The Imperial Bureau of Astronomy
Vol. 8 Ch. 75
အစတုန်းကတော့ ဝမ်းနည်းညှိုးငယ်မှုတွေကို အားရပါးရ ညည်းညူဖို့ မယ်တော်ကြီး ကြံရွယ်ထားခဲ့သော်လည်း ယွဲ့လင်းတို့အုပ်စု၏ ထူးထူးဆန်းဆန်း အပြုအမူများကြောင့် ဘယ်ကနေဘယ်လို စရမှန်းမသိ ဖြစ်သွားလေသည်။
အထိန်းတော်ဖန့်ကလည်း မယ်တော်ကြီး သောင်းကျန်းမည့်အချိန်ကိုစောင့်နေခဲ့တာဖြစ်သည်။ သို့သော် မယ်တော် ကြီး ရုတ်တရက် ရပ်တန့်သွားသောအခါ သူမလည်း အံ့အားသင့်မှင်သက်သွားပြီး မော်ကြည့်လိုက်မိပါသည်။
“ယုပင်း…”
မယ်တော်ကြီးက နာမည်ခေါ်လိုက်သည်။
[ယုပင်း တဲ့လား? နာမည်က လှသားပဲ ? ထင်တဲ့အတိုင်းပဲ အရာရာပြည့်စုံနေတဲ့ ဇာတ်လိုက်မင်းသားဘက်မှာ စေ့ဟွာ ဆိုတဲ့ နာမည်မျိုးနဲ့ လူတော့ မရှိနိုင်ဘူးပဲ]
အားလုံး ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြပါ သည်။
မယ်တော်ကြီး: “…”
ဒီလူတွေ ဘာစိတ်ရူးပေါက်နေကြတာလဲ!
အထိန်းတော်ဖန့်ကိုပဲ အာရုံဝိုင်းစိုက်နေကြသလိုပဲ
မနေ့ညက သူမ မသိလိုက်ဘဲတစ်ခုခုဖြစ်သွားတာလား ?
ဧကန္တ… အထိန်းတော်ဖန့် သစ္စာဖောက်သွားပြီလား!
မယ်တော်ကြီး သံသယတွေ ဝင်လာပြီး စိတ်လက်မသက်မသာဖြစ်လာခဲ့သည်။ သူမထံမှာ အထိန်းတော်ဖန့် အမှု ထမ်းခဲ့တာ နှစ် ၂၀ လောက်ကြာပြီဖြစ်ပြီး သူမအယုံကြည်ရဆုံး လူယုံတော်တွေထဲက တစ်ယောက်ဖြစ်သည်။
သို့သော် အထိန်းတော်ဖန့်အပေါ် သူမကျူးလွန်ထားသည့် အပြစ်တစ်ခု ရှိသည်။ သဲလွန်စ သက်သေတွေအကုန် ဖျောက်ဖျက်ပြီးပြီဖြစ်သော်လည်း သူ့ရင်ထဲက လိပ်ပြာမလုံစိတ်ကတော့ ယခုထိတိုင် တည်ရှိနေဆဲဖြစ်သည်။
ကျန်းကျီမြောင်နဲ့ တခြားသူတွေ မူမမှန်ဖြစ်နေတာကို မြင်ပြီး သူ အပြစ်ကျူးလွန်ထားတာ မရှိလျှင် မယ်တော်ကြီး လိပ်ပြာလုံနိုင်သော်လည်း သူကျူးလွန်ထားသည့် အပြစ်ကရှိနေပါသည်။ ထို့ကြောင့် အထိန်းတော်ဖန့်ကို ကြည့်နေသည့် သူမ မျက်လုံးတွေထဲမှာ သံသယအရိပ်အယောင်တွေ ရောယှက်ပါဝင်လာခဲ့သည်။
