အခန်း (၂၀၇၁-၂၀၇၂)
Vol. 148 Ch. 2071-2072
အခန်း(၂၀၇၁)
“ဟုတ်တယ်.. ငါ မကြာသေးခင်က လျှို့ဝှက်နည်းစနစ် တစ်ခုကို လေ့ကျင့်အောင်မြင်သွားခဲ့ပြီ.. ဒါပေမဲ့ ငါ့ရဲ့ဝိညာဥ်ကို သယ်ဆောင်ဖို့အတွက် အနည်းဆုံး အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးတော့ လိုအပ်တယ်.. ဘယ်လိုနည်းလမ်းကိုပဲ သုံးရသုံးရ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ကို ငါ့အတွက် အမြန်ဆုံးရှာပေးရမယ်”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူက တစ်ချက်လွှတ် အမိန့်လေသံဖြင့် ပြောလိုက်သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြန်ဖြေလိုက်၏။
“ဘိုးဘေး စိတ်ချပါ.. ကျွန်တော် ဝိညာဥ်ဖျက်ဆီးက ဘယ်လိုအဖိုးအခပဲ ပေးဆပ်ရပါစေ.. ဘိုးဘေးအတွက် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ကို ရှာဖွေပေးပါ့မယ်”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် သူတို့၏ ဘိုးဘေး အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် အချိန်ကြာမြင့်စွာကတည်းက စီစဥ်နေခဲ့ခြင်းဖြစ်သည်။
သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အနေဖြင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အရှင်သခင် ဖြစ်လာနိုင်မလား ဆိုသည်မှာ ဘိုးဘေး၏ ဝိညာဥ်ကို သယ်ဆောင်နိုင်မည့် သင့်တော်သော ခန္ဓာကိုယ် တစ်ခုကို ရှာဖွေတွေ့ရှိခြင်း ရှိ၊မရှိပေါ်တွင် မူတည်နေသည် မဟုတ်ပါလော။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများ အလွန်တရာ ရှားပါးလှသည်။
ထို့အပြင် မဟာနတ်မျိုးနွယ်စု ရှစ်စုမှ အထွတ်အထိပ်ကောင်းကင်နတ်ဘုရားများသည် အကာအကွယ်အစောင့်အရှောက်များ တင်းကျပ်၍ ၎င်းတို့၏ ခန္ဓာကိုယ်ကို ရယူရန် အခွင့်အရေးသည် လုံးဝမရှိပေ။
ထို့ကြောင့် ဘိုးဘေးအတွက် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ခန္ဓာကိုယ်ကို ရှာဖွေလိုလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အပြင်ဘက်သို့သာ သွားရပေလိမ့်မည်။
ထိုသို့ စဥ်းစားမိပြီးနောက်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်သွားခဲ့ပြီး တားမြစ်နယ်မြေရှိ နတ်ဘုရားကျောင်းထဲကနေ ထွက်ခွာ၍ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားခန္ဓာကိုယ်ကို ရှာဖွေတော့မည့် ဆဲဆဲမှာပင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော်ကျန်းချန်က ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီ လာရောက် လည်ပတ်ပါတယ်”
ထိုအသံကို ကြားလိုက်ရလျှင် ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ဒီကောင်ကျန်းချန်က ဘာလို့ ရုတ်တရက်ကြီး ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီ ရောက်လာရတာလဲ”
၂နှစ် တိုင်တိုင် ပျောက်ကွယ်နေခဲ့သော ကျန်းချန်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဆီသို့ ရုတ်တရက် ရောက်လာလိမ့်မည်ဟု ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“ဒီကောင်က ငါ့ရဲ့အစီအစဥ်တွေကို လိုက်လံ နှောင့်ယှက်နေတဲ့ ကျန်းချန် ဆိုတဲ့ကောင်လား”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘိုးဘေးထံမှ အေးစက်စက် အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဟုတ်တယ် ဘိုးဘေး.. အဲဒီကောင်လေးက ကျန်းချန်ပဲ”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဘိုးဘေး.. ကျွန်တော်တို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီ ဒီကောင် ရုတ်တရက်ကြီး ရောက်လာတာ မရိုးရှင်းလောက်ဘူးထင်တယ်”
