အခန်း (၂၀၇၃-၂၀၇၄)
Vol. 148 Ch. 2073-2074
အခန်း(၂၀၇၃)
“အဘိုးကြီး မင်းသာ အထွတ်အထိပ် အခြေအနေမှာဆိုရင်တော့ ငါမင်းကို စိုးရိမ်းကောင်း စိုးရိမ်ရလိမ့်မယ်.. ဒါပေမဲ့ အခုအချိန်မှာ မင်းက နတ်ဘုရင်ရဲ့ဝိညာဥ် အကြွင်းအကျန်သက်သက်ပဲ.. မင်းရဲ့ လက်ရှိအခြေအနေနဲ့ ငါ့ရှေ့မှာ ရမ်းကားဖို့ အရည်အချင်း မရှိသေးဘူး.. ငါမင်းကို စေတနာနဲ့ အကြံပေးမယ်.. မင်းရဲ့ဝိညာဥ်ကို ဖျက်ဆီးမခံချင်ဘူး ဆိုရင် ငါ့ကို တိုက်ခိုက်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ လွှမ်းမိုးနိုင်သော ဝိညာဥ်ဖိအားနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်ငြိမ်မှု ရှိနေဆဲပင်။
“ကောင်လေး မင်းကိုယ်မင်း ဘဝင်မြင့်မနေနဲ့”
ထိုစကားကို ပြောပြီးနောက်တွင် သူ၏ မျက်ဝန်းကနေ အနက်ရောင် အလင်းတန်းများသည် ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့ပြီး ပါးစပ်ကနေလည်း ဝိညာဥ်ကို ထိုးဖောက်လုမတတ် စူးရှလှသည့် လေချွန်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ သူ၏ ခန္ဓာကိုယ်မှ ဝိညာဥ်စွမ်းအားများသည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး သိပ်မကြာခင်မှာပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် အထွတ်အထိပ် ဝိညာဥ်စွမ်းအားများသည် ခန်းမတစ်ခုလုံးကို ငရဲဘုံ ကိုးလွှာကဲ့သို့ ချက်ချင်းဆိုသလိုပင် မှောင်အတိ ကျသွားစေခဲ့သည်။
ခန်းမထဲတွင် တစ္ဆေသရဲနှင့် ဝံပုလွေများ၏ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး အရပ်မျက်နှာအသီးသီးကနေ ရေတွက်၍ မရသည့် အနက်ရောင်မြူခိုးများ စီးဝင်လာခဲ့သည်။
ထိုအနက်ရောင်မြူခိုးထဲတွင် ဝိညာဥ်များကိုပင် ဝါးမျိုပစ်နိုင်လောက်သည့် ဆန်းကြယ်သော ဝါးမျိုခြင်း စွမ်းအားများ ရှိနေခဲ့၏။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ကဲ့သို့ ကျင့်ကြံသူ ပင်လျှင် သူတို့၏ ဘိုးဘေးထံမှ ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိလျှင် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူသာ ဤနေရာတွင် ဆက်ရှိနေမည် ဆိုလျှင် ထိုစွမ်းအား၏ ရိုက်ခတ်မှုကို ခံရသည်နှင့် တစ်ပြိုင်နက် သူ၏ ဝိညာဥ်က ဝါးမျိုခြင်း မခံရလျှင်ပင် အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားနိုင်မှန်း ကောင်းစွာ နားလည်လိုက်သည်။
ထို့ကြောင့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က တုံ့ဆိုင်းမနေခဲ့ဘဲ ဘုရားကျောင်းထဲကနေ အလျင်အမြန် ထွက်၍ တံခါးကို ခပ်မြန်မြန် ပိတ်လိုက်သည်။
ထို့နောက်တွင် သူက သူ၏ ရှေ့မှ နတ်ဘုရားကျောင်းကို လေးနက်သော အမူအရာဖြင့် စူးစိုက်ကြည့်နေခဲ့သည်။
သူတို့၏ ဘိုးဘေးသည် တစ်ချိန်က နတ်ဘုရားနယ်မြေတွင် နာမည်ကျော်ကြားသော နတ်ဘုရင်တစ်ပါး ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ အထွတ်အထိပ် အခြေအနေကို ပြန်လည် မရောက်ရှိသေးသည့် ဝိညာဥ်အကြွင်းအကျန်တစ်ခုမျှသာ ဖြစ်၏။
