မုရုံအမျိုးသမီးအား ကုသခြင်း
Vol. 10 Ch. 98
ထာဝရကျေးရွာအလယ်ရှိ အဆောက်အုံကြီးက တစတစ ရုပ်လုံးပေါ်နေလေပြီ။ မူလ ၂ထပ်မှ နောက်တထပ် ထပ်တိုးစေခဲ့ပြီး အဆောက်အုံရှေ့ မြေကွက်လက်၌ လျှောက်လှမ်းပြင်ဆင်ခြင်း အလင်းကျောက်များ နေရာချထားခြင်းတို့ လုပ်ဆောင်ကာ ကျန်းဝမ်လီနဲ့ ယန်ချန်တို့က အစီရင်များကိုလည်း အဆောက်အုံရှေ့ မြေကွက်လက် အဆောက်အုံအတွင်းနံရံများ လျှောက်လမ်းများတွင်ပါမကျန် အပြည့်အဝ နေရာချနေလေသည်။
အစီရင်များက ပုံရိပ်ယောင်အစီရင်အများဆုံးဖြစ်ပြီး ယခင်ဘဝမှ ကင်မရာအယူဆများကို အသုံးပြုကာ ပရိုဂျက်တာအဖြစ် ပုံရိပ်ပြန်ဖော်ပေးမည့် အစီရင်များစွာလည်း ပါဝင်နေသည်။
ကျန်းဝမ်လီ ကျန်းရင်ရင်နဲ့ အခြားသူများမှာ ယန်ချန်၏ အစီစဥ်များကို မှင်သက်နေကြပြီး ထိုကဲ့သို့ခမ်းနားသည့် စီမံမှုများက ကျန်ယန်အတွက်ဖြစ်သည်မှာ ကျန်းမိသားစုအတွက် ဂုဏ်ယူချင်စရာ ကောင်းပေသည်။
“ပုံရိပ်ယောင် မူလအစီရင်ကြီးကို ခန်းမရဲ့စင်မြင့်နောက်ကျောဘက်မှာထားမယ် ပြီးတော့ ပုံစံတူအစီရင်လေးတွေကိုတော့ မြေကွပ်လက်ရဲ့ထောင့်နေရာတိုင်းကနေ မြင်နိုင်အောင် စီစဥ်ဖို့လိုတယ်”
ယန်ချန်က အသေးစိတ်စီမံနေပြီး လျှောက်လမ်းပေါ်တွင်လည်း ပုံရိပ်ယောင်အစီရင်များ ထပ်ဖြည့်စေသည်။ ထို့အပြင် ခမ်းနားထည်ဝါသည့် စကြာဝဋာရှုမျှော်ခင်းအစီရင်ကြီးကိုလည်း ခန်းမပတ်ပတ်လည်၌ ဖုံးကွယ်ထားသေးသည်။
“သခင်လေး မီးလင်းကျောက်တွေက သစ်ပင်တွေပေါ်မှာပါ ချိတ်ထားရမလား”
ကျန်းယန်ရဲ့အမေးကို ယန်ချန်က ပြန်ဖြေသည်။
“ဒါပေါ့ မီးအလင်းကျောက်အကြီးတွေကို မချိတ်ဘူး သေးငယ်တဲ့ကျောက်တွေကိုပဲ ရွေးပြီးချိတ်မယ် ဘယ်လိုပုံဖော်ရမလဲဆိုတာ အဖိုးလီကို ပုံကြမ်းပေးထားတယ်”
ကျန်းဝမ်လီက ခေါင်းညိတ်ပြကာ ယန်ကြမ်းပေးထားသည့် ပုံကြမ်းကိုထုတ်ယူ၍ ကျန်းယန်နဲ့အတူ မီးအလင်းကျောက်များ ချိတ်ဆွဲသည့် ကိစ္စအား ဆောင်ရွက်တော့သည်။
မြေကွက်လပ်၌ လူများတက်ကြွစွာလှုပ်ရှားနေကြပြီး ရက်အနည်းငယ်အတွင်း တည်ဆောက်ထားသည့် အဆောက်အုံကြီးကိုကြည့်ကာ ဂုဏ်ယူနေကြလေသည်။ ထိုအဆောက်အုံ၏ ဗီသုကာလက်ရာမှာ သူတို့တွက် မြင့်မားလွန်းနေပြီး တထပ်စီ၌ လေသာဆောင်လေးများ ထည့်သွင်းထားခြင်း ပင်မတံခါးမကြီး၏ ခမ်းနားထည်ဝါမှုများ အရာအားလုံးက မှင်သက်ချင်စရာများ ဖြစ်သည်။
ကျန်းဝမ်လီတို့ ထွက်သွားချိန်တွင် ယန်ချန်တယောက် အစီရင်အချို့ နေရာချနေချိန်၌ ကျန်းထန်ရောက်ရှိလာသည်။
“သခင်လေး မုရုံမိသားစု ရောက်နေပါပြီ”
“ဟုတ်လား..”
