← Chapters

ယန်ချန်

Vol. 10 Ch. 92

ယန်ချန်

Vol. 10 Ch. 92

ထာဝရကျေးရွာမှာတော့ အရာအားလုံးက ပြန်လည်တည်ငြိမ်သွားလေပြီ။

စိုက်ပျိုးရေး မွေးမြူရေးအစီစဥ်များ စတင်နေကြပြီး တဖက်တွင်လည်း မုရုံချန်းတို့ကလည်း ယန်ချန့်ခွင့်ပြုချက်ဖြင့် ခြံဝန်း၂ခု ရရှိခဲ့ကာ တခုက သူတို့ဇနီးမောင်နှံနဲ့ သားဖြစ်သူတို့နေရန်ဖြစ်ပြီး တခုကတော့ မုရုံလင်းနဲ့ကျန်းယန်တို့အတွက်ဖြစ်သည်။

ယန်ချန်တယောက် ဒီရက်ပိုင်း အနည်းငယ်အလုပ်များနေသည်။ ခေတ်သစ်မင်္ဂလာဆောင်ကို ပြန်လည်အသုံးချရန် တွေးနေခဲ့ပြီး ဖျော်ဖြေရေးအစီစဥ်များ ထည့်သွင်းရန် ဖြစ်သည်။

ဖျော်ဖြေရေးအတွက် သူကိုယ်တိုင်ပါဝင်ရမည်လား။ ဒါက အနည်းငယ်တော့ ရှက်စရာကောင်းတယ် လို့ ခံစားနေရသော်လည်း ဖျော်ဖြေရေးကိုတော့ မပစ်ပယ်ထားပေ။ နောက်ဆုံး ကျင့်ကြံသူများကို အကူညီနိုင်တောင်းနိုင်သည်ဟု တွေးကာ ကျန်းယန်ကိုပြောပြလိုက်သည်။ အစီစဥ်က ကျန်းရင်ရင်မှတဆင့် တေးသံသာဂိုဏ်းထံ သတင်းစကားပေးပို့ခြင်း ဖြစ်သည်။

ယန်ချန်တယောက် နေ့လည်စာစားပြီးနောက် အရိပ်ရအပင်ကြီးအောက်၌ ဇိမ်ယူနေလေသည်။ လှုပ်ကုလားထိုင်က သက်တောင့်သက်သာဖြစ်စေပြီး ပတ်ဝန်းကျင်မြင်ကွင်းများကလည်း အစစ်အမှန် ကျေးလက်မြင်ကွင်းကို အပြည့်အဝပုံဖော်ထားသေးသည်။

ခြံဝန်းထဲ၌ ရှုယင်က စိုက်ခင်းများကို စစ်ဆေးနေသည်။ ယင်ယင်လေးကမူ မိခင်ဖြစ်သူဘေး လိုက်ပါလျက် ခူးဆွတ်ထားတဲ့ သီးနှံများကို သူမလက်လေးသေးသေးတစုံဖြင့် ပွေ့ဖက်ရန်တောင်းဆိုနေသည်။

“မေမေ..သမီးကိုပေး သမီးကိုပေး”

သူမလေးက တဖြေးဖြေးသိတတ်လိမ္မာလာသော်လည်း တခါတရံ၌ အလွန်ဂျစ်ကျသည်ကို ယန်ချန်ခံစားမိသည်။ သမီးတယောက်မွေးထားသည်က ယခင်ဘဝ၌ဆိုလျှင် အင်မတန်ထိန်းချုပ်ရခက်နိုင်သည်။

ထိုစဥ် ခြံဝန်းအပြင်ဘက်မှ အသံတချို့ထွက်ပေါ်လာပြီး ထိုအသံများက အခြားခြံဝန်းများ၌ နေထိုင်သည့်မိသားစုများ၏ ကလေးများ ဆော့ကစားရန် ယင်ယင့်ကိုလာခေါ်ကြဟန် တူသည်။

