← Chapters

အခန်း (၂၀၇၇-၂၀၇၈)

Vol. 148 Ch. 2077-2078

အခန်း (၂၀၇၇-၂၀၇၈)

Vol. 148 Ch. 2077-2078

အခန်း(၂၀၇၇)

“ကြည့်ရတာ အထဲမှာ ပြဿနာတစ်ခုခု ဖြစ်နေပြီထင်တယ်.. မင်းတို့ ဒီမှာ စောင့်နေကြ.. ငါ အထဲဝင်ပြီးအခြေအနေသွားကြည့်မယ်”

တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် နောက်ထပ် လဝက်ခန့်စောင့်ဆိုင်းပြီးနောက်၌ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် တားမြစ်နယ်မြေထဲရှိ နတ်ဘုရားကျောင်းအတွင်း မည်သည့် လှုပ်ရှားမှုမှ မရှိသေးသည်ကို မြင်လျှင် တဖြည်းဖြည်း မျက်နှာအမူအရာ သုန်မှုန်လာခဲ့သည်။

သုံးလခွဲ ဆက်တိုက် စောင့်ဆိုင်းပြီးနောက်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် တားမြစ်နယ်မြေထဲရှိ နတ်ဘုရားကျောင်း ထဲသို့ သွားရောက်ကြည့်ရှူရန် ဆုံးဖြတ်လိုက်သည်။

သို့သော် တားမြစ်နယ်မြေထဲသို့ဝင်ရန် ပြင်လိုက်စဥ်မှာပင် တားမြစ်နယ်မြေထဲရှိ နတ်ဘုရားကျောင်း၏ ပိတ်ထားသော တံခါးသည် “ဝုန်း” ဟူသော အသံနှင့်အတူ ရုတ်တရက်ပွင့်လာခဲ့သည်။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် အကြီးအကဲများသည် ခဏမျှ မှင်တက်သွားခဲ့ပြီး နတ်ဘုရားကျောင်း ရှိရာဆီသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

ထိုအခါ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ ပုံရိပ်သည် နတ်ဘုရားကျောင်းထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။

“ဘိုး.. ဘိုးဘေး အောင်မြင်သွားပြီထင်တယ်”

သူတို့ရှေ့မှ မြင်ကွင်းကို မြင်ကာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် အကြီးအကဲများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့၏ဘိုးဘေး ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်သည် ရှေး‌ခေတ်ကာလက နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ဝိညာဥ် အကြွင်းအကျန်ဖြင့် ကျန်းချန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းသည် နတ်ဘုရင်အဆင့်၏ စွမ်းအား အလုံးစုံကို ထုတ်ဖော်နိုင်မည် မဟုတ်သော်လည်း မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲတွင်မူ လုံးဝ ပြိုင်ဘက်ကင်း ဖြစ်မည်မှာ သေချာ၏။

ဘိုးဘေး၏ ဦးဆောင်မှုအောက်တွင် သူတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုသည် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုကို ကျော်ဖြတ်ကာ မဟာနတ်မျိုးနွယ်စုရှစ်စုတွင် နံပါတ်(၁) ဖြစ်လာနိုင်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကို အုပ်စိုးရန် လက်တစ်ကမ်း အကွာသာလျှင် လိုအပ်တော့သည် မဟုတ်ပါလော။

“ဘိုးဘေး ဟုတ်လား.. ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်.. မင်းရဲ့သောက်လုံးတွေက သိပ်မကောင်းတော့ဘူး ထင်တယ်”

ကျန်းချန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို မဲ့ပြုံးပြုံး၍ ခနဲ့လိုက်သည်။

“စိတ်မကောင်းပါဘူး.. မင်းတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က ငါ့လက်ထဲမှာ အစအန မကျန်အောင် ပျက်စီးသွားခဲ့ပြီ”

“ဘာ..”

“ဘယ်လို..”

