Love Rivals Meeting
Vol. 8 Ch. 76
ရှို့အန်းနန်းဆောင်သို့ အားလုံးတစ်စုတစ်ဝေးတည်း ရောက်လာခဲ့သလို တစ်စုတစ်ဝေးတည်း ပြန်ထွက်ခွာသွားခဲ့ကြသည်။
မယ်တော်ကြီးကို သိမ်သိမ်မွေ့မွေ့ကြည့်လျက် ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။
“ဘာမှစိတ်မပူနဲ့နော် မယ်တော်၊ ဒီမိဖုရား ကောင်းကောင်းပြုစုပေးမှာပေါ့”
မယ်တော်ကြီးနှုတ်ခမ်းတွေ တွန့်သွားသော်လည်း ဘာစကားမှ မပြောနိုင်တော့ပေ။
“လောလောဆယ် မယ်တော့်ခန္ဓာကိုယ်က အားနည်းနေသေးတယ်၊အနားယူလိုက်ဦးနော်”
လင်းချင်ချင်အား ကျန်းကျီမြောင် လှည့်ကြည့်ကာ ပြောလိုက်သည်။
“မယ်တော်က ရံရွေတော်လင်းကို အရမ်း အားကိုးတာဆိုတော့ ရံရွေတော်လင်းကပဲ လိုလေသေးမရှိအောင် သေချာလေး ပြုစုစောင့်ရှောက်ပေးပါဦး၊ ဒီမနက် စကားတွေအများကြီးပြောခဲ့ရတော့ မယ်တော် ခြေကုန်လက်ပန်းကျနေမှာပဲ၊ မယ်တော့်ကို အိပ်ရာထဲမှာ အနားယူဖို့လုပ်ပေးလိုက်၊ ပြီးတော့ သူ့နားမှာ တစ်ဖဝါးမှမခွာဘဲ သေသေ ချာချာစောင့်နေပေးနော်၊ နည်းနည်းလေးတောင် သတိမဲ့လို့ မဖြစ်ဘူး နားလည်လား”
“အထိန်းတော်ဖန့်၊ အထိန်းတော်ဖန့်လည်း မယ်တော် အယုံကြည်ဆုံးအခြွေအရံတွေထဲက တစ်ယောက်ပဲ”
အထိန်းတော်ဖန့်ကို ကျန်းကျီမြောင် ထူးထူးဆန်းဆန်းအကြည့်ဖြင့် ကြည့်လိုက်ပါသည်။
“မယ်တော့်ကို သေသေချာချာ ဂရုစိုက်ပေးပါ၊ ရံရွေတော်လင်း လုပ်တာကိုင်တာလိုအပ်တာရှိရင်လည်း သေချာ ဆုံးမပေးပါ”
လင်းချင်ချင်ကို အထိန်းတော်ဖန့်အားလှည့်ကြည့်လိုက်ပြီး မျက်နှာအနည်းငယ် ပျက်သွားပါသည်။ လင်းချင်ချင်အကြောင်း သူမ အနည်းငယ် နားလည်ထားသည်။ ထိုမိန်းမသည် မင်းသားအန်းဟယ်အား ချစ်မြတ်နိုးသည်ဟု တဖွဖွပြောနေသော်လည်း မင်းသားအတွက် ဒုက္ခတွေသာ ယူဆောင်လာသူဖြစ်သည်။
လင်းချင်ချင်အား အထိန်းတော်ဖန့် ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး မျက်စောင်းထိုးကာ လျှောက်တင်လိုက်သည်။
“စိတ်ချပါ အရှင်မ၊ ဒီငယ်သား သေချာ စောင့်ကြည့်ထားပါမယ်”
ကျန်းကျီမြောင် ရယ်ချင်သွားသည်။ လက်ရှိအခြေအနေက ရုတ်တရက်ကြည့်လိုက်လျှင် လူငယ်တစ်ယောက်ကို လူကြီးတစ်ယောက်က ဆုံးမသွန်သင်နေသည်ဟု ထင်ရသည်။ သို့သော် တကယ်တမ်းတော့ လင်းချင်ချင်နှင့် အထိန်းတော်ဖန့်တို့သည် အချစ်ပြိုင်ဘက်တွေ ဖြစ်နေကြလေသည်။
ဒီနှစ်ယောက်ကိုသာ တွဲပေးထားလိုက်လို့ကတော့ ပွဲကြည့်ကောင်းတော့မှာပဲ!
