ချင်ရှန်ရဲ့ဒေါသ
Vol. 10 Ch. 94
ယန်ချန်တယောက် မင်္ဂလာပွဲအတွက် အစီရင်များ အားတက်သရောဖန်တီးနေချိန်၌ ကျင်းတိုင်းပြည်ရှိ အင်အားစုများကလည်း တက်တက်ကြွကြွ လှုပ်ရှားနေကြလေသည်။
ယန်ချန်က ပွဲ၌ အစီရင်ဖြင့်ပြုလုပ်ထားသည့် ရောင်စုံမီးလင်းကျောက်များ ခန်းမထဲသို့ဝင်ရောက်မည့် လျှောက်လမ်းပေါ်၌ အသုံးပြုမည့် ပုံရိပ်ယောင်အစီရင်များအပြင် ခန်းမ လေးဘက်လေးတန် နံရံများပေါ်တွင်လည်း စနစ်ထံမှသင်ကြားထားသည့် အစီရင်ပညာရပ်များထဲမှ အကောင်းဆုံးအစီရင်တခုဖြစ်သည့် စကြာဝဋာဖန်တီးခြင်းပုံရိပ်ယောင် အစီစဥ်ကြီးကိုလည်း လုပ်ဆောင်ရန်စဥ်းစားထားသည်။
ထိုအစီရင်က ကမ္ဘာ့အပြင်ဘက် စကြာဝဋာပုံရိပ်များကို ပုံဖော်ထားခြင်းဖြစ်ပြီး ထိုအထဲ၌ ကြယ်တာရာများ ဂြိုလ်ကြီးများအပြင် အခြားသက်ရှိများနေထိုင်သည်ဟု ယူဆရသည့် ကမ္ဘာများစွာကိုလည်း ထည့်သွင်းထားလေသည်။ ထိုအစီရင်အတွက် ယန်ချန်ပင် အချိန်လဝက်ခန့် ယူရမည်ဖြစ်ပြီး လျှောက်လမ်းပေါ်က အစီရင်ကမူ ရှုမျှော်ခင်းပန်းချီကားချပ်များ ခင်းကျင်းထားသည့်နှယ် ပုံဖော်မည်ဖြစ်သည်။
ရှုယင်က ယန်ချန်ဆွဲထားသည့် အဆောက်အုံပုံကြမ်းကို ကြည့်၍ အချိန်အတော်ကြာမှင်သက်နေသည်။ ပုံစံက ကျင့်ကြံရေးလောကရှိ ထိပ်သီးဧကရာဇ်များ ကျင့်ကြံသူများပိုင်ဆိုင်သည့် နန်းတော်များထက်ပင် ခမ်းနားကာ ပုံကြမ်းထဲ၌ ရောင်စုံမီးကျောက်များ ပတ်ထားသည့် သစ်ပင်ကြီးများ လျှောက်လမ်းကြီးများအပြင် မြေကွက်လပ်ကြီးတခုလုံးကို ဖုံးထားသည့် အစီရင်ကြီးတခုကိုလည်း ထည့်သွင်းထားသည်။
“ဒါက ဘာများလဲ”
ရှုယင်ကအစီရင်ကြောင်းလုံးဝ နားမလည်သိတော့မဟုတ်။ တခါတရံ ယန်ချန်ပြုလုပ်လေ့ရှိသည့် အစီရင်များကို ဘေးမှကြည့်ရှုဖူးသည်ဖြစ်၍ အတော်အသင့် သိနားလည်နေပြီ ဖြစ်သည်။
“ပရိုဂျက်တာလေ”
ယန်ချန်က အမှတ်တမဲ့ပင် ပြန်ဖြေသည်။
“ပရိုဂျက်တာ ဟုတ်လား ဘာအတွက်လဲ”
ယန်ချန်လည်း ရှုယင်ရဲ့မေးခွန်းကြားမှ ဒီလောကရှိလူများ ပရိုဂျက်တာကို မသိလောက်ဟု တွေးမိသွားသည်။
“ဒါက ပုံရိပ်တွေကို ပုံဖော်ပေးတာလေ ခန်းမထဲက မင်္ဂလာပွဲကို မြေကွပ်လပ်ကလူတွေလည်း မြင်နိုင်အောင်ပေါ့”