မယ်တော်ကြီး ဆက်မိန့်ကြားမှာကို အထိန်းတော်ဖန့် စောင့်နေခဲ့သည်။ သို့သော် မယ်တော်ကြီးက ဘာမှ ဆက်မမိန့်ခဲ့ပါ။ ထို့ကြောင့် အထိန်းတော်ဖန့် မယ်တော်ကြီးကို အူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။
မယ်တော်ကြီး မျက်လုံးများ ဆက်တိုက်ဆိုသလို အရောင်ပြောင်းနေပါသည်။
သူတို့ကို ယွဲ့လင်းတစ်ညတာ အကျဉ်းချခဲ့သော်လည်း လွှတ်ပေးဖို့ မယ်တော်ကြီး တောင်းဆိုလိုက်သည်နှင့်တစ် ပြိုင်နက် ချက်ချင်းလွှတ်ပေးခဲ့သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာ ကောင်းလွန်းပါသည်။
မယ်တော်ကြီး အကြည့်များ တဖြည်းဖြည်း အေးစက်လာခဲ့သည်။
“အားလုံး အဆင်ပြေရင်ပြီးတာပဲ၊ ထကြတော့၊ ရှို့အန်းနန်းဆောင်ရဲ့ အရေးကိစ္စတွေကို အရင်တုန်းကအတိုင်းပဲ ဆက်လက်ဆောင်ရွက်ကြပါ”
အထိန်းတော်ဖန့် အံ့အားသင့်မှင်သက်သွားခဲ့သည်။ ချိုးလီနှင့် အခြားအခြွေအရံများလည်း မျက်နှာပျက်ကုန်ကြသည်။ မနေ့ညက အနိုင်ကျင့်ခံခဲ့ရသဖြင့် သူမတို့ကိုယ်စား မယ်တော်ကြီး ရပ်တည်ပေးလိမ့်မည်ဟု ထင်ထားခဲ့ကြသည်။
သို့သော် မယ်တော်ကြီးကတော့ စကားတစ်ခွန်းတည်းနဲ့ ဇာတ်သိမ်းပစ်လိုက်ပါသည်။
မနေ့ညက သူမတို့ ဆင်းရဲဒုက္ခခံခဲ့ရတာတွေအားလုံး အလကားပဲလား!
“မယ်တော်ကိုယ်တိုင် တောင်းဆိုနေတာမို့လို့ အားလုံးကို ဒီတစ်ခါတော့ ကျန်းခွင့်လွှတ်ပေးလိုက်မယ်။ သို့ပေမယ့် နောက်ဆို မယ်တော့်ကို သေချာ ဂရုစိုက်ကြပါ။ ဒီလိုဖြစ် ရပ်မျိုး ထပ်ဖြစ်မယ်ဆိုရင်တော့ သတိထပ်ပေးနေမှာ မဟုတ်ဘူး”
ယွဲ့လင်း မိန့်ကြားလိုက်ပါသည်။
အထိန်းတော်ဖန့်နှင့် အခြွေအရံများအားလုံး ထိတ်ထိတ် ပျာပျာဖြင့် မတ်တပ်ရပ်လိုက်ကြပါသည်။ ရင်ထဲမှာလည်း မကျေမနပ်ဖြစ်သွားခဲ့ကြသည်။
သူမတို့က မယ်တော်ကြီး ခိုင်းတဲ့အတိုင်းပဲ လုပ်ခဲ့ကြတာ မဟုတ်ဘူးလား ?
မယ်တော်ကြီး အမိန့်ကိုနာခံသဖြင့် သူမတို့ အပြစ်ပေးခံခဲ့ရသည်။ အပြစ်ဒဏ်ကို ခံယူပြီးနောက်မှာလည်း မယ်တော်ကြီးက နည်းနည်းလေးပင် ကူညီရပ်တည် မပေးခဲ့ပါ။
ဒါဆို နောက်ပိုင်း မယ်တော်ကြီးအမိန့်ပေးရင် သူမတို့ နာခံသင့်သလား မနာခံသင့်ဘူးလား!