ထို့နောက် ကျွေ့ယွဲ့နှင့် ယွင်ရှန်းတို့အား ကျန်းကျီမြောင် ဆင့်ခေါ်လိုက်ပါသည်။
“နင်တို့နှစ်ယောက်က ဒီမှာ အလှည့်ကျစောင့်ကြပ်ပေးရမယ်၊ နင်တို့က ဘာလုပ်လုပ် လေးလေးပင်ပင်နဲ့ဆိုတော့ မယ်တော် သဘောကျမှာမဟုတ်ဘူး၊ အဲ့တာကြောင့် ဒီတိုင်းပဲ အနားမှာစောင့်ကြည့်ပြီး ရံရွေတော်လင်း ပြုစုပုံတွေကို အတုယူပြီး လေ့လာသင်ယူထားကြ”
“အမိန့်တော်အတိုင်းပါ”
အခြွေအရံခေါင်းဆောင်နှစ်ယောက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အမိန့်နာခံလိုက်ကြပါသည်။
လင်းချင်ချင် တုန်ယင်သွားခဲ့သည်။
ဒါဘာသဘောလဲ!
ကျန်းကျီမြောင်က မယ်တော်ကြီးကို ပြုစုဖို့ သူ့အခြွေအရံတွေကိုတောင် တာဝန်မပေးဘူး!
ငါ့တစ်ယောက်တည်းကို သေအောင် ခိုင်းချင်နေတာလား!
ထို့အပြင် စိတ်ထင်တာလား မပြောတတ်သော်လည်း သူမကိုကြည့်သည့် အထိန်းတော်ဖန့် အကြည့်များက အလွန်စူးရှနေသည်ဟု လင်းချင်ချင် ခံစားမိသည်။ သူမ အထိန်း တော်ဖန့်နဲ့ ရန်ငြှိုးရန်စလည်း မရှိဖူးသဖြင့် ဘာကြောင့် ယခုလို ရန်လိုနေရသလဲ လင်းချင်ချင် နားမလည်ပါ။
“မိဖုရားက အရာရာကို စေ့စေ့စပ်စပ် စီစဉ်တတ်တာပဲနော်” မယ်တော်ကြီး အေးစက်စွာ မေးလိုက်သည်။
“မိဖုရားကော ဘာလုပ်ဖို့စီစဉ်ထားလဲ”
ကျန်းကျီမြောင် အေးအေးလူလူပြောလိုက်ပါသည်။
“ဒီမိဖုရားက အားလုံးကို စီမံနေရတာမို့လို့ အပင်ပန်းဆုံး တာဝန်ကို ထမ်းဆောင်ထားရတာပါ၊ သို့ပေမယ့် မယ်တော် စိတ်ပူဖို့မလိုဘူးနော်၊ ဒီမိဖုရားက ငယ်ရွယ်သေးတော့ခံနိုင်ရည် ရှိပါတယ်”
မယ်တော်ကြီး မျက်နှာမှောင်မိုက်သွားခဲ့သည်။
တော်တော်ဝတ္တရားကျေပွန်တဲ့ မိဖုရားပါလား!
