← Chapters

Welcome to the New World

Vol. 8 Ch. 79

Welcome to the New World

Vol. 8 Ch. 79

ကျန်းကျီမြောင် အသံကို ယွဲ့မြန် ထပ်ကြားလိုက်ရပြန်သည်။

ယွဲ့မြန် မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။

စိတ်ထင်နေတာ မဟုတ်ဘူး!

တကယ် အစ်မတော်ရဲ့ အသံပဲ!

ထိုထူးခြားသည့်သံစဉ်တွေ ပုံရိပ်တွေကလည်း အစ်မတော် ဖန်ဆင်းထားသည့် အရာတွေသာဖြစ်ပါလိမ့်မည်။

ဒါဘယ်လို ကောင်းကင်ဘုံ စွမ်းအားမျိုးလဲ!

“ဒုတိယမင်းသမီး… မင်းသမီး…!”

ယွဲ့မြန် ဘွဲ့ရာထူးကို လက်ခံရင်းတန်းလန်း ရီဝေသွားခဲ့သည်။ နာမည်အကြိမ်ကြိမ် အခေါ်ခံလိုက်ရမှ အသိစိတ်ပြန်ကပ်သွားခဲ့ပါသည်။

“မင်းသမီး အရှင်မင်းကြီး၊ မိဖုရားကြီးနဲ့ မယ်တော်ကြီးတို့ကို ဂါဝရပြုသင့်ပါတယ်”

မိန်းမစိုးလေးတစ်ဦးက အသိပေးလိုက်သည်။

ယွဲ့မြန်လည်း အမြန်ဆောင်ရွက်လိုက်သည်။ ကျန်းကျီမြောင်ကို ယွဲ့မြန် မဝံ့မရဲမော်ကြည့်လိုက်ပါသည်။

[ဘယ်ဆိုးလို့လဲ၊ အဝတ်အစားက နည်းနည်းပူမယ့်ပုံပေါက်ပေမယ့် တခြားအပြစ်ဆိုစရာတော့မရှိပါဘူး၊ ဒီနေ့ ယွဲ့မြန် တော်တော်လေး ကြည့်ကောင်းနေတယ်]

ကျန်းကျီမြောင် အတွေးထဲက ချီးကျူးသံကိုကြားလိုက်ရပြီး ယွဲ့မြန် မျက်နှာနီမြန်းသွားခဲ့ရပါသည်။ ယခု ကျန်းကျီမြောင်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရပြီဖြစ်သဖြင့် ယွဲ့မြန် အကြမ်းဖျင်း နားလည်လိုက်ပါပြီ။ သူမ အာရုံထဲကြားနေရသည့် အသံများက ကျန်းကျီမြောင်၏အတွေးသံတွေသာဖြစ်ပါလိမ့်မည်။ ယခင်တုန်းက မကြားရဘဲ အခုမှ ဘာကြောင့် ကြားရသလဲ ယွဲ့မြန် နားမလည်နိုင်ဖြစ်နေလေသည်။

“အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”

“မယ်တော့်ကို ဂါဝရပြုပါတယ်”

“မိဖုရားကြီးကို ဂါဝရပြုပါတယ်”

ယွဲ့မြန် တစ်ဦးချင်းကို ဂါဝရပြုလိုက်သည်။ မယ်တော်ကြီးကမူ ထိုင်ခုံမှာ မှီထိုင်နေပြီး မျက်နှာလည်းအတော်လေး စိတ်ပင်ပန်းနေပုံရသည်။ သူမ မျက်နှာကိုရွှင်လန်းနေသည့်ပုံစံ တကယ်လုပ်မပြချင်ပါ။

သို့သော် ကျန်းကျီမြောင် သတိပေးထားသည်။ အခမ်းအ နားအတွင်း မယ်တော်ကြီးမျက်နှာ မသာမယာဖြစ်နေပါက ကျန်းမာရေးမကောင်းသေးသည့် လက္ခဏာဖြစ်ပြီး သူမကိုယ်တိုင် ရက်ပိုင်းလောက် ထပ်မံ ‘ပြုစုစောင့်ရှောက်’မည်ဟုဆိုထားပါသည်။

မယ်တော်ကြီးလည်း ကုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်လုပ်ရတာကို စိတ်ကုန်နေပြီဖြစ်သဖြင့် အားတင်းပြီး မျက်နှာပေါ် အပြုံးတစ်ခုဆောင်ကာ ယွဲ့မြန်အား ဆုတွေချီးမြှင့်ပေး လိုက်ရသည်။