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ကျန်းချန်၏ ရိုက်နှက်မှုကို ခံရပြီး အထိတ်တလန့် ထွက်ပြေးခဲ့ရသည့် အခြေအနေသည် ယနေ့တိုင် သူ့ကို အိပ်မက်ဆိုး ကဲ့သို့ ခြောက်လှန့်နေဆဲ ဖြစ်သည်။
အကယ်၍ ကျန်းချန်သာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုနှင့် အမှန်တကယ် ရင်ဆိုင်တိုက်ခိုက်မည် ဆိုလျှင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ဒုက္ခကျရောက်သွားနိုင်ပေသည်။
“ဘာတွေ စိုးရိမ်နေတာလဲ.. သူ့ကို ဒီနတ်ဘုရားကျောင်းဆီ ခေါ်လာဖို့နည်းလမ်းသာ စဥ်းစားစမ်းပါ.. ဒီနတ်ဘုရားကျောင်းထဲ ရောက်လာတာနဲ့ ငါ သူ့ကို ကိုင်တွယ်လိုက်မယ်”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဘိုးဘေးက ပြုံး၍ ပြောလိုက်သည်။
“ငါက ငါ့ရဲ့ဝိညာဥ်ကို သယ်ဆောင်ဖို့ အထူးခန္ဓာကိုယ်တစ်ခု လိုအပ်နေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က အိမ်အရောက် လာပို့ပေးလိုက်မယ်လို့ မထင်ထားခဲ့ဘူး”
ထိုစကားကို ကြားလိုက်ရလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဘိုးဘေးက ကျန်းချန်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်မလို့လား”
ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သူဖြစ်ပြီး သူတော်စင်ကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်သော အနှိုင်းမဲ့ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုတွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူဖြစ်သော လဲ့ကျောင်းပင်လျှင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရ၏။
သူတို့၏ ဘိုးဘေးက ထိုကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော နတ်ဆိုးဆန်သည့် ပါရမီရှင်တစ်ယောက်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်နေသည်မှာ အမှန်တကယ်ပင် အောင်မြင်မှုရနိုင်ပါမည်လော။
“မင်းဘာတွေအံ့သြနေတာလဲ.. သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ထက် သာလွန်တဲ့ ဒီလို ခန္ဓာကိုယ်မျိုးက ငါ့အတွက် အပြည့်စုံဆုံး ခန္ဓာကိုယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး.. ဒီကောင်လေးက သူ့ရဲ့ ခန္ဓာကိုယ်ကို ငါတို့ဆီ အရောက် လာပို့ပေးနေမှတော့ ငါတို့အနေနဲ့ ငြင်းပယ်နေစရာဘာအကြောင်းမှ မရှိဘူး.. မင်းစိတ်မပူပါနဲ့.. အဲဒီကောင်လေးက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. ကောင်းကင်နတ်ဘုရားအဆင့်မှာပဲ ရှိပါသေးတယ်.. နတ်ဘုရင်ရဲ့ ဝိညာဥ်အကြွင်းအကျန်ဖြစ်တဲ့ ငါနဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာတဲ့လဲ.. ဒါ့အပြင် ဒီနတ်ဘုရားကျောင်းထဲမှာ ငါက တစ်ဦးတည်းသော အရှင်သခင်ပဲ.. နတ်ဘုရင်အဆင့် ကျင့်ကြံသူ ကိုယ်တိုင် ရောက်မလာသရွေ့ ဒီနတ်ဘုရားကျောင်းထဲကို ဝင်လာတဲ့ဘယ်သူမဆို ငါ့ရဲ့လက်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဘိုးဘေးက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
သူက ရှေးခေတ်ကာလ တိုက်ပွဲတွင် လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီး ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်ဖြင့် ထိန်းသိမ်းထားသော ဝိညာဥ် အကြွင်းအကျန် အစအနလေးတစ်ခုသာ ကျန်ရှိခဲ့သည်။
