Truly Recovered?
Vol. 8 Ch. 77
လင်းချင်ချင် အသက်ဝဝ ရှူလိုက်သည်။
ဒေါသမထွက်နဲ့ ဒေါသမထွက်နဲ့…
သည်းခံထား သည်းခံထား…
သူ့အား စမ်းသပ်ဖို့ အရှင်မင်းကြီး တမင်သက်သက်လုပ်နေခြင်းသာဖြစ်လိမ့်မည်။ သူမစိတ်ကိုဆွဖို့ ကြိုးစားနေတာပဲဖြစ်မည်။
သူမ နားလည်တယ်၊ အားလုံး နားလည်တယ်
ကျန်းကျီမြောင်လို ‘အမြှောက်စာ အရံဇာတ်ကောင်’မျိုးက အစောပိုင်းမှာ မောက်မာလေလေ ဇာတ်သိမ်းမှာ အရှက်ပိုကွဲရလေလေပင်။
ထိုအတွေးများဖြင့် လင်းချင်ချင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး မျက်နှာထားလည်း အနည်းငယ်ပြေလျော့သွားခဲ့ပါသည်။ သို့သော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကျန်းကျီမြောင်ကို ကြည့်ရင်း ရင်ထဲမှာတော့ ဒေါသတွေ တလိမ့်လိမ့်တက်လာမိဆဲသာ။
သူ့ကို တစ်ညလုံး အိပ်လို့မရအောင် နှိပ်စက်ထားပြီးတော့ သူ့ကျတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလိုက်တာ!
လင်းချင်ချင်၏ စူးစူးဝါးဝါးအကြည့်ကို အာရုံရနေသကဲ့ သို့ ကျန်းကျီမြောင် မျက်တောင်တွေတဖျပ်ဖျပ် လှုပ်ခါသွားပြီး မျက်လုံးများဖြည်းညှင်းစွာပွင့်လာခဲ့သည်။ တစ်ချိန်လုံး အိပ်မက်မက်နေခဲ့တာဖြစ်သော်လည်း အိပ်စက်ပြီးနောက် အားအင်တွေပြန်လည်ပြည့်ဝသွားခဲ့ပြီဖြစ်သည်။
ဇာတ်လမ်းတစ်ဝက်လောက်ကို တစ်ခါတည်း သိရှိလိုက်ရပြီးနောက် ထိုဝတ္ထုနှင့်ပတ်သတ်ပြီး ကျန်းကျီမြောင်အာရုံထဲ အတွေးတစ်ခုသာ ရှိတော့သည်။
စကားဖြင့် မဖော်ညွှန်းနိုင်လောက်အောင်ပင်…
အထူးသဖြင့် မျက်လုံးတွေကိုဖွင့်လိုက်ပြီး ယွဲ့လင်းကို မြင်လိုက်ရသောအခါ သူမ စိတ်အခြေအနေ ပိုမိုရှုပ်ထွေးသွားခဲ့ရသည်။
[ဒီကမ္ဘာကြီးထဲမှာ ယွဲ့လင်းလောက် ကံဆိုးတဲ့လူမျိုးရှိနိုင်ဦးမယ်မထင်ဘူး]
ယွဲ့လင်း ခန္ဓာကိုယ်တောင့်တင်းသွားခဲ့ပြီး မျက်နှာလည်း စိတ်ထိခိုက်သွားပုံရသည်။
မြောင်မြောင် နိုးလာတာနဲ့ သူ့အကြောင်းဘာလို့ မကောင်းတွေးနေရတာလဲ…
မဟုတ်သေးဘူး… မြောင်မြောင် အိပ်ရာနိုးလာလာချင်း တွေးနေတာဆိုတော့…
သူနဲ့ပတ်သတ်တဲ့အကြောင်းအရာတစ်ခုခု အိပ်မက်မက်လို့ပဲဖြစ်မှာ!
