Sudden Wealth
Vol. 8 Ch. 72
“အချိန်အကန့်အသတ်မစ်ရှင် ပြီးဆုံးပါပြီ။ အမှတ်များကို စတင်တွက်ချက်ပေးနေပါပြီ”
စနစ်အသံကို ကြားပြီး ကျန်းကျီမြောင် အလွန်စိတ်လှုပ်ရှားလာခဲ့သည်။ ကျန်းကျစ်ဖျင်နှင့်ပတ်သတ်သည့် အချိန်အကန့်အသတ်မစ်ရှင် နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ယွင်ရွှေကျန့် အခါးရည်ဆိုင်မှာ ပွဲကြီးပွဲကောင်းဖြစ်ပြီးနောက် အံ့ဩတုန်လှုပ်မှုရမှတ်တွေ တဟုန်ထိုးဝင်ရောက် လာခဲ့သည်။ ထို့နောက် ကျန်းကျစ်ဖျင်နဲ့ ဆောင်ကြာမြိုင်မိန်းမတို့၏သတင်းထပ်ထွက်လာသောအခါ အံ့ဩတုန် လှုပ်မှုရမှတ်တွေ ထပ်မံမြင့်တက်ခဲ့ရပြန်သည်။
ဒီတစ်ခါ သူမအမှတ်တွေ ဘယ်လောက်တောင် ရလိုက်မလဲ ကျန်းကျီမြောင် အလွန်ရင်ခုန်နေမိပါပြီ။
“တွက်ချက်မှုပြီးဆုံးပါပြီ၊ အံ့ဩတုန်လှုပ်မှုရမှတ် ၇၃,၅၀၀ ရရှိပါတယ်၊ အမှတ်အဖြစ် ပြောင်းလဲပြီးနောက် ၇၃၀ မှတ် ရရှိပါတယ်၊ ကျန်ရှိနေသည့် အံ့ဩတုန်လှုပ်မှုရမှတ်များကို နောက်မစ်ရှင်အတွက် သိမ်းဆည်းထားပေးပါမယ်”
“စနစ်ပိုင်ရှင်၏ လက်ရှိ စုစုပေါင်းအမှတ်: ၇၅၇”
စုစုပေါင်း အမှတ် ၇၅၇ မှတ်တဲ့!
ကျန်းကျီမြောင် အပျော်လွန်လွန်းသဖြင့် သတိပင် လစ်ချင်သွားပါသည်။
ညတွင်းချင်း သူဌေးဖြစ်သွားတယ်ဆိုတာ ဒါမျိုးကို ခေါ်တာနေမယ်!
ကျေးဇူးတင်ပါတယ် ကျန်းကျစ်ဖျင်! ကျေးဇူးတင်ပါတယ် နဉ်ရွှယ်!
အံ့ဩတုန်လှုပ်ခဲ့ကြတဲ့ အစ်ကိုကြီးတို့ အစ်မကြီးတို့ အား လုံးကိုလည်း ကျေးဇူးတင်ပါတယ်!
အံ့ဩတုန်လှုပ်မှုရမှတ်များ ပေးစွမ်းနိုင်ခဲ့သည့် ပုဂ္ဂိုလ်စာရင်းကို ကျန်းကျီမြောင်စစ်ကြည့်လိုက်သည်။ စာရင်း၏ ထိပ်ဆုံးမှာ ရှိနေသူက တခြားသူမဟုတ်ဘဲ ကျန်းကျစ်ဖျင်၏ဖခင် ကျန်းသဲ့ဟုန်ဖြစ်နေသည်။ သူတစ်ယောက် တည်းနှင့် အံ့ဩတုန်လှုပ်မှု ရမှတ် ၅၀၀ တိတိ ပေးစွမ်းနိုင်ခဲ့သည်။
ကျန်းကျစ်ဖျင်မှာ အပျော်မယားရှိနေမှန်း ကျန်းသဲ့ဟုန် သိခဲ့တာကြာလောက်ပါပြီ။ ထို့ကြောင့် ဒီလို အံ့ဩတုန်လှုပ်ရခြင်းက သူ့သား ဒီလောက်ထိတုံးအလိမ့်မည်ဟု ထင်မှတ်မထားတာကြောင့်သာ ဖြစ်ပါလိမ့်မည်။
ဘယ်လိုပဲဖြစ်ဖြစ် စာရင်းရဲ့ ထိပ်ဆုံးမှာရှိနေပေးလို့ ကျေး ဇူးတင်ပါတယ် အစ်ကိုကြီး!