ထိုထက်ပို၍တော့ မရှင်းပြပေ။ ရှင်းပြလည်း ရှုယင်နားမလည်နိုင်။ ရှုယင်ကလည်း သိတတ်စွာဖြင့် ဆက်မမေးတော့ပဲ ယန်ချန်ဘေးနားတိတ်တဆိတ် ဆက်ထိုင်နေကာ ယန်ချန်ပြုလုပ်နေသည့် အရာများကို ကြည့်ရှုနေသည်။ ထိုကဲ့သို့ ယန်ချန်နဲ့အတူ စာကြည့်ခန်းထဲ၌ ယန်ချန်လုပ်သမျှ ထိုင်ကြည့်နေရန်မှာ ရှုယင်တို့သားအမိတွင်သာ အခွင့်ရေးရှိသည်။ မည်သူမှ စာကြည့်ခန်းထဲ ဝင်ခွင့်မရှိပေ။
“ပန်းချီကားထဲက လေဟာနယ်လောကထဲမှာ နောက်ထပ် အဆင့်မြင့်သားရဲတွေ ထပ်ရှိနေနိုင်တယ်”
မင်ယုရှန်းတယောက် ဘိုးဘေးမင်ဝမ်က တိုင်းပြည်ကိစ္စများ ကိုင်တွယ်နေချိန်၌ သူမက ကျင့်ကြံမှုအတွက် ပန်းချီကားထဲမှ လေဟာနယ်ထဲ ဝင်ထွက်ကာ အဆက်မပြတ်လေ့ကျင့်နေခဲ့လေသည်။ မကြာခင်က ဘိုးဘေးမင်ဝမ်၏ အကြံပြုချက်ဖြင့် မင်မိသားစုသွေးမျိုးဆက်ထဲမှ အရည်ချင်းရှိသူအချို့ကို စစ်ထုတ်၍ မင်ဝမ်က တိုင်းပြည်အုပ်ချုပ်ရန် ရွေးချယ်ထားသည့်အကြောင်း အသိပေးလာခဲ့သည်။ အရင်ကဆိုလျှင် မင်ယုရှန်း ငြင်းပယ်မည်ဖြစ်သော်လည်း ယခုတော့ တိုင်းပြည်အရေးများဖြင့် သူမရဲ့လမ်းကြောင်းကို ပိတ်ဆို့မခံနိုင်တော့။ သူမအတွက် သူတော်စင်အဆင့်က စတင်ခြင်းသာဖြစ်ပြီး ထိုထက်မြင့်မားသည့် အဆင့်များထံ တက်ရောက်လိုသေးသည်။
ထိုအတွက်လည်း လမ်းစရှိနေပြီမဟုတ်လား။ မင်တိုင်းပြည်ရဲ့ ပြုပြင်ရေးက ရက်စက်ပြီး ပြတ်သားတတ်သူ မင်ဝမ်ရဲ့စီမံမှုအောက်၌ တည်ငြိမ်စွာဖြတ်ကျော်နေပြီး မည်သည့်အင်အားစုကမှ သူတော်စင်မင်ယုရှန်းကို မဆန့်ကျင်ရဲတော့ပေ။
ဧကရီမက ပလ္လင်မှဆင်းသွားသော်လည်း ရာဇမာန်ကိုတော့ သူတို့ကြောက်ကြသေးသည်။ တစုံတရာလှုပ်ရှားပါက အမတ်လျှု အမတ်ကုန်းစွန်းတို့လမ်းစဥ်ကို သေချာပေါက် လိုက်ရမည် ဖြစ်သည်။
“ဒီရက်အတွင်း ငါ့ခွန်အားက သူတော်စင်အလယ်ဆင့်မှာ ရပ်နေပြီ အသက်ဓာတ်နဲ့ပက်သက်ပြီး ငါ့နားလည်မှုက မလုံလောက်သေးတာများလား”
မင်ယုရှန်းတယောက် အလေးနက်တွေးနေခဲ့ပြီး ယန်ချန့်အကူညီက သူမကို အကျိုးမြတ်ကြီးတခု ယူဆောင်ပေးခဲ့သော်ငြား သူမပါရမီက အကန့်သတ်ရှိနေသည်မှာတော့ ဝမ်းနည်းစရာပင်။
နိယာမများကို စတင်ထိတွေ့ပြီးနောက် လောကကြီးအပေါ်သူမအမြင် ပြောင်းလဲသွားခဲ့သည်။ ထိုအထဲ၌ ရာဇပလ္လင်ကို လက်လွှတ်စေချင်ခဲ့သည့် အတွေးလည်း ပါဝင်သည်။ သူမက မည်သူနည်း။ ဧကရီတပါး ပြီးတော့ ထိပ်တန်းကျင့်ကြံသူ သူတော်စင်ဧကရီ။ သူမဆန္ဒရှိလျှင် အလယ်ကုန်းမြေကိုတောင် ရန်စရဲသည်။
“ချင်မိသားစုက လှုပ်ရှားလာနိုင်လောက်လား”