ယွဲ့လင်းလည်း ယွဲ့မြန်ကို အကဲခတ်စောင့်ကြည့်နေခဲ့တာဖြစ်သည်။ ကျန်းကျီမြောင်အားကြည့်ရင်း ယွဲ့မြန် မျက်နှာ နီမြန်းသွားတာကိုမြင်တော့ ယွဲ့လင်း သေချာသွားခဲ့သည်။ သူခန့်မှန်းတာ မှန်ကန်သည်။ ဘွဲ့ရာထူးတစ်ခုအား ပိုင်ဆိုင်ပြီးနောက် ယွဲ့မြန်လည်း မြောင်မြောင့် အတွေးသံများကို ကြားနေရပါပြီ။

တခြားသူတွေကတော့ ဒုတိယမင်းသမီးကို မျက်နှာသာ ပေးချင်တာကြောင့် ယွဲ့လင်း ဘွဲ့ရာထူး စောစောစီးစီး အပ်နှင်းခဲ့သည်ဟု ထင်ကြလိမ့်မည်။ သို့သော် ထိုအကြောင်းပြချက်က တစ်စိတ်တစ်ပိုင်းသာ မှန်သည်။ အရေးအကြီးဆုံး အကြောင်းပြချက်က ယွဲ့မြန် ဘွဲ့ရာထူးတစ်ခုကိုပိုင်ဆိုင်သွားပြီး မြောင်မြောင်၏ အတွေးသံတွေကို ကြားရဖို့ဖြစ်သည်။

ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံထားရသူဖြစ်သည့်အလျောက် မြောင်မြောင့်အတွေးသံကို ကြားရခြင်းနှင့် မကြားရခြင်းက မတူညီသည့် ကမ္ဘာနှစ်ခုမှာနေထိုင်နေရသလို ကွာခြားလှသည်။

ယွဲ့မြန်လည်း ထိုကမ္ဘာသစ်ကိုမြင်နိုင်သင့်သည်။ မြောင်မြောင်ရှိနေသည့် ကမ္ဘာသစ်မှာ ယွဲ့မြန့်အနာဂတ်သည် လုံးဝပြောင်းလဲသွားပါလိမ့်မည်။

အခမ်းအနား ပြီးဆုံးသွားပြီဖြစ်သဖြင့် ယွဲ့မြန် ဖုန့်ယီနန်းဆောင်သို့ကြွမြန်းကာ ကျန်းကျီမြောင်နှင့် ကိုယ်လုပ်တော်များကို တွေ့ဆုံခဲ့ပါသည်။

“ဒီနေ့က မင်းသမီးအန်းလဲ့အတွက် မင်္ဂလာရှိတဲ့နေ့ထူးနေ့မြတ်လေးပဲ၊ ဖုန့်ယီနန်းဆောင်မှာ ဒီမိဖုရား ညစာစားပွဲတစ်ခု စီစဉ်ထားပါတယ်”

ကျန်းကျီမြောင် အပြုံးဖြင့် ပြောလိုက်သည်။

“ညီအစ်မတွေအားလုံး အတူတူအောင်ပွဲခံကြရအောင်”

အားလုံးအပြုံးဖြင့် ခေါင်းညိတ်လိုက်ကြသည်

[ယွဲ့မြန်ရဲ့ကံကြမ္မာကတော့ ပြောင်းလဲသွားပြီဆိုတာ သေ ချာတယ်၊ ကျန်းကျစ်ဖျင်ဆိုတဲ့ကောင်ကော အခြေအနေ ဘယ်လို ရှိလဲမသိဘူး၊ ငါနန်းတော်ထဲက ထွက်လို့မရတာ နာတာပဲ၊ အပြင်မှာ ဘာတွေဖြစ်နေမလဲ သွားကြည့်ချင်လိုက်တာ!]

ကျန်းကျီမြောင် အတွေးသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင် နက် ကြင်ယာတော်သဲ့ ချက်ချင်းမတ်တပ်ရပ်လိုက်ပါသည်။

“အရှင်မ… စကားမစပ် စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းခု ဒီကြင်ယာတော် လျှောက်တင်ရန်ရှိပါတယ်”

“လျှောက်တင်စေ”

ကျန်းကျီမြောင် မျက်လုံးများ တောက်ပသွားသည်။

[စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတဲ့လား… ငါအကြိုက်ဆုံးပေါ့!]