တစ်ဖက်မှ ကျန်းချန်ဟု အမည်ရသည့် ကောင်လေးကမူ လမ်းစဥ် ၁၀ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နတ်ဘုရား အဆင့်၏ အဆုံးစွန် ကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် အနှိုင်းမဲ့ပါရမီရှင် တစ်ဦး ဖြစ်သည်။
တကယ်တမ်းတွင် သူတို့၏ ဘိုးဘေးက ထိုကောင်လေး၏ ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်မနိုင်နှင့် ပတ်သက်၍ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ရေရေရာရာ မရှိခဲ့ပေ။
အကယ်၍ ဘိုးဘေးသာ ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လျှင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ကောင်းကင်ဘုံအထိ တစ်ဟုန်ထိုး တိုးတက်လာလိမ့်မည် ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အရှင်သခင်ဖြစ်လာရန်ပင် မည်သည့် ပြဿနာမရှိပေ။
သို့သော်လည်း ဘိုးဘေးသာ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကျဆုံးခဲ့လျှင် သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အနေဖြင့် ပျက်စီးသွားရမည့် တစ်လမ်းသာ ရှိတော့သည်။
“ကောင်လေး.. မင်းက ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အဆုံးစွန် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တယ် ဆိုတော့ မင်းရဲ့ပါရမီက တကယ်ကို သြချလောက်စရာပဲ.. ပါရမီရှင်တွေ အများအပြား ပေါ်ထွက်လာတဲ့ ရှေးခေတ်ကာလမှာတောင်မှ မင်းနဲ့ယှဥ်နိုင်တဲ့သူ ရှိမယ်လို့ ငါမထင်ဘူး.. နှမြောစရာကောင်းတာက အဆုံးသတ်မှာ မင်းက ကောင်းကင်နတ်ဘုရားအဆင့်မှာ ရှိနေသေးတာပဲ.. ဒီနေ့တော့ ငါက နတ်ဘုရင်အဆင့်ရဲ့ ကြီးကျယ်တဲ့ စွမ်းအားကို မင်း အမြင်ကျယ်အောင် ပြသပေးမယ်”
ထိုစကားကို ပြောရင်း ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်သည် သူ၏လက်ဝါးကို အသာအယာ ဆန့်ထုတ်လိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိသည့် ဆန်းကြယ်သော ဝါးမျိုခြင်းစွမ်းအားများသည် အထွတ်အထိပ် ဝိညာဥ်စွမ်းအားများ ကိန်းအောင်းနေသည့် ပိန်းပိတ်အောင် မှောင်မိုက်နေသော ဝိညာဥ်သားရဲတစ်ကောင် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
ထိုဝိညာဥ်သားရဲက ၎င်း၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ဟလိုက်ကာ ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုခြင်းစွမ်းအားဖြင့် ကျန်းချန်ကို ဝါးမျိုပစ်ရန် ကြိုးစားလိုက်သည်။
“ဟားဟား ဒီလောက်ပဲလား”
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။
ကျန်းချန်၏ လက်ညှိုးကနေ လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကနေ ပေါင်းစပ်ထားသော ဓားစွမ်းအင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မှောင်မိုက်နေသော ခန်းမတစ်ခုလုံးသည် လင်းထိန်သွားခဲ့သည်။
ထို့နောက်တွင် အရာအားလုံးကို သတ်ဖြတ်နိုင်သော စွမ်းအားများ ကိန်းအောင်းနေသည့် ဓားစွမ်းအင်သည် အနက်ရောင်ဝိညာဥ်သားရဲကို ခုတ်ပိုင်းပစ်လိုက်၏။
“ရွှစ်..”
