What Sound?
Vol. 8 Ch. 78
သူကိုယ်တိုင် အခမ်အနားကို တက်ရောက်ရမယ်တဲ့လား…
မယ်တော်ကြီး အလွန်မျက်နှာပျက်သွားခဲ့သည်။ ထိုအခမ်အနားကိုသာ သူ တက်ရောက်ခဲ့လျှင် အရှင်မင်းကြီးနှင့် ဒုတိယမင်းသမီးတို့၏အပြုအမူ လုပ်ရပ်တို့ကို သူမထောက်ခံသည်ဟု ကြေညာလိုက်ခြင်းပင်။
“ဒီမယ်တော် ကျန်းမာရေးက အပြည့်အဝပြန်ကောင်းနေတာတောာ့ မဟုတ်သေးပါဘူး၊ ဒါ့ကြောင့် အခမ်းအနားကို ဒီမယ်တော် တက်ရောက်နိုင်မှာ မဟုတ်ဘူး…”
မယ်တော်ကြီး ငြင်းဆန်လိုက်ပါသည်။
“မယ်တော် ကျန်းမာရေး ပြန်မကောင်းသေးဘူးဟုတ် လား”ကျန်းကျီမြောင် စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။
“ဒါဖြင့်ရင်လည်း ဒီမိဖုရားကို အားနာပြီး မယ်တော်ဘာလို့ လိမ်ပြောရတာလဲ၊ ဘွဲ့အမည်ခံယူပွဲအခမ်းအနားကို ရက်နည်းနည်းလောက် ရွှေ့ဆိုင်းကြတာပေါ့၊ မယ်တော့်ကို ဒီမိဖုရား ထပ်ပြီး ပြုစုပေးချင်ပါသေးတယ်”
ကျန်းကျီမြောင် လက်နှစ်ဖက်ကိုပွတ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေသည့်ပုံစံပေါက်နေပါသည်။
မယ်တော်ကြီး သွားချင်းတိုက်သည့် အသံတွေ ထွက်လာသည့်တိုင် အံကြိတ်လိုက်မိလေသည်။
လူမမာကို ပြုစုစောင့်ရှောက်ရခြင်းက အလွန်ပင်ပန်းသော အလုပ်ဖြစ်သည်။ လင်းချင်ချင်လို တစ်ပိုင်းသေအောင် နှိပ်စက်ခံနေရခြင်းက သာမန်လိုတောင်ဖြစ်နေပါပြီ။
ကျန်းကျီမြောင်ကကော ဘာတွေလုပ်နေလဲ…
၎င်းကမူ ကိုယ့်အသားအရည်ကိုယ်ထိန်းသိမ်းပြီး ကောင်း ကောင်းစား၊ ကောင်းကောင်းအိပ်ပြီးမှ သူများအားတစ် ပိုင်းသေအောင် နှိပ်စက်တတ်သူဖြစ်သည်။
ရက်နည်းနည်းလောက် ထပ်ပြုစုဦးမယ်ဟုတ်လား ငါ မသေချင်သေးဘူး!!