ထိုဝိညာဥ် အကြွင်းအကျန် အစအနလေးသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အပြည့်အဝ ထောက်ပံ့မှုအောက်တွင် နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် ယခု အခြေအနေအထိ ပြန်လည် ထူထောင်လာနိုင်ခဲ့ခြင်းပင်။
သူ၏ ဝိညာဥ်က အထွတ်အထိပ် အခြေအနေသို့ မရောက်ရှိရွေ့ ဤနတ်ဘုရားကျောင်း အတွင်းမှ ထွက်ခွာနိုင်ခြင်းမရှိသေးသော်လည်း ကောင်းကင်နတ်ဘုရား တစ်ပါး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်မှာ လွယ်ကူသော အလုပ်တစ်ခုပင် မဟုတ်ပါလား။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းများက ထက်ရှသော အလင်းတန်းများဖြင့် လင်းလက်သွားခဲ့ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ဘိုးဘေး ကျွန်တော် အခုပဲသွားပြီး သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့ပါမယ်”
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အမှန်တကယ်ပင် မြင့်မားလွန်း၏။
အကယ်၍ ကျန်းချန်သာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အပေါ်တွင် မကောင်းသော ရည်ရွယ်ချက် ရှိနေမည်ဆိုလျှင် သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ လက်ရှိအစွမ်းဖြင့် ရင်ဆိုင်နိုင်လောက်မည် မဟုတ်ပေ။
သူက ယခုအချိန်တွင် ကျန်းချန်ကို ဘိုးဘေးရှိရာ နတ်ဘုရားကျောင်းဆီသို့ ခေါ်ဆောင်သွားရန်သာ ရှိတော့သည် မဟုတ်ပါလော။
အကယ်၍ ဘိုးဘေးသာ ကျန်းချန်၏ ခန္ဓာကိုယ်ကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့မည်ဆိုလျှင် သူက ဘိုးဘေးအတွက် ခန္ဓာကိုယ် ထွက်ရှာနေစရာ မလိုအပ်တော့သည့် အပြင် ဘိုးဘေး၏ အခက်အခဲသည်လည်း အဆင်ပြေသွားပေလိမ့်မည်။
ဤသည်က ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ချလိုက်သကဲ့သို့ ဖြစ်မည်မှာ သံသယဝင်စရာ မရှိပေ။
ထို့နောက်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် တားမြစ်နယ်မြေရှိ နတ်ဘုရားကျောင်းမှ ထွက်ခွာ၍ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ပြင်ပကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန် ဆီသို့ ရောက်ရှိလာခဲ့သည်။
“ကျန်းချန်.. ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဆီကို ဘာလာလုပ်တာလဲ”
ကျန်းချန်က အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
“ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်...ဝိညာဥ်လမ်းစဥ်ကို အထောက်အကူပြုနိုင်မဲ့ ရတနာအချို့ကို ငါလိုအပ်နေတယ်.. မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ဝိညာဥ်လမ်းစဥ်မှာ ကျွမ်းကျင်ကြတာ ဆိုတော့ ဒီလမ်းစဥ်နဲ့ ပတ်သက်ပြီး အထောက်အပံ့ပေးနိုင်မဲ့ ရတနာတချို့ ငါ့ကို ပေးလို့ရမလား”
“ကျန်းချန် မင်းသိပ်ပြီး လူပါးလာမဝနဲ့”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။
“မင်းရဲ့အစွမ်းက သြချလောက်စရာ ဆိုပေမဲ့ ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်း စိတ်ကြိုက် လုပ်ချင်တိုင်းလုပ်လို့ရမဲ့ မျိုးနွယ်စု မဟုတ်ဘူး”
