အခန်း (၂၀၇၉-၂၀၈၀)
Vol. 148 Ch. 2079-2080
အခန်း(၂၀၇၉)
“ဝုန်း..ဝုန်း..ဂျိန်း..”
ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ကောင်းကင်ယံသည် တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်။
ရေတွက်၍ မရနိုင်သော ငွေရောင်မိုးကြိုးများ၏ စွမ်းအားများသည် လေထုထဲတွင် နဂါးများ၊ မြွေများကဲ့သို့ လူးလွန့်၍ အဆက်မပြတ် လှုပ်ရှားနေကြသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော မိုးကြိုးလမ်းစဥ်၏ ဖိအားကြောင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရှိ လူတိုင်းသည် တုန်လှုပ်နေခဲ့ကြသည်။
နေအိမ်ထဲတွင် ကျင့်ကြံနေသည့် ချင်းမူ ကောင်းကင်အရှင်သည် လေထုထဲတွင် စုဖွဲ့နေသော မိုးကြိုးကပ်ဘေးကို ခံစားမိလျှင် မျက်ဝန်းများကို ဖွင့်လိုက်သည်။
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ မိုးကြိုးကပ်ဘေးလဲ.. ကြည့်ရတာ ကျန်းချန်က နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်တော့မယ် ထင်တယ်”
သူ့ကိုပင် ထိတ်လန့် ကြောက်ရွံစေသည့် ကောင်းကင်ယံမှ မိုးကြိုးများကို ခံစားမိလျှင် ချင်းမူ ကောင်းကင်အရှင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤမိုးကြိုးကပ်ဘေးသည် နယ်မြေနတ်ဘုရား အဆင့်ကို သူထိုးဖောက်စဥ်က မိုးကြိုးကပ်ဘေးထက် အနည်းဆုံး ၁၀ဆမက ပိုမို ပြင်းထန်နေ၏။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်သွားသည့် ကျန်းချန်မှ လွဲ၍ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော မိုးကြိုးကပ်ဘေးကို မည်သူကမှ ဆင့်ခေါ်နိုင်မည်မဟုတ်ဟု ချင်းမူကောင်းကင်အရှင် တွေးမိခဲ့သည်။
“ဒီကောင်လေး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ပါ့မလား”
ချင်းမူ ကောင်းကင်အရှင်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေမိသည်။
မိုးကြိုးကပ်ဘေးသည် နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူများအတွက် ကောင်းကင်ကိုပင် ဆန့်ကျင်ပြီး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရာတွင် အကြီးမားဆုံး အတားအဆီးများထဲမှ တစ်ခု ဖြစ်သည်။
အထူးသဖြင့် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ခဲ့သည့် ပါရမီရှင်များ အတွက် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရာတွင် ရင်ဆိုင်ရမည့် မိုးကြိုးကပ်ဘေးသည် ပုံမှန်ထက် ပိုမို၍ အန္တရာယ်များပြီး အနည်းငယ် ပေါ့ဆမိရုံဖြင့် ထာဝရ ပျက်စီးသွားနိုင်ပေသည်။
အလွန်အမင်း အန္တရာယ်များ၍ သူတို့ သစ်သားဝိညာဥ်နတ်မျိုးနွယ်စုမှ မဟာကောင်းကင်နတ်ဘုရားများနှင့်အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများ အနေဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်တော့မည် ဆိုလျှင် မျိုးနွယ်စုတစ်ခုလုံးသည် ၎င်းတို့အတွက် အထူးတလှယ် ပြင်ဆင်ပေးကြရသည်။
သို့သော်လည်း ကျန်းချန်သည် လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသူ ဖြစ်သည်။
ထိုကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် တည်ရှိမှုမျိုးကို ကောင်းကင်ဘုံသည် လက်မခံနိုင် ဖြစ်တတ်သည်။