ကျန်းကျီမြောင် စာရင်းကို ထပ်စစ်ကြည့်လိုက်သည်။ အမည်အများစုကို သူမ မရင်းနှီးပါ။ သို့သော် နံပါတ် ၅ နေရာမှာ ရှိနေသူက ရှဲ့ချန်းဖြစ်သည်။ နံပါတ် ၁၀ နေရာတွင်တော့ လီသဲ့ဟွိုက်အမည်ကို ထပ်မြင်လိုက်ရပါသည်။
လီသဲ့ဟွိုက်၏အမည်ကို ကျန်းကျီမြောင် အချိန်အတော်ကြာအောင် စိုက်ကြည့်ခဲ့ပြီး အလွန်ကျေးဇူးတင်သွားမိ သည်။ ဒီတစ်ခေါက် လူပေါင်းများစွာရှိနေတာတောင် လီသဲ့ဟွိုက် နံပါတ် ၁၀ အထိ တက်ချိတ်နိုင်တာကိုကြည့်ခြင်းအားဖြင့် သူ့အစွမ်းအစ ဘယ်လောက်ရှိသလဲ သိနိုင်သည်။ မိန်းမစိုးကြီးလီမှာ အလွန်အလားအလာကောင်းသူဖြစ်သဖြင့် နောက်တစ်ခါ အချိန်အကန့်အသတ်မစ်ရှင်တစ်ခု ထပ်ပေါ်လာလည်း သူ့ကို သေချာပေါက်ခေါ်ဆောင်သွားသင့်သည်။
ကျန်းကျီမြောင် အပျော်လွန်နေစဉ် အခြွေအရံတစ်ယောက် ရောက်လာပြီး လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့…အနောက်နန်းဆောင် ကိုယ်လုပ်တော်တွေအားလုံး ကြွမြန်းလာပြီး ရှို့အန်းနန်းဆောင်ရှေ့မှာ စောင့်နေကြပါတယ်”
တော်ဝင်သမားတော်များအားလုံး ခေါင်းတညိတ်ညိတ်ဖြစ်ကုန်ကြသည်။ ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမည်ဆိုတာ ဒါကို ဆိုလိုခြင်းဖြစ်မည်။ အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့က ဝတ္တရားကျေပွန်ကြသူများ ဖြစ်သဖြင့် ကိုယ်လုပ်တော်တွေကလည်း သူတို့ခြေရာအတိုင်းလိုက်ကြတာ ဖြစ်ပါလိမ့်မည်။
“ဒီညီအစ်မတွေနဲ့တော့ ခက်ပါပြီ”
ကျန်းကျီမြောင် နွေးထွေးစွာ ပြောလိုက်သည်။
“မယ်တော့်ကို ခဏလောက် စောင့်ကြည့်ပေးထားဖို့ သမား တော်ကြီးတို့ကို တောင်းဆိုပါတယ်၊ မယ်တော် အားအင်တွေ ပြန်ပြည့်ဝဖို့အတွက် အိပ်စက်အနားယူဖို့လိုအပ်တယ်၊ အပြင်မှာ စောင့်မျှော်နေတဲ့ ကိုယ်လုပ်တော်တွေကို ဒီမိဖုရားသွားတွေ့လိုက်ပါဦးမယ်”
“စိတ်ချပါ အရှင်မ ၊ မယ်တော်ကြီး အသက်ရှူသံတွေ တည် ငြိမ်နေပြီး အဖျားလည်း ကျသွားပါပြီ၊ ဒီငယ်သားတို့ ဒီမှာပဲ စောင့်နေမှာမို့ ဘာပြဿနာမှမရှိနိုင်ပါဘူး”
သမားတော်ချန်း အာမခံလိုက်ပါသည်။
“ကျန်းလည်း ကြွမြန်းမယ်”
ယွဲ့လင်းလည်း မတ်တပ်ရပ်လိုက်ပါသည်။