ထိုစကားကို ကြားလျှင် ကျန်းချန်က ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်ကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်.. ငါ ဒီခရီးကို လာတာက ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ ပေးနိုင်တဲ့ ရတနာတချို့ကို လိုချင်လို့ပဲ.. မင်းတို့ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုနဲ့ ရန်သူမဖြစ်ချင်ဘူး.. အကယ်၍ မင်း ငါ့ကို ပေးဖို့ ဆန္ဒမရှိရင်တော့ ငါ့ဘာသာငါ အထဲဝင်ပြီး ယူရုံပဲရှိတော့တယ်”
“နေဦး ကျန်းချန်”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်နှာအမူအရာက တစ်ခဏမျှ ပြောင်းလဲသွားခဲ့ပြီး အဆုံးသတ်တွင် သွားများကို အံကြိတ်ကာ ပြောလိုက်သည်။
“ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ့ပေးနိုင်တဲ့ ရတနာကို ငါပေးမယ်.. ဒါပေမဲ့ အဲဒီရတနာကို ရပြီးတာနဲ့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုကနေ ချက်ချင်း ထွက်သွားပေးရမယ်.. ဘယ်လိုလဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့.. ငါကျန်းချန်က ဘယ်တော့မှ ကတိမဖျက်ဘူး.. ငါလိုချင်တာကို ရသရွေ့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို မထိခိုက်စေရဘူးလို့ ငါကတိပေးတယ်”
“ဒါဆိုလည်း ငါ့နောက်ကနေ လိုက်ခဲ့ပါ”
ထိုစကားကို ပြောပြီးနောက်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ချက်ချင်းပင် လှည့်ထွက်သွားခဲ့ပြီး ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စု၏ အတွင်းပိုင်းသို့ ဦးတည်သွားခဲ့သည်။
သူ၏ မျက်ဝန်းတွင် လှောင်ပြုံးတစ်ခု ယှက်သန်းသွားခဲ့၏။
ဘိုးဘေးက ကျန်းချန်ကို တားမြစ်နယ်မြေရှိ နတ်ဘုရားကျောင်းသို့ ခေါ်လာရန် ခိုင်းစေခဲ့သော်လည်း ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် မည်ကဲ့သို့ ခေါ်ရမလဲ ဆိုသည်ကို စဥ်းစားမရ ဖြစ်နေခဲ့သည်။
ယခုအခါ ကျန်းချန်က ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ့ပေးနိုင်သည့် ရတနာအချို့ကို လိုချင်နေသည်ဖြစ်ရာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် အလိုရှိသည့် အတိုင်း ဖြစ်နေခဲ့သည်။
အစောပိုင်းက တွေဝေနေသည့် အမူအရာမျိုး ဟန်ဆောင်နေလိုက်ခြင်းသည် ကျန်းချန် သူ့ကို သံသယမဝင်စေရန် အတွက်သာ ဖြစ်၏။
ကျန်းချန်က လှည့်ထွက်သွားသော ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်၏ နောက်သို့ တွေဝေခြင်းမရှိဘဲ ခပ်သွက်သွက် လိုက်ပါသွားခဲ့သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ တုံ့ပြန်မှုသည် ကျန်းချန် မှန်းဆထားသည်ထက် အနည်းငယ် ကျော်လွန်နေသော်လည်း ဤရောသို့ ရောက်ရှိလာပြီ ဖြစ်ရာ ကျန်းချန်အနေဖြင့် နောက်ဆုတ်တော့မည် မဟုတ်ပေ။
ဤသို့ဖြင့်ပင် ကျန်းချန်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အတွင်းပိုင်းအကျဆုံး နေရာအထိ အမှန်တကယ်ပင် လိုက်ပါသွားခဲ့သည်။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ တားမြစ်နယ်မြေရှိ နတ်ဘုရားကျောင်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က တားမြစ်နယ်မြေရှိ နတ်ဘုရားကျောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကျန်းချန်.. ဒါက ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက်ပဲ”
“ကောင်းပြီလေ.. ဒါဆိုရင် အထဲဝင်ပြီး တစ်ချက်ကြည့်လိုက်ဦးမယ်”