“မလိုဘူး” မယ်တော်ကြီး အံကြိတ်ရင်း ပြောလိုက်သည်။
“ဒီမယ်တော် ရုတ်တရက်ကြီး အားအင်တွေပြည့်လာသလို ခံစားလိုက်ရတယ်၊ ခန္ဓာကိုယ်လည်း အပြည့်အဝ ကျန်းမာလုနီးပါး ဖြစ်နေပါပြီ၊ ဘွဲ့အမည်ခံယူပွဲကို ဒီမယ်တော်တက်ရောက်မယ်”
မယ်တော်ကြီး နားလည်နေပါပြီ။ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့က တစ်ကိုယ်တည်းလိုဖြစ်ကြပြီး ကျန်းကျီမြောင် စကားက ယွဲ့လင်း စကားပင်။
လက်ရှိယွဲ့လင်းသည် မယ်တော်ကြီး လှည့်စားနိုင်သည့်လူ မဟုတ်တော့ပါ။
ထို့ကြောင့် နာမကျန်းဖြစ်ချင်ယောင် ဆောင်ပြနေလည်း အသုံးဝင်မည် မဟုတ်တော့ပေ။
ဘွဲ့အမည်ခံယူပွဲကို ယွဲ့လင်းကိုယ်တိုင် ထုတ်ပြန်ကြေညာထားပြီးသား ဖြစ်သဖြင့် သူမ တက်ရောက်သည်ဖြစ်စေ မတက်ရောက်သည်ဖြစ်စေ ဘာမှ မထူးခြားနိုင်ပါ။
သူမ နာမကျန်းဖြစ်ချင်ယောင်ဆောင်ပြီး နက္ခတ္တဗေဒရုံးတော်ကိုပင် ဆင့်ခေါ်ခဲ့သည်။ သို့သော် ဒုတိယ မင်းသမီး၏ ဘွဲ့အမည်ခံယူပွဲကို မတားဆီးနိုင်ခဲ့ပေ။
ယနေ့…
ထိုက်ကျီခန်းမ တံခါးများကို ဖွင့်လှစ်ထားခဲ့သည်။
ယွဲ့လင်း ပလ္လင်မြင့်ပေါ်မှာထိုင်နေပြီး မယ်တော်ကြီးသည် ဘယ်ဘက်မှာထိုင်ကာ မိဖုရားကြီးက ညာဘက်မှာထိုင်နေ သည်။
ခန်းမအပြင်ဘက်တွင် နန်းတွင်း အခြွေအရံများနှင့် အစေ ခံများက စနစ်တကျ ဘယ်ညာတန်းစီနေကြသည်။
ထို့နောက် တော်ဝင်မိသားစုဝင်များက တန်းစီနေကြသည်။ ထို့နောက်တွင်တော့ ရာထူးအဆင့်မျိုးစုံရှိသည့် ဝန်ကြီး မှူးမတ်များ တန်းစီနေကြသည်။
အားလုံးထဲမှာ စတုတ္ထမင်းသား ယွဲ့ချန်းလည်း ပါဝင်နေပြီး မင်္ဂလာရှိသော အဝတ်အစားများဆင်မြန်းထားကာ ဂုဏ်သရေ ကြီးမြတ်နေသော ညီမဖြစ်သူထံ ရှုပ်ထွေးသော ခံစားချက်များဖြင့် ငေးကြည့်နေမိသည်။
သူ့မယ်တော် စိတ်ကို ယွဲ့ချန်း နားလည်သည်။
မယ်တော်က သူ့ညီမလေး၏လက်ဆက်ထိန်းမြှားမှုကို အသုံးချပြီး ယွဲ့ဟွာအား မျက်နှာသာပေးချင်ခြင်းဖြစ် သည်။ သို့သော် သူ့အနာဂတ်အတွက် ဒီလိုလုပ်ရတာဟု မယ်တော် အမြဲပြောခဲ့သည်။
သို့တိုင် ယွဲ့ချန်း နားမလည်ခဲ့ပါ။
ယွဲ့ဟွာကို မျက်နှာလိုမျက်နှာရလုပ်တာက သူ့အနာဂတ်နဲ့ ဘာဆိုင်လို့လဲ…
ထီးနန်းကို ယွဲ့လင်းပိုင်ဆိုင်ထားပြီးသားဖြစ်သဖြင့် နန်းတွင်းမှာ ယွဲ့ဟွာ ဘယ်လောက်ပဲ မျက်နှာသာပေးခံရပါစေ မင်းသားအဆင့်သာ ရှိပါလိမ့်မည်။
ယွဲ့ချန်းကလည်း ယွဲ့ဟွာလိုပဲ လက်ရှိမင်းဆက်၏မင်းသား တစ်ပါးဖြစ်သည်။
ယွဲ့ဟွာကို စိတ်ကျေနပ်စေဖို့အတွက် သူ့ညီမလေးရဲ့ လက် ဆက်ထိန်းမြှားမှုကို မယ်တော်အသုံးချဖို့ လိုအပ်ရဲ့လား….