မူလက ကူညီမလိုနှင့် နှောင့်ယှက်နေသည့် ယင်ယင်မှာ ထိုအသံများကြားသည်နှင့် ချက်ချင်းပြေးထွက်ရန်ကြိုးစားတော့သည်။ ရှုယင်က ထိုအမူရာကိုတွေ့လျင် သူမလေး၏ ပုခုံးတဖက်မှ ဖမ်းဆွဲကာ ပြင်းပြင်းထန်ထန်မဆော့ဖို့ ထိခိုက်ဒဏ်ရာမရစေဖို့ အလေးနက်မှာပြီးနောက် တားမရဆီးမရဖြစ်နေသည့် ယင်ယင့်ကိုလွှတ်လိုက်ရတော့သည်။ ယန်ချန်တယောက် ထိုမြင်ကွင်းကိုကြည့်၍ ခေါင်းယမ်းမိသည်။

“သခင်လေးယန် ရင်အာက တေးသံသာဂိုဏ်းကို သတင်းစကားပို့လိုက်ပါပြီ”

ထိုအသံနဲ့အတူ ကျန်းယန်ဝင်ရောက်လာပြီး သူ့ဘေးမှာတော့ မုရုံလင်းက တိတ်တဆိတ်လိုက်ပါလာသည်။

“သခင်လေးကို နှုတ်ဆက်ပါတယ်”

မုရုံလင်းက ရိုရိုကျိုးကျိုး နှုတ်ဆက်လာသည်။ သူမရှေ့ရှိလူငယ်မှာ ထာဝရကျေးရွာတခုလုံး၏ ရွာသူကြီးဖြစ်ပြီး သေမျိုးများသာမက ကျင့်ကြံသူများပါ လေးစားကြရသည်ကို ကျန်းယန်မှတဆင့် သူမ သိထားပြီဖြစ်သည်။ ယန်ချန်က ခေါင်းညိတ်ပြကာ ထိုင်ခုံများ၌ ထိုင်စေသည်။

“မောင်လေးကျန်းယန်ပါလား ပြီးတော့ ညီမလင်းလည်းပါလာတာကိုး”

ရှုယင်ကစိုက်ခင်းဆီမှ ဖြေးညင်းစွာလျှောက်လာကာ မုရုံလင်း၏ လက်ကလေးတဖက်အား ညင်သာစွာဆွဲကိုင်ကာ တီးတိုးပြောနေလေသည်။ တခဏကြာလျင် မုရုံလင်းတယောက် မျက်နှာရဲသွားသော်လည်း ခေါင်းအနည်းငယ်ညိတ်လျက် ရှုယင်ခေါ်ဆောင်ရာနောက် လိုက်ပါသွားတော့သည်။

“လျှို့ဝှက်နေလိုက်တာ ဘာများဆွေးနွေးကြမလို့လဲ”

ကျန်းယန်က မုရုံလင်းတို့ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်ပြီး စားပွဲပေါ်မှ ဖျော်ရည်တခွက်အား ကောက်ယူ၍ တကျိုက်တည်းမော့ချလိုက်သည်။

“အား.. ရင်ထဲထိ အေးသွားတာပဲ”

ချိုမြသည့် အသီးဖျော်ရည်က လည်ချောင်းမှတဆင့် စီးဆင်းသွားကာ ပင်ပန်းနွမ်းနယ်မှုများကိုပါ ယူပစ်သလို ပျောက်ကင်းသွားစေသည်။

“ဖိတ်စာရိုက်ပြီးပြီလား”

ယန်ချန်က မေးလိုက်သည်။ ကျန်းယန်က

“အဖေတို့ စီစဥ်နေပါပြီ မထင်မှတ်ထားတာတွေ ဖြစ်မလာအောင် အတော်များများစီစဥ်မယ်လို့တော့ ပြောတယ်”

ကျန်းယန်ရဲ့စကားကို ယန်ချန်က ခေါင်းညိတ်ပြကာ သဘောတူသည်။ သူက ကျင့်ကြံသူများထံ သတင်းပေးပို့ထားပြီဖြစ်၍ လာရောက်သူများက ထင်ထားသည်ထက် ပိုများမည်မှာ သေချာသည်။