ယင်းကြောင့် ကျန်းချန် အတွက် မိုးကြိုးကပ်ဘေးကို ချောမွေ့စွာ ကျော်ဖြတ်ရန်မှာ လုံးဝပင် မလွယ်ကူသော ကိစ္စတစ်ခုဆိုလည်း မမှားပေ။
သို့သော် ကျန်းချန်သာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့လျှင်မူ မည်မျှပင် အစွမ်းထက်လာနိုင်မှန်း ချင်းမူ ကောင်းကင်အရှင် ကောင်းစွာ သိရှိထားသည်။
ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိနေစဥ်ကပင် လဲ့ကျောင်း ကဲ့သို့ ကြယ်တစ်ပွင့် ကောင်းကင်အရှင်သခင်ကိုပင် အလွယ်တကူ ဖိနှိပ်နိုင်ခဲ့သူ ဖြစ်သည်။
အကယ်၍ ကျန်းချန်သာ ဤတစ်ကြိမ်တွင် နယ်မြေနတ်ဘုရားအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားနိုင်ခဲ့လျှင် ကျန်းချန်၏ ခွန်အားသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားမည်မှာ သေချာသလောက် ဖြစ်သည်။
ဆိုရလျှင် ကြယ်နှစ်ပွင့် ကောင်းကင်အရှင်နှင့် ကြယ်သုံးပွင့်ကောင်းကင်အရှင်များပင် ကျန်းချန်နှင့် ယှဥ်ပြိုင်ရန် ခက်ခဲသွားပေလိမ့်မည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ကျန်းချန်ကို အလွယ်တကူ အနိုင်ယူနိုင်တော့မည်ဟု သူ မထင်ပေ။
“လခွမ်း.. ပြဿနာပဲ.. ကျန်းချန် ကျင့်ကြံနေတဲ့ နေရာက သက်စောင့်ဝိညာဥ်သစ်ပင် ရှိနေတဲ့နေရာပဲ.. သက်စောင့်ဝိညာဥ်သစ်ပင်ကို မိုးကြိုးကပ်ဘေးဒဏ် မထိအောင် ကျန်းချန်ကို တားမှဖြစ်မယ်”
ထိုသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ချင်းမူကောင်းကင်အရှင်၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး သူ၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ချင်းမူ ကောင်းကင်အရှင်၏ ပုံရိပ်သည် သက်စောင့်ဝိညာဥ် သစ်ပင်နှင့် ပေထောင်ချီ အကွာတွင် ပေါ်လာခဲ့၏။
သူက သက်စောင့်ဝိညာဥ် သစ်ပင်အောက်တွင် တင်ပျဥ်ခွေ၍ ထိုင်နေသော ကျန်းချန်ကို ကြည့်ကာ အလောတကြီး ပြောလိုက်သည်။
“ညီနောင်ကျန်းချန်.. မင်း ဒီနေရာမှာ ကပ်ဘေးကို ကျော်ဖြတ်လို့မဖြစ်ဘူး.. မဟုတ်ရင် ငါတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ အထွတ်အထိပ် နတ်သစ်ပင်ကြီး ပျက်စီးသွားလိမ့်မယ်”
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် အမြဲတစေပါဝင်နိုင်ခဲ့သည်မှာ အဓိကအားဖြင့် ဤရှေးဟောင်းသစ်ပင်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်သည်။
အကယ်၍သာ ဤရှေးဟောင်း နတ်သစ်ပင်ကြီး ပျောက်ကွယ်သွားခဲ့လျှင် သူတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ပျောက်ကွယ်သွားခြင်းနှင့် အတူတူပင် ဖြစ်၏။
ကျန်းချန်က မတ်တတ် ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ကာ ချင်းမူ ကောင်းကင်အရှင်ကို ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့ မျိုးနွယ်စုခေါင်းဆောင်ချင်းမူ...သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ ရှေးဟောင်းနတ်သစ်ပင်ကို ကျွန်တော် မဖျက်ဆီးပါဘူး”
ကျန်းချန်သည် သစ်သားဝိညာဥ်နတ်မျိုးနွယ်စု အပေါ်တွင် ကောင်းမွန်သော အမြင် ရှိသည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် သူ့ကို နေထိုင်ခွင့်ပေးခဲ့ပြီး အသက်လမ်းစဥ်ကို ချောမွေ့စွာ ကျင့်ကြံနိုင်ရန်အတွက် သက်စောင့်ဝိညာဥ် သစ်ပင် အနားတွင် ကျင့်ကြံခွင့် ပေးခဲ့သည်။