မယ်တော်ယိုကို ယွဲ့ချန်း မေးမြန်းကြည့်ခဲ့သည်။ မယ်တော်ယိုကမူ ယွဲ့ဟွာနှင့် ပူးပေါင်းခြင်းက တစ်ခုတည်းသော လွတ်လမ်းဖြစ်သည်ဟု ဆိုခဲ့ပါသည်။
အကြောင်းပြချက်ကို ယွဲ့ချန်းမေးကြည့်ခဲ့သည်။ သို့သော် မယ်တော်ယိုပြန်မဖြေဘဲ သူတို့မောင်နှမတွေကို ထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း သိထားဖို့သာပြောဆိုခဲ့ပါသည်။
ကျန်းကျစ်ဖျင်ကို ယွဲ့မြန်လက်ဆက်လိုက်ခြင်းက သူမအတွက်ကော သူ့အစ်ကိုဖြစ်သည့် ယွဲ့ချန်းအတွက်ကော ကောင်းမွန်သည့် ရွေးချယ်မှုဟု ဆိုခဲ့သည်။
တကယ်ကော ကောင်းမွန်တဲ့ ရွေးချယ်မှု ဟုတ်ခဲ့ရဲ့လား…
ယခု သူ့ညီမလေး ကျန်းကျစ်ဖျင်နဲ့ လက်မဆက်ဖြစ်တော့ပါ။ သို့သော် ယုံမင်းဆက်၏ ဂုဏ်သရေရှိမင်းသမီးတစ် ပါးအဖြစ် ဆက်လက်ရပ်တည်နေနိုင်ပြီး လက်မဆက်ရသေးဘဲ ဘွဲ့အမည်ခံယူရတော့မည့် တစ်ဦးတည်းသော တော်ဝင်မင်းသမီးဖြစ်လာခဲ့သည်။
အစပိုင်း ပြည်သူတွေကြားထဲ ထူးထူးဆန်းဆန်းကောလ ဟာလတွေ ပြန့်နှံ့နေခဲ့ပါသည်။
ကျန်းကျစ်ဖျင်က အပြစ်ကင်းစင်သည်ဟု ဆိုကြသည်။ သူ့ဘက်က ဒုတိယမင်းသမီးကို လက်မဆက်ချင်ခဲ့ဘဲ ယွဲ့မြန်ကသာ သူ့ကိုမြင်မြင်ချင်း မေတ္တာသက်ဝင်သွားပြိး လက် ဆက်ချင်တာဟုသာ ဆိုခဲ့ကြသည်။ ကျန်းကျစ်ဖျင်အားမေတ္တာရှိလွန်းသဖြင့် ဆောင်ကြာမြိုင်မိန်းမကိုတောင် ယွဲ့မြန် လက်ခံပေးဖို့ကြံရွယ်ခဲ့သည်ဟု ကောလဟာလများ ထွက်ခဲ့သည်။
ထိုကဲ့သို့ ကောလဟာလများက အလွန်အဓိပ္ပာယ်မဲ့လွန်းပြီး မင်းသမီးမျက်နှာကို ဖိနပ်ဖြင့်ရိုက်နေခြင်းနှင့် ညီမျှသည်။
ယွဲ့ချန်း နန်းတော်မှ ထွက်ခွာပြီး ကိုယ်ပိုင်စံအိမ်မှာနေထိုင်ခဲ့သည့်အချိန်ကစလို့ ယွဲ့မြန်နဲ့ တွေ့ဆုံခွင့် သိပ်မရခဲ့ချေ။ ထို့ ကြောင့် မောင်နှမသံယောဇဉ်ကလည်း ထင်သလောက်မခိုင်မာပေ။
သို့သော် ယွဲ့မြန်က သူ့ညီမအရင်းဖြစ်သည်။ လက်ရှိဧကရာဇ်မင်းကြီးပင် ယွဲ့မြန်ဘက်က တွန့်ဆုတ်မှုမရှိရပ် တည်ပေးခဲ့သည်။
အစ်ကိုအရင်းဖြစ်တဲ့သူက ဘာမှမလုပ်ဘဲ ဒီတိုင်းရပ်ကြည့်နေရမှာလား…
ထို့ကြောင့် ကောလဟာလများကို ယွဲ့ချန်းဖိနှိပ်ခဲ့ပြီး ထိုကောလဟာလများ ထွက်လာသည့် ရင်းမြစ်များကိုလည်း စုံစမ်းခဲ့သည်။