ကျန်းချန်၏ စကားအဆုံးတွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် အကြီးအကဲများ၏ မျက်နှာအမူအရာများသည် ဆိုးဆိုးဝါးဝါးပင် ပြောင်းလဲသွားခဲ့သည်။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က မယုံကြည်နိုင်သောအမူအရာဖြင့် အော်ဟစ်လိုက်သည်။

“ကျန်းချန်.. မင်းဖြစ်နေတာလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူတို့၏ ဘိုးဘေး ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က ကျန်းချန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရာတွင် ကျရှုံးသွားလိမ့်မည်ဟု ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် မထင်ထားခဲ့ပေ။

“ဘာလို့မဖြစ်နိုင်ရမှာလဲ”

ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မထီမဲ့မြင်အမူအရာဖြင့် ပြောလိုက်သည်။

“ကျန်းချန်.. မင်း.. မင်း ငါတို့ ဘိုးဘေးရဲ့ဝိညာဥ်ကို ဖျက်ဆီးပစ်ရဲတယ်လား”

“နတ်ဘုရင်အဆင့်ရဲ့ ဝိညာဥ်အကြွင်းအကျန် အဆင့်လောက်နဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြိုးစားတာက စိတ်ကူးယဥ်လွန်းနေတာပဲ”

ဝိညာဥ်ဖျက်ဆီး‌ ကောင်းကင်အရှင်၏ ဒေါသများသည် တမဟုတ်ချင်းမှာပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

ဘိုးဘေး၏ ဝိညာဥ်ပျက်စီးသွားပြီ ဖြစ်ရာ သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ နှစ်ပေါင်းများစွာ ကြံစည်ထားသော အစီအစဥ်များသည် ကျန်းချန်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။

ထိုမျှသာမက ယနေ့တွင် သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

“ငါက မင်းတို့ ဘိုးဘေးကို သတ်ပစ်လိုက်တော့ရော.. မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ.. ငါ မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို ဒီတစ်ကြိမ် ရောက်လာတာက ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ့ပေးတဲ့ ရတနာတချို့ လိုချင်လို့ပဲ.. ဒါပေမဲ့ မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ကိုယ့်သေတွင်း ကိုယ်တူးလိုက်တာတော့ ငါလည်း မတတ်နိုင်ဘူး”

ကျန်းချန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ငါ့ကို တိုက်ခိုက်တာနဲ့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ဒီလောကကြီးထဲမှာ ဆက်လက်ရှိနေဖို့ မလိုအပ်တော့ဘူးလို့ အဲဒီနေ့က နတ်ဘုရားကျောင်းထဲမှာ ငါပြောခဲ့တာ မင်းမှတ်မိသေးလား”

“ကျန်းချန်.. ဒီကိစ္စက တကယ်ပဲ ငါတို့ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုရဲ့ အမှားပါ.. ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်းကို တောင်းပန်တဲ့အနေနဲ့ ဝိညာဥ်လမ်းစဥ်ကို အထောက်အပံ့ပေးနိုင်တဲ့ ရတနာတွေ ထုတ်ပေးဖို့ ဆန္ဒရှိပါတယ်”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန်ပင် ကမ်းလှမ်းလိုက်သည်။

သူက မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ကျန်းချန်နှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် ကျန်းချန်၏ ခွန်အားက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမှန်း ကောင်းစွာသိထားခဲ့သည်။

ယခုအခါတွင် ဘိုးဘေး၏ ဝိညာဥ်က ကျန်းချန်၏ လက်ထဲတွင် ပျက်စီးသွားပြီဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်၏ ရှေ့တွင် ခေါင်းငုံ့ရန်သာ ရွေးချယ်ရတော့မည် မဟုတ်ပါလော။

ထိုသို့ မဟုတ်လျှင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ယနေ့တွင် အမြစ်ပြတ် သုတ်သင်ခံရမည့် ဘေးအန္တရာယ်နှင့် အမှန်တကယ်ပင် ရင်ဆိုင်ရပေလိမ့်မည်။

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

“ဒီနေ့လို ဖြစ်ပျက်လာမယ်ဆိုတာ သိရင် ဘာလို့ အစကတည်းက ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့ရတာလဲ”