ကျန်းကျီမြောင် သမ်းဝေလိုက်ပြီး ခုံတစ်လုံးပေါ် သွားထိုင်ကာ မျက်လုံးမှိတ်လျက်အနားယူလိုက်တော့သည်။ သူမ တစ်ညလုံး မအိပ်ရသေးသဖြင့် ယခု အိပ်ငိုက်နေပြီ ဖြစ် သည်။ မယ်တော်ကြီး ကျေနပ်သည်ဖြစ်စေ မကျေနပ် သည်ဖြစ်စေ ကိစ္စမရှိပါ။
အားလုံးရှေ့မှာ သူမ လုပ်သင့်သည့်အရာတွေကို လုပ်ခဲ့ပြီးပြီဖြစ်သည်။ မယ်တော်ကြီး၏လူယုံတော်များ ပေါက်ကရတွေ လျှောက်ပြောလျှင်ပင် မည်သူမှ ယုံကြည်ကြမည် မဟုတ်ချေ။ ရှေးခေတ်၌ CCTV များလည်းမရှိပေ။
ရှို့အန်းနန်းဆောင်ပြင်ပမှာ အစောင့်တပ်သားများစောင့် ကြပ်နေပြီး အတွင်းဘက်မှာလည်း ကျွေ့ယွဲ့နှင့် ယွင်ရှန်းတို့ အလှည့်ကျ စောင့်ကြပ်နေကြသည်။ ထို့အပြင် နန်းဆောင် အခြွေအရံများနှင့် မိန်းမစိုးများက တစ်ချိန်လုံးကင်းလှည့်နေကြသဖြင့် ကျန်းကျီမြောင် အေးအေးလူလူ အိပ်စက်နိုင်ပြီဖြစ်သည်။
မအိပ်စက်ခင် အမှတ်တွေအား ကျန်းကျီမြောင် စစ်ကြည့်လိုက်သည်။ အတင်းအဖျင်းမစ်ရှင်ကြောင့် ရုတ်တရက် ကြီးပွားသွားသဖြင့် သူမမှာ ၇၅၇ မှတ် ရှိနေပါပြီ။ ဇာတ် လမ်းအပြည့်အစုံကို ဝယ်ယူနိုင်ဖို့က ၉၅၀ မှတ်လိုအပ်တာဖြစ်သည်။ ကွာဟချက်က အနည်းငယ်များလွန်းနေသေးသည်။
ကျန်းကျစ်ဖျင်လို အခွင့်အရေးမျိုးသည် မကာခဏရနိုင်မှာ မဟုတ်ပေ။ နောက်ထပ် အချိန်အကန့်အသတ်အတင်း အဖျင်းမစ်ရှင် ထပ်ပေါ်လာလျှင်ပင် တစ်ချီတည်းနှင့်အမှတ်ရာဂဏန်း ထောင်ဂဏန်းအထိ ရသွားနိုင်ဖို့ ခဲယဉ်းလှပါသည်။
ကျန်းကျီမြောင် သေချာစဉ်းစားကြည့်လိုက်သည်။ လော လောဆယ်တော့ သူမ ဇာတ်လမ်း ၅၀% ကိုသာ ဝယ်ယူလိုက်ပါဦးမည်။ ၅၀%အတွက် ၄၈၀ မှတ်ကုန်ကျမည်ဖြစ် သည်။ ထို့နောက် သူမမှာ အမှတ် ၂၀၀ ကျော်ကျန်ဦးမည် ဖြစ်ပါသည််။ အရေးပေါ်အခြေအနေ သုံးစွဲရန်အတွက် လုံလောက်သည်။
“စနစ်…” ကျန်းကျီမြောင် သမ်းဝေရင်း ပြောလိုက်သည်။
“ဇာတ်လမ်း ၅၀% ကို ဝယ်လိုက်တော့၊ ငါ့ကို အိပ်မက်အနေနဲ့ ပြသပေး”
မျက်လုံးများကို မှိတ်လိုက်ပြီး အိပ်မက်ကမ္ဘာထဲ ခပ်မြန်မြန်ရောက်ရှိသွားခဲ့သည်။ ကျန်းကျီမြောင် အလွန်ရှည် လျား ကြာမြင့်သည့် အိပ်မက်ကြီးတစ်ခုကိုမြင်မက်ခဲ့ရသည်။
သူမ ယွဲ့ဟွာ၏ရှုထောင့်မှ အိပ်မက်ကိုမြင်မက်နေရခြင်းဖြစ်သည်။ ဇာတ်လမ်းထဲ အဘက်ဘက်မှပြည့်စုံသည့် ဇာတ်လိုက်မင်းသား တစ်ယောက်၏စွမ်းအားကြီးမားလာပုံကို သူ မြင်နေရသည်။ ဒီဇာတ်လမ်း ၅၀%သည် စာအုပ်၏ ပထမတစ်ဝက်ဖြစ်သည်။ ယခင်တုန်းက မသေချာမရေရာ ခဲ့သည့် ဖော်ပြချက်များမှာလည်း ကျန်းကျီမြောင်အတွက် ပိုမို ရှင်းလင်းလာခဲ့သည်။
နေ့လယ်ခင်းအချိန်…
တော်ဝင်စာကြည့်ဆောင်ထဲ ဝန်ကြီးမှူးမတ်တချို့နှင့် တွေ့ ဆုံပြီးနောက် မယ်တော်ကြီးနှင့် နေ့လယ်စာအတူတူသုံး ဆောင်ဖို့အတွက် ရှို့အန်းနန်းဆောင်သို့ ယွဲ့လင်းပြန်ကြွလာခဲ့သည်။
“ရံရွေတော်လင်း လူ မမာကို ဘယ်လိုပြုစုရမလဲဆိုတာတောင် မသိဘူးလား”
အထိန်းတော်ဖန့် လင်းချင်ချင်အား စက်ဆုပ်စွာကြည့်လိုက်သည်။
“မယ်တော်ကြီး ဒီလောက်ချွေးတွေထွက်နေတာကို မမြင်ရလောက်အောင် နင့်မှာ မျက်လုံးမပါဘူးလား! ချွေးမြန်မြန်သုတ်ပေးလိုက်လေ!”