“ရွာအလယ်က အဆောက်အုံကြီးကို သုံးထပ်ပြန်ပြောင်းသင့်တယ် ပြီးတော့ မြေကွက်လပ်ကြီးတခုလိုမယ် အစ်ကိုကျန်းယန်ပဲ စီစဥ်လိုက်ပါ လူအရမ်းများလာရင် အဆောက်အုံတခုတည်းနဲ့ မရနိုင်ဘူး”

ယန်ချန်က ယခင်ဘဝက ပရိုဂျက်တာများကဲ့သို့ အစီရင်ဖြင့် မင်္ဂလာပွဲကို ထပ်ဆင့်ပြန်လွှင့်ခြင်းကို တွေးမိသော်လည်း တက်ရောက်မည့် လူပမာဏကိုမသိရသေးချေ။ သို့သော် မှန်းချေဖြင့်တော့ တွက်ဆနိုင်သည်။

(အင်း…ပုံရိပ်ယောင်အစီရင်တခုနှစ်ခုလောက် ငါလုပ်ရတော့မယ်ထင်တယ်)

ယန်ချန်တယောက် အလေးနက်တွေးနေသည်ကိုမြင်လျင် ကျန်းယန်လည်း တိတ်ဆိတ်စွာဖြင့် ဆက်၍ထိုင်နေကာ မည်သည့်စကားမှ ဝင်မပြောချေ။

ထိုစဥ် တေးသံသာဂိုဏ်းမှာတော့ ကျန်းရင်ရင်၏ သတင်းစကားပေးပို့ချက်ကြောင့် အကြီးကဲများသာမက စုလဲ့ပါ စိတ်လှုပ်ရှားနေကြသည်။ ယခုပွဲက ယန်ချန့်ပွဲမဟုတ်သော်လည်း ကျန်းရင်ရင်၏မိသားစုအပေါ် ယန်ချန်အလေးနက်ထားပုံကိုကြည့်ကာ ပွဲတက်ရောက်ရန်က ရှောင်လွှဲရန်မသင့်တော်ချေ။ မေးစရာရှိသည်က တဂိုဏ်းလုံးတက်ရောက်ရမည်လား။ မဖြစ်နိုင်။

“အကြီးကဲတွေ ပင်မတပည့်တွေနဲ့ အခြားပါရမီရှင်လူငယ်အချို့ကို စာရင်းလုပ်ထားလိုက်ပါ”

စုလဲ့က လီဖူယွဲ့အားမှာကြားလိုက်ပြီးနောက် သတင်းပို့ကျောက်ပြားမှတဆင့် ကျင်းလုံနဲ့ အခြားထိပ်သီးကျင့်ကြံသူများထံ သတင်းစကားပေးပို့လိုက်တော့သည်။ ယန်ချန်နဲ့ဆက်ဆံရေးတခုတည်ဆောက်လိုပါက ယခုပွဲက အရေးပါလာမည်ဖြစ်သည်။

လီဖူယွဲ့က ခေါင်းညိတ်ပြပြီးနောက် ပွဲအတွက်မည်သည့်လက်ဆောင်ပေးရမည်ကို စီစဥ်ရန် ထွက်ခွာသွားကြပြီး လိုက်ပါကြမည့်သူများကလည်း မိမိတို့ပိုင်ဆိုင်ထားသည့် အရာများထဲမှ အကောင်းဆုံးဆိုသည့်အရာများကို ထုတ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။ တဖက်သူက ယန်ချန်ဖြစ်သည်။ ကံကောင်းလျင် တန်ဖိုးမဖြတ်နိုင်သည့် အရာများပြန်ရနိုင်သည်မှာ ပြောစရာပင်မလိုချေ။

ထိုအချိန် ခြံဝန်းထဲမှာတော့ ယန်ချန်တယောက် အစီစဥ်တခုလုံးအား ဆွဲ၍ပြီးသွားချေပြီ။ လာရောက်မည့်သူများအနေဖြင့် လက်ဖွဲ့များပေးနိုင်ပြီး မင်္ဂလာဆောင်ဘက်မှ ဗလာမပါကံစမ်းမဲအစီစဥ်တခုကိုလည်း ယန်ချန်ကထည့်သွင်းလိုက်သည်။ ပေါက်မဲများကိုတော့ လက်နက်များ ဆေးဝါးများ ပန်းချီကားများအပြင် စနစ်ထံမှရထားသည့် စာအုပ်အချို့ကိုလည်း ထည့်သွင်းနိုင်သေးသည်။