စုံစမ်းရင်းနဲ့ သဲလွန်စများက ကျန်းမိသားစုထံသို့မြှားဦးညွှန်ပြခဲ့ပါသည်။ ထို့နောက် သဲလွန်စများက မင်းသားအန်းဟယ် စံအိမ်ကိုလည်း မြှားဦးညွှန်ပြခဲ့သည်။
ယွဲ့ချန်း အလွန်ဒေါသထွက်ခဲ့ရ၏။
ကြီးမြတ်သည့် ယုံမင်းဆက်၏ ဒုတိယမင်းသမီးဖြစ်သော သူ့ညီမလေးက ကျန်းကျစ်ဖျင်လို လူယုတ်မာမျိုးနှင့်လက် ဆက်မိလုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူ့ညီမလေး မီးပင်လယ်ထဲက လွတ်မြောက်လာခဲ့သည်။ ဒါတောင် ဒီလူတွေက ယွဲ့မြန် ဂုဏ်သိက္ခာကို ဖျက်ဆီးချင်ကြသေးသည်။
သို့သော် သိပ်မကြာလိုက်ဘဲ နန်းတော်အတွင်းမှသတင်း ကောင်းတစ်ခု ထွက်လာခဲ့သည်။
ယွဲ့မြန်အား မကြာခင် မင်းသမီးအန်းလဲ့ဘွဲ့အမည် အပ်နှင်းတော့မည်ဟူသော သတင်းဖြစ်သည်။ ထိုသတင်းထွက်လာသည်နှင့် တစ်ပြိုင်နက် အရှင်မင်းကြီး၏မျက်နှာသာ ပေးမှုကို ယွဲ့မြန် ခံယူထားရမှန်း အားလုံးနားလည်သွားခဲ့ကြသည်။
သူမသာ ကောလဟာလတွေထဲကလို ဂုဏ်သိက္ခာမဲ့နေပါက လက်ရှိဧကရာဇ်မင်းကြီး ယခုလိုအရေးပေးမည်မဟုတ်ပါ။
ကျန်းစံအိမ်ကနေတောင် အရှက်သိက္ခာမဲ့ ကန်ထုတ်ခံခဲ့ရတဲ့ ကျန်းကျစ်ဖျင်က ဒီလိုကောလဟာလမျိုး ဖြန့်ရဲတယ်ပေါ့!
သိပ်မကြာလိုက်ဘဲ ကောလဟာလတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ယွဲ့ချန်းလည်း အားထုတ်ကြိုးပန်းခဲ့သည်။ သို့သော် ယွဲ့မြန်၏အရေးကိစ္စမှာ အဓိက ကူညီပေးခဲ့သူက လက်ရှိ ဧကရာဇ်မင်းကြီးဖြစ်မှန်း ယွဲ့ချန်း နားလည်သည်။
ဧကရာဇ်မင်းကြီးနဲ့ ယွဲ့မြန်တို့ကလည်း မောင်နှမသံယော ဇဉ်ကြီးမားကြသူတွေ မဟုတ်ကြပါ။ ယွဲ့မြန်၏ လက်ဆက် ထိန်းမြှားမှုကို အရှင်မင်းကြီး လျစ်လျူရှုချင်ရှုလို့ရသည်။
သို့သော် သူ ဝင်ကူညီပေးခဲ့ပါသည်။
လက်ရှိဧကရာဇ်မင်းကြီးက ရက်စက်ကြမ်းကြုတ်ပြီးကျေး ဇူးကန်းသည်ဟု မယ်တော်ယိုတဖွဖွ ပြောခဲ့ဖူးသည်။ သူ့ထံမှာ အမှုထမ်းသည့်လူတိုင်း အနာဂတ်မှာ လမ်းဆုံးရောက်သွားကြလိမ့်မည်ဟုလည်း ဆိုခဲ့ပါသည်။
သို့သော် ယွဲ့ချန်းမြင်သလောက်တော့ အခြေအနေက ဒီလိုမဟုတ်ပါ။
ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်က သူ့အတွက် အရေးမပါတဲ့ မင်းသမီးတစ်ပါးကို ဘာကြောင့် ကူညီပေးခဲ့မှာလဲ...