လင်းချင်ချင် နှုတ်ခမ်းများစည်းတင်းသွားပြီး အထိန်း တော်ဖန့် ခိုင်းသည့်အတိုင်း လိုက်လုပ်ခဲ့သည်။
“ဖြည်းဖြည်းလုပ်ပါဟဲ့! နင့်လို မလုပ်တတ်မကိုင်တတ်တဲ့လူက အပြုအစုကောင်းတယ်ဆိုတာ ငါစိတ်ကူးယဉ်ကြည့်လို့တောင် မရဘူး”
အထိန်းတော်ဖန့် လှောင်ပြောင်သရော်သံဖြင့် ပြောလိုက်ပါသည်။
လင်းချင်ချင်အား သူ အစကတည်းက ကြည့်မရခဲ့ချေ။ မင်းသားအန်းဟယ်၏ ဂုဏ်သတင်းပျက်စီးရခြင်းအစက လင်းချင်ချင်အား ထိုလှိုဏ်ဂူထဲ သွားတွေ့ခဲ့သည့် အချိန်ကစတင်ခဲ့ခြင်းဖြစ်သည်။
လင်းချင်ချင်သာ ထိမျှလောက် မတုံးအပါက မင်းသားအန်းဟယ် အခုလို အရေးနိမ့်နေမည်မဟုတ်ပါ။ ထို့ပြင် မင်းသားအန်းဟယ်အပေါ် သူမလည်း ခံစားချက်တချို့ရှိနေပါသေးသည်။
ထို့ကြောင့် အချစ်ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရသဖြင့် အထိန်း တော်ဖန့် စိတ်မထိန်းနိုင်ဘဲ ပညာပြမိခြင်းဖြစ်သည်။
အချစ်ပြိုင်ဘက်တစ်ယောက်ကို အထိန်းတော်ဖန့်ပညာပေးနေမှန်း မသိသည့် မယ်တော်ကြီးကတော့ လင်းချင်ချင်အား အထိန်းတော်ဖန့် အနိုင်ကျင့်နေသည့်မြင်ကွင်းအားမြင်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
ထင်ထားတဲ့အတိုင်းပဲ…
အထိန်းတော်ဖန့် ဘက်ပြောင်းသွားပြီပဲ!
အခုဆို ဟန်တောင် မဆောင်နိုင်တော့ဘူး!
လင်းချင်ချင်ကို နှိပ်စက်ဖို့ ကျန်းကျီမြောင်ကို ကူညီပေးနေတာ!
မယ်တော်ကြီးအမြင်တွင် လင်းချင်ချင်က သူ့လူဖြစ်သည်။ ကျန်းကျီမြောင် အမိန့်ကြောင့် လင်းချင်ချင်အား အထိန်း တော်ဖန့် ပညာပြနေတာသာဖြစ်ပါလိမ့်မည်။
မယ်တော်ကြီးရင်ထဲ ဒေါသတွေ တလိမ့်လိမ့်တက်လာခဲ့သည်။ သို့သော် သူ သည်းခံထားခဲ့သည်။ သူ့ဆီမှာ အထိန်း တော်ဖန့်အမှုထမ်းလာသည်မှာ နှစ် ၂၀ ကျော်ကြာပြီဖြစ်သဖြင့် သူမ၏လျှို့ဝှက်ချက်အတော်များများကိုလည်း သိထားသူဖြစ်သည်။
ယွဲ့လင်းတို့ကို အထိန်းတော်ဖန့် ဘယ်လောက်တောင် ထုတ်ပြောပြီးပြီလဲ သူ မသိနိုင်ချေ။ သို့သော် အရေးပါသည့် အကြောင်းအရာတွေကိုတော့ မပြောရသေးလောက်ပေ။ မဟုတ်ပါက ယွဲ့လင်း ယခုလောက်ထိ တည်ငြိမ်နေမည် မဟုတ်ပါ။
မယ်တော်ကြီး မျက်လွှာချလိုက်ပြီး လူသတ်ချင်နေသည့် အရိပ်အယောင်များ မျက်လုံးထဲထင်ဟပ်လာခဲ့ပါသည်။
ဒီအထိန်းတော်ဖန့်က သုံးစားလို့ မရတော့ဘူးထင်တယ်...