ကြင်ယာတော်သဲ့ တခြားကိုယ်လုပ်တော်တွေကို စိတ်ကြီးဝင်စွာ ကြည့်လိုက်ပြီး လျှောက်တင်လိုက်ပါသည်။

“အဲ့ဒီ ကျန်းကျစ်ဖျင်ဆိုတဲ့ လူကို အရှင်မ မှတ်မိသေးလား”

“မှတ်မိတာပေါ့!”

ကျန်းကျီမြောင် ရုတ်တရက်ဆိုသလို ခါးမတ်သွားခဲ့သည်။ သို့သော် ယွဲ့မြန်လည်း ရှိနေတာကိုသတိရသွားပြီး အားနာ ပါးနာ လှည့်ကြည့်လိုက်ပါသည်။

ယွဲ့မြန်က တည်တည်ငြိမ်ငြိမ်ပဲ လျှောက်တင်လိုက်ပါသည်။

“အစ်မတော်၊ သူ့အရေးကိစ္စတွေက ဒီညီမတော်နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် သူ ကံဆိုးမိုးမှောင်ကျလေလေ ဝမ်းသာစရာကောင်းလေလေပဲပေါ့”

[ကောင်းတယ် ကောင်းတယ်! ငါတို့ညီမလေးရဲ့ ခံယူချက်ကပြိုင်ဘက်ကင်းပဲ!]

ကျန်းကျီမြောင် စိတ်ထဲမှ ထပ်မံချီးကျူးလိုက်ရာ ယွဲ့မြန်လည်း မျက်နှာထပ်မံနီမြန်းသွားခဲ့ရပါသည်။

အစ်မတော်ရဲ့ရင်ထဲမှာ သူ့ကို ‘ညီမလေး’အဖြစ်တောင် သတ်မှတ်လိုက်ပြီလား…

သွေးသားမတော်စပ်သော်လည်း ယွဲ့မြန် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

ကြင်ယာတော်သဲ့ ရယ်မောရင်း လျှောက်တင်လိုက်သည်။ “အမှန်ပဲ ကျန်းကျစ်ဖျင်က တကယ်ကံဆိုးတဲ့လူပဲ! ကျန်းစံအိမ်ကနေ ကန်ထုတ်ခံလိုက်ပြီးတော့ သူနဲ့ အဲ့ဒီဆောင်ကြာမြိုင်မိန်းမတို့ ထျန်းရွှေလမ်းကြားကို ပြန်သွားခဲ့ကြသေးတယ်၊ ဒါပေမယ့် သူတို့နှစ်ယောက်က လူတွေကြားထဲမှာ ပြက်ရယ်ပြုစရာတွေ ဖြစ်နေကြပြီမို့လို့ အဲ့ဒီနားတစ်ဝိုက်က လူတွေလည်း သူတို့ကို စက်ဆုပ်ရွံရှာပြီး ဝိုင်းကြဉ်ကြတယ်၊ ညဘက်တွေမှာ သူတို့ ခြံဝန်းထဲ အုတ်ခဲတွေနဲ့ ပစ်ပေါက်တတ်တယ်၊ အဲ့တာကြောင့် ရွေးချယ်စရာမရှိတော့ဘဲ သူတို့နှစ်ယောက် တခြားအရပ်ကို ရွှေ့ပြောင်းဖို့ စီစဉ်ရတော့တယ်”

“ဒါပေမယ့် ကျန်းကျစ်ဖျင်ကို မုန်းတီးနေတဲ့လူတွေက အတော်များတဲ့ပုံပဲ၊ သူရွှေ့ပြောင်းဖို့ ကြံလိုက်တာနဲ့ လူတစ်စုက သူ့ကိုအိတ်နဲ့စွပ်ပြီး ဝိုင်းရိုက်သွားကြတယ်၊ အဲ့အချိန်ကတည်းက သူ အိပ်ရာထဲ မလှုပ်မရှားနိုင်တော့ဘဲ လဲသွားတော့တာပဲ”