ကြည်လင်သော အသံတစ်သံကို ကြားလိုက်ရပြီးနောက်တွင် ဝိညာဥ်သားရဲသည် ဓားစွမ်းအား၏အောက်၌ ထက်ပိုင်းပြတ်သွားခဲ့သည်။
သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် သူ၏ အထွတ်အထိပ်ကာလက နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူက ယခုမှ ပြန်လည်နိုးထလာသည့် ဝိညာဥ် အကြွင်းအကျန်တစ်ခုသာ ဖြစ်သော်လည်း ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူထက် သာလွန်သော စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့၏။
နယ်မြေနတ်ဘုရား အဆင့်နှင့် နတ်ဘုရင်အဆင့် တို့၏ ကွာခြားချက်သည် မိုးနှင့်မြေပမာ ကွာခြားသည်ဟု အဆိုရှိသည်။
ထို့ကြောင့် ယေဘုယျအားဖြင့် ကောင်းကင်နတ်ဘုရား အဆင့်သည် နတ်ဘုရင်အဆင့် ရှေ့တွင် ပုရွက်ဆိတ်ပမာ တည်ရှိမှုသာ ဖြစ်သည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်သော မဟာလမ်းစဥ်စွမ်းအားသည် သက်ရှိအားလုံးထက် သာလွန်သော ကောင်းကင်စွမ်းအား ဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် ဖြစ်ပေါ်လာသော မဟာကပ်ဘေးကြီးတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများထဲ၌ မည်သူမှ လွတ်မြောက်ခြင်း မရှိခဲ့ပေ။
ထိုအချိန်က ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်သည် ထိုကပ်ဘေးကို ရှောင်လွဲ၍ မရနိုင်မှန်း သိသောကြောင့် သူ၏ ကိုယ်ပိုင် ဝိညာဥ် တစ်စကို လျှို့ဝှက်နည်းစနစ်ဖြင့် ပိတ်လှောင်ထားခဲ့ကာ တစ်နေ့နေ့တွင် ပြန်လည် နိုးထလာနိုင်ရန် မျှော်လင့်ထားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်သည် လျှို့ဝှက်နည်းစနစ်၏ ပိတ်လှောင်မှုကနေ အဆုံးသတ်၌ လွတ်မြောက်လာခဲ့ပြီး သူ၏ဝိညာဥ်ပြန်လည် ကောင်းမွန်လာရန် အတွက် ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုကို ကူညီခိုင်းခဲ့သည်။
ဤနှစ်ပိုင်းအတွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ရတနာအမြောက်အများနှင့် အနက်ရောင်မြူတော ထဲတွင် ပျိုးထောင်ထားသော ဝိညာဥ်များ၏ အကူအညီဖြင့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ နတ်ဝိညာဥ်သည် ၇၀ရာခိုင်နှုန်း အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် ပါရမီထူးကဲသော ကြယ်တစ်ပွင့် ကောင်းကင်အရှင် ပင်လျှင် သူ့ကို ယှဥ်ပြိုင်ဖို့ ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် လက်ရှိ အခြေအနေမှာပင် ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိသည့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့ချေပြီ။
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က ဤခန်းမထဲကနေ ပြင်ပသို့ မထွက်သည့် အကြောင်းအရင်းမှာ သူ၏ ဝိညာဥ်အကြွင်းအကျန်သည် ဤဘုရားကျောင်းထဲတွင်သာ ကျင့်ကြံရန် လိုအပ်နေသည့် အပြင် နောက်ထပ် အဓိကအကြောင်းအရင်း တစ်ခုလည်း ရှိနေသေးသည်။
ယင်းမှာ သူအနေဖြင့် ဤဘုရားကျောင်းထဲကနေ ပြင်ပသို့ ထွက်သွားရန် မဝံ့ရဲသောကြောင့်ပင်။
နတ်ဘုရင်အဆင့်သည် ကောင်းကင်လမ်းစဥ်၏ နတ်စွမ်းအားကို ထိန်းချုပ်နိုင်သော်လည်း ကောင်းကင်နိယာမများကို ကျော်လွန်ပြီး နှစ်ပေါင်းသန်းတစ်ရာ အထက် ပိုသော သက်တမ်းအတားအဆီးကို မလွန်ဆန်နိုင်ပေ။
သို့သော် ရှေးခေတ်ကာလကစ၍ ယခုဆိုလျှင် နှစ်သန်းပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။