ယွဲ့လင်းနှုတ်ခမ်းများ အနည်းငယ်ကွေးတက်သွားခဲ့ပြီး နွေးထွေးစွာ ပြောလိုက်ပါသည်။
“မိဖုရား နိုးပြီလား၊ အိပ်မက်တွေ မြင်မက်ခဲ့လို့လား”
ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။
“ကံအရမ်းဆိုးတဲ့ လူတစ်ယောက်အကြောင်းမြင်မက်ခဲ့တာပါ”
ယွဲ့လင်း အပြုံးတို့ ပိုမိုနက်ရှိုင်းသွားခဲ့သည်။
မြောင်မြောင်ပြောတဲ့ ကံအရမ်းဆိုးတဲ့လူဆိုတာ သူပဲမဟုတ်ပါလား…
အတိုချုန်းပြောရလျှင် အိပ်မက်ထဲထိပင် သူ့အား မြောင်မြောင် မမေ့လျော့ခဲ့ချေ။
[ဒီလောက်ထိ ကံဆိုးတာမျိုး တကယ်ရှိနိုင်ရဲ့လား ? မွေးကင်းစအရွယ်မှာ နှစ်နည်းနည်းလောက် မိဘတွေရဲ့ အချစ်ကို ခံစားခဲ့ရတာကလွဲပြီး ယွဲ့ဟွာမွေးလာတာနဲ့ နှောင်းဧကရာဇ်မင်းကြီးက ဘာကြောင့်မှန်းမသိဘဲ ယွဲ့ဟွာကိုပဲ မျက်နှာသာပေးခဲ့တယ်၊ ယွဲ့ဟွာအတွက် တခြားမင်းသားတွေ အားလုံးကို ဖိနှိပ်ထားခဲ့တယ်၊ အဲ့ထဲကမှ သားအကြီးဆုံးဖြစ်တဲ့ ယွဲ့လင်းကတော့ အဆိုးရွားဆုံးပေါ့]
[ငယ်ငယ်လေးကတည်းက ယွဲ့လင်းကို စောင့်ရှောက်ရတဲ့ အခြွေအရံက သူ့ကို ခိုးခိုးပြီး နှိပ်စက်အကြမ်းဖက်ခဲ့တာ၊ ယွဲ့လင်းတစ်ကိုယ်လုံး ညိုမဲစွဲဒဏ်ရာတွေအပြည့်ရခဲ့တယ်၊ ဂုဏ်သရေအရှိဆုံးဖြစ်တဲ့ သားအကြီးဆုံးကို အစေခံအဆင့်ပဲ ရှိတဲ့ လူတစ်ယောက် နှိပ်စက်နေတာကို ဧကရာဇ်မင်းကြီးနဲ့ မိဖုရားကြီးတို့က မျက်ကွယ်ပြုခဲ့ကြတယ်၊ သူတို့ ရင်ထဲမှာ ယွဲ့ဟွာတစ်ယောက်ပဲ ရှိခဲ့တယ်]
[နောက်တော့ အဲ့ဒီအခြွေအရံက ဓားမြှောင်တစ်ချောင်းကိုင်ပြီး ယွဲ့လင်းကို ခြိမ်းခြောက်ခဲ့တယ်၊ သူသေသွားရင် တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်၊ အဲ့ဒီအချိန်မှာ ယွဲ့လင်း အမျက်ဒေါသမီးတွေ တောက်လောင်သွားပြီး ဓားမြှောင်ကို လုပြီးတော့ အဲ့ဒီအခြွေအရံကို သတ်ပစ်လိုက်တယ်]
[သူအကြမ်းဖက်ခဲ့ရတုန်းကတော့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပေမယ့် အဲ့ဒီအခြွေအရံကို သတ်ပစ်လိုက်တဲ့သတင်း ထွက်တော့ နောက်တစ်နေ့ မနက်မိုးလင်းတာနဲ့ မင်းသားအကြီးဆုံးက ဘယ်လိုရက်စက်တဲ့အကြောင်း ကြမ်းကြုတ်တဲ့အကြောင်း၊ ထီးနန်းနဲ့မထိုက်တန်တဲ့အကြောင်း ညီလာခံမှာစီစီညံသွားခဲ့တယ်]