ကြင်ယာတော်သဲ့ထံ ကြင်ယာတော်အန်း မယုံသင်္ကာမျက် လုံးများဖြင့် ကြည့်လိုက်သည်။

ကျန်းကျစ်ဖျင်အား ထိုးကြိတ်သွားသည့်လူများသည် ယွဲ့မိသားစု၏ လက်အောက်ငယ်သားများဖြစ်သည်ဟု သူမ သတင်းရထားသည်။ ထို့ကြောင့် ကြင်ယာတော်သဲ့ လက် ချက်သာဖြစ်နိုင်သည်။ သို့သောာ် ကြင်ယာတော်အန်း ဘာမှထုတ်မပြောခဲ့ချေ။ ကျန်းကျစ်ဖျင်အ ရိုက်နှက်ဖို့ သူ့ လူတွေလည်းကြံစည်ခဲ့ခြင်းကြောင့်ပင်။ ကြင်ယာတော်သဲ့ထက် ခြေတစ်လှမ်းနောက်ကျသွားရုံသာ။

“ကျန်းကျစ်ဖျင် ကိုယ်တစ်ပိုင်းသေသွားတဲ့အထိ ထိခိုက်ဒဏ်ရာရသွားတယ်၊ ကျန်းစံအိမ်ကနေ ကန်ထုတ်ခံခဲ့ရတုန်းကလည်း တစ်ပြားတစ်ချပ်မှပါမလာဘူး၊ ပထမတော့ အဲ့ဒီဆောင်ကြာမြိုင်မိန်းမက သူ့ငွေတွေ ထုတ်ပြီး ကျန်းကျစ်ဖျင်ကို ကုသပေးခဲ့ပါသေးတယ်”

ကြင်ယာတော်သဲ့ ပြောပြလိုက်သည်။

“ပြီးတော့ ဘာဖြစ်လဲ”

ယွဲ့မြန် အလွန်စိတ်ဝင်စားနေသည်။

‘ပထမတော့’ဆိုပြီး စကားခံလိုက်တာ တစ်ခုခုပဲ!

အချစ်ငှက်လေးနှစ်ကောင် သုံးရက်တောင်မခံလိုက်ဘဲ ခံစားချက်တွေ ပြောင်းလဲကုန်ကြပြီလား ?

ကြင်ယာတော်သဲ့ ရယ်မောလိုက်သည်။

“ကျန်းကျစ်ဖျင် ကျန်းမာရေးပြန်ကောင်းသွားတော့ အိမ်ပြန်ပြီး ငွေသွားတောင်းဖို့ ဆောင်ကြာမြိုင်မိန်းမက တိုက် တွန်းတယ်၊ ဒါပေမယ့် ကျန်းကျစ်ဖျင် အိမ်အပြင် ထွက်လိုက်တာနဲ့ ထပ်ထိုးကြိတ်ခံရပြီး အိပ်ရာထဲ ထပ်လဲသွားခဲ့တာပဲ”

“ဪ” ယွဲ့မြန် ပြုံးလိုက်ပါသည်။

“ကျန်းမိသားစုကကော သူတို့သားကို ဘာမှဂရုမစိုက်တော့ဘူးလား”

“ဝန်ကြီးကျန်းနဲ့ သခင်မဝမ်တို့က ဂရုစိုက်ချင်ပါတယ်၊ ဒါပေမယ့် သူတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးပဲလေ၊ အိမ်တော်တစ်ခုလုံးရဲ့ သိက္ခာကို အဖတ်ဆယ်ဖို့အတွက် ကျန်းကျစ်ဖျင်ကို မိသားစုစာရင်းထဲကတောင် ထုတ်ပယ်ခဲ့တာ၊ အခုချိန်မှ ပြန်ပတ်သတ်ရင် အကုန်ဘဝပျက်ပြီးအသက်ဆုံးရှုံးရလိမ့်မယ်”

ကြင်ယာတော်သဲ့ အထင်အမြင်သေးစွာပြောလိုက်သည်။

“သားတစ်ယောက်က အရေးပါတယ်ဆိုပေမယ့် ကိုယ့်အသက်ထက် အရေးပါတာမရှိနိုင်ဘူး၊ ခုတလော ကျန်းသဲ့ဟုန်နဲ့ သခင်မဝမ်တို့ စံအိမ်မှာ မကြာခဏ စကားများရန် ဖြစ်နေကြတယ်လို့ ကြားသိရတယ်၊ ဝမ်မိသားစု မျက်နှာကြောင့် အရင်တုန်းက ဝန်ကြီးကျန်း ကိုယ်လုပ်တော်တွေ မထားခဲ့ဘူး၊ ဒါပေမယ့် အခုတော့ သားတစ်ယောက်ထပ်ရဖို့အတွက် ဝန်ကြီးကျန်း ကိုယ်လုပ်တော် သုံးယောက်တောင် တစ်ပြိုင်တည်းရွေးချယ်ခဲ့သတဲ့”

