← Chapters

The Ancient Version of Meteor Garden

Vol. 8 Ch. 80

The Ancient Version of Meteor Garden

Vol. 8 Ch. 80

အနောက်နန်းဆောင်အဖွဲ့ အတူတူထိုင်ရင်း ကျန်းကျစ်ဖျင်အကြောင်း အချိန်အတော်ကြာအောင် အတင်းပြောဆိုခဲ့ကြသည်။ ထိုအခါမှ အားလုံး စိတ်ကျေနပ်သွားခဲ့ကြပါသည်။

ညနေခင်းရောက်တော့ ဖုန့်ယီနန်းဆောင်ထဲ ကျန်းကျီမြောင် ညစာစားပွဲတစ်ခုပြင်ဆင်ခဲ့ပါသည်။ သူမ အစီအ စဉ်တွေ ဆွဲနေစဉ် ရုတ်တရက် ရီဝေသွားခဲ့သည်။

အဲ… ဘာလို့မှန်းမသိဘဲ တစ်ယောက်ယောက်ကို မေ့နေသလို ခံစားရတယ်…

ကျန်းကျီမြောင် သေသေချာချာ စဉ်းစားလိုက်သည်။

ဘယ်သူ့ကိုမှ မမေ့လောက်ပါဘူး ဟုတ်တယ်မလား…

ညီအစ်မတွေအားလုံးကို သူမ ကြိုဆိုပြီးပြီဖြစ်သည်။ ယခုဆိုအားလုံး ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြလောက်ပါပြီ။

သနားစရာ ညီအစ်မတွေ ယခင်တုန်းက ဘယ်လောက်ထိ ငတ်ပြတ်နေခဲ့သလဲ ကျန်းကျီမြောင် မသိသော်လည်း ခုတလော ညီအစ်မတွေအားလုံး သိသိသာသာ ဝဖြိုးလာကြတာကိုတော့ သတိထားမိပါသည်။

ယခင်တုန်းကဆို ပျော့တိပျော့ဖတ်နိုင်လှသည့် ချန်ရှုယိပင် ဝဝဖြိုးဖြိုးပိုဖြစ်လာပြီး ကြည့်ကောင်းလာခဲ့သည်။

ဟုတ်တယ်… အားလုံးရှိနေပြီးသား…

ဘယ်သူမှ မကျန်လောက်ပါဘူး…

ဒီလိုနဲ့ ကျန်းကျီမြောင် ညစာစားပွဲကို တခမ်းတနား စတင်ခဲ့လေတော့သည်။

တော်ဝင်စာကြည့်ဆောင်ထဲတွင်…

ဒီနေ့အတွက် နောက်ဆုံးအစီရင်ခံစာကို ယွဲ့လင်း ဖတ်ရှုပြီးသွားပြီဖြစ်သည်။

“ညစာ ပြင်ဆင်ပြီးပါပြီ အရှင်မင်းကြီး သုံးဆောင်ပါတော့မလား”

လီသဲ့ဟွိုက် မေးမြန်းလိုက်သည်။

ယွဲ့လင်း မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားပြီး မတ်တပ်ရပ်လိုက်ပါသည်။

“ဖုန့်ယီနန်းဆောင်မှာ တည်ခင်းလိုက်ပါ၊ ဘွဲ့အမည်ခံယူပွဲ အခမ်းအနားပြီးဆုံးသွားရင် မိဖုရားနဲ့ အတူတူ ညစာသုံး ဆောင်မယ်လို့ မိန့်ထားတယ်”

ယွဲ့လင်း နှုတ်ခမ်းထက် နူးညံ့သိမ်မွေ့သည့် အပြုံးတစ်ခုပေါ်လာသည်။

“မိဖုရား စောင့်မျှော်နေလောက်ပြီပေါ့”

