခါ အထီးကျန်ဆန်ပြီး လွမ်းမောဖွယ်ရာ အငွေ့အသက်တစ်မျိုးကို အံ့ဩဖွယ်ရာ ခံစားလိုက်ရလေသည်။ ဗုံသံနှင့် ပေါင်းစပ်လိုက်သည်တွင် လူကို ကန္တာရလွင်တီးခေါင်ပြင်ထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေတော့၏။

အားချန်သည် ဗုံသံအတိုင်း တုံ့ပြန်ကာ ခေါင်းမော့လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်တင်လျက် ပူဇော်မှုကို စတင်လေတော့သည်။

၁၂သည် မင်္ဂလာရှိသည့် ကိန်းဂဏန်းတစ်ခုဖြစ်၏။ ပူဇော်ပသခြင်းအကကို ၁၂ကြိမ်တိတိ ကပြရပေမည်။

သူမသည် ပဉ္စမအကြိမ်မြောက်သို့ ကပြဖျော်ဖြေသည့်အချိန်တွင် ပူဇော်စားပွဲပေါ်မှ ရုတ်တရက် ကျွပ်ခနဲ အသံတစ်ချက် ပေါ်ထွက်လာခဲ့ပြီး စုန့်ယန့်သည် ရုတ်တရက်ဆိုသလို တေးသွားတစ်ချက်ကို မှာယွင်းတီးခတ်လိုက်မိ၏။

သို့သော် သူသည် ရပ်တန့်လိုက်ခြင်းမရှိဘဲ မျက်နှာအမူအရာ မပြောင်းမလဲ ဆက်လက်တီးခတ်လို့နေသည်။

အားချန် ကတော့ အကအပေါ်တွင်သာ အာရုံစူးစိုက်ထားပြီး နည်းနည်းလေးမှ အာရုံပြန့်လွှင့်ခြင်း မရှိချေ။ ချန်ဟွေ့သည် စုန့်ယန့်ကို ခေါင်းစောင်းကာ တစ်ချက် လှမ်းကြည့်လိုက်၏။ သူ့မျက်နှာသည် ယခုအချိန်တွင်တော့ အနည်းငယ် ကြောက်မက်ဖွယ်ရာဖြစ်နေပြီး နားထင်က သွေးကြောစိမ်းများပင် ထောင်ထနေကာ နာကျင်မှုကို ကြိတ်မှိတ် ခံစားနေရဟန်တူသည်။

ကိုးကြိမ်မြောက် ပူဇော်ပသခြင်းအက ပြီးဆုံးသွားချိန်တွင် အလားတူ ကျွပ်ခနဲ အသံတစ်ချက်ကို ချန်ဟွေ့သည် လေးငါးကြိမ်လောက် ကြားခဲ့ရပြီးဖြစ်၏။ စုန့်ယန့်၏ နှုတ်ခမ်းထောင့်တွင်တော့ သွေးများစို့ ထွက်လို့နေသည်။

သူ တီးခတ်နေသည့် တေးသွားသံစဉ်များမှာ အခါအားလျော်စွာ မှားယွင်းမှုများ ပေါ်ပေါက်လာခဲ့တော့သည်။ ကံကောင်းချင်တော့ အားချန်သည် စည်းချက်ကို အသားကျနေပြီဖြစ်ကာ ဗုံသံအတိုင်း လိုက်ပါကခုန်နိုင်ခဲ့သည်။

၁၂ အကြိမ်မြောက် ပူဇော်ပသခြင်းအက ပြီးဆုံးသွားသည့်တိုင်အောင် အားချန်သည် နောက်ဆုံးတွင် ရပ်တန့်လိုက်တော့သည်။ သူမ၏ တစ်ကိုယ်လုံးသည် ချွေးများဖြင့်စိုစွတ်နေပြီး ပြင်းစွာ မောဟိုက်လျက်ရှိကာ နှလုံးခုန်သံမှာလည်း ဗုံတီးနေသလို မြန်ဆန်လို့နေသည်။

စုန့်ယန့်ကတော့ စောင်းတီးခတ်ခြင်းကို အစောကတည်းက ရပ်တန့်လိုက်ပြီဖြစ်၏။ သူ၏ လက်နှစ်ဖက်သည် စားပွဲခုံစောင်းကို ဆုပ်ကိုင်ထားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မရပ်မနားတိုက်စားနေသည့် ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားနေလေသည်။

အားချန်က ပူဇော်စားပွဲဘက်ကို လှည့်ကြည့်လိုက်သည်တွင် သူမ ပူဇော်ခြင်းအကကို ကခုန်နေသည့်အချိန် အတော်အတွင်း အမွှေးတိုင်များသည် အောက်ခြေသို့ ရောက်လုနီးပါး လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။