“ကျန်းကျစ်ဖျစ်နဲ့ အဲ့ဒီမိန်းမတို့ရဲ့အချစ်က ကောင်းကင်ဘုံကိုပါ တုန်လှုပ်သွားစေတယ်နော်၊ ဒီလိုဆို နှစ်ယောက်သား အရမ်းပျော်နေကြမှာပေါ့”

ယွဲ့မြန် ရယ်ချင်စိတ်ကို ထိန်းရင်းပြောလိုက်ရသည်။

“ဘယ်ကကောင်းကင်ဘုံကို တုန်လှုပ်စေရမှာလဲ”

ကြင်ယာတော်သဲ့ ရယ်မောလိုက်သည်။

“ဆောင်ကြာမြိုင်မိန်းမက ပစ္စည်းတွေ ထုတ်ပိုးပြီးပြီလို့တောင် သတင်းကြားမိတယ်၊ ကျန်းကျစ်ဖျင်သာ ကျန်းအိမ်တော်ကိုမပြန်နိုင်တာ သေချာပြီဆိုရင် သူ ထွက်သွားတော့မှာတဲ့”

“ဖွီး…”

ယွဲ့မြန် ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အကျယ်ကြီး အော်ရယ်လိုက်ပါသည်။ ခဏကြာမှ ပါးစပ်ကို အမြန်အုပ်ကာ တောင်းပန်လိုက်ပါသည်။

“ဒီညီမတော် ဣန္ဒြေပျက်မိပါတယ် အစ်မတော်”

ကျန်းကျီမြောင်ကမူ ဂရုမစိုက်ပါ။

“ဘာဣန္ဒြေပျက်ရမှာလဲ ? ရယ်စရာရှိရင် ရယ်လိုက်စမ်းပါ! ယွင်ရှန်း! မုန့်ပဲသရေစာတွေ ယူလာခဲ့စမ်း! ဒီလောက်ကောင်းတဲ့ အတင်းအဖျင်းကို ညီအစ်မတွေနဲ့အတူတူ ဒီမိဖုရား ဆွေးနွေးရမယ်!”

ယွင်ရှန်းလည်း ဖရုံစေ့တွေ၊ မုန့်ပဲသရေစာတွေ ယူဆောင် လာပေးခဲ့သည်။ ထို့နောက် ကိုယ်လုပ်တော်တွေအားလုံး ဖရုံစေ့ဝါးရင်း ကျန်းကျစ်ဖျင်အကြောင်း လှောင်ပြောင်သရော်ကာ အတင်းပြောဆိုခဲ့ကြလေသည်။

ယခင်တုန်းက မိဖုရားကြီး၏အတွေးသံ အတင်းအဖျင်းများကို သူမတို့ နှုတ်မှထုတ်မပြောနိုင်ခဲ့ကြပါ။ ယခုလို အားရပါးရ ထုတ်ပြောနိုင်သည့် အတင်းအဖျင်းဆိုတာ အလွန်ရှားသည်။ ထို့ကြောင့် ကိုယ်လုပ်တော်တွေအားလုံး စိတ်ထိန်းမနေတော့ဘဲ ဝမ်းသာအားရပြောဆိုခဲ့ကြသည်။ ဖုန့်ယီနန်းဆောင်တစ်ခုလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားခဲ့သည်။

ပထမတော့ ယွဲ့မြန် ရီဝေနေခဲ့သည်။ သို့သော် ကမ္ဘာသစ်တစ်ခုဆီ လှမ်းနိုင်မည့် တံခါးတစ်ချပ် ပွင့်သွားသလို သူမ ခံစားလိုက်ရပါသည်။ ထို့ကြောင့် တောက်တောက်ပပပြုံးလိုက်ပြီး အားလုံးနဲ့အတူတူ အတင်းအဖျင်း စတင်ပြောလေတော့သည်။

ဘယ်သူနားလည်မှာလဲ…

သူများနောက်ကွယ်မှာ အတင်းအဖျင်းပြောရတာက ဘွဲ့ရာထူးအပ်နှင်းခံရတာထက်တောင် ပိုပျော်စရာကောင်းသေးတယ်!

All Chapters