← Chapters

မင်ယုရှန်းရဲ့ ထာဝရကျေးရွာဆီခရီးစဥ်

Vol. 10 Ch. 95

မင်ယုရှန်းရဲ့ ထာဝရကျေးရွာဆီခရီးစဥ်

Vol. 10 Ch. 95

“ဘိုးဘေး ကျတော့်ကိုခေါ်တာ ဘာကိစ္စများရှိလို့ပါလဲ”

ချင်ရှန်က ဘိုးဘေးချင်ထျန်ကို ဂါဝရပြုပြီးနောက် လေးလေးစားစားဟန်ဖြင့် မေးလိုက်သည်။

ချင်ထျန်က တည်ငြိမ်စွာဖြင့် ချင်ရှန်ကိုတချက်ကြည့်လိုက်သည်။ ပြီးနောက်

“မင်းသားအတွက် လက်တုန့်ပြန်ဖို့ တွေးနေတယ်မဟုတ်လား”

ချင်ရှန်တယောက် အနည်းငယ်တုန်လှုပ်သွားသော်လည်း ချက်ချင်းပင် ထိန်းချုပ်ကာ ပြန်ဖြေသည်။

“ဟုတ်ပါတယ် ဘိုးဘေး”

“ဘယ်သူလဲ မင်းသိပြီလား”

ချင်ထျန်ရဲ့အမေးကိုကြားလျင် ချင်ရှန်တယောက် ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။

“ဘယ်သူလဲမသိပဲနဲ့ ဘယ်လိုလက်တုန့်ပြန်မှာလဲ”

ချင်ထျန်က ဆက်ပြောပြန်သည်။

“မင်းရဲ့ဆုံးရှုံးမှုအတွက် ငါ့မှာလည်း တာဝန်ရှိနေတယ်”

“မဟုတ်တာ မဟုတ်ပါဘူး ဘိုးဘေးမှာ တာဝန်မရှိပါဘူး ကျတော့်ပေါ့ဆမှုကြောင့်ပါ”

ချင်ထျန်က ချင်ရှန်တယောက် ထိုသို့ပြန်ဖြေမည်ကို တွက်ဆပြီးသား ဖြစ်သည်။

“မငြင်းနဲ့တော့ မင်းသားနဲ့ပက်သက်ပြီး တချို့ကိစ္စတွေ ငါသိထားတယ်”

ချင်ရှန်ရဲ့မျက်လုံးအစုံက တောက်ပသွားသည်။ ဘိုးဘေးက ကိစ္စများကို တွက်ဆပြီးပြီတဲ့လား။ သိထားရမည်မှာ ချင်မိသားစုသည် အစီရင်ကြောင့်အမည်ကြီးပြီး ချင်ထျန်ကိုယ်တိုင်လည်း ကောင်းကင်ကံကြမ္မာ တွက်ချက်နည်းကို ကျွမ်းကျင်လေသည်။

“မင်းသားကို သတ်လိုက်တဲ့သူက မင်တိုင်းပြည်ကပဲ တိုင်းပြည်ရဲ့ထိပ်သီးကျင့်ကြံသူဖြစ်မယ် ငါသိထားရသလောက် မင်ဧကရီက လက်ရှိမှာ မဟာယာနအဆင့်ရောက်နေပြီလို့ တွက်ဆမိတယ်”

“မင်ဧကရီ….မဟာယာနအဆင့်”

ထိုအရာက မဖြစ်နိုင်ဟု သူထင်သည်။ မဟာယာနအဆင့်ဆိုလျင် သူ့သားနဲ့အဆင့်တူဖြစ်ကာ သူ့သားပါရမီအရ အဆင့်တူချင်းဆို ပြိုင်ဘက်ကင်းပါသည်။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး သူမနောက်မှာ သူတော်စင်တဝက်အဆင့် ကျင့်ကြံသူက ထောက်ပံ့ပေးနေတာ ဖြစ်နိုင်တယ် မပေါ့ဆနဲ့”

ထိုသို့ဆိုလျှင်တော့ ဖြစ်နိုင်သည်။ သူတော်စင်တဝက်အဆင့်နဲ့ မဟာယာနနှောင်းပိုင်းအဆင့်ကြား ကွာဟမှုက အလွန်ကြီးမားသည်။

ချန်ထျန်က လက်တဖက်ကိုဝေ့ယမ်းကာ အစီရင်ချပ်ပြားတခု ထုတ်ပေးလိုက်သည်။

“ဒါက မင်းသားဆီမှာရှိထားတဲ့ ချီဖိနှိပ်ခြင်းအစီရင်ကိုမှ အဆင့်မြင့်ထားတာ သူတော်စင်အဆင့် အလယ်လတ်ရဲ့အထက်ကစပြီး မထိရောက်ပေမယ့် အဲ့အဆင့်အောက်ကိုတော့ သေချာပေါက်အသုံးဝင်တယ်”

ချင်ရှန်လည်း ဘိုးဘေးပေးလာသည့် အစီရင်ချပ်ပြားအား လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ ၎င်းအစီရင်မှာ ဘိုးဘေးကိုယ်တိုင်လုပ်ထားခြင်းဖြစ်ပြီး တန်ဖိုးကြီးသည်။

