Thought-Provoking
Vol. 8 Ch. 74
ကျန်းကျီမြောင် အသက်အောင့်ပြီး နောက်ဆုံး အတင်း အဖျင်းကို ဖတ်ကြည့်လိုက်ပါသည်။ တခြား ကိုယ်လုပ် တော်များလည်း အလိုလို အသက်အောင့်လိုက်မိကြသည်။
[ဟမ်… နောက်ဆုံးအတင်းအဖျင်းကလည်း အထိန်းတော်ဖန့်အကြောင်းပဲလား]
ကျန်းကျီမြောင် ဖြည်းညှင်းစွာ ဖတ်ကြည့်လိုက်သည်။
[အခု အထိန်းတော်ဖန့်ရဲ့ မိသားစုဝင်တွေ တစ်ယောက်မှ အသက်မရှိကြတော့ဘူးတဲ့]
ကျန်းကျီမြောင် အာရုံထဲ မေးခွန်းသင်္ကေတများ ပေါ်လာသည်။ ခုနက အတင်းအဖျင်းထဲမှာတော့ အထိန်းတော်ဖန့်တို့ မိသားစု ဓားပြတိုက် လုပ်ကြံခံရပြီး သမီးဖြစ်သူတစ်ယောက် အသက်ရှင်ခဲ့သည်ဟု ဆိုထားသည်။ ထိုသမီးဖြစ်သူက ယွဲ့ဟွာ ဘေးနားမှာရှိနေသည့် အခြွေအရံမန်ကျစ်ဖြစ်သည်။
သို့သော် ဒီအတင်းအဖျင်းထဲမှာတော့ မိသားစုဝင်တစ်ယောက်မှ အသက်မရှိတော့ကြောင်း ဖော်ပြထားလေသည်။ ဆန့်ကျင်ဘက်ဖြစ်နေသည့် အတင်းအဖျင်းနှစ်ခုကြောင့် ကျန်းကျီမြောင် အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။ သို့သော် ခပ်မြန်မြန်ပဲ အသိစိတ်ပြန်ကပ်သွားခဲ့ပါသည်။
[အတင်းအဖျင်းကတော့ မမှားနိုင်ဘူး၊ အဲ့တာကြောင့် ဓားပြတိုက်ပြီး လုပ်ကြံသတ်ဖြတ်ခံရတုန်းကအထိန်းတော် ဖန့်ရဲ့သမီး တကယ်အသက်ရှင်ခဲ့တာ ဖြစ်မယ်]
[ဒါပေမယ့် အခု မိသားစုဝင်တစ်ယောက်မှ အသက်မရှိတော့ဘူးဆိုတော့ အဲ့ဒီသမီးက အကြောင်းအရင်းတစ်ခုခုကြောင့် သေသွားလို့ပဲ ဖြစ်ရမယ်]
[ဒါဆို ယွဲ့ဟွာဘေးနားမှာရှိနေတဲ့ မန်ကျစ်က… အထိန်း တော်ဖန့်ရဲ့ သမီးမဖြစ်နိုင်ဘူး၊ ပြီးတော့ ဖန့်မိသားစုနဲ့ ပတ်သတ်တဲ့ အမှန်တရားကိုလည်း ဖုံးကွယ်ထားကြတယ်၊ လုပ်ကြံသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ ကလေးမလေးက အကြောင်းအရင်းတစ်ခုခုကြောင့် သေသွားပြီ၊ ဒါပေမယ့် ဘယ်သူမှ မသိကြဘူး၊ ဒါတွေအားလုံးကို ဖုံးကွယ်ထားပြီး နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူက…]