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး မျက်ဝန်းထဲတွင် အဓိပ္ပါယ်ပါသော အပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤနတ်ဘုရားကျောင်းသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အတွင်းပိုင်းအကျဆုံး နေရာတွင် တည်ရှိနေသော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အခြားသော အဆောက်အဦးများနှင့် လုံးဝ သီးခြားစီ ဖြစ်နေခဲ့ရာ နတ်ဘုရားကျောင်းသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘဏ္ဍာတိုက် လုံးဝမဖြစ်နိုင်ပေ။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် အနေဖြင့် သူ့ကို ဤနတ်ဘုရားကျောင်းသို့ ခေါ်လာသည်မှာ အကြံအစည် တစ်ခုခု ရှိနေပုံရ၏။
အခန်း(၂၀၇၁)ပြီး၏။
အခန်း(၂၀၇၂)
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ အကြံအစည်ကို ကျန်းချန်က ရိပ်မိသွားသော်လည်း သိပ်ဂရုမစိုက်ခဲ့ပေ။
သူက လမ်းစဥ် ၁၀ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေးသော်လည်း သူ၏ ကမ္ဘာ့စွမ်းအား ၈မျိုးကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံပြီးပြီ ဖြစ်၍ လွန်ခဲ့သည့် နှစ်နှစ်ကထက် များစွာ ပို၍ သန်မာလာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် တစ်ခု အပါအဝင် ဖြစ်သော်လည်း သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ကျန်းချန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ နောက်ကနေ နတ်ဘုရားကျောင်းထဲကို လိုက်ဝင်သွားခဲ့သည်။
နတ်ဘုရားကျောင်းက အလွန်တရာပင် ကြီးမားပြီး ခန်းမတစ်ခုလုံးကို အမျိုးအမည် မသိရသည့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ကျောက်များဖြင့် တည်ဆောက်ထား၏။
ထိုခန်းမကနေ ဆန်းကြယ်သော အရှိန်အဝါများကို ကျန်းချန် ခံစားမိခဲ့သည်။
ထိုအရှိန်အဝါများအောက်တွင် ကျန်းချန်သည် သူ၏ ဝိညာဥ်က တစ်ခဏ အတွင်းမှာပင် ပို၍ သန်မာလာသလို ခံစားလိုက်ရသည်။
“ဒင်.. သင်က ဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်းရဲ့ အထောက်အပံ့ကို ရရှိပြီး ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအား အတွေ့အကြုံရမှတ် သုံးသိန်းကို အဆ ၁၀၀ ရရှိပါတယ်”
ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ရှေးကျသော အစဥ်အလာများရှိသည့် မျိုးနွယ်စုတစ်ခု ဖြစ်ထိုက်၏။
ထိုဘုရားကျောင်းသည် အလွန်အဖိုးတန်သော ဝိညာဥ်လမ်းစဥ်ရတနာများဖြင့် တည်ဆောက်ထားပြီး ဝိညာဥ်ကို ပျိုးထောင်ပေးကာ ဝိညာဥ်လမ်းစဥ် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဤဝိညာဥ်ကျင့်ကြံခြင်း ဘုရားကျောင်း၏ အကျိုးသက်ရောက်မှုသည် မဟာနဂါးနန်းတော်ထဲမှ ဖောင်းကြွပန်းချီများထက် အနည်းငယ် နိမ့်ကျသော်လည်း အမှန်တကယ်ပင် ကောင်းမွန်လှ၏။
အကယ်၍ သူသာ ဤဘုရားကျောင်းထဲတွင် အချိန်အတိုင်းအတာ တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့မည် ဆိုလျှင် ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ့ပေးနိုင်သည့် အခြားရတနာများ အသုံးမပြုလျှင်ပင် သူ၏ ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားပေလိမ့်မည်။
ကျန်းချန်က သူ၏ စိတ်နှလုံးထဲမှ အံ့သြမှုကို ထိန်းချုပ်လိုက်ပြီး နန်းတော်ကို အကဲခတ်ကြည့်လိုက်သည်။
အလွန်လျင်မြန်စွာပင် ကျန်းချန်၏ အကြည့်သည် သူရှေ့တည့်တည့်တွင် ရှိသည့် သုံးပေအမြင့် ရှိသော ကျောက်ရုပ်ထုဆီသို့ ကျရောက်သွားခဲ့သည်။