“ကျန်းချန်.. မင်း ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုနဲ့ တိုက်ခိုက်ဖို့ တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား”

“ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့ မျိုးနွယ်စု မဟုတ်ဘူး...တကယ်လို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို ဖျက်ဆီးချင်တယ်ဆိုရင် မင်းကို ကြီးလေးတဲ့ အဖိုးအခ ပေးဆပ်စေမယ်”

“သေချာလို့လား”

ကျန်းချန်က အပိုစကားများ ဆက်လက်ပြောနေရန် စိတ်မရှည်တော့ပေ။

ဝိညာဥ်ဝါးမျိုသူ နတ်ဘုရင်က သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်အတွက် ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်က သူ့ကို နတ်ဘုရားကျောင်းထဲသို့ ခေါ်ဆောင်လာကတည်းကပင် သူက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို သေဒဏ်ချထားပြီးပြီ ဖြစ်သည်။

ယနေ့တွင် သူက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို နင်းချေ ဖျက်ဆီးပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကနေ လုံးဝပျောက်ကွယ်သွားအောင် လုပ်ဆောင်မည် ဖြစ်၏။

ကျန်းချန်က လက်ဖဝါးကို လှုပ်ရှားလိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ယံကို ထိုးဖောက်သွားခဲ့ပြီး ရွှေရောင်နန်းတော်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားအဖြစ် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထံသို့ ကျရောက်လာခဲ့သည်။

ထိုခဏတွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် သေခြင်းတရား၏ အရိပ်အငွေ့များကို ခံစားလိုက်ရ၏။

သူက လုံးဝ တုံ့ဆိုင်းမနေရဲဘဲ နတ်ဘုရင် အဆီအနှစ် သွေးတစ်စက်ကို အလျင်အမြန် မျိုချကာ သူ၏ လက်ထဲရှိ အနက်ရောင် တံဆိပ်ပြား တစ်ခုကို အစွမ်းကုန် လှုံ့ဆော်လိုက်သည်။

ထို့နောက်တွင် အနက်ရောင်တံဆိပ်ပြားမှ ထွက်ပေါ်လာသော စွမ်းအားသည် အနက်ရောင် အကာအကွယ်အလွှာ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင် မိုင်ရာချီနေရာလွတ်ကို ဖုံးအုပ်လိုက်သည်။

အနှိုင်းမဲ့စွမ်းအားများကို သယ်ဆောင်လာသော မဟာနဂါးနန်းတော်သည် အနက်ရောင် အကာအကွယ် အလွှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပြီး အနက်ရောင် အကာအကွယ်အလွှာကို အစအနပင် မကျန်ရှိအောင် ဖျက်ဆီးပစ်လိုက်သည်။

မဟာနဂါးနန်းတော်က အနက်ရောင် အကာအကွယ်အလွှာကို ချိုးဖျက်ပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များသည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့၏။

“ဝုန်း..”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး ၎င်း၏ ကိုယ်ထဲကနေ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် တထေရာတည်း တူညီသော အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်အရိပ်မှာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ဝိညာဥ်ပင် ဖြစ်သည်။

သူက အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေပြီး ထွက်ပြေးရန် ကြံစည်လိုက်သော်လည်း ကျန်းချန်၏ လက်ထဲမှ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ကျန်းချန်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲသို့ စတင် ဝင်ရောက်သည့် အချိန်ကတည်းကပင် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို အလွယ်တကူပင် ဖိနှိပ်နိုင်ခဲ့သည်။

ယခုဆိုလျှင် သူ၏ လမ်းစဥ် ၉မျိုး ကမ္ဘာ့စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ရာ သူ၏ ခွန်အားသည် ယခင်ကထက် အဆပေါင်းများစွာ သာလွန်နေခဲ့ချေပြီ။