သို့ဖြစ်ရာ သူ့အနေဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အခြေခံအုတ်မြစ် ဖြစ်သော သက်စောင့်ဝိညာဥ်သစ်ပင်ကို မည်ကဲ့သို့ ဖျက်ဆီးရပါမည်နည်း။
“ညီနောင်ကျန်းချန်.. မင်းရင်ဆိုင်ရမဲ့ မိုးကြိုးကပ်ဘေးက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်.. မင်းသာ ဒီနေရာမှာဆက်ပြီး ရှိနေမယ်ဆိုရင် သက်စောင့်ဝိညာဥ်သစ်ပင်က မိုးကြိုးကပ်ဘေးဒဏ်ကို သေချာပေါက် ခံရမှာပဲ.. ဒီနေရာကနေ အမြန်ရွှေ့ဖို့ ငါတောင်းဆိုပါရစေ”
ချင်းမူ ကောင်းကင်အရှင်သည် ကျန်းချန် ထွက်မသွားသေးသည်ကို မြင်လျှင် အလွန်အမင်း စိုးရိမ်နေခဲ့သည်။
သူ၏အမြင်တွင် ကျန်းချန်သည် ထွက်သွားရန် ရည်ရွယ်ချက် မရှိရုံသာမက လေထုထဲတွင် လျင်မြန်စွာ စုဖွဲ့နေသော မိုးကြိုးကပ်ဘေးကိုလည်း ဂရုစိုက်မည့်ပုံ မပေါ်ပေ။
ထိုကောင်လေးသည် သူရင်ဆိုင်ရမည့် မိုးကြိုးကပ်ဘေးက မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို မသိရှိပါသလော။
ကျန်းချန်၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေဆဲ ဖြစ်ပြီး ချင်းမူကောင်းကင်အရှင်ကို ပြုံး၍ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ချင်းမူ.. စိတ်အေးအေးသာ ထားပါ .. သိပ်မကြာခင်မှာ ကောင်းကင်ယံက မိုးကြိုးကပ်ဘေးတွေက သူ့အလိုလို ပျောက်ကွယ်သွားပါလိမ့်မယ်”
ကျန်းချန်၏ စကားကိုကြားလျှင် ချင်းမူကောင်းကင်အရှင်သည် နေရာမှာပင် မှင်တက်သွားခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ချင်းမူကောင်းကင်အရှင်၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဤသည်မှာ ကောင်းကင်နတ်ဘုရား အဆင့်ကနေ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သည့် မိုးကြိုးကပ်ဘေး ဖြစ်ရာ အဘယ်ကြောင့် သူ့အလိုလို ပျောက်ကွယ်သွားနိုင်ပါမည်နည်း။
ယင်းမှာ ကျန်းချန် အနေဖြင့် သူ့ကို တမင်တကာ သရော်နေခြင်းပင် မဟုတ်ပါလော။
ချင်းမူ ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို ပြောဆိုရန် ပြင်လိုက်စဥ်မှာပင် လေထုထဲတွင် အချိန်အတော်ကြာ စုဖွဲ့နေသော မိုးကြိုးကပ်ဘေး စွမ်းအားများသည် တဖြည်းဖြည်း အားနည်းလာသည်ကို သတိပြုမိလိုက်သည်။
“ဒါ.. ဒါက ဘယ်လိုတွေ ဖြစ်ရတာလဲ”
ချင်းမူကောင်းကင်အရှင်က လေထုထဲမှ ပြောင်းလဲသွားသောအခြေအနေကို ကြည့်ကာ ချက်ချင်းဆိုသလိုပင် အံ့သြထိတ်လန့်သွားခဲ့သည်။
လေထုထဲရှိ မရေမတွက်နိုင်သော ငွေရောင် မိုးကြိုးများသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူမြင်လိုက်ရသည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စု အထက်ရှိ ကောင်းကင်နှင့်နေမင်းကိုပင် လွှမ်းခြုံထားသော တိမ်တိုက်များ ပင်လျှင် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ပြီး ကောင်းကင်ယံသည် ပြန်လည်ကြည်လင်လာခဲ့သည်။
ကျန်းချန် ပြောဆိုခဲ့သည့် အတိုင်း မိုးကြိုးကပ်ဘေးသည် အမှန်တကယ်ပင် သူ့အလိုလို ပျောက်ကွယ်သွားခဲ့ချေပြီ။
သူ၏ရှေ့မှ မြင်ကွင်းကြောင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် ချင်းမူကောင်းကင်အရှင်သည် မှင်တက်သွားခဲ့ရပြီး ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
“ငါ့ရဲ့အမြင်က တအားညံ့သေးတာပဲ.. ညီနောင်ကျန်းချန်က ကောင်းကင်နိယာမတွေကို လျစ်လျူရှုထားနိုင်တဲ့ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမယ်လို့ ငါမထင်ထားခဲ့ဘူး”