[အဲ့ဒီကောလဟာလတွေကို ကြားပြီး ယွဲ့လင်း နန်းဆောင်ထဲမှာပဲ သုံးရက်သုံးည ပိတ်လှောင်နေခဲ့တယ်၊ နောက်ဆုံး သူပြန်ထွက်လာတဲ့အချိန်မှာတောင် အချိန်မရွေးထဖောက်နိုင်တဲ့ နာတာရှည်ခေါင်းကိုက်ခဲမှုဝေဒနာတစ်ခု ပါလာခဲ့တယ်]
ကျန်းကျီမြောင် စိတ်မကောင်းဖြစ်စွာ သက်ပြင်းချလိုက်ပြီး ဇဝေဇဝါလည်းဖြစ်မိသည်။ ထိုအဖြစ်အပျက်က ယွဲ့လင်းကြုံတွေ့ခဲ့ရသည့် ကံဆိုးမှုပေါင်းများစွာထဲမှ တစ်ခုသာ။
ကျန်းကျီမြောင် နားမလည်နိုင်ပါ။ ယွဲ့ဟွာကို ချစ်မြတ်နိုး သည်ဆိုလျှင်ပင် တခြားသားတော်များအား ဒီလောက်ထိ ဖိနှိပ်စရာလိုလို့လား ?
သွေးသားအရင်း သားအကြီးဆုံးကို သေလမ်းပို့တဲ့အထိ လုပ်စရာ လိုပါ့မလား ?
နှောင်းဧကရာဇ်မင်းကြီးနဲ့ မယ်တော်ကြီးတို့… နှစ်ယောက်စလုံးက သာမန်မဟုတ်ဘူး!
ကျန်းကျီမြောင်အတွေးသံများကို ကြားနေရသော်လည်း ယွဲ့လင်း အလွန်တည်ငြိမ်နေသည်။ သူလည်း တစ်ချိန်တုန်းက နားမလည်နိုင်ဖြစ်ခဲ့ပြီး အံ့အားသင့်ခဲ့ရဖူးသည်။ သူ့လိုလူမျိုးက ကောင်းကင်ဘုံ၏သားတော်ဟု အမှန်တကယ် ခေါ်ထိုက်ရဲ့လား သံသယဖြစ်ခဲ့ဖူးသည်။ သူသာ ကောင်း ကင်ဘုံ၏သားတော် အမှန်တကယ်ဖြစ်နေလျှင် ကံတရားက ဘာကြောင့် ဒီလောက်ထိ မျက်နှာသာမပေးခဲ့ရတာလဲ ယွဲ့လင်း နားမလည်နိုင်ခဲ့ပေ။
သို့သော်လည်း အားလုံးက အတိတ်တွေသာဖြစ်သည်။ ယခု သူ့အနားမှာ မြောင်မြောင် ရှိနေပါပြီ။ ကောင်းကင်ဘုံက သူ့အတွက် မြောင်မြောင်ကို ကောင်းချီးပေးခဲ့တာဖြစ်မည်။ မြောင်မြောင်သာ အနားမှာရှိနေလျှင် သူ့အား ကံကြမ္မာက အမြဲတမ်း မျက်နှာသာပေးပါလိမ့်မည်။
“အရှင်မင်းကြီး ဘာလို့ ကြွမြန်းလာတာလဲ ? နန်းတွင်း အရေးကိစ္စတွေ ဆောင်ရွက်ပြီးပြီလား”
အိပ်မက်ကိုမြင်မက်ပြီးနောက် ယွဲ့လင်းအပေါ် ကျန်းကျီမြောင်၏အပြောအဆို၊ အပြုအမူများက ထူးထူးခြားခြား နူးညံ့လာခဲ့သည်။
ယွဲ့လင်းလည်း မျက်လုံးတွေ ပြောင်းလဲသွားသည်။ ထို့ နောက် နားထင်ကိုပွတ်ရင်း တိုးညှင်းစွာ မိန့်လိုက်ပါသည်။
“နေ့လယ်ခင်းကျရင် ဆောင်ရွက်စရာတွေ အများကြီးရှိသေးတယ်၊ သို့ပေမယ့် မယ်တော့်ရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်၊ ဒါကြောင့် ကျန်း လာခဲ့တာ”