ထိုကဲ့သို့သော ခွန်အားဖြင့် နတ်ဘုရင်အဆင့်၏ လက်နက်ဖြစ်သော မဟာနဂါးနန်းတော်ကို အစွမ်းကုန် အသုံးပြုလိုက်သည့် အခြေအနေတွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို သုတ်သင် ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် သတ်ဖြတ်ခြင်း နတ်ဘုရား တစ်ပါးကဲ့သို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကျန်ရှိသော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို တစ်ခါတည်း သတ်ဖြတ်လိုက်သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူများသည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထက် များစွာ နိမ့်ကျ၍ ကျန်းချန်၏ ရှေ့တွင် ပုရွက်ဆိတ်များနှင့် မခြားနားပေ။

တစ်ခဏ အတွင်းမှာပင် ကျန်းချန်သည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသုံးဦးကို တစ်ဦးပြီး တစ်ဦး သတ်ဖြတ်ပစ်လိုက်သည်။

“ချမ်းသာပေးပါ.. အသက်ကို ချမ်းသာပေးပါ”

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ နောက်ဆုံးကျန်ရှိသော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသည် သူ၏ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ကျန်းချန်ကို အသနားခံရင်းဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ကျန်းချန်က လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်သည် လေထုထဲမှာပင် နှစ်ပိုင်းပြတ်ထွက်သွားခဲ့သည်။

သူ၏ ဝိညာဥ်သည်ပင် ကျန်းချန်၏ လက်ညှိုးမှဓားစွမ်းအားကြောင့် ပျက်စီးသွားခဲ့ပြီး အစအနပင် မကျန်ရှိခဲ့ပေ။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

လေထုထဲတွင် တောက်ပသော ခုနစ်စဥ်ကြယ်က ထွက်ပေါ်လာခဲ့ပြီး ကြယ်ဓားစွမ်းအင်များသည် ဥက္ကာခဲများ ကျဆင်းလာသကဲ့သို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုထံ သက်ဆင်းလာခဲ့သည်။

“အား..”

"အမလေး.."

နာကျင်စွာအော်ဟစ်လိုက်သော အသံများသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။

ကြယ်ခုနစ်ပွင့် ဝိညာဥ်ဓားသိုင်းဖြင့် ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘဏ္ဍာတိုက်ဆီသို့ သွားကာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ရတနာအားလုံးကို သိမ်းယူလိုက်ပြီး အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲ၍ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ထွက်ခွာလာခဲ့သည်။

သူ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက်တွင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း၏ စွမ်းအားဖြင့် စုစည်းထား‌သော ဧရာမ ကြယ်တာရာဓားကြီးသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု တစ်ခုလုံးသည် ထိုကြယ်တာရာဓားကြီးအောက်တွင် တစ်ခဏအတွင်း အပျက်အစီးပုံများ ဖြစ်သွားခဲ့သည်။

ဤအချိန်မှစ၍ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စုဖြစ်သော ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ဤကမ္ဘာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

အခန်း(၂၀၇၇)ပြီး၏။

အခန်း(၂၀၇၈)

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် တစ်စုအပါအဝင် ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ၎င်း၏ အဆင့်အတန်းသည် ထူးခြားလှသည်။

ကျန်းချန်သည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို နင်းချေ ဖျက်ဆီးလိုက်သောအခါတွင် ဖြစ်ပေါ်လာသော ကြီးမားလှသည့် စွမ်းအင် လှုပ်ခတ်မှုကို လူတချို့ကို သတိပြုမိစေခဲ့၏။

သူတို့က ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသို့ အပြေးအလွှားရောက်ရှိလာကြသောအခါတွင် အပျက်အစီးပုံများ အဖြစ် ပြောင်းလဲနေသည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဖြစ်အင်ကို မြင်လိုက်ရပြီး သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြ တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် တစ်စု အပါအဝင် ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် တစ်စုံတစ်ယောက်၏ နင်းချေ ဖျက်ဆီးခြင်းကို ခံရလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးမိကြပေ။

သူတို့က ထိုသတင်းကို ပျံ့နှံ့စေခဲ့ရာ အလွန်လျင်မြန်စွာပင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဖျက်ဆီးခံလိုက်ရသော သတင်းသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကြောင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့၏။