အကယ်၍ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သာ အထွတ်အထိပ်လျှို့ဝှက်နည်းစနစ်ဖြင့် သူ၏ ဝိညာဥ်အကြွင်းအကျန်ကို ပိတ်လှောင်မထားခဲ့လျှင် ဤလောက ကနေ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။
သူ့အနေဖြင့် ဤကဲ့သို့သော နည်းလမ်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ကောင်းကင်၏ လက်ခံမှုကိုမူ ရရှိမည်မဟုတ်ပေ။
သူ၏ ဝိညာဥ်သာ အပြင်သို့ ထွက်သွားမည် ဆိုလျှင် ကောင်းကင်နိယာမအောက်တွင် မုချ ပျက်စီးသွားရလိမ့်မည်ဖြစ်၏။
ဤနတ်ဘုရားကျောင်းသည် ဝိညာဥ်ကို ပျိုးထောင်ပေးနိုင်ရုံသာမက ကောင်းကင်နိယာမများ၏ သက်ရောက်မှုကိုပါ ဖျက်တောက်ပေးထားနိုင်သည့် စွမ်းရည်ရှိသည်။
ထို့ကြောင့်လည်း ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်သည် ကောင်းကင်၏ သတိပြုမိခြင်း မခံရအောင် ဤဘုရားကျောင်းထဲတွင်သာ နေနိုင်ခဲ့သည်။
သူ့အနေဖြင့် ဘုရားကျောင်းထဲကနေ ထွက်သွားချင်လျှင် ခန္ဓာကိုယ် တစ်ခုကို မလွဲမသွေ သိမ်းပိုက်ရပေလိမ့်မည်။
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ မူလက အစီအစဥ်သည် သူ၏ ဝိညာဥ်ကို အထွတ်အထိပ် အခြေအနေအထိ အရင်ဆုံး ပြန်လည် ရောက်ရှိအောင် လုပ်ပြီးမှ ခန္ဓာကိုယ်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် သူ၏ အစီအစဥ်ကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့သောကြောင့် သူက အစီအစဥ်ကို ပြောင်းလဲကာ ခန္ဓာကိုယ်ကို ဦးစွာ သိမ်းပိုက်ရန် ရွေးချယ်ခဲ့ရသည်။
“ကောင်လေး ငါမင်းကို အထင်သေးမိခဲ့တယ်.. မင်းက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ အဆုံးစွန် ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တဲ့ အနှိုင်းမဲ့နတ်ဘုရား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ အမူအရာက ယခင်ကထက်ပင် ပို၍ လေးနက်လာခဲ့၏။
ကျန်းချန်က ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ကို အေးစက်စက်ကြည့်လိုက်သည်။
“စိတ်မကောင်းစရာပဲ.. နတ်ဘုရင်ရဲ့ ဝိညာဥ်အကြွင်းအကျန်က ငါထင်ထားတာထက် အများကြီး ပိုညံ့ဖျင်းနေပါလား”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်သည် အထွတ်အထိပ်အခြေအနေကို ပြန်လည် မရောက်ရှိသေးပေ။
ယခု ထိုဝိညာဥ် ပိုင်ဆိုင်ထားသည့် စွမ်းအားသည် ကြယ်တစ်ပွင့် ကောင်းကင်အရှင်ထက် အနည်းငယ်ပို၍ သန်မာရုံသာဖြစ်သည်။
လွန်ခဲ့သည့်နှစ်နှစ်က စွမ်းရည်ဖြင့် ဆိုလျှင်ပင် သူ့အနေဖြင့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်အကြွင်းအကျန်ကို ကြောက်ရွံ့စရာ မလိုပေ။
ယခု သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား ၁၀မျိုးသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ရာ လွန်ခဲ့သော နှစ်နှစ်ကထက် တိုက်ခိုက်ရေးစွမ်းရည်သည် ၁၀ဆခန့် တိုးမြင့်လာခဲ့ချေပြီ။
သို့ဖြစ်ရာ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်အကြွင်းအကျန်သည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။
“ဟားဟား ကောင်လေး.. မင်းက နတ်ဘုရင်အဆင့်ကို မရောက်ဖူးသေးတော့ နတ်ဘုရင်အဆင့်ရဲ့ စွမ်းအားက ဘယ်လောက်အထိ ကြီးမားလဲဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး.. ဒါ့အပြင် ဒီဘုရားကျောင်းထဲမှာဆိုရင် ငါ့ရဲ့ စွမ်းအားတွေက အကန့်အသတ်မဲ့ပဲ.. မင်းဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. ငါ့လက်ထဲကနေ ဘယ်လိုမှ လွတ်မြောက်မှာမဟုတ်ဘူး”
ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်၏ စကားသံ အဆုံးသတ်သည်နှင့် ဘုရားကျောင်းထဲရှိ ဝါးမျိုခြင်းစွမ်းအားများသည် ထပ်မံ၍ မြင့်တက်လာခဲ့သည်။
ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအားကြောင့် အသတ်ခံလိုက်ရသည့် ဝိညာဥ်သားရဲသည်လည်း ချက်ချင်းဆိုသလို ပြန်လည် စုစည်းသွားခဲ့သည်။
“ကောင်းပြီလေ မင်းပြောသလိုပဲ.. မင်းရဲ့စွမ်းအားက တကယ်ပဲ အကန့်အသတ်မဲ့လား ဆိုတာ ငါကြည့်ချင်သေးတယ်”
ထိုစကားကို ပြောရင်း ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအားဖြင့် ဝိညာဥ်သားရဲကို တစ်ဖန် ပစ်ခတ်လိုက်သည်။
အခန်း(၂၀၇၃)ပြီး၏။
အခန်း(၂၀၇၄)
လက်ညှိုးမှ ဓားစွမ်းအားက ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်၏ ဝိညာဥ်သားရဲကို ကြောက်မက်ဖွယ်စွမ်းအားများဖြင့် အစအနပင် မကျန်အောင် နောက်တစ်ကြိမ် ခုတ်ပိုင်းပစ်လိုက်သည်။
“ကောင်လေး.. မင်းရဲ့စွမ်းအားတွေကို ဘယ်လောက်အထိ အကုန်ခံနိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ကျန်းချန် သတ်ဖြတ်လိုက်သည့် ဝိညာဥ်သားရဲသည် နောက်တစ်ကြိမ် ပြန်လည် စုစည်းသွားခဲ့သည်။
အစောပိုင်းက တိုက်ခိုက်မှုအပြီးတွင် ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်သည် သူ၏ လက်ရှိအခြေအနေဖြင့် ကျန်းချန်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်မှန်း ကောင်းစွာနားလည်သွားခဲ့သည်။
ထို့ကြောင့်ပင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ကျန်းချန်ကို အဆင်အခြင်မဲ့ တိုက်ခိုက်ရန် မစဥ်းစားတော့ဘဲ ဤဘုရားကျောင်းထဲရှိ အစွမ်းထက် ပြန်လည်နိုးထနိုင်စွမ်းကို အသုံးချကာ ကျန်းချန်၏ စွမ်းအားများကို ကုန်ဆုံးသွားအောင် လုပ်ရန် ရည်ရွယ်လိုက်သည်။
ကျန်းချန်သည် ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း အဆုံးသတ်တွင် ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေးသည်။
ထိုကောင်လေးအနေဖြင့် ကောင်းကင်ကို ဆန့်ကျင်နေသည့် တိုက်ခိုက်ရေးစွမ်းအားများ ထုတ်ပြနိုင်လျှင်ပင် ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် အချိန်အကြာကြီး ခံနိုင်မည်မဟုတ်ပေ။
သူ့အနေဖြင့် ကျန်းချန်၏ ခွန်အားများကို ကုန်ဆုံးသွားအောင်လုပ်ပြီး အားနည်းသော အခြေအနေထဲ ရောက်သွားအောင်လုပ်နိုင်သရွေ့ ကျန်းချန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်မှာ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
“ဟားဟား ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်.. ဒီလှည့်ကွက်လေးလောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား”
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်လိုက်ရာ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် ကျန်းချန်၏ လက်ဖဝါးထဲတွင် ရိပ်ခနဲ ပေါ်လာခဲ့သည်။
ထိုအနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် ထွက်ပေါ်လာသည်နှင့် ဘုရားကျောင်းထဲတွင် ပျံ့နှံ့နေသည့် ဝါးမျိုခြင်းဝိညာဥ်စွမ်းအားများသည် တစ်ခဏအတွင်းမှာပင် အားနည်းသွားခဲ့သည်။
“ဒါက..”