“ဟုတ်ကဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ကျတော်ကိုယ်တိုင်သွားလိုက်ပါ့မယ်”

ချင်ထျန်က ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ မည်သူက ချင်မိသားစုကို ထိပါးရမည်ဟု ပြောသနည်း။ တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

“မင်းမသွားခင်မှာ ရှောင်မိသားစုကို စုံစမ်းတဲ့ကိစ္စ အရှိန်မြင့်ဖို့မမေ့နဲ့ နောက်တလအတွင်း ငါအမှောင်ကုန်းမြေဆီ သွားဖို့ရှိတယ် မင်းတို့မိသားစုခွဲက ခေါင်းဆောင်တွေ အခြေနေကို တည်ငြိမ်အောင် ကြိုးစားရမယ် တခုခုလွဲမှားလို့ကတော့…”

ချင်ထျန်ရဲ့လေသံက တင်းမာသွားသည်။ ပါးနပ်သည့် ချင်ရှန်ကလည်း ဘိုးဘေးရဲ့ရည်ရွယ်ချက်ကို သိနေသည့်အတွက် ချက်ချင်းပင် ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ သူမသွားခင် အစီရင်ကိုအနည်းငယ်လေ့လာမည်ဖြစ်ကာ ကြိုတင်ပြင်ဆင်ပြီးပါက မင်တိုင်းပြည်ကို သေချာပေါက် မြေလှန်မည် ဖြစ်သည်။

“အဘိုး ကျွန်မတို့ နောက်လထဲကျင်းတိုင်းပြည်ဆီ သွားကြရအောင်”

မင်ယုရှန်းက မင်ဝမ့်ကိုပြောလိုက်သည်။ မကြာခင်က စုလဲ့ထံမှ သတင်းစကားတခုရခဲ့ပြီး ထာဝရကျေးရွာ၌ ယန်ချန်ဦးဆောင်သည့် မင်္ဂလာပွဲတခု စီစဥ်မည်ဖြစ်သည်။ ထိုပွဲက မင်ဝမ်နဲ့ ယန်ချန်ကိုတွေ့ဆုံပေးနိုင်မည်ဖြစ်ပြီး သူမသည်လည်း ရပ်တန့်နေသည့် အသက်နိယာမများအကြောင်း ယန်ချန်နဲ့ဆွေးနွေးမည် ဖြစ်သည်။

မင်ဝမ်က

“ကောင်းပြီ အခုတိုင်းပြည်ကိစ္စတွေ အဆုံးသတ်လုနီးပါးဖြစ်နေပြီဆိုတော့ အဘိုးတို့နောက်လထဲ ခရီးရှည်ထွက်လို့ရပါပြီ ဒါပေမယ့် ဒီရက်ထဲငါ့မြေးဂရုစိုက်ပါ ချင်မိသားစုဘက်က သေချာပေါက် တုန့်ပြန်လာနိုင်တယ်”

မင်ယုရှန်းတယောက် ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း ကျင်းတိုင်းပြည်ဆီ ခရီးမထွက်ခင် ထိုပြဿနာကိုရှင်းလင်းလိုသည့်အတွက် တဖက်သူများ မြန်မြန်လာလေ ကောင်းလေဖြစ်သည်။

“ဒါဆိုရင် ရက်ပိုင်းအတွင်း ပလ္လင်လွှဲအပ်တာကို ငါ့မြေးစီစဥ်တော့ မင်တုက အရည်ချင်းရှိပြီး စိတ်ချရတယ်”

မင်ဝမ်ပြောသည့် မင်တုဆိုသည်ကား မင်ယုရှန်းရဲ့ ဝမ်းကွဲအစ်ကိုဖြစ်ပြီး အမတ်လျှိုတို့ထိန်းချုပ်မှုကြောင့် ပြီးခဲ့သည့် ချင်မိသားစုပါဝင်လာတဲ့ အရေးကိစ္စ၌ ဘေးထွက်နေခဲ့ရသည်။ သို့သော်ထိုသူက မင်ယုရှန်းကဲ့သို့ပင် ကျင့်ကြံသူဖြစ်ကာ ကပ်ဘေးဖြတ်ကျော်အဆင့်ရှိနေသည်။ ထို့ကြောင့် အမတ်လျှို အမတ်ကုန်းစွန်းတို့ ပူးပေါင်းဖိအားပေးခြင်းမရှိခဲ့ပါက အစောတည်းကပင် မင်ယုရှန်းကို ကူညီခဲ့မည် ဖြစ်သည်။

“အဘိုးရဲ့စိတ်ကူးကို လက်ခံပါတယ် အစ်ကိုတော်မင်တုဆီ လွှဲအပ်တဲ့ကိစ္စ ကျွန်မတာဝန်ထားလိုက်ပါ ဒီရက်ပိုင်း အဘိုးရဲ့ကျင့်ကြံမှုကို အချိန်ပေးသင့်တယ်”

မင်ဝမ်က ကျေနပ်စွာပြုံးနေသည်။ သူသည်လည်း ထိုကဲ့သို့ အတွေးရှိထားပြီးသားဖြစ်သည် မဟုတ်လား။

………………………………………………

All Chapters