ကျန်ရှိနေသည့် အခြားသော မဟာနတ်မျိုးနွယ်စု ခုနစ်စု စလုံးသည်လည်း တုန်လှုပ်သွားခဲ့ကြသည်။

မဟာနတ်မျိုးနွယ်စု ရှစ်စုသည် ရှေးခေတ်ကတည်းကပင် ဆင်းသက်လာသော နတ်ဘုရင် အဆင့် အင်အားစုများ ဖြစ်ကြသည်။

ယခုအခါတွင် သူတို့က အတော်လေး ဆုတ်ယုတ်နေခဲ့ပြီး နတ်ဘုရင် အဆင့် မရှိတော့သော်လည်း ဆင်ပိန်လျှင် ကျွဲလောက်တော့ ကြီးမားနေဆဲပင်။

အထူးသဖြင့် နတ်ဘုရင်အဆင့် ကျင့်ကြံသူမရှိသော မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲတွင် မည်သူကမှ မဟာနတ်မျိုးနွယ်စု ရှစ်စုကို လှုပ်ခတ်အောင် မလုပ်ဆောင်နိုင်ပေ။

ယခုအခါတွင် မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုသည် တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်းကို ရုတ်တရက် ခံလိုက်ရချေပြီ။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ပျက်စီးသွားခြင်းကြောင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံး တုန်လှုပ်နေချိန်တွင် ကျန်းချန်သည် သစ်သားဝိညာဥ်နတ်မျိုးနွယ်စု ထံသို့ တိုက်ရိုက်ပင် ပြန်လာခဲ့၏။

သူက ဆရာဖြစ်သူ ကူရွှယ်သောင်း၏ အခန်းထဲသို့ အရင်ဦးဆုံး ပြန်သွားခဲ့ပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။

လပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သူ့ဆရာ ကူရွှယ်သောင်းသည် ကျင့်ကြံခြင်း အခြေအနေကနေ နိုးထလာခြင်း မရှိသေးပေ။

သို့သော်လည်း ကူရွှယ်သောင်း၏ ခန္ဓာကိုယ်တွင် စွမ်းအင်များ အရှိန်အဟုန်ဖြင့် စုစည်းနေသည်ကို ကျန်းချန်သည် ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဤပုံအတိုင်းဆိုလျှင် သူ့ဆရာ ကူရွှယ်သောင်း အနေဖြင့် နိုးထလာရန်မှာ မဝေးတော့ပေ။

ထို့အပြင် သူ့ဆရာ နိုးထလာသည်နှင့် သူ့ဆရာ၏ ကျင့်ကြံခြင်းအဆင့်သည် တိုးတက်လာမည်မှာ သေချာသလောက်ပင်။

ကူရွှယ်သောင်းထံတွင် မည်သည့် ပြဿနာမှ မရှိသည်ကို တွေ့ရပြီးနောက်တွင် ကျန်းချန်သည် အခန်းထဲတွင် ဆက်လက် မနေတော့ဘဲ သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သူ ချင်းမူ ကောင်းကင်အရှင် ထံသို့ သွားရောက်ခဲ့သည်။

“ညီနောင်ကျန်းချန်.. မင်း ငါနဲ့လာတွေ့တာ ဘာကိစ္စများရှိလို့လဲ”

မူလက ချင်းမူ ကောင်းကင်အရှင်သည် မျိုးနွယ်စုမှ အကြီးအကဲများနှင့်အတူ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဖျက်ဆီးခံလိုက်ရသည့် ကိစ္စကို ဆွေးနွေးနေခြင်းဖြစ်သော်လည်း ကျန်းချန် သူ့ကို လာရောက် ရှာဖွေနေသည်ဟု သိလိုက်ရသောအခါတွင် ချက်ချင်းပင် ကျန်းချန်ကို လက်ခံတွေ့ဆုံခဲ့သည်။

ကျန်းချန်ကလည်း ဖုံးကွယ်မထားဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောပြလိုက်၏။