ကျန်းချန်၏ လက်ဖဝါးထဲမှ အနက်ရောင် လေးထောင့်တုံးစည်းတံဆိပ်ကို မြင်လျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
ကျန်းချန်၏ လက်ဖဝါးထက်ရှိ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် ထံကနေ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် သူ၏ စိတ်နှလုံးကို တုန်လှုပ်သွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုကို မမျှော်လင့်ဘဲ ခံစားလိုက်ရသည်။
ဤအချိန်တွင် ကျန်းချန်၏ မျက်နှာသည် အလွန်တရာ တည်ငြိမ်နေခဲ့၏။
သူက ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ထိတ်လန့်နေသော အမူအရာကို ဂရုစိုက်မနေခဲ့ပေ။
ထို့နောက် သူက လက်ဖဝါးထက်မှ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်ဖြင့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ကို ဖိနှိပ်လိုက်သည်။
အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် ကျန်းချန်၏ လက်ဖဝါးထက်ကနေ တစ်ခဏအတွင်း ပျံထွက်သွားခဲ့ပြီး လေထုထဲတွင် အရှိန်အဟုန်ဖြင့် ကြီးမားလာခဲ့ကာ ဘုရားကျောင်းထဲတွင် ပျံ့နှံ့နေသည့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်စွမ်းအားများကို ချက်ချင်းပင် ဝါးမျိုပစ်လိုက်သည်။
အဆုံးသတ်တွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ဟိန်းဟောက်နေသည့် ဝိညာဥ်သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့ပြီး ဝိညာဥ်သားရဲကို ချက်ချင်းပင် အစအန မကျန်ရှိအောင် ချေမှုန်းပစ်လိုက်သည်။
ဝိညာဥ်သားရဲကို အလွယ်တကူ အနိုင်ယူပြီးနောက်တွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအားများသည် လျော့ကျမသွားခဲ့ဘဲ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင် ဆီသို့ သက်ရောက်သွားခဲ့၏။
ထိုအခါ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် တုံ့ပြန်ဖို့ပင် အချိန်မရှိလိုက်ဘဲ အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ စွမ်းအားဖြင့် ထိမှန်သွားခဲ့သည်။
“အား..”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး အသွင်အပြင် မရှိသည့် သူ၏ ပုံရိပ်သည် တိုက်ရိုက်ပင် လွင့်စင်သွားခဲ့ကာ ဘုရားကျောင်း၏ နံရံကို အရှိန်ဖြင့် ဆောင့်မိသွားခဲ့သည်။
“ဒါက လူသားဧကရာဇ်နန်းတော်က ကျန်းမိသားစုရဲ့ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ပဲ.. မင်း.. မင်းက လူသားဧကရာဇ်နန်းတော်က ကျန်းမိသားစုဝင်လား”
ကျန်းချန်ကို အသေအချာ စိုက်ကြည့်နေရင်း ဝိညာဥ်ဝါးမျိုသူနတ်ဘုရင်၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ ထိတ်လန့်သောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားက ရှေးခေတ်ကာလက ကျန်ရစ်ခဲ့တဲ့ နတ်ဘုရင်လို့ မပြောရဘူး တကယ်ကို အမြင်စူးရှသားပဲ”
ကျန်းချန် ယခု ထုတ်ဖော်လိုက်သော ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်သည် ရိုးရှင်းသောဗားရှင်း မဟုတ်ဘဲ လူသားဧကရာဇ်နန်းတော်၏ မူပိုင်နည်းစနစ် ဖြစ်သည့် ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ် ဖြစ်သည်။
လူသားဧကရာဇ်နန်းတော်၏ ရှေးဟောင်းစည်းတံဆိပ် ကျင့်စဥ်ကို ရရှိပြီးကတည်းကပင် ကျန်းချန်သည် ကျင့်ကြံခြင်း သိပ်မရှိခဲ့ဘဲ ရံဖန်ရံခါတွင်သာ ကျင့်ကြံခဲ့သည်။
သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမစည်းတံဆိပ် ဖြစ်သော ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အောင်မြင်စွာ ကျွမ်းကျင်သွားခဲ့သည်။