ကျန်းကျီမြောင် သံသယဝင်မိသူတစ်ယောက်တော့ ရှိသည်။ သို့သော် သက်သေခိုင်ခိုင်လုံလုံမရှိပေ။ ထို့ကြောင့် ကျန်းကျီမြောင် ဒီအကြောင်းကို လောလောဆယ် ဆက်မတွေးတော့ဖို့သာ ဆုံးဖြတ်လိုက်ပါသည်။
ဒီဝတ္ထုထဲမှာ သူမ မသိသေးသည့်အကြောင်းအရာတွေ အများကြီး ရှိနေပါသေးသည်။
ကံကောင်းစွာဖြင့် ကျန်းကျစ်ဖျင်ကျေးဇူးကြောင့် ဒီတစ်ခေါက် သူမ အတော်လေး ချမ်းသာသွားသည်ဟု ဆိုရမည်။ အမှတ် ၇၀၀ ကြီးများတောင် ပိုင်ဆိုင်နေပါပြီ။ ဇာတ်လမ်းတစ်ပုဒ်လုံးကို မဝယ်ယူနိုင်သေးသော်လည်း ၅၀% ကိုတော့ ဝယ်ယူနိုင်ပြီ ဖြစ်သည်။
သူမ အချိန်ရတာနဲ့ ထိုဇာတ်လမ်း ၅၀%ကို ဝယ်ယူပြီး ဖတ်ရှုကြည့်ပါမည်။
[ဘယ်လိုပဲဖြစ်ဖြစ် အထိန်းတော်ဖန့်ကလည်း တော်တော်ကံဆိုးတာပဲ၊ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို ကာကွယ်ပေးဖို့ မယ်တော်ကြီးဘေးမှာ နေပြီး နှစ်ပေါင်းမျာစွာ အမှုထမ်းခဲ့တယ်၊ ဖြစ်ချင်တော့ သူ့သမီးက အစစ်မဟုတ်ဘဲ အတုအယောင်ဖြစ်နေတာကိုး၊ သူ့သမီးအစစ်က သေသွားတာ ကြာပြီ]
[အထိန်းတော်ဖန့်က သနားစရာကောင်းပေမယ့် အခြေအ နေတွေကို ရုတ်တရက်ကြီး ပြောင်းလဲလိုက်လို့ မဖြစ်သေးဘူး၊ ငါ အမှန်တရားကို စိတ်လိုက်မာန်ပါ သွားပြောလိုက်ရင်တောင် အထိန်းတော်ဖန့် ယုံကြည်မှာ မဟုတ်လောက်ဘူး၊ ပြီးတော့ ဟိုကောင်က အဘက်ဘက်ကပြည့်စုံနေတဲ့ ဇာတ်လိုက်မင်းသားလေ! ဒီလို အကောင်အထည်မပြနိုင်တဲ့ အတင်းအဖျင်းမျိုးနဲ့ သူ့ဘက်တော်သားတစ်ယောက်ကို လုယူနိုင်ဖို့ဆိုတာ မလွယ်နိုင်ဘူး၊ ပြီးတော့ အထိန်းတော်ဖန့်က အမှန်တရားကို သိသွားရင်တောင် ယွဲ့ဟွာကိုပဲ ဆက်ပြီး အမှုထမ်းနေဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ!]
[ဒီအတင်းအဖျင်းကို လောလောဆယ်တော့ သိမ်းထားလိုက်ဦးမယ်၊ အချိန်ကောင်းရောက်မှ ဖော်ထုတ်ပစ်လိုက်မယ်!]