“အရှင်မင်းကြီး၊ ဒီမယ်တော့် အဖျားရောဂါက ရုတ်တရက် ဝင်လာခဲ့တာ။ ဘာရောဂါမှန်း သမားတော်တွေတောင် သေချာ မသိနိုင်ခဲ့ကြဘူး”
ယွဲ့လင်းကိုကြည့်ကာ မယ်တော်ကြီး လျှောက်တင်လိုက်ပါသည်။
“အခု သက်သာနေပြီ ဆိုပေမယ့် ခေါင်းတွေမူးဝေပြီး လေးလံနေတုန်းပဲ၊ ဒီအဖျားရောဂါမှာ နောက်ဆက်တွဲ ပြဿနာတစ်ခုခု ရှိနိုင်တယ်လို့ ဒီမယ်တော် ခံစားမိတယ်”
ယွဲ့လင်း မျက်ခုံးပင့်သွားသည်။
“မယ်တော် ဘယ်လိုဖြစ်စေချင်လို့လဲ”
မယ်တော်ကြီး ပွင့်ပွင့်လင်းလင်းပြောလိုက်ပါသည်။
“ဒီမယ်တော်တို့ နက္ခတ္တဗေဒရုံးတော်ကို ဆင့်ခေါ်သင့်သ လား၊ ခုတလော နန်းတော်ထဲ ကံမကောင်းတာတွေပဲ ဖြစ်ပျက်နေတယ်လို့ ဒီမယ်တော်ခံစားမိတယ်”
နက္ခတ္တဗေဒရုံးတော် ဟုတ်လား…
မယ်တော်ကြီးကို ယွဲ့လင်း အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ ဒီအဖျားရောဂါက တကယ်ပဲ အလကားဝင်လာတာ မဟုတ်ခဲ့ပါ။ မနေ့ညက လင်းချင်ချင်ကို အနားမှာ ခေါ်ထားရခြင်းနှင့် ဒီနေ့ နက္ခတ္တဗေဒရုံးတော်တို့ကို ဆင့်ခေါ်ရခြင်းတို့အားလုံးက မယ်တော်ကြီးအကြံအစည်တွေသာ ဖြစ်ပါလိမ့်မည်။
ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။
“ဒါဖြင့်ရင်လည်း နက္ခတ္တဗေဒရုံးတော်ရဲ့ အကြီးအကဲကို ဆင့်ခေါ် မေးမြန်းကြတာပေါ့”
သိပ်မကြာလိုက်ဘဲ အကြီးအကဲ ရောက်ရှိလာခဲ့သည်။
မယ်တော်ကြီး စိတ်မရှည်စွာ မေးမြန်းလိုက်ပါသည်။
“အကြီးအကဲ၊ မနေ့က ဒီမယ်တော် နေထိုင်မကောင်းဖြစ်ပြီး အပြင်းအထန်ဖျားနာခဲ့တယ်၊ တစ်နေ့နဲ့တစ်ညလောက် ဒုက္ခခံခဲ့ရပြီးမှ ပြန်သက်သာလာခဲ့တာ၊ သမားတော်တွေ အားလုံးလည်း စစ်ဆေးကြည့်ကြပေမယ့် အဖျားရောဂါကို အမည်မဖော်နိုင်ခဲ့ကြဘူး၊ ဒါနဲ့ပတ်သတ်ပြီး အကြီးအကဲ ဘာပြောနိုင်မလဲ”
အကြီးအကဲက ခေါင်းငုံ့ရင်း တလေးတစား လျှောက်တင်လိုက်ပါသည်။
“မယ်တော်ကြီးနဲ့ အရှင်မင်းကြီးတို့ ဒီငယ်သားကို ဆင့်ခေါ်ခြင်းမရှိခဲ့ရင်တောင် ဒီငယ်သား အခစားဝင်ရောက်ခွင့် တောင်းဆိုပြီး လာရောက်လျှောက်ထားတော့မလို့ပါပဲ၊ မနေ့ညက ကြယ်တွေကို လေ့လာအကဲခတ်ရင်း လကြယ်ရဲ့ အလင်းရောင် မှေးမှိန်ပြီး မထွန်းတောက်နိုင်ဖြစ်နေတာကို ဒီငယ်သား မြင်ခဲ့ရပါတယ်၊ လကြယ်ဆိုတာ နန်းတော်ထဲက အမြင့်မြတ်ဆုံး အမျိုးသမီးတွေဖြစ်ကြတဲ့ ဧကရီမယ်တော်ကြီး သို့မဟုတ် ဧကရီမိဖုရားကြီးကို ကိုယ်စားပြုပါတယ်၊ မိဖုရားကြီးက ဘာမှမဖြစ်ပေမယ့် မယ်တော်ကြီးက ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့တာကြောင့် ဒီကပ်ဆိုးက မယ်တော်ကြီးအပေါ် ကျရောက်နေတဲ့ပုံပါပဲ”