ကျန်းချန်ဆီမှ နယ်မြေနတ်ဘုရား အရှိန်အဝါကို ခံစားမိလျှင် ချင်းမူ ကောင်းကင်အရှင်သည် သူ၏ စိတ်နှလုံးထဲမှ အံ့သြထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
သူ၏ ခွန်အားနှင့် အဆင့်အတန်းအရ ချင်းမူကောင်းကင်အရှင်သည် အရာအားလုံးကို အလွန်လျင်မြန်စွာပင် နားလည်သွားခဲ့သည်။
ကောင်းကင်နိယာမများကို လျစ်လျူရှုနိုင်ပြီး မိုးကြိုးကပ်ဘေးကို ဆုတ်ခွာစေကာ ရှောင်ကွင်းအောင် လုပ်နိုင်ခြင်းသည် ရှေးခေတ် ကာလကတည်းကပင် အလွန်တရာ ရှားပါးလှသော အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်အား ပိုင်ဆိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဤအချိန်တွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို အဘယ်ကြောင့် ချိုးဖျက်နိုင်ပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်သည့် တည်ရှိမှုတစ်ခု ဖြစ်လာနိုင်ခဲ့သည်ကို ချင်းမူ ကောင်းကင်အရှင်သည် အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ကောင်းကင် နိယာမများကို လျစ်လျူရှုနိုင်သည့် ဤကဲ့သို့ ဆန်းကြယ်သော ပါရမီရှင်မျိုးကို သာမန် အတွေးဖြင့် လုံးဝဖော်ပြ၍ မရနိုင်ပေ။
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်ချင်းမူ.. အခု စိတ်အေးအေးထားလို့ရပါပြီ.. ကျန်းချန်က ကျေးဇူးကန်းတတ်တဲ့သူမျိုး မဟုတ်တဲ့အတွက် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ အထွတ်အမြတ်နတ်သစ်ပင်ကို မဖျက်ဆီးပါဘူး”
“ညီနောင်ကျန်းချန် တောင်းပန်ပါတယ်.. ခုနက ငါအတွေးလွန်သွားလို့ပါ”
ချင်းမူ ကောင်းကင်အရှင်က ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံး၍ ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ညီနောင်ကျန်းချန်က အခု နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားပြီဆိုတော့ နတ်ဘုရင်အဆင့် ကျင့်ကြံသူနဲ့တောင် ယှဥ်နိုင်လောက်ပြီ ထင်တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်က ပြုံးလိုက်သည်။
“သက်စောင့်ဝိညာဥ်သစ်ပင်ရဲ့ အနီးမှာ ကျင့်ကြံခွင့်ပေးတဲ့အတွက် မျိုးနွယ်စုခေါင်းဆောင် ချင်းမူကို ကျေးဇူးတင်ပါတယ်”
ကောင်းကင်နတ်ဘုရား အဆင့်နှင့် နယ်မြေနတ်ဘုရား အဆင့်ကြားတွင် အမှန်တကယ်ပင် ကြီးမားသော ခြားနားချက်ရှိသည်။
နယ်မြေနတ်ဘုရား အဆင့်ကို မထိုးဖောက်စဥ်က ဆိုလျှင် ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် လဲ့ကျောင်း ကောင်းကင်အရှင်ကို အနိုင်ယူနိုင်ခဲ့ပြီး ကြယ်နှစ်ပွင့် ကောင်းကင်အရှင်နှင့် တိုက်ခိုက်နိုင်စွမ်းရှိခဲ့သည်။
ယခု သူက နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားခဲ့ပြီဖြစ်ရာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့သည့် ကြယ်သုံးပွင့်ကောင်းကင် အရှင်များပင်လျှင် သူ့အတွက် ဘာမျှ မဟုတ်တော့ပေ။
ဆိုရလျှင် သာမန်နတ်ဘုရင်အဆင့် ကျင့်ကြံသူများသည် သူ့ကို မည်သည့် ခြိမ်းခြောက်မှုမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ကျန်းချန်နှင့် ချင်းမူ ကောင်းကင်အရှင်တို့ စကားပြောဆိုနေစဥ်မှာပင် ဧရာမနဂါကြီး တစ်ကောင် နိုးထလာသကဲ့သို့ အလွန်တရာ အားကောင်းသော အရှိန်အဝါတစ်ခုသည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ပျံ့နှံ့လာခဲ့သည်။