သူမက ထိုအတွေးကို တွေးမိလျင် နှာခေါင်းရှုံ့လိုက်သည်။ လှုပ်ရှားလာလျင်လည်း သူမ မစိုးရိမ်ချေ။ မိသားစုခွဲမှ ပါရမီရှင်တဦးအတွက်ဖြင့် အလယ်ကုန်းမြေကြီးမှ ချင်မိသားစုကသာ လှုပ်ရှားလိုပါက သူမကလည်း ဝမ်းမြောက်စွာကြိုဆိုရပေမည်။
ထိုစဥ် ချင်မိသားစုခွဲအိမ်တော်ထဲမှာတော့ လေထုက တင်းမာနေသည်။ အကြောင်းရင်းက မိသားစုခွဲမှ လူငယ်ပါရမီရှင် သခင်လေးချင် သေဆုံးသွားခြင်းကို အသက်ကျောက်ပြားမှတဆင့် သိရှိသွားကြပြီး သခင်လေးချင်နဲ့ အတူလိုက်ပါသွားသည့် လူငယ်ပါရမီရှင်မှာလည်း သေဆုံးသွားကာ ထိုလူငယ်၏မိသားစုမှာလည်း ချင်မိသားစုခွဲအိမ်တော်ဆီ ရောက်ရှိနေကြလေသည်။
“ဘယ်သူလုပ်တာလဲ..”
ချင်ရှန်က အိမ်တော်ခေါင်းဆောင်ဖြစ်ပြီး သူတော်စင်တဝက်အဆင့် ဖြစ်သည်။ ယခု၌ ချင်ရှန်ရဲ့မျက်နှာက တင်းမာနေပြီး ဒေါသအကြီးကျယ်ထွက်နေသည်မှာ သိသာနေသည်။
“ကျုပ်.ကျုပ်တို့လည်း မသိသေးပါဘူးသခင်ကြီး စုံစမ်းနေတုန်းပါပဲ”
အိမိတော်အကြီးကဲတဦးက ကြောက်လန့်တကြား တုန့်ပြန်သည်။
“မကြာခင်က ငါ့သားနဲ့သူ့အဖော်နှစ်ယောက် တောင်ပိုင်းကုန်းမြေဆီသွားကြတယ်လို့ ငါသိထားတယ် အဓိက တောင်ပိုင်းကုန်းမြေက မင်တိုင်းပြည်ပဲ”
ချင်ရှန်က ဆက်ပြောသည်။
“မင်းတို့တွေ ဒီကိစ္စကိုစုံစမ်းဖို့ အချိန်လဝက်ပေးမယ် ကိစ္စအားလုံးကို အမြန်စုံစမ်းကြ”
ချင်ရှန်ရဲ့စကားဆုံးလျင် အကုန်လုံးက ခေါင်းညိတ်လာကြပြီး အမြန်ဆုံးစုံစမ်းပေးမည်ဟု ကတိပေးလာကြသည်။ သူတို့က ချင်ရှန်ရဲ့ဒေါသကို ထိတ်လန့်ကြပြီး လူငယ်ပါရမီရှင်သေဆုံးမှုအတွက် ရောက်လာကြသည့် မိသားစုက အကြီးကဲများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ အနှီလူငယ်က မိသားစုခေါင်းဆောင်ဖြစ်လာမည့် သူဖြစ်ပြီး ဆုံးရှုံးမှုက ကြီးမားသည် မဟုတ်လား။
ခန်းမက လေးလံတိတ်ဆိတ်သွားပြီး အကုန်လုံးကလည်း မည်သည့်အင်အားစုက ချင်မိသားစုကို ထိပါးရဲသနည်းဟု တွေးတောနေကြလေသည်။
ထိုစဥ် ချင်ရှန်ရဲ့နားထဲသို့ အသံတခုတိုးဝင်လာသည်။
“ချင်ရှန် ငါ့ဆီလာခဲ့ဦး”
အသံက ချင်မိသားစုရဲ့ အဓိကဘိုးဘေး ချင်ထျန်ရဲ့အသံဖြစ်ပြီး တစုံတရာထူးခြား၍ လှမ်းခေါ်ခြင်း ဖြစ်နိုင်သည်ဟု တွေးမိပြီး နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။
…………………………………………..