ဘေးချင်းကပ်လျက် ကြွမြန်းသွားကြသည့် အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကို ကြည့်ရင်း လင်းချင်ချင် အံကြိတ်ကာ နောက်မှ လိုက်ပါသွားခဲ့လေသည်။
ယွဲ့လင်း လုပ်နေတာတွေအားလုံးက သူမကို ဝန်တိုစေဖို့သာဖြစ်မှန်း လင်းချင်ချင် နားလည်ပါသည်။ သို့သော် ကိစ္စမရှိပါ။ သူမကို အပေါ်ယံမှာ နာကျင်အောင်လုပ်နေသော်ငြား သူ့ရင်ထဲမှာလည်း နာကျင်နေလောက်ပြီဖြစ်မှန်း သေချာသည်။ နောင်တစ်ချိန် ပြန်ကြင်နာသည့်အခါကျမှ သူမကို နှစ်ဆ ပိုဂရုစိုက်ပေးရလိမ့်မည်။
ရှို့အန်း ဘေးဘက်ခန်းဆောင်တွင်…
ယွဲ့လင်းနဲ့ ကျန်းကျီမြောင်တို့ ကိုယ်လုပ်တော်များအားလုံးကို တွေ့ဆုံခဲ့ကြသည်။ လင်းချင်ချင်လည်း ကိုယ်လုပ်တော်များအကြား နေရာဝင်ယူလိုက်ပါသည်။
“အရှင်မင်းကြီးအား ဂါဝရပြုပါတယ်”
“အရှင်မကို ဂါဝရပြုပါတယ်”
ကိုယ်လုပ်တော်များအားလုံး ဂါဝရပြုလိုက်ကြပြီးနောက် သက်တောင့်သက်သာပြန်ထိုင်နေလိုက်ကြသည်။အနောက်နန်းဆောင် တစ်ခုလုံးကို ဒီလို မြင်တွေ့ရတာ ရှားပါးသဖြင့် ယွဲ့လင်း တစ်ခုခု မိန့်ကြားဖို့ ပြင်လိုက်ပါသည်။ ထိုစဉ်…
“အရှင်မ!”
ကြင်ယာတော်သဲ့ စိတ်မရှည်စွာ လျှောက်တင်လိုက်ပါသည်။
“မယ်တော်ကြီး နာမကျန်းဖြစ်နေတဲ့ သတင်းကို ကြားတော့ ရှို့အန်းနန်းဆောင်ကို အရှင်မ ချက်ချင်းကြွမြန်းခဲ့တယ်၊ အဲ့ဒီနောက် အဝတ်အစားတွေ တွန့်ကျေရလောက်တဲ့အထိ မယ်တော်ကြီးကို အရှင်မ တစ်ညလုံး ပြုစုစောင့်ရှောက်ခဲ့တယ်၊ ဒီလို ဝတ္တရားကျေပွန်မှု၊ သိတတ်လိမ္မာမှုမျိုးကြောင့် ဒီကြင်ယာတော် တကယ်စိတ်နှလုံးဝမ်းသာကြည် နူးမိပါတယ်၊ ဒီကြင်ယာတော်ရဲ့ မယ်တော်ထံကို စာပို့ပြီး သတင်းစကားပါးလိုက်တော့ မယ်တော်ကလည်း စိတ် နှလုံး ကြည်နူးသွားပါတယ်၊ အခုလောက်ဆို ဒီသတင်းကို ကြားပြီး စိတ်နှလုံးကြည်နူးနေတဲ့လူတွေ တော်တော်များနေလောက်ပါပြီ”
ယွဲ့လင်း: “…”
ကြင်ယာတော့သဲ့ကို ယွဲ့လင်း လှမ်းကြည့်လိုက်သည်။
ဒီအဖွဲ့ မနက်အစောကြီး ဘာလို့ရောက်လာတာလဲလို့ စဉ်းစားနေတာ!
လက်စသပ်တော့ မိဖုရားကြီးကို ကပ်ဖားဖို့လာခဲ့ကြတာကိုး!
ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
[ဝါး! ကြင်ယာတော်သဲ့က စတောင် လှုပ်ရှားနေပြီလား၊ ဒါညီအစ်မတွေအကြား စိတ်ချင်းဆက်နွယ်မှုပဲ! စိတ်ချင်း ဆက်နွယ်နေတာပဲ!]