မျက်နှာအပြာရောင်နှင့် အစွယ်များရှိပြီး အနက်ရောင်ကြေးခွံသံချပ်ကာ ဝတ်ဆင်ထားသော ထိုကျောက်ရုပ်ထုသည် ငရဲဘုံကိုးလွှာမှ နတ်ဆိုးတစ်ကောင် ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းပြီး ဆိုးယုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့ပြီး အေးစက်စက် ပြောလိုက်သည်။
“ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်.. ဒီနေရာက မင်းပြောသလို ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ဘဏ္ဍာတိုက် မဟုတ်ဘူးလား”
“ကျန်းချန်.. မင်းက အနက်ရောင်မြူတောထဲမှာ ငါတို့တွေ ပျိုးထောင်ထားတဲ့ ဝိညာဥ်တွေကို သတ်ဖြတ်ခဲ့တယ်.. ဒါ့အပြင် ငါတို့ စီစဥ်ထားတဲ့ သက်စောင့်ဝိညာဥ်သစ်သီးကိုလည်း လုယူခဲ့တယ်.. မင်းက ငါတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုရဲ့ အစီအစဥ်တွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့မှတော့ ဒီနတ်ဘုရားက မင်းကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးရမှာလဲ”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ဘာလဲ.. ငါက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ရတနာကို မင်းဆီ အလွယ်တကူ ပေးမယ် ထင်နေတာလား.. တကယ်တော့ ငါက မင်းကို ဒီနေရာဆီ ခေါ်လာခဲ့ရုံသက်သက်ပဲ”
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် မဲ့ပြုံးပြုံးလိုက်သည်။
“ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်.. မင်း ငါ့ကို ဒီခေါ်လာရုံနဲ့ ကိုင်တွယ်နိုင်မယ်လို့ တကယ် ထင်နေတာလား”
“ကျန်းချန်.. ငါတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုက ရှေးခေတ်ကာလကတည်းကနေ ဆင်းသက်လာခဲ့တဲ့ နတ်ဘုရင်အင်အားစုကြီးပဲ.. အခုအချိန်မှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိတော့ပေမဲ့ မင်းထင်သလောက်တော့ အားမနည်းဘူး”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ကျန်းချန်ကို လှောင်ရယ်၍ စူးစိုက်ကြည့်လိုက်သည်။
“ဒီနေ့ ဒီခန်းမထဲကို ရောက်လာပြီ ဆိုမှတော့ မင်းအတွက် သေလမ်း တစ်လမ်းပဲ ရှိတော့တယ်”
“သေချာလို့လား”
ကျန်းချန်၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့ပြီး ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို စူးစိုက်၍ ကြည့်လိုက်သည်။
“ဒီဝိညာဥ်ကျင့်ကြံခြင်းဘုရားကျောင်းကို မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက အဖိုးအခ အမြောက်အများ အကုန်ကျခံပြီး တည်ဆောက်ထားပုံပဲ.. မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက အနက်ရောင်မြူတောထဲမှာလည်း နတ်ဆိုးဝိညာဥ်တွေကိုလည်း ပျိုးထောင်ထားခဲ့တယ်.. အခုလည်း ဝိညာဥ်ကို ပျိုးထောင်ပေးနိုင်တဲ့ ဝိညာဥ်ကျင့်ကြံခြင်းဘုရားကျောင်းကို တည်ဆောက်ထားတယ်.. ကြည့်ရတာ မင်းတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုထဲမှာ အသက်ရှင်ကျန်ရစ်တဲ့ အကြီးအကဲတစ်ယောက်ယောက်ရဲ့ ဝိညာဥ် ရှိနေပုံပဲ.. မင်းက ငါ့ကို ကိုင်တွယ်ဖို့ သူ့ဆီ ခေါ်လာမှတော့ ဘာလို့ သူ့ကို မထွက်လာခိုင်းသေးတာလဲ”
ကျန်းချန်၏ စကားကိုကြားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။
သူသည် ဘာစကားမှ မပြောရသေးခင်မှာပင် ခန်းမအလယ်ရှိ ကျောက်ရုပ်ထု အထက်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဥ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့၏။