“ဪ…”
ယွဲ့လင်း နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားခဲ့သည်။
“ဒီလို ကပ်ဆိုက်ရတဲ့ အကြောင်းအရင်းက ဘာများလဲ”
“မနေ့ညက မြောက်နန်းကြယ်စင်လေးလုံး ထူးထူးခြားခြား တောက်ပလာခဲ့တယ်၊ ဒီကိစ္စနဲ့ ပတ်သတ်နေတာ ဖြစ်နိုင်ပါတယ် အရှင်မင်းကြီး၊ဧကန္တ ရှို့အန်းနန်းဆောင်ရဲ့ မြောက်ဘက်မှာ တော်ဝင်အမျိုးသမီးတစ်ဦးဦးရဲ့ နန်းဆောင်များ ရှိနေသလား”
နက္ခတ္တဗေဒ အကြီးအကဲ မေးမြန်းလိုက်သည်။
ယွဲ့လင်းက လီသဲ့ဟွိုက်ကို လှည့်ကြည့်လိုက်ပါသည်။
လီသဲ့ဟွိုက် တိုးညှင်းစွာ လျှောက်တင်လိုက်၏။
“ရှို့အန်းနန်းဆောင်ရဲ့ မြောက်ဘက်… တော်ဝင်အမျိုး သမီးတစ်ဦးရဲ့ နန်းဆောင်ဆိုရင်… ချောင်ဖန့်နန်းဆောင်သာဖြစ်နိုင်ပါလိမ့်မယ်”
ချောင်ဖန့်နန်းဆောင်က ဒုတိယမင်းသမီး ယွဲ့မြန်၏နန်းဆောင်ဖြစ်သည်။
မယ်တော်ကြီး မျက်နှာပျက်သွားသည်။
“ဒီမယ်တော် အဖျားရောဂါကပ်ဝင်ရခြင်းက ယွဲ့မြန်နဲ့ သက်ဆိုင်နေတာလား”
အကြီးအကဲက လျှောက်တင်သည်။
“ဖြစ်နိုင်ပါတယ်၊ ဒုတိယမင်းသမီးကို အရှင်မင်းကြီးက အချိန်မတိုင်ခင် ဘွဲ့ရာထူးတစ်ခု အပ်နှင်းဖို့ရှိတယ်လို့ ဒီငယ်သား ကြားသိရတယ်၊ ဒါ စည်းမျဉ်းစည်းကမ်း အစဉ် အလာတွေကို ချိုးဖောက်ရာကျပါတယ်၊ အစဉ်အလာကို ချိုးဖောက်လို့ ကြယ်တာရာ နက္ခတ်တွေပါ ပြောင်းလဲကုန်ပြီး မယ်တော်ကြီး ဒီလိုကျန်းမာရေး ထိခိုက်ရခြင်းဖြစ်နိုင်ပါတယ်”
“ဒီလိုကိုး!”
မယ်တော်ကြီး သဘောပေါက်နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ယွဲ့လင်းဘက်သို့ လှည့်ကာ ချက်ချင်း မိန့်လိုက်ပါသည်။
“အရှင်မင်းကြီး အစဉ်အလာဆိုတာ စိတ်ထင်တိုင်းပြောင်း လဲလို့ မကောင်းဘူး! ယွဲ့မြန်က ငယ်ပါသေးတယ်၊ အရှင်ပေးကြီး အပ်နှင်းမယ့် ကောင်းချီးမျိုးကို လက်ခံနိုင်မှာ မဟုတ်သေးဘူး”
ယွဲ့လင်း အနည်းငယ် ပြုံးလိုက်မိပါသည်။
နောက်ဆုံးတော့လည်း ရည်ရွယ်ချက်က ဒါကိုး…
“အကြီးအကဲ… ဒီမိဖုရား နားမလည်မိတာ တစ်ခုရှိလို့ပါ” ကျန်းကျီမြောင် ရုတ်တရက် ဝင်ပြောလိုက်သည်။
အကြီးအကဲ ခေါင်းငုံ့ကာ အမြန်လျှောက်တင်လိုက်သည်။
“သိလိုရာ မေးမြန်းနိုင်ပါတယ် အရှင်မ”