ကျန်းကျီမြောင် ကျိုးနွံစွာ ပြန်မိန့်လိုက်ပါသည်။
“ဒီလိုအသေးအဖွဲကိစ္စမျိုးကို လူသိရှင်ကြားဖြစ်အောင် လုပ်စရာ မလိုပါဘူး”
ကြင်ယာတော်သဲ့ကလည်း အလိုက်သိစွာ ဆက်လျှောက်တင်လိုက်သည်။
“အရှင်မက ဒီလို လူသိရှင်ကြားဖြစ်တာကို မနှစ်သက်ဘူး ဆိုပေမယ့် အရှင်မရဲ့ လုပ်ဆောင်ချက်တွေကို ကောင်း ကင်ဘုံအောက်က လူသားတိုင်း လေးစားအတုယူသင့်တယ်လို့ ဒီကြင်ယာတော် ထင်မှတ်မိလို့ပါ၊ အရှင်မရဲ့ စံနှုန်းတွေကို ကောင်းကင်ဘုံအောက်က လူသားတိုင်း လိုက်နာကျင့်သုံးသင့်ပါတယ်”
“နောက်တစ်ခါ ဒီလိုမလုပ်ပါနဲ့”
ကျန်းကျီမြောင် မိန့်လိုက်သည်။
[ဒီညီအစ်မက ငါ့ကိုစွမ်းအားတွေ အများကြီးပေးနေတာပဲ!!!]
ကျန်းကျီမြောင် နာမည်ကြီးချင်သဖြင့် ဒါတွေကို လုပ်နေခြင်းမဟုတ်ပါ။ သူမက ဧကရီမိဖုရားကြီး ဖြစ်နေပြီးသား ဖြစ်သည်။
သူမရဲ့ ဝတ္တရားကျေပွန်မှုကို လူတွေသိအောင် ကြေညာရခြင်းက နောင်တစ်ချိန် ထိုဝတ္တရားကျေပွန်မှုကို မယ်တော်ကြီး အသုံးချပြီး ပြဿနာရှာမှာကို တားဆီးဖို့ ဖြစ်သည်။ မယ်တော်ကြီးမှာ အရှင်မင်းကြီး၏မယ်တော်ဖြစ်သည်။ ထို့ကြောင့် ဝတ္တရားကျေပွန်မှုဟူသည့် လက်နက်ကိုအသုံး ချလိုက်ပါက ကျန်းကျီမြောင် ရှုံးနိမ့်မှာ သေချာပါသည်။
ထို့ကြောင့် သူမ ဘယ်လောက်ထိ ဝတ္တရားကျေပွန်သလဲဆိုတာကို တစ်လောကလုံး သိစေဖို့ ကျန်းကျီမြောင် ကြိုတင် ကြေညာထားရခြင်းဖြစ်သည်။
နောက်ပိုင်း ကျန်းကျီမြောင် ဝတ္တရားကျေပွန်မှု မရှိဟု မယ်တော်ကြီး စွပ်စွဲသည့်အခါ မယ်တော်ကြီးအကြောင်းအရင်းမရှိ ပြဿနာရှာနေသည်ဟုသာ လူတွေ ထင်မြင်သွားကြပါလိမ့်မည်။
ကြင်ယာတော်သဲ့လည်း ပျော်ရွှင်သွားပြီး ပြန်ထိုင်နေလိုက်လေသည်။ အရှင်မ ချီးကျူးတာကို ခံခဲ့ရလေပြီ။
ကြင်ယာတော်သဲ့ကို ယွဲ့လင်း အဓိပ္ပာယ်ပါပါ ကြည့်ကာ တစ်ခုခု မိန့်ကြားဖို့ ပြင်လိုက်ပါသည်။
ထိုစဉ် ကြင်ယာတော်စု ရုတ်တရက် မတ်တပ်ရပ်ကာ လျှောက်တင်လိုက်လေသည်။
“အရှင်မ! ဒီကြင်ယာတော်လည်း ဒီကြင်ယာတော်ရဲ့ မယ်တော့်ဆီကို စာတစ်စောင် ပေးပို့ထားပါတယ်၊ မယ်တော်က ညစာစားပွဲတစ်ခု ကျင်းပဖို့ စီစဉ် ထားပါတယ်တဲ့၊ အဲ့ဒီညစာစားပွဲမှာ အရှင်မဆီက ဝတ္တရားကျေပွန်မှုအကြောင်း လူတိုင်း သင်ယူနိုင်စေဖို့ပါ”
ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။
[အိုး ညစာစားပွဲတောင် ကျင်းပပေးမှာပေါ့၊ ကောင်းလေစွ ကောင်းလေစွ!!]