ဒီနေ့အတွက် အတင်းအဖျင်းသုံးခုက အတော်လေး အချက်အလက်စုံလင်ပါသည်။ အားလုံးလည်း ဖရဲသီးစားလို့ ဝသွားကြပြီဖြစ်ကာ စိတ်ကျေနပ်သွားကြလေတော့သည်။
ခေတ္တကြာတော့ လီသဲ့ဟွိုက် ပြန်ရောက်ရှိလာပြီး ယွဲ့လင်းကို တစ်စုံတစ်ခု တီးတိုးလျှောက်တင်လိုက်ပါသည်။ ယွဲ့လင်းမျက်နှာထား ပြောင်းလဲခြင်းမရှိဘဲ ကျန်းကျီမြောင်ကို လှည့်ကြည့်လိုက်သည်။
“မယ်တော် နိုးလာပြီ၊ နိုးလာတာနဲ့ အထိန်းတော်ဖန့်တို့ကို တွေ့ဖို့ အရင်ဆုံးတောင်းဆိုတာပဲ”
အထိန်းတော်ဖန့်…
အတင်းအဖျင်းတွေကို ဖတ်ရှုပြီးနောက် ထိုအမည်ကို ထပ်ကြားလိုက်ရသဖြင့် ကျန်းကျီမြောင် မျက်နှာအနည်းငယ် ထူးဆန်းသွားခဲ့ပါသည်။ ထို့နောက် လည်ချောင်းရှင်းလိုက်ပြီး ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။
“အထိန်းတော်ဖန့်တို့က မယ်တော့်ထံမှာ အမှုထမ်းနေတာ ၁၀ နှစ်၊ နှစ် ၂၀ လောက် ကြာနေပြီလေ၊ အဲ့တာကြောင့် သူတို့မရှိဘဲ မယ်တော် မနေတတ်တာ ဖြစ်သင့်ပါတယ်”
ယွဲ့လင်းလည်း ခေါင်းညိတ်လိုက်ပါသည်။ ရှို့အန်းနန်းဆောင်ကို ညတွင်းချင်းပြန်လည်စီမံခဲ့ပြီး မယ်တော်ကြီး၏ လူယုံတော်များကို သူကောင်းကောင်း ဆုံးမခဲ့သည်။ သို့ သော်လည်း မယ်တော်ကြီး ရှိနေဆဲဖြစ်သဖြင့် သူမ၏ လူယုံတော်များကို ကြိမ်ဒဏ်ပေးပြီး ကွပ်မျက်ပစ်လိုက်လို့တော့ မရပေ။ ထို့ကြောင့် ပြန်လွှတ်ပေးခဲ့ရပါသည်။
“မယ်တော်က အခုမှ သက်သာလာခါစရှိသေးတယ်၊ ကျန်း စိတ်မအေးနိုင်သေးဘူး၊ ဒီနေ့ ညီလာခံကိုလည်း ပယ်ဖျက်ပြီးသွားပြီ”
ယွဲ့လင်း သက်ပြင်းချကာ မတ်တပ်ရပ်လိုက်ပါသည်။
“မယ်တော် နိုးလာပြီဆိုတော့ ကျန်း ကိုယ်တိုင် သွားတွေ့လိုက်ပါဦးမယ်”
ကျန်းကျီမြောင်လည်း ချက်ချင်း မတ်တပ်ရပ်လိုက်ပါသည်။
“ဒီမိဖုရားလည်း လိုက်ပါခဲ့ပါ့မယ်”
[ဘယ်လိုပြောရမလဲ! အရင်တုန်းက အထိန်းတော်ဖန့်ကို မကြာခဏ မြင်ဖူးပေမယ့် ဒီနေ့ကျမှ သူ့ကို ထူးထူးဆန်းဆန်း ပိုတွေ့ချင်နေမိတယ်!]
တခြားကိုယ်လုပ်တော်များလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လိုက်ကြသည်။ အားလုံးက စိတ်ဖိစီးနေပုံရပြီး မယ်တော်ကြီးကို မျက်လုံးနဲ့ တပ်အပ်မြင်နိုင်မှ စိတ်အေးနိုင်မည်ဟု ဆိုနေကြပါသည်။
ကျန်းကျီမြောင်က လက်ရမ်းပြရင်းသဘောတူလိုက်သည်။
ရတယ်လေ! အားလုံး သွားကြတာပေါ့!
တစ်အုပ်လုံး ပွဲသွားကြည့်-- အဲလေ မယ်တော်ကြီးကို ဂါဝရသွားပြုကြတာပေါ့!