ထို့ကြောင့် ယခု နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ဝိညာဥ် အကြွင်းအကျန်နှင့် ရင်ဆိုင်ရသည့်အခါတွင် ကျန်းချန်သည် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်သုံးရန် တုံ့ဆိုင်းမနေခဲ့ပေ။
ယင်းအပြင် ဤစည်းတံဆိပ်၏ သက်ရောက်မှုသည် ကျန်းချန် မှန်းဆထားသည်ကိုပင် လုံးဝ ကျော်လွန်သွားခဲ့သည်။
ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်လမ်းစဥ်၏ စွမ်းအားများကို လုံးဝ ဖိနှိပ်နိုင်မှန်း ကျန်းချန်သိသော်လည်း ထိုစည်းတံဆိပ်သည် ကောင်းကင်ဝါးမျိုနတ်ဘုရင်၏ ဝိညာဥ်ကို ဤမျှလောက်အထိ ဆိုးဆိုးဝါးဝါး ဖိနှိပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
စင်စစ် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် နတ်ဘုရင်အဆင့်ကျင့်ကြံသူ၏ ဝိညာဥ်အကြွင်းအကျန် ဖြစ်ပြီး ကြယ်တစ်ပွင့်ကောင်းကင်အရှင်ထက် များစွာ ပို၍ သန်မာသည်။
မူလက ကျန်းချန်သည် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်အကြွင်းအကျန်ကို ဖြေရှင်းရန် အားထုတ်မှု များစွာ လုပ်ရလိမ့်မည်ဟု ထင်ထားခဲ့၏။
သို့ရာတွင် မမျှော်လင့်ဘဲ ရှေးဟောင်း ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်သည် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်ကို ပြန်လည်၍ မခုခံနိုင်လောက်သည် အထိ ဖိနှိပ်ထားနိုင်ခဲ့သည်။
ဤရှေးဟောင်း ဝိညာဥ်ငြိမ်းသက်ခြင်း စည်းတံဆိပ်ဖြင့်သာ ဆိုလျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်အကြွင်းအကျန်သည် သူ၏ မျက်စိထဲတွင် အသတ်ခံရဖို့ စောင့်နေရှာသည့် ယုန်သူငယ်လေး တစ်ကောင်နှင့် မခြားနားတော့ပေ။
“ကောင်လေး ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်းလိုအပ်တဲ့ ဝိညာဥ်လမ်းစဥ် ရတနာကို ပေးအပ်ဖို့ ဆန္ဒရှိတယ်.. ဒါကြောင့် ငါတို့ရဲ့တိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်.. ဘယ်လိုသဘောရလဲ”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ကမ်းလှမ်းလိုက်သည်။
ရှေးခေတ်ကာလကတည်းက အသက်ရှင်ခဲ့သော နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် လူသားဧကရာဇ်နန်းတော်၏ အကြောင်းကို ကောင်းစွာ သိထားခဲ့သည်။
လူသားဧကရာဇ် နန်းတော်သည် နတ်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု၏ အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။
လူသားဧကရာဇ် နန်းတော်၏ ကျန်းမိသားစုတွင် လူသားဧကရာဇ်ရှေးဟောင်း စည်းတံဆိပ်ဟု အမည်ရသည့် အနှိုင်းမဲ့ကိုယ်ခံပညာရပ် တစ်မျိုး ရှိသည်။
ထိုကိုယ်ခံပညာရပ်တွင် စည်းတံဆိပ်သုံးမျိုး ရှိပြီး စည်းတံဆိပ်တိုင်းသည် ကမ္ဘာမြေကို တုန်လှုပ်စေကာ တစ္ဆေသရဲများကို ငိုကြွေးစေနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထား၏။
လူသားဧကရာဇ်၏ ရှေးဟောင်းစည်းတံဆိပ် သုံးခု ထဲတွင် စည်းတံဆိပ်တစ်ခုသည် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဟု အမည်ရပြီး ထိုစည်းတံဆိပ်၏ စွမ်းအားသည် ကမ္ဘာပေါ်ရှိ ဝိညာဥ်စွမ်းအားများ၏ ရန်သူပင် ဖြစ်သည်။
ဆိုရလျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်စုမှ နတ်ဘုရင်တစ်ပါးနှင့် တစ်ခါက ဆုံခဲ့ဖူးပြီး တစ်ဖက်လူ၏ ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကြောင့် အသေအလဲ ဖိနှိပ်ခံခဲ့ရဖူးသည်။