“ဒါက ဆရာ့ရဲ့ အရှိန်အဝါပဲ”
သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ကောင်းကင်ယံ အထက်တွင် ပျံ့နှံ့နေသော ရင်းနှီးသော အရှိန်အဝါကို ခံစားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းများ၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
၂နှစ်ကျော် ကြာပြီးနောက်တွင် သူ၏ ဆရာသည် အဆုံးသတ်၌ နိုးထလာတော့မည် ဖြစ်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ချင်းမူ ကောင်းကင်အရှင်ကို နှုတ်ဆက်ကာ သူ့ဆရာကူရွှယ်သောင်း ရှိနေသည့် အခန်းထဲသို့ မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိသွားခဲ့သည်။
အခန်း(၂၀၇၉)ပြီး၏။
အခန်း(၂၀၈၀)
သစ်သားဝိညာဥ်နတ်မျိုးနွယ်စု၏ ခမ်းနားထည်ဝါသော အခန်းတစ်ခန်းတွင် နိုးထလာသော ကူရွှယ်သောင်းကို ကြည့်ကာ လီကျန့်၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“အစ်ကိုကူ နောက်ဆုံးတော့ အစ်ကို နိုးလာပြီပဲ”
တစ်ချိန်က ကူရွှယ်သောင်းသည် အနှိုင်းမဲ့ပါရမီရှင် တစ်ဦးဖြစ်ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် တစ်ပါး ဖြစ်ခဲ့သလို သူသည်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ အတွင်းစည်းတပည့် တစ်ဦး ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် သူက အမှားကြီးတစ်ခု ကျူးလွန်မိစေရန် ပူးပေါင်းကြံစည်ခြင်းကို ခံခဲ့ရသည်။
အကယ်၍ ထိုအချိန်က ကူရွှယ်သောင်း၏ အကူအညီကို မရခဲ့လျှင် သူ့အနေဖြင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ခြေ ရှိ၏။
ဆိုရလျှင် ကူရွှယ်သောင်းသာ မရှိခဲ့လျှင် ယနေ့ လီကျန့်ဆိုသည်မှာ ရှိလာမည် မဟုတ်ပေ။
သူ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ထွက်ခွာလာပြီး မကြာမီမှာပင် ဂိုဏ်းအတွင်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး ကူရွှယ်သောင်း ကျဆုံးသွားပြီ ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။
ကူရွှယ်သောင်း၏ ကျဆုံးမှုက သာမန် မဟုတ်နိုင်မှန်း လီကျန့်သိသော်လည်း သူ၏ ခွန်အားက နိမ့်ကျနေ၍ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို မယှဥ်နိုင်သောကြောင့် မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေတွင် ပုန်းအောင်းကာ ကျင့်ကြံခြင်းကိုသာ အာရုံစူးစိုက်ခဲ့သည်။
ဤသို့ဖြင့် နှစ်ပေါင်းသောင်းချီ ကြာမြင့်ပြီးနောက်တွင် လီကျန့်သည် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူ အဖြစ်ကနေ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ဖြစ်သည်အထိ တိုးတက်လာခဲ့သည်။
မူလက လီကျန့်သည် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှ ထွက်ခွာကာ ထိုနှစ်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို လျှို့ဝှက်စုံစမ်းရန် စီစဥ်ထားခဲ့၏။
သို့သော်လည်း သူ ထွက်ခွာရန် ပြင်နေစဥ်မှာပင် ကူရွှယ်သောင်း၏ အရှိန်အဝါသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူက ချက်ချင်းပင် အရှိန်အဝါ ထွက်ပေါ်လာသည့် နေရာသို့ သွားရောက်ခဲ့ရာ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်နှစ်ပါး၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံနေရသော ကူရွှယ်သောင်းကို တွေ့လိုက်ရသည်။