ထိုအနက်ရောင် အခိုးအငွေ့များသည် ကျောက်ရုပ်ထု၏ အထက်တွင် အသွင်အပြင်မရှိသော အနက်ရောင်အရိပ် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအနက်ရောင်အရိပ်သည် အသွင်အပြင် မရှိသော်လည်း မျက်ဝန်းများကမူ အထူးတလည် တောက်ပနေခဲ့သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်သည် ငရဲမှလာသော နတ်ဆိုးဘုရင်တစ်ပါး ကဲ့သို့ အေးစက်နေခဲ့၏။
သာမန် ကောင်းကင်အရှင် တစ်ပါး ပင်လျှင် ထိုအနက်ရောင်အရိပ်၏ အကြည့်နှင့် ရင်ဆိုင်မိလျှင် စိတ်ဝိညာဥ်အပြင်းအထန် ထိခိုက်သွားနိုင်ပေသည်။
“ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ ဝိညာဥ်အကြွင်းအကျန် ရှိနေလိမ့်မယ်လို့ ငါတကယ်မထင်ထားမိဘူး”
ကျောက်ရုပ်ထု၏ အထက်တွင် ထွက်ပေါ်လာသည့် အနက်ရောင်အရိပ်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူသိထားသလောက်ဆိုလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မဟာနတ်မျိုးနွယ်စု ရှစ်စုတွင် ရှေးခေတ်ကာလက ကပ်ဘေးကြီး ပြီးဆုံးပြီး နောက်ပိုင်းကတည်းကပင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မွေးဖွားမလာခဲ့ပေ။
ထို့ကြောင့် ဤနတ်ဘုရင်အဆင့်၏ ဝိညာဥ်အကြွင်းအကျန်သည် ရှေးခေတ်ကာလကတည်းကပင် ကြွင်းကျန်ရစ်ခဲ့သော ဝိညာဥ် အကြွင်းအကျန် ဖြစ်နိုင်ခြေ များ၏။
သိထားရမည့်အချက်မှာ နတ်ဘုရင်အဆင့်၏ သက်တမ်းသည် အလွန်တရာ ရှည်လျားသော်လည်း နှစ်ပေါင်း သန်းတစ်ရာထက် မကျော်လွန်ခြင်းပင်။
မဟာကပ်ဘေးကြီး ပြီးဆုံးခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဝိညာဥ်အကြွင်းအကျန်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုတွင် အသက်ရှင်ကျန်ရစ်နေခဲ့သည်။
ထို့ကြောင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ဝိညာဥ်လမ်းစဥ်တွင် အထူးတလှယ် ကျွမ်းကျင်သည့် ရှေးဟောင်းမျိုးနွယ်စု ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်လှ၏။
“မင်းက ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အဆုံးစွန် ကန့်သတ်ချက်ကို ကျော်လွန်သွားတဲ့ အနှိုင်းမဲ့ ကောင်းကင်နတ်ဘုရားတစ်ပါး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်”
ကျန်းချန်က သူ၏ အရှိန်အဝါအောက်တွင် အေးအေးဆေးဆေးသာ ရှိနေသည်ကို မြင်လျှင် အနက်ရောင်ပုံရိပ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။
“ငါကိုယ်တိုင် မိတ်ဆက်ပေးပါရစေ.. ငါက ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုရဲ့ ဘိုးဘေးဖြစ်တဲ့ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ပဲ”
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
“နတ်ဘုရင်က ငါ့ကို ဒီနေရာဆီ မျှားခေါ်ခိုင်းလိုက်တာ သတ်ပစ်ဖို့ပဲ မဟုတ်လား”
“ဟားဟား မင်းက အမြင်စူးရှသားပဲ”
ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်က ကျန်းချန်ကို ခပ်ပြုံးပြုံး ကြည့်နေခဲ့သည်။
သူ၏ မျက်ဝန်းများတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့၏။
“ငါပြန်လည်မွေးဖွားဖို့ ဆိုရင် ကောင်းမွန်တဲ့ ခန္ဓာကိုယ်တစ်ခု လိုအပ်တယ်.. မင်းရဲ့ခန္ဓာကိုယ်က ငါ့အတွက် အသင့်တော်ဆုံးခန္ဓာကိုယ်ပဲ”
သူ၏ ရှေ့မှ ကောင်လေးသည် ကောင်းကင်နတ်ဘုရားအဆင့်၏ အဆုံးစွန် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သောကြောင့် အနှိုင်းမဲ့ ပါရမီရှင်ဟုပင် ဆို၍ရသည်။