“အရှင်မင်းကြီး ကိုယ့်ကိုကိုယ် ဖိအားပေးလွန်းနေပြီ”
ကျန်းကျီမြောင် စိတ်ပူပန်စွာ လျှောက်တင်လိုက်သည်။
“ဒီမိဖုရား ရှိနေတာပဲဥစ္စာ…”
“မိဖုရားကိုပဲ အမြဲတမ်း ဒုက္ခခံခိုင်းလို့မဖြစ်ဘူးလေ၊ ကျန်းလည်း ကူညီပေးသင့်တာပေါ့” ယွဲ့လင်း မိန့်လိုက်သည်။
“အရှင်မင်းကြီးရဲ့ ဝတ္တရားကျေပွန်မှုကတော့ ကောင်း ကင်ဘုံကပါ လေးစားကြည်ညိုထိုက်ပါတယ်”
“မိဖုရားကမှ ဝတ္တရားကျေပွန်မှုရဲ့ စံပြပုဂ္ဂိုလ်ပါ”
နှစ်ယောက်သားအပြန်အလှန် ချီးမွမ်းခန်းဖွင့်နေကြချိန် ကုတင်ပေါ်ရှိ မယ်တော်ကြီးကတော့ ဆွံ့အနေခဲ့သည်။
“…”
သူ့ကို တစ်မနက်လုံး ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတဲ့ လူက ခုနကမှ အိပ်ရာနိုးလာတယ်…
သူ့ရဲ့ ကျန်းမာရေးအတွက် စိတ်ပူလို့ ကြွမြန်းလာတယ်ဆိုတဲ့ လူကလည်း ရောက်လာကတည်းက သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်သေးဘူး…
ကောင်းပါတယ် ကောင်းကြပါတယ်! တော်တော်လိုက်ဖက်တဲ့ စုံတွဲပဲ!
မယ်တော်ကြီး သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
“အရှင်မင်းကြီး ဆောင်ရွက်စရာရှိတဲ့ အရေးကိစ္စတွေကိုသာ သွားဆောင်ရွက်ပါ! ဒီမှာ လူတွေ လုံလုံလောက်လောက်ရှိပြီးသား”
မယ်တော်ကြီးထံ ယွဲ့လင်း လှည့်ကြည့်ကာ နွေးနွေးထွေး ထွေး ပြောလိုက်ပါသည်။
“ဒီသားတော် ဘယ်လောက်ပဲ အလုပ်များနေပါစေ မယ်တော့်ကျန်းမာရေးလောက် ဘယ်အရာကမှ အရေးမကြီးပါဘူး၊ မယ်တော်အခုလို သက်သာလာတဲ့ အချိန်မျိုးမျာ တစ်ခုခုအစားမှားသွားပြီး နာမကျန်းထပ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ? နေ့လယ်စာအတွက် တော်ဝင်စားဖို ဆောင်ကို ကျန်းနှစ်မျိုးနှစ်စား စီစဉ်ခိုင်းထားတယ်၊ မယ်တော့်အတွက် ပျော့ပြောင်းပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေမယ့် အစားအသောက်တွေ ပြင်ဆင်ထားပါတယ်”
တစ်ခုခု အစားမှားသွားမှာစိုးလို့ ဟုတ်လား…
ယွဲ့လင်း စကားမှာ အဓိပ္ပာယ်နှစ်မျိုးရှိနေလိမ့်မည်ဟု မယ် တော်ကြီး သံသယဖြစ်မိပြီး မျက်နှာတောင့်တင်းသွားရသည်။