ကြည့်ရတာ ငါ့ရဲ့အကကို ဘိုးဘေးတွေက တကယ်သဘောကျပြီး ကျေနပ်သွားပုံရတယ်။ အမွှေးတိုင်မီးခိုးကို စုပ်ယူတဲ့အရှိန်တောင် ဒီလောက်မြန်ဆန်လာခဲ့တယ်။

အားချန်သည် ပူဇော်ပွဲစားပွဲရှေ့ဆုံးတွင် တင်ထားသည့် မှင်သွေး ကျောက်ကို ထပ်ကြည့်ပြီး အကဲခတ် ကြည့်ရှုလိုက်၏။ ထိုမှင်သွေးကျောက် ပေါ်တွင် ရှင်းလင်းနေသည့် အက်ရာခြောက်ကြောင်း ပေါ်ထွက်လာခဲ့သည်။ အချိန်မရွေး ကြေမွသွားနိုင်သလို ထင်ရသော်ငြား ပုံစံပြောင်းလဲခြင်းတစ်ရပ်ကို ဖြတ်သန်းလာခဲ့သည့်အလား မည်းနက်နေသည့် မှင်သွေးကျောက်ပြားသည် အံ့သြဖွယ်ရာကောင်းလှအောင် ကြည်လင် တောက်ပသည့် အလင်းရောင်တစ်ခု ဆောင်ထားလေတော့သည်။ သို့သော်ငြား ထိုအလင်းရောင်အလွှာမှာ အလွန်ပါးလွှာလှပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် နှယ်ပင်။

ထို့နောက်တွင် အားချန်သည် ဘေးတွင်ရပ်ပြီး တိတ်ဆိတ်စွာ စောင့်နေလိုက်တော့၏။ အမွှေးတိုင် မီးဖိုထဲက အမွှေးတိုင်များလုံးဝ လောင်ကျွမ်းသွားပြီး ကုန်ဆုံးသွားသောအခါမှ သူမသည် စုန့်ယန့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ စုန့်ယန်၏ မျက်နှာပေါ်က နာကျင်နေသည့် အရိပ်အယောင်များ လွင့်ပြယ်သွားခဲ့ပြီဖြစ်ကာ အသက်ရှူသံသည်လည်း ပုံမှန်အတိုင်း တည်ငြိမ်လာတော့သည်။

"ဘယ်လိုနေသေးလဲ" သူမက မေးလိုက်၏။

စုန့်ယန်သည် အမှတ်တမဲ့ သူ့လက်များကို ကြည့်လိုက်ပြီးနောက် ခေါင်းမော့ကာ အားချန်ကို ပြုံးပြလာခဲ့သည်။ "ကိုယ့်ဟာကိုယ် ဒီလောက်သန်မာတယ်လို့ ခံစားရတာ ပထမဦးဆုံးအကြိမ်ပဲ"

သူသည် ယခုအချိန်မှာ မိမိကိုယ်မိမိ ဒီခန္ဓာကိုယ်မှ မည်သည့်အချိန်မရွေး ထွက်ခွာသွားနိုင်ပြီး ချက်ချင်းပျော က်ကွယ်သွားမည်ကို စိုးရိမ်စရာမလိုတော့ကြောင်း ခံစားမိလိုက်လေသည်။ သူသည် ယခင်ကတစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးသည့် စွမ်းအားတချို့ကိုလည်း ပိုင်ဆိုင်သွားတော့သည်။

ထိုအရာသည် သူနှင့်သက်ဆိုင်သည့် စွမ်းအားမဟုတ်ဘဲ အားချန် ပြောပြခဲ့သည့် ဘိုးဘေးတို့၏ စွမ်းအားသာ ဖြစ်လေသည်။

"ဒီတစ်ခေါက်ပူဇော်ပွဲရဲ့ အကျိုးသက်ရောက်မှုက ၇ ရက်ကနေ ၁၀ ရက်လောက်အထိပဲခံလိမ့်မယ်။ ရှင် ..."

"လုံလောက်ပါပြီ" စုန့်ယန့်သည် အားချန်၏ စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်တော့၏။ "မိန်းကလေးကျိကို ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်ဖို့ မလိုပါဘူး" ပူဇော်ပွဲအောင်မြင်ခြင်းကြောင့် ရရှိလာသည့် ဝမ်းသာမှုတို့သည် စုန့်ယန့်နှင့် စကားပြောဆိုပြီးနောက်တွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ ဒီနေ့ပြီးသွားလျှင်တော့ သူတို့သည် အချင်းချင်းဘယ်တော့မှ ပြန်တွေ့ဆုံကြလိမ့်မည် မဟုတ်မှန်း အားချန်တစ်ယောက် သိလိုက်လေသည်။