အကယ်၍ သူသာ ဤကောင်လေး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူ၏ ဝိညာဥ်ကို ခန္ဓာကိုယ်နှင့် တစ်သားတည်းကျအောင် လုပ်နိုင်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ကို အသစ်ပြန်လည်မဖန်တီးလျှင်ပင် ထိပ်ဆုံးကို ပြန်လည် ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။
ထိုကောင်လေး၏ ခန္ဓာကိုယ်ဖြင့်သာ ဆိုလျှင် သူ၏ အထွတ်အထိပ် ကာလက အခြေအနေကို ကျော်လွန်ဖို့ပင် မဖြစ်နိုင်ဟု မဆိုနိုင်ပေ။
“ငါ့ကို ဒီနေရာဆီ မျှားခေါ်လာခိုင်းတာ လက်စသတ်တော့ ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်လို့ကိုး”
ကျန်းချန်၏ ခန္ဓာကိုယ်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒါပေမဲ့ ငါကျန်းချန်ရဲ့ခန္ဓာကိုယ်က မင်းလိုလူ သိမ်းပိုက်နိုင်တဲ့အရာ မဟုတ်ဘူး”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။
“ကောင်လေး.. ဒီနတ်ဘုရားကျောင်းထဲ ဝင်မလာခဲ့ဘူး ဆိုရင်တော့ ငါ မင်းကို ဘာမှတတ်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ မင်းက အခု ဒီနေရာထိ ရောက်လာပြီ ဆိုမှတော့ ငါမင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ကျန်းချန်က အနှိုင်းမဲ့ပါရမီရှင် ဖြစ်သော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် အလေးအနက် မထားခဲ့ပေ။
ဆိုရလျှင် နတ်ဘုရင် အဆင့်အောက်တွင် အရာအားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်၏။
ထူးခြားသော စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ကြယ်ပွင့် အဆင့် ကောင်းကင်အရှင်များ ပင်လျှင် နတ်ဘုရင်အဆင့်၏ ကြောက်မက်ဖွယ်စွမ်းအားကို ယှဥ်ပြိုင်ရန် မလွယ်ကူပေ။
သူက ယခုမှ ပြန်လည် နိုးထလာသည့် ဝိညာဥ် အကြွင်းအကျန် တစ်ခုသာ ဖြစ်သော်လည်း ဤခန်းမထဲတွင် နတ်ဘုရင်အဆင့်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထုတ်သုံးနိုင်စွမ်း ရှိနေသေး၏။
ဆိုရလျှင် ထိုကောင်လေးအနေဖြင့် မည်မျှပင် ထူးချွန်ပါစေ.. သူ့လက်ထဲကနေ မည်သို့မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
“ငါ ဒီနေ့ ဒီနေရာကို လာရတာက ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ့ပေးနိုင်တဲ့ ရတနာတချို့ကို လိုချင်လို့ပဲ.. မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုနဲ့ ရန်သူဖြစ်ချင်လို့ မဟုတ်ဘူး.. ဒါပေမဲ့ မင်းကတော့ ငါနဲ့ အတင်းအကျပ် ရန်သူ ဖြစ်ချင်နေတာပဲ”
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“မင်းကို ကိုယ့်သေတွင်း ကိုယ်မတူးဖို့ ငါအကြံပေးချင်တယ်.. အကယ်၍ မင်းငါ့ကို တိုက်ခိုက်မယ်ဆိုရင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲမှာ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
“ဟမ့် သေခါနီးတောင် စကားကြီးစကားကျယ်တွေ ပြောရဲသေးတယ်.. ကောင်လေး မင်းသာ မင်းရဲ့ခန္ဓာကိုယ်ကို လိမ်လိမ်မာမာ စွန့်လွှတ်မယ်ဆိုရင် ငါမင်းကို အသက်ရှင်ခွင့်ပေးဖို့ စဥ်းစားပေးမယ်.. ဒီလိုမှ မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က နှာခေါင်းရှုံ့ကာ အေးစက်စက်ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခဲ့ပြီး သူ့ထံမှ ဝိညာဥ်ဖိအားများသည် ခန်းမအတွင်း ပျံ့နှံ့သွားခဲ့သည်။
အခန်း(၂၀၇၂)ပြီး၏။