မယ်တော်ကြီး တွန့်ဆုတ်နေစဉ် ယွဲ့လင်းက ဆန်ပြုတ်ဖြူဖြူအလွတ်တစ်ပွဲကို ယူဆောင်လာခိုင်းလိုက်သည်။ ခန်းဆောင် အပြင်ဘက်မှာတော့ တော်ဝင်စားဖိုဆောင်မှပြင် ဆင်ထားသည့် စားချင်စဖွယ် မွှေးရနံ့သင်းပျံ့နေသော ဟင်းလျာများရှိနေသည်။
“ရံရွေတော်လင်းနဲ့ အထိန်းတော်ဖန့်တို့နှစ်ယောက်က မယ်တော့်ကို ဆန်ပြုတ်တိုက်ကျွေးလိုက်ကြပါ၊ မိဖုရားနဲ့ ကျန်းတို့ နေ့လယ်စာသုံးဆောင်ပြီး ပြန်ကြွခဲ့မယ်”
ယွဲ့လင်း အမိန့်ပေးလိုက်ပြီး ကျန်းကျီမြောင်နဲ့အတူတူ ခန်းဆောင်အပြင်သို့ ကြွမြန်းသွားခဲ့ပါသည်။
ခန်းဆောင်အပြင်ဘက်မှ ဆက်တိုက်ဆိုသလို တိုးဝင်လာသည့် မွှေးရနံ့များကြောင့် မနေ့ကတည်းက ဘာမှမစားရသေးသော ရံရွေတော်လင်း တံတွေးမျိုချလိုက်မိပါသည်။
မယ်တော်ကြီးလည်း မွှေးပျံ့နေသည့် ဟင်းရနံ့များကို ရှူရှိုက်လိုက်ပြီး သူမရှေ့က ဘာဟင်းခတ်အမွှေးအကြိုင်မှ မပါဝင်သည့် ဆန်ပြုတ်ဖြူဖြူကို ငုံ့ကြည့်လိုက်ကာ အံကြိတ်မိသွားသည်။
ယွဲ့လင်း…
ငါ့ကို စိုးရိမ်လို့လာတာ လုံးဝ မဖြစ်နိုင်ဘူး!
ဒင်း ငါ့ကို နှိပ်စက်ဖို့လာခဲ့တာပဲ ဖြစ်မှာ!
နှစ်ယောက်သား လိုက်ဖက်ကြပါပေတယ်!
-
ကျန်းကျီမြောင်ထံမှ ‘ခရေစေ့တွင်းကျ ပြုစုစောင့်ရှောက်မှု’ကို နှစ်ရက်တိတိ ခံယူပြီးနောက်…
ဒုတိယမင်းသမီး၏ ဘွဲ့အမည်ခံယူပွဲအခမ်းအနားနေ့ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကုတင်ပေါ် သုန်သုန်မှုန်မှုန်မျက်နှာနှင့် မယ်တော်ကြီးကို ကြည့်ရင်း ကျန်းကျီမြောင် စိတ်ပူပန်စွာ ပြောလိုက်ပါသည်။
“မယ်တော်… သမားတော်တွေ ပြောတာတော့ မယ်တော့် ကျန်းမာရေးက ရာနှုန်းပြည့်နီးပါးပြန်ကောင်းနေပါပြီတဲ့၊ သို့ပေမယ့် ဒီမိဖုရား ကြည့်ရသလောက်တော့ မယ်တော့်အသားအရည်က ပုံမှန်သိပ်မဟုတ်သေးဘူး၊ ဒုတိယမင်းသမီးရဲ့ ဘွဲ့အမည်ခံယူပွဲကို နောက်နှစ်ရက်လောက်ထိ ရွှေ့ဆိုင်းလိုက်ဖို့ အရှင်မင်းကြီးကို ဒီမိဖုရား လျှောက်တင်ပေးမယ်လေ၊ ပြီးတော့ ဒီမိဖုရားလည်း ဒီမှာဆက်ပြုစုပေးမယ်၊ မယ်တော် ကျန်းမာရေးမကောင်းသေးသရွေ့ ဒီမိဖုရား အနားကနေ တစ်ဖဝါးမှမခွာနိုင်ဘူး!”