လီကျန့်က တုံ့ဆိုင်းမနေခဲ့ဘဲ ကူရွှယ်သောင်းကို ကယ်တင်မိခဲ့သည်။
ဝမ်းနည်းစရာကောင်းသည်မှာ သူ ကူရွှယ်သောင်းကို ကယ်တင်ခဲ့သော အချိန်တွင် ကူရွှယ်သောင်းသည် ပြင်းထန်သော ဒဏ်ရာကို ရရှိထားရုံသာမက အသက်ဝါးမျို ပျက်စီးခြင်း လက်ဝါးရိုက်ချက်ကိုလည်း ခံထားရသောကြောင့် လီကျန့် ဘာမျှ မတတ်နိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ကျန်းချန်သည် ကူရွှယ်သောင်း၏ သေရေးရှင်ရေး အခြေအနေတွင် ပေါ်ထွက်လာခဲ့ပြီး သစ်သားဝိညာဥ်နတ်မျိုးနွယ်စု ဆီမှ သက်စောင့်ဝိညာဥ်သစ်သီးကို ရယူနိုင်ခဲ့သည်။
ယခုအခါတွင် သက်စောင့်ဝိညာဥ် သစ်သီးအစွမ်းဖြင့် ကူရွှယ်သောင်းသည် အဆုံးသတ်တွင် ပြန်လည်နိုးထလာခဲ့ချေပြီ။
“ညီလေးလီ.. မင်းငါ့ကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
သူ၏ ရှေ့မှ လီကျန့်ကို ကြည့်ကာ ကူရွှယ်သောင်း၏ မျက်နှာထက်တွင် ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
တစ်ချိန်က လီကျန့် အကွက်ဆင် ချောက်တွန်းခံရချိန်တွင် သူက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော်တစ်ပါး အနေဖြင့် လီကျန့်၏ အသက်ကို ကယ်တင်ခဲ့သည်။
ယခုအခါ ထိုအချိန်က လီကျန့်ကို ကယ်တင်ခဲ့သော သူ့ကိုယ်သူ ပြန်လည် ကျေးဇူးတင်ရမလို ဖြစ်နေခဲ့၏။
သို့မဟုတ်လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ ကောင်းကင်အရှင်နှစ်ပါး လက်ထဲတွင် သေဆုံးသွားရလောက်ပြီ မဟုတ်ပါလော။
“အစ်ကိုကူ.. အဲဒီနေ့က အသက်ဝါးမျိုပျက်စီးခြင်း လက်ဝါးရိုက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ် ကျွန်တော့်မှာ အစ်ကိုကူကို ကယ်တင်နိုင်တဲ့စွမ်းရည် မရှိပါဘူး”
လီကျန့်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းပင် ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုကူ ဒီလောက်ထိ အလျင်အမြန် ပြန်လည် ကောင်းမွန်လာတာက အစ်ကို့မှာ တပည့်ကောင်း တစ်ယောက် ရှိနေလို့ပဲ”
ထိုစကားကို ကြားလျှင် ကူရွှယ်သောင်းသည် ခဏမျှမှင်တက်သွားခဲ့ပြီး အံ့သြသောအမူအရာဖြင့် ပြောလိုက်သည်။
“ညီလေးလီ.. မင်း ကျန်းချန်နဲ့ တွေ့ပြီးသွားပြီလား.. သူအခု ဘယ်မှာရှိနေလဲ”
သူ့ဘဝ၏ အစပိုင်းဖြစ်သည့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် သူက နတ်ဘုရားသားတော်သာ ဖြစ်သောကြောင့် မည်သည့်တပည့်မျှ မရှိပေ။
နောက်ပိုင်းတွင် သူသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကနေ အသက်လုထွက်ပြေးခဲ့ရပြီး မဟာမြေရိုင်းနယ်မြေ တစ်လျှောက်တွင် လှည့်လည်သွားလာခဲ့ကာ ဟန်ယွဲ့နန်းတော်တွင် နေထိုင်ခဲ့သည်။
ထိုနေရာတွင် ကူရွှယ်သောင်းသည် တပည့် အနည်းငယ်ကိုသာ လက်ခံခဲ့၏။
သို့သော်လည်း သူ၏ တပည့်များထဲတွင် ကျန်းချန် တစ်ဦးတည်းသာလျှင် သူ၏ အကြောင်းစုံကို သိရှိပြီး နတ်ကုန်းမြေတိုက်ဆီသို့ လာရောက် ရှာဖွေနိုင်သည့် စွမ်းရည်ရှိသည်။
ထို့ကြောင့် ကူရွှယ်သောင်းသည် တကူးတက စဥ်းစားနေစရာပင်မလိုဘဲ လီကျန့် ဆိုလိုသောသူက ကျန်းချန် ဖြစ်မှန်း တန်းသိခဲ့ခြင်းပင်။
“ဆရာ.. ဆရာ သတိရလာပြီလား”