ယွဲ့လင်း ကြွလာချိန် ထိုင်ခုံပေါ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေသည့် ကျန်းကျီမြောင်အားမြင်သွားပါသည်။
“အရှင်မင်းကြီး…”
လင်းချင်ချင်လည်း ရေသွားယူပြီး ပြန်လာစဉ် တံခါးဝမှာ ရပ်နေသည့် ယွဲ့လင်းအားမြင်သွားလေသည်။
သူ ပျော်လည်းပျော် ဝမ်းလည်းနည်းသွားမိသည်။ဝမ်းနည်း ရခြင်းက ယခုလိုအခက်အခဲမျိုးတွေကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးတာကြောင့်ပင်။ ဝမ်းသာရခြင်းကတော့ သူ့အခြေအနေကို ယွဲ့လင်း လျှို့ဝှက်စောင့်ကြည့်ပေးနေသော ကြောင့်သာ။ သူမ အပေါ်ယံနာကျင်ရတာဖြစ်သော်လည်း ယွဲ့လင်းကမူ နှလုံးသားထဲမှာ နာကျင်နေရတာဖြစ်မည်။ ဒီလိုဇာတ်လမ်းမျိုးကို သူမ ကြားဖူးပါသည်။
ယွဲ့လင်းထံ လင်းချင်ချင် သနားစရာကောင်းသည့် မျက် လုံးလေးများဖြင့် မော်ကြည့်လိုက်သည်။ ယွဲ့လင်း ကရုဏာသက်မည့် အချိန်ကို သူ စောင့်နေခဲ့သည်။
သို့သော်လည်း ယွဲ့လင်းအကြည့်ကမူ ကျန်းကျီမြောင်ထံမှာသာရှိနေပြီး လုံးဝမပြောင်းလဲခဲ့ပေ။
ယွဲ့လင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒါကိုမြင်တော့ လင်းချင်ချင်လည်း ပျော်ရွှင်သွားခဲ့ပါသည်။
ဒီတစ်ခါတော့ ကျန်းကျီမြောင် တော်တော်အတင့်ရဲသွားပြီ!
အရှင်မင်းကြီးရဲ့အထင်သေးမုန်းတီးမှုကို ခံရတော့မယ်!
လင်းချင်ချင် မျှော်လင့်တကြီးစောင့်ကြည့်နေစဉ် ကျန်းကျီမြောင်ထံသို့ ယွဲ့လင်း လျှောက်လှမ်းသွားခဲ့သည်။
“အမျက်ဒေါသမထွက်ပါနဲ့ အရှင်မင်းကြီး! မိဖုရားက…”
လင်းချင်ချင် ဟန်ဆောင်ပန်ဆောင် လျှောက်တင်လိုက်ပါသည်။
ထိုစဉ် ယွဲ့လင်းသည် ပြူတင်းတံခါးခန်းဆီးများကို လုံသွားအောင် ပိတ်ပစ်လိုက်သည်။
“နောက်ဆို သတိထား၊ မိဖုရားကြီး အိပ်စက်နေတဲ့အချိန် အလင်းရောင်တွေ မဝင်စေနဲ့”
အနားရှိ အခြွေအရံလေး တစ်ယောက်ကိုပင် ယွဲ့လင်း သတိပေးလိုက်သေးသည်။
လင်းချင်ချင်မျက်နှာ အလွန်ရှုံ့မဲ့သွားလေတော့သည်။