မူလက မုရုံမိသားစုထံ သွားရမည်ဟု ထင်ထားသော်လည်း တဖက်သူက ရွာကိုပင်ရွှေ့ပြောင်းလာပြီဖြစ်သည်။ ယန်ချန်တယောက် လုပ်လက်စများကိုရပ်ကာ ကျန်းထန်ကို လမ်းပြစေသည်။
မကြာမီ မုရုံခြံဝန်းဆီရောက်ရှိသွားပြီး ခြံဝန်းတခုလုံးကိုလည်း မုရုံမိသားစုဝင်များက သန့်ရှင်းရေးပြုလုပ်နေကြကာ သူတို့ရောက်ရှိသည်မှာ အချိန်အနည်းငယ်သာ ကြာဦးမည်ဟု ယန်ချန်တွေးလိုက်သည်။
“သခင်လေးယန် ခမည်းခမက်တို့ပါလား ကြွပါ”
ထိုစဥ် ယန်ချန်တို့ဝင်ရောက်လာသည်ကို မြင်သွားသည့် မုရုံချန်းက အပြေးအလွှားရောက်လာကာ ကြိုဆိုပြီး အိမ်ထဲ ခေါ်ဆောင်လေသည်။
“ခမည်းခမက် သခင်လေးက ခမည်းခမက်ရဲ့ရောဂါကို ကုပေးဖို့ရောက်လာတာပါ”
ကျန်းထန်စကားကြားလျင် မုရုံချန်းတယောက် ဝမ်းသာသွားကာ တဖက်သူမှ သူပင်မဖိတ်ခေါ်ရသေး သိတတ်နားလည်မှုဖြင့် ရောက်ရှိလာသည့်အတွက် အနည်းငယ်ပင် အားနာမိသွားရသည်။
“အားနာလိုက်တာဗျာ သခင်လေးယန်ကို ရောဂါစစ်ဆေးဖို့ ဖိတ်ခေါ်ချင်ပေမယ့် အခုမှပြောင်းကာစဆိုတော့ အလုပ်ကလည်းများ သခင်လေးယန်ကို အနှောင့်ယှက်ဖြစ်မှာစိုးလို့ ရောက်မလာတာပါ”
ယန်ချန်က ပြုံး၍ လက်ကာပြသည်။
“ဘာမှမဖြစ်ပါဘူး ကျုပ်ကလည်း စစ်ဆေးပေးမယ်လို့ ကတိပေးပြီးပြီပဲ”
ယန်ချန့်စကားကြားမှ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး တခဏကြာလျင် ဇနီးဖြစ်သူရှိသည့် အခန်းတခုထဲအား ခေါ်ဆောင်သွားတော့သည်။ အခန်းက ပေနှစ်ဆယ်ပတ်လည်ခန့်ကျယ်ပြီး ကြီးမားသည့် ကုတင်ကြီးတလုံးပေါ်၌ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦး ဖြူဖျော့သည့် အသားရေပုံစံဖြင့် မျက်လုံးစုံမှိတ်ကာ လဲလျောင်းနေလေသည်။
မုရုံချန်းက ကုတင်နားတိုးကပ်သွားပြီး ဇနီးဖြစ်သူ၏ နှာဖူးပေါ်ကျနေတဲ့ ဆံပင်အချို့အား ညင်သာစွာသပ်တင်ပေးလိုက်ကာ တီးတိုးပြောလိုက်သည်။
“ရှင်မ ကိုယ်ပြောပြဖူးတဲ့ ဆေးပညာရှင်သခင်လေး ရောက်လာပြီ”
မုရုံချန်းရဲ့အသံကြားလျင် မူလကမျက်လုံးမှိတ်ထားသည့် ဇနီးဖြစ်သူက ညင်သာစွာပွင့်လာကာ မုရုံချန်းဘက် ဖြေးညင်းစွာလှည့်ကြည့်သည်။ သူမက ရင့်ကျက်သည့် အလှတရားတခု ရှိနေပြီး မျက်လုံးမျက်ဆံများ မျက်ခုံးများနက်မှောင်ထူးကဲကာ မျက်နှာအလှက ထူးခြားသည်ဟု ခံစားလိုက်ရပြီး တဆက်တည်း နှုတ်ခမ်းများကတော့ ဖြူဖျော့နေသည်ကို သတိပြုမိသွားသည်။
ယန်ချန်က မုရုံချန်းကို ခေါင်းညိတ်ပြလိုက်ကာ သူ့ကိုယ်သူလည်း မိတ်ဆက်လိုက်သည်။