“ဒုတိယမင်းသမီးကို ဘွဲ့ရာထူးပေးအပ်မယ့် ကိစ္စကြောင့် မယ်တော် ကျန်းမာရေးထိခိုက်တာဆိုတော့ အဲ့ဒီကိစ္စကို မဖြေရှင်းရင် မယ်တော့်ကျန်းမာရေးက ဘယ်တော့မှ သက် သာမလာနိုင်ဘူးပေါ့နော်”
ကျန်းကျီမြောင် စိတ်ဝင်တစား မေးမြန်းလိုက်ပါသည်။
“အမှန်ပါပဲ”
အကြီးအကဲက တွန့်ဆုတ်မှုမရှိဘဲ ဖြေကြားလိုက်ပါသည်။
“ဒါဆို မနေ့ကထက်စာရင် ဒီနေ့ မယ်တော့်ကျန်းမာရေး ဘာလို့ ပိုကောင်းလာရတာလဲ ? ဧကန္တ မနေ့ညက မယ်တော့်ကို ဒီမိဖုရားကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးလိုက်တာနဲ့များ သက်ဆိုင်နေမလား”
ကျန်းကျီမြောင် မေးလိုက်သည်။
ကျန်းကျီမြောင်ကို လင်းချင်ချင်လှမ်းကြည့်လိုက်ပါသည်။
နက္ခတ္တဗေဒအကြီးအကဲရှေ့မှာတောင် ကျန်းကျီမြောင် ဒီလောက်အရှက်မဲ့ရဲတာလား…
အကြီးအကဲလည်း ခေတ္တကြက်သေသေသွားပြီး မယ် တော်ကြီးကို တစ်ချက်လှည့်ကြည့်လိုက်ကာ လျှောက်ထားလိုက်ပါသည်။
“အရှင်မကလည်း ကောင်းချီးမင်္ဂလာတွေနဲ့ ပြည့်စုံနေသူလို့ တစ်စိတ်တစ်ဒေသ သက်ရောက်မှုတော့ ရှိခဲ့မှာပါ…”
“ဒါပေါ့!”
ကျန်းကျီမြောင် အပြုံးဖြင့် ပြောလိုက်သည်။
“ဒီမိဖုရားက ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတယ်တဲ့၊ ဒီမိဖုရားသာ မယ်တော့်ကို အနီးကပ်ပြုစုစောင့်ရှောက်မယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ ပိုသက်သာလာမှာပဲ မဟုတ်လား”
“အဲ…”
အကြီးအကဲ ရီဝေသွားပြီး တစ်ခုခုပြောဖို့ ကြံလိုက်ပါသည်။
သို့သော် ကျန်းကျီမြောင်က မယ်တော်ကြီးကို ဦးညွှတ်ရင်း လျှောက်တင်လိုက်လေပြီ။
“မယ်တော်! ယွဲ့မြန်ကို ဘွဲ့ရာထူး အပ်နှင်းမယ့် အရေးကိစ္စအတွက် အရှင်မင်းကြီးက အမိန့်ပြန်တမ်းကြေညာပြီးသား ဖြစ်နေပါပြီ၊ ကြေညာပြီးသား အမိန့်ပြန်တမ်းတွေကို မကြာခဏ ရုတ်သိမ်းနေရရင် အရှင်မင်းကြီး ဂုဏ်သိက္ခာထိခိုက်လာနိုင်တယ်၊ သို့ပေမယ့် မယ်တော့် ကျန်းမာရေးကလည်း အရေးကြီးပါတယ်၊ နှစ်ခုစလုံး အဆင်ပြေနိုင်မယ့်နည်းလမ်းတော့ မရှိနိုင်ဘူးလို့ ဒီမိဖုရား ခံစားမိတယ်”
“မယ်တော့်နားမှာ ဒီမိဖုရား တစ်ညတာလောက် အတူနေပြီး ပြုစုပေးလိုက်တာ ကျန်းမာရေး ပြန်ကောင်းလာခဲ့တယ် မဟုတ်လား၊ ဒါကြောင့် နောက်ရက်အနည်းငယ်လောက်ထိ မယ်တော့်နားမှာ ဆက်နေပေးမယ်ဆိုရင် အကောင်းပကတိ ပြန်ဖြစ်သွားနိုင်ပါတယ်၊ ဒုတိယမင်းသမီးရဲ့ ဘွဲ့ချီးမြှင့်အခမ်းအနားကိုတောင် မယ်တော် တက်ရောက်နိုင်လောက်တယ်!”