“ပြီးတော့ ရံရွေတော်လင်းကလည်း ဒီရက်ပိုင်းထဲ မယ်တော့်ကို သေသေချာချာပြုစုစောင့်ရှောက်ပေးနိုင်ခဲ့တယ်၊ အဲ့တာကြောင့် နောက်ရက်တွေမှာလည်း သူပဲ ဆက်ပြီး ပြုစုပေးပါလိမ့်မယ်၊ မယ်တော် ဘယ်လိုသဘောရလဲ”
မယ်တော်ကြီး ဘာမှမပြောနိုင်ခင် လင်းချင်ချင် စိတ်ချောက်ချားစွာ ဖြတ်ပြောလိုက်ပါသည်။
“မ…မ…မလိုပါဘူး! မယ်တော်ကြီးရဲ့ ကျန်းမာရေးက အကောင်းပကတိပြန်ဖြစ်နေပြီ၊ ဘာပြဿနာမှမရှိတော့ဘူး၊ အသားအရည် မကြည်မလင်ဖြစ်နေရတာက အိပ်ရာထဲမှာပဲ အချိန်အကြာကြီး လှဲနေရတာမို့လို့ပါ၊ အိပ်ရာပေါ်ကထပြီး လမ်းလေး နည်းနည်းလောက်လျှောက်လိုက်တာနဲ့ ပြန်ကောင်းသွားမှာပါ!”
သူမ မျက်လုံးတွေ မှိတ်လို့မရနိုင်သည့်အထိ အနှိပ်စက်ခံထားရတာဖြစ်သည်။ ယခုဆို မတ်တပ်ကြီးပင် အိပ်ပျော်သွားနိုင်လောက်သည်။ နောက်ရက်တွေ ဆက်ပြီးပြုစုပေးရဦးမည်ဆိုလျှင် ဒီခန်းဆောင်ထဲမှာ ကောက်ကာငင်ကာ သေဆုံးသွားရလိမ့်မည်။
စကားကို အမြန်ဖြတ်ပြောလိုက်သည့် လင်းချင်ချင်ထံ မယ်တော်ကြီး မျက်စောင်းထိုးလိုက်ပါသည်။ သို့သော် ဒီရက်ပိုင်းထဲ အနှိပ်စက်ခံနေရသည်မှာ လင်းချင်ချင် တစ်ယောက်တည်း မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် ဒုတိယမင်းသမီးကို ဘွဲ့ရာထူးအပ်နှင်းဖို့ အရှင်မင်းကြီး ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သဖြင့် နောက် နှစ်ရက်လောက် အချိန်ထပ်ဆွဲနေလည်း ဘာမှထူးတော့မည်မထင်ပေ။
မယ်တော်ကြီး အံကြိတ်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်
“အမှန်ပဲ၊ ဒီမယ်တော် ကျန်းမာရေး အကောင်းပကတိ ပြန်ဖြစ်နေပါပြီ”
“အကောင်းပကတိ ပြန်ဖြစ်နေပြီ ဟုတ်လား”
ကျန်းကျီမြောင် စိတ်ပူနေဆဲဖြစ်သည်။
“ဒီမိဖုရား ပင်ပန်းနေတာကို မကြည့်ရက်လို့ အားနာတာနဲ့ပဲ မယ်တော် ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးရဘူးနော်၊ ဒီမိဖုရားက ငယ်ရွယ်သေးတဲ့အတွက် လုံးဝမပင်ပန်းနိုင်ပါဘူး”
မယ်တော်ကြီး အံကြိတ်ရင်း စကားကို မနည်းညှစ်ထုတ်ပြောလိုက်ရသည်။
“တကယ်ပြောတာ… ဒီမယ်တော် နေကောင်းပါပြီ…”
“ဒါဆို ဝမ်းသာစရာပဲပေါ့”
ကျန်းကျီမြောင် ဝမ်းပန်းတသာ ပြောလိုက်သည်။
“ဒါဆို ဒီနေ့ ဒုတိမင်းသမီးရဲ့ ဘွဲ့အမည်ခံယူပွဲအခမ်းအနားကို မယ်တော်ကိုယ်တိုင် တက်ရောက်နိုင်ပြီပေါ့၊ မယ်တော့်ကိုသာ မြင်လိုက်ရရင် ဒုတိယမင်းသမီးလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမှာပဲ!”