ကျန်းကျီမြောင် စောင့်နေရတာ ကြာမှာစိုးသဖြင့် ဆောင် ရွက်စရာရှိသည့် အရေးကိစ္စတွေအကုန်လုံးကို ညစာသုံး ဆောင်ချိန်အမှီ ယွဲ့လင်း အလောတကြီးဆောင်ရွက်ခဲ့သည်။

“အမိန့်တော်အတိုင်းပါ"

လီသဲ့ဟွိုက်လည်း အပြုံးဖြင့် အမိန့်နာခံလိုက်ပါသည်။

ဖုန့်ယီနန်းဆောင်တွင်…

ဖုန့်ယီနန်းဆောင်တစ်ခုလုံး အလွန်လင်းထိန်နေသည်။ ခန်းမဆောင်ထဲတွင် ကျန်းကျီမြောင် သေရည်ခွက်ကို ကိုင်မြောက်လိုက်သည်။

“ဒီနေ့က ညီအစ်မတွေအားလုံးရဲ့ ပထမဆုံး စုပေါင်းညစာစားပွဲလေးပေါ့! စားသောက်ပြီးကြရင်လည်း အလောတ ကြီး မပြန်ကြနဲ့ဦးနော်! သေရည်အတူတူသောက်ပြီးကစား ကြမယ်! မိုးလင်းတဲ့အထိနေကြမယ် ဟေး!”

ကျန်းကျီမြောင် သေရည်တစ်ခွက်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ သူမ ပုံစံမှာ ပုံမှန်မဟုတ်အောင် မြူးထူးလို့နေသည်။

ကိုယ်လုပ်တော်များအားလုံး ရင်ထဲ တွေဝေသွားကြသည်။

အရှင်မက… တစ်ခွက်သောက်ရင် မူးတဲ့လူစားမျိုးပါလား!

“အစ်မတော် မူးနေတာလား”

ယွဲ့မြန် အသံတိုးတိုးဖြင့် မေးလိုက်သည်။ ဒီလိုမြင်ကွင်းမျိုးကို ယွဲ့မြန်ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ တခြားသူတွေလည်း ထိုနည်းလည်းကောင်း ဖြစ်သင့်သော် လည်း အားလုံးထူးထူးခြားခြားတည်ငြိမ်နေလေသည်။

ယွဲ့မြန့် ပခုံးကို ဆုပ်ကိုင်လျက် ကြင်ယာတော်သဲ့ မေးလိုက်သည်။

“မင်းသမီးလည်း ကြားနေရပြီလား”

ယွဲ့မြန် ကြက်သေသေသွားခဲ့ပြီး မျက်လုံးများအံ့ဩတုန်လှုပ်သွားခဲ့သည်။

“ဒါဆို အားလုံးလည်း…”

ဒါဆို သူ တစ်ယောက်တည်း သိထားတဲ့ လျှို့ဝှက်ချက် မဟုတ်ဘူးပေါ့!

ကြင်ယာတော်သဲ့ အဓိပ္ပာယ်ပါစွာ ခေါင်းညိတ်ပြလိုက်သည်။

“ရှေ့လျှောက် ထပ်ကြားရပြီး အချိန်ကြာရင် ဒီကြင်ယာတော်တို့လိုပဲ အသားကျ တည်ငြိမ်သွားပါလိမ့်မယ်”

ယွဲ့မြန်ခေါင်းညိတ်လိုက်ပါသည်။

ထပ်ကြားရဦးမယ်ဟုတ်လား…

ကြင်ယာတော်သဲ့နဲ့ တခြားသူတွေအားလုံး ကြားနေရတာ ကြာပြီလား…

ယခင်တုန်းက အနောက်နန်းဆောင်အတွင်း ကျန်းကျီမြောင် အလွန်စည်းကမ်းတင်းကြပ်သည်ဟု ဆိုသော ကောလဟာလများကို ယွဲ့မြန် ရုတ်တရက်သတိရသွားခဲ့သည်။ ကျန်းကျီမြောင်က ကိုယ်လုပ်တော်တွေကို ဖုန့်ယီနန်းဆောင်သို့ နေမထွက်ခင်အချိန်ကတည်းကလာခိုင်းပြီး ဂါဝရပြုခိုင်းသည်ဟု ဆိုကြသည်။

သို့သော်လည်း… ယခုတော့ ကိုယ်လုပ်တော်တွေကိုယ်တိုင်က ဒီကိုလာချင်သဖြင့် တစ်ပိုင်းသေနေတာသာဖြစ်ပါလိမ့် မည်။

ကျန်းကျီမြောင် စကားအကြာကြီးပြောပြီးနောက် စိတ်ကြည်လင်သွားအောင် ခေါင်းခါရမ်းလိုက်ပြီးပြန်ထိုင်နေလိုက်ပါသည်။

[ဒီနေ့ အခမဲ့ရထားတဲ့ အပိုင်းနှစ်ပိုင်း မကြည့်ရသေးဘူး၊ ဘာ ကြည့်ရင်ကောင်းမလဲ…]

ကိုယ်လုပ်တော်များအားလုံး မျက်လုံးတွေ တောက်ပသွားခဲ့ကြသည်။ ကျန်တာ ဘာမှမလိုအပ်ပါ။ သူမတို့ ကိုယ်ပိုင်ဓားရှင်ကို ကြည့်လို့ မဝသေးသော်လည်း ကျန်းကျီမြောင်က တခြားတစ်ခုခု ပြောင်းကြည့်ဖို့ကြံနေပုံရသည်။

[Empresses in the Palace ကြည့်ရင်ကောင်းမလား ? ဇာတ်သိမ်းမှာ ကျန်းဟွမ်က ဧကရာဇ်မင်းကြီးကို လုပ်ကြံလိုက်ပြီး ဧကရီမယ်တော်ကြီး ဖြစ်သွားတာမလား ? စိတ်ဝင်စားဖို့ကောင်းပေမယ့် ဇာတ်လမ်းတစ်ပုဒ်လုံးကို ခုချက်ချင်းတောင် ပြန်ရွတ်ပြနိုင်တယ်၊ အဲ့တာကြောင့် နောက်မှကြည့်တော့မယ်]

ကိုယ်လုပ်တော်များ: “???”

ဧကရာဇ်မင်းကြီးကို လုပ်ကြံတယ်… ဧကရီမယ်တော်ကြီး ဖြစ်လာတယ် ဟုတ်လား!

ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမျိုး ရှိတာလား!

ကြည့်ချင်တယ် ကြည့်ချင်တယ်!

အားလုံး ကြည့်ချင်နေကြသော်လည်း ကျန်းကျီမြောင်ကမူ တခြားတစ်ခုခုရွေးဖို့ စဉ်းစားနေပါပြီ။

[အသစ်အဆန်းဖြစ်တာလေး ကြည့်ရမယ်]

နောက်ဆုံးတော့ ကျန်းကျီမြောင် ဆုံးဖြတ်ချက်ချလိုက်ပါသည်။ သူမ အပြုံးဖြင့် ရေရွတ်လိုက်သည်။ “ဟုတ်ပြီ”

ဘာများလဲ…

အားလုံး နားရွက်တွေထောင်ပြီး စောင့်မျှော်နေကြသည်။ အခြေအနေတွေကို ယွဲ့မြန် နားမလည်သေးသော်လည်း အားလုံး၏ အပြုအမူကိုမြင်ပြီး သူမလည်း နားစွင့်ကာ စောင့်မျှော်နေမိပါသည်။

ခဏကြာတော့ သံစဉ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ရင်ခုန်စရာ ကြယ်တွေစုံလင်တဲ့ညမှာ…”

ဟွားပေါင်လင် ချက်ချင်းဆိုသလို ကြက်သေသေသွားခဲ့သည်။

ဒါ… ဒါဘယ်လို ထူးခြားတဲ့ သံစဉ်မျိုးလဲ…

ထိုသံစဉ်က ယုံမင်းဆက်၏ ဂီတသံစဉ်စည်းကမ်းချက်များနဲ့ ကိုက်ညီမှုလုံးဝမရှိပါ။ သို့သော် နားဆင်သည့်အချိန် ကြာလာသောအခါ သူ့အတွက် ထူးထူးဆန်းဆန်း နားဝင်ချိုလာခဲ့ပါသည်။

“ကမ္ဘာမြေပေါ် သက်ဆင်းလာတဲ့ ကြယ်ပျံလေးကို မင်းနဲ့အတူ ငေးကြည့်ချင်တယ်…”

အဖွင့်သံစဉ်ကို နားဆင်နေရင်း မျက်စိကျစရာကောင်းသည့် ကောင်လေးတချို့၏ ပုံရိပ်များပေါ်လာခဲ့သည်။ ထို့အပြင် ထူထူးဆန်းဆန်း သံစဉ်ကလည်း အလွန်စွဲမက်ဖွယ်ကောင်းသဖြင့် အားလုံး နှုတ်မှလိုက်မဆိုမိအောင် မနည်း ထိန်းချုပ်ထားရပါသည်။

[ဟုတ်ပြီ။ ‘Meteor Garden’(F4/ Boys in Flower) ကို ရှေးခေတ်ဗားရှင်း ဘယ်လိုမှော်ဆန်ဆန်ပြောင်းမလဲ ကြည့်ချင်လို့ ရွေးလိုက်တာ]

[ဒီစနစ်က တစ်ခုခုတော့ တစ်ခုခုပဲ၊ ကောင်လေးတွေ အား လုံးကြည့်ကောင်းကြသားပဲ၊ အထူးသဖြင့် အလယ်က တစ်ယောက်က ဂျစ်ကန်ကန်နဲ့ ဆွဲဆောင်မှုရှိတယ်၊ ငိုသွားတဲ့အထိ ရိုက်ပစ်ချင်လိုက်တာ!]

Meteor Garden ရဲ့ ရှေးခေတ်ဗားရှင်းဆိုတာဘာလဲ…

ဂျစ်ကန်ကန်နဲ့ ဆွဲဆောင်မှုရှိတယ်ဆိုတာဘာလဲ…

ယွဲ့မြန် ထိုစကားလုံးတွေကို လုံးဝနားမလည်နိုင်ခဲ့ပါ။ ကြင်ယာတော်သဲ့တို့လည်း နားမလည်ပါ။ သို့သော် ယွဲ့မြန်လိုမဟုတ်ဘဲ သူမတို့ကမူ တည်ငြိမ်ကြသည်။

ယွဲ့မြန်ထံ ကြင်ယာတော်သဲ့ တီးတိုးပြောလိုက်သည်။

“စိတ်မလှုပ်ရှားပါနဲ့။ ဒီကြင်ယာတော်တို့ စဉ်းစားစရာ အချိန်တွေ အများကြီးရှိတယ်၊ နားထောင်ရင်းနဲ့ တဖြည်း ဖြည်း နားလည်သွားမှာပါ”

ယွဲ့မြန် နားလည်တစ်ဝက်မလည်တစ်ဝက်ဖြင့် ခေါင်းညိတ်လိုက်ပါသည်။

ကျန်းကျီမြောင် သေရည်တစ်ခွက် ထပ်ငှဲ့လိုက်ပြီး ဇာတ် လမ်းတွဲကို စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။ ဒီစနစ်က ဘာမှ အသုံးမကျလျှင်တောင် ဇာတ်လမ်းကောင်းတစ်ခုတော့ ဖန်တီးနိုင်စွမ်း ရှိပေသည်။

ဂုဏ်သရေရှိ ခမ်းနားထည်ဝါသည့် တော်ဝင်ကျောင်းတော်ကြီးတစ်ခုကို ပြသပြီး ဇာတ်လမ်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုတော်ဝင်ကျောင်းတော်ကြီးကို မင်းမျိုးမင်းနွယ်များ၊ မြင့်မြတ်သည့် မိသားစုများမှ ပေါက်ဖွားလာသည့် သားသမီးများသာ တက်ရောက်ခွင့်ရှိသည်ဟု ဆိုသည်။

ထိုကျောင်းတော်ကြီးကို တောင်တစ်လုံးပေါ်မှာ တည် ဆောက်ထားခြင်းဖြစ်ပြီး အလွန်ကျယ်ပြောလွန်းပါသည်။ စာသင်ခန်းများအပြင် မြင်းစီးလေ့ကျင့်နိုင်သည့် ကွင်းပြင်များ၊ ဗျတ်စောင်း လေ့ကျင့်တီးခတ်နိုင်သည့် အခန်းများနဲ့ တခြား အဆင့်အတန်းမြင့် ခန်းဆောင်ပေါင်းများစွာပါဝင်သည်။

ထိုစဉ် နောက်ခံစကားပြောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ကြီးမြတ်တဲ့ ယုံမင်းဆက်တော်ဝင်ကျောင်းတော်ကြီးမှာ မိသားစု အရှိန်အဝါကြီးမားတဲ့ သခင်းလေးလေးယောက်ရှိတယ်”

“သူတို့ကတော့ ခေါင်းဆောင် မူရုံရွှမ်နဲ့ သူ့သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ သွမ့်မုယန်၊ ရှန့်ကွမ်လင်းနဲ့ ကျူးကော့်ရှောင်တို့ ဖြစ်ကြတယ်”

ထို့နောက် ပုံရိပ်များပြောင်းလဲသွားပြီး ထိုသခင်လေး လေးယောက်တို့သည် ခပ်လန်းလန်း ခပ်မိုက်မိုက်ပေါ်လာကြသည်။ ထို့နောက် မိန်းကလေးအော်သံများ ထွက်ပေါ်လာခဲ့ပါသည်။

ကိုယ်လုပ်တော်များ: “???”

ဘယ်လိုကြီးလဲ!

တော်ဝင်ကျောင်းတော်ဆိုပြီး ယောက်ျားလေးနဲ့ မိန်းက လေးတွေ ဘာလို့ အတူတူရှိနေတာလဲ ?

ပြီးတော့ တော်ဝင်ကျောင်းတော်ဆိုပြီး အဲ့ဒီသခင်လေး လေးယောက်က တော်ဝင်တဲ့ပုံစံလည်း တစ်စက်မှမပေါက်ဘူး!

တော်ဝင်မျိုးနွယ်တွေ ဆိုရင်တောင် ဒီလောက်ထိ စိတ်ကြီးဝင်ပြီး မမောက်မာသင့်ဘူးမလား ?

ဝန်ကြီးမှူးမတ်တွေရဲ့ ဝေဖန်မှုကိုခံရမှာ မကြောက်ကြဘူးလား ?

သူတို့လက်ဖဝါးတွေကို ဆရာတွေက ရိုက်ပြီး မဆုံးမကြဘူးလား ?

ဇာတ်လမ်း၏ နိဒါန်းကို မြင်ရုံနဲ့ အားလုံး ကြက်သေသေသွားခဲ့သည်။

မိဖုရားကြီးဖန်ဆင်းခဲ့သည့် ဇာတ်လမ်းတွဲတွေထဲ ပထမဆုံးတစ်ခုက ခန်းဆောင်နီအိပ်မက်ဖြစ်သည်။ ခန်းဆောင်နီ အိပ်မက်က အလွန်ခန်းနားပြီး လေးနက်မှုရှိသည့် ဇာတ် လမ်းတွဲဖြစ်ပါသည်။ ဇာတ်လမ်းတစ်ခုလုံးမှာ လျှို့ဝှက်ထားသည့် သဲလွန်စများ ပါဝင်နေသဖြင့် အကြိမ်ကြိမ်အခါခါ ပြန်ကြည့်လျှင်တောင် မရိုးနိုင်ပေ။

ထို့နောက် ကိုယ်ပိုင်ဓားရှင် ဇာတ်လမ်းတွဲက သိုင်းလောကကို အခြေခံထားသည့် ဟာသဇာတ်မြူးဖြစ်သဖြင့် အားလုံး ရယ်မောခွင့်ရခဲ့ကြသည်။

ဒီ Meteor Garden ကတော့… အနည်းငယ် ထူးခြားလို့နေသည်။

ကြီးမြတ်တဲ့ယုံမင်းဆက်ရဲ့ တော်ဝင်ကျောင်းတော်တဲ့!

အရှိန်အဝါကြီးတဲ့ သခင်လေး လေးယောက်တဲ့!

ဇာတ်လမ်းတွဲထဲမှ ကမ္ဘာက သူမတို့ ကမ္ဘာနှင့်ကိုက်ညီမှုရှိသည်ဟု ထင်ရသော်လည်း ဇာတ်ကောင်အပြင်အဆင်၊ ဇာတ်လမ်းအပြင်အဆင်များက ယုတ္တိတန်အဓိပ္ပာယ်မဲ့နေ သည်။

သို့သော် သိပ်မကြာလိုက်ဘဲ ထိုအရာတွေထက် အဓိပ္ပာယ်ပိုမဲ့သည့်အရာကို သူမတို့ မြင်လိုက်ရသည်။ ထိုတော်ဝင်ကျောင်းတော်ကြီးထဲကို အရပ်သား ကောင်မလေးတစ်ယောက်က ခိုးဝင်နိုင်ခဲ့လေသည်။

ထိုကောင်မလေးက ယောက်ျားလေးတစ်ဦးသဖွယ် ဟန် ဆောင်ဝတ်ဆင်ခဲ့သည်။ မတော်တဆတစ်ခုဖြစ်ပြီးနောက် ကျောင်းအုပ်ကြီးက သူ့အကြောင်းကို သိသွားခဲ့သည်။ သို့သော် ထိုကောင်မလေးကပါရမီရှိပြီး အလားအလာလည်းကောင်းမွန်သဖြင့် ကျောင်းအုပ်ကြီး ချီးမြှောက်ပေးခဲ့ပါသည်။

အရပ်သားအဆင့်သာရှိသဖြင့် ထိုကောင်မလေးမှာ အာဏာပါဝါတွေ မရှိပါ။ ထို့ကြောင့် ချူးရှားဟုခေါ်သည့် ထိုကောင်မလေးကို တခြားကျောင်းသားများက အထင် အမြင်သေးကာ ဝိုင်းကြဉ်ခဲ့ကြသည်။

ကိုယ်လုပ်တော်များ: “…”

အားလုံး ခန္ဓာကိုယ်တွေတုန်ယင်သွားကြသည်။ သူမတို့အာရုံထဲမှာလည်း စကားလုံးတစ်လုံးကို ရုတ်တရက် နားလည်သွားခဲ့သည်။

“အိုဗာဖြစ်လိုက်တာ!”

ယခင်တုန်းက မိဖုရားကြီး၏အတွေးသံထဲမှာ ကြားဖူးခဲ့သော ‘အိုဗာဖြစ်လိုက်တာ’ဟူသည့် စကားလုံးကို ကိုယ် လုပ်တော်များအားလုံး ရုတ်တရက် သဘောပေါက်သွားခဲ့ကြလောတော့သည်။

ထိုခံစားချက်ကို… ရုတ်တရက် ဉာဏ်အလင်းပွင့်သည်ဟုပင် ဆိုနိုင်ပါသည်။

All Chapters