“မိဖုရား!”
မယ်တော်ကြီး စိတ်ရှုပ်လာပါသည်။
“ဒီမယ်တော့် အသက်ကို အလောင်းအစားလုပ်နေတာပါလား!”
“မလုပ်ဝံ့ပါဘူး မယ်တော်!”
ကျန်းကျီမြောင် ဖြောင့်မတ်စွာ လျှောက်တင်လိုက်ပါသည်။
“အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီးတော့ ဒီမိဖုရား ဒီလို ဆုံးဖြတ်လိုက်ရတာပါ၊ မင်းသမီးရဲ့ ဘွဲ့ချီးမြှင့်အခမ်းအနား ကျင်းပဖို့ နှစ်ရက်တောင် လိုပါသေးတယ်။ ဒီနှစ်အရက်အတွင်း မယ်တော့်ကို ဒီမိဖုရားသေ သေချာချာ ပြုစုစောင့်ရှောက်ပေးပါ့မယ်၊ ဒီမိဖုရားကျေး ဇူးကြောင့် မယ်တော်ကြီး ကျန်းမာရေး ပြန်ကောင်းသွားရင် အကောင်းဆုံးပေါ့၊ မယ်တော်ကြီး ကျန်းမာရေး မကောင်းသေးဘူးဆိုရင်လည်း မင်းသမီးရဲ့ ဘွဲ့ချီးမြှင့်အခမ်းအနားကို ဖျက်သိမ်းဖို့ နောက်မကျသေးပါဘူး”
[ဟင်းဟင်း… အဲ့ဒီအဆိပ်ကို ထပ်မသောက်သရွေ့နှစ်ရက်အတွင်း အကောင်းပကတိ ပြန်ဖြစ်နိုင်မှာသေချာတယ်!]
“အကြီးအကဲ ဘယ်လိုသဘောရလဲ”
ယွဲ့လင်းက နက္ခတ္တဗေဒအကြီးအကဲကို မေးမြန်းလိုက်ပါသည်။
အကြီးအကဲက ခေါင်းသာငုံ့ထားပြီး နဖူးပေါ်မှ ချွေးတွေတစ်ပေါက်ပေါက် ကျနေလေသည်။ မင်းသားအန်းဟယ် ၏ ညွှန်ကြားချက်ကြောင့်သာ သူဒီကို ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် မင်းသားအန်းဟယ် အမိန့်ကို နာခံပါက အရှင်မင်းကြီးကိုရာနှုန်းပြည့် ပုန်ကန်ရာကျလိမ့်မည်။ မင်းသားအန်းဟယ်က သူ့အတွက် ကာကွယ်ပေးထားသည်ဟု ဆိုသော်လည်း အရှင်မင်းကြီးကို အမျက်ဒေါသထွက်အောင် လုပ်မိပါက သူ့အတွက် သေလမ်းသာရှိနိုင်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူပြောရမည့်စကားတွေကို ပြောခဲ့ပြီးပြီဖြစ်သည်။ မိဖုရားကြီးကလည်း အကြံပြုချက်တစ်ခု ပေးထားပါသည်။ နောက်ဆက်ဖြစ်လာမည့်အရာတွေက သူနဲ့ မသက်ဆိုင်တော့ပေ။
“ကြိုးစားကြည့်သင့်တယ်လို့… ဒီငယ်သား ထင်မြင်မိပါတယ်”
အကြီးအကဲ လျှောက်တင်လိုက်လေသည်။
“ဒါဆိုလည်း ရှိစေတော့”
ယွဲ့လင်း ဆုံးဖြတ်ချက်ချလိုက်သည်။
မယ်တော်ကြီး: “…”
ဒီလောက်ထိ ဆင်းရဲဒုက္ခခံခဲ့ရတာတောင်… ဒီလောက်ထိ ဟန်ဆောင်ပန်ဆောင် နေပြခဲ့ရတာတောင် နောက်ဆုံးရလဒ်က ကျန်းကျီမြောင်ဆီမှာ ထပ်ပြီး အပြုစုခံရဖို့တဲ့လား…
အား!!!