မယ်တော်ကြီး အိပ်ရာနိုးလာပြီဖြစ်သည်။ တစ်နေ့နဲ့ တစ်ည ဒုက္ခခံစားခဲ့ပြီးပြီ ဖြစ်သဖြင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်က တဖြည်းဖြည်း ပျက်ပြယ်နေပြီဖြစ်ပါသည်။ ယခု အဖျားအနည်းငယ်သာ ရှိတော့သည်။ မယ်တော်ကြီးက အားအင်ပြည့်ဝလာတာကို အခွင့်ကောင်းယူပြီး အထိန်းတော်ဖန့်နှင့် အခြားအခြွေအရံများကို မြင်ချင်သည်ဟု တောင်းဆိုခဲ့ပါသည်။
ယွဲ့လင်းတို့ ရောက်ရှိလာသောအခါ မယ်တော်ကြီး အမျက် ဒေါသအလွန်ထွက်နေလေသည်။ ယွဲ့လင်းကိုမြင်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများအေးစက်သွားခဲ့သည်။
“အရှင်မင်းကြီး! ဒီမယ်တော်က နာမကျန်းဖြစ်ရုံပါ! နတ်ရွာမစံသေးဘူး! ဒီမယ်တော့်ကို ရှို့အန်းနန်းဆောင်ရဲ့အခြွေ အရံတွေကပဲ စိတ်ကျေနပ်အောင် ပြုစုပေးနိုင်စွမ်းရှိမှာ၊ သူတို့ကို တစ်ညလောက် တွေ့ခွင့်မရတာ ကိစ္စမရှိပေမယ့် မနက် မိုးလင်းလာတာတောင် အရှင်မင်းကြီးက ဒီမယ်တော့်ကို တွေ့ခွင့် မပေးသေးဘူးလား၊ ဧကန္တ ရှို့အန်းနန်းဆောင်မှာ ဒီမယ်တော့်ရဲ့ စကားတွေက ဘာအခွင့်အာဏာမှ မရှိတော့ဘူးထင်တယ်နော်!”
မယ်တော်ကြီး အလွန်ဒေါသထွက်နေပါသည်။ အထိန်း တော်ဖန့်နှင့် တခြားအခြွေအရံများကို တွေ့ချင်သော်လည်း သူမကို ဘယ်သူမှ အပြင်ထွက်ခွင့် မပေးရဲကြပေ။
သူ့ရဲ့ရှို့အန်းနန်းဆောင်ကို ယွဲ့လင်း ညတွင်းချင်း ဘာတွေလုပ်လိုက်ပြီလဲ!
တွေးကြည့်ရုံနဲ့ မယ်တော်ကြီး ခေါင်းကိုက်ရပါသည်။
“မယ်တော်”ယွဲ့လင်း တည်ငြိမ်စွာ ရှင်းပြလိုက်ပါသည်။
“အဲ့ဒီ အပြစ်သားတွေက မယ်တော်နာမကျန်းဖြစ်နေတဲ့ အကြောင်းကို ဖုံးကွယ်ထားပြီး ဒီသားတော်ကို အချိန်မှီ မလျှောက်တင်ခဲ့ကြဘူး၊ ဒါ့ကြောင့် မယ်တော် အခုလောက်ထိ ကျန်းမာရေး ပိုဆိုးရွားသွားခဲ့ရတာ၊ ဒီလို ပြစ်မှုမျိုးကို ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး၊ သူတို့ လုပ်ရပ်ကိုသူတို့ ပြန်သုံးသပ်နိုင်ဖို့အတွက် ဒီသားတော် အကျဉ်းချထားပါတယ်”
မယ်တော်ကြီး ဘာမှမပြောနိုင်ခင် ယွဲ့လင်း နားမလည်နိုင်သော မျက်နှာမျိုးဖြင့် မေးမြန်းလိုက်သည်။
“ဘာဖြစ်လို့လဲ မယ်တော်၊ ရံရွေတော်လင်းက မယ်တော့်ကို ကောင်းကောင်းမပြုစုနိုင်လို့လား၊ မနေ့ညက လူတိုင်းကို ထွက်သွားခိုင်းပေမယ့် ရံရွေတော်လင်းတစ်ယောက်တည်းကိုပဲ မယ်တော် ဆက်နေခိုင်းခဲ့တာနော်၊ အဲ့တာကြောင့် ရံရွေတော်လင်းရဲ့ အပြုအစုတွေကို မယ်တော် သဘောကျမယ်လို့ ဒီသားတော် ထင်ထားခဲ့တာ”
မယ်တော်ကြီး မျက်နှာပျက်သွားသည်။ ရံရွေတော်လင်းကို ဒီမှာ ခေါ်ထားရသည့် အကြောင်းအရင်းက…
မယ်တော်ကြီး စိတ်မထိန်းနိုင်ဘဲ လင်းချင်ချင်ကို မျက်စောင်းလှမ်းထိုးလိုက်ပါသည်။
ဒီလင်းချင်ချင်က တော်တော်အသုံးမကျတာပါလား!