“မျိုးနွယ်စုခေါင်းဆောင်ချင်းမူ.. ကျွန်တော် အချိန် အတိုင်းအတာ တစ်ခုအထိ သက်စောင့်ဝိညာဥ်သစ်ပင် အနားမှာ ကျင့်ကြံချင်ပါတယ်”

သူ ယခု ပိုင်ဆိုင်ထားသော လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားထဲတွင် အသက်လမ်းစဥ် စွမ်းအား တစ်ခုတည်းသာလျှင် ပြီးပြည့်စုံသော အဆင့်သို့ မရောက်ရှိသေးပေ။

အသက်လမ်းစဥ်စွမ်းအားသည် ပြီးပြည့်စုံသောအဆင့်နှင့် သိပ်မလိုတော့သော်လည်း သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ သက်စောင့်ဝိညာဥ်သစ်ပင် အကူအညီဖြင့်သာ အချိန်အတိုင်းအတာ တစ်ခု အထိ ကျင့်ကြံနိုင်မည် ဆိုလျှင် အသက်လမ်းစဥ်၏ စွမ်းအားကို ပြီးပြည့်စုံသော အဆင့်သို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေလိမ့်မည် မဟုတ်ပါလော။

“ဒါက ဘာမှအပန်းမကြီးပါဘူး.. ညီနောင်ကျန်းချန် အနေနဲ့ သက်စောင့်ဝိညာဥ်သစ်ပင် အနားမှာ အချိန်မရွေး သွားရောက်ကျင့်ကြံနိုင်ပါတယ်”

ချင်းမူ ကောင်းကင်အရှင်က စိတ်ရင်းဖြင့် ပြုံးကာ ပြောလိုက်သည်။

ယခု ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ရာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် မငြိမ်မသက် ဖြစ်နေခဲ့သည်။

အကယ်၍ ကျန်းချန်နှင့်သာ ကောင်းမွန်သော ဆက်ဆံရေးရှိမည်ဆိုလျှင် သစ်သားဝိညာဥ်နတ်မျိုးနွယ်စု အတွက် အကျိုးရှိစေမည်မှာ သေချာ၏။

ထို့ကြောင့် ချင်းမူ ကောင်းကင်အရှင်သည် ကျန်းချန်၏ တောင်းဆိုချက်ကို ငြင်းပယ်မည် မဟုတ်ပေ။

ကျန်းချန်က လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်း‌ဆောင် ချင်းမူ”

“ဒါက ဘာမဟုတ်တဲ့ ကိစ္စအသေးအမွှားလေးပါကွာ”

ချင်းမူ ကောင်းကင်အရှင်က လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

“ညီနောင်ကျန်းချန်.. မဟာနတ်မျိုးနွယ်စု ရှစ်စုထဲက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ရုတ်တရက် ပျက်စီးသွားရတဲ့ သတင်းကို ကြားပြီးပြီလား”

ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးမှ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်သည်။

“ဒီကိစ္စကို ကျွန်တော်သိပါတယ်”

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို သူကိုယ်တိုင်ပင် ဖျက်ဆီးခဲ့ခြင်းဖြစ်ရာ ထိုကိစ္စကို သူက အဘယ်ကြောင့် မသိဘဲ နေပါမည်နည်း။

“ဟူး... ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ဒီလိုမျိုး ပျက်စီးသွားရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ကြည့်ရတာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေက ငြိမ်သက်တော့မှာ မဟုတ်ဘူး”

ချင်းမူ ကောင်းကင်အရှင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။

“အကယ်၍ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသာ အကျပ်အတည်းနဲ့ ကြုံတွေ့ရမယ် ဆိုရင် ညီနောင်ကျန်းချန်အနေနဲ့ ငါတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို အကူအညီပေးမယ်လို့ မျှော်လင့်ပါတယ်”

သစ်သားဝိညာဥ် နတ်မျိုးနွယ်စုနှင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုတို့၏ အင်အားသည် အတူတူလောက်ပင် ဖြစ်သည်။

ထိုလျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့သဖြင့် အကယ်၍သာ သူတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသို့ ရောက်ရှိလာခဲ့လျှင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် ခုခံရန် ခဲယဥ်းပေလိမ့်မည်။

ထို့ကြောင့် ချင်းမူ ကောင်းကင်အရှင်က ကျန်းချန်ကို အကူအညီ တောင်းလိုက်ခြင်းပင်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ မျိုးနွယ်စုခေါင်း‌ဆောင် ချင်းမူ.. သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို အဲဒီလူက ပြဿနာ လာမရှာစေရဘူးလို့ ကျွန်တော် အာမခံပါတယ်”

“ညီနောင်ကျန်းချန်.. ဒီစကားက ဘာကိုဆိုလိုတာလဲ”

ချင်းမူ ကောင်းကင်အရှင်သည် ကျန်းချန်၏ စကားကိုကြားလျှင် မှင်တက်သွားခဲ့သည်။

“ဘာလို့လဲဆိုတော့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို ဖျက်ဆီးခဲ့တဲ့သူက ကျွန်တော်ကိုယ်တိုင် ဖြစ်နေလို့ပဲ.. ကျွန်တော်က သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်တဲ့ အတွက် မျိုးနွယ်စုခေါင်းဆောင် ချင်းမူ စိတ်ချလက်ချ နေနိုင်ပါတယ်”

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ချင်းမူကောင်းကင်အရှင်၏ ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

[ဘယ်လို.. ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို ဖျက်ဆီးခဲ့တာက ကျန်းချန်ရဲ့လက်ချက် ဖြစ်နေတယ်လား]

ချင်းမူ ကောင်းကင်အရှင်သည် မှင်တက်နေခဲ့ပြီး အချိန်အတော်ကြာမှ ပြန်လည် သတိဝင်လာခဲ့သည်။

ကျန်းချန်က ချင်းမူ ကောင်းကင်အရှင်၏ နေအိမ်မှ ထွက်ခွာလာပြီးနောက်တွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အထွတ်အထိပ် သစ်ပင် ဖြစ်သော သက်စောင့်ဝိညာဥ်သစ်ပင်၏ အောက်သို့ တိုက်ရိုက် သွားရောက်ကာ နေရာတစ်ခုကို ရှာဖွေ၍ စတင် ကျင့်ကြံလိုက်သည်။

သက်စောင့်ဝိညာဥ်သစ်ပင်သည် မဟာနတ်သစ်ပင် သုံးပင်ထဲမှ အသက်သစ်ပင်နှင့် မနှိုင်းယှဥ်နိုင်သော်လည်း လောကတွင် ရှားပါးသော သစ်ပင် ဖြစ်သည်။

ဤသက်စောင့်ဝိညာဥ် သစ်ပင်အောက်တွင် ကျင့်ကြံခြင်းသည် အသက်လမ်းစဥ်၏ စွမ်းအားကို အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် များစွာ တိုးတက်စေမည်မှာ သေချာ၏။

ထို့အပြင် မူလကတည်းကပင် ကျန်းချန် ထံတွင် အသက်လမ်းစဥ်၏ စွမ်းအားကို အဆက်မပြတ် တိုးတက်စေနိုင်သည့် အသက်သစ်ကိုင်း တစ်ခက် ရှိနေခဲ့သည်။

အသက်သစ်ကိုင်းနှင့် သက်စောင့်ဝိညာဥ်သစ်ပင်၏ အထောက်အပံ့ဖြင့်သာ ဆိုလျှင် ကျန်းချန်၏ အသက်လမ်းစဥ်စွမ်းအားသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်တော့မည် မဟုတ်ပါလား။

နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်၏ အသက်လမ်းစဥ် ကမ္ဘာ့စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို ခံစားမိလျှင် ကျန်းချန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားက ပြီးပြည့်စုံသွားပြီ ဖြစ်ရာ ယခုအခါတွင် လမ်းစဥ် ၁၀မျိုးကို ပေါင်းစပ်ပြီး နယ်မြေနတ်ဘုရား အဆင့်ကို အဆုံးသတ်၌ ထိုးဖောက်နိုင်တော့မည် ဖြစ်သည်။