လီကျန့် စကားပြောရန် ပြင်လိုက်စဥ်မှာပင် ပုံရိပ်တစ်ခုသည် ကူရွှယ်သောင်း၏ အရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
“ကောင်လေး မင်းနောက်ဆုံးတော့ နတ်ကုန်းမြေတိုက်ကြီးဆီကို ရောက်လာပြီပဲ”
သူ၏ ရှေ့မှ ရင်းနှီးသော ပုံရိပ်ကို ကြည့်ကာ ကူရွှယ်သောင်း၏ မျက်နှာထက်တွင် ကျေနပ်သော အပြုံးရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
“ချစ်တပည့်.. မင်းက နယ်မြေနတ်ဘုရားအဆင့်ကိုတောင် ထိုးဖောက်သွားပြီကိုး.. ကြယ် ဘယ်နှစ်ပွင့် အရှင်သခင်လဲ ဆိုတာ ငါ့ကို ပြောစမ်းပါဦး”
သူနှင့် ကျန်းချန် ခွဲခွာခဲ့စဥ်က ကျန်းချန်သည် လမ်းစဥ် ၈မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်ကို ကူရွှယ်သောင်း ရှင်းရှင်းလင်းလင်း မှတ်မိခဲ့သည်။
ကျန်းချန်က သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို မတက်လှမ်းနိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ ကြယ်နှစ်ပွင့်အရှင်သခင် တစ်ဦး ဖြစ်နိုင်သည် မဟုတ်ပါလား။
“ဒါက ဆရာရဲ့သင်ပြပေးမှုတွေကြောင့်ပါပဲ.. နယ်မြေနတ်ဘုရားအဆင့်ကို ကျွန်တော် သိပ်မကြာခင်ကမှ ထိုးဖောက်နိုင်ခဲ့တာပါ”
ကျန်းချန်က ကူရွှယ်သောင်းကို ဘာမှ ဖုံးကွယ်မထားဘဲ ပြုံး၍ ပြောလိုက်သည်။
“အကယ်၍ ကြယ်အဆင့်နဲ့ သတ်မှတ်မယ်ဆိုရင် ကြယ်လေးပွင့် အရှင်သခင်လို့ သတ်မှတ်ရမယ် ထင်တယ်”
ကျန်းချန်က ထိုစကားကို ပြောဆိုနေစဥ်မှာပင် ကူရွှယ်သောင်းထံမှ နက်ရှိုင်းသော အရှိန်အဝါကို ခံစားမိခဲ့သည်။
မဟာမြေရိုင်းနယ်မြေတွင် ရှိစဥ်က ကျန်းချန်၏ ခွန်အားသည် သိပ်မသန်မာသေးပေ။
ထို့ကြောင့် ကူရွှယ်သောင်းက မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရားများထက် ပို၍ သန်မာသည်ဟု ခံစားခဲ့ရသော်လည်း ကူရွှယ်သောင်း၏ တကယ့် ခွန်အားအစစ်အမှန်ကို မသိရှိခဲ့ပေ။
ယခု လမ်းစဥ် ၁၀မျိုး၏ စွမ်းအားဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ကူရွှယ်သောင်း၏ အရှိန်အဝါက ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုမှ လဲ့ကျောင်းထက်ပင် ပိုမို သန်မာနေသည်ကို ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ့ဆရာသည် ကြယ်နှစ်ပွင့်ကောင်းကင်အရှင် အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်၏။
“ဆရာက မဟာမြေရိုင်းနယ်မြေမှာ ရှိစဥ်က အတော်လေး သိုသိုသိပ်သိပ် နေထိုင်ခဲ့တာပဲ”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
မဟာမြေရိုင်းနယ်မြေတွင် ရှိစဥ်တွင် သူ့ဆရာသည် ကြယ်နှစ်ပွင့် ကောင်းကင်အရှင် မဖြစ်သေးသော်လည်း ကြယ်တစ်ပွင့်မြေကြီးအရှင် အထွတ်အထိပ် အဆင့်တွင် ရှိနေခဲ့မည်မှာ သေချာသည်။
ဤခွန်အားဖြင့်ဆိုလျှင် မဟာမြေရိုင်းနတ်ဘုရင်မှ လွဲ၍ မဟာမြေရိုင်းနယ်မြေတွင် ပြိုင်ဘက်ကင်းဟုပင် ဆို၍ရ၏။
သို့သော်လည်း သူ့ဆရာသည် ဟန်ယွဲ့နန်းတော်တွင်သာ တိတ်တဆိတ် နေထိုင်ခဲ့ပြီး ကျော်ကြားမှုကို မက်မောခြင်းမရှိခဲ့ပေ။
မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးတွင် ကူရွှယ်သောင်းသည် မဟာမြေရိုင်းနတ်ဘုရင် ပြီးလျှင် အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရား ဖြစ်သည်ကို မည်သူမှ မသိခဲ့ကြပေ။
“ကြယ်လေးပွင့်အရှင်သခင် ဟုတ်လား..”