အရှင်မင်းကြီးရဲ့ နှလုံသားကိုတောင် အရမယူနိုင်ဘူး!
“အရှင်မင်းကြီး…"
မယ်တော်ကြီး စိတ်လျှော့ကာ ဖြည်းညှင်းစွာလျှောက်တင်လိုက်ပါသည်။
“ငယ်သားတွေကို မလျှောက်တင်ခိုင်းခဲ့တာ ဒီမယ်တော်ပါ။ အရှင်မင်းကြီး အပြစ်ပေးချင်တယ်ဆိုရင် ဒီမယ်တော့်ကိုပါ အပြစ်ပေးသင့်တယ် မဟုတ်ဘူးလား”
“ဒီသားတော် မပေးဝံ့ပါဘူး” ယွဲ့လင်းက ဆိုသသည်။
မယ်တော်ကြီး အံကြိတ်ကာ ပြောလိုက်သည်။
“အရှင်မင်းကြီး လုပ်ဝံ့တာတွေ အများကြီးရှိပါတယ်! ဒီမယ်တော့်အမိန့်ကို နာခံတာနဲ့ပဲ ငယ်သားတွေကို တစ်သက်လုံး အကျဉ်းချထားတော့မှာလား!”
“ဘယ်ဟုတ်ပါ့မလဲ”
ယွဲ့လင်းက အေးအေးလူလူ ရှင်းပြလိုက်ပါသည်။
“သူတို့ကိုတစ်ညတာ အကျဉ်းချထားတယ်ဆိုတာ သတိ ပေးရုံသက်သက်ပါ၊ သားတော် ကြွမြန်းမလာခင် သူတို့ကို လွှတ်ပေးဖို့ လီသဲ့ဟွိုက်ကို အမိန့်ပေးပြီးသွားပါပြီ”
လွှတ်ပေးမယ် ဟုတ်လား…
မယ်တော်ကြီးမျက်နှာ အနည်းငယ်ပြေလျော့သွားခဲ့သည်။ သူမတစ်ခုခု ပြောဖို့ ကြံလိုက်စဉ် အထိန်းတော်ဖန့်နှင့် အခြွေအရံများ နန်းဆောင်ရှေ့ကို ရောက်နေပြီဖြစ်ကြောင်း လီသဲ့ဟွိုက် လာရောက် လျှောက်ထားလိုက်လေသည်။
“ဝင်ခွင့်ပြုလိုက်ပါ” ယွဲ့လင်း အမိန့်ပေးလိုက်၏။
မယ်တော်ကြီးလည်း သက်ပြင်းချလိုက်ပြီး တံခါးဝကို မျှော်လင့်တကြီး ငေးကြည့်လိုက်ပါသည်။ သို့သော်…
တံခါးဝကို မျှော်လင့်တကြီး ငေးကြည့်နေတာ သူမ တစ် ယောက်တည်းမဟုတ်ဘဲ လူတိုင်းဖြစ်နေမှန်း မြင်လိုက်ရသည်။ အားလုံးက သူ့ထက်တောင် ပိုပြီးစိတ်အားထက် သန်နေပုံရပါသည်။
မယ်တော်ကြီး: “???”