ယွဲ့မြန်အတွက် ယွဲ့လင်းက အစဉ်အလာတွေကိုတောင် ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။
ယွဲ့လင်းသာ တိုင်းပြည်ကို နစ်နာစေမည့် ပုန်ကန်သည့် လုပ်ရပ်မျိုး မလုပ်လျှင် ယွဲ့ချန်း ဘာမှကန့်ကွက်စရာ မလိုခဲ့ပါ။ သူစိုးရိမ်နေရသည့် တစ်ခုတည်းသော အချက်ဆိုလို့ ရံဖန်ရံခါ ယွဲ့လင်း ဒေါသကြီးမားတတ်ခြင်းပင်။
သို့သော် ယခုတော့…
ပလ္လင်မြင့်မှာ ဘေးချင်းကပ်လျက်ထိုင်နေသည့် ယွဲ့လင်းနှင့်ကျန်းကျီမြောင်တို့ကို ယွဲ့ချန်း မော်ကြည့်လိုက်သည်။
မိဖုရားကြီးကို အစ်ကိုတော် အရေးပေးသည့် အချိန်ကစလို့ အစ်ကိုတော် စိတ်အခြေအနေအများကြီး တည်ငြိမ်သွားခဲ့ပုံရသည်။ ယခင်တုန်းကလို ရုတ်တရက်အမျက် ဒေါသကြီးမားလာတာမျိုး မရှိတော့ချေ။
ယွဲ့ချန်း မျက်လွှာပြန်ချလိုက်သည်။
တချို့ကိစ္စတွေကို သူ့ရင်ထဲက ဆန္ဒအတိုင်းဆုံးဖြတ်ရမည်ဖြစ်သည်။ မယ်တော်ယိုက သူ့မယ်တော်ဖြစ်သော်လည်း… သူမစကားတွေကို တသွေမတိမ်း နာခံဖို့မလိုအပ်ပါ။ အနည်းဆုံးတော့ ကျန်းကျစ်ဖျင်နှင့် လက်ဆက်တာထက်စာလျှင် လက်ရှိ ယွဲ့မြန်က ဘဝမှာ ပိုမိုပျော်ရွှင်စွာ နေထိုင်နိုင်ပါလိမ့်မည်။
“မင်္ဂလာအချိန် ရောက်ရှိလာပြီ၊ ပဏာမ သံတမန်ကြီးနဲ့ ဒုသံတမန်တို့ကို ဆင့်ခေါ်လိုက်ပါ”
စောင့်နေတာကြာပြီဖြစ်သည့် ယွဲ့မြန်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။
ဒီနေ့အတွက် သူမ ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သော် လည်း သံတမန်ကြီးများကို မြင်လိုက်ရသောအခါ စိတ်တွေ တကယ်တမ်းလှုပ်ရှားလာခဲ့သည်။
ချောင်းဖန့်နန်းဆောင်မှာ အခမ်းအနားဆိုင်ရာ လုပ်ဆောင် ချက်များကို ယွဲ့မြန် အကြိမ်ကြိမ်လေ့ကျင့်ခဲ့ပြီးသားဖြစ် သည်။
ဘွဲ့အမည်ခံယူပွဲ အခမ်းအနားအတွင်း တော်ဝင်အမိန့်စာကို ဖတ်ရှုပြီးသွားသည့်အခါမှ ဘွဲ့အထောက်အထားနှင့် ချိပ် တံဆိပ်တို့ကို ယွဲ့မြန် ချီးမြှင့်ခံခဲ့ရပါသည်။
ထိုအခါ ယွဲ့မြန် ယုံမင်းဆက်၏မင်းသမီးအန်းလဲ့ တရား ဝင်ဖြစ်လာခဲ့လေသည်။
ယွဲ့မြန် ကြည်နူးဝမ်းသာနေစဉ် ရုတ်တရက်ဆိုသလို သူမ အာရုံထဲ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
[နေပူကြီးထဲမှာ သနားစရာ ယွဲ့မြန်တော့ အရည်ပျော်တော့မလို ခံစားနေရမှာပဲ]
ယွဲ့မြန် ကြက်သေသေသွားခဲ့သည်။
ဒါ… အစ်မတော်ရဲ့ အသံလား!