ကူရွှယ်သောင်းသည် ကျန်းချန်၏ စကားကိုကြားလျှင် အံ့အားသင့်သွားခဲ့ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ကောင်လေး မင်းငါ့ကို နောက်နေတာလား”
လမ်းစဥ် ၉မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့် ပင်လျှင် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကြယ်သုံးပွင့် အရှင်သခင်သာ ဖြစ်နိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ဤကမ္ဘာပေါ်တွင် ကြယ်လေးပွင့် အရှင်သခင်ဆိုသည်မှာ မည်သို့ ရှိနိုင်ပါအံ့နည်း။
“အစ်ကိုကူ.. ကျန်းချန်က တကယ်ကို ကြယ်လေးပွင့်အရှင်သခင်ပဲ သူက ကောင်းကင်နတ်ဘုရား အဆင့်မှာ လမ်းစဥ် ၁၀မျိုးရဲ့ ကမ္ဘာ့စွမ်းအားကို ကျင့်ကြံနိုင်ခဲ့တယ်”
ထိုအချိန်တွင် နံဘေးရှိ လီကျန့်သည် ခါးသီးစွာ ပြုံး၍ ဝင်ပြောလိုက်သည်။
“ဘယ်လို..”
ကူရွှယ်သောင်းသည် နေရာမှာ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။
သူက ကျန်းချန်ကို မယုံကြည်နိုင်စွာဖြင့် တစ်ခဏကြာ စိုက်ကြည့်နေခဲ့သည်။
“ကောင်လေး.. မင်းတကယ်ပဲ လမ်းစဥ် ၁၀မျိုးရဲ့ ကမ္ဘာ့စွမ်းအားကို ကျင့်ကြံနိုင်ခဲ့တယ်လား”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဆရာ.. ကျွန်တော်က ကံကောင်းမှုတချို့ကို ရရှိခဲ့လို့ လမ်းစဥ် ၁၀မျိုးရဲ့ ကမ္ဘာ့စွမ်းအားကို ကျင့်ကြံနိုင်ခဲ့တာပါ”
ကျန်းချန်၏ စကားကိုကြားလျှင် ကူရွှယ်သောင်း ကဲ့သို့ ပုဂ္ဂိုလ်ပင် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့ရသည်။
ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် ၉မျိုးသည် အဆုံးစွန် ကန့်သတ်ချက် ဖြစ်သည်။
ယင်းက နတ်ဘုရားနယ်မြေ၏ ပြောင်းလဲ၍ မရသော သံမဏိဥပဒေ ဖြစ်ပြီး ရှေးခေတ်ကာလ ကတည်းကပင် မည်သူမျှ မချိုးဖျက်နိုင်ခဲ့ပေ။
ကျန်းချန်ကို တပည့်အဖြစ် လက်ခံခဲ့ချိန်မှစ၍ ကူရွှယ်သောင်းသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ပါရမီနှင့် အလားအလာများကို မြင်တွေ့ခဲ့ရသည်။
ဆိုရလျှင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်ရှိ ထိပ်တန်း ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျနေမည် မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်က ကောင်းကင်ကိုပင် အဆုံးစွန်အထိ ဆန့်ကျင်ပြီး သံမဏိဥပဒေသကိုပင် ချိုးဖျက်နိုင်ခဲ့ကာ ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ကျင့်ကြံနိုင်ခဲ့မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဆရာ လောလောဆယ်တော့ ဒီကိစ္စကို ခဏထားလိုက်ပါ.. ဆရာနဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း အကြောင်းကို ပြောပြလို့ရမလား”
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ချက်ချင်းပင် ခေါင်းစဥ်ကို ပြောင်းလိုက်သည်။
“ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှာ ဘာတွေဖြစ်ခဲ့တာလဲ.. ဆရာက ဘာလို့ မဟာမြေရိုင်းနယ်မြေကို ရောက်လာရတာလဲ”
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် လီကျန့်သည် ကူရွှယ်သောင်းကို ကြည့်လိုက်သည်။
သူသည်လည်း ထိုနှစ်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိချင်နေခဲ့သည်။
“ဘာဖြစ်ရဦးမှာလဲ.. အဲဒီတုန်းက ငါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သတိမမူမိခဲ့တဲ့ အတွက် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ပါရမီရှင်တစ်ယောက်ရဲ့ ပူးပေါင်းကြံစည်မှုကို ခံခဲ့ရတာပဲ”
ထိုစကားကို ပြောနေသောအချိန်တွင် ကူရွှယ်သောင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။
အခန်း(၂၀၈၀)ပြီး၏။