သေချာသည်က သူ့ထဲ၌ ကျိုးပဲ့ကာအရည်သွေးမမီသည့် လက်နက်များ သောင်းချီရှိနေသည်။ ပန်းချီကားများ ဆေးဝါးများပါဆိုလျှင် လူတသိန်းခန့်တက်ရောက်လျင်တောင် လောက်ငှသည်။

“ရွာထဲသွားရအောင် အဓိကမင်္ဂလာခန်းမကို အသေးစိတ်ပြင်ဆင်ကြမယ်”

ယန်ချန်ကထိုသို့ပြောပြီးနောက် ကျန်းယန်နဲ့အတူ ခြံဝန်းထဲမှ ထွက်ကာ ရွာအလယ်ရှိ ရွာအုပ်ချုပ်ရေးခန်းမအဖြစ် လျာထားသည့် နှစ်ထပ်အဆောက်အုံကြီးထံ သွားရောက်တော့သည်။ မူလက နှစ်ထပ်သာဆောက်ထားသော်လည်း နောက်တထပ် ထပ်မြင့်ရန် အတွေးပေါက်နေခြင်းကြောင့် ဖြစ်သည်။ လမ်း၌ ကျန်းယန်က ပွဲအတွက် လိုအပ်သည်များဝယ်ယူရန် ရက်အနည်းငယ်အတွင်း စုန့်ပြည်နယ်မြို့တော်ထိ သွားရောက်မည်ဟု ပြောလာသည်။ သူ့အစီစဥ်ကို ကျန်းရင်ရင်ကလည်း သဘောတူကာ အသွားအပြန်တွက် တေးသံသာဂိုဏ်းမှ ယန်ချန်ပြုပြင်ပေးထားသည့် ယာဥ်ပျံကို ငှားယမ်းမည် ဖြစ်သည်။

“အစားသောက်တွက် ကုန်ကြမ်းတွေပဲ ဝယ်ခဲ့ပါ ကျန်တာအကုန် ရွာကလူတွေစီစဥ်ပေးလိမ့်မယ် အဝတ်အထည်အတွက် ဒီရက်ပိုင်းထဲ အစ်မရှုဆီ ဒီဇိုင်းပေးလိုက်မယ် ရွာထဲက ချုပ်လုပ်တတ်တဲ့ အမျိုးသမီးတွေ တာဝန်ယူပါစေ”

ကျန်းယန်တို့အနေထားဖြင့် မင်္ဂလာဝတ်စုံဝယ်ရန်က လွယ်ကူသည်။ သို့သော်ယန်ချန်က ရွာစည်းလုံးမှုကို အလေးနက်ထားသူဖြစ်၍ ထိုအခွင့်ရေးကိုယူကာ ပွဲအတွက်ရွာသားအားလုံး၌ တာဝန်ရှိကြောင်းအသိပေးကာ တာဝန်များခွဲဝေပေးမည် ဖြစ်သည်။

“နားလည်ပါပြီ သခင်လေးယန် သင့်တော်သလို စီမံပါ”

ကျန်းယန်၌ ငြင်းစရာမရှိချေ။ ယန်ချန်က အသက်ငယ်သော်လည်း သူတို့မောင်နှမအတွက် အစ်ကိုကြီးတဦးနှယ်ဖြစ်ပြီး သူကိုယ်တိုင်လည်း ယန်ချန်စီစဥ်သမျှအား သဘောကျလေသည်။

မကြာမီ ရွာအလယ်အဆောက်အုံဆီ ရောက်သွားကာ ၎င်းတို့ရောက်သွားချိန်၌ လူငယ်များနဲ့ သန်မာသူသက်လတ်ပိုင်းလူကြီးများက အဆောက်အုံကို ဆောက်လုပ်နေကြလေသည်။

…………………………………………….

All Chapters