သူ့အနေဖြင့် နှစ်သန်းပေါင်းများစွာ ကြာပြီးနောက်တွင် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်နှင့် ထပ်မံရင်ဆိုင်ရလိမ့်မည်ဟု ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် တစ်ခါမှ မတွေးမိခဲ့ပေ။
ဆိုရလျှင် ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် ကမ္ဘာပေါ်ရှိ ဝိညာဥ်စွမ်းအား အလုံးစုံကို အောင်နိုင်သော စွမ်းရည်ရှိသည်။
သူ၏ လက်ရှိအခြေအနေ မပြောနှင့်၊ သူ၏ ဝိညာဥ်က အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိနေလျှင်ပင် ဤရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ဖြင့် ရင်ဆိုင်ရလျှင် အရှုံးပေးရလိမ့်မည်သာ။
ထို့ကြောင့်လည်း ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ကျန်းချန်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။
သူက ကောင်းကင်နိယာမ၏ အန္တရာယ်ကြောင့် ဤဘုရားကျောင်းထဲကနေ ပြင်ပသို့ ထွက်ခွာ၍ မရပေ။
ထို့ကြောင့် ကျန်းချန်၏ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ရှောင်တိမ်းရန် ခက်ခဲနေခဲ့သည်။
အစောပိုင်းက ကျန်းချန်၏ စည်းတံဆိပ်ဖြင့် ဖိနှိပ်မှုသည် သူ၏ ဝိညာဥ်ကို အပြင်းအထန် ထိခိုက်စေခဲ့ပြီ ဖြစ်၏။
အကယ်၍ ကျန်းချန်သာ ထပ်မံ၍ တိုက်ခိုက်ခဲ့လျှင် သူ၏ ဝိညာဥ်သည် ယနေ့တွင် အမှန်တကယ် ပျက်စီးသွားပေလိမ့်မည်။
“အခုချိန်မှ ငြိမ်းချမ်းရေး လာကမ်းလှမ်းတယ်လား.. စိတ်မကောင်းစရာပဲ.. သိပ်နောက်ကျသွားခဲ့ပြီ.. မင်းငါ့ကို ဒီနတ်ဘုရားကျောင်းထဲ ခေါ်လာတဲ့ အချိန်ကစပြီး ငါနဲ့ မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ရန်သူတွေ ဖြစ်ဖို့ ကံကြမ္မာ ပါလာခဲ့ပြီ”
ကျန်းချန်၏ အေးစက်စက် စကားသံ ထွက်ပေါ်လာသည့်နှင့် တစ်ပြိုင်နက် သူ၏ လက်ဖဝါးထက်တွင် ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် တစ်ဖန် စုစည်းလာခဲ့သည်။
“ငါမင်းတို့ကို အကြိမ်ကြိမ်သတိပေးခဲ့သားပဲ.. ဘုရားတရားသာ တထားပေတော့”
ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် သူ့ကို ဤနေရာသို့ မျှားခေါ်လာပြီး ခန္ဓာကိုယ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့သည်ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ အလွှတ်ပေးနိုင်ပါအံ့နည်း။
“ကောင်လေး.. ငါသေရမယ်ဆိုရင်တောင် မင်းပါ ငါနဲ့အတူ သေပွဲဝင်ရမယ်”
ကျန်းချန်က ငြိမ်းချမ်းရေးလုပ်ရန် ရည်ရွယ်ချက်မရှိဘဲ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထပ်မံစုစည်းနေသည်အား မြင်လျှင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
မကြာမီမှာပင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ခန္ဓာကိုယ်ကနေ အနက်ရောင်စွမ်းအားများ မြင့်တက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ကြီးထွားလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်က ဘောလုံးတစ်လုံး ကဲ့သို့ လျင်မြန်စွာ ဖောင်းကာလာခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်ကြေးခွံများ ဖြစ်ပေါ်လာခဲ့သည်။
တစ်ခဏအကြာမှာပင် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်၏ ဝိညာဥ်သည် မျက်နှာအပြာရောင် ရှိပြီး အနက်ရောင်ကြေးခွံများ ဖုံးအုပ်ထားသည့် နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုနတ်ဆိုးသည် အစွယ်များနှင့် ရှည်လျားသော လက်သည်းများကိုလည်း ပိုင်ဆိုင်ထား၏။
၎င်းကို ကြည့်ရသည်မှာ ငရဲကနေ ထွက်ပေါ်လာသည့် နတ်ဆိုးဘုရင် တစ်ပါးကဲ့သို့ပင်။
အခန်း(၂၀၇၄)ပြီး၏။