မဟုတ်ဘူး… မဟုတ်သေးပါဘူး!
အစ်ကိုတော်နဲ့ အစ်မတော်တို့က သူမဂါဝရပြုမှာကို စောင့်နေကြတုန်းပဲလေ…
သူတို့က အဝေးကြီးမှာ ရှိနေကြတာ!
အစ်မတော် စကားပြောရင်တောင် ဒီလိုထင်ထင်ရှားရှား ပြတ်ပြတ်သားသား ကြားရပါ့မလား…
ထို့ပြင်…
အစ်မတော်က သူ့အား မျက်နှာသာပေးသည်ဟု ဆိုသော် လည်း ဒီလိုအခမ်းအနားမျိုးမှာ ဒီလိုစကားမျိုးပေါ်တင် ထုတ်ပြောရလောက်သည့်အထိတော့ မဟုတ်လောက်ပါ။
ယွဲ့မြန် ကြက်သေသေနေစဉ် ကြောက်စရာပိုကောင်းသည့် အဖြစ်ကို ထပ်မံကြုံတွေ့လိုက်ရပါသည်။
သူမ အာရုံထဲ ထူးထူးဆန်းဆန်းပုံရိပ်တွေ ရုတ်တရက် ထပ်ဟပ်လာခဲ့သည်။
လူတစ်စုမှာ သံစဉ်တွေသီဆိုပြီး ကခုန်နေကြသည်။ မိန်းကလေးတစ်ဦး၏ စူးစူးဝါးဝါး အသံတစ်သံကိုလည်း ကြားနေရပါသည်။
ဘာတွေ ဆိုနေကြတာလဲ…
“ယနေ့က မင်္ဂလာနေ့လေးဖြစ်လို့ ဆန္ဒရှိသမျှပြည့်ဝနိုင်ပါစေ”
“မနက်ဖြန်လည်း မင်္ဂလာနေ့လေးဖြစ်လို့ နှစ်ထောင်ချီ ရွှင်လန်းနိုင်ပါစေ”
ယွဲ့မြန် ယခုကြားနေရသည့် သံစဉ်နဲ့ ယုံမင်းဆက်တွင် နာမည်ကြီးသည့် သံစဉ်များက အမျိုးအစား လုံးဝခြားနားကြသည်။
သို့သော် ယခုသံစဉ် စာသားများက အတော်လေးနားဆင်လို့ ကောင်းပါသည်။
ပုံရိပ်ထဲက လူတွေကလည်း ခန္ဓာကိုယ်ကို စိတ်ပါလက်ပါ လှုပ်ခါနေကြသဖြင့် ယွဲ့မြန်ပင် လိုက်ပြီး လှုပ်ခါချင်သွားသည်။
[ဘယ်ဆိုးလို့လဲ၊ ရှေးခေတ် MV ဗားရှင်းနဲ့ တွဲကြည့်လိုက်တော့ ‘မင်္ဂလာနေ့’ သီချင်းက ဆန်းသစ်သွားတာပဲ!]
[စိတ်မကောင်းစရာပဲ၊ ဒီလိုအခမ်းအနားနဲ့ လိုက်ဖက်တဲ့ သီချင်းကို ငါ တစ်ယောက်တည်း နားထောင်နေရတယ်]