“အခု အရေးကြီးဆုံးက မဟာနဂါးနန်းတော်ထဲကို သွားပြီး ငါနဲ့ကိုက်ညီမဲ့ လမ်းစဥ်ရဲ့ ထိုးဖောက်မှု နည်းလမ်းကို ရှာဖွေဖို့ပဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။

သူက နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့ နည်းလမ်းအား ရှာဖွေရန် အတွက် မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်တော့မည့် အချိန်မှာပင် သူ၏ စိတ်ထဲတွင် စနစ်ထံမှ အသံတစ်သံ မြည်လာခဲ့သည်။

“ဒင်.. သင်ပိုင်ဆိုင်ထားတဲ့ လမ်းစဥ် ၁၀မျိုးရဲ့ စွမ်းအားက ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်လို့ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့အတွက် အခြေအနေတွေအားလုံး ကိုက်ညီနေပါပြီ.. ကျေးဇူးပြုပြီး နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့ လမ်းစဥ်တစ်ခုကို ရွေးချယ်ပေးပါ”

ကျန်းချန်က စနစ်၏ အချက်ပေးသံကြောင့် မှင်တက်သွားခဲ့သည်။

သတိပြန်ဝင်လာသောအခါတွင် ကျန်းချန်သည် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။

သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေသရွေ့ အဆင့်ထိုးဖောက်သည့် နည်းလမ်းကို အဘယ်ကြောင့် လိုအပ်ပါဦးမည်နည်း။

သူက လမ်းစဥ် ၁၀မျိုးကို အဆတစ်ရာ စနစ်၏ စွမ်းရည်ဖြင့် ပေါင်းစပ်ပြီး နယ်မြေနတ်ဘုရား အဆင့်ကို တိုက်ရိုက် ထိုးဖောက်လိုက်ရုံသာ မဟုတ်ပါလား။

အဆတစ်ရာ စနစ်ကို ပိုင်ဆိုင်ပြီးနောက်တွင် ကျင့်ကြံခြင်းအဆင့်တိုင်းကို ထိုးဖောက်ခြင်းသည် မည်သည့် အဟန့်အတားမျှ မရှိသည်ကို တွေးမိလျှင် ကျန်းချန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။

“ဘယ်လမ်းစဥ်ကို ရွေးချယ်ရင် ကောင်းမလဲ”

ကျန်းချန်က မျက်မှောင်ကြုတ်ကာ အသေအချာ စဥ်းစားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ ဓားလမ်းစဥ်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

ဓားလမ်းစဥ်သည် လမ်းစဥ် သုံးထောင်ထဲတွင် အားအကောင်းဆုံး လမ်းစဥ်များထဲမှ တစ်ခု ဖြစ်သည်။

ထို့အပြင် သူ စုစည်းထားသော နတ်ခန္ဓာပုံရိပ်သည် လူသားဧကရာဇ်ဓား ဖြစ်၍ ဓားလမ်းစဥ်သည် သူ့အတွက် အလွန်သင့်လျော်သော လမ်းစဥ်ဖြစ်သည်မှာ သေချာသလောက်ပင်။

ဆုံးဖြတ်ချက် ချလိုက်ပြီးသည်နှင့် ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ အချက်ပေးသံက ထပ်မံမြည်လာခဲ့သည်။

“ဒင်.. သင်က နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့အတွက် ဓားလမ်းစဥ်ကို ရွေးချယ်လိုက်ပါပြီ.. ဓားလမ်းစဥ်ရဲ့ နယ်မြေနတ်ဘုရား အရင်းအမြစ်ကို စုစည်းဖို့ အတွက် လမ်းစဥ် ၁၀မျိုးကို ပေါင်းစပ်လိုက်ပါပြီ”

“ဒင်.. သင်က နယ်မြေနတ်ဘုရားအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ”

အခန်း(၂၀၇၈)ပြီး၏။

All Chapters