“အစ်မကြီး ကျတော်က ဆေးပညာရှင်ပါ အစ်မကြီးရဲ့ရောဂါကို စစ်ဆေးပါရစေ”
တဖက်သူမှာ သက်လတ်ပိုင်းအရွယ်ဖြစ်သာ်လည်း အဒေါ်ခေါ်ခြင်းက မသင့်တော်ဟု ခံစားမိ၍ အစ်မကြီးဟုသာ အလွယ်ခေါ်လိုက်တော့သည်။ မုရုံချန်းရဲ့ဇနီးဖြစ်သူက အနည်းငယ်ပြုံးပြလာပြီး ယောက်ကျားဖြစ်သူမှ ကြိုတင်အသိပေးထားပြီဖြစ်၍ လက်ခံဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ယန်ချန်က သူမရဲ့အသားအရေ နှလုံးခုန်နှုန်းများကို အရင်စမ်းသပ်သည်။ နှလုံးခုန်နှုန်းက သိသိသာသာ နည်းပါးကာ နှလုံးမှသွေးစီးဆင်းမှုကလည်း အားနည်းနေသည်။ ထိုအချင်းရာက နှလုံး၏ သွေးသန့်စင်ခြင်းလုပ်ငန်းကို ထိခိုက်စေပြီး မသန့်ရှင်းသည့် သွေးများ ခန္ဓာကိုယ်ကိုလည်ပတ်နေကာ ရုပ်ပိုင်းဆိုင်ရာရောဂါများဖြစ်စေသည်။ ထို့အပြင် သွေးစီးဆင်းမှုနည်းပါးခြင်းကြောင့် လူနာက သွေးအားနည်းသည့် လက္ခဏာနဲ့ပင် ဆင်တူနေကာ နှလုံးသွေးကြောများကို ထပ်မံစမ်းသပ်ကြည့်ချိန်မှာတော့ အဖြေပေါ်လာသည်။
မွေးရာပါ နှလုံးသွေးကြောကျဥ်းခြင်း…။
ထိုရောဂါကို နှလုံးရဲ့သွေးကြောများကို ခွဲစိတ်ရမည်ဖြစ်သော်လည်း ယခုက ကျင့်ကြံရေးလောကဖြစ်သည်။ ဆေးဝါးများက နတ်ဘုရားဆန်လွန်းပြီး ခွဲစိတ်စရာမလိုတော့။ သွေးကြောများကို အားဖြည့်သန်မာစေသည့် ဆေးအနည်းငယ်ဖြင့် သွေးစီးဆင်းမှုကိုသာ ထိန်းညှိနိုင်ပါက ရောဂါကို ကုသနိုင်သည်။
မုရုံချန်းက ယန်ချန်ရဲ့ အပြုအမူအားလုံးကို အသေးစိတ်မလွတ်တမ်း စောင့်ကြည့်နေခဲ့ပြီး အဆုံးမှာတော့ သိလိုစိတ်ပြင်းပြစွာဖြင့် မေးတော့သည်။
“သခင်လေးယန် ကျတော့်ဇနီးသည်ကို ကုသပေးနိုင်မလား”
ယန်ချန်က ခေါင်းညိတ်ပြကာ တုန့်ပြန်သည်။ စစ်ဆေးမှုအရ သူကုသနိုင်မည်မှာ ရာနှုန်းပြည့် ဖြစ်သည်။
“ကျုပ်ကုသပေးနိုင်ပါတယ် ကုသမှုလုပ်ငန်းစဥ်ကလည်း နေ့တဝက်ပဲ ကြာမှာပါ ဒါနဲ့ ကျုပ်ပြန်ပြီးတော့ လိုအပ်တာတွေ စီစဥ်ပါဦးမယ်”
ထိုသို့ပြောပြီးနောက် မုရုံခြံဝန်းတွင်းမှ ထွက်လာတော့သည်။ သူ့အတွက် ဆေးအပ်အချို့နဲ့ သွေးကြောအားဖြည့်ဆေး အနည်းငယ်လိုအပ်မည် ဖြစ်သည်။ ထိုအချိန် မုရုံလင်းတို့မောင်နှမကမူ ကျန်းယန်ဆီရောက်နေကြပြီး မီးအလင်းကျောက်များ ကူညီနေခဲ့ကာ မကြာခင်မှာပဲ သခင်လေးယန်မှ မိခင်ဖြစ်သူကို ကုသပေးတော့မည်ဟု မိသားစုဝင်တဦးမှ သတင်းပေးပို့လာသည်။ ထိုသတင်းကိုကြားလျင် လုပ်လက်စများ ပစ်ချကာ အိမ်သို့အမြန်ပြန်ကြတော့သည်။
…………………………………………….