ကိုယ်လုပ်တော်ဟွာလည်း မတ်တပ်ရပ်ကာ လျှောက်တင်လိုက်သည်။
“အရှင်မ ဒီကိုယ်လုပ်တော်လည်း အရှင်မရဲ့ ဝတ္တရားကျေပွန်မှု ကောင်းချီးမင်္ဂလာအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားထားပါတယ်၊ ဆောင်းပါးကို ထုတ်ဝေပြီးတာနဲ့ တစ်ပြည်လုံးကို ဖြန့်ချိပေးပါ့မယ်”
အခြားကိုယ်လုပ်တော်တွေလည်း အလုအယက် လျှောက်တင်ကြလေသည်။
“ဒီကိုယ်လုပ်တော်ကတော့ ပြဇာတ်တစ်ခု ဖန်တီးဖို့ စီစဉ်ထားပါတယ်၊ အရှင်မရဲ့ သိတတ်လိမ္မာမှုကို လူတိုင်းမျက် မြင် တွေ့နိုင်စေဖို့ပါ”
“ဒီကိုယ်လုပ်တော်ကလည်း သံစဉ်လေးတစ်ပုဒ် ရေးစပ်ထားပါတယ်”
“ဒီကိုယ်လုပ်တော်ကတော့ ဝတ္ထုဇာတ်လမ်းတစ်ပုဒ် ရေး သားထားတယ်”
အားလုံးကို ကျန်းကျီမြောင် ဝမ်းပန်းတသာကြည့်လိုက်ကြပါသည်။
[စိတ်ချင်း ဆက်နွယ်နေကြတာ! စိတ်ချင်း ဆက်နွယ်နေကြတာ! ဒါမှ ငါ့ညီအစ်မတွေ!]
နောက်ဆုံးတန်းမှာထိုင်နေသည့် လင်းချင်ချင်တစ်ယောက် မယုံကြည်နိုင်ဖြစ်သွားရလေသည်။
ဒီမိန်းမတွေ ရူးနေပြီလား!
အရှင်မင်းကြီးတစ်ယောက်လုံး ရှိနေတာကို လျစ်လျူရှုထားကြတဲ့အပြင် မိဖုရားကြီးကို အလုအယက်ကပ်ဖားရပ်ဖား လုပ်နေကြပါလား!
မိဖုရားကြီးကို ကိုယ်လုပ်တော်တွေ ချီးမွမ်းထောပနာပြုသည့်အခါ အရှင်မင်းကြီးမျက်လုံးများ အနည်းငယ် ထူးခြားနေမှန်း လင်းချင်ချင် သတိထားမိသွားလေသည်။
ဒီကိုယ်လုပ်တော်တွေ ဒီလောက်တုံးအလိမ့်မည်ဟု လင်းချင်ချင် ထင်မထားခဲ့ပါ။ သူမတို့ လုပ်မိသည့် အမှားက အရှင်မင်းကြီးကို လျစ်လျူရှုပြီး မိဖုရားကြီးကိုချီးမြှောက် နေခြင်း တစ်ခုတည်းသာမဟုတ်ပေ။ သူမတို့ မိသားစုတွေကို ဘယ်လို ဆက်သွယ်ခဲ့ကြောင်း အရှင်မင်းကြီးရှေ့မှာ အားရဝမ်းသာ ပြောဆိုနေကြခြင်းလည်း ပါဝင်ပါသည်။
ယုံမင်းဆက်တွင် မိသားစုများထံသို့ ကိုယ်လုပ်တော်များ စာပေးပို့ခြင်းကို တားမြစ်မထားသော်လည်း အရှင်မင်း ကြီးထံမှ ခွင့်ပြုချက်ကိုလိုအပ်ပါသည်။ ထို့အပြင် မိန်းမစိုးတစ်ဦး၏ စစ်ဆေးမှုကိုခံယူပြီးမှ ထိုစာကို ပို့ဆောင်နိုင်မှာ ဖြစ်သည်။ မနေ့ညက အရှင်မင်းကြီး ရှို့အန်းနန်းဆောင်မှာသာတစ်ညလုံးရှိနေသဖြင့် ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို အာရုံစိုက်နိုင်ခဲ့မည် မဟုတ်ပေ။