သူတို့က သူမရဲ့ လူယုံတော်တွေ မဟုတ်ဘူးလား!
ကျန်းကျီမြောင်တို့အဖွဲ့က ဘာလို့ အဲ့လောက် စိတ်အားထက်သန်နေတာလဲ ?
ကျန်းကျီမြောင်ဦးဆောင်တဲ့ အနောက်နန်းဆောင်အဖွဲ့ကလည်း ဦးနှောက်မမှန်တော့ဘူးထင်တယ်!
မကြာမီ အထိန်းတော်ဖန့်နှင့် အခြွေအရံများ ဝင်ရောက် လာကြသည်။ အထိန်းတော်ဖန့်က အားလုံးရှေ့မှာ ဦး ဆောင်လာတာဖြစ်သည်။ သူမ မျက်လုံးထဲမှ မျက်ရည်တွေထုတ်နိုင်ဖို့ အချိန်အတော်ကြာအောင် ကြိုးစားနေခဲ့ရသည်။
မယ်တော်ကြီးရှေ့မှောက်ကို ရောက်တာနဲ့တစ်ပြိုင်နက် အားလုံးနဲ့အတူတူ အထိန်းတော်ဖန့် ဒူးထောက်ချလိုက်ပြီး မျက်ရည်တစ်ပေါက် နှစ်ပေါက်လောက်ကျလာကာ သနားစရာကောင်းအောင် ငိုကြွေးမြည်တမ်းလေတော့သည်။
“မယ်တော်ကြီး!!”
အထိန်းတော်ဖန့် ဝမ်းနည်းညှိုးငယ်စွာ လျှောက်တင်လိုက်သည်။
“မယ်တော်ကြီးကို ဒီငယ်သား ဘယ်တော့မှ ထပ်မမြင်ရတော့ဘူးလို့ ထင်ထားခဲ့တာ!”
[ဝါး… မျက်ရည်တွေကိုကြည့်ပါဦး! ငါထင်သားပဲ! အထိန်း တော်ဖန့်က ငိုနေတာတောင် အလှသိပ်မပျက်ဘူးနော်]
ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။ ကိုယ်လုပ်တော်တွေ အားလုံးလည်း ခေါင်းတညိတ်ညိတ်ဖြစ်ကုန်ကြသည်။
အံ့ဖွယ်အတင်းအဖျင်းတစ်ခုကို သူတို့အားလုံး မကြာသေးခင်ကမှ ကြားခဲ့ရတာဖြစ်သည်။ ထို့အပြင် ထိုအတင်း အဖျင်းထဲက ဇာတ်ကောင်ကို အပြင်မှာလက်တွေ့မြင်နေရပြီဖြစ်သဖြင့် သူမတို့ ဣန္ဒြေမဆည်နိုင်ဘဲ စိုက်ကြည့်နေမိတာကို အပြစ်ဆိုလို့မရပေ။
“ပင်ပန်းသွားကြပြီပဲ”
မယ်တော်ကြီးလည်း မျက်ရည်တွေသုတ်ချင်ယောင်ဆောင်ပြီး ယွဲ့လင်းကို သတိပေးဖို့ ကြံလိုက်သည်။
ထိုစဉ် ယွဲ့လင်းအပါအဝင် ကိုယ်လုပ်တော်များ အားလုံးက အထိန်းတော်ဖန့်ကိုသာ စိုက်ကြည့်နေကြမှန်း မယ်တော်ကြီးမြင်လိုက်ရလေသည်။ အားလုံးရဲ့ မျက်နှာထားတွေကလည်း အတော်လေးသံသယဖြစ်စရာ ကောင်းနေပါသည်။
မယ်တော်ကြီး: “???”
ဒီအုပ်စု တကယ်ကြီး ရူးနေကြတာပဲ!