စုန့်ယန့်သည် သူ လေးရက်အကြာ နေထိုင်ခဲ့သည့် အခန်းအတွင်းသို့ ပြန်ဝင်သွားကာ ပစ္စည်းများကို သိမ်းဆည်းလိုက်တော့၏။ အမှန်တွင်တော့လည်း သိမ်းဆည်းစရာပစ္စည်းဟူ၍ များများစားစား မရှိချေ။ သူသည် စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်သွေးကျောက်ပြားတို့ ထည့်ထားသည့် စာသစ်တ္တာလေးနဲ့ ရေးဆွဲပြီးသား ရှေးဟောင်းထင်းရှူးပင် ပန်းချီကားကိုသာ ယူဆောင်သွားခဲ့သည်။

သူသည် ပစ္စည်းများ သိမ်းဆည်းပြီးစီးသည့နောက် အခန်းအပြင်သို့ ထွက်လာသောအခါ အားချန်က အဝတ်အစားအသစ်ကို လဲလှယ်ဝတ်ဆင်ထားပြီး ချန်ဟွေ့နှင့်အတူ ခြံဝင်းထဲတွင်ရပ်‌စောင့်နေကာ သူ့ကို လိုက်ပါပို့ဆောင်ပေးမည့်ဟန် တူသည်။

လှေကားထစ်များမှ ဆင်းသက်လာပြီးနောက် စုန့်ယန့်သည် အားချန်ကို ပြုံးပြလိုက်လေသည်။ "မိန်းကလေးကျိ မင်းလိုချင်တဲ့ပန်းချီကားကို ကျွန်တော်အခန်းထဲမှာ ချန်ထားပေးခဲ့တယ်။ နောက်ထပ် ပန်းချီကားတစ်ချပ်က လူကြီးမင်းဝမ်ကျုံ့ အတွက်လက်ဆောင်ပေးတာပါ။ တကယ်လို့ မိန်းကလေးကျိ နောင်တချိန်မှာ လူကြီးမင်း ဝမ်ကျုံ့နဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် ကျွန်တော့်ကို ကူညီပြီးတော့ ဒီပန်းချီကားကို သူ့ဆီပို့ပေးပါ။ ခွဲခွာခြင်းလက်ဆောင်လို့ သဘောထားလိုက်ပါ"

"ကောင်းပါပြီ" အားချန်ကလည်း သဘောတူလိုက်လေသည်။

"ကျန်တဲ့စာလုံး အလှတစ်ချပ်ကတော့ သူဌေးရွှီအတွက် လက်ဆောင်ပါ။ တကယ်လို့ နောင်တချိန်မှာ သူဌေးရွှီနဲ့ လူကြီးမင်း ဝမ်ကျုံ့တို့က ကျွန်တော် သွားလာတဲ့နေရာကို မေးမြန်းလာခဲ့ရင် မိန်းကလေးကျိက ကျွန်တော် ဇာတိမြေကို ပြန်သွားပြီလို့သာ ပြောပေးပါ" ထိုသို့ပြောလိုက်ပြီးနောက် စုန့်ယန့်သည် လက်တစ်ဖက်ကို နှလုံးသားရှိရာဘက် ဖိကပ်ထားရင်း နှလုံးခုန်သံကို ခံစားလိုက်လေသည်။ "သူက ရည်မှန်းချက် ကြီးကြီးမားမား ရှိတဲ့သူမဟုတ်ဘူး။ ကျွန်တော် ရှာဖွေထားတဲ့ ငွေကြေးတွေအကုန်လုံးကို သူ့အတွက် ချန်ထားခဲ့မယ်။ သူသာ ဒီငွေကြေးကို ယူပြီးတော့ ကျေးလက်ဘက်ကို ပြန်သွားရင် သာမန်ဘဝလေးနဲ့ ချမ်းချမ်းသာသာ ဘဝတစ်ခုလုံး ဖြတ်သန်းသွားနိုင်မယ်လို့ ထင်ပါတယ်"

အားချန်ကလည်း ခေါင်းငြိမ့်ပြလိုက်လေသည်။ စုန့်ယန့်သည် အရာအားလုံးကို စီစဉ်ပြီးသွားခဲ့ပြီဖြစ်၏။

"ကျွန်တော် ဒီနေ့ပဲ ထွက်သွားတော့မှာပါ။ မိန်းကလေးကျိနဲ့ သိကျွမ်းခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာတစ်ခုပါပဲ" စုန့်ယန်သည် အားချန်ကို တလေးတနက် အရိုအသေပြုလိုက်လေသည်။

"ကျွန်မလည်း စုန့်သခင်လေးနဲ့ သိကျွမ်းခွင့်ရတာ အရမ်းဝမ်းသာပါတယ်"

...

All Chapters