ကိုယ်လုပ်တော်များမှ အရှင်မင်းကြီး၏ခွင့်ပြုချက်မပါဘဲ မိသားစုများထံ စာတွေပေးပို့နေခြင်းဖြစ်သည်။ ခိုးကြောင် ခိုးဝှက် ပို့တာသာဆို ကိစ္စမရှိသော်လည်း အရှင်မင်းကြီးရှေ့မှာ ပေါ်တင်ပြောဆိုနေကြသည်။ ဒါ ကိုယ့်သေတွင်းကိုယ် တူးနေတာနဲ့ အတူတူပင်။
လင်းချင်ချင် လှောင်ပြုံး ပြုးလိုက်လေသည်။ ဒီလောကကြီးမှာ သူမ တစ်ယောက်တည်းသာ အရာရာကိုဖောက် ထွင်းမြင်နိုင်သည့် မျက်လုံးမျိုး ရှိပါသသည်။
ခန်းမဆောင်ထဲ အနည်းငယ် တိတ်ဆိတ်သွားသည့်အခါကျမှ လင်းချင်ချင် မတ်တပ်ရပ်လိုက်ပြီး ယွဲ့လင်းကို နူးညံ့သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။
“အရှင်မက ဝတ္တရားကျေပွန်ပြီး သိတတ်လိမ္မာမှုရှိတယ်ဆိုပေမယ့် တကယ်တမ်း ပင်ပန်းခဲ့ရတာက အရှင်မင်းကြီးပါ။ နေ့ဘက်မှာ နန်းတော်အတွင်းက အရေးကိစ္စတွေကို အရှင် မင်းကြီး တာဝန်ယူဖြေရှင်းခဲ့ရတယ်၊ ညဘက် ရောက်ပြန်တော့လည်း မယ်တော်ကြီးအတွက် ဘေးဘက်ခန်းဆောင်ထဲမှာ တစ်ညလုံး စောင့်ကြပ်ပေးခဲ့ရတယ်၊ တွေးမိတိုင်း ဒီရံရွေတော် အလွန် ကြည်နူးဝမ်းသာ ဖြစ်မိပါတယ်”
ပြောပြောဆိုဆိုနဲ့ လင်းချင်ချင် မျက်ဝန်းများ နီမြန်းသွားခဲ့ပါသည်။
ကိုယ်လုပ်တော်များ: “???”
လင်းချင်ချင်က ဒီမှာ ဘာလုပ်နေတာလဲ ?
သူမတို့အားလုံး မိဖုရားကြီးကို အလုအယက်ချီးမြှောက်ရင်း အလုပ်များနေခဲ့ကြသဖြင့် လင်းချင်ချင် ရောက်နေတာကိုပင် သတိမထားမိခဲ့ကြပါ။
လင်းချင်ချင်က ယွဲ့လင်းကို အလွန် နူးညံ့သိမ်မွေ့သည့် ခံစားချက်များဖြင့် မော်ကြည့်နေပါသည်။
အရှင်မင်းကြီးရင်ထဲ အလွန်ကြည်နူးနေလောက်ပါပြီ။ ကိုယ်လုပ်တော်တွေ အများကြီးရှိသည့်အထဲကမှ သူမတစ်ယောက်တည်းသာ အရှင်မင်းကြီးအတွက် တွေးပူပေးသည်။ ကျန်းကျီမြောင်လို ဘာမှမလုပ်ဘဲ နာမည် ကောင်းဝင်ယူချင်သူ မဟုတ်ပါ။
ဒါကိုကြားပြီး ယွဲ့လင်းကို ကျန်းကျီမြောင်လှည့်ကြည့်လိုက်သည်။
ကျန်းကျီမြောင်မှ သာမန်အကြည့်ဖြင့် ကြည့်တာဖြစ်သော် လည်း ယွဲ့လင်းကျောပြင်မှာ ရုတ